သိသလို မသိသလိုပါပဲ

အိမ်ရှေ့နား မယောင်မလည်

ကိုယ်လေ ရောက်သွားခဲ့။

စွန်ညိုမလေးအလား

သိလို့လား မသိလို့နေမလား။”

ဟုတ်ကဲ့။ သိသလိုလိုနဲ့ မသိဘူး။ ဒါပေမယ့် မသိသလိုလိုနဲ့ သိပါတယ်။ အကုန်လုံးက “သိနေတယ်။ မပြောသေးဘူး။” လို့ လုပ်နေကတည်းက “စမ်းသီးတော့ စမ်းသီးပဲ” ဆိုတာသိတာပေါ့။ ဘာစမ်းသီးမှန်းသာ မသိတာ။ ဝမ်းသာစရာ စမ်းသီးလို့တော့ပြောတာပဲ။ ဒီချိန်မှာ ဝမ်းသာစရာဆိုလို့ကလည်း ဟိုဘက်က တစ်ကောင်ကောင် မတ်စိကိုက်တာပဲ ရှိမှာပါ။

လူသေရင် ပျော်နေရတဲ့ ကိုယ်တို့ဘဝကလည်း ပျော်စရာ မကောင်းလိုက်တာ။ ကမ္ဘောဒီးယားမှာ ပိုပေါ့လက်ထက်တုန်းကဆို တိုင်းပြည်ရဲ့ လေးပုံတစ်ပုံ ပြုတ်ပြုတ်ပြုန်းသွားတာတဲ့။ ခမာတွေနီရတာလည်း အဲ့သလောက်တောင် ကြောက်ဖို့ကောင်းပေသကိုး။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းဆရာတွေ၊ ပညာတတ်တွေကို ဖောက်ပြန်ရေးသမားတွေဆိုပြီး အကုန်သတ်ပစ်သတဲ့။ ဗမာတွေနီတာလည်း သူတို့နဲ့သိပ်မထူးပါဘူး။ ဒီမှာတော့ CDM တွေဆိုပြီးသတ်ပစ်တာပေါ့။ ခမာနီတွေသတ်တဲ့အထဲမှာ ကျောင်းသား၊ ကလေးသူငယ်တွေမပါပဲ ဗမာစစ်တပ်က သတ်ပစ်မှ ပုခက်တွင်းကလေးငယ်တွေပါ မလွတ်ဘူး ဆိုတော့ တို့က ပိုရက်စက်တယ် လို့ ပြောလို့ရမလား မသိ။ ကိုယ်တို့ကြုံနေရတဲ့ အဖြစ်ဆိုးတွေဟာ ကမ္ဘာပေါ်မှာ ကွန်မြူနစ်အာဏာရှင်ဝါဒတွေ ဘယ်လိုပြိုကွဲပျက်စီးသွားရတယ် ဆိုတဲ့ သမိုင်းမှတ်တမ်းတွေအဖြစ် တွင်ကျန်ရစ်ခဲ့မလား မသိဘူး။ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ လာအို၊ ကမ္ဗောဒီးယားဆိုတာ လူ့အခွင့်အရေးတွေ တော်တော်ချိုးဖောက်ပြီး အကျင့်ပျက်ခြစားတဲ့နေရာမှာ စံချိန်တင်တယ်။ ဗမာစစ်အာဏာရှင်တွေကလည်း ကွန်မြူနစ်သာ မဟုတ်တာ။ အဲ့ဒီနိုင်ငံက အာဏာရှင်တွေရဲ့ ဖဝါးခြေအောက် ပြားပြားမှောက်တယ်။ ကွန်မီကမ္ဘာမှာ မဟုတ်တာတွေ အကုန်လုပ်နေတာလည်း ဗူးပေါ်သလို ပေါ်ခဲ့ပြီလေ။ လာအိုစစ်တပ်က ဝစစ်တပ်ကို နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး မူးယစ်ဆေးတွေ မီလီယံနဲ့ချီပြီး ဖျောင်ပလိုက်သတဲ့။ ကမ္ဗောဒီးယားစစ်တပ်ကလည်း သက်ဆင်ကို ထိုင်းနယ်စပ်ထဲထိ ဝင်ခေါ်ပြီး ဖနွမ်းပင်ကို ပို့လိုက်ကြသတဲ့။ နံမည်အသစ်နဲ့ ပတ်စ်ပို့စာအုပ်အသစ်တောင်လုပ်ပေးထားတယ် လို့ဆိုတယ်။ ဒီလူတွေဟာ မအလ နဲ့ တကြိတ်တည်း တဉာဏ်တည်း တဖွဲ့တည်း ဖြစ်နေတာလည်း သိသာနေတာပဲ။ နောက်ထပ် မသမာတဲ့နည်းတွေနဲ့ ဘာတွေ ညစ်တွန်းတွန်းဦးမလဲ မသိ။ သေတာတော့ သေမှာပဲ။ လူတွေအများကြီး သေကြလိမ့်မယ်။ ဒါပေမယ့် သေတဲ့သူတွေက စစ်တပ်ဘက်ကချည့်ပဲဆိုရင် ကိုယ်တို့တွေ လွတ်မြောက်နိုင်ဖို့၊ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အရေး အများကြီး ရှိတယ်။ ဒါကြောင့် ပျော်တယ်။ ရှင်းပြီမှလား။

