မင်း သွားမယ်ဆိုရင် သွားလိုက်တော့

ဪ လောက လောက။ တော်တော်လောတဲ့ ဤလောကပါလေ။ ကိုယ့်ဘာသာကိုယ် “တရုတ်ဟူသမျှ ဂုဏ်ရှိစွ” ဆိုပြီး တိဘက်က နှဲ့လိုက်၊ ယူနန်က နှဲ့လိုက်၊ ရှင်းကျန်းက နှဲ့လိုက်နဲ့ နည်းနည်းစီ နှဲ့နေတာ။ အခု “မွန်ဂိုးလီးယားက ပတ်နှဲ့မယ်ကွာ။” ဆို ဂျင်ဂျစ်ခန်ကြီးအကြောင်း လိုက်ရှာဖတ်တုန်း ရှိသေးတယ်။ ခွန်ထိုင်း နဲ့ ခမာတွေနဲ့ ထချကုန်ကြလို့ အင်ဒိုချိုင်းနားဘက် ပြန်ဆင်းဖတ်ရဦးမယ်။ အိမ်စာတွေကလည်း ပေးလိုက်ပြန်ပြီဟာ။ သူတို့လုပ်တာနဲ့ ဒီမှာ နိုင်ငံရေးဗဟုသုတတွေ အရမ်းပြည့်ဝနေပြီ။ ယူကရိန်း-ရုရှား ကြားထဲ ဝင်ငန်လိုက်။ အစ္စရေး-အီရန် စစ်ပွဲထဲ ဝင်သုံးသပ်လိုက်နဲ့။ နေရာတကာ ဆရာကြီး အိမ်သာတက်ရင် အကြာကြီး။ ညည်းတို့ဟာက ကျော်မကောင်း ကြားမကောင်းပါ လှထုံရယ်။ အဲလေ ပေထုံရယ်။ မျိုးကျော့မြိုင် နဲ့ မခိုင်ကြီးတို့ တယ်လီဖုန်း တော်ကီတုန်းကတောင် ဖိုက်တင်ပလေးတဲ့အထိ ပွဲမဆူဘူး။ ဟွန်ဆန်ကုန်းကုန်း နဲ့ ပေထုံကျဲကျဲ နှစ်ကိုယ်ကြားစကားတွေ ပေါက်ကြားတော့မှ Siam-Khmer War ကြီး ထဖြစ်ရတယ်လို့ပဲ။

သားသမီးဝန်ကြီးချုပ်တွေကို နောက်ကွယ်ကကြိုးကိုင်သူ အဖိုးကြီးနှစ်ယောက်ဟာ နိုင်ငံရေးစာမျက်နှာမှာ reach တွေမက်တအားကျလို့ တမင်သက်သက် ပွဲရှာပြီး စစ်ခင်းပြတဲ့အထဲ အိုင်တို့ဖမာ့လေးတွေ ကြားညပ်မှာစိုးရသေး။ သားရီးတို့ရေ။ “ဘာမှ မလုပ်ပါနဲ့ကွယ်။ ခေါင်းကနေ ခြေအဆုံးထိ သနပ်ခါးတွေ။ လိမ်းပြီးတော့ နေပါ အချေ့ရယ်။ ချေ့တာဂိုး ချေ့တာဂိုး။” ငတို့များဖြင့် ပရောက်ဆီဝါးလေးများ ဖြစ်မလားလို့ မေဒိကန် ကိုကြီးကျော်ကို တလိုက်ရတာ။ ဝင်မယ့်ဝင်တော့ ယိုးဒယားမောင်းမတွေဆီ သွားပျော်တာပါလား။ ဖေကြီးကလည်း စိတ်ဓါတ်ဖဲနော်။ ခမျာ့ အဲ့ဒီမှာ ချွေးတောင်ထွက်လိုက်ရမှာ မဟုတ်ဘူး။ အဖွာတော်တစ်လိပ်မကုန်ခင် ပွဲကပြီးသွားမှာ။ မယုံ ကြည့်။ စစ်ပွဲတကာ့စစ်ပွဲ သုံးသပ်လာတာ အံတိုနေပြီ။ ရှေ့ကအဖိုးကြီးနှစ်ယောက်လိုပဲ။ နောက်ကွယ်က ထရမ့် နဲ့ ကျင့်ဖျင် ကလည်း “မင်းနော်။ ငါ လုပ်မိတော့မယ်။” ဆို ကြိမ်းဝါးပြီး အနားရောက်မှ ကပ်ရှောင်သွားတာချည့်ပဲ။ ယူကရိန်း-ရုရှား၊ ပါကစ္စတန်-အိန္ဒိယ၊ အစ္စရေး-အီရန်၊ တုန်းကတောင် ကမ္ဘာစစ်ကြီး မဖြစ်ခဲ့တဲ့ဟာကို။ ခုမှတော့ ဖြစ်မနေပါဘူး။

