ကိုကိုခေါ်ရင် လာမှာပေါ့

မဆလခေတ်မှာ ကြီးပြင်းလာခဲ့ရတဲ့သူတွေအဖို့ “သမဝါယမ” ဆိုတာကို မသိစရာ မရှိပါဘူး။ လမ်းစဉ်ပါတီက နိုင်ငံရဲ့ တစ်ခုတည်းသော ဦးဆောင်ပါတီ ဖြစ်ရမယ် ဆိုတာပြီးရင် သမဝါယမ ဆိုတာကတော့ ဆိုရှယ်လစ်စီးပွါးရေးစံနစ်ရဲ့ ဒုတိယမဏ္ဍိုင် ဖြစ်တယ် လို့ ဆိုပါတယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာ၊ အာဏာကို ချုပ်ကိုင်ထားတဲ့ ပါတီ၊ ကောင်စီ၊ အာမီ ဒေါက်တိုင်ကြီး ၃ ခုပြီးရင် သူကတော့ စီးပွါးရေးကို ချုပ်ကိုင်ထားတဲ့ ဒေါက်တိုင်ကြီးတစ်ခု ဖြစ်ပါတယ်။ ဘောဂဗေဒ လို့ခေါ်တဲ့ စီးပွါးရေးပညာ သင်ရိုးညွှန်းတမ်းတွေမှာ တဝက်လောက်က သမဝါယမ ရဲ့ သမိုင်းနောက်ခံ၊ သဘောတရား နဲ့ နည်းနာနိဿယတွေချည့်ပါပဲ။ အင်္ဂလိပ်စကားလုံး Co- operative ဆိုတာကို ဘာသာပြန်တဲ့အခါ မြန်မာဘာသာကို မပြန်ပဲ သမ ဆိုတာ မျှတခြင်း၊ ဝါယမ ဆိုတာ လုံ့လစိုက်ထုတ်ခြင်း၊ အဲ့ဒီတော့သမဝါယမ ဆိုတာ ပြည်သူတွေ မျှမျှတတ လုံ့လစိုက်ထုတ်ကြတဲ့ အဖွဲ့အစည်းတစ်ခု လို့ သူတို့ဟာသူတို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ ရှစ်ပါးသော မဂ္ဂင်လမ်းစဉ်ထဲက သမ္မာဝါယမ ကောင်းစွာ လုံ့လစိုက်ထုတ်ခြင်း ဆိုတာနဲ့ အတူတူလိုလို ဘာလိုလို ပုံမှားရိုက်ချင်တာလည်းပါမှာပါ။

လမ်းစဉ်ပါတီရဲ့ နိုင်ငံရေးသဘောတရားတွေကို မြန်မာဘာသာပြန်တာထက် ပါဠိလို ပြန်ရတာကို သူတို့က ပိုသဘောကျကြပါတယ်။ အညမည သဘောတရားတို့၊ အနုပဋိလောမဝါဒတို့၊ ဆိုရှယ်လစ်လောကနိဗ္ဗာန်တို့၊ ဘာမှန်းမသိပေမယ့် လူရှိန်တဲ့ စကားလုံးကြီးကြီးတွေနဲ့ ဖိထားတာပါ။ ဘုန်းကြီးတွေကလည်း “ဒါ ငါသိတဲ့ စကားလုံးတွေပဲ။ ဟုတ်မှာပါ။” ဆို အလွယ်တကူ လက်ခံသွားတာပေါ့။ ဖြစ်နိုင်ရင် သူတို့က ဂေါတမဗုဒ္ဓကိုတောင် ဆိုရှယ်လစ်ဝါဒီကြီးတစ်ဦး အဖြစ်နဲ့ ပုံဖော်ချင်တာ။ “ဆိုရှယ်လစ်လမ်းစဉ်ဆိုတာ ဘုရားဟောတဲ့ လမ်းစဉ်အမှန်ဖြစ်တယ်။” လို့ မသိနားမလည်တဲ့ တောသူတောင်သားတွေကို ဂျင်းထည့်တာပါ။ ဘုရားကို သူ့ပါတီထဲ ဆွဲထည့်ထားမှ ဥက္ကဌကြီးလည်း ပစ္စေကဗုဒ္ဓာလောက်တော့ အကြည်ညို ခံရမှာပေါ့။