ကိုယ်တို့ဆေးရုံ မရှိတဲ့နောက် ကလေးတချို့ တိုက်ပွဲမှာ သေကြတယ်။ ဓါတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း ဆိုရင်တော့ မသေသင့်ဘူး လို့ ယူဆတယ်။ ဒါပေမယ့် ခါတိုင်းလို သူတို့ကို အချိန်မီကုပေးမယ့် ဆေးရုံမရှိတဲ့အတွက် သေရတယ်။ သူတို့ကလည်း ဒီရည်ရွယ်ချက်နဲ့ ဆေးရုံကို မရအရ ထောက်လှမ်းပြီး ဗုံးတွေ အတင်းလိုက်ချတာ နေလိမ့်မယ်။ ကိုယ်တို့ကလည်း ဆေးရုံပိတ်ပြီး အိမ်ပြန်မသွားပါဘူး။ လုံခြုံစိတ်ချရတဲ့ တနေရာရှာပြီး ဆေးရုံအသစ်ပြန်လုပ်ဖို့ ကြိုးစားနေပါတယ်။ ကိုယ့်ပေါ်တည့်တည့် ဗုံး ၂ ခါကျပြီးပြီမို့ နောက်တစ်ခါ ထပ်မကျအောင် ပြင်ဆင်ကာကွယ်ရလိမ့်မယ်။ လောလောဆယ်မှာ ဆေးရုံအထိုင်ချဖို့ စိတ်တိုင်းကျတဲ့နေရာ မရသေးဘူး။ ဆရာဦးဇော်ဝေစိုးကတော့ ဗုံးဒဏ်ခံနိုင်အောင် မြေအောက်ဆေးရုံဆောက်ဖို့ ကမ်ပိန်းလုပ်နေတယ်။ ကိုယ့်သူငယ်ချင်းတချို့ကလည်း “Jang Geum; The Phoenix” ဆိုပြီး ကိုယ့်ဆေးရုံ ပြန်လည်ထူထောင်ရေးအတွက် ကမ်ပိန်းကလေး လုပ်နေတယ်။ ဒါပေမယ့် ကိုယ်က အဲ့ဒါကြီးကို သူငယ်ချင်းတွေအကြားကလွဲရင် အပြင်ကို ပျံ့မသွားစေချင်ဘူး။ ချန်ဂင်ကို ခိုင်နှင်းဝေတို့၊ ဝေဠုကျော်တို့လို ဖောင်ဒေးရှင်းကြီး ဖြစ်မသွားစေချင်ဘူး။ မျက်စိထဲမှာ မတော်မတည့်တွေ မြင်ရင် “ငါ့ကျ ဘယ်တော့မှ အဲ့သလို မလုပ်ဘူး။” လို့ ဆုံးဖြတ်ထားတာကိုး။ ကိုယ့်မှာ အစကတည်းက ဆေးရုံဖျက်စီးခံရရင် အသစ်ပြန်ထူထောင်ဖို့ ဖယ်ထုတ်ထားတာ ရှိပါတယ်။ အလှူခံကိစ္စတွေ ပြဿနာတက်လွန်းလို့ ဘယ်သူနဲ့မှ ပွဲမဖြစ်ချင်ဘူး။ ကိုယ့်လာပြီး မဟုတ်ကဟုတ်က စွပ်စွဲရင်လည်း ပန်ဆယ်လို ကို အားကျပြီး GPG လောင်ချာကြီးနဲ့ လိုက်မထုချင်ဘူး။ အဲ့ဒါကြောင့် ကိုယ့်ဆီကို အလှူငွေထည့်ပါရစေ စာလာပို့သူ အတော်များများကို စာမပြန်ဘူး။ ဟိုဘက်ကကောင်တွေကလည်း အဲ့ဒီအပေါက်ကပဲ ဝင်နှောက်ကြမှာလေ။ “ဆြာစိုးက စစ်တပ်ကို သိပ်ဆဲတာပဲ။” လို့ အဲ့သည်ရပ်ကွက်က ပြောကြသတဲ့။ မဆဲလို့ရမလား။ သူတို့လုပ်ပေါက်နဲ့ သတ်တောင်သတ်ပစ်ရဦးမယ့်ဟာကို။ ခုချိန်ထိ “ငါ ဘာများ လုပ်မိလို့လဲ။” ဆိုတဲ့ ပန်းနုသွေးတွေက ရှိသေး။ အဆဲမခံချင် အလင်းဝင်။ မကြားရင် ထပ်ပြောမယ်။ အလင်းဝင်။ နို့မို့ဘာဖြစ်သွားမလဲ ကိုယ့်ဘာကိုယ် သိအောင်လုပ်။

