အလုပ်ထဲမှာ ကိုယ်ရောက်ခဲ့ဖူးတဲ့နေရာတွေကို သတိတရ စာတွေရေးတဲ့အခါ အကြာဆုံးနေခဲ့ရတဲ့ YGH ကြီးကို သတိမရသလိုတော့ ဖြစ်နေပါပြီ။ အမှန်တော့ ရေးခဲ့ပြီးပါပြီ။ သူ့အကြောင်းတွေအများကြီး ရေးခဲ့တာပေါ့။ ချန်ဂင်လိုသာ အပိုင်းတွေ ဆက်မထားတာ။ မှန်ကူကွက်များလို တစ်ပိုင်းချင်း၊ တစ်ခန်းချင်း ရေးခဲ့တာတွေ မနည်းပါဘူး။ YGH ဆိုတာ ကိုယ် 3rd MB လောက် ၁၉၈၈ ကတည်းက ဝင်ထွက်၊ တက်ဆင်း ကျင်လည်ခဲ့ရတဲ့ ဆေးရုံကြီး မှလား။ YGH မှာ အမှတ်ရစရာတွေက အများကြီး။ ဘယ်က စ ရေးးမှန်းတောင် မသိ။ လူနာတွေ၊ ကျောင်းသားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ။ ဆရာကြီး၊ ဆရာမကြီးတွေ။ သို့သော်လည်း လောလောဆယ် သူတို့အကြောင်းတွေ ရေးရင် ကိုယ်ရေးချင်တဲ့ focus ကို အာရုံမရောက်ပဲ သူတို့က “C လား။ Non C လား။ BC , SP ထဲမှာပါလား။ Gen L လား။” နဲ့ ခံစားချက်တွေ ထွက်ထွက်လာလို့ ရှောင်ရေးတာပဲ ကောင်းပါတယ်။ တချို့ကလည်း ဆြာစိုးစာထဲမှာ ပါသွားရင် အစစ်ခံအဖမ်းခံရမှာ စိုးတာလည်း ရှိတာပေါ့။ ဟိုးအရင်တုန်းက ပုံလေးတွေ၊ ဗီဒီယိုလေးတွေ memory ထဲမှာ ပေါ်လာရင် “အဲ့ဒါလေးတွေ ပြန်ဖြုတ် ပေးပါ။” ဆိုပြီး မက်ဆေ့ပို့တဲ့သူတောင် ရှိတယ်။ ကိုယ့်မှာ စာဖတ်သူတွေများနေတာတောင် သူတို့က “ဒေဝဒတ်လည်း သူ့ပရိသတ် နဲ့ သူ” လို့ အောင့်မေ့နေမှာ။ အဲ့ဒီတော့ လွမ်းချင်ပေမယ့် မလွမ်းသာပါဘူး။ လွတ်လွတ်ကင်းကင်း ရှိတဲ့ ဆေးကုမ္ပဏီတွေပဲ လွမ်းတာ ကောင်းပါတယ်နော့။ ကိုင်း ဆေးကုမ္ပဏီအသီးသီး၌ အလုပ်လုပ်ကိုင်ကြကုန်သော လူကြီး၊ လူငယ်၊ ကျား၊ မ၊ လူပျို၊ အပျို အပေါင်းတို့။ သတိရသေးရဲ့လား လို့ မေးစမ်းချင်တယ်။
ဆေးကုမ္ပဏီတွေနဲ့ ပါတ်သက်လာရင် ဆရာစိုးတို့က ငွေရေးကြေးရေး အလွန်တရာ ရှင်းသော်ငြား စပွန်ဆာမကင်းတာကိုတော့ ဝန်ခံရပါလိမ့်မယ်။ ကျေးဇူးရှိတယ် လို့ပဲ ဆိုကြပါစို့။ စာမေးပွဲရှိတဲ့နေ့ဆိုရင် မနက်ခင်း breakfast ကတည်းက သူတို့ကျွေးရာ စားရတယ်။ စစ်နေတဲ့အချိန် ကော်ဖီ၊ ရေနွေး၊ ဝါးစရာလေးကအစ သူတို့တကောက်ကောက် လိုက်ကျွေးတယ်။ ပြီးရင် နေ့လည်စာလည်း မထပ်စေရဘူး။ “ဆရာ ဘာစားချင်သလဲ။ ပြော။” ဆိုတာချည့်ပဲ။ CME တွေ၊ Clinical