ဦးနေဝင်းဟာ ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ တိုင်းပြည်ကို အာဏာသိမ်းလိုက်ပြီးတဲ့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးကို သူ့စိတ်ကြိုက် မဖြစ်မချင်း ၁၁ နှစ်ကြာအောင် ရေးဆွဲပါတယ်။ ရေးတဲ့သူကတော့ ဒေါက်တာမောင်မောင်ပါ။ အဲ့ဒါကြီးကို ၁၉၇၃ ခုမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အတည်မပြုခင်ကတည်းက တိုင်းပြည်ကို ဆိုရှယ်လစ်မူဝါဒနဲ့ ဦးဆောင်သွားမယ် ဆိုတာရော၊ စောစောကပြောတဲ့ သမဝါယမ ဆိုတာရော အခိုင်အမာ ကြေငြာ ဖွဲ့စည်းပြီးသား ရှိနေပါပြီ။ ဒါပေမယ့်လည်း ဆိုရှယ်လစ်လမ်းစဉ်နဲ့ ရှေ့ဆက်မယ့် ဦးနေဝင်းကြီးဟာ ဖဆပလပါတီထဲက ရှိသမျှ ဆိုရှယ်လစ်ဝါဒီအားလုံးကို ထောင်ထဲထည့်တန်ထည့်၊ တကျွန်းပို့တန်ပို့လုပ်ပြီး သူကြိုးဆွဲလို့ ရမယ့်သူတယောက်တလေပဲ ချန်ပါတယ်။ ကွန်မြူနစ်ကတော့ သူ့ရဲ့မဟာရန်သူတော်ကြီး ဖြစ်ပြီး မြန်မာပြည်မှာ ဓနရှင်ဝါဒ Capitalism ဆိုတာလည်း ရှိမနေပါဘူး။ လွတ်လပ်ရေး ရပြီးကာစဆိုတော့ အကုန်လုံးက ပြည်သူ ပြည်သူ နဲ့ ပါးစပ်ဖျားက မချ၊ ဦးထိပ်ပန်ဆင်နေကြဆဲမို့ပါ။ ပြည်သူတွေ ယုံကြည်ပြီဆိုမှသာ ဖိနပ်ဖျားက မကြွ၊ ဖိနှိပ်နှိမ်နင်းထားလို့ ရမယ်လေ။

အဲ့ဒီတော့ ဦးနေဝင်းကြီးက ဘယ်လို verify ပြန်လုပ်သလဲဆိုတော့ ဆိုရှယ်လစ်တော့ ဆိုရှယ်လစ်ပဲ။ သို့သော် လီနင် ရဲ့ ဆိုရှယ်လစ် မဟုတ်ဘူး။ မော်စီတုံးရဲ့ ကွန်မြူနစ်လည်း မဟုတ်ဘူး။ မြန်မာပြည်နဲ့ အဆင်ပြေဆီလျော်အောင် သူ့ဘာသူ ပြုပြင်ဖန်တီးထားတဲ့ မြန်မာ့နည်းမြန်မာ့ဟန်လမ်းစဉ် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” ဖြစ်ပါတယ်လို့ ကင်ပွန်းတပ်တော်မူရာက မဆလ အမည်တွင်ပါတယ်။ ဒါကတော့ ဒေါက်တာမောင်မောင်ကြီး သူ့သဘောကျ ဆွဲပေးရမယ့် ၇၃ ခြေ/ဥ အတွက် အခြေခံကျောရိုး (Aims and Objectives) ဖြစ်ပြီး လုပ်ထုံးလုပ်နည်း Strategy and Methodology ကတော့ တရုတ်ပြည်က ဥက္ကဌကြီးမော်ဆီကနေ credits မပေးပဲ ကော်ပီကူးယူပါတယ်။ ဟိုအဖိုးကြီး ရွှေ့တဲ့အတိုင်း သူအကုန်လိုက်ရွှေ့တာ။

ပထမဦးဆုံးရွှေ့တဲ့အကွက်ကတော့ ပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းအားလုံးကို ပြည်သူပိုင်သိမ်းတာပါ။ ဆင်းရဲသားတွေကို သူဌေးဖြစ်အောင် လုပ်မပေးနိုင်တဲ့အတူတူ၊ သူဌေးတွေကို ဆင်းရဲသားဖြစ်အောင် လုပ်ပေးလိုက်တော့လည်း လူတန်းစား ညီမျှသွားတာပေါ့။ ဟုတ်ဘူးလား။ နိုင်ငံခြားသား လုပ်ငန်းရှင်မှန်သမျှ ပိုင်ဆိုင်မှုတွေ အားလုံးထားခဲ့ရပြီး ခါးဝတ်ခါးစားနဲ့ နေရပ်ပြန်ခိုင်းတယ်။ မြန်မာပြည်မှာ မိသားစုနဲ့ အခြေကျနေသူတွေကိုလည်း နိုင်ငံသား မပေးပဲ FRC ဆိုတဲ့ စတေးတပ်စ်နဲ့ သားစဉ်မြေးဆက် နိုင်ငံခြားသားအဖြစ် ထားတယ်။သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေကို အစိုးရက ချုပ်ကိုင်လိုက်ပြီး ပြည်ပက ကုန်ပစ္စည်းတင်သွင်းမှုတွေကို ပိတ်ပင်လိုက်တယ်။ အဲ့ဒါကြောင့်မို့ ကိုယ်တို့ငယ်ငယ်တုန်းက ချောကလက် နဲ့ ပန်းသီး ဆိုတာကို မြင်တောင် မမြင်ဖူးခဲ့တာ။ နိုင်ငံခြားငွေ (ဒေါ်လာ) ဆိုတာ ပြည်သူတွေလက်ထဲမှာတွေ့ရင် ချက်ချင်းဖမ်းလို့ရတယ်။ အလင်္ကာကျော်စွာရွှေပြည်အေးကြီးဟာ ယောက်ဖဖြစ်သူရဲ့ ဒေါ်လာငွေစက္ကူ သူ့အိမ်မှာတွေ့သွားလို့ အဖမ်းခံရပြီး အကျဉ်းထောင်ထဲမှာ သံမံတလင်းခေါင်းအုံးအိပ်ရင်း ဦးနှောက်သွေးကြောပြတ်သွားတာပါတဲ့။ ဘဘဦးတင်ဦးကြီးကို ရာထူးချဖို့ အမှုလိုက်ရှာတော့လည်း သူ့အိမ်က ရေချိုးခန်းထဲမှာ ဟောင်ကောင်လုပ်ကြွေပြားတွေ ကပ်ထားလို့ပါတဲ့။ ဆိုလိုတာက မဆလခေတ်မှာ နိုင်ငံခြားဖြစ်ဆိုရင် ဘာဆိုဘာမှ မကြည့်ချင် မမြင်ချင်ဘူး ဆိုတဲ့သဘောပါ။ နိုင်ငံခြားရုပ်ရှင်၊ နိုင်ငံခြားသီချင်းဆိုတာတောင် မြန်မာပြည်ကလူတွေနဲ့ အလှမ်းဝေးလွန်းတဲ့အတွက် ဝင်းဦးခေတ်တခေတ်ဖြစ်လာရတာလေ။ တကယ်တော့ ဦးနေဝင်းဟာ မြောက်ကိုရီးယားက ကင်ဂျုံအန်းတို့ မျိုးဆက်တွေ လုပ်တဲ့လမ်းစဉ်နဲ့ အတူတူပါပဲ။ တနိုင်ငံလုံးကို ပြင်ပကမ္ဘာကြီးနဲ့ အဆက်ဖြတ်ပြီး တံခါးပိတ်ထားလိုက်တာပါ။

နယ်စပ်ကုန်သွယ်ရေးတွေကျတော့ ဘယ်လိုလုပ်မလဲ ဆိုတော့ အဲ့ဒါတွေကို မှောင်ခို လို့ခေါ်ပါတယ်။ တွေ့ရင် တွေ့တဲ့နေရာမှာ ပစ္စည်းသိမ်း၊ လူဖမ်း၊ ထောင်ချလို့ ရတယ်။ အဲ့ဒီပစ္စည်းတွေ အရောင်းအဝယ်လုပ်တဲ့သူတွေကိုလည်း ဝိသမလောဘ အမြတ်ကြီးစားတွေဆိုပြီး ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ ကိုယ်တို့အိမ်တွေမှာ သာယာဝတီပန်းကန်စက်ကထုပ်တဲ့ဟာ နဲ့ ကြွေရည်သုတ်သံပန်းကန်တွေပဲ ရှိတယ်။ ဘုန်းကြီးဆွမ်းကပ်ဖို့ ကြွေပန်းကန်ဝမ်းဆက်တစ်စုံစာကို ဆရာဝန်မဖြစ်ခင် မူဆယ်ကနေ တရုတ်ပြည်ထဲ ထွက်ဝယ်ပြီးသယ်လာရတယ်။ ဒါကြီးတွေက အိမ်တိုင်းရဲ့ ဧည့်ခန်းမှာ မှန်ဘီဒိုကြီးနဲ့ ပြထားရတဲ့ ဂုဏ်ယူအပ်သော အဆင်တန်ဆာ။ ဓါတ်ဗူးတွေ၊ စတီးချိုင့်တွေလည်း အဲ့ဒီအထဲပဲ သိမ်းရတယ်။ ထိုင်းကနေ ရန်ကုန်သယ်လာရင် ဘယ်လမ်းကလာလာ စောင့်ဖမ်းပေမယ့် စကော့ဈေး၊ စိန်ဂျွန်းဈေးထဲ ရောက်သွားရင်တော့ မဖမ်းတော့ပြန်ဘူးဗျ။ ဝိသမလောဘဆိုတာ ကယ်ရီတွေမှာပဲ အပြစ်ရှိတာပါလေ။ မီးရထားတိုင်းမှာ ရှာဖွေရေး ကြောက်ရတယ်။

အဲ့ဒီကုန်သွယ်ရေးလမ်းကြောင်းကြီးကို တရားဝင် ဖြစ်စေချင်ရင်တော့ သမဝါယမ ဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ ရောင်းဝယ်ဖောက်ကားရတယ်။ ဒါတောင် ပြည်တွင်းကုန်သွယ်ရေးကိုပဲ ခွင့်ပြုပါတယ်။ လယ်တွေ မြေတွေနဲ့ ပတ်သက်တဲ့အခါမှာလည်း အဲ့လိုပါပဲ။ “လယ်လုပ်သူ လယ်ပိုင်ရမယ်” လို့ ကြွေးကြော်ပြီး လယ်ယာမြေရှိသမျှကို နိုင်ငံပိုင်အဖြစ် သိမ်းယူပါတယ်။ ကိုယ့်လယ်ကထွက်တဲ့သီးနှံကိုလည်း