ပူတင် နဲ့ ကျင့်ဖျင်ကို ဓါတ်ပုံတွဲရိုက်နိုင်လို့ Legitimacy ရပြီ လို့ သူ့ကိုယ်သူ အထင်ကြီးနေတဲ့ မအလဟာ တကမ္ဘာလုံးရဲ့ မျက်စိထဲမှာတော့ “အဲ့ဒီကောင် ကိုတင်နွယ်ကြီးပါကွာ။” ဆို အထင်သေးရှုံ့ချတာကို ခံလိုက်ရတယ်။ ရုရှားကပြန်လာကတည်းက မြန်မာပြည်မှာ စစ်တွေရှုံးလိုက်တာ မရပ်မနားပဲ။ ဆေးရုံတွေ၊ ကျောင်းတွေကို တရစပ် ဗုံးကြဲနေတာပဲ ကမ္ဘာက သိသွားတယ်။ ခမာနီတွေ ဆရာဝန်သတ်သလို မင်းအောင်လှိုင်လည်း အများကြီးသတ်ခဲ့တာပဲ ဆိုတာ သမိုင်းမှတ်တမ်းဝင်သွားတယ်။ နောင်ကျ ဓါတ်ပုံတွေနဲ့ ပြတိုက်ထဲမှာကို ထားဦးမှာ။ “ဘယ်နေရာမှာ ကလေးတွေ ဘယ်လောက်တောင် သေသွားတာ ဒီပိုင်းလော့က ဗုံးကြဲတာပေါ့။” ဆိုပြီး ဓါတ်ပုံနဲ့တောင် ပြထားဦးမှာ။ “မော်ကွန်းလည်း ထိုးလောက်တယ်။” ဆိုတာ အဲ့ဒါပဲ။ ဒီကောင်တွေရဲ့ ရာဇဝတ်မှုကို သမိုင်းမှတ်တမ်းပြုစုဖို့ တထောင့်တနေရာက ပါဝင်ခွင့်ရတာ ဂုဏ်ယူလိုက်တာကွာ။

