ပြောင်းလဲတတ်တဲ့ မင်းကို တို့ ဘယ်လိုမှ နားမလည်

ကိုယ့်အဖို့ ဝန်ထမ်းဘဝနဲ့ ပထမဆုံး နယ်ကိုထွက်ဖူးတာ လောက်ကိုင်ပါပဲ။ “တစ်နှစ်ပြည့်ရင် ပြန်ခေါ်ပါ့မယ်။ မေ့နေမှာစိုးရင် ၉ လလောက်ဆို transfer တင်လိုက်ပါ။” လို့ ချော့ချော့မော့မော့ လွှတ်လိုက်သော်ငြားလည်း အချိန်တွေ ကြာလာတာနဲ့အမျှ “မင်းပြောတဲ့ စကားတွေ၊ မင်းပေးတဲ့ကတိတွေ၊ ယုံစားမိတော့ မှားမယ်ဟေ့။” လို့ သဘောပေါက်လာရပါတယ်။ တစ်နှစ်ပြည့်လည်း ပြန်မခေါ်၊ နှစ်နှစ်ပြည့်လည်း ပြန်မခေါ်ပါဘူး။ ယောက္ခမဖြစ်သူက ကြာရင် ဟိုမှာ နောက်အိမ်ထောင်ကျနေမှာစိုးလို့ နေပူတော်က လူကြီးတွေဆီ ကဒီးကဒီး သွားကန်တော့သတဲ့။ သို့ပေမယ့် ခိုင်နှင်းဝေ ဆီ ငွေမှားလွှဲမိတဲ့သူလိုပဲ။ ဟိုပြောသည်ပြော ပြောလွှတ်တာ။ “ဒီလောက် ပိုက်ဆံရတဲ့နေရာပို့ထားပေးတာ။ နေပါစေဦး သူပျော်သလောက်။” တဲ့။ နောက်ဆုံးတော့ “ဒီကောင် မပြောင်းချင်လို့များ လူကြီးတွေဆီ ကြိတ်ကန်တော့ထားသလား မသိပါဘူး။” လို့ အပြောခံရတယ်။ မပြောင်းချင်ပဲတော့ ဘယ်ရှိမလဲ။ ကိုယ်နဲ့အတူတူအောင်ပြီးတဲ့သူတွေ MRCS ဖြေကုန်ပြီ။ အင်္ဂလန်ကို သွားကုန်ပြီ။ Doctorate တွေ တက်ကုန်ပြီ။ ကိုယ့်မှာသာ ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေပြီး ဘာအခွင့်အရေး၊ ဘာခေါ်စာမှ သိခွင့်ဖတ်ခွင့်မရဘူး။ မြန်မာပြည်ဆေးလောကကြီးထဲမှာ ကိုယ့်ကိုလည်း ရှိလေတယ် လို့ ဘယ်သူကမှ သတိမရတော့ဘူး။ တခါတော့ ညီဖြစ်သူက နေပြည်တော်မှာ လောက်ကိုင်ဆေးရုံကို ဆာဂျင်တစ်ယောက် ခန့်တဲ့ အော်ဒါ တွေ့တယ်တဲ့။ အဲ့ဒါ ကိုယ်က ဘယ်ကိုရောက်သတုန်း လှမ်းမေးတယ်။ ဘယ်လိုလုပ် သိမှာတုန်း။ ဘယ်ဖြစ်ဖြစ် ဒီကတော့ ပြောင်းရတော့မှာ ဆိုပြီး အထုပ်ကလေးပြင်ပြီး စောင့်နေတယ်။ တစ်လ၊ နှစ်လ၊ ၆ လလောက်ကြာတော့ ဒါတော့ မဟုတ်သေးဘူး ထင်တယ် ဆို မသင်္ကာတော့ဘူး။ အော်ဒါဆိုတာ ထွက်ပြီးသွားပေမယ့်လည်း နောက်ကပြန်ပြီး လွှမ်းခြုံလိုက်ရင် ရသတဲ့လေ။ မြတ်စွာဘုရား။ ငါ့ တစ်သက်လုံးများ ဒီမှာ ပစ်ထားတော့မလား မသိဘူးနော်။ ဘာလိုလိုနဲ့ ၂ နှစ်ခွဲတောင် ရှိသွားပြီ။ သူများတွေ အဲ့လောက်ကြာကြာ ဘယ်သူမှ မနေရ။ အဲ့လိုနေရင်း ကွမ်လုံက ဆာဂျင်ဆီကနေ ဘူတန်ကို လျှောက်လို့ရတယ် သတင်းကြားလို့ လိုက်စုံစမ်းတာ ဖောင်ပိတ်ရက်က တစ်ရက်ပဲလိုတော့တယ် ဆိုလို့ ညတွင်းချင်း ကားငှါးပြီး နေပြည်တော်ဆင်းရတယ်ဗျာ။ စာတိုက်ကပို့ရင် ဘယ်လိုမှ မမီတော့လို့။ လောက်ကိုင်ကို လာတုန်းကလိုပါပဲ။ ဘူတန်ဆိုတာ ဘယ်နားမှာမှန်းတောင် မသိဘူး။ ဘယ်ဖြစ်ဖြစ် ဒီကလွတ်ရင် ပြီးရောပေါ့။

ဘူတန်က အရင်တုန်းကလည်း မြန်မာဆရာဝန်တွေ ခေါ်ပါတယ်။ အထူးကုဖြစ်ပြီးတဲ့သူတွေပေါ့။ ဒါပေမယ့် လစာက USD 1000 ဆိုတော့ ဘယ်သူကမှ မလျှောက်ကြဘူး။ နည်းလွန်းတယ်လေနော့။ ကိုယ့်ညီကတော့ ပြောတယ်။ “ဘာလုပ်ဖို့ သွားမှာလဲ။ အဲ့လောက်ကတော့ ရန်ကုန်မှာ ရှာလည်း ရလျက်သားနဲ့။” တဲ့။ သူပြောသလိုပါပဲ။ အင်တာဗျူးဖြေတဲ့အခါ ရွေးဖို့ ပယ်ဖို့နေနေသာသာ လိုချင်တဲ့အရေအတွက်တောင် တဝက်ပြည့်အောင်မရဘူး။ အင်တာဗျူးလာဖြေပြီးမှ “ကျွန်တော့်ကို မရွေးပါနဲ့နော်။ ကျွန်တော် မလုပ်တော့ပါဘူး။” ဆို ပြန်တဲ့သူတောင် ရှိတယ်။ လခနည်းလို့ ဒီလိုဖြစ်ရတယ် ဆိုတော့ ဝန်ကြီးဦးကျော်မြင့်က ဘူတန် ကျန်းမာရေးဝန်ကြီးနဲ့ ညှိပေးပါတယ်။ ဒါနဲ့ ကိုယ်တို့မှာ သူ့ကျေးဇူးနဲ့ 1500 စားတွေဖြစ်သွားတာ။ မြန်မာပြည်မှာရတဲ့ လစာ ကျပ် ၁၅၀၀၀ ထက်စာရင် အဆ ၁၀၀ များတာပေါ့ဗျာ။ ဒေါ်လာဈေးက ၁၀၀၀ ပဲ ရှိသေးတာကိုး။ ကိုယ့်အဖို့ကတော့ လစာဆိုတာ ခေါင်းထဲ မရှိပါဘူး။ ဒီအရွယ်ကြီးရောက်မှ မြန်မာပြည်ရဲ့ အပြင်ဘက်ကို ပထမဆုံး ထွက်ဖူးတာ။ ဒါ့ထက် ရင်ခုန်စိတ်လှုပ်ရှားစရာ ဘာမှ မရှိဘူး။

အောင်မယ်လေး။ တောသား မှ တောသားစစ်စစ်ပါပဲ။ ဘန်ကောက်ထရန်စစ်က သုဝဏ္ဏဘူမိလေဆိပ်ကြီးကို နတ်ပြည်ကြီးအမှတ်နဲ့ မိန်းမောနေတာ တစ်ညလုံး။ ရန်ကုန်က ညနေ ၃ နာရီ ထွက်တယ်။ ဘန်ကောက်က နောက်လေယာဉ်က ဘူတန်ကို နောက်တနေ့မနက် ၆ နာရီမှ ထွက်မှာ။ အဲ့တစ်ညလုံး လေဆိပ်ထဲမှာ ငုတ်တုတ်မိုးလင်းပေတော့။ အကုန်လုံးက အခုမှ မြင်ဖူးတာ အသစ်အဆန်းချည့်ပဲ။ ပါတဲ့ပိုက်ဆံလေး မဖြစ်စလောက်ကလည်း သုံးကို မသုံးရဲတာ။ ဒါကုန်ရင် အိမ်ပြန်တောင်းလို့ မရဘူး။ ဟိုရောက်ရင် ဘာတွေ လိုဦးမလဲ မသိ။ ပြောမယ့်သာ ပြောနေတာ။ ဟိုဆိုတာ ဘယ်မှာမှန်း ဘယ်လိုအခြေအနေမှန်းကို မသိတာ။ တောကခေါ်လာတဲ့ အိမ်ဖော် အသစ်ကလေးတွေကျနေတာပဲ။ ဘာပဲပြောပြောကွာ။ ပါလာတဲ့လူတွေထဲမတော့ ရောင်းစားလို့ရစရာ ငါလေးတစ်ယောက်ပဲ သားသားနားနား ပါတယ် လို့ ကိုယ့်ဘာသာကိုယ် အားတင်းရတာပေါ့။

ဘူတန်ကိုရောက်တော့ ကိုယ်တို့ကို ဟော်တယ်မှာ ထားတယ်ဗျ။ ပြီးတော့ တစ်ပါတ် ဆယ်ရက်လောက် orientation course လေး ပေးတယ်ပေါ့ဗျာ။ ကိုယ်တို့ မြန်မာပြည်နဲ့ ရေမြေ အခြေအနေချင်း မတူသလို ဝန်ကြီးဌာန ပေါ်လစီချင်းလည်း မတူပဲကိုး။ သူတို့စံနစ်ထဲမှာ အလုပ်လုပ်ရမှာမှာမို့ သူတို့စံနစ်အကြောင်းကို နားလည်ဖို့ လိုမယ်လေ။ course အပြီးမှာ ဝန်ကြီးကိုယ်တိုင် Welcome Dinner ပေးပြီး Posting လည်း တစ်ခါတည်း ခန့်ပါတယ်။ ဆန်းကြယ်လိုက်တာများဗျာ။ သူတို့ဆီမှာ ဆရာဝန်တွေကို ဘယ်လို posting ချသလဲ သိလား။ lecture hall ထဲကို ဆရာဝန်တွေ ခေါ်လိုက်တယ်။ မြေပုံတစ်ချပ်ထောင်ထားပြီး အထူးကုဆရာဝန်လစ်လပ်နေရာတွေ ပြထားတယ်။ အဲ့ဒီအထဲမှာ ဘယ်သူ ဘယ်ကို သွားချင်သလဲပေါ့။ ပထမဦးစားပေးကတော့ ဆရာဝန်ဇနီးမောင်နှံတွေကို ဦးစားပေးတယ်။ သူတို့ဆီက စည်းကမ်းချက်ကတော့ မိသားစုတွေကို တကွဲတပြားစီဖြစ်အောင် နေရာမချရဘူး။ အနေဝေးလို့ သွေးအေးသွားခဲ့သည်ရှိသော် ဝန်ကြီးဌာနမှာ တာဝန်ရှိသတဲ့။ ကိုင်း ကြားဖူးကြလား အရပ်ကတို့ရေ။

ကိုယ်တို့ထဲမှာ ကြင်စဦးမောင်နှံပါတယ်ဗျ။ အင်တာဗျူးဖြေတုန်းက “လင်စုံမယားဖက်တွေ မလွှတ်ဘူး။ ပြန်မလာမှာစိုးလို့။” ဆိုတဲ့ စည်းကမ်းရှိလို့ သူတို့ခမျာ လေယာဉ်လက်မှတ်ရမှ ကဗျာကယာ မင်္ဂလာဆောင်ပြီး ထွက်လာကြတာ။ အခုတော့ ဟန်ကျလိုက်တာနော်။ မြန်မာပြည်မှာဆို ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ။ ဒါပေမယ့် ဘူတန်နိုင်ငံရဲ့ အခြေအနေအရ မြို့တစ်မြို့၊ ဆေးရုံတစ်ရုံမှာ Physician သမားတော် ၂ ယောက်ပြူးကြီး ချစရာ post မရှိဘူး ဖြစ်နေတယ်။ အဲ့ဒါကြောင့် သူတို့ကို သင်ဖူးမြို့တော်က JDWNRH ဆေးရုံမှာပဲ ချစရာ ရှိတယ်။ နယ်ဆေးရုံတွေမှာ သမားတော် မရှိလို့ ပြည်ပက ခေါ်ပေမယ့်လည်း လျှောက်တဲ့ထဲမှာ သမားတော်ကလည်း သူတို့ နှစ်ယောက်ပဲ ပါလေတယ်။ သူ့နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ဧည့်သည်ဆရာဝန်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ ရွေးချယ်ရတာတောင် သူတို့က Decency ကိုပဲ အဓိကထား ဆုံးဖြတ်ပါတယ်။ JDWNRH က တနိုင်ငံလုံးမှာ အကြီးဆုံးဆေးရုံဖြစ်တဲ့အတွက် ကိုအောင်ကျော်စိုးရော၊ မခင်ရူပါကိုရော လူနာတွေ ခေါင်းမဖော်နိုင်အောင်ကို ကြည့်ရပါတယ်။ ဒါပေမယ့် လူဦးရေ ၆ သိန်းရှိတဲ့ သူတို့နိုင်ငံက လူနာများတယ်ဆိုတာ လူဦးရေသန်း ၅၀ နဲ့ နိုင်ငံကလာတဲ့ ကိုယ်တို့အဖို့တော့ အိပ်နေသလောက်ပဲ ရှိပါတယ်။

လျှောက်တဲ့သူ မရှိလို့ ဆရာဝန်လိုအပ်ချက် ရှိပါတယ်။ လခတောင် တိုးပေးရပါတယ် ဆိုပေမယ့် ဆာဂျင်ကျတော့ ၆ ယောက်တောင် ပါလာပါတယ်။ အဲ့ဒါ ဘာဖြစ်လို့ ထင်ပါသလဲ။ ထားပါတော့။ ကိုယ်ကတော့ နယ်စပ်ပို့ထားပြီး ပြန်မခေါ်လို့ အရွဲ့တိုက် လျှောက်လိုက်တာ။ ကျန်တဲ့သူတွေက ဘာဖြစ်လို့လဲ။ အဲ့ဒါက ဆွဲအားက မစို့မပို့ပေမယ့်လည်း တွန်းအားက ကန်ချက်ပျင်းပျင်းနဲ့ ကန်ထုတ်တာမို့ပါ။ အဲ့ဒီအချိန်က Surgical Society ရဲ့ တနေရာမှာ ဆာဂျင်အငယ်တွေ ထွက်ပြေးချင်လောက်အောင် စိတ်ညစ်စရာကောင်းတာမို့ ကလပ်ပိတ်ချိန်နီးတဲ့ ရိုစီတာများလို “ဘယ်ဈေးရရ ခေါ်တဲ့သူနောက် လိုက်သွားတော့မယ်။ ဒီမှာ မနေရ ပြီးရော။” ဖြစ်ကုန်တာပါ။ ဘူတန်ဆိုတာ ကိုယ်တို့အားလုံးအတွက် ဝေးမြေရပ်ခြား ဖြစ်ပြီးသားမို့ ဘယ်ကိုပို့ပို့ ကိုယ်တို့အတွက်တော့ မထူးဘူးလေ။ မြေပုံပေါ်က သူတို့မြို့ရွာများကလည်း ဘာတစ်ခုမှ မသိတဲ့နေရာမို့ ရွေးစရာလည်း မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ကို posting ချထားတဲ့မြို့ကလေးက နိုင်ငံရဲ့အရှေ့ပိုင်း ကုန်းတွင်းပိတ်ထဲမှာ မြို့တော်က ၂ ရက်လောက်သွားမှ ရောက်တယ် ဆိုတော့ ကိုယ်နဲ့အတူကျတဲ့ မေ့ဆေးဆရာဝန်လေးက မျက်ရည်လည်လာပါတယ်။ သူ့မေမေ နဲ့ ညီမလေးက အရေးအကြောင်းရှိလို့မှ အလွယ်တကူ သွားနိုင်ပြန်နိုင်တဲ့နေရာ မဟုတ်ပါလားပေါ့။ ဒီအခါမှာ သူတို့က ပြာပြာသလဲ “ဆောရီးပါ။ စိတ်မရှိပါနဲ့။ သွားရေးလာရေး လွယ်ကူတဲ့နေရာမှာ ထားပေးပါ့မယ်။” ဆို ချက်ချင်း ပြန်ပြောင်းပေးတယ်ဗျ။ ရူးများနေသလား မသိပါဘူး။ ကြားကိုမကြားဖူးတာ။ ဒါမျိုး။