ကိုယ်ရောင်းချင်သလို ရောင်းလို့ မရပြန်ဘူးဗျ။ အစိုးရအဝယ်ဒိုင်တွေဆီပဲ သူတို့သတ်မှတ်ဈေးနဲ့ အရေအတွက်ပြည့်အောင်ရောင်းပေးရတယ်။ တာဝန်ကျေစပါး တဲ့၊ အထွက်တိုးစပါးတဲ့။ တပ်ချင်တဲ့ခေါင်းစဉ်တပ် လိုချင်သလောက် သူတို့ပေးတဲ့ဈေးနဲ့ ရောင်းပေးရမယ်။ ဒါပဲ။ ပိုးဖျက်တယ် မိုးဖျက်တယ် လာမပြောနဲ့။ မင်းမထွက်ရင် ထွက်တဲ့လူဆီက ဝယ်ပြီး လာရောင်းပေးပဲ။ အဲ့ဒီမှာ အစိုးရက ကုန်သွယ်ရေး ဝန်ကြီးဌာနအောက်မှာ ကော်ပိုရေးရှင်းတွေထောင်ပြီး အလုပ်လုပ်တယ်။ ကုန်သွယ်/လယ်ယာ တဲ့။ စားသောက်ကုန်နှင့်အဖျော်ယမကာတဲ့။ စက္ကူ နှင့် စာရေးကိရိယာပစ္စည်း ကုန်သွယ်ရေးတဲ့။ ဆေးနှင့်ဆေးပစ္စည်း ကုန်သွယ်ရေးတဲ့။

အစိုးရကလွဲရင် ကျန်တဲ့သူတွေမှာ ရောင်းဝယ်ဖောက်ကားခွင့် မရှိဘူး။ ကုန်သွယ်ခွင့် မရှိဘူး။ ဆီကုန်သည်၊ ဆန်ကုန်သည် ဆိုတဲ့သူတွေဟာ ဆီဈေးဆန်ဈေးတက်တိုင်း အဖမ်းခံရလွန်းလို့ “ဒီတစ်ခါ လာခေါ်ရင် ဘယ်သူလိုက်သွား။” ဆိုပြီး အလှည့်ကျ စီမံထားရတယ်။ အခုလည်း မထူးပါဘူး။ ဒေါ်လာဈေးတက်ရင် ငွေလဲတဲ့သူတွေ လိုက်ဖမ်းတာပဲ မဟုတ်ဘူးလား။ ကုန်သွယ်ရေး နဲ့ ကူးသန်းရောင်းဝယ်ရေးကို သမဝါယမ နဲ့ ချုပ်ထားသလိုပဲ စက်ရုံအလုပ်ရုံကထွက်တဲ့ ကုန်ထုတ်လုပ်မှုကိုလည်း သမဝါယမ နဲ့ပဲ ဖြန့်ချီပါတယ်။ ဈေးကွက်ကို ထိန်းချုပ်ထားတဲ့သဘောပေါ့။ အဲ့ဒါကြောင့် ရွှေတောင်တက်ထွန်တို့၊ သာယာဝတီပန်းကန်တို့ဆိုတာ သမဆိုင်တွေကို ရောက်လာတာပါ။ အဲ့ဒီကုန်ပစ္စည်းတွေကို ရပ်ကွက် နဲ့ ကျေးရွာအုပ်စုတွေမှာရှိတဲ့ အရောင်းဆိုင်တွေကို အရောက်ပို့တယ်။ အဲ့ဒါကိုတော့ ပြည်သူ့ဆိုင် လို့ ခေါ်ပါတယ်။