မင်းအောင်လှိုင်က မိုင်းလား ကိုသွားပြီး “မိုင်းလားက ကလေးတွေ မြန်မာပြည်တွင်းမှာ ကျောင်းလာတက်ပါလား။” လိလိလလတွေ ပြောနေပေမယ့် သူတကယ်တမ်းသွားတဲ့ ရည်ရွယ်ချက်က အဲ့ဒါ မဟုတ်ပါဘူး။ ရှမ်းမြောက်က လက်လွှတ်ထားရပြီ။ ရှမ်းတောင်က ကရင်နီဘက်က ခြိမ်းခြောက်နေတယ်။ သူ့အတွက် ရှမ်းပြည်မှာ လုံလုံခြုံခြုံသွားလို့ရတာ ရှမ်းအရှေ့က ကျိုင်းတုံ၊ တာချီလိတ်ပဲ ရှိတယ်။ အဲ့ဒီနယ်မြေတွေက အစတည်းက ကြံ့ဖွံ့ကြီးစိုးတဲ့နယ်မြေ။ အဲ့ဒီဘက်မှာ အကြီးဆုံးလက်နက်ကိုင်က မိုင်းလားပြည်သူ့စစ်ပဲ ရှိတယ်။ လောက်ကိုင်မှာ စကစ နဲ့ ပယ်ဆောက်ချင် ပေါင်းပြီး ဖုန်မိသားစုကို တိုက်ထုတ်လိုက်တဲ့အခါ ဖုန်ကျားရှင်က သူ့သားမက် စိုင်းလင်း ရှိတဲ့ မိုင်းလားဘက်မှာ ခိုလှုံတယ်။ မိုင်းလားက မြေပုံထဲမှာဆိုရင်တော့ ကိုးကန့်နယ်၊ ဝနယ်ရဲ့ အောက်ဘက်မှာ ရှိတယ်။ ဖုန်ကျားရှင် ကွယ်လွန်တော့ အသုဘကို မိုင်းလားမှာ လုပ်တာ။ ပယ်အိမ်ကို ကျားဖျန့်အမှုနဲ့ တရုတ်က ဆွဲစိတဲ့ ၁၀၂၇ မှာ ဖုန်ကျားရှင်ရဲ့သားတွေက တရုတ်အကူအညီနဲ့ ကိုးကန့်ကိုအရင်ဝင်သိမ်း နောက်တော့မှ TNLA၊ KIA နဲ့ပေါင်းပြီး လားရှိုးအထိ ဝင်သိမ်းတော့တာ။ အဲ့ဒီအထဲမှာ PDF တွေရဲ့ အသက်တွေအများကြီးလည်း ပေးခဲ့ရတယ်။ တရုတ်က ကိုးကန့်ခေါင်းဆောင်ကို အကျယ်ချုပ်ဖမ်းပြီး လားရှိုးက ပြန်ဆုတ်ခိုင်းတဲ့အခါ ကိုးကန့်တွေက မြို့ထဲကဆုတ်ပေးပြီး အပြင်က ရံထားတယ်။ လားရှိုးက အောက်ဘက်ကို TNLA က ဆက်သိမ်းထားပြီး တရုတ်ကဝင်ညှိပေးလည်း မရဘူး။ အဲ့ဒါကြောင့် TNLA ကို တောင်ခမ်းဘက်ကနေ အသေအလဲ ဝင်တိုက်နေရင်းမှာ ကိုးကန့်ကကောင်တွေ ဝင်မလာအောင် မိုင်းလားကနေ ခေါ်ဖဲသွားပစ်တာ။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အဲ့ဒီဘက်ကနေ bypass လုပ်နိုင်မလားလည်း သွားချောင်းတာ။ လည်တော့လည်တယ်။ ဒါပေမယ့် တပါတ်မပြည့်ဘူးလေ။ ရှမ်းပြည်ကိုသွားပြီး ရှမ်းလက်နက်ကိုင်တွေကို စကားထဲထည့်မပြောဘူးပေါ့။ အခုလေးတင်ပဲ သူနဲ့ လည်ပင်းဖက် ပေါင်းတဲ့ ဘုရားတကာကြီး ဦးယွက်ဆစ်က တော်လှန်ရေးမှာ မဖြစ်မနေ ပါဝင်ရမယ် လေသံပစ်နေပြီ။ သူ ဘက်ပြောင်းရင် SNA ကလည်း KIA ကို တိုက်မှာ မဟုတ်တော့ဘူး။ ရှမ်းပြည်က လက်နက်ကိုင်တွေဆိုတာ နဂိုတည်းက မှ သပွတ်အူ။ ဒီကောင်က သူ့ကိုယ်သူ လည်လှပြီဆိုပြီး ခြေသွားရှုပ်တာ။

ထိုင်းမှာ သက်ဆင်ထွက်ပြေးသွားတဲ့အခါ ပေတုံတန်က အခြေအနေ မကောင်းတော့ဘူး။ ထိုင်းနယ်စပ်တလျှောက်မှာရှိတဲ့ စကစ စခန်းကုန်းတွေကိုလည်း KNU က တစ်ခုပြီးတစ်ခု သိမ်းယူနေတာ ကုန်တော့မယ်။ မနေ့ကလည်း မုံရွာက နမခထဲကို ရှော့တိုက်ဒုံး ၇ လုံးကျသတဲ့။ ကချင်ပြည်နယ်မှာ စစ်မျက်နှာ ၂ ခု ရှိတယ်။ ဗန်းမော် နဲ့ ဖားကန့်။ တစ်ခုမှ အခြေအနေ မကောင်းဘူး။ ဧရာဝတီတိုင်းမှာ စစ်ပွဲတွေက အင်္ဂပူ၊ ကွင်းကောက် ရောက်နေပြီ။ သူတို့မှာရှိတဲ့ ဟတ်စကီး ၇ စီးမှာ ၂ စီးက အကင်ခံလိုက်ရပြီ။ ဒါတောင် AA ဆီကို လက်နက်တွေရောက်တဲ့သတင်းက အတည်မပြုရသေးဘူး။ ဒီကောင် ဒီအချိန်မှ ထွက်မပြေးသေးရင် လွတ်စရာ မရှိတော့ဘူး။ “မင်းဘယ်ပြေးမလဲ မိချိုသဲ” ဆို ဆွဲစိပလိုက်ရုံပဲ။ မိလို့ကတော့ မသတ်ပေါင်။ ပါးချည့်ပဲ အချက်တစ်ထောင်ပြည့်အောင်ရိုက်မှာ။ လက်ဖဝါးနာရင် ဖိနပ်နဲ့ချွတ်ရိုက်မယ်။

