ကမ္ဘာကြီးက အကျယ်ကြီးပဲ။ လူတွေကလည်း အများကြီးပဲ။ ကမ္ဘာမြေရဲ့ နေရာအနှံ့အပြားမှာ နေထိုင်ကြတဲ့ လူသားတွေမှာ မတူကွဲပြားတဲ့ မျိုးရိုးဇာတိ နဲ့ ယဉ်ကျေးမှု စရိုက် လက္ခဏာတွေ ရှိကြတယ်။ သဲကန္တာရထဲမှာ မွေးဖွားကြီးပြင်းလာရတဲ့ အာရပ်ကလေးတစ်ယောက်ရဲ့ နေပုံထိုင်ပုံဟာ ပင်လယ်ထဲက ကျွန်းကလေးပေါ်မှာနေတဲ့ ဖီလိပီနိုလေး နဲ့ တူမှာ မဟုတ်ဘူး။ အေးမြခြောက်သွေ့တဲ့ ကျောက်တောင်စောင်းက တိဘက်လေးနဲ့လည်း မတူနိုင်ဘူး။ သာတယ်၊ နာတယ်၊ မြင့်တယ်၊ နိမ့်တယ် ဆိုတာ မရှိဘူး။ မတူကွဲပြား ခြားနားတာပဲ ရှိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ လူတွေဆိုတာတော့ ငြင်းလို့မှ မရတာ။ အဲ့တော့ လူကိုလူချင်း လူလူချင်း ဆိုတဲ့စိတ်နဲ့ပဲ ဆက်ဆံရမယ်။
“ကိုယ်တွေက ယူရိုပီယံမို့လို့ အာဖရိကန်တွေကိုဖမ်းပြီး ကျွန်အဖြစ် ခိုင်းစေရမယ်။ အေရှန်တွေကို စစ်တိုက်ကျူးကျော်ပြီး လိုချင်တာမှန်သမျှ လုယက်ယူငင်လို့ ရတယ်။” ဆိုတဲ့ အယူအဆဟာ တော်တော်ကြီးကို ရိုင်းစိုင်းတဲ့၊ အောက်တန်းကျတဲ့ အတွေးအခေါ် ဆိုပေမယ့်လည်း အခုထက်ထိ မသိစိတ်ထဲမှာ အရိုးစွဲနေကြတုန်းပါပဲ။ ဒေါ်နယ်ထရမ့်မှာလည်း ရှိတယ်။ ရှီကျင့်ဖျင်မှာလည်း ရှိတယ်။ ပူတင့်ဆီမှာလည်း ရှိပါတယ်။ သူတို့ဘာသူတို့တော့ မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်ဓါတ် လို့ နံမည်ပြောင်းတပ်ကြတာပေါ့။ အမှန်တော့ တို့ဆီက ခြောက်စောင်းတို့ EQ နဲ့ သိပ်မခြားနားပါဘူး။ ကိုယ့်အမျိုးကိုယ် ချစ်တယ် ဆိုတာ သူများအမျိုးကို မတရားသဖြင့် အနိုင်ကျင့်လို့ရတယ် ဆိုတဲ့ အဓိပ္ပါယ်မှ မဟုတ်တာ။ လူတစ်ယောက်ရဲ့ အခွင့်အရေးဆိုတာ တခြားလူတစ်ယောက်ရဲ့ အခွင့်အရေး စတဲ့နေရာမှာ အဆုံးသတ်တယ်တဲ့။ ကိုယ်လိုချင်တဲ့ အခွင့်အရေးအတွက် တခြားသူရဲ့ အခွင့်အရေးတွေ မထိခိုက်သင့်ဘူး။ အဲ့အဖိုးကြီး ၃ ကောင်ကို နားရွက်ဆွဲပြီး “မင်းတို့ ဒါလေးတောင် မသိဘူးလားကွာ။” လို့ မေးမေးပြီး သင်ပေးချင်မိတယ်။
အမျိုးသားအကျိုးစီးပွါးဆိုတာ စောင့်ရှောက်လို့ ရပါတယ်။ သူများလူမျိုး အကျိုးစီးပွါးတွေ ပျက်စီးရာပျက်စီးကြောင််း လုပ်မှ ကိုယ့်လူမျိုးက အကျိုးရှိမှာလား။ လားရှိုးထိ ကောင်စစ်ဝန်ကြီး ဆင်းထိုင်ပြီး မြန်မာစစ်တပ်နဲ့ EAO တွေကြားထဲ အတင်းဝင်ဖိအားပေးတာ၊ သူထောက်ပံ့ပေးတဲ့ လက်နက်နဲ့ငွေကြေးတွေကြောင့် မြန်မာပြည်ထဲက