Meeting တွေကျရင်လည်း ကောင်းနိုးရာရာလေးတွေ ပြင်ဆင်ကျွေးမွေးကြသဗျ။ ဘာမှ မရှိရင်လည်း ကြုံရင်ကြုံသလို စားစရာသောက်စရာတွေ လာရောက်ကျွေးမွေးကြတာ အိမ်ကကျွေးတာထက်တောင် သူတို့ကျွေးတာ ပိုများလိမ့်မယ် ထင်ပါတယ်။ ကျေးဇူးကြီးပေ ကျွေးမေမေတွေ။ တခါတခါ ကလေးတွေကို သူတို့အမေဈေးကပြန်လာသလိုမျိုး “ဆရာ့အတွက် မုန့်ပါတယ်။” ဆိုပြီး ဝင်ပေးသွားကြတာ ရှိသေး။
“ဆရာက ဒါဆို လာဘ်စားတာလား။ သူတို့ကျွေးတာတွေစားပြီးရင် သူတို့ဆေးတွေကို သုံးပေးရမှာပေါ့။” ဆို “ဟင့်အင်း။ အဲ့သလိုတော့ မဟုတ်ဘူးဗျ။”လူနာအတွက် ဆေးပေးတဲ့အချိန်ကျရင် သူတို့ကျေးဇူးကို ခဏမေ့ထားပြီး ဆေးရဲ့ အာနိသင် (efficacy) နဲ့ ဈေးနှုန်း (price) ကိုပဲ အဓိက စဉ်းစားပါတယ်။ သူတို့ကလည်း “ငါကျွေးထားတယ်။ ငါ့ ဆေးသုံးပေး။” ဆိုတာမျိုး မဟုတ်ပဲ သူတို့မျက်နှာလေးတွေနဲ့ သူတို့ product ကလေးတွေ တွဲမြင်မှတ်မိပြီးတော့ သုံးမယ့်အချိန်မှာ သတိရရင် ရပါပြီ။ “ဆြာရီးနော်။ သမီးရဲ့ဟာလေးကို သုံးမပေးရင် သမီး ငိုလိုက်မှာ။” ဆိုတဲ့ promotion မျိုးတော့ ကိုယ့်ဆီမှာ မရှိပါဘူး။ ကိုယ့်တစ်ဦးတည်းသက်သက်ဆိုရင် ဘယ်သူ့ဆီကမှ ဘာအကူအညီမှ မတောင်းသလို ဘာဖြစ်ရပါစေ့မယ် ဆိုတဲ့ ကတိလည်း ဘယ့်သူ့ကိုမှ မပေးဖူးပါဘူး။ ဒီ ward မှာ ဒီ activity တွေရှိရင် ဒီအတိုင်းအတာထိတော့ sponsor ပေးရမယ် ဆိုတဲ့ သူတို့ ကုမ္ပဏီရဲ့ ပေါ်လစီအတိုင်း။ ကိုယ်တို့ဘက်ကလည်း ward ထဲမှာ ဒီဟာဒီဟာ လုပ်စရာရှိရင် ဆေးကုမ္ပဏီတစ်ခုခုဆီက sponsor တောင်းလိုက် ဆိုတဲ့ protocol အတိုင်း။ နှစ်ဦးနှစ်ဘက် အလုပ်သဘော ဆက်ဆံတာသာ ဖြစ်ပါတယ်။ သူတို့ဘက်က ဆြာစိုးလေးမို့ စပွန်ဆာပေးတယ် ဆိုတာ မရှိသလို ကိုယ့်ဘက်ကလည်း “သမီးလေးဆီကပဲ ယူမှာ။” ဆိုတာမျိုး မရှိပါဘူး။ သူကျွေးတဲ့ အစားတလုပ် ကိုယ့်ပါးစပ်ထဲရောက်သော်ငြားလည်း သူနဲ့ကိုယ်နဲ့ကြားမှာ personal မရှိပါဘူး။
