ဆေးကျောင်းသားတစ်ယောက်ဟာ ဆေးရုံကန်တင်းမှာ နေ့လည်စာ စားနေခိုက် ဗြုန်းဆို လေယာဉ်ပျံကြီးက ဝင်တိုက်သွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စရပ်ကြီးပါပဲ။ ဒါပေမယ့် မနေ့ကတော့ တကယ်ဖြစ်သွားပါတယ်။ ဟိုးအရင်နှစ်တွေတုန်းကလည်း ဆိုင်ကယ်စီးရင်း ကောင်းကင်ကလေယာဉ်ပျံကြီးက ဝင်တိုက်တာ ကြုံခဲ့ဖူးသေးတယ်လေ။ လေယာဉ်ပျံအကြီးကြီး နှစ်စင်းကို လက်နက်အဖြစ်သုံးပြီး တွင်တာဝါကြီးကို ဝင်တိုက်တဲ့ဖြစ်ရပ်ကလည်း တကမ္ဘာလုံး မြင်ဖူးကြပါတယ်။ တကယ်တော့ မဖြစ်နိုင်ဘူး ဆိုတာ ဘာမှကို မရှိတာပါ။ ရိုက်ညီနောင် လေယာဉ်ပျံကို တီထွင်တုန်းက လူသားတွေ ကောင်းကင်ပေါ်မှာ ပျံသန်းဖို့ပဲရည်ရွယ်ပေမယ့် ဒီကနေ့ခေတ် လေကြောင်းပျံသန်းမှုနယ်ပယ်ဟာ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်မိပြီးသား ဖြစ်နေပါပြီ။ ကိုယ်တို့ဆီမှာလည်း တိုးတက်နေပြီပ။ မြန်မာပြည်ကောင်းကင်ယံမှာ လေယာဉ်တွေ ဥဒဟို ပျံသန်းသွားလာနေတာများ တစ်စင်းနဲ့တစ်စင်း မတိုက်မိအောင် မနည်းရှောင်နေရတဲ့ သဘောရှိတယ်။ တချို့နေရာတွေဆို တစ်နေ့တည်းကို လေယာဉ် ဆယ်ကြိမ်ကနေ အကြိမ်နှစ်ဆယ်အထိ ဗုံးလာကြဲနေတာလည်း ရှိတယ်။ ကိုယ်တောင်မှ လေယာဉ်တစ်စင်းလုံး ငှါးမစီးနိုင်သော်ငြားလည်း ဒီလေယာဉ်က ဒေါက်တာစိုးမင်းဆီကို ဗုံးသွားကြဲမလို့ ဆိုပြီး ၃ ရက်ကြီးများတောင် ပျံသန်းပေးရတဲ့အထိ အရေးပါနေတယ်။ ပေါင် ၅၀၀ ဗုံး ၆ လုံးဖြင့် နှိမ်နှင်းအပ်သော ရန်သူတော်ကြီးလည်း ဖြစ်ပါပေတယ်။ နှယ်နှယ်တော့ မဟုတ်ပဲကိုး။
ဒီခေတ်၊ ဒီအခြေအနေနဲ့ဆိုတော့ လေကြောင်းအန္တရာယ် ကာကွယ်ရေး၊ အရေးပေါ်အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ဆရာဝန်၊ ဆရာမ၊ မီးသတ်၊ ကြက်ခြေနီတွေပဲ သိထားတတ်ထားရမယ့်ကိစ္စ မဟုတ်ပဲ မြန်မာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ အကျွမ်းတဝင် ရှိရမယ့် အရာတွေ လို့ နားလည်လာပါတယ်။ လူတိုင်းဟာ စက်ဘီးစီးတတ်သလို၊ မော်တော် ဆိုင်ကယ် စီးတတ်သလို၊ နွားလှည်းမောင်းတတ်သလို လေယာဉ်ပျံသာ မမောင်းတတ်ရင်နေရမယ်။ လေယာဉ်ပျံနဲ့ ဗုံးလာကြဲရင် ဘယ်လိုရှောင်မလဲဆိုတာတော့ သိရုံတတ်ရုံနဲ့တောင် မဟုတ်၊ ကျွမ်းကျင်အောင် လေ့ကျင့်ထားရမယ့်အချိန် ရောက်ပါပြီ။ ၂၄ ပစ္စည်းအဝိုင်းလေး ဦးထိပ်မှာထားပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ဗုံးလိုက်ကြဲတဲ့ လေယာဉ်မောင်းကြီးတွေက နေ့တိုင်း ရှိနေဆဲပဲဟာကိုး။ အဲ့ဒီတော့ အခုတစ် ခေါက် ရေးတဲ့စာကို ဆရာကြီးလုပ်တယ်၊ ဇကာကြီးအုပ်တယ်၊ သဘောမထားပါနဲ့။ “အန္တရာယ်တွေကြုံလာရင် တို့ကစောင့်ရှောက်ထား။ အား အား။” လုပ်မလို့ အသိပညာပေးတဲ့အနေနဲ့ပဲ ဖတ်စေမှတ်စေချင်ပါတယ်။ ငါ့တော့ မဖြစ်လောက်ပါဘူးလေ လို့ ပေါ့ပေါ့တန်တန် သဘောထားလို့ မရလို့ပါ။
ပထမအချက်ကတော့ ကိုယ်တို့ဆေးကုမယ့် ဆေးရုံ၊ စာသင်မယ့် စာသင်ကျောင်းကြီးဟာ ကွင်းပြင်အလယ်မှာ ထီးထီးကြီးနဲ့ ဟည်းဟည်းကြီး ဖြစ်နေလို့ရှိရင် ဒီကောင်တွေအတွက် ဘယ်လိုပစ်ပစ်၊ ပစ်မလွဲပဲဆိုတာ သိစေချင်ပါတယ်။ ကိုယ်တို့ဆေးရုံဆို သွပ်တောင် အသစ်မမိုးပါဘူး။ အဟောင်းရှာမိုးတယ်။ ဆေးသုတ်ပြီးမိုးတယ်။ တောင်စောင်းတောင်စောက်၊ သစ်ပင်အောက်မှာ ဆောက်တယ်။ အဲ့ဒါကြောင့် ဒလန်နေရာမပြခင်အထိ လေးနှစ်လုံးလုံး လုံခြုံနေတာ။ အရင်နှစ်တွေက လာချဖူးတယ်။ နေရာမှားသွားလို့ ဘာမှ မဖြစ်တာ။ အခုတစ်ခါ safe hospital ဆိုပြီး အသစ်ပြန်ဆောက်တဲ့အခါမှာလည်း လေကြောင်းအန္တရာယ်ကို အဓိကစဉ််းစားပြီး အထိအခိုက်နည်းနိုင်သမျှနည်းအောင် အဘက်ဘက်က စဉ်းစားတွက်ချက်ရမှာပေါ့။ အဲ့ဒါတွေတော့ ပြောမပြတော့ပါဘူး။ ဟိုကောင်တွေ သိကုန်မယ်။
ကိုယ်တွေ့မှားခဲ့တဲ့ အမှားတစ်ခုလည်း ရှိပါသေးတယ်။ ခွဲခန်းကို ပိုက်ဆံအကုန်အကျများမှာစိုးလို့ အုတ်နဲ့မပတ်ပဲ အထပ်သားတွေနဲ့ ကာတာပါ။ အတွင်းက ခွဲခန်း ပေ ၂ ပါတ်လည်ကို အုတ်နံရံထားပေမယ့် အပြင်အဆောက်အဦပတ်ပတ်လည်ကို အထပ်သားနဲ့ချည့်ပိတ်ခဲ့တယ်။ ၂ နှစ် ၃ နှစ်လောက်ပဲ သုံးမယ့်ဟာ လို့ စဉ်းစားထားတာကိုး။ မနှစ်တုန်းကမှ ကြမ်းတွေပြန်ခင်း အုတ်နဲ့ပတ်ကာပြီး အကြီးစားပြင်ဆင်မှုတွေ လုပ်ထားလို့ ကိုယ်တို့အားလုံး အသက်ရှင်တာပါ။ OT ကလွဲရင် တခြားအဆောင်တွေ အကုန်လုံးပွင့်ထွက်သွားတာပဲ။ ဒုတိယခွဲခန်းကိုတော့ တောင်ခါးပန်းနဲ့ကွယ်ပြီး သစ်ပင်အုပ်တွေအောက်မှာ ဆောက်ထားတာပါ။ ဒီမှာလည်းပဲ စစ်ပွဲရှိမှ ယာယီသုံးမယ့်နေရာမို့ ဈေးသက်သက်သာသာနဲ့ မြန်မြန်ပြီးအောင် သွပ်မိုးသွပ်ကာနဲ့ပဲ လုပ်ထားမိပါတယ်။ အပြင်က ကြည့်ရင်လည်း မမြင်ရပဲကိုး။ ဒါပေမယ့် ဗုံးကျတဲ့အခါ ကွယ်ထားတဲ့တောင်စောင်းပေါ်ပဲကျပြီး ခွဲခန်းကို တိုက်ရိုက်မထိပေမယ့် ပေါက်ကွဲအားကြောင့် သွပ်ချပ်တွေ အကုန်လွင့်ပျံဝင်လာပါတယ်။ အုတ်နဲ့သာ ကာထားရင် ခေါင်မိုးလေးပဲ ထိမယ့်ဟာကို။ အဲ့ဒါကြောင့် Airstrike attack ဆိုတာ တူတူပုန်းတမ်းကစားသလို ကိုယ့်ကိုမမြင်ရရုံနဲ့ လုံခြုံမနေဘူးလို့ သိစေချင်တာပါ။ အုတ်နံရံလောက်မှ မထူရင် ဘယ်ဟာမှ စိတ်မချရဘူး။ အုတ်နံရံတောင် ထုတ်ချင်းဖောက်သွားတဲ့ နေရာတွေလည်း ရှိပါတယ်။ ကျင်းထဲဆင်းပုန်းတာသာ အကောင်းဆုံးပါ။ ကိုယ့်ကျင်းပေါ် တိုက်ရိုက်မကျသ၍ အန္တရာယ်ကင်းတယ်။ ဒါကြောင့်မို့ ကိုယ်တို့ဆေးရုံက လူနေအဆောက် အဦးတိုင်းရဲ့ ဒိုင်ဗင်တပစ်စာမှာ ဗုံးခိုကျင်းတွေ တူးထားရပါတယ်။ လူနာဆောင်တွေရဲ့အပြင်မှာလည်း မြောင်းအရှည်ကြီးတူးပြီး လေယာဉ်လာရင် ဆင်းဖို့ လုပ်ထားပေးရတယ်။
ဗုံးခိုကျင်း ဆိုတဲ့နေရာမှာ ကျင်းကျယ်ကျယ်တူး။ ဘေးပတ်လည် အုတ်နံရံစီ၊ သစ်လုံးတွေ အပေါ်ကတင်၊ အဲ့ဒီအပေါ်ကသဲအိပ်တွေတင်၊ ပြီးမှ မြေကြီးနဲ့ပြန်ဖုံးတဲ့ ဘန်ကာအမျိုးအစားတွေလည်း ရှိပါတယ်။ အထဲမှာ လူဝင်အိပ်လို့ရအောင် ကျယ်ဝန်းပါတယ်။ ဒီဘက်ကို လေယာဉ်တက်လာပြီလို့ သတင်းရရင် လေယာဉ်လာတဲ့အသံကြားရင် ကိုယ်တို့ အဲ့ဒီထဲကို ဆင်းနေကြတယ်။ ညအိပ်ရင်လည်း ကြက်အိပ်ကြက်နိုးပဲ အိပ်ရတာပါ။ လေယာဉ်သံကြားရင် ဖိနပ်တောင်မပါပဲ ကျင်းထဲအရောက်။ သူတို့က လာရင် ၁၂ ဝန်းကျင်နဲ့ မနက် ၂ နာရီဝန်းကျင်လောက် လာတတ်ပါတယ်။ အိပ်မောကျတဲ့အချိန်ပေါ့။ အိပ်ပျော်မနေတဲ့သူတစ်ယောက်ယောက်က “လေယာဉ်” လို့ အသံကုန်ဟစ်လိုက်ရင် အကုန်လုံး ကျင်းထဲရောက်ပြီးသားပဲ။ drill လုပ်စရာ မလိုဘူး။ တစ်လ နှစ်ခါ သုံးခါလောက် ကြုံနေကျဟာကိုး။ ဒီလို ကျင်းမျိုးကိုတော့ နေရာတိုင်း အိမ်တိုင်း မတူးနိုင်ပါဘူး။
ဒါပေမယ့်လည်း နေရာတိုင်း အိမ်တိုင်းနဲ့ ဆယ်ပေထက် မဝေးတဲ့နေရာမှာ ပုန်းခိုစရာ ကျင်းတစ်ခုခု ရှိဖို့တော့ လိုအပ်ပါတယ်။ ဒီအခါမှာ အပေါ်က အမိုးမပါပဲ ခံတုတ်ကျင်းလိုဟာမျိုးကို အကျယ် တစ်တောင်လောက်၊ အမြင့် ရင်စို့လောက်နဲ့ ထောင့်ချိုးလေးတွေကွေ့ပြီး ခေါက်တွန့်လေးတွေ တူးရပါတယ်။ အဲ့ဒီကမှ overhead banker ထဲကို အရောက်သွားရတာပေါ့။ ကျင်းထဲမှာ ဝပ်နေရင် ပေါက်ကွဲတဲ့ဆီက လွင့်စင်လာတဲ့ အစအနတွေ ရန်ကိုတော့ ကာကွယ်နိုင်ပါတယ်။ လေယာဉ်သံကြားရင် အနီးဆုံးကျင်းထဲကို အရောက်ပြေးပါ။ လေယာဉ် ကိုယ့်ခေါင်းပေါ်ရောက်လာရင် အသံအကျယ်ဆုံးကြားရပါလိမ့်မယ်။ ရွှီကနဲ မြွေတွန်သံလိုမျိုး ကြားရင်တော့ အဲ့ဒါပစ်တာပါ။ ရောက်တဲ့နေရာမှာ ဝမ်းလျားထိုးသာ ဝပ်ချလိုက်ပါတော့။ ဗုံးကျလိုက်တာနဲ့ အုန်းကနဲအသံကြီးနဲ့အတူ အရာဝတ္ထုတွေအားလုံး လွင့်ပျံထွက်လာပါလိမ့်မယ်။ အဲ့လို ပေါက်ကွဲထွက်လာပြီဆို မတ်တပ်ရပ်နေတဲ့ လူတစ်ယောက်ဆိုရင် ဒူးအထက်ပိုင်းကို နေရာအနှံ့ ထိုးဖောက်ဝင်ပါလိမ့်မယ်။ ဒူးခေါင်းရဲ့အောက်ဘက်မှာသာ အများအားဖြင့် ဘေးကင်းပါတယ်။ အဲ့ဒါကြောင့် ကျင်းထဲဆင်းဖို့ အချိန်မမီရင် ရောက်တဲ့နေရာမှာ ဝပ်ချလိုက် လို့ပြောတာ။ ဆေးရုံကို ပထမကျတဲ့ ဗုံးနှစ်လုံးဟာ ကိုယ်နဲ့ ပေ ၂၀ တောင် မဝေးတဲ့နေရာမှာ ကျပြီး အချိန်မီသာ ဝပ်မချနိုင်ခဲ့ရင် အဲ့ဒီချိန်ကတည်းက ပွဲသိမ်းပါပြီ။ ကိုယ့်ပတ်ပတ်လည်မှာ ဘာအကာအကွယ်မှ ရှိမနေပါဘူး။ အဲ့ဒီတော့ ဘာပဲပြောပြော ခံတုပ်ကျင်းလေး ရင်ခေါင်းလောက်အနက်တူးပြီး