ဆေးရုံတွေ စာသင်ကျောင်းတွေ ဗုံးကြဲခံရတာ။ အဲ့ဒါတွေက မလွန်လွန်းဘူးလား။ တရုတ်အကျိုးစီးပွါးကို အဲ့လောက်ထိကို စောင့်ရှောက်မှ ရမှာလား။ ဒါကြီးကတော့ တော်တော်ကို လူမဆန်လွန်းပါတယ်ဗျာ။ ကိုယ်တို့မှာ လူမဆန်တဲ့ ဖက်ဆစ်စစ်တပ်ကို မျိုးဆက်လိုက် အသက်စွန့်ပြီး တော်လှန်နေရကာမှ လူမဆန်တဲ့ အိမ်နီးချင်းအစိုးရကြောင့် အသက်တွေ အချိန်တွေ ပိုရင်းနေရတယ်။
အရင်းစစ်တော့လည်း အမြစ်မြေကပါလေ။ ကိုယ်တို့တိုင်းပြည်ထဲမှာလည်း မတရားမှန်းသိသိကြီးနဲ့ စစ်အုပ်စုနဲ့ ပူးပေါင်း ကိုယ်ကျိုးရှာနေကြတဲ့ မြန်မာတွေ အများကြီးပဲဥစ္စာ။ သူတို့က တော်လှန်တဲ့သူတွေထက်ကို ပိုများလို့ ဒီအစိုးရ သက်ဆိုးရှည်နေတာပေါ့။ ဒီလို မတရားတဲ့သူတွေ ပိုများတဲ့ လောကကြီးထဲ ကမ္ဘာစစ်ကြီးဖြစ်ရမယ်ဆိုလည်း ဝမ်းမနည်းပါဘူး။ မကောင်းသူထိပ် ကောင်းသူထိပ်ပေါ့။ ကမ္ဘာအသစ်ကြီးကို တစ်ကပြန်စမယ်။ အမှန်တော့ လူတိုင်းလူတိုင်းမှာ မတူကွဲပြားမှုကို လက်ခံပြီး သူတပါးအခွင့်အရေးကို လေးစား အသိအမှတ်ပြုတဲ့ အလေ့အထကို အရင်ပျိုးထောင်ယူရမယ် လို့ ထင်ပါတယ်။ ကိုယ်တို့ရဲ့ စရိုက်သဘာဝက မိသားစုထဲမှာတောင် ချွေးမ နဲ့ သားမက်ကို တစိမ်းတွေအဖြစ် ခွဲခြားဆက်ဆံလေ့ရှိကြတာကိုး။
ဟားမက်ဇ်၊ ဟစ်ဇ်ဘိုလာ၊ ဟူသီ၊ အယ်လ်ကိုင်ဒါ၊ အဲ့ဒီအဖွဲ့အစည်း အားလုံးကို အစ္စလမ်းမစ် အစွန်းရောက်တပ်ဖွဲ့တွေ လို့ ကမ္ဘာက သတ်မှတ်ထားတယ်။ ဒါပေမယ့်လည်း အဲ့ဒီအဖွဲ့အစည်းတွေကို ငွေကြေး၊ လက်နက်၊ ရိက္ခာ၊ နည်းပညာ ထောက်ပံ့နေတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေကို ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ဘူး။ အဲ့ဒီငွေတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုပေးတဲ့ ပညာသင်ထောက်ပံ့ကြေး စားရိတ်တွေထက် အဆပေါင်းများစွာ ပိုတယ်။ စာသင်ကျောင်းပေါ်ကြဲချတဲ့ ဗုံးတစ်လုံးဟာ စာသင်ကျောင်းအသစ်တစ်ဆောင် ဆောက်ပေးတာထက် ပိုက်ဆံပိုကုန်တယ်လေ။ ဘာအသီးလိုချင်လို့ ဘာအပင်စိုက်နေကြပါလိမ့်။
အီရန် နဲ့ အီရတ် စစ်ဖြစ်နေကြတုန်းက အစ္စရေးဆိုတာ အီရန် နဲ့ မိတ်ဖက်တဲ့။ အီရတ်ကို အမေရိကန်တွေ ဝင်သိမ်းတော့ အီရန်က စစ်ပွဲတွေရပ် သွားရမယ့်အစား ရှားဘုရင်ကို နန်းချပြီး အာဏာသိမ်းတယ်။ အစ္စရေးက ရှားဘုရင်ဘက်ကပါလို့ အီရန် နဲ့ ရန်ဘက်ဖြစ်သွားတယ်တဲ့။ ဟိုးအပေါ်မှာ ပြောခဲ့တဲ့ အစွန်းရောက်တပ်ဖွဲ့တွေကို အီရန်က အထောက်အပံ့ပေးတယ်တဲ့။ အမေရိကန်ကတော့ အီရန်မှာ ခါမေနီအစိုးရပြုတ်ပြီး နောက်အစိုးရ တက်လာစေချင်တယ်တဲ့။ လိုက်ဖတ်ရင်းနဲ့တောင် မျက်စိလည်လာပြီ မဟုတ်လား။ လည်မှာပဲ။ ဒီမှာလည်း ရေးရင်းနဲ့ကို မျက်စိတွေလည်လို့။ “Arabian nights” ဆိုတာ ၁၀၀၁ ည ပြောယူရတဲ့ ပုံပြင်ပါလေ။ ဤဒွန္နရာကြီးမှာ မယုံနိုင်စရာတွေကလည်း ပေါပါဘိ။ သူတို့ဒေသတွေမှာ ကိုယ်တို့မမွေးခင်ကလည်း စစ်တွေဖြစ်နေကြတယ်။ အခု ကိုယ်တို့တွေ အိုလို့ပင် သေတော့မယ်။ ဖြစ်တုန်းဖြစ်ဆဲပါပဲ။ ခနနားသွားလိုက်။ ပြီးရင် ပြန်ဖြစ်လိုက်နဲ့ ။ ဒီလူနဲ့ပြီးရင် နောက်တစ်ယောက်နဲ့ ဆက်ဖြစ်တယ်။ မျိုးဆက် တစ်ဆက်နဲ့တစ်ဆက် စစ်ပွဲတွေကို အမွေပေးကြတယ်။ အဲ့ဒီအခြေအနေမျိုးကို အာရှတိုက်မှာလည်း ဖြစ်လာအောင် ဖန်တီးနေကြတယ်ဗျ။ ဟုတ်ကဲ့။ မြန်မာပြည်မှာပါ။ Made in China ပါ။ ငါတို့လည်း ကြာရင် ဟားမက်ဇ်တွေ ဟူသီတွေလို အသက်ထက်ဆုံး ပုန်ကန်နေရတော့မယ်။
ဘာဖြစ်လို့ ငါတို့ မြန်မာပြည်မှ ဖြစ်ရတာပါလိမ့်။ Why me? Why us? လိုက်မေးကြည့်တော့ “Yeah, you and a half of the world.” လို့ ဖြေတယ်ဗျ။ အာဖရိက တတိုက်လုံးလည်း တရုတ်အိပ်ထဲမှာ။ သီရိလင်္ကာကလည်း သူ့အကြွေးနွံထဲမှာ။ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ကမ္ဗောဒီးယား နဲ့ ဗီယက်နမ်။ အကုန် သူနဲ့လွတ်တာ ဘာမှ မရှိဘူး။ မြန်မာစစ်တပ်တောင် ကျုံယွမ်ကျော်မြင့် ကို မဟာမိတ်ပြုပြီး ဝင်ပြိုင်မလို့ဟာ ဟိုကပြုတ်သွားလို့ လီဆယ်ပြီး အာဏာသိမ်းလိုက်ရတာ။ အိုင်တို့ မြန်မာတွေဟာ ဗြိတိသျှက ဘုရင်မကြီးရဲ့ စကပ် အောက်က လွတ်သော်လည်း တရုတ်မဘောင်းဘီအောက်ကို ရောက်သွားတာပါပဲလား။ အခုသုံးနေတဲ့ Facebook တောင်မှ မုတ္တမအပြင်က တရုတ်မလင် ပိုင်တာပဲ ဥစ္စာ။ ကဲ မင်း ဘယ်ပြေးမလဲ မိချိုသဲ။ ဘယ်ကိုမှ ပြေးမလွတ်တော့ပါဘူး။ အေးလေ။ မလွတ်သာလို့ ယူရတော့မယ် ဆိုရင်လည်း အလိုတူ ကြည်ဖြူအောင်တော့ တစ်ပါတ်လောက်လျှော့ပါ ကိုပေါက်ဖော်ရယ်။ စကစ ကို အတင်း နန်းတင်နေမယ့်အစား နောက်အစိုးရနဲ့မှ လိုချင်တာ ညှိပါလား။