စစ်ဆိုတာ ကိုယ် ဖြစ်ချင်တိုင်း ထဖြစ်လို့ရတာ မဟုတ်ဘူးဗျ။ S ဆံရော၊ နောက်ခံရော ပြည့်စုံမှ စစ်တိုက်လို့ရတယ်။ အဲ့ဒီနောက်ခံဆိုတဲ့ကောင်တွေကလည်း “အမှန်တရားဘက်က ရပ်တည်တယ်။” “မတရားမှုကို ဆန့်ကျင်တယ်။” တို့ဆိုတာ ဘယ်တော့မှ မရှိဘူး။ လူကြားကောင်းအောင် ပါးစပ်ဖျားလေးနဲ့ အော်ကောင်းအော်မယ်။ ရင်ထဲကဆန္ဒက အဲ့ဒါ မဟုတ်ဘူး။ ဘယ်ဘက်ကိုရင်းလိုက်ရင် ငါ့အတွက် ဘာအကျိုးအမြတ်ရမလဲပဲ စဉ်းစားတယ်။ သူများအကျိုးသက်သက်နဲ့တော့ သူ့ပိုက်ဆံစိုက်ပြီး စစ်မတိုက်ဘူး။ စစ်တုရင်ကစားရင်တောင် ရှေ့ကို နှစ် ကွက် သုံးကွက် ကြိုတွက်ရသေးတာ။ ကမ္ဘာစစ်ဖြစ်ဖို့ ဆိုင်ထားတဲ့ စူပါပါဝါနိုင်ငံတွေဟာလည်း သူ့အင်အား ကိုယ့်အင်အား၊ သူ့ဗျူဟာ ကိုယ့်ဗျူဟာ အခင်းအကျင်း အလားအလာတွေကို ကြိုမြင်ကြတယ်။ အဲ့ဒီအနေအထားပေါ်မှာပဲ ကိုယ့်ဘာသာ ကစားချင်ကစားမယ်။ မှန်တာ မှားတာ၊ တရားတာ မတရားတာက သူတို့နဲ့မဆိုင်ဘူး။ ဘယ်စစ်ပွဲမဆို အဲ့ဒီသဘောထားကြီးက ထင်းနေတာပဲ။