၂ ရက် ခရီးသွားရတယ် ဆိုပေမယ့်လည်း ကိုယ့် luggage တောင် ကိုယ်သယ်စရာ မလိုဘူးခင်ဗျ။ ဟော်တယ်ကခေါ်သွားပြီး အလုပ်လုပ်ရမယ့် ဆေးရုံအိမ်တံခါးဝအရောက် ကားအကောင်းစားကြီးနဲ့ ပို့ပေးပါတယ်။ လောက်ကိုင်သွားတုန်းက မန်းလေးကျွဲဆည်ကန်ကားဝင်းထဲမှာ သံသေတ္တာပေါ် ငုတ်တုတ်ထိုင်၊ ခြင်တဖတ်ဖတ်ရိုက်ရင်း လားရှိုးကား ဘယ်တော့လာမလဲ စောင့်ခဲ့ရတာကို သတိရမိတယ်။ ၂ ရက်သွားရတယ်ဆိုတာ ခရီးက ဝေးလို့ မဟုတ်ဘူးဗျ။ သူတို့က ညဘက်မှောင်ရင် အန္တရာယ်များတယ်ဆိုပြီး ကားမမောင်းဘူး။ လမ်းက ဟော်တယ်မှာ ဝင်အိပ်တာ။ ဘာလုပ်မလဲ အလောတကြီး။ နက်ဖြန်မှ ရောက်လည်း တူတူပဲဥစ္စာ။ ကိုယ်ရောက်သွားတဲ့ဆေးရုံမှာ ကိုယ်ပါပါမှ ဆရာဝန် ၄ ယောက်၊ တခါတခါ ၅ ယောက်။ ဒါပဲ ရှိပါတယ်။ ကိုယ့်ကိုထားတဲ့အိမ်ကြီးကတော့ ကောင်းလိုက်တာ။ ပြောမနေနဲ့။ အိပ်ခန်းချည့် ၃ ခန်းပါတယ်။ ပရိဘောဂအစုံအလင်နဲ့။ luggage လေး ဆွဲတက်ရုံပဲ။ ကိုယ့်အခန်းမှာ ဖုန်းမရှိသေးလို့ ဆေးရုံအုပ်က Bhutan Telecom ကို ဖုန်းဆက်ခေါ်လိုက်ရင် ဟိုက ချက်ချင်း ဖုန်းကြိုးသွယ်ပြီး တယ်လီဖုန်းတစ်လုံး လာပေးတယ်။ ကိုယ့်နံမည် နဲ့။ ကိုယ့် နံပါတ် နဲ့။ ဆန်းကြယ်လိုက်ထှာဟာ။ အင်တာနက်က သင်ဖူးမှာကတည်းက data card လေး မှတ်ပုံတင်ပြီး အကောင့်ဖွင့်ပေးတယ်။ တစ်လလုံး စိတ်ကြိုက်သုံး၊ တစ်သောင်းလောက်ပဲ ကျတယ်။ သင်ဖူးကနေ gas တစ်အိုးဝယ်ခဲ့တယ်။ ကုန်ရင် ဓါတ်ဆီဆိုင်မှာ သွားဖြည့်လိုက်ရုံပဲ။ တောမှာနေရတဲ့အတွက် Facility တွေ သူတို့ဘက်က အကုန်ပြည့်စုံအောင် လုပ်ပေးတယ်။ မြို့ကလူဆို အိမ်အခွံချည့်ပဲ ရတာ။ ဒီလို သွားရေးလာရေးခက်ခဲတဲ့အရပ်မှာ မိသားစုနဲ့ခွဲပြီး အလုပ်လာလုပ်ပေးလို့ သူတို့က ကျေးဇူးတောင် တင်ပါသတဲ့။ မိသားစုခေါ်ချင်သပဆိုလည်း စားရိတ်ခံတယ်။ “ဪ သူများနိုင်ငံတွေမှာ ဒီလိုမျိုး အလုပ်လုပ်နေကြတာကိုး။” လို့ အခုမှပဲ ကြုံဖူးတော့တယ်။