ဒါဆိုရင် ဆရာစိုးက ကလေးတွေကို ညာစားနေတာပေါ့။ သူတို့ဆေးတွေကို သုံးချင်ယောင်ဆောင်ပြီး။ အဲ့သလိုလည်း မဟုတ်ပြန်ဘူး ခင်ဗျာ။ ဆေးရုံမှာ လူနာတွေအများကြီးပဲဟာ။ တခါတရံ သတိတရနဲ့ သူတို့ဆေးတွေကို စောင့်ရှောက် ပေးတဲ့အခါလည်း ရှိပါတယ်။ အာနိသင်ကို ယုံကြည်စိတ်ချတယ်ဆိုရင်ပေါ့။ တခါတရံမှာ ဆေးတစ်မျိုးတည်းကိုပဲကုမ္ပဏီ နှစ်ခုက ထုတ်တာ ဈေးကထက်ဝက်လောက် ကွာနေတာလည်း ရှိပါတယ်။ ယှဉ်သုံးကြည့်လိုက်တဲ့အခါ ဈေးကြီးတဲ့ဆေးက အာနိသင်ပိုကောင်းတာလည်း သိပါတယ်။ ဒါပေမယ့် ဈေးနည်းတဲ့ဆေးမှာလည်း အာနိသင် မရှိတာ မဟုတ်ပါဘူး။ ဆေးရုံက မပေးနိုင်တဲ့ဆေးမို့ လူနာကို ဝယ်ခိုင်းရတဲ့အခါ “သူတို့က ဘယ်လောက် တတ်နိိုင်မှာတုန်း။” ဆိုတဲ့အချက်က ထည့်မစဉ်းစားလို့မရပါဘူး။ ဒါကြောင့် ဘယ်ဆေးက ဘယ်လောက်စိတ်ချရတယ်။ ဈေးဘယ်လောက်ရှိတယ် ဆိုတဲ့အချက်ဟာ ကိုယ်တို့သိထားရမယ့် ကိစ္စပါပဲ။ ဆေးဆိုင်မှာ ကိုယ်တိုင်သွားဝယ်တာမှ မဟုတ်တာ။ ဆေးကုမ္ပဏီတွေ လာမှ သိမှာပေါ့။
နောက်တစ်ခုကတော့ ဆေးကုမ္ပဏီတွေဟာ သူတို့ဆေးတွေကို “ဆရာ သုံးပေးပါ။ ဆရာသုံးဖို့ပါ။” ဆိုပြီး ဆေးနမူနာတွေ မှန်မှန်လာပို့ကြပါတယ်။ အဲ့ဒီဆေးတွေကို ကိုယ်က ပြန်ရောင်းမစားဘူး။ ဆိုင်လည်း မသွင်းဘူး။ ဘီဒိုတစ်လုံးနဲ့ ထည့်ထားပြီး ဆေးမဝယ်နိုင်တဲ့ လူနာတွေကို သုံးပေးပါတယ်။ သူတို့က sample အများကြီးပေးထားရင် ward ထဲမှာ အများကြီး သုံးဖြစ်ပြီး efficacy လည်း စိတ်ချရတယ်ဆိုရင် အသုံးများတဲ့ brand ဖြစ်ပြီး ပေါက်သွားတာပါပဲ။ ကိုယ်တို့က ဆေးတွေပေးပြီးရင် နေ့တိုင်းလည်း round နေတဲ့သူတွေ ဖြစ်တဲ့အတွက် generic ချင်းတူရင် ဘယ် brand က ကောင်းတယ် ဆိုတာ သိပါတယ်။ ဟင်းခပ်မြည်းတဲ့သူတွေလိုမျိုးပေါ့။ လူနာကို ဆေးပေးတဲ့အခါကျရင် ခင်မင်ရင်းနှီးမှုကို ရှေ့တန်းမတင်ပါဘူး။ “ငါ့ ward ထဲမှာ ဒီဆေးပဲ သုံးရမယ်။ ဟိုဆေးမသုံးရ။” ဆိုတာမျိုးလည်း အငယ်တွေကို တစ်ခါမှ မကြပ်ဖူးပါဘူး။ သူပေးရင် သူ့ဆေးပဲ။ ကိုယ်လိုက်ပြင်စရာ မရှိဘူး။ များသောအားဖြင့် ward round လို့ order ပေးရင် generic name နဲ့ပဲ on တာများပါတယ်။ prescription နဲ့ပါတ်သက်ရင် မလျော်ဩဇာ မသုံးတတ်လို့ပါ။ အငယ်တွေရှေ့မှာ မတော်မတည့်ကိစ္စမျိုး ကိုယ်သတိထားတယ်လေ။
ကိုယ်တို့ဆေးရုံက ဆေးတင်ဒါတွေ ခေါ်တဲ့အခါတော့ အစည်းအဝေးတွေ တက်ရပါတယ်။ ဆေးနဲ့ ဆေးပစ္စည်းပေါင်းများစွာကို generic တူရာတူရာ စုထားပေးပြီး ဘယ် brand ကို ရွေးချယ်မလဲ vote လုပ်ရတာပါ။ ဆေးရုံကြီးက လူနာဆောင်တွေတိုင်း ကိုယ်စားလှယ်တစ်ယောက်စီ တစ်ယောက်စီ လွှတ်ပြီး voting system နဲ့ ရွေးချယ်ပါတယ်။ ပြီးရင် အရွေးအများဆုံးကို ထိပ်ဆုံးမှာထားပြီး အစဉ်လိုက်စီပါတယ်။ ပြီးရင် နောက်တစ်ရက် ထပ်ခေါ်တာက တင်ဒါဝင်ပြိုင်ထားတဲ့ ဆေးကုမ္ပဏီတွေရှေ့မှာ သူတို့ပေးနိုင်တဲ့ ဈေးနှုန်းတွေကို စာအိပ်ဖွင့်ဖောက်ပြီး ဒီအတိုင်းမှန်လား confirm လုပ်ပါတယ်။ နောက်ရက်ကျတော့ clinician တွေပြန်ခေါ်ပြီး ဆေး နဲ့ ဈေး နဲ့ ပြန်ညှိပါတယ်။ အများဆုံးရွေးထားတဲ့ဆေးက ဈေးအကြီးဆုံးဖြစ်နေရင် ဘတ်ဂျက်အရ အရေအတွက် နည်းနည်းပဲ ရလိမ့်မယ်။ ဈေးသက်သာတာယူရင် အရေအတွက် များများရမယ်။ မျှယူမယ်ဆိုရင်ကော ဘယ်ဟာကို ဘယ်လောက်ယူမလဲ ဆုံးဖြတ်ကြရပါတယ်။ တတ်နိုင်သမျှတော့ တင်ဒါမှာ အဂတိမရှိအောင် စီမံထားတာပဲ။ ကိုယ်လည်းပဲ အဲ့အတွက်နဲ့တော့ နံမည်ပျက်မခံပါဘူး။ ဘယ်ဆေးတွေ တင်ဒါအောင်သွားမှန်းတောင် တခါမှ လိုက်
မကြည့်။ တချို့ဆေးကုမ္ပဏီတွေကတော့ တင်ဒါကို ရင်မခုန်ပါဘူး။ အောင်ချင်ဇောနဲ့ ဈေးတွေအောက်ဆင်းလျှော့ပေးပြီးရင် အဲ့ဒါတွေက ဈေးကွက်ထဲပြန်ရောက်လာလို့ ကိုယ့် product နဲ့ကိုယ် ပြန်ဖိုက်နေရတယ် လို့ ပြောတာပဲ။ ကြားတာကို ပြောတာနော်။ ဘယ်သူပြောလဲ သက်သေလာမတောင်းနဲ့။
ကိုယ့်အနေနဲ့ ဘယ်ဆေးကုမ္ပဏီကိုမှ တင်ဒါအောင်ဖို့ အကူအညီမပေးခဲ့သလို ဘယ်သူတွေ တင်ဒါပြိုင်ထားသလဲ လို့လည်း မစပ်စုပါဘူး။ ကျေးဇူးတော့ ကျေးဇူးပဲ။ ဒီကိစ္စ ကိုယ်ကူညီလို့မရ။ မဲပေးရင်လည်း ကိုယ်ကြိုက်တာ ကိုယ်ပေးခဲ့တာ။ သူတို့နဲ့တော့မဆိုင်။ သူတို့ကို ကိုယ်ကူညီပေးနိုင်တာ တစ်ခုပဲ ရှိပါတယ်။ နားထောင်ပေးတာပါ။ ရန်ကုန်မှာ ဆေးကုမ္ပဏီပေါင်းများစွာရှိပါတယ်။ ဆေးရုံကြီးမှာဆို sale promotor တွေ ခြေချင်းလိမ်နေတာပါ။ အကုန်လုံးကလည်း သူတို့ product အကြောင်းကို ပါးစပ်က အမြှုတ်ထွက်မတတ် ပြောချင်ကြတာချည့်ပဲ။တစ်ယောက် ၅ မိနစ် ပြောရင် ၁၂ ယောက်ဆို တစ်နာရီကြာပါမယ်။ မနက်မနက် အခန်းရှေ့မှာ လူ ၂၀-၃၀။ ချောင်းကြည့်ပြုံးပြနဲ့ တစ်ယောက်ပြီးတစ်ယောက် နားထောင်ရတာ လွယ်တာတော့ မဟုတ်ပါဘူး။ သို့သော်လည်း သူတို့က