တရုတ်ကြီးက ကိုယ်တို့ကို ပလေးနေတာလည်း အဲ့ဒီစိတ်ရင်းနဲ့ပဲ ပလေးတာ။ စစ်တပ်ကကောင်တွေကို တစက်မှ မေတ္တာမရှိသော်ငြားလည်း မြန်မာနိုင်ငံအပေါ်မှာ ချစ်ခြင်းမုန်းခြင်းကင်းစွာ စီးပွါးရှာနိုင်သူကြီးပါ။ NUG က သူ့ဆီ ခြူးတစ်ပြားမှ မကျချိန်မှာ မင်းအောင်လှိုင်က “မြစ်ဆုံယူပါ။ ကျောက်ဖြူယူပါ။ လားရှိုးယူပါ။ လေယာဉ်တွေ လက်နက်တွေလည်း ရောင်းပါ။” ဆိုတော့ အဲ့ဒီချေးထုပ်ကြီးကို မချစ်သော်လည်း အောင့်ကာနမ်းရုံမကလို့ ပယ်ပယ်နယ်နယ် ကောက်စားရစားရ။ စားမှာပါပဲ။ ကိုယ်တို့ဘက်ကတော့ အဲ့ဒီကောင်တွေလို တရုတ်ခြေသလုံးဖက်ပြီး အပေးအယူ အညှိအနှိုင်း လုပ်မယ့်သူတွေမှ မဟုတ်တာကိုး။ စစ်တပ်ဖက်မှာ တရုတ်၊ ရုရှား အားကိုးရှိလို့ စစ်တိုက်နိုင်တာဆိုရင် ကိုယ်တို့ဘက်ကရော ဘယ်သူ့အားကိုးနဲ့ စစ်တိုက်နေရတာလဲ။ ဒါကတော့ ရှင်းပါတယ်။ ပြည်သူတွေကို အားကိုးလို့ ပြည်သူ့ကျောထောက်နောက်ခံနဲ့ စစ်တိုက်နေတာပေါ့။ ရန်အောင်၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး လက်သုံးချောင်း မထောင်တာနဲ့ မြန်မာပြည်မှာ တော်လှန်ရေးကြီးကို ဘယ်သူမှ စိတ်မဝင်စားကြဘူး လို့ ထင်နေတာလား။ ခရီးအစကနေ အခုရောက်နေတဲ့နေရာအထိ မြန်မာပြည်သူလူထုရဲ့ထောက်ခံမှုဟာ ငွေအားရော၊ လူအားရော၊ စိတ်ဓါတ်အင်အားရော၊ တရွေးသားမျှတောင် လျော့မသွားဘူး။ တိုးလို့သာလာနေတယ်။ အဲ့ဒါကြောင့် ဒီကနေ့အထိ စစ်တိုက်နိုင်တယ်။

“ကချင်တွေဘက်က ဗန်းမော်ကို ထိုးစစ်ဆင်နေဦးမယ်ဆိုရင် မင်းတို့ဆီက မြေရှားသတ္တုတွေ ငါတို့ မဝယ်တော့ဘူး။” လို့ တရုတ်ဘက်က လေသံပစ်လာချိန်မှာ ကိုယ်တွေဘက်ကလည်း “မဝယ်ရင် နေပေါ့။ ငါတို့ဟာငါတို့ အမေရိကန်ကို ရောင်းမယ်။” လို့ မာမာတင်းတင််း ပြန်မပြောနိုင်တာ ကိုယ်တို့ရဲ့ အားနည်းချက်ပါပဲ။ ဟိုဘက်က သူတောင်းစားကဖြင့် “အိမ်ဖြူတော်ကို သူစာပို့လိုက်လို့ ဆန်ရှင်တွေတောင် ပြန်ဖြုတ်စပြုနေပြီ။” ဆို ကျွမ်းတွေ လှိမ့်ထိုးနေတာ။ တို့လည်း အိမ်ဖြူတော်ကို နောက်ဖေးပေါက်က ဝင်ရကောင်းမလား စဉ်းစားကြည့်သေးတယ်။ ဒါပေသိ လူလိမ္မော်ကြီးသဘောထားက ရှင်ကြီးကျားထက်ဆိုးမှန်း သိနေလို့ ကိုယ့်ဘာကိုယ် အသာလေးနေတာပဲ ကောင်းပါတယ်။ ဘယ်သူ့အားကိုးမှ မပါလည်း ငါတို့ဟာငါတို့ တိုက်ရဲတဲ့ သတ္တိ ရှိတယ်။ ကူချင်ကူ မကူချင် နေ။ ပြည်ပအားကိုး မယ်အိမ်ရိုးက ဒေါ်စိန်အေးသားတွေမှာပဲ ရှိတာ။ ကြင်စိုးနောက်မှာ တရုတ် ရှိသလို၊ ဟွန်ဆန်နောက်မှာလည်း တရုတ်ရှိတယ်။ သက်ဆင်နောက်မှာလည်း တရုတ်ရှိတယ်။ ဘယ်စစ်ပွဲရဲ့နောက်မှာမဆို တရုတ်မရှိရင်တောင် တရုတ်လက်နက်တွေ ရှိနေတယ်။ အဲ့ဒါကို ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားကြပါလေ။

