အိပ်မက်ထဲမှာ ရွှေတိဂုံဘုရားပေါ်ရောက်သွားတယ်။ အပြင်မှာ မိုးတွေ တအားသည်းနေတော့ တအုန်းအုန်းတဒိုင်းဒိုင်း မိုးသံလေသံတွေဟာ အိပ်မက်ထဲကို လေယာဉ်သံတွေအဖြစ် လိုက်လာပါတယ်။ “လေယာဉ်လာတယ်” ဆို ရင်ပြင်နဲ့ အုတ်တံတိုင်းကြား ဝပ်နေရင်းနဲ့ လိုက်ရေတာ ဆယ်စီးလောက်တော့ မကဘူး။ ဟပ်စကီးတွေက ခေါင်းပေါ်နားထိ နိမ့်နိမ့်ကလေး ဝဲလာတယ်။ အဲ့ဒါကို စိတ်ဒဏ်ရာ လို့ ခေါ်တယ်လေ။ မြန်မာပြည် တနံတလျားက ကလေးလူကြီး၊ ကျားမမရွေး ဒီလိုအိပ်မက်ဆိုးကြီးတွေ မက်ဖူးလိမ့်မယ်။ မြို့မှာနေတဲ့လူတွေလည်း အိပ်မက်ဆိုးတွေ မက်ကြမှာပါ။ အိမ်ရှေ့မှာ စစ်ကားကြီး လာရပ်တယ်။ အုပ်ကြီးနဲ့ လက်နက်ကိုင်တွေ အိမ်တံခါးလာခေါက်တယ်။ ဘယ်ကမှန်းမသိတဲ့ မျက်နှာစိမ်းတွေက “မေးစရာလေးရှိလို့ ခဏလိုက်ခဲ့ပါ။” လာခေါ်တယ်။ လူတိုင်းတော့ မက်ဖူးကြမှာပဲလေ။ လူသက်ကုန်ပြီး ခွေးသက်နဲ့နေရတာ ဒုတိယစာမျက်နှာတောင် လှန်နေပြီ မဟုတ်လား။
ဖိနှိပ်သူတွေမှာ အပြစ်ရှိတာလား၊ ငုံ့ခံနေသူတွေရဲ့ အားနည်းချက်လား၊ တော့ မပြောတတ်ပါဘူး။ ကိုယ်တို့ကို ဘယ်ဘုရားသခင်မှ လာမကယ်သေးတာတော့ အမှန်ပဲ။ ဗုဒ္ဓဘာသာမှာ ဖန်ဆင်းရှင်၊ ဘုရားသခင် မရှိဘူးလေ။ ကံ၊ ကံ၏အကျိုးကိုပဲ ခံစားကြရမှာ။ အဲ့ဒါဆိုလည်း ကိုယ်ကြိုးစားခဲ့သမျှ ၅ နှစ်စာ ကုသိုလ်ကံအကျိုးလေးများ မခံစားရလည်း ရှိပါစေတော့။ စစ်သားတွေပြုပြုသမျှ ယုတ်မာရက်စက်မှုတွေက ဘာဖြစ်လို့ အခုထက်ထိ အရာမထင်သေးတာပါလိမ့်။ ထင်ရော ထင်ပါဦးမလား။ တနိုင်ငံလုံးက သူတပါးအိုးအိမ်စည်းစိမ်တွေ အတင်းအဓမ္မသိမ်းယူခဲ့တဲ့ ဦးနေဝင်းကြီးဟာ သူ့စည်းစိမ်တစ်ပြားမှ မပွန်းပဲ ၉၀ ကျော်အောင် သက်ဆိုးရှည် သွားတယ်။ သူပိုင်ဆိုင်တဲ့ တန်ဖိုးအကြီးဆုံး အိမ်ခြံမြေတွေကို သူ့သားတွေမြေးတွေက အငှါးချပြီး သူဌေးကြီးတွေလုပ်နေတာ အခုထက်ထိပဲ။ နားရွက်တိုပြီး နှာခေါင်းပြားတာကလွဲလို့ ဘာဝဋ်ကြွေးမှလည်း ပေးဆပ်တာ မတွေ့ရပါဘူး။ မင်္ဂလာဆောင်တုန်းက ငှါးဝတ်တဲ့စိန်တွေ ပြန်မပေးချင်လို့ တအိမ်လုံးသတ်ပလိုက်တာလည်း ဘယ်သူမှ ဝဋ်ပြန်မလည်သေးဘူး။ သူတို့မှာ အကုသိုလ်မတင်ပဲ ခံရသူမှာသာ ဝဋ်ကြွေး လို့ ပြည်ဖုံးကားချရတယ်။ အဲ့ဒါကြောင့် ဘုရားရှိခိုးချင်စိတ်တောင် မရှိတော့ဘူး။ ဘာသာမဲ့ဖြစ်လာပြီ။
ကိုယ့်ဟာကိုယ်သာ ဆိုးလှပြီ မှတ်နေတာပါလေ။ ကမ္ဗောဒီးယားမှာ ပိုပေါ့ သတ်ခဲ့တာတွေက တို့ထက်များပါတယ်။ ကိုယ်တို့ကို ဖြတ်တောက်ပိတ်ဆို့ထားတယ် ဆိုတာလည်း ဂါဇာက ကလေးတွေ ငတ်နေသလောက်တော့ မဆိုးသေးဘူးလေ။ ကမ္ဘာကြီးမှာ ဘုရားသခင်က မကယ်တင်နိုင်တဲ့ မတရားမှုများစွာ ရှိနေဆဲပဲ မဟုတ်လား။ ကိုယ်တို့ရဲ့ ဂေါတမဘုရားရှင်ကတော့ ဖန်ဆင်းရှင် Creator လည်း မဟုတ်၊ ကယ်တင်ရှင် Savior လည်း မဟုတ်ပဲ ဉာဏ်အလင်းပြသူသာ ဖြစ်တဲ့အတွက် ကိုယ့်လွတ်မြောက်လမ်းကို ကိုယ့်ဘာသာ ရှာဖွေရုန်းထွက်ရမှာပါပဲ။ သူတို့တတွေ ဝဋ်လည်တာ မလည်တာ သူတို့ကိစ္စ။ ကိုယ်အသက်ရှင်ဖို့၊ ကိုယ့်ဘဝလွတ်မြောက်ဖို့က ကိုယ့်ကိစ္စ။ စုဆောင်းရေးပါသွားတော့မှ NUG ဘာလုပ်နေသလဲ။ ILO ဘာလုပ်နေသလဲ လာမတ နဲ့။ တချိန်မဟုတ် တချိန် ကိုယ့်ဆီရောက်လာမှာ အစောကြီးကတည်းက သိသင့်တယ်။ ပါသွားတဲ့အထိ ဘာလုပ်ရမှန်းမသိရင် ဘယ်တော့မှ သိမှာ မဟုတ်ဘူး။ ကိုယ့်မထိသမျှ မနာတတ်သေးတဲ့သူတွေဟာ အခုလို ကိုယ်စီကိုယ်ငှ အထိနာလာတဲ့အခါကျတော့ စစ်ဘိနပ်ရဲ့ အရသာကို မဆိုင်သလို မသိချင်ယောင် ဆောင်ထားလို့ မရတော့ဘူး။ လူတိုင်းမှာ တော်လှန်ချင်တဲ့ဆန္ဒတွေ ပြင်းပြနေဖို့ဆိုတာ တော်လှန်ရေးရဲ့ သော့ချက်ပဲ။ ကိုယ်တို့တွေက တနိုင်ငံလုံးလှည့်ပြီး တရားဟောလို့မရဘူး။ လူမှုကွန်ယက်ပေါ်က ရေးသားလှုံ့ဆော်နေလို့လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်ထားတဲ့နေရာတွေမှာ အရာမရောက်ဘူး။ အခုလို စစ်အုပ်စုက နှိပ်စက်သတ်ဖြတ်မှ ဘယ်သူပြောတာ အမှန်လဲ လက်တွေ့သိကြလိမ့်မယ်။