ကိုယ်နဲ့တွေ့ပါတယ်လို့ ဒိုင်ယာရီထဲမှာ အရေးပြမှ သူတို့စူပါဗိုက်ဆာက သူတို့ကို အလုပ်လုပ်တယ် လို့ ယုံမှာလေ။ ဒီကိစ္စက သူတို့တတွေရဲ့ ပရိယေသန ဝမ်းစာရေးပဲ။ အဲ့ဒီအတွက် ကိုယ်စိတ်ရှည်လက်ရှည် နားထောင်ပါတယ်။ အချိန်လည်းပေးပါတယ်။ ကိုယ့်အခန်းရှေ့မှာ “ဆေးကုမ္ပဏီ မလာရ” လို့ တစ်ခါမှ မရေးသလို ဆေးခန်းမှာ ကိုယ်နဲ့ဝင်တွေ့ရင် လူနာကြည့်တဲ့ consultation fees ပေးရမယ် လို့လည်း မတောင်းဖူးပါဘူး။ နှစ်ဦးနှစ်ဘက်သူ့ကျေးဇူး ကိုယ့်ကျေးဇူးနဲ့ပါ။
ဆေးကုမ္ပဏီတွေက ဆရာဝန်တွေအပေါ်မှာ အမြတ်ထုတ်သွားတယ်။ ချမ်းသာသွားတယ် ဆိုရင် ကုမ္ပဏီအနေနဲ့တော့ မှန်ချင်မှန်ပါလိမ့်မယ်။ အခု ကိုယ့်ကို လာတွေ့တဲ့ ကလေးတွေတော့ သူဌေးမဖြစ်ပါဘူး။ သူတို့က လခစား ဝန်ထမ်းဟာကို။ ရုံးပြင်ကန္နားမှာ မျက်နှာအောက်ချပြီး ဝင်ရထွက်ရတဲ့ ဘဝမျိုးကို အဲ့ဒီကလေးတွေ နေ့စဉ်ကြုံတွေ့နေရတာပါ။ ဆေးရုံဆိုတာ ဘယ်လို အဝန်းအဝိုင်းမျိုးလဲ လူတိုင်းအသိ။ ကိုယ့်ဆီလာလို့ စိတ်ညစ်၊ စိတ်ဆင်းရဲရတဲ့ ဝန်ထမ်းလေးတွေ မရှိအောင်တော့ နေပါတယ်။ အကုန်လုံးကို ကောင်းမွန်ချိုသာစွာ စကားပြောပါတယ်။ လိုချို၊ လုပ်ချို မချိုပါဘူး။ ကိုယ့်ဆီဝင်ထွက်သွားလာဖူးတဲ့သူတိုင်း သိမှာပါ။ ဘယ်သူဘယ်ဝါလို့တော့ မမှတ်မိပါဘူး။ အကုန်လုံးကို သတိရလို့ စာရေးလိုက်တာ။
တချို့တလေတော့ လူချင်းခင်တာလည်း ရှိပါတယ်။ “ဆရာ့ကို ထမင်းလိုက်ကျွေးချင်လို့ပါ။” ဆိုပြီးဖိတ်တော့ “အေး။ ရတယ်လေ။” ဆိုပြီး ၁၈ လမ်းက မျောက်သုံးကောင်မှာ အော်ပွန်ထမင်းပေါင်း သွားစားလိုက်တယ်။ သူ့လခနဲ့ ဒီလောက်ပဲ ကျွေးခိုင်းရမှာပေါ့။ သူလည်း တောင်ကုတ်က ရန်ကုန်မှာ အလုပ်လာလုပ်ရတာ။ ဟိုမှာ သူ့အမေနဲ့ မောင်လေး ရှိသေးတယ်။ ကိုယ့်အတွက်တော့ ထမင်းတစ်နပ်ဟာ ၁၈ လမ်းမှာစားစား၊ Manhattan Fish Market မှာစားစား ဗိုက်ပြည့်တာချင်း အတူတူပါပဲ။ နောက်ကလေးတစ်ယောက်ကတော့ ကချင်ကလေးပါ။ မူဆယ်၊ နမ့်ခမ်းဘက်ကလာတာ။ သူ့ကုမ္ပဏီက တရုတ်ကုမ္ပဏီဖြစ်တော့ မစွံပါဘူး။ သူ့ product ကလည်း ဆေးရုံမှာသုံးတဲ့ product မဟုတ်ပဲ placebo ဆန်ဆန်ပေးရမှာဆိုတော့ ကိုယ်မသုံးဖြစ်ဘူး။ မတ်မတ်ဝင်းလို “အရွယ်တင်၊ နုပျို၊ အသားအရည်ကို