ပြည်သူ့ဆိုင်တွေက ဝယ်ချင်တဲ့သူ ဝယ်ချင်တိုင်း ဝယ်လို့ မရပါဘူး။ မိသားစုတိုင်းမှာ ကုန်ဝယ်ယူခွင့် စာအုပ်လုပ်ရပါတယ်။ အဲ့ဒီစာအုပ်ထဲမှာပါတဲ့ မိသားစုအရေအတွက်အတိုင်းသာ သတ်မှတ်ထားသလောက် ဝယ်ယူခွင့် ရှိပါတယ်။ အဲ့ဒါကြောင့် ဒပ်ဖရင်မှာ ကလေးမွေးပြီးတာနဲ့ မွေးစာရင်းလေးကိုင်ပြီး ပြည်သူ့ဆိုင်က ဆီစာအုပ်ထဲမှာ လူဦးရေစာရင်းသွားတိုးရပါတယ်။ နံမည်တောင် မပေးရသေးလို့ စိတ်ထဲရှိတဲ့ နံမည်တခုခုနဲ့ စာရင်းထည့်ရတာ ကိုယ့်နံမည်က ဆီစာအုပ်ထဲမှာ တင့်အောင်ဝင်း တဲ့။ အဲ့ဒါမှပဲ အနှီးပိတ်တို့ ၊ ဝိုင်အိုလက်ပေါင်ဒါတို့၊ လက်တိုဂျင်နို့မှုန့်တို့ ပြည်သူ့ဆိုင်မှာ ဝယ်လို့ရတာပါ။ ရှိရင် ပြောပါတယ်။ မရှိရင်တော့ မတတ်နိုင်ဘူးပေါ့ကွယ်။ကိုယ်တို့ငယ်ငယ်တုန်းက ပြည်သူ့ဆိုင်က စာရေးမတွေ လက်ကိုင်ထားတဲ့ စကားကြီး ၃ ခွန်း ရှိတယ်။ “မသိဘူး။”“မရှိဘူး။” “ကုန်ပြီ။” တဲ့။ ဘာမေးမေး အဲ့ ၃ ခွန်းပဲ လှည့်ပတ်ဖြေတာ။ မဆလခေတ်က ရပ်ကွက်၊ ကျေးရွာတိုင်းမှာ ပြည်သူ့ဆိုင်လို့ခေါ်တဲ့ အရောင်းဆိုင်ကလေးရယ်၊ အဲ့ဒီမှာရောင်းတဲ့ ပစ္စည်းတွေသိမ်းဖို့ ဂိုဒေါင်တစ်ခုရယ်၊ သမလူကြီးနေဖို့ အခန်းတစ်ခန်းရယ် ရှိကြတယ်။ များသောအားဖြင့် နိုင်ငံခြားသားတွေ ပြန်သွားတဲ့အခန်း၊ ချိတ်ပိတ်သိမ်းဆည်းထားတဲ့အခန်းတွေကို ဆိုင်ဖွင့်ကြတာရှိသလို ဂရံမရှိ အမည်မပေါက်တဲ့ဟာတွေက ဝန်ကြီးဌာန အမည်နဲ့ တရားဝင်သွားတာတွေလည်း ရှိပါတယ်။ သမလူကြီးဆိုတာ ရပ်ကွက်လူကြီးထဲမှာ ဆယ်အိမ်ခေါင်းတို့၊ ရပ်မိရပ်ဖတို့ထက် ပါဝါကြီးပါတယ်။ ဆင်ခြေဖုံး ရပ်ကွက်တွေမှာဆို သမဝါယမ ကုန်ဝယ်စာအုပ်ဟာ ရောင်းစားလို့ရသလို အပေါင်ခံတဲ့သူလည်း ရှိပါတယ်။

ဘာတွေများ ကောင်းကောင်းကန်းကန်း ပေးလို့လဲဆိုရင် ဘာမှတော့ မကောင်းတာ အမှန်ပါ။ သမဆန်ဆိုတာ အင်မတန်ညံ့တဲ့ ဆန်ကြမ်းဖြစ်တဲ့အပြင် စပါးလုံးတွေ၊ ဆန်ကွဲတွေလည်း များပါတယ်။ သူ့ကို ပျာတီးသန့်စင်ပြီးရင် စပါးလုံးကို စာကလေးကျွေး၊ ဆန်ကွဲကို မုန့်လုပ်ဖို့ဆန်ကြိတ်တဲ့ဆီပို့ပြီး ဆန်အကောင်းကိုတော့ မယ်သီလရှင်လောင်းဖို့ ထားပါတယ်။ ဆီလည်း ဒီလိုပါပဲ။ ညံ့မှန်းသိပေမယ့် အကောင်းနဲ့ ရောနှောပြီးသုံးရတာပေါ့။ သမဆိုင်က