သူတို့ဆီမှာ လုပ်သက် တစ်နှစ်ပြည့်ရင် ခွင့်တစ်လ ရပါတယ်။ အဲ့ဒီတစ်လက calendar month မဟုတ်ပါဘူး။ 30 working days ပါ။ ပိတ်ရက်တွေက ခွင့်ထဲထည့်မတွက်ပါဘူး။ တစ်နှစ်တာလုံးမှာ casual leave တစ်ရက်မှ ယူမထားဘူးဆိုရင်လည်း အဲ့ဒီရက်တွေကို paid leave ထဲမှာ ထည့်ပေါင်းလို့ ရပါတယ်။ အဲ့ဒီတော့ ကိုယ့်ရဲ့ခွင့်ရက်တွေက ၄၅ ရက်လောက် ဖြစ်သွားတာပေါ့လေ။ ခွင့်ရက်မှာ မြန်မာပြည်ပြန်မယ် ဆိုလည်း သူတို့ဘက်က အသွားအပြန် လေယာဉ်လက်မှတ် ကျခံပါတယ်။ ကိုယ်မြန်မာပြည်မှာ လုပ်ခဲ့သမျှ ဘာခွင့်မှ မရခဲ့ပဲ မင်္ဂလာဆောင်မယ် ဆိုမှ earn leave တစ်လ ရခဲ့ဖူးတာလေ။

ဘူတန်မှာနေတုန်းက ရုံးကိစ္စတွေ လုပ်စရာရှိရင် အင်မတန်မှကို ဖော်ရွေပျူငှါပါတယ်။ တယ်လီဖုန်းဘေလ် သွားဆောင်ရင်တောင် မန်နေဂျာက တန်းမစီခိုင်းပဲ သူ့ရုံးခန်းထဲခေါ်၊ ကော်ဖီတိုက်၊ ပြေစာလေးရတော့မှ လက်ထဲလာပေးပြီး နှုတ်ဆက်ပါတယ်။ လခတွေ ဘဏ်ထဲက မထုတ်ဖြစ်ရင်လည်း အတိုးတွေ ထည့်ပေါင်းပေးတယ်။ ဒါမျိုးတွေက ငါတို့ဆီမှာ ဘာလို့ မရှိရတာပါလိမ့်။ ခွင့်ပြန်လို့ တစ်လပြည့်တဲ့အခါ ကိုယ်က မိသားစုကို ဘန်ကောက်ခေါ်လည်။ အဲ့ဒီကမှ ဘူတန်ကို ခေါ်လည်။ ပျော်ရင်လည်းနေ။ မပျော်ရင် ပြန်။ စီစဉ်ကြည့်တာပေါ့လေ။ သမီးကို မှတ်ပုံတင်လုပ်၊ ပတ်စ်ပို့စာအုပ်လုပ်တာနဲ့တင် တစ်လကြာပါတယ်။ ခွင့်နဲ့ပြန်တာဆိုတော့ နေပြည်တော်တက်ပြီး လူကြီးတွေ ကန်တော့ရမှန်းလည်း မသိပါဘူး။ ကိုယ့်ရှေ့က ပြန်တဲ့သူတွေတောင် ဒီအတိုင်း ဘူတန်ပြန်ရောက်လာမှဟာ။ ဒါပေမယ့် လေဆိပ်မှာ လဝက က ကိုယ့်ကို လေယာဉ်ပေါ် ပေးမတက်ပါဘူး။ အလုပ်လုပ်နေတယ်။ ခွင့်ပြန်လာတယ်။ ခွင့်စေ့လို့ ပြန်မယ်။ အထောက်အထားတွေ ဘယ်လိုပြပြ ဝန်ကြီးဌာနက ထောက်ခံစာမပါရင် ပေးမတက်ဖူးတဲ့ဗျာ။ လူကြီးနဲ့ဝင်တွေ့တော့မှ ပိုဆိုးတော့တာ။ လက်ညှိုးငေါက်ငေါက်ထိုးပြီး နှစ်ပြားမတန်အောင် အော်ငေါက်ကြိမ်းမောင်းတော့တာဗျား။ “ခင်ဗျားတို့ ဆရာဝန်တွေပဲ နိုင်ငံခြားကို ထွက်ထွက်ပြီးတော့ ပြန်မလာကြတာ။ အခု မိသားစု ပါလာရင် ပိုဆိုးတယ်။ မိသားစုပါခေါ်ပြီး ပြန်မလာရင် ကျုပ်တို့က