အဲ့သလိုပဲ ချော့ချော့မော့မော့ ပြောမှ ရတော့မယ် ထင်ပါရဲ့။ ကိုယ်တွေက ကိုယ့်နိုင်ငံထဲ ကွက်ကွက်ကလေးကြည့်ပြီး “တရုတ်ကြီးနှယ် စွက်ဖက်လိုက်တာ။ သူများနိုင်ငံထဲဝင်ပြီး။” ဘာဘာညာညာ ပြောနေတာ။ ကမ္ဘာ့နိုင်ငံရေးထဲကို ဝင်ကြည့်လိုက်တော့မှ မစောကြည်ကြီး ပြောတာ အမှန်တွေပဲ လို့ နားလည်သွားပါတယ်။ “နင်တို့ကို ဘာမှ မစွက်ဖက်ရသေးဘူး။ ငါတို့က ဘယ်ဘက်ကမှ လည်း ဝင်မပါဘူး။ ငါတို့သာ ပါခဲ့ရင် ဘယ်ဘက်ကပါပါ၊ ခုလောက် ကြာနေစရာကို အကြောင်းကို မရှိဘူး။” တဲ့။ အဲ့ဒါ အဟုတ်ပဲဗျ။ အီရန်မှာ၊ ပါကစ္စတန်မှာ တရုတ်က အသံမထွက်ပဲကူထားတဲ့ လက်နက်တွေ ဒုံးကျည်တွေဟာ ကြောက်ခမန်းလိလိပဲ။ “မင်းတို့ လူမပါပဲ ငါ့လက်နက်နဲ့အရင် တိုက်ကြည့်ပါဦး။” ဆိုတဲ့ သဘော။ တကမ္ဘာလုံးရဲ့ ဘယ်နိုင်ငံမှာမဆို၊ ဘယ်သူနဲ့မဆို proxy war ကစားလို့ရတယ်။ သူ့ဘက်က တရုတ်စစ်သား ထွက်ရင်းစရာ မလိုဘူး။ ပိုက်ဆံလေး အကုန်ခံလိုက်ရင်ရပြီ။ ကိုယ်တို့ မြန်မာပြည်ထဲက စကစတော်လှန်ရေးဟာ သူ့အတွက် ဘယ်ဘက်ကနိုင်နိုင််၊ ဘယ်ဘက်ကရှုံးရှုံး အရေးလုပ်စရာ မဟုတ်ဘူး။ သူက ကမ္ဘာစစ်နဲ့ ကစားတဲ့အဆင့်။ တရုတ်ကော၊ ရုရှားရော ကိုယ်တို့ကို အဲ့သလိုပဲ သဘောထားပါလိမ့်မယ်။ မအလ တစ်ကောင်သာ ခြေသလုံးပြေးဖက်ပြီး ဖီးလ်တွေတက်နေတာ။ ဟိုလူကြီးတွေက သူ့ကိုသောက်ဖက်လုပ်ပြီး ကာကွယ်ပေးမှာ မဟုတ်ဘူး။ ဘာမှ အားငယ်စရာ မရှိ။ ကိုယ့်ဘာကိုယ် နိုင်အောင်တိုက်ကြရုံပဲ။ နိုင်လည်း နိုင်နေတာပဲ။ တရုတ်နယ်စပ်ကဖိအားဆိုတာ ဘေဂျင်းကတောင် သိချင်မှ သိလိမ့်မယ်။ ယူနန်က အုပ်ချုပ်ရေးမှူးလောက်ရဲ့ စနက်လည်း ဖြစ်နိုင်တာပဲ။ ဘာဖြစ်လို့ အများကြီးတွေးပြီး ကြောက်နေရမှာလဲ။
ဧပြီလကစပြီး အခုချိန်အထိ ကချင်ပြည်နယ်မှာ လေတပ်က ဗုံးလာကြဲတာ အကြိမ် ၅၀၀ ကျော်ပါတယ်တဲ့။ ကြည့်စမ်းပါဦး။ လက်နက်မဲ့ အရပ်သားပြည်သူတွေအပေါ် အဲ့သလောက်တောင် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်နေတာ ဘယ်သူမှလည်း ဘာမှလည်း မပြောကြဘူးပေါ့။ ကိုယ့်မှာ စိတ်တွေနာနေတာ။ ဘယ်ပြောမလဲ။ အဲ့သလောက် ကဖြင့် သူတို့ဆီမှာ တစ်ရက်စာ အပျင်းပြေ ပစ်သလောက်ပဲ ရှိတယ်။ ကောင်းကင်တပြင်လုံး လင်းထိန်နေအောင် ပစ်နေကြတာ။ အခုမှ ပစ်တာလည်း မဟုတ်ဘူး။ ဒီလိုပဲ ပစ်ခတ်နေကြတာ ကြာလှပြီ။ ကမ္ဘာကြီးလည်း သူ့ပြဿနာ သူရှင်းပါစေ။ တို့လည်း ကိုယ့်ပြဿနာကိုယ်ရှင်းကြတာပေါ့။ ငါတို့ဆီက စစ်ပွဲပြီးမှ “တော်ကြပါတော့ ဦးလေးတို့ရယ်” ဆို ကမ္ဘာ့နိုင်ငံရေးထဲ ဝင်ငံတော့မယ်။ ဦးကိုကိုလှိုင်ကြီးတောင် ဘယ်ရောက်သွားလဲ မသိဘူး။ သူ့ပဲ သွားမေးချေတော့။ ချန်ဂင် မအားဘူး။ သွားတိုက်လိုက်ဦးမယ်။ ကိုးလ်ဂိတ်နဲ့။