ဒါလေးများ လွယ်ပါတယ်။ သူက အပြင်က မွှေတော့လည်း ကိုယ်တို့က အထဲဝင်မွှေရုံ ရှိတော့တာပေါ့။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ တရုတ်သမိုင်းနဲ့ အကွဲအပြဲတွေ လိုက်ရှာဖတ်။ သူတို့ ဖုံးဖိဖျောက်ဖျက်ထားသမျှ “မှတ်မိသေးရဲ့လား။ သတိရသေးရဲ့လား။ မေ့သွားကြပြီလား ပိတ်သတ်ကြီး” ဆို ချေးခြောက်လေးတွေ ရေနှူးနှူးပေး။ သူနဲ့မတည့်တဲ့သူဆို ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အကုန်လုံးနဲ့ ပလူးပစ်မှာပေါ့။ မကြီးစန်း၊ မကြီးသု၊ မထက်၊ လင်းလင်း နဲ့ ဖာစီရော၊ ဆူးရော၊ နေဆန်းရော တရုတ်ပြည်ကို ကြော်ငြာသွားရိုက်ခိုင်းမယ်။ မကြီးဟုန် နဲ့တောင် တုန်ဆင်းနေတဲ့အကောင်တွေ။ ငါတို့ဆီက လေဒီဘွိုင်းတွေနဲ့တွေ့လို့ကတော့ “မင်းလေးဟာ နတ်သမီးပဲ။” ဆို အမွှေးတိုင်ထွန်းနေကျ ဆွေမျိုးတွေ အကုန်မေ့သွားမှာ။ အမေရိကန်သံရုံးရှေ့မှာ တရုတ်ကလာတဲ့ လေဖောင်းမုန့်ထုပ်တွေကို တရုတ်သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး သွားရောင်းမယ်။ ၁၉ လမ်းက အရက်ဆိုင်တွေမှာ တရုတ်ငွေနှင့်ဝယ်ယူလျှင် 10% discount ဆို ဖုန်းဆိုင်ကကလေးတွေနဲ့ tik tok ကပြီး လိုင်းပေါ်တင်မယ်။ “No dollar, No dollar. Yuan, Yuan“ ဆိုပြီး Ar-T ကို သီချင်းရေးခိုင်းမယ်။ “အမေရိကန်ဗီဇာ reject ထိသူများ တရုတ်နိုင်ငံသို့ ဗီဇာလျှောက်လိုပါက အခမဲ့ကူညီဝန်ဆောင်မှု ပေးပါမည်။” လို့ လိုင်းပေါ်မှာ page တွေ ထောင်ရမယ်။ မစောကြည်ကြီးဆီ friend request ပို့ပြီး “China is already Great.” ဆို အချွန်နဲ့ သွားသွား မ မယ်။ ကိုယ့်ကိုမြင်တဲ့သူတိုင်းက “စောင်ရမ်းသောက်ညင်ကပ်ဖို့ကောင်းတဲ့ တရုတ်လော်ဘီ” ဆို ခဲနဲ့ပေါက်ချင်စိတ်တွေ ဖြစ်လာစေရမယ်။

အဲ့သလိုမျိုး စစ်ပွဲအတွေ့အကြုံတွေ နဲ့ စစ်တို့၏မာယာ ကို ထိုးထွင်းသိမြင်လာပြီးတဲ့နောက်မှာ “စစ်ဆိုတာ ပိုက်ဆံရှိမှ တိုက်လို့ရတယ်။” ဆိုတဲ့ အသိတရားအပြင် “ပိုက်ဆံတွေ သိပ်ရှာလို့ကောင်းနေရင်လည်း စစ်က တော်တော်နဲ့ မပြီးတော့ဘူး။” လို့ ဉာဏ်စဉ်တစ်ဆင့်တက်လာပါတယ်။ တချို့လူတွေအတွက်တော့ ကပ်ဘေးဆိုးကြီးတွေဟာ “Blessing in disguise” ဆို သူတို့ ကြီးပွါးချမ်းသာဖို့ ဖန်တီးပေးသလို ဖြစ်လာတာလား။ သူတို့ကိုယ်တိုင်က သူတပါးရဲ့ ဒုက္ခဆင်းရဲထဲမှာ ကြီးပွါးချမ်းသာအောင် ဖန်တီးယူတတ်သလားတော့ မသိပါဘူး။ လောင်ဌေးတို့၊ မြုပ်ကြွယ်တို့၊ စစ်ဖြစ်ချမ်းသာတို့လည်း ရှိကြတယ်။ ကမ္ဘာကြီးကို ကိုဗစ်နိုင်တင်း ပေးလာလည်း တာ့ကောကြီးက PPE တွေ၊ Mask တွေ၊ Oxygen Concentrator တွေ ရောင်းပြီး ချမ်းသာသွားတာပဲ မဟုတ်လား။ စစ်ပွဲကြောင့် အကျိုးစီးပွါး ဖြစ်လာတဲ့သူ များလာရင် အဲ့ဒီလူတွေဟာ ဒီစစ်ပွဲကို ဘယ်တော့မှ မပြီးစေချင်တော့ဘူး။