စိုပြေသည်” ဆိုတဲ့ ဆေးမျိုးကိုလည်း လူနာတွေကို မညွှန်းတတ်ဘူး။ ဘယ့်နှယ်။ ခွဲစိတ်ဆောင်ကြီးဟာကို။ တချို့ product တွေက ကိုယ်နဲ့ မအပ်စပ်ဘူး။ ဒါပေမယ့် သူကလည်း အပါတ်တိုင်းလာတယ်။ ဒိုင်ယာရီဖြည့်ဖို့လား မသိပါဘူး။ သူ့ရုံးက ရွှေဂုံတိုင်မှာဆိုတော့ နောက်နေ့လာရင် ကိုယ့်ဆမစာအုပ်ကလေး သက်တမ်းတိုးဖို့ အပ်ခဲ့ပါ လို့ မှာလိုက်တယ်။ အလုပ်ဝင်ကတည်းက တစ်ခါမှ သက်တမ်းမတိုးရသေးဘူး။ အထူးကုလိုင်စင်လည်း မလျှောက်ရသေးဘူး။ အစိုးရအလုပ်ထဲမှာဟာကို လိုင်စင်မှ မလိုတာ။ ဆယ်သိန်းကျော်လောက် ကုန်မယ်ဆိုလို့ မလုပ်ဖြစ်တာလည်း ပါပါတယ်။ ကိုယ့်ဆရာတစ်ယောက်က မုန့်ဖိုးပေးလာလို့ လုပ်ထားလိုက်မယ်ဆို သူ့ခိုင်းတာ။ နို့မို့ မလုပ်ဘူး။ သူများ ရုံး staff ကို personal တွေ ခိုင်းတယ်ဖြစ်မှာစိုးလို့ “သပ်သပ်မသွားနဲ့။ ဆေးရုံတွေပတ်တဲ့နေ့ကျမှ ဝင်ပေးခဲ့။” ဆိုပြီး assignment ပေးသလို ပေးလိုက်ပါတယ်။ သူလည်း ရုံးမှာ အလုပ်ပြလို့ရအောင်။ အဲ့လိုမျိုး တချို့ကို ပိုရင်းရင်းနှီးနှီးနေတာတော့ ရှိပါတယ်။ PG တက်တုန်းကဆို ပိုတောင်ရင်းရင်းနှီးနှီးနေသေး။ သူတို့ပေးတဲ့ ဘောပင်တွေပဲ သုံးရတာ။ ဆေးကမအပ်စပ်လည်း လူကအပ်စပ်အောင် ကူညီပေးတဲ့သဘောပါပဲ။ တခါတခါကျတော့လည်း အဖိုးကြီးဆေးတွေ ပရိုမိုးရှင်းလာဝင်တယ်ဗျ။ ဒါမျိုးတွေက ဆရာကြီးတွေပဲ တိုးတိုးတိတ်တိတ် နမူနာပေးရတဲ့ဆေးတဲ့။ အလိုဗျာ။ စော်တော်ကား မော်တော်ကား။ လူကိုများ ဆေးကူမှ ဖေးထူရမယ့် အရွယ်မှတ်လို့။ မယူချင်ပါဘူး ညည်းတို့ဆေး။ အပြီးသတ်ကျမှ ကိုယ့်ဒေါသနဲ့ကိုယ် ဘယ်သူ့ပေါက်ကွဲရမှန်း မသိဖြစ်နေမယ်။ သူငယ်ချင်းတွေသိရင်တော့ “မင်းမယူရင် ငါတို့ပေး။” လို့ တောင်းကြမှာ။
သုံးလမှာတစ်ခါလောက်တော့ ဆေးကုမ္ပဏီတွေက ဒင်နာစပွန်ဆာပေးတာ ရှိပါတယ်။ House Surgeon Farewell မှာပါ။ ဂျူတီကျတဲ့သူကလွဲလို့ တစ်ဝါဒ်လုံးကိုကျွေးရတာပေါ့။ သောက်ကြ စားကြ သီချင်းတွေဆိုကြ။ ပြီးရင် plan B ဆို ကလပ်တွေ ဆက်ရွေ့ကြ။ တော်တော် ပျော်စရာကောင်းပါတယ်။ စပွန်ဆာကျတော့ သွားကြီးအဖြီးသားနဲ့တောင်းပြီး marketing ဝင်တော့မှ ချေမိုးနေရတာ အားနာစရာကြီး။ သူတို့က CME trip တွေလည်း