ကိုယ်တို့ဝယ်သုံးလေ့ရှိတာကတော့ မွှေးဆပ်ပြာ၊ ကာဘော်လစ်ဆပ်ပြာ၊ ရွှေဝါဆပ်ပြာ၊ ဆင်ဖြူတော်ဖယောင်းတိုင်၊ သင်း ကိုယ်လိမ်းပေါင်ဒါ၊ မဉ္ဇူ ခေါင်းလိမ်းဆီ၊ ရေသူမရေမွှေး၊ ဒန်အိုး၊ ဒန်ခွက်၊ ဒန်ဇလုံတွေပါပဲ။ ခွဲတမ်းရသလောက်ပေါ့နော့။ ကောင်းကောင်း မကောင်းကောင်း ဒါပဲ ရှိတယ်လေ။ တရုတ်ပစ္စည်း၊ ယိုးဒယားပစ္စည်း၊ အိန္ဒိယပစ္စည်း ဘာမှ ပေးမဝင်ပါဘူး ဆိုမှ။ ကိုယ်တို့မှာ ထက်ထက်မိုးဦးခေတ်ရောက်မှ ဗြူးတီးခေါင်းလျှော်ရည်လေးကို မြင်ဖူးတာ။ မတ်ဆိရဲ့ အသားအရည် ကို လပစေတာ လာ့ဆပ်ပြာမှန်း သိရတာ။ မဆလခေတ်မှာတုန်းကတော့ ဆင်ချေးတုံးဆပ်ပြာ သုံးမနေရတာ ကံကောင်း။

အားလုံးက အညံ့တွေချည့်ပဲတော့ မဟုတ်ပါဘူး။ ဒါက ရပ်/ကျေးအဆင့် ပြည်သူ့ဆိုင်မို့ပါ။ လူကြီးတွေအတွက်ပေးတဲ့ ပဒုမ္မာ တို့၊ မေ့တွက်တာတို့က ကုန်ဝယ်စာအုပ်တွေဆို ပြန်ရောင်းရင် မြတ်မယ့် အကောင်းစားပစ္စည်းတွေ လိုသလောက်ဝယ်လို့ရပါတယ်။ ကိုယ့်အကိုတစ်ယောက်ဆိုရင် ပဒုမ္မာစာအုပ်တစ်အုပ်နဲ့ RIT ကျောင်းပြီးအောင် တက်လို့ရတယ်။ ကိုယ့်သူငယ်ချင်းတစ်ယောက်ဆိုလည်း မာဇဒါဂျစ်တစ်စီးပေးထားရင် ဆီထုတ်ပြီး ကျောင်းတက်နေလို့ ရတယ်။ ဆိုလိုတာက အဲ့ဒီခေတ်မှာတုန်းက လူကြီးအိမ်ကခွဲတမ်းဆိုတာ ကိုယ်တို့ရပ်ကွက်သမဆိုင်လိုမျိုး ဖွဲတွင် ဆန်ကွဲမစင် မဟုတ်ဘူး လို့ ပြောချင်တာပါ။ ကျောင်းစားရိတ်တော့ ကာမိတယ်။

မဆလအစိုးရ မရှိတဲ့နောက်မှာတော့ အဲ့ဒီ သမဝါယမဝန်ကြီးဌာနကြီးက ပြုတ်လည်းမပြုတ်၊ လုပ်လည်းမလုပ်ပဲ ဒိုင်လျှိုလေးတွေ လုပ်စားကြတယ်ဗျ။ တချို့ဆိုင်ခန်းတွေက အချက်အချာနေရာကောင်းတွေမှာဆိုတော့ ငှါးစားရင်တောင် တစ်လ သိန်း ၅၀-၁၀၀ ပြေးမလွတ်ဘူး။ အရင်းအနှီးလည်းမလို၊ အမြတ်ခွဲပေးစရာလည်း မရှိ၊ အခွန်အခ မပေးရ၊ ငွေစာရင်းရှင်းတမ်း မလိုအပ်။ “ရှူး တိုးတိုး။ သူများမသိစေနဲ့။” ဆိုတဲ့ business လေးတွေ ဖြစ်ကုန်ပါတယ်။ သူတို့ စာရင်းပြရင်တော့ SME လို့ လုပ်ငန်းပြမှာပေါ့။ နိုင်ငံခြားအထောက်အပံ့တွေ၊ ဘဏ်ချေးငွေတွေဟာလည်း ဘီလီယံနဲ့ချီပြီး အဲ့ဒီအောက်မှာ ပျောက်ပျက်သွားကြပါတယ်။ မဆလအစိုးရ မရှိတော့သော်လည်း အသွင်ပြောင်းစစ်အစိုးရရဲ့ ဘယ်နှစ်ခုမြောက် စီးပွါးရေးမဏ္ဍိုင်ကြီးဖြစ်နေသလဲတော့ မပြောတတ်ပါဘူး။ ဘာအလုပ်မှသာ မလုပ်တယ်။ ဝန်ကြီးတွေတော့ တစ်ဆက်ပြီးတစ်ဆက် ပြုတ်ကုန်တာဗျ။ အကုန်လုံး သောက်ကြွေးတွေ ကုဋေကုဋာနဲ့ ထားခဲ့ကြလေရဲ့။ ပုဇွန်တောင်မှာ ဗုံးပေါက်သွားတဲ့ စီးပွါးရေးစင်တာဆိုတာကြီး ရှိပါရောလား။ အထပ်မြင့်အဆောက်အဦကြီး ဟီးလို့ရယ်လေ။ အဲ့ဒါကြီးက ဗုံးကွဲပြီးကတည်းက အခုဆို အနှစ် ၂၀ လောက်ပဲ ရှိတော့မယ်။ ဘယ်သူကမှ ပြန်မပြင်ပဲ ဒီအတိုင်းကို ပစ်ထားတာ အခုထက်ထိ။ အဲ့ဒါ သမဝါယမ နဲ့ ဆိုင်လို့လား ဆိုတော့ ဆိုင်သလိုလို မဆိုင်သလိုလိုရယ်ဗျ။ ဆရာစံလမ်း နဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်က ကြက်လျှာစွန်းပုံ အဆောက်အဦးအကြီးကြီးလည်း အဲ့လိုပဲ။ ဘယ်သူပိုင်မှန်း၊ ဘာတွေလုပ်နေမှန်းတော့ မသိတော့ဘူး။ သမလူကြီးများ ဝင်ထွက်ကျက်စားရာ နေရာတစ်ခုတော့ ဖြစ်နေဆဲပဲ။ ကိုယ်မသိတဲ့အကြောင်းအရာတွေကို ထင်ရာမြင်ရာ ပေါက်ပန်းဈေး လျှောက်ရေးနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သိတဲ့သူ ရှိရင် ပြောပြစမ်းပါ။ သမဝါယမ ဝန်ကြီးဌာနဆိုတာ ရှိသေးတာလား၊ မရှိတော့တာလား။ ဘယ်ရောက်သွားပြီး ဘာတွေ လုပ်နေသလဲ။ ကျုပ်တို့လည်း ရေသန့်လေးတစ်ဗူးတောင် မသောက်လိုက်ရပဲ သူများတိုင်းပြည်အပေါ်မှာ ကြွေးတွေ လည်ပင်းခိုက်အောင် တင်နေတယ်ဆိုလို့ ဒီလူတွေ ငါတို့ကိုများ အိမ်ထောင်စုစာရင်းပြပြီး ရောင်းစားသွားသလား သိချင်လို့ပါ။ ကိုယ်လည်း မသုံးမစားရပဲ ကြွေးမဆပ်နိုင်တဲ့အတူတူတော့ လူကိုပါ အပိုင်သိမ်းကြပါဗျာ။ ကိုယ့်စားရိတ်ကိုယ်စားပြီး ကျွန်လာခံပါ့မယ်။ ဒီမှာ မနေချင်တော့လို့။