စစ်မက်အင်္ဂါဖြစ်ပွါးတဲ့နေရာမှာ အုပ်ချုပ်ရေးယန္တရား နဲ့ တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့အတွက် မင်းမဲ့စရိုက်လက္ခဏာတွေ ပေါ်လာပါတယ်။ အဲ့လိုအချိန်မျိုးမှာ နဂိုက တားမြစ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဆိုတာ ဘာမှ မရှိတော့ဘူး။ နီးစပ်ရာ လက်နက်ကိုင်နဲ့ပေါင်းပြီး အတားအဆီးမရှိ စီးပွါးရှာကြတော့တာပဲ။ သစ်ခုတ်မယ်။ ရွှေကျင်မယ်။ ကျောက်တူးမယ်။ ဆေးသယ်မယ်။ လက်နက်လည်း ရောင်းမယ်။ “ဘယ်သူမှ ဘာမှ လာမပြောနဲ့။ ဒါ ငါတို့ဘက်က စစ်နိုင်ဖို့ လုပ်နေတာ။” ဖြစ်သွားပါလေရော။ သူတို့တွေ စီးပွါးရှာလို့ အရှိန်ရနေတုန်း အရီးဒေါ်ပုံ အောင်မြရီ လာမအော်နဲ့။ အာရုံနောက်တယ်။ ကန့်လန့်ကာကြီးရယ် နေပါဦး။ က လို့ကောင်းနေတုန်း။ ကိုယ်တို့တွေက တော်လှန်ရေးကြီးကို ပြီးစေချင်လှပြီ။ ဒါကြီးပြီးမှ အိမ်ပြန်ရမှာမို့။ တချို့တွေကျတော့ အေးဆေးပါ။ ဘာတွေလောနေမှာလဲ။ မနေ့ကလည်း စစ်တိုက်တယ်။ ဒီနေ့လည်း စစ်တိုက်တယ်။ မနက်ဖြန်လည်း စစ်တိုက်ဦးမယ့်ဟာကို။ စစ်ပြီးမှ အိမ်ပြ်န်မယ် မစဉ်းစားနဲ့။ စစ်အတွင်းမှာ ကိုယ့်အိမ်ကိုယ့်ယာလိုနေ။ အေးလေ။ သူတို့ပြောတာလည်း ဟုတ်တုတ်တုတ်။ တော်လှန်ရေးပြီးမှ ဆေးရုံကြီးပြန်ပြီး နန်းတွေဆီ နေရာပြန်ယူမယ့်အစား ဒီမှာပဲ ဆေးရုံပြန်ဆောက်ပြီး ကိုယ့်စိတ်တိုင်းကျ ခွဲစမ်းပါ။ ဘယ်လောက် စိတ်ချမ်းသာလဲ။ တော်လှန်ရေးကြီး သူ့ဟာသူ ပြီးချင်ပြီး၊ မပြီးချင်နေ။ စိတ်ထဲသိပ်မထားနဲ့။ ကိုယ့်ဘာကိုယ် တစ်ရက်ချင်း တစ်ရက်ချင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းစမ်းပါ။ လူ့ဘဝကြီးက တိုတိုလေး။ မနက်ဖြန်ကျမှ ဈေးထဲသွားပြီး အင်ဝိုင်းလေးတွေ၊ စိန်ပေါင်တူလေးတွေ သွားဝယ်ဦးမယ်ကွယ်။ ဆေးရုံလည်းထောင်၊ ရွှေလည်းအောင်၊ ကျောက်လည်းအောင်ဆိုရင် တော်လှန်ရေးကြီး အောင်အောင် မအောင်အောင် “ဟောင်” “ဟောင်” နဲ့ကို နေလို့ရပြီ။