ကိုယ့်ကိုထိမှ နာတတ်တယ် ဆိုတဲ့အထဲမှာ ကိုယ်ကိုယ်တိုင်လည်း ပါပါတယ်။ စစ်အုပ်စုက မတရားအနိုင်ကျင့်နှိပ်စက်လို့ လက်နက်ကိုင်တော်လှန်ရတာ ၈၈ ရောက်မှ၊ ၂၁ ရောက်မှ မဟုတ်ပါဘူး။ KIA တို့၊ KNU တို့ရဲ့အစဟာ ၁၉၄၇ လွတ်လပ်ရေးမရခင်ကတည်းက စခဲ့ပါတယ်။ မဆလသင်ရိုးထဲမှာ အလွတ်ကျက်ခဲ့ရတဲ့အတိုင်း “အဲ့ဒါ ပြည်တွင်းသောင်းကျန်းသူ ရောင်စုံသူပုန်တွေပါလေ။” ဆိုပြီး သေသေချာချာတောင် မသိခဲ့ဘူး မဟုတ်လား။ သီပေါစော်ဘွားကို ဖမ်းပြီးသတ်ပစ်တာကိုလည်း သူများနိုင်ငံက ဝတ္ထုရေးမှ၊ ရုပ်ရှင်ရိုက်ပြမှ သိရတယ်။ စောဘဦးတို့၊ သခင်သန်းထွန်းတို့ကို တောထဲမှာ လိုက်လုပ်ကြံတာကိုလည်း ကျော်ဆန်းကြီး သတင်းစာရှင်းလင်းပွဲ လုပ်သလို သူတို့ပြောချင်တာပြောသမျှ နဲ့ ဇာတ်သိမ်းရတယ်။ အတူတူတိုက်ပွဲဝင်တဲ့ ရဲဘော်ရဲဘက်ချင်း သတ်ဖြတ်လုပ်ကြံရုံနဲ့ အားမရလို့ သားသမီးမျိုးဆက်ကိုပါ အညွန့်ချိုးပြီး ခြေဖဝါးအောက်နင်းထားချင်သေး။ (ဘိုဘိုကျော်ငြိမ်း၊ ချိုချိုကျော်ငြိမ်း၊ နေရည်ဗဆွေ၊ ဒေါ်သန်းသန်းနု၊ ဦးအောင်ဆန်းဦးတို့ရဲ့ အင်တာဗျူးတွေ ရှာဖတ်ကြည့်။) ဒါတွေ အရင်တုန်းက ကိုယ်နဲ့မဆိုင်သလို နေခဲ့တာ ဒီကနေ့တော့ ဆိုင်ဆိုင် မဆိုင်ဆိုင်၊ ဆိုင်လာခဲ့ရပြီ မဟုတ်လား။ သူတို့နဲ့စာရင် ကိုယ့်တော်လှန်သက်က အလွန်နုပါသေးတယ်။ ဟိုနားကဆီမီးခွက် ထတောက်လိုက်၊ သည်နားကဆီမီးခွက် ထတောက်လိုက် အဆင့်ပဲ ရှိမှာ။ အခုလို တိုင်းပြည်အလုံး ကြိမ်မီးအုံးမျှ ကြည်းရေလေတပ်မတော်ကြီးက လက်စွမ်းပြတဲ့အခါ “ဒါမှပဲ တော်လှန်ရေးကြီးပြီးဖို့ နီးစပ်လာသပလေ။” ဆို စိတ်အေးရပါတယ်။ နှုတ်တစ်ရာ၊ စာတစ်လုံး၊ ဖနောင့်တစ်ချက် မဟုတ်လား။
