ရုန်းထွက်ကြဖို့ အချိန်တန်ပြီ

မိုးတွေကရွာ၊ လမ်းတွေကပျက်ရတဲ့အထဲ နန့်မွန်း၊ မိုင်းနောင်ကနေ ကားရောလူရော အဝင်အထွက်တွေ ပိတ်ချလိုက်တော့ ဖားကန့်လမ်းတကြောလုံး စားနပ်ရိက္ခာတွေ ပြတ်တောက်ရှားပါးကုန်ပါတယ်။ ဈေးတွေနာတွေ ကြီးလိုက်တာ ဆိုတာကတော့ မိုးကိုပျံနေတာပဲ။ ဈေးသာရှိပြီး ကုန်ကမရှိတော့ ဆိုင်တွေလည်း ပိတ်ကုန်တာပေါ့။ ကိုယ့်အခင်းထဲရှိတာကလည်း ခုကာလဆို ဆူးပုတ်၊ မျှစ်၊ ရုံးပတီ၊ ချဉ်ပေါင်ပဲ ရှိတယ်။ ဘူးသီး ခရမ်းသီးတောင် အလွယ်တကူ ရှာမရ။ ဘယ်တတ်နိုင်မလဲ။ survival skill တွေ ထုတ်သုံးကြရုံပေါ့။ မြေပဲဆန်၊ အာလူး၊ ကုလားပဲ၊ အသားခြောက်တွေကို တစ်မျိုးပြီးတစ်မျိုး မရိုးအောင် စီမံချက်ပြုတ် စားသောက်တော့တယ်။ ထမင်းလေးသုပ်လိုက်၊ ခေါက်ဆွဲလေးသုပ်လိုက်၊ လက်ဘက်ထမင်းလေးနယ်လိုက်။ ဆီချက်ခေါက်ဆွဲလေး လုပ်လိုက်။ ရှိတာလေးနဲ့ ဝအောင်စားကြတာပေါ့။ ခုထက်ထိတော့ မငတ်သေးပါဘူး။ ငတ်တော့လည်း အသေခံပြီး ထွက်တိုက်ကြလိမ့်မယ်။ ကိုယ် ထွက်မတိုက်ရသေးခင် သူ့ဘာသူ ဝင်လာတော့လည်း ခြေညောင်းသက်သာသပ။ စစ်ရှောင်စခန်းထဲ ပုန်းနေလည်း လေယာဉ်လာချ၊ သေမယ့်အတူတူ သန်သန်စွမ်းစွမ်း ရှိသမျှ စစ်ထဲသာ ဝင်တိုက်ကြရုံ ရှိတယ်။ ကိုယ်တို့ဘက်ကဝင်မတိုက်လည်း ဟိုကောင်တွေဝင်လာရင် စစ်ရင်းမေးရင်း သတ်မှာပဲ။ မသတ်လည်း နောက်ကျောက သေနတ်နဲ့တေ့ပြီး ရှေ့ကတက်ခိုင်းမှာပဲ။ PDF ထဲ ဝင်ဖို့ ဘယ်သူကမှ အတင်းအကြပ် မခေါ်ပေမယ့် စုဆောင်းရေးထဲ မဝင်ရင်တော့ မင်းကိုပစ်သတ်လိမ့်မယ်။ စစ်သားနဲ့ စစ်သားမိသားစုကလွဲရင် အရပ်သားအားလုံး ရန်သူလို့ တရားဝင် ကြေငြာထားပြီးသား။ သေမင်းက တံခါးလာခေါက်နေပြီ။ ဘာဆက်လုပ်မလဲ ကိုယ့်ဘာသာ စဉ်းစား။

ကိုယ်ကတော့ အေးဆေးပါပဲ။ အစားအသောက်လည်း မပျက်ဘူး။ အအိပ်အနေလည်း မပျက်ဘူး။ အလုပ်အကိုင်လည်း မပျက်ဘူး။ စာတွေလည်း ရေးလျက်ပါပဲ။ သပိတ်ကျင်းကျကျ၊ နောင်ချိုကျကျ၊ ကိုယ့်ဘက်က ရှုံးတယ် လို့ကို သဘောမထားတာ။ ဆိုက်ဝါးတွေနဲ့ ဟောက်စားလာလုပ်တာ ခြောက်ခြားစရာ မလိုဘူး။ သူ့အောက်ဖဲက ကိုယ် သိပြီးသားကြီး။ ဒီ ၇ လပိုင်းထဲမှာ ကချင်ပြည်နယ်ကို ငြိမ်ကျသွားအောင် ထိန်းချုပ်မယ်။ ၈ လ ပိုင်းထဲရောက်ရင် စစ်ကိုင်း၊ မကွေးကို အပြောင်ရှင်းပစ်မယ် ဆိုတဲ့ စကစ မဟာဗျူဟာကြီး အကြံအစည် ဖြစ်နိုင် မဖြစ် နိုင် စဉ်းစားလေ။ မြန်မြန်လာစမ်းပါကွာ။ မလာမှာတောင် ကြောက်နေတာ။ ဘယ်သူမှ ထွက်မပြေးဘူး။ အကုန် စောင့်နေကြတယ်။

စစ်ပွဲတွေမှာ စုဆောင်းရေးတပ်သားသစ်တွေ သုံးပြီး အုံနဲ့ကျင်းနဲ့ ထိုးစစ်ဆင်လာသလိုပဲ အွန်လိုင်းပေါ်က ဝါဒဖြန့်တဲ့ စစ်မျက်နှာမှာလည်း မိုးလုံးပြည့် မုသာဝါဒတွေကို ရသမျှ လူအင်အား ငွေအင်အားသုံးပြီး တရစပ် ဖြန့်ချီလာကြပါတယ်။ ဘုန်းကြီးအကောင့်၊ ယောက်ကျားအကောင့်၊ မိန်းမအကောင့်၊ အကောင့်တုပေါင်းစုံနဲ့ sponsored page တွေကနေ အဆက်မပြတ်ကို တင်လာတာပါ။ တမြို့လုံး ဗုံးကြဲပြီးမှ ဒန်ပေါက် ၂ ထုပ်လာဝေတာကို ထိုင်ရှိခိုးရမတတ် ဂုဏ်ဖော်ပြီး “ရွှေဘလာပြီ” က လုပ်ချင်သေးတာ။ အာဏာသိမ်းကတည်းက ပရိုဖိုင်းကြီး lock ချထားတဲ့ စစ်ဗိုလ်ဆရာဝန်တွေကလည်း ပုညခင် ဇာတ်ညွှန်းတွေနဲ့ ဇွတ်အတင်းကြီးကို အသက်တွေ ကယ်ပြတော့တာပဲ။ အခုကတည်းက မဲဆွယ်တဲ့အလုပ်တွေကို အင်တိုက် အားတိုက်ကို လုပ်နေပြီ။ သူများနိုင်ငံတွေ စစ်ဖြစ်နေတဲ့ကြားထဲတောင် မင်္ဂလာယူပြီး အပစ်အခတ်ရပ်ဖို့ ထထပြောနေတယ်။ ဒါလေးပိုလိမ်လိုက်လို့လည်း ဘာမှ ပိုထူးမသွားဘူး မှလား။ ဘူမသိကိုးမသိကောင်တွေ ဇဝေဇဝါဖြစ်သွားလည်း အမြတ်ပေါ့။ မယုံရင်လိုက်ကြည့်။ လူသတ်တဲ့စစ်ဗိုလ်တွေ အကောင့်မှန်သမျှ ဘုရားစာ တင်ထားတာချည့်ပဲ။ ဘုန်းကြီးကျောင်းတွေ ဗုံးလိုက်ကြဲရင်တောင် ခေါင်းပေါ်မှာ ၂၄ ပစ္စည်း အဝိုင်းလေးနဲ့ ကြဲတာ။ အခု အဲ့ကောင်တွေ ဖုန်ထလာတာ မြင်လို့တောင် မကောင်းဘူး။ မလော်မနေရ ညွှန်ကြားချက်ထုတ်ထားပုံရတယ်။ block လို့ကို မကုန်နိုင်ဘူး။ မျက်နှာတွေ ပြောင်ချက်များဖြင့် ခန့်စည်သူတောင် နောက်ကောက်ကျတယ်။ ကိုယ့်ဘက်ကဟာတွေကျတော့ VPN တောင် ဖြုတ်လိုက်တပ်လိုက်၊ အပြင်သွားရင် ဖုန်းထဲကဟာတွေဖျက်လိုက် နဲ့။ အလုပ်ကို ရှုပ်လို့။

ဒီဘက် ဒီအရပ်မှာတော့ ကိုယ်တို့ဆယ်ဇင်းကို ရောက်စမှာကတည်းက အင်တာနက်လိုင်း၊ ဖုန်းလိုင်း ဖြတ်ထားတာ ၅ နှစ်ရှိတော့မယ်။ တခါတခါမှ ပြတ်တောင်းပြတ်တောင်းလာတယ်။ အကုန်လုံးက starlink နဲ့ပဲ သုံးနေကြရတာ။ လျှပ်စစ်မီးလည်း အဲ့သလိုပါပဲ။ တစ်ည တစ်နာရီတောင် မပေးတော့လို့ ဆိုလာတပ်၊ မီးစက်နှိုးပြီး ဖုန်းအားသွင်းနေကြရတာ။ ဘဏ်တွေကလည်း မြို့ပေါ်မှာ စစ်ဗိုလ်တွေ၊ ပျူတွေ ဓါးပြ တိုက်တော့ ထထအော်တယ်။ ပြီးကျတော့ စစ်တပ်ရှိတဲ့မြို့မှာပဲ သွားသွားနေကြတာ။ ဒီဘက်ကသိမ်းပြီဆို ဘဏ်ပိတ်ပြီး ပြေးရော။ နိုင်ငံရဲ့ infrastructure တွေရော၊ resources တွေရော အကုန်လုံးကို မောင်ပိုင်စီးပြီးမှ သူတို့ကလွဲရင် တနိုင်ငံလုံးကို ပိတ်ဆို့ဖြတ်တောက်ထားတယ်။ မိုးညှင်းမှာ မနေ့ကတစ်ည၊ ဒီနေ့တစ်ရက်လုံး မီးတွေ အချိန်ပြည့်လာနေပါလား ဆို ပျော်မနေနဲ့။ အဲ့ဒါ ခက်ထိန်နန်လာလို့ ထွန်းပေးထားတာ။ မီတာခတော့ တမြို့လုံးဝိုင်းဆောင်လိုက်ကြ။ လင်းလင်းချင်းချင်းရှိတော့ တအိမ်တက်ဆင်း ပေါ်တာဆွဲလို့ ရတယ်လေ။ မနေ့က တစ်ညတည်းတင် လူ ၂၀၀ ကျော် ပါသွားသတဲ့။ မိဘတွေက ပိုက်ဆံနဲ့ လိုက်ရွေးလို့ရှိရင် ဂိုဒေါင်ကြီးဖွင့်ပြပြီး “ဒီမှာ မြင်လား။ ပိုက်ဆံတွေ။ ငါတို့က ပိုက်ဆံ မလိုဘူး။ လူပဲ လိုချင်တာ။” လို့ ပြောလွှတ်သတဲ့။

ဒီလူတွေကို သူတို့သတ်မပစ်သေးတာ သေချာပါတယ်။ အသက်ကို နှမျောလို့ မဟုတ်ဘူး။ ကျည်ဆန်ကို နှမျောလို့။ လက်နက်တွေပေးပြီး ကိုယ်တို့ကို သတ်ခိုင်းတော့မှ ကိုယ်တို့ကျည်ဆန်နဲ့သေရင်သေပစေ။ မသေပဲ နောက်ပြန်လှည့်ရင်တော့ သူတို့ပစ်သတ်မှာ။ ဒီအရွယ်တွေ ရွာထဲမှာ ဒီအတိုင်းထားရင် PDF မဟုတ်တောင် ထောက်ခံသူတွေ ဖြစ်ကုန်မှာစိုးတယ်။ အဲ့ဒါကြောင့် ငါးကြင်းဆီ နဲ့ ငါးကြင်းပြန်ကြော်တာ။ ဟိုပင်၊ မိုးညှင်း၊ နမ့်မားက ဖမ်းခေါ်သွားလို့ မြို့ထဲကကလေးတွေချည့်ပဲလို့တော့ မထင်လိုက်နဲ့။ သူတို့အားလုံး ဆယ်ဇင်း၊ တာမခန်၊ ဖားကန့်၊ အင်းတော်ကြီးကနေ စစ်ရှောင်ရင်း ကျောင်းတက်၊ သင်တန်းတက်၊ အလုပ်လုပ်နေကြတဲ့ ကလေးတွေ။ ဘယ်ပြေးပြေး