“Money makes the world go around.” တဲ့။ ပိုက်ဆံရှိရင် ကမ္ဘာကြီးကိုတောင် ပတ်ချာလည်ခိုင်းလို့ရတယ်။ စစ်ပွဲတွေ ထဖြစ်စေတာလည်း ပိုက်ဆံပဲ။ စစ်ပွဲတွေ ရပ်သွားစေတာလည်း ပိုက်ဆံပဲ။ ပိုက်ဆံရှိမှ စစ်တိုက်လို့ရသလို စစ်ပွဲတွေနဲ့ ပိုက်ဆံအရှာကောင်းနေရင်လည်း စစ်ကတော်တော်နဲ့ မပြီးတော့ဘူး လို့ ပြောခဲ့တယ်နော်။ “လောကကြီးမှာ ပိုက်ဆံနဲ့ ဝယ်လို့ မရတဲ့သူ ရှိရင် ပြောစမ်းပါ။ ဝယ်ပြလိုက်မယ်။ ဝယ်ပြလိုက်မယ်။” ဆိုတဲ့သူတွေလည်း မှားတော့ မမှားပါဘူး။ ဘီလျံနာ သူဌေးကြီးဖြစ်ပြီး အမေရိကန်သမ္မတကြီးလည်းဖြစ်တဲ့ ဒေါ်နွယ်ထွမ့်ကြီးတောင် ပိုက်ဆံများ ရမယ်ဆိုရင် ခု စာကလေးကြော် ကနေ အကုန် ဆီထမင်းဖြစ်ကုန်တယ်။ ဘယ်လောက်ပဲ ပြည်ဝင်ခွင့်ဗီဇာတွေ ၊ နိုင်ငံသားဖြစ်ခွင့်တွေ တင်းကြပ်ပိတ်ပင်ထားသော်ငြား ဒေါ်လာ ၅ သန်း တန် gold card visa နဲ့သာဆိုရင် “ဘရာသာရေ။ ဇေပါတယ်။ ငွေသာအရင် မစပါ။” ဖြစ်သွားရော။ ဘယ်လိုပဲ အရေးယူပိတ်ဆို့ထားစေကာမူ အပေးအယူတွေက ပိတ်ဆို့မထားတဲ့အတွက် sanctions တွေကလည်း “ရွှေတံခါးကြီး ဖွင့်ပါဦး” ဆို ပွင့်ရတာပဲ။ အလွမ်းမသယ်နဲ့ ပန်းနွယ်ရေ။ အဆန်းတကြယ် မဟုတ်ဘူး။ ကိုယ်တို့ကို ဗုံးကြဲသမျှ ပိုက်ဆံတွေသာ စုလိုက်ရင် ဘယ်လာရုစ်တောင် သွားစရာမလိုပဲ ဘယ်ဘာလီဟေးမှာ ခိုလှုံခွင့်ရနိုင်မှန်း အိုက်သူတောင်းစားတွေ ဉာဏ်မမီဘူး။ ပူတင်ကြီး ဘောမလိုက်၊ ကျင့်ဖျင်ကြီး ဘောမလိုက်နဲ့ အသက်မသေတာပဲရှိတယ်။ ဘယ်တစ်လုံး ညာတစ်လုံးပိနေပြီ။ ဒီတခါ မက်ဒေါ်နယ်ဟော့ဒေါ့ကြီး ခေါင်းပေါ်သွားရွက်ချေကွာ။ ဒိုင်းမွန်းကဒ်ဗီဇာ ဘယ်ဈေးလဲ လို့ မေးပလိုက်။ ဘားမှ မကြောက်နဲ့။ ဟိုမှာလည်း စစ်တပ်ဘောမတွေ တပုံကြီး။ လုပ်လိုက်တော့ လုပ်လိုက်တော့။

“Start spreading the news.

I’m leaving today.

I wanna be a part of it.

New York, New York.”