စစ်အစိုးရကို ပြုတ်ကျလုနီးနီးအထိ တိုက်နိုင်ခဲ့တာ သမိုင်းမှာ ၃ ကြိမ်ပဲ ရှိခဲ့ဖူးတယ်။ လွတ်လပ်ရေးရပြီးစ ရန်ကုန်အစိုးရ လို့ခေါ်ခဲ့တုန်းက တစ်ကြိမ်၊ ၈၈ မှာ တစ်ကြိမ်၊ အခုတစ်ကြိမ်။ ဂိုးတိုင်ဝရောက်တာတောင် ဝင်အောင်မသွင်းနိုင်လို့ရှိရင် နောက် အနှစ် ၇၀ လောက် စစ်ဘိနပ်အောက် ပြန်ရောက်သွားမှာ။ သူတို့စစ်ကောင်စီဘက်ကတော့ ဘယ်သူ့ကိုသတ်ရသတ်ရ၊ တနိုင်ငံလုံး ပြာကျချင် ကျပစေ။ ဘာကိုမှ မငဲ့ပဲ ထိုးစစ်ဆင်နေတာ။ ကိုယ်တွေဘက်ကတော့ ငဲ့ကွက်မှုတွေ သိပ်များပါတယ်။ မန္တလေးရောက်ကာနီးမှ တရုတ်ကြီးကိုမလွန်ဆန်နိုင်တာ။ ကရင်အချင်းချင်း မတိုက်ချင်လို့ မြဝတီကို စောချစ်သူ လက်ထဲထည့်ခဲ့တာ။ စကစဘက်က စစ်တိုက်ပေးနေတဲ့ကောင်တွေကို ရန်သူလို့သဘောမထားပဲ တိုင်းရင်းသား အချင်းချင်း လို့ မြင်တာ။ အဲ့ဒါတွေက ကြန့်ကြာနေခြင်း အကြောင်းတရားကနေ ကျရှုံးရခြင်း အကြောင်းရင်းအထိ ဖြစ်လာတော့မှာပဲ။ မအလက ကောင်တွေကတော့ ရှင်းတယ်။ “ကိုယ့်အဖေကိုယ် ပြန်သတ်။” ဆိုလည်း သတ်မှာပဲ။ “ကိုယ်မေကိုယ်” ဆိုလည်း ၂ ခါမစဉ်းစားဘူး။ ဒါကြောင့် ခုရက်ပိုင်းမှာ သူတို့တိုးသ၍ လမ်းပွင့်နေတယ်။ နောင်ချိုပါသွားပြီ။ စစ်သင်္ဘောတွေ ဗန်းမော်ရောက်သွားပြီ။ မိုးကုတ် နဲ့ ကျောက်မဲ ကို လေယာဉ်နဲ့ အသည်းအသန် ဗုံးကြဲနေတယ်။ မြောက်ဘက်မှာ စစ်ပွဲတွေပြင်းထန်နေတုန်း တောင်ဘက်က အသံသိပ်မထွက်ဘူး။ တောင်မင်းကို မြောက်မင်း မကယ်နိုင်တာပဲလား မသိ။ အညာသား လိစ္စဝီမင်းတွေကလည်း ဒလန်မနိုင် နှစ်ဆောင်ပြိုင် ဖြစ်နေကြသေးတယ်။ သီတာယုမွန်တောင် အရှင်လတ်လတ်ကြီး မွှေနေသေးတာ မအလ ကို သုတ်သင်ဖို့ မဖြစ်နိုင်သေးဘူး။ အေးပေါ့လေ။ ကြာတယ် ဆိုတာလည်း သူ့အကြောင်းရှိလို့ ကြာတာ။ မပြီးသေးတာလည်း သူ့အကြောင်းရှိလို့ မပြီးသေးတာ။ နောက် အနှစ် ၆၀ ပြန်လည်သွားရင်လည်း ကိုယ့်အကြောင်းနဲ့ကိုယ်သာပ။
ဒီပုံအတိုင်းဆို ကျော်စွာလင်းကလည်း ကာချုပ်အသစ်ဖြစ်လာဦးမှာပဲ။ သူဦးစီးတဲ့ ထိုးစစ်တွေ အောင်နေလို့။ မအလ ကြီးလည်း သမ္မတ ဖြစ်သွားမှာပဲ။ အခုတောင် ပြောချင်ရာတွေပြောပြီး လုပ်ချင်ရာတွေ လုပ်နေပြီ။ ရှေ့တန်းကကောင်တွေ ရွှေဖီဦးတီးမစ် မဟုတ်တော့ဘူး။ ကြူကြူလှနံမည်တပ်ထားတဲ့ ဒံပေါက်ထုပ်တွေ ဝေနေပြီ။ သူတို့ဘက်က သွေးခွဲဝါဒဖြန့်တာလည်း အောင်မြင်ပါတယ်။ အခုဆို ဒီဘက်မှာ အချင်းချင်း သတ်ရင်သတ်၊ မသတ်ရင် NUG ကို ဆဲမယ် ဆိုတာချည့်ပဲ။ စိတ်ထဲမှာ တကယ်မရှိရင်တောင် အဲ့ဒီအသံတွေ ပဲ့တင်ထပ်နေတာတော့ ငြင်းမရဘူး။ “ကောင်းစေချင်လို့ပါ။ ကောင်းစေချင်လို့ပါ။” နဲ့။ ဇော်မဲလုံးကြီးကောင်းအောင် လုပ်ပေးနေကြတာ။ ချမ်းချမ်းဆီက စကင်းကဲယူရောင်းပေးရင် ထောင်တစ်သက်တစ်ကျွန်းချနိုင်ပေမယ့် ကိုယ့်ဘက်ကဟာတွေက ဘယ်သူ့ကိုမှ SP မလုပ်ရက်ဘူး။ လုပ်ချင်းလုပ် ကိုယ့်ကိုပဲ လုပ်ကြတာ။
အကြောင်းအရာတွေက ဘယ်လိုပဲရှိရှိပါလေ။ ကိုယ့်ဘက်ကတော့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေမှာပဲ။ ဗန်းမော်ရောက်သွားတော့ရော ဘာဖြစ်သေးလဲ။ ဗန်းမော်မှာ ဆက်တိုက်မှာပဲ။ ဖားကန့်ပါသွားတော့ရော ဘာဖြစ်သေးလဲ။ ဘေးပတ်လည်ကနေ ဆက်တိုက်မှာပဲ။ ဆေးရုံတွေ ဗုံးကြဲခံရတော့ရော ဘာဖြစ်သေးလဲ။ အသစ်ဆောက်ပြီး ဆက်ကုမှာပဲ။ တော်လှန်ရေးကြီး မပြီးရကောင်းလား လို့တော့ လာမဘလိမ်းနဲ့။ လူမပါပဲ လေနဲ့ဘလိန်းတဲ့ အဲ့လိုကောင်တွေကြောင့် မပြီးသေးတာ။ ပြီးပြီး မပြီးပြီး ငါတို့က ကိုယ်လုပ်စရာရှိတာ ဘယ်တုန်းကမှ ဘာအကြောင်းနဲ့မှ တုန့်ဆိုင်းမနေဘူး။ နောက် အနှစ် ၆၀ မကလို့ အနှစ် ၆၀၀ ကြာသွားလည်း နောက်မျိုးဆက်ကို အမွေပေးပြီးဆက်တိုက်မယ်။ မင်းအောင်လှိုင်- ကြူကြူလှတို့ ဝဋ်တောင်မလည်လိုက်ရပဲ သေသွားလည်း ကျော်စွာလင်းတို့ တပည့်သားမြေးတွေနဲ့ ဆက်တိုက်မှာပေါ့။ ဝဋ်လည်တာ မလည်တာ ကိုယ့်အလုပ် မဟုတ်ဘူး။ ကိုယ့်အလုပ်က တော်လှန်ရေး။ နောက်ပိတ်ဆုံး အိမ်မပြန်ရတော့ဘူး။ တောထဲမှာပဲ အသက်ထက်ဆုံး အရိုးထုတ်ရမယ် ဆိုလည်း ထုတ်ရုံပ။ မနေနိုင်စရာ အကြောင်း မရှိဘူး။ အခုတောင် ၅ နှစ်ပြည့်တော့မယ်။