မြေပြင်က စာသင်ကျောင်းတွေကို “ခဏပိတ်ထားဦး။” လို့ ဦးဇော်ဝေစိုးက ပြောပုံထောက်ရင် ပွဲသိမ်းတိုက်ပွဲ အထွေထွေထိုးစစ်ကြီးက သိပ်တော့ ကြာမှာ မဟုတ်ဘူး လို့ ခန့်မှန်းရတယ်။ စစ်ပွဲတွေက နေပြည်တော်နဲ့ လက်တစ်ကမ်း၊ ရန်ကုန်နဲ့ လက်တစ်ကမ်း၊ မန္တလေးနဲ့ လက်တစ်ကမ်း ကို ရောက်နေကြပြီလေ။ အတွင်းမှာဖိနှိပ်ခံနေရတဲ့ ပြည်သူလူထုကလည်း melting point ကို ရောက်နေပြီမို့ အကုန်လုံး ပျော်ဆင်းလာလိမ့်မယ်။ ဒါ့ကြောင့် ဇာတ်သိမ်းခန်းက ကိုယ်တို့ခန့်မှန်းထားတာထက်တော့ မြန်မှာပဲ။ တစ်သင်းတစ်ဖွဲ့၊ တစ်သီးပုဂ္ဂလ နဲ့ တိုက်တဲ့စစ်ပွဲ မဟုတ်ပဲ တနိုင်ငံလုံးက အုံကြွပါဝင်လာကြတဲ့ တော်လှန်ရေးကြီး ဆိုတဲ့အဆင့်ကို ရောက်လာပြီ။ ဒီအရှိန်အဟုန်ကို စစ်တပ်အနေနဲ့ ဘယ်သူ့အားကိုးနဲ့မှ တားဆီးနိုင်မှာ မဟုတ်ဘူး။ ပြည်တွင်းမှာရော၊ ပြည်ပမှာရော မြန်မာနိုင်ငံသားတွေဟာ တစ်ခါမှ ဒီလောက် မညီညွတ်ဖူးသေးဘူး။ ဒီတခါတော့ အောင်ကိုအောင်ရမှာ။ အဲ့ဒီတော့မှ စစ်တပ်ဘောမတဲ့ကောင်တွေ ရူးချင်ယောင်ဆောင်ပြီး ထွက်မပြေးနဲ့။ အကုန်မှတ်ထားတယ်။ ငါလေးက မှတ်ဉာဏ်ကောင်းပါဘိသနဲ့။ တွေ့ကြသေးတာပေါ့ကွာ။

ပြောရင်းဆိုရင်းနဲ့ ဝမ်းသာစရာသတင်းကောင်းက ဘာလဲ။ ဟိုဥစ္စာလေ။ မပြောနဲ့ မပြောနဲ့။ ပြောလို့ မဖြစ်ဘူး။ ရွစိရွစိ သတင်းတွေ ပြန်တက်လာပါတယ်။ မပြောဘူးလည်း ဆိုသေးရဲ့။ ဓါတ်ပုံကြီးတွေနဲ့ ဘယ်လောက်တန်တယ် တင်တဲ့လူကလည်း တင်ပြန်ရော။ အဲ့ဒါ မပါပဲနဲ့တောင် ပလိန်းကြီး အကင်ခံရတာ အဲ့ဒါနဲ့သာဆို ဘာပြောကောင်းမလဲနော့။ ပြောပါတယ်။ မကြာတော့ပါဘူးလို့။ ကိုင်း ရှင် ရင်မခုန်ဘူးလား။ သိလို့လား မသိလို့နေလား။