အဲ့ထဲဆင်းဝပ်နေရင် ကျင်းပေါ်ကို တည့်တည့်မကျသ၍ ဘေးကင်းပါတယ်။ သို့သော် ကျင်းထဲမှာ ဝပ်တဲ့အခါ ဒူးနှစ်လုံးကို လက်နဲ့ပိုက်ပြီး ခေါင်းကိုငုံ့ထား၊ အမိဝမ်းတွင်းက သန္ဓေသားလေးလိုနေတာ ပိုကောင်းပါတယ်။ မြေကြီးရဲ့ တုန်ခါမှုတွေက နှလုံးကို လာရိုက်တတ်လို့ပါ။ လေယာဉ် ကိုယ့်အပေါ်မှာ ရောက်နေရင် ခေါင်းလည်းထောင်မကြည့်ပါနဲ့။ ဖုန်းနဲ့လည်း ဓါတ်ပုံထမရိုက်ပါနဲ့။ ကိုယ့်အသက်လောက် ဘယ်ဟာမှ အရေးမကြီးပါဘူး။ အရမ်းကြီးလည်း ထိတ်လန့်တုန်လှုပ်စရာ မလိုပါဘူး။ မြင်ပါများရင် ရိုးသွားပါလိမ့်မယ်။ ကိုယ်တွေ့ပါ။
ဒီကိုယ်တွေ့က မကျရောက် မပေါက်ကွဲခင်က ကိုယ်တွေ့ပဲ ရှိသေးတာ။ ကျရောက် ပေါက်ကွဲပြီးရင် ဘာလုပ်ရမလဲ ဘာတွေ မလုပ်ရဘူးလဲ။ အဲ့ဒါလည်း လာဦးမယ်။ ဗုံးကျလိုက်ပြီဆိုတာနဲ့ အဲ့ဒီနေရာမှာ ၆ ပေပတ်လည် လူတစ်ရပ်အနက်လောက်ရှိတဲ့ မြေကျင်းကြီးတစ်ကျင်း ပေါ်လာပါလိမ့်မယ်။ ၂ လုံးတွဲဆို ၂ ကျင်းပေါ်တယ်ဗျ။ ပြီးရင် ဘေးပတ်ပတ်လည် ကိုက်တစ်ရာလောက်ကို ဘာမှ မမြင်ရလောက်အောင် ဖုန်လုံးကြီး ထလာပါလိမ့်မယ်။ အဲ့ဒါမတိုင်ခင်တော့ လွင့်စင်လာတဲ့ အစအနတွေနောက်မှာ ဆံပင်တွေပါမီးကျွမ်းသွားတဲ့အထိ အပူလှိုင်းကြီး ရိုက်ပါတယ်။ သင်္ကြန်မှာ အိုးမည်းသုတ်ထားတဲ့ ရုပ်မျိုးကိုလည်း ဖြစ်စေပါတယ်။ ပေါက်ကွဲတဲ့လာရာဘက်ကို ဘေးတစောင်းပေးထားမိရင် နားကန်းသွားတတ်ပါတယ်။ အဲ့ဒါကြောင့် လေယာဉ်သံကြားရင် ကိုယ့်ဆီလာတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ကျင်းထဲကို ဆင်းနေနှင့်ပါ လို့ မှာတာပါ။
ပေါက်ကွဲမှုတွေပြီးသွားရင် လေယာဉ်က ချက်ချင်းပြန်မသွားပါဘူး။ သူ့ပစ်မှတ်တွေ ထိရဲ့လား လို့ တဝဲလည်လည်နဲ့ ပတ်ကြည့်ပါတယ်။ အပေါ်မှာ လေယာဉ်သံကြားနေရသေးသ၍ အပြင်ထွက်ကြည့်ဖို့ မလုံခြုံပါဘူး။ နေ့ဘက်တွေဆိုရင်တော့ သူတို့က ၂ စင်းလာပါတယ်။ တစ်စင်းက အမြင့်ကပျံပြီး ဗုံးချ၊ နောက်တစ်စင်းက နိမ့်နိမ့်ပျံပြီး 0.5 နဲ့ လိုက်ဆွဲတတ်ပါတယ်။ သူ့လေယာဉ်ကို