တော်လှန်ရေးအစမှာ တူးမီးသေနတ်တောင် ကိုင်စရာမရှိလို့ သူ့အဖေအမွေပေးတဲ့ ခြံကွက်ကလေးရောင်းပြီး သေနတ်ဝယ်ကိုင်ခဲ့ရတဲ့ နာဂ PDF ကလေးဆို သူ့အဖေသေတာတောင် တော်လှန်ရေးထဲက လက်လျှော့ပြီး ထွက်မသွားသေးဘူး။ ခြေလက်အင်္ဂါစွန့်ခဲ့ရသူတွေလည်း ဘယ်သူမှ အိမ်ပြန်မသွားကြဘူး။ ကိုယ်တို့ဘက်မှာ လက်နက်ချတဲ့သူ၊ အရှုံးပေးတဲ့သူ၊ နောက်ကြောင်းပြန်လှည့်တဲ့သူဆိုတာ ဘယ်တုန်းကမှ မရှိဖူးဘူး။ ကိုယ်နဲ့သိသမျှ တော်လှန်ရေးတပ်သားတွေထဲမှာ မိန်းကလေးတွေတောင်မှ ရောက်ရာနေရာမှာ နိုင်ရာတာဝန် ထမ်းနေကြတုန်းပဲ။ လူဆိုတာ တော်ရုံနဲ့ သေခဲသတဲ့။ ကိုယ်တို့မှာ အခု လက်နက်ကြီးတွေ လက်နက်ငယ်တွေ ရှိနေပြီ။ ငှက်ကင်တွေ၊ ငါးကင်တွေလည်း ခဏခဏ စားရပြီ။ သမ္မတကြီးနဲ့ ဝန်ကြီးတွေပါ မြေပြင်ရှေ့တန်းဆင်းပြီး ကြီးကြပ်စီစဉ်နေကြပြီ။ ဘာမှ စိတ်ပူစရာ မရှိပါဘူး။ အတင်းခေါ်ထားတဲ့ စုဆောင်းရေးတွေ ကုန်သွားတဲ့အခါ သူတို့ထိုးစစ်တွေက ရပ်သွားမှာပါ။ ထပ်ခေါ်စရာလည်း နောက်ထပ် လူမရတော့ပါဘူး။ နန်းစိန်တွေခေါ်ပြီး စစ်ထဲထည့်ရတော့မှာ။ တွေ့ကြသေးတာပေါ့ကွာ။ အိုးဖင်ကနေ စလောင်းဖုံးအထိ ကြိုက်ကြိုက်ဆူစေသတည်း။
ရုရှားက ဗော်ရှီဗစ်တော်လှန်ရေးပဲဖြစ်ဖြစ်၊ ပြင်သစ်က ဘူဇွာတော်လှန်ရေးပဲဖြစ်ဖြစ်၊ တနိုင်ငံလုံးက အုံကြွတော်လှန်လာတဲ့အခါ လက်နက်အင်အားက ပြည်သူ့အင်အားကို အရှုံးပေးရတာချည့်ပါပဲ။ မြန်မာပြည်မှာလည်း အဲ့သလိုမျိုး လူ့အသက်ပေါင်းများစွာ ရင်းပြီးမှ အုံကြွတော်လှန်လာမှာဆိုရင်လည်း အဲ့ဒီအချိန် မရောက်မချင်း စောင့်ကြရုံပဲ ရှိပါတယ်။ သိပ်မှ မလိုတော့ပဲဥစ္စာ။ အသေမဦးမီ ဉာဏ်ဦးရင် အသေအပျောက်နည်းမယ်။ အဲ့သလို မဟုတ်ရင် အသေအပျောက်များမယ်။ ကိုယ်တို့ကတော့ တော်လှန်ရေးထဲမှာ ခြေစုံပစ်ရုံတင်မကဘူး။ စုန်းစုန်းမြုပ်တဲ့အထိ ပါဝင်ရုန်းကန်နေပြီးသား ဆိုတော့ ဒီ့ထက်ပါစရာ မရှိတော့ဘူး။ ဂိတ်ဆုံးနေပြီ။ နေသာသလိုနေတဲ့သူတွေ ဘယ်လိုမှ နေမရထိုင်မရ ဖြစ်လာတဲ့အခါ မြန်လာလိမ့်မယ်။ မပါနိုင်သေးရင် ကြာနေဦးမယ်။ ပါမယ့်သူ မရှိရင် အဆုံးသတ်သွားမယ်။ စစ်ကျွန်ဘဝက ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။ ပညာမတတ်လို့၊ ဉာဏ်ရည်မမီလို့၊ သတ္တိမရှိလို့ သားစဉ်မြေးဆက် ကျွန်ပြုခံရတဲ့ နိုင်ငံတစ်နိုင်ငံပေါ့။ သခင်မျိုးဟေ့ တို့ဗမာအော်ပြီးမှ ယီမင်မှာတောင် အိမ်ဖော်သွားလုပ်ကြရတာ။
ဒီစာကိုဖတ်ပြီးရင် “ဟုတ်လိုက်တာ။ မှန်လိုက်တာ။” နဲ့ ခေါင်းတငြိမ့်ငြိမ့် လုပ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ကိုယ်က ဘာလဲ။ အခု ဘယ်မှာလဲ။ ဘာလုပ်နေလဲ။ ကိုယ့်ရဲ့ တနေ့တာ နေထိုင်ဖြတ်သန်းမှုဟာ ဒီတိုင်းပြည်ရဲ့ ဆင်းရဲဒုက္ခတွေနဲ့ ဘာမှ မပါတ်သက်ဘူးလား။ ထားလိုက်ပါ။ မေ့လိုက်တော့။ အာရုံနောက်တယ်။ သာသာယာယာပဲ ဆက်နေပါ။ မကင်းဘူးဆိုရင်တော့ အများအကျိုးတွေ၊ တိုင်းပြည်အကျိုးတွေ ခဏဘေးဖယ်ထားဦး။ ကိုယ့်အကျိုး၊ ကိုယ့်အန္တရာယ်ကိုပဲ အရင်ကြည့်ရအောင်။ သူများတွေတော့ ဒီလိုတွေ ဖြစ်နေပြီ။ ကိုယ့်ဆီလည်း ရောက်လာတော့မယ်။ လွတ်လောက်မလား။ မလွတ်ခဲ့ရင် ဘာတွေလုပ်မလဲ။ လွယ်ပါတယ်ကွာ။ ဘဘဘောကို ပြေးပြေးမမှာပေါ့။ အိုကေ။ ရပါတယ်။ ဒါဆိုလည်း ကိုယ့်ကိုယ်ကိုယ် ဘောမ လို့ ပီပီပြင်ပြင်ခံယူလိုက်။ ဘောမတွေ တုတ်ဝေတော့မှ သာမီးက ဖြူစင်ပါတယ် လာမလုပ်နဲ့။ အလျော်အစားတော့ ရှိရမှာပဲ။ တသက်လုံး စစ်အုပ်ချုပ်မှုအောက်မှာပဲနေတော့မယ်။ စစ်ဗိုလ်တွေက ပေါင်းစား ဖားစားလို့ ကောင်းတယ် ဆိုလည်း ဆက်သာနေ။ ဆာ့ဂျ်ပန်းတို့ ဦးချစ်ခိုင်တို့လို ထောင်ကျတော့လည်း အထဲမှာ ဘောက်ချာဆုတ်ပြီး နေလိုက်ကြ။ လူတိုင်းလူတိုင်းဟာ ကိုယ် ဘာလဲ။ ဘယ်ဘက်မှာ ရပ်တည်သလဲ။ ရှေ့ဆက်ပြီး ဘာလုပ်မှာလဲ။ ကိုယ့်ဘာသာကိုယ် ပြတ်ပြတ်သားသား သုံးသပ်ဆုံးဖြတ်ရတော့မယ် လို့ ထင်ပါတယ်။ ထွက်လာတဲ့အဖြေအတိုင်းပဲ အကျိုးဆက်က လိုက်လာတော့မှာ မဟုတ်လား။ ကဲ ပြော။ ရေဘဝဲလား။ ကင်းမွန်လား။ ဂဏန်းလား။