ပြဿနာ ရှင်းရတယ်။” ဆိုပြီး ဖမ်းချုပ်တော့မလားတောင် အောင့်မေ့ရတယ်။ “ခင်ဗျားကို အာမခံနိုင်တဲ့ ဝန်ကြီးဌာနက တစ်ယောက်ယောက်ဆီကို ဖုန်းဆက်။ သူ အာမခံရင် လွှတ်ပေးမယ်။” တဲ့။ သူပြောသလို ဖုန်းဆက်တော့လည်း ကိုယ့်လူကြီးက “ရတယ်လေ။ ထောက်ခံစာရေးပေးမယ်။ ဒါပေမယ့် နေပြည်တော်ကို လာယူ။” လို့ ပြောတယ်။ လေယာဉ်ကထွက်တော့မယ်။ ကိုယ့်တစ်ဖွဲ့ပဲ စောင့်နေတာ။ သူ ဟိုကနေ fax နဲ့ ပို့ပေးလိုက်လည်း ရတယ်။ ဒါမှ မဟုတ်လည်း “အဲ့ဒါ ကျွန်တော်တို့ဆီက ဆရာဝန်ပါ။ ဟုတ်ပါတယ်။ သူခွင့်ပြန်လာတာ။” လို့ ဖုန်းထဲက ပြောပေးလိုက်လည်း ရလျက်သားနဲ့။ ကိုယ့်တိုင်းပြည်နဲ့မှကိုယ် အဲ့သလိုတွေ ပြဿနာတက်ရပါတယ်ဗျာ။ ငါ ဘာလို့ အစကတည်းက ဘူတန်မှာ မမွေးခဲ့ပါလိမ့်။

ကိုယ့်တစ်သက်မှာ ဘူတန်ဟာ ပထမဆုံး နိုင်ငံခြား အတွေ့အကြုံပါ။ ဒါပေမယ့် သူများနိုင်ငံမှာ သူများအစိုးရက ကိုယ့်အပေါ်ဆက်ဆံတာကိုကြည့်ပြီးကိုယ့်တိုင်းပြည်မှာ ကိုယ့်အစိုးရက ဘယ်လောက်ထိအောင် ဖိနှိပ်ထားသလဲ လက်တွေ့ သိလိုက်ရတာမို့ တော်တော်လေး အသည်းနာတာတော့ အမှန်ပါပဲ။ ဒီလိုသာ သွားခွင့်မကြုံရင် ဒါမျိုးတွေ ဘယ်တော့မှ သိခွင့်ရမှာလည်း မဟုတ်ဘူး။ “မြန်မာပြည်မှာ နေရတာ အင်မတန် ကံကောင်းတယ်။” “သယံဇာတတွေ ပေါတဲ့တိုင်းပြည်” “အာရှမှာ မြန်မာကသာ အနိုင်ယူ ဗိုလ်စွဲရမည်။” အဲ့လိုမျိုး ဂျင်းပေါင်းတစ်ထောင် နဲ့ ဇင်ယော်မောင်မောင် ကားထဲ ဝင်ရိုက်နေရမှာ။ တစ်လကို 1500 ဆိုတော့ တစ်နှစ်ကို 18000။ ၂ နှစ်လုပ်တော့ 36000 လေ။ ဒါနဲ့များ နင်ဒီလို ကျေးဇူးကန်းတဲ့စာတွေ ရေးရသလား လို့ ပြောတဲ့သူကလည်း ပြောမှာပဲ။ သူတို့မျက်စိထဲမှာ ပိုက်ဆံနဲ့ ကာထားလိုက်ရင် ဘာကိုမှ မမြင်နိုင်တော့ပဲကိုး။ ကိုယ်တို့ဝန်ကြီးကလည်း ပြောပါတယ်။ ပြန်လာရင် မင်းတို့ဘဝ ပြောင်းလဲသွားလိမ့်မယ် တဲ့။ ဟုတ်ရင်လည်း ဟုတ်မှာပေါ့။ မသွားခင်တုန်းက Sunny Pick-up အစုတ်ကလေး စီးနေတာ။ ပြန်လာတော့ Suzuki Wagon R+ လေးဖြစ်သွားတယ်။ မျက်စိနဲ့မြင်ရတဲ့၊ အကောင်အထည် ရေတွက်လို့ရတဲ့ဟာတွေ ကြည့်ရင် အဲ့သလောက်ပဲပေါ့။