ပို့တယ်ဗျ။ ချောင်းသာ၊ ငွေဆောင်၊ မော်လမြိုင်၊ တောင်ကြီး၊ ဖားအံ၊ စစ်တွေ။ နိုင်ငံခြား trip တွေလည်း ပို့တာပဲ။ ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားတို့ဆိုတာ သူတို့ပို့လို့ ရောက်ဖူးတာ။ ဘာလို့ပို့တာလဲတော့ ကိုယ်လည်း မပြောတတ်ဘူး။ လူချင်းရင်းနှီးအောင် ပေါင်းတာပဲ ရှိပါတယ်။ “ကျော့ဆေးလေးကို သုံးပေးပါ ဆျာရယ်။” ဘယ်သူကမှ မပူဆာဘူး။ ကိုယ်တို့လည်း သတိမရဘူး။ ကိုယ့်အာရုံနဲ့ကိုယ်။ စားမယ် သွားမယ်။ ဓါတ်ပုံရိုက်မယ်။ စာရေးမယ်။ ဘယ်သူကပို့တာမှန်းတောင် မမှတ်မိဘူး။
ရန်ကုန်မှာရှိတဲ့ အကောင်းဆုံး အသစ်ဆုံး ဟော်တယ်ကြီးတွေဆိုတာ ဆေးကုမ္ပဏီတွေက ဖိတ်လို့ ရောက်ဖူးတာချည့်ပဲ။ သူတို့ပဲ ပွဲအမျိုးမျိုး လုပ်ကြဖိတ်ကြတယ်။ ရန်ကုန်မှာရှိတဲ့ဘဝဟာ အခုလိုမျိုး အဝတ်အစားလေး ၃-၄ စုံကို မခြောက်နိုင်လို့ မီးကင်ဝတ်နေတာ မဟုတ််ဘူး။ “အရင်ပွဲတုန်းက ဝတ်တဲ့အဝတ်အစားဟာ ဓါတ်ပုံထဲမှာ ပါသွားပြီးသား ဖြစ်တဲ့အတွက် နောက်တစ််စုံထပ်ဝယ်မှ ဖြစ်တော့မယ်။” ဆိုတဲ့ အနေအထားမျိုး။ ပွဲလုပ်တဲ့ ကုမ္ပဏီထက်တော့ ဆြာစိုးလေးဖက်ရှင်က လျော့နေလို့ မဖြစ်ဘူး လို့ ဂရုစိုက်နေရတာ။ အောင်မယ်လေး။ ယူတို့ဆြာစိုး အခုဖြစ်ပျက်နေပုံမြင်ရရင် မျက်ရည်တွေတောင် လည်လာမှာ။ တောထဲရောက်ပြီးမှလည်း ဆေးကုမ္ပဏီတချို့နဲ့ အဆက်အသွယ် ရှိပါသေးတယ်။ သူတို့ဆီက ဆေးမှာရင် ဝယ်တာက တဝက်၊ အလကားပေးတာက တဝက်မကဘူး။ ဒိတ်နီးတဲ့ဆေးတွေဆိုလည်း အကုန်အလကားထည့်ပေးတာ။ ဒါပေမယ့် နောက်ပိုင်းမှာ အဖမ်းအဆီးကြမ်းလာလို့ သူတို့ဆီက မမှာတော့ပါဘူး။ သူတို့ဆေးကိုပဲ ဆိုင်ကနေမှာပြီး အားပေးတယ်။ ဒေါ်လာဈေးတွေ ကမောက်ကမ ဖြစ်လို့ သူတို့လည်း အဆင်မပြေကြဘူး ကြားတယ်။
တကယ်တော့ Pharmaceutical Industry ဆိုတာ ကိုယ်တို့ ကုသရေး ဆရာဝန်တွေနဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေကြတာပါ။ ပူးစား ပေါင်းစား၊ ဝေစားမျှစား မဟုတ်ပဲ ဈေးကွက်ထဲမှာ ထိုးဖောက်ယှဉ်ပြိုင်နိုင်ဖို့ ဆရာဝန်တွေရဲ့ အကူအညီ ယူရတာ။ ဆရာဝန်တွေကလည်း သူတို့ဆီက sponsor အကူအညီကို corruption အဆင့်ထိ မရောက်