စစ်ကရှောင်လို့ မရတော့ဘူး။ အသားလွတ်အသေခံမလား။ တဘက်ဘက်က ဝင်တိုက်မလား။ တခုခုကို ရွေးရလိမ့်မယ်။ ကိုယ်ကမရွေးရင် ပလာမပါ ကံစမ်းမဲနဲ့ သူတို့က ကိုယ့်ကို ရွေးသွားရော။ ပြီးရင် “ဘယ်လောက်သေသေ၊ ဘယ်သူထိထိ၊ တစ်ယောက်မှ နောက်ပြန်မလှည့်နဲ့။ အကုန်ပစ်သတ်မယ်။” ဆိုပြီး ရှေ့အတင်းတိုးခိုင်းတာ။ အလောင်းလည်း မကောက်ဘူး။ လူနာလည်း မသယ်ဘူး။ မသေလို့ကျန်ရင် ပြန်လာလိမ့်နိုးလည်း မမျှော်နဲ့။ ဆေးသမားဖြစ်ပြီး B တွေ၊ C တွေ၊ R တွေ ၃ ဘာသာ ဂုဏ်ထူးထွက်တဲ့အထိ ခိုင်းစားမှာ။ သူတို့ထဲမှာ အဲ့ဒါတွေချည့်ပဲ။ ပြောမယုံရင် ကြုံတော့ သိလိမ့်မယ်။ ၅ နှစ်ပြည့်လုပြီ။ ဘယ်သူ့ပါးစပ်က အလိမ်အညာတွေ ပြောမှန်းမသိတဲ့ကောင်တွေ သေပလေ့စီ။

ခက်ထိန်နန်က စကစခန့်တဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ပဲလေ။ သူလာတယ်ဆိုတာ လူကြီးခရီးစဉ်မို့ လုံခြုံရေးတွေ တင်းကြပ်ရမှာပေါ့။ ဟုတ်သပ။ သူ့အတွက် လုံခြုံရေးကို စကစ ကတင် မဟုတ်ဘူး။ KIA ကပါ ယူထားတာ။ သူမပြန်မချင်း အပစ်အခတ်မလုပ်ရဘူး။ Cease Fire ထားရမယ်တဲ့။ ကချင်အချင်းချင်းမို့ လို့ ဆိုတယ်။ သဘောထားပြည့်ဝလိုက်တာ။ အင်းတော်ကြီး၊ ဆယ်ဇင်းမှာ SNA တွေ မကြီးစိုးခင်တုန်းကလည်း တိုင်းရင်းသား အချင်းချင်း စစ်မဖြစ်နဲ့ဆိုလို့ အင်းတစ်ခြမ်းပါသွားပြီ။ ရွှေဘတို့ကလည်း ချကို မချနိုင်သေးတာ။ လုပ်ဦးလေ။ ဆန်တစ်အိပ် ၃ သိန်း၊ ကြက်တစ်ပိဿာ ၁ သိန်း ၂ သောင်း ဝယ်စားနေရပြီ။ သူတို့ရဲ့ရည်ရွယ်ချက်ဟာ ရွှေမှော်၊ ကျောက်မှော်တွေ အကုန်လုံးထိန်းချုပ်ပြီး ကချင်တွေရဲ့ ငွေဝင်လမ်းကြောင်းကို ဖြတ်တောက်ဖို့ပဲ။ အသေအပျောက် အကျအဆုံးကို လုံးဝ ဂရုမစိုက်ဘူး။ သူ့လူတွေ သေတာမဟုတ်။ ရန်သူ့ဘက်က ကလေးတွေလို့ပဲ သဘောထားတာ။

လတ်တလော အခြေအနေမှာ စကစရဲ့ ဦးတည်ချက်ကတော့ မြောက်ပိုင်းအဖွဲ့တွေကို တရုတ်အားကိုးနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေတွေ ပြန်သိမ်းဖို့ပါပဲ။ ဝ နဲ့ ကိုးကန့် က အပစ်ရပ်ထားပြီဆိုတော့ TNLA နဲ့ KIA ကိုပဲ မီးကုန်ယမ်းကုန် စစ်ကြောင်းထိုးစရာရှိတယ်။ ဒါပေမယ့် သူ့လော်ဘီတွေ လိမ်ညာနေသလောက်တော့ အနိုင်ရနေတာ မဟုတ်ပါဘူး။ သူ့ဘက်က စစ်သားတွေ သောက်သောက်လဲ သေကုန်လို့ ပြည်သူကို ရှုံးမဲမဲပြီး တရစပ် ဗုံးလိုက်ကြဲနေတာပါ။ နောင်ချိုပြီးတော့ ကျောက်မဲ နဲ့ မိုးကုတ်ကို အသည်းအသန်တိုက်ခိုက်နေပြီး ဗန်းမော်ကိုလည်း စစ်ကူ၊ ရိက္ခာပို့နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ နောက်တစ်ဘက်မှာ ဖားကန့်ကို ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းတွေလည်း ပြင်နေပါတယ်။ ဒီနယ်မြေတွေအားလုံးက စကစ၊ SNA နဲ့ KIA လက်နက်ကိုင် ၃ ဖွဲ့စလုံး ဝင်ထွက်သွားလာ၊ စခန်းချ အခွန်ကောက်ပြီး စစ်မဖြစ်အောင် ရှောင်ရှားကြတဲ့ နေရာတွေပါ။ ၂၀၂၂ ဇူလိုင်လမှာ စကစ က SNA နဲ့ပေါင်းပြီး ဆယ်ဇင်းကို သိမ်းပလိုက်တဲ့အခါ ဆယ်ဇင်းရွာပျက်သွားပြီး KIA က အပြင်ဘက်က ဝိုင်းထားပါတယ်။ ရွာကိုမီးရှို့၊ အိမ်ဖောက် ပစ္စည်းတွေယူ၊ လူဖမ်းလူသတ်ပွဲကြီးတွေလုပ်နေတာကို KIA က ဒီအတိုင်းကြည့်နေပါလား။ ပြန်မတိုက်ဘူးလား။ ပြန်မသိမ်းဘူးလား။ အရမ်းကို အားမလိုအားမရဖြစ်ခဲ့ဖူးပါတယ်။ မနေပါဘူး။ သူတို့ပြန်သိမ်းမှာပါ။ စောင့်တော့ စောင့်ရတာပေါ့။ ၂ နှစ်နီးပါးကို စောင့်လိုက်ရတယ်။ ဆယ်ဇင်းကိုမသိမ်းခင် တာမခန်ကို အရင်သိမ်းပြီးတော့မှ ၂၀၂၄ မေလထဲမှာ ဆယ်ဇင်းကို ပြန်တိုက်တဲ့အခါ စကစ က လက်နက်ချ အလံဖြူထောင်ပြီး ထွက်သွားတယ်။ ရှမ်းနီက စစ်ကိုင်းထဲကို ပြန်ဆုတ်သွားတယ်။ နောက်တစ်ခေါက်ပြန်ဝင်လာမှာစိုးလို့ အဲ့ဒီကောင်တွေကို ရေပေါ်မီး၊ သဲဇလောက်ဘက်အထိ မောင်းထုတ်ပြီး အင်းတော်ကြီးဘက်မှာ ညောင်ပင်-ဝှေခါ- ဖားကန့်လမ်းကို သိမ်းယူလိုက်တယ်။

အဲ့ဒီအခါကျတော့ ဖားကန့်တက်တဲ့ ကာမိုင်းလမ်း၊ ဝှေခါလမ်း၊ တာမခန်လမ်း၊ လမ်းတွေအားလုံး KIA လက်ထဲရောက်ကုန်လို့ ဖားကန့်ဗျူဟာကုန်းကို ဟယ်လီကော်ပတာနဲ့သာ အဝင်အထွက်လုပ်လို့ ရတော့တယ်။ ဗျူဟာကို ထောက်ပို့ မရောက်တာက ပူစရာ မလိုပါဘူး။ ကျောက်တွင်းတွေ ဖင်ခုထိုင်ထားတာ ဘာအကြောင်းနဲ့မှ ငတ်စရာ မရှိ။ ဒါပေသိ ဗျူဟာကနေ သူတို့အထက်ကို ထောက်ပို့မရောက်တော့တာက အကြိးကြီး ပြဿနာရှိပါတယ်။ ဒါကြောင့်ဗျူဟာမှူးကို မိသားစုပါဖမ်း၊ အချိုသပ်ပြန်ခေါ်ပြီးမှ ထောင်ချပစ်တာပါ။ ကိုယ့်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် စကစ က ကချင်ပြည်နယ်မှာ မြို့တွေပြန်သိမ်းလိုက်ပြီ ဆိုရင် ဘာအဓိပ္ပါယ်မှ ရှိမနေဘူး။ သူ့ အပြင်က ပြန်ဝိုင်းထားတာ။ ဝင်မရ ထွက်မရ နဲ့။ အရပ်သားတွေကိုပဲ သတ်ဖြတ် လုယက် နှိပ်စက်လို့ ရမယ်။ တပ်ရှေ့က ဂိတ်ကလေးမှာ ဆက်ကြေးကောက်၊ လူဖမ်း၊ ပစ္စည်းသိမ်းလို့ပဲရတယ်။ သူတို့က တံတားပေါ်မှာ ဂိတ်ထောင်ထားရင် ကိုယ်တို့က တံတားအောက်က လှေနဲ့ကူးကူး၊ ကားနဲ့ဖြတ်ဖြတ်၊ လှည့်တောင် မကြည့်ရဲဘူး။ KIA က ပြန်တိုက်လာရင် အလံဖြူထောင်၊ လမ်းကြောင်းတောင်းပြီး ပြန်ထွက်သွားရတာ။ ဒီအဆင် နဲ့ ဒီအဆင်မှာ “ဇူလိုင်လမကုန်ခင် ကချင်ပြည်နယ်မှာ KIA တွေ ခေါင်းမဖော်နိုင်အောင် ကြိတ်ပြမယ်ကွ။” ပြောရဲတဲ့ ပေါက်ပန်းဈေးစကားတွေကို နားယောင်တဲ့သူ ရှိတာလည်း အံ့ဩတယ်။

ကချင်ပြည်နယ်မှာ စစ်မျက်နှာတွေ အများကြီး ရှိတဲ့အထဲ ဗန်းမော် တိုက်ပွဲကတော့ အပြင်းထန်ဆုံးပါပဲ။ တစ်နှစ်လည်း ကျော်လာပြီ။ အရေးပါတဲ့ နေရာတော်တော်များများကိုလည်း သိမ်းမိပြီ။ တရုတ်က လူရော၊ လက်နက်ရော စကစဘက်က ကူပေးနေလို့သာ အပြီးမသတ်နိုင်တာ။ “ငါတို့သာကူရင် ဒီလောက်ထိ ကြာစရာအကြောင်းမရှိဘူး။” လို့ မောက်မာနေတဲ့ တရုတ်ကြီးတွေကို “နင်တို့ ဘယ်လောက်ကူကူ ငါတို့ရအောင်သိမ်းပြမယ်။” ဆိုပြီး ကျားကုတ်ကျားခဲတိုက်နေတာ။ ရေကြောင်းက စစ်သင်္ဘောအမြောက်အများနဲ့ စစ်ကူပို့တာတောင် “မရောက်သေးဘူး အချစ်ရေ။ မျောသလား။” မေးယူရတယ်။ စစ်ကူမရောက်ရင် ဗန်းမော်က ပွဲသိမ်းပြီ။ အဲ့ဒီအခါကျ တော်လှန်ရေးစစ်မျက်နှာမှာလည်း အလှည့်အပြောင်းတွေ ဖြစ်လာလိမ့်မယ်။ ဖားကန့်၊ တနိုင်းကနေ စစ်မြှူနေတဲ့ကောင်တွေလည်း သူ့ဟာသူ အလံဖြူထောင်လာလိမ့်မယ်။ သိပ်အကြာကြီး မဟုတ်ဘူး။ ဒီ ၈ လ ပိုင်းမှာတင် အဖြေပေါ်တယ်။ ဒီကောင်တွေရှုံးရင် စစ်ဗိုလ်စစ်သား အသိုင်းအဝိုင်းတင် မဟုတ်ဘူး။ သက်သက်ခိုင်တို့၊ ကိုကိုကြီးတို့ရော၊ လော်ဘီဘောမတွေပါ တစ်ယောက်မှ ကျန်ခဲ့မှာ မဟုတ်ဘူးး။ အကုန်ရှင်းသွားမှာ။ ဒီဘက်မှာ ဝင်တိုက်ရင် အောင်ပွဲက ဒီအကျိုးအမြတ် ရှိမယ်။ ဟိုဘက်ကို စုဆောင်းရေးပါသွားရင် သေရုံကလွဲလို့ တပ်ကြပ်ကြီးတောင် ဖြစ်မလာဘူး။

မနေ့ကတော့ ကန့်ဘလူတောတွင်းဆေးရုံကို လူနာဆောင်ပေါ် ဗုံးလာကြဲလို့ လူနာတွေအများကြီး သေကုန်တယ်လို့ သိရပါတယ်။ အရပ်သားလူနာတွေပါ။ ထူးဆန်းအံ့ဩဖွယ်ရာတော့ မဟုတ်ပါဘူး။ ဆေးရုံ၊ စာသင်ကျောင်းကို တည်နေရာ အတိအကျသိရင် မဖြစ်မနေ ဗုံးကြဲဖျက်ဆီးရမယ် ဆိုတဲ့ အမိန့်ကို ဦးထိပ်ထားနေတာပဲဟာ။ ကိုယ့်ဆေးရုံလည်း ဒီလိုပဲဖျက်ဆီးခံရတယ်လေ။ ဒလန်တွေ၊ သတင်းပေးတွေ၊ ပျူတွေ၊ မဘသတွေကို တရပ်တည်းနေ၊ တရွာတည်းသားချင်းတွေလို့ အားနာရင်၊ အမုန်းမခံရင်၊ အရေးအကြောင်းဆို ကိုယ့် ဘယ်သူမှ ဆေးကုပေးမယ့်သူ ရှိမှာ မဟုတ်ဘူး လို့ လက်တွေ့သိကြပါစေလေ။ လက်ရှိအချိန် လွတ်မြောက်နယ်မြေမှာ ဆေးကုသပေးတဲ့ ဆရာဝန်တွေအားလုံး ဆေးရုံပေါ် ဗုံးမကျဖူးတဲ့သူဆိုတာ တစ်ယောက်မှ မရှိဘူး။ အားလုံးက တညီတညွတ်တည်း သင်ခန်းစာယူပြီး အကြံပေးတာက “အရပ်သားတွေ မကုနဲ့ ဆရာ။ အရပ်သားတွေကုရင် ဒလန်ပါလာပြီး location ပေါက်ကြားသွားရော။” တဲ့။ ကိုယ်အခု ဆေးရုံပြန်ဆောက်ရင်တောင် “ရွာသားတွေကို ဆေးကုရင်တော့ လေယာဉ်နဲ့ လာအကြဲခံရဦးမှာပဲ။” ဆိုတဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ရင်ဆိုင်ရဦးမယ်။ ကြောက်လို့ မဟုတ်ပါဘူး။ မရရအောင် ကုမှာပါ။ ဒါပေမယ့် ဆေးလာကုတဲ့လူနာတွေအနေနဲ့ စစ်ခွေးတွေ၊ ဒလန်တွေဆီကို သတင်းပြန်မပို့ပါဘူး ဆိုတဲ့ တုန့်ပြန် ကျေးဇူးလေးတော့ လိုချင်တာပေါ့။ ကိုဗစ်ဖြစ်ရင်လည်း ဆရာဝန်မပြောနဲ့ သားဖွားဆရာမတောင် တစ်ယောက်မကျန် ပြေးကုန်လို့ ကိုယ်တို့ဒီမှာလာကုရတာ။ စစ်ပွဲဖြစ်ရင် အပ်ပုန်းရမ်းကုတောင် ဆေးခန်းပိတ်ပြေးတဲ့အချိန်မှာ ကိုယ်တို့က မပြေးပဲ ဆေးကုနေရတာ။ ဒီလောက် ကာလရှည်ကြာ ပိုက်ဆံတစ်ပြားမှ မတောင်းပဲ အိပ်စိုက်ဆေးကုတဲ့ ဆရာဝန်တွေရဲ့ လုံခြုံရေးကလေးကိုတောင် မစောင့်ရှောက်နိုင်ဘူးလား။ ဒီရပ်ဒီရွာကနေ SNA ဆီ စုဆောင်းရေး ပါသွားပြီး “မင်းတို့ရွာက အဲ့ဒီဆေးရုံဆီ မိုင်းသွားခွဲခဲ့။” လို့ ခိုင်းလိုက်ရင်ကော လာလုပ်မှာလား။ “ဒေါက်တာစိုးမင်း ဤနေရာတွင် ကျဆုံးသွားသည်။” လို့ ကျောက်တိုင်ကလေးစိုက်လို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ ဒီဆရာဝန်မရှိတော့ရင် အရင်ဆုံး ဘယ်သူတွေ ဒုက္ခရောက်မလဲ။ ကိုယ့်ဘာသာကိုယ် ရင်ဆိုင်ကြည့်ပါ။

မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက်မှာ health system breakdown ရလို့ ဆေးမကုနိုင်ပဲ သေဆုံးရတဲ့ ရောဂါဝေဒ နာသည်အပေါင်းဟာလည်း သေနတ်မှန်၊ ဗုံးမှန်လို့ သေတဲ့သူတွေထက် အဆပေါင်းများစွာ ပိုတယ်ဆိုတာ လူနာ နဲ့ လူနာရှင်တွေ အသိဆုံးပါပဲ။ ကိုယ်တို့တတွေ ကိုယ်ထူကိုယ်ထ ကြိုးစားပန်းစား စုဆောင်းထူထောင်ထားရတဲ့ ဆေးရုံဆေးခန်းလေးတွေ ချေမှုန်းဖျက်ဆီးခံရတာလည်း လူနာတွေအပေါ် ဗုံးစမှန်သွားသလို ထိခိုက်ဆုံးရှုံးမှု ရှိပါတယ်။ တော်လှန်ရေးဆိုတာ NUG မှာပဲ တာဝန်ရှိတာ၊ CDM တွေမှာပဲ တာဝန်ရှိတာ၊ PDF တွေကပဲ စစ်တိုက်ဖို့ လိုတာ မဟုတ်ပါဘူး။ ကိုယ့်လွတ်မြောက်မှုအတွက် ကိုယ်ကိုယ်တိုင်မှာလည်း တာဝန်ရှိပါတယ်။ တောထဲတောင်ထဲ အထူးကုဆရာဝန်တွေရဲ့ referral hospital service ကို အခမဲ့လိုချင်ရင် အဲ့ဒီဆရာဝန်တွေရဲ့ အသက်ဘေးအန္တရာယ်ကိုတော့ စောင့်ရှောက်ပေးပါ။ ကိုယ့်ထမင်းကိုယ်စားပြီး ခွဲစိတ်ကုသပေးပါ့မယ်။ စစ်လာရင်တောင် မရှောင်ပဲကုပေးနေတာကို “ဒီနေရာမှာ ရှိပါတယ်။ ဗုံးလာကြဲစမ်းပါ။” လို့တော့ သတင်းမပေးသင့်ပါဘူး။ ဒီစစ်ပွဲတွေ မြန်မြန်ပြီးစေချင်တာလည်း သူတို့အပြင် မရှိဘူး။ စစ်လာတိုင်း စစ်ပြေးစစ်ရှောင် လုပ်နေရင် ဘယ်တော့မှ ပြီးမှာ မဟုတ်တော့ဘူးလေ။ ပတ်ရှောင်နေတာပဲ ဒီလောက်ကြာပြီ။ ရှိတာလေးတွေ မကုန်သေးဘူးလား။ ပြန်စရာအိမ်ရော ရှိသေးရဲ့လား။ ခုလောက်ဆို ဘာဆက်လုပ်သင့်သလဲ သဘောပေါက်ပြီ ထင်ပါတယ်။ သင်ကိုယ်တိုင် ရုန်းထွက်ဖို့ အချိန်ရောက်လာပြီ ဖြစ်တယ်။