တခြားတဘက်က ကြည့်ရင်တော့ ဘူတန်ဟာ ကိုယ့်ဘဝကို အများကြီး ပြောင်းလဲစေတယ်။ မသွားခင်က ကိုယ့်မှာ Gmail friend list အယောက် ၂၀ တောင် မပြည့်ဘူး။ ဘူတန်က ပြန်တော့ Facebook friends ၅၀၀၀ ကျော်လို့ add မရတော့ဘူး။ ၂၄ နာရီ internet access ရတဲ့အခွင့်အရေးရယ်၊ တစ်ယောက်တည်း အထီးကျန်ပြီး အချိန်တွေ ပိုနေတဲ့ကိုယ်ရယ် တွေ့ကြတော့ အကျိုးရှိတဲ့ တစုံတရာလည်း ဖြစ်ပေါ်လာတာပေါ့။ အစပိုင်းတော့ လာသမျှလူကို အကုန် စကားထိုင်ပြောတယ်။ ဘူတန်မှာ ကိုယ်နဲ့ ဗမာစကား ပြောရမယ့်သူ တစ်ယောက်မှ မရှိပဲကိုး။ သီချင်းတွေ နားထောင်တယ်။ နောက်တော့ သီချင်းတွေအကြောင်း စာစရေးဖြစ်တယ်။ အဲ့ဒီကနေစပြီး တစတစနဲ့ ဆယ်လီဖြစ်လာတယ်ပဲ ဆိုပါတော့လေ။ အသိုင်းအဝိုင်း ကျယ်ဝန်းလာတယ်။ အသိအကျွမ်း များလာတယ်။ လောက်ကိုင်မှာတုန်းကလို ဘယ်သူမှ မသိတဲ့ ဆရာဝန်လေး မဟုတ်တော့ပဲ အမ်းကို ကိုယ်တို့ဝန်ကြီး လာတဲ့အခါ “မောင်ရင် ရေးတဲ့စာတွေ ကိုယ်ဖတ်ရပါတယ်။” ဆိုတဲ့ အဖြစ်ကို ရောက်လာတယ်။ ပေါ်ပင်မှာ ပျော်ရွှင်ဖို့က ဖော်ပင်အောင် ကျွမ်းထိုးပြရင် ရပေမယ့်လည်း ဆယ်နှစ် ဆယ့်ငါးနှစ်ကြာအောင် စောင့်ဖတ်တဲ့သူ ရှိဖို့ဆိုတာ ပင်ကိုယ်မပါပဲ မရဘူးလေ။ တနိုင်ငံလုံးမှာ CDM လုပ်တဲ့ ဆရာဝန်တွေ များစွာရှိလျက်သားနဲ့မှ ချန်ဂင်ကိုပဲ လူတကာသိဖို့ဆိုတာ ရှေးရှေ့က ရင်းနှီးမြှုပ်နှံလာခဲ့တဲ့ အချိန်တွေကိုလည်း ထည့်တွက်ရတာပ။ စခဲ့တာ ဘူတန်ကတည်းက လို့ ပြောရင် ရပါတယ်။ ဒီ့ထက်ကြီးမားတဲ့အပြောင်းအလဲရော ရှိပါဦးမလား။ ဘူတန်သာ မရောက်ခဲ့ရင် ခုလောက်ရှိ “ငါ့ တယ်လီဂရမ်အကောင့်လေး၊ ဆစ်ဂနယ်အကောင့်လေး ဖွင့်ပေးကြပါဦးဟ။” ဆိုတဲ့အဆင့်က တက်မှာ မဟုတ်။ “ဆယ်လီ မဟုတ်ခဲ့ရင် လိုက်ဖမ်းမှာ မဟုတ်။ လိုက်မဖမ်းဘူးဆို C စရာ မလို။” ဆိုပြီး နန်းစိန်တွေဘာတွေဖြစ်နေမလားတောင် မပြောတတ်။ ဟုတ်တယ်ဗျာ။ ကိုယ့်ဆရာကြီး ပြောတာ အဟုတ်ပဲ။ ဘူတန်က ပြန်လာတော့ ကိုယ့်ဘဝကြီး အမှန်တကယ် ပြောင်းလဲသွားခဲ့သည်ပ။ ထိုင်းကိုများ ရောက်သွားလို့ကတော့ ဂျန်ဒါတွေ ဘာတွေများ ပြောင်းကုန်မလားတောင် မသိ။ အောင်မယ်ငှီး ကြောက်လက်ထှာနော်။