အောင် ယူရတာပဲ။ “သူဌေးဖြစ်တော့ သူတို့ဖြစ်တာ။” ဆိုပြီး ကိုယ့်အတွက် ဝေစုရအောင် လိုက်တောင်းရတာမျိုး မဟုတ်ပါဘူး။ အကူအညီက အကူအညီအဆင့်မှာပဲ ထားတာကောင်းပါတယ်။ အပြန်အလှန်ကူညီတယ်။ အပြန်အလှန် ကျေးဇူးတင််တယ်။ တော်ပြီပေါ့။ Product တစ်ခုပေါက်သွားရင် သူဌေးဖြစ်တာ သူတို့မှ မဟုတ်ပါဘူး။ လူပျံတော်ပတ္တမြားတို့၊ စိန်ဘယက်လေကွဲဆေးတို့၊ ဆရာမောင် ဆေးနီမှုန့်တို့လည်း တစ်မည်တည်းနဲ့ သူဌေးဖြစ်တာပဲ။ ကိုယ်တို့ကို အင်ဒိုနီးရှားက ဘောရောဗူးဒူးကို ဘုရားဖူးပို့တဲ့ ကုမ္ပဏီဆို သူတို့ရဲ့ factory visit ကို မြန်မာဆရာဝန် အယောက် ၅၀ လောက် ဖိတ်ပြီးပြတာပါ။ သူတို့ထုတ်တဲ့ product က ဘယ်ဆရာဝန်မှ သုံးပေးစရာမလိုပဲ ကွမ်းယာဆိုင်နဲ့တင် ဝက်ဝက်ကွဲပေါက်တာ။ Mixagrip လို့ခေါ်တဲ့ ကုလားလေးကောင် ဆေးလေ။ ခေါင်းလေးလုံးဆေး လို့လည်း ခေါ်တယ်။ ဘာမှ အထွေအထူးလည်း မဟုတ်ဘူး။ ပါရာစီတမောနဲ့ နှာစေးချောင်းဆိုးဆေးလေး တွဲထားတာ။ ဆေးအတွဲအစပ်ကြောင့်လည်း မဟုတ်၊ အာနိသင်ထူးကဲလွန်းလို့လည်း မဟုတ်။ ဆေးကဒ်ပေါ်က ချောင်းဆိုးနေတဲ့ လူ ၄ ယောက်ပုံကို အလွယ်မှတ်ပြီး ဝယ်ကြသောက်ကြတာ။ မြန်မာပြည်မှာတော့ သူ့ဆေးမရှိတဲ့ ဆေးဆိုင် မရှိဘူး။ သူ့ဆေးကို အခုအလည်အပတ်ပို့တဲ့ ထိပ်ထိပ်ကြဲ အထူးကုဆရာဝန်ကြီးတွေ ဘယ်သူမှ မသုံးကြ မညွှန်းကြတာ သေချာတယ်။ ဒီလူတွေ ဒီလောက်အကုန်အကျခံလို့လည်း သူ့ product အရောင်းတက်လာစရာ အကြောင်းမရှိဘူး။ သို့ပေမယ့် သူ့စက်ရုံကို မြန်မာပြည်က ဆရာဝန်တွေ အများကြီးတောင် လာကြည့်သွားကြတယ် ဆိုတာကို လိုချင်တာလား မသိ။ ကျေးဇူးတော့ တင်တာပေါ့လေ။ ပျော်လည်း ပျော်တာပေါ့။ ဟိန္ဒူဘုရားကျောင်းနောက်ခံနဲ့ လေဟာပြင်ဇာတ်ရုံကြီးမှာ အင်ဒိုနီးရှားရာမာရဏဇာတ် ကြည့်ရတယ်။ Five stars hotel က Gala dinner မှာ live band နဲ့ သီချင်းတက်ဆိုခဲ့ရတယ်။ ပျော်စရာကြီးပါဆိုနေ။ “နှစ်သစ်မင်္ဂလာ အတာရေသဘင်ပွဲမှာ ….” ဆိုတဲ့ သင်္ကြန်သီချင်းဟာ အင်ဒိုနီးရှား သီချင်းဖြစ်နေမှန်း အဲ့ဒီရောက်မှ သိတော့တယ်။
“အားယိုးမာမာ
ဂျန်ဂန်မာမာ မာရာဘေးတာ။
ဒီးယားကျူမာ ဒီးယားကျူမာ
ပီဂန် ဘေးတာ။
အားယိုးမာမာ
ဂျန်ဂန်မာမာ မာရာဘေးတာ။
လား အူရန် မူဒါး ပင်ညာ ဘီယားစာ။ “