အောက်ကလှမ်းပစ်တဲ့သူရှိရင်လည်း သူက အဲ့ဒီကို လှမ်းဆော်ဖို့ ဘေးကရံလာတာပါ။ အဲ့ဒီတစ်စင်းက အောက်ကလူတွေကို မျက်မြင်ကြည့်ပြီး ပစ်ပါတယ်။ ဒါကြောင့် လှုပ်ရှားပြေးလွှားမနေပဲ ငြိမ်ငြိမ်လေး ထိုင်ဝပ်နေတာ သစ်ပင်ခြုံပင်အောက် ဝင်ပုန်းနေတာ ကောင်းပါတယ်။ တနေရာတည်းမှာ လူအများကြီးစုနေရင်လည်း သူတို့ကင်မရာတွေက ခန္ဓာကိုယ်အပူချိန်တွေကို ဖမ်းယူတာမို့လို့ တနေရာစီဖြန့်ပုန်းတာ ပိုကောင်းပါတယ်။ လူများရင် ချဲထုတ်လိုက်ပါ။
လေယာဉ်ပြန်သွားလို့ရှိရင်တော့ မီးလောင်ပြီးကျန်ခဲ့တဲ့ဟာတွေကို မီးငြှိမ်းသတ်ဖို့လိုပါတယ်။ နောက်တစ်ကြီမ်ထပ်ပြီး ပေါက်ကွဲနိုင်လို့ပါ။ ဥပမာ ကိုယ်တို့ဆေးရုံမှာဆို အောက်ဆီဂျင် ဆလင်ဒါတွေ ရှိမယ်။ ဖားကန့်က ကုမ္ပဏီဝင်းတွေမှာဆို ယမ်းဂိုဒေါင်တွေရှိမယ်။ အဲ့ဒါကြောင့်အမြန်ဆုံးလုပ်ရတာက မီးစက်ပိတ်ပြီး မိန်းချတာပါ။ ပြီးတာနဲ့ အရင်ဆုံးလုပ်ရတာက ကိုယ့်လူကိုယ်စစ်ဖို့ပါ။ ညဘက်ဆိုရင်လည်း မှောင်အတိကျသွားလို့ မမြင်နိုင်ဘူး။ နေ့ဘက်မှာလည်း ကြပ်ခိုးတွေ ဖုန်လုံးတွေတထောင်းထောင်းထလို့ မမြင်ရဘူး။ နံမည်ခေါ်လို့မှ ပြန်မထူးနိုင်ရင် တနေရာရာမှာ ဒဏ်ရာရနေတာသော်လည်းကောင်း ပြန်မထူးနိုင်တဲ့ အခြေအနေသော်လည်းကောင်း ရှိလိမ့်မယ်။ အဲ့ဒါကြောင့် လူစစ်ပါ။ ပြီးရင် လူရှာရမှာမို့။
ကိုယ်တို့ရဲ့ အားနည်းချက်ကတော့ ဗုံးလာချတဲ့ နှစ်ကြိမ်စလုံးမှာ ခွဲခန်းထဲမှာ လူနာခွဲလျက်တန်းလန်းကြီး ဖြစ်နေတာပါ။ “လေယာဉ်” လို့ အသံကြားရင်တောင် ဘယ်လို ကျင်းထဲပြေးဆင်းမလဲ။ကိုယ်ဆို ထွက်ကြည့်ရုံရှိသေး အုန်းကနဲ ထကွဲတာ။ နောက်တစ်ခါဆို ထွက်တောင်ကြည့်စရာမလိုဘူး။ အရာဝတ္ထုတွေ အများကြီး ခွဲခန်းထဲကို လွင့်စင်ပျံဝဲလာတာ။ ဗုံးကျတဲ့ ၂ ကြိမ်စလုံးမှာ လူနာက under GA ပါ။ still operating ပါ။ ၂ ကြိမ်တိုင်တိုင် ကံကောင်းသွားတာကတော့ လူနာကို ET tube ထည့်ပြီး အသက်ရှူစက်မတပ်ပဲ spontaneous respiration နဲ့ မေ့ဆေးပေးထားတာမို့ပါ။ မေ့ဆေးပြယ်ရင် သူ့ဘာသူ ဆက်ရှူနေလို့ရတယ်။ reverse ထိုးစရာ မလို။ လူနာကို ထရော်လီပေါ်တင်၊ ဗုံးခိုကျင်းထဲဆွဲချပြီး အဲ့ဒီမှာ tube out၊ dressing အုပ် ပတ်တီးစည်း လုပ်ရပါတယ်။ အဲ့ဒီတော့ ကိုယ်တွေ့ အတွေ့အကြုံအရ အကြံပေးရမယ် ဆိုရင်တော့ ကိုယ့်အသက်အန္တရာယ်ကို အရင်ဘေးကင်းအောင် ကယ်တင်ပါ။ ကိုယ့်လူကိုယ် အရင် ဘေးကင်းအောင် ကယ်တင်ပါ။ ပြီးရင် ကိုယ်ခွဲနေတဲ့လူနာကို ဘေးကင်းအောင် ကယ်တင်ပါ။ ပြီးရင် ဒဏ်ရာရနေတဲ့ လူနာတွေကို လိုက်ရှာပြီး အသက်ဘေးကင်းအောင် ကယ်တင်ပါ။ အဲ့ဒါတွေ တစ်ခုပြီးတစ်ခု အမှားအယွင်းမရှိ၊ ဆက်တိုက်လုပ်နိုင်ဖို့လိုပါတယ်။ အဲ့ဒါကြောင့် ဘယ်လိုနည်းနဲ့မှ သွေးပျက်ခြောက်ခြား တုန်လှုပ်နေလို့ မရပါဘူး။ အဲ့ဒီဟာတွေပြီးတာနဲ့ ဘေးလွတ်ရာနေရာကို ရွှေ့ပြောင်းစခန်းချဖို့ လိုအပ်ပါတယ်။ လူနာတွေ ပြောင်းရွှေ့ပြီးတာနဲ့ ဘယ်အရာဝတ္ထုပစ္စည်းကိုမှ နှမြောတွယ်တာမနေပဲ လူတိုင်းဘေးကင်းလုံခြုံဖို့ တစ်ခုတည်းသာ တစိုက်မတ်မတ် သတိထားနေရမှာပါ။
စာတွေ့သဘောတရားတွေတော့ ဘယ်လိုရှိမလဲ မပြောတတ်ဘူးပေါ့ဗျာ။ ဒါကတော့ ကိုယ်ကိုယ်တိုင် ၂ ကြိမ် ဆက်တိုက် ကြုံခဲ့ရတဲ့ ခွဲခန်းပေါ်ကို လေယာဉ်နဲ့ ဗုံးကြဲခံရခြင်း အတွေ့အကြုံကနေ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်၊ ရှောင်ရန် ဆောင်ရန် အကြံဉာဏ်ကလေးတွေကို မျှဝေတာပါ။ ဘယ်သူပြောနိုင်မလဲ။ ကနေ့ နဲ့ နက်ဖြန် ကိုယ့်ဆီကို လေယာဉ်ပျံကြီးလည်း ရောက်ချလာနိုင်တာပဲ မဟုတ်လား။ ကြောက်အောင်ခြောက်တဲ့စာတော့ မဟုတ်ပါဘူး။ “မကြောက်နဲ့။ စိတ်အေးအေးထားပါ။” လို့ အားပေးစကား ပြောချင်တာပါ။ ကိုယ့်ခေါင်းပေါ် ဗုံးကျမှ သေရတာမှတ်လို့ကွယ်။ အခန့်မသင့်ရင် ဗုံးလာကြဲတဲ့ လေယာဉ်ကိုယ်တိုင်လည်း အရိုးအသားရှာမရအောင် တစစီ လိုက်ကောက်ယူရတာပဲ မဟုတ်လား။ ဘုရားသခင်ရဲ့အိမ်တော်ဆိုတာ စေတန်က လိုက်ပို့တိုင်း ရောက်စရာလားလို့။ ဟိုက်ရှားပါး။ ငါလေးတောင် စွန်း ကချင်တွေဆန်နေပြီ။