အောင်ပါစေသောဝ် အောင်စေသောဝ်

ဆေး (၂) က အကြောင်းတွေ စာရေးတဲ့အခါ တပည့်တွေက သူတို့အကြောင်းလည်း မပါဘူး လို့ စိတ်မကောင်းဖြစ်ကြမယ် ထင်ပါတယ်။ ဟုတ်သားပဲ။ သူတို့အကြောင်းလည်း အမှတ်တရရှိတာတွေ အများကြီးပေါ့။ ကိုယ်တို့ ဌာန က 3 rd MB ရော Part 1 ရော စာသင်နှစ် ၂ နှစ်ကြီးများတောင် သင်ရတဲ့ အတန်းမို့လို့ ကျောင်းသားတွေအနေနဲ့ Patho ဆရာတွေကို ပိုပြီး ရင်းရင်းနှီးနှီး ရှိကြတာ မဆန်းပါဘူး။ ဘာသာရပ်အနေနဲ့ကလည်း ရောဂါဝေဒနာတွေ အကြောင်း ခြေခြေမြစ်မြစ် သင်ရတာမို့ စိတ်ဝင်စားစရာလည်း ကောင်းတယ်လေ။ မီးပွိုင့်နားက အရူးမ ငိုနေတာကြည့်ရင်း ဝမ်းနည်းတတ်တဲ့ မင်းအကြောင်းတွေးမိလာသလား။ အဲ့ဒါ ရောဂါလေ။ သိချင် လာခဲ့။ သင်ပေးမှာပေါ့။ ကိုယ်တို့ဌာနက မြောက်ဥက္ကလာဆေးကျောင်း၊ နောက်ဘက်လေးထပ်ဆောင်ကြီးရဲ့ အပေါ်ဆုံးထပ်မှာပါ။ လှေခါးတက်ရလို့ မောနေရင် အပေါ်မှာ အပြုံးချိုချိုလေးနဲ့ ဆရာ/ဆရာမ ချောချောလေးတွေ ရှိတယ်ကွယ်။ Lab အခန်းကြီး ၂ ခန်း ထဲ ဝင်ထိုင်လိုက်။ အမောပြေ အပန်းပြေ လန်းဆန်းသွားမယ်ဟေ့။

Professor, AP, Lecturer, AL တွေက အောက်ထပ်က Combined Lecture Theatre ကြီးတွေမှာ သင်ပေမယ့် ကိုယ်တို့ Demonstrator လေးတွေရဲ့ Practical/Tutorial class တွေကို အပေါ်ထပ်က Lab တွေမှာ သင်ပါတယ်။ ဒီမှာလည်း အကြီးတွေက Briefing ပေးပြီးရင် ကိုယ်တို့တွေက ကျောင်းသားတွေနဲ့အတူတူ အပ်ကျမတ်ကျ လက်တွေ့လုပ်ကိုင်ပြသရပါတယ်။ အဲ့ဒီတော့ ကျောင်းသားတွေနဲ့ လက်ပွန်းတတီး ရှိတာ အမှန်ပါပဲ။ စာမေးပွဲဖြေတဲ့အခါမှာလည်း ကိုယ်တို့တွေက စာစစ်သူထဲမပါပေမယ့် Invigilator အဖြစ် ဝိုင်းကြဝန်းကြရသေးတာကိုး။ ဒါကြောင့် ဆရာဆိုပေမယ့် ကျောင်းသားတွေနဲ့ ထွေးလားလုံးလား နေဖြစ်ပါတယ်။

သို့သော်လည်း ကိုယ့်အနေနဲ့ တမင်တကာကို စပ်စုရတဲ့ ကျောင်းသားတွေက သပ်သပ်ကိုရှိပါတယ်။ လူဆိုးတွေပါ။ အတန်းတစ်တန်းတက်လာရင် ပရော်ဖက်ဆာကိုယ်တိုင် သူ့ကိုယ်သူ မိတ်ဆက်ပြီး ဌာနမှာရှိတဲ့ ဆရာ/ ဆရာမအားလုံးကိုလည်း မိတ်ဆက်ပေးရတယ်။ အဲ့ဒီနေ့မှာပဲ ကျောင်းသားတွေက ကိုယ်ရေးရာဇဝင်မှတ်တမ်းဖြည့်၊ ဓါတ်ပုံကပ်ပြီး ဌာနမှာ သိမ်းဆည်းထားပါတယ်။ အဲ့ဒီမှတ်တမ်းကြီးကို ကိုယ်က စာရေးမ မဖောခီးဆီကယူပြီး ဒီနှစ်တက်လာတဲ့အထဲမှာ ဘယ်သူတွေပါသလဲ လိုက်ကြည့်ရပါတယ်။ နံပါတ် (၁) ကတော့ Distinction Candidate လို့ခေါ်တဲ့ ဂုဏ်ထူးရနိုင်တဲ့ ထူးချွန်ကျောင်းသား ဘယ်သူတွေပါသလဲ လိုက်ကြည့်ရတာပါ။ အဲ့ဒီလူတွေကို အစမ်းစာမေးပွဲတွေမှာကတည်းက မျက်ခြေမပြတ် လိုက်ကြည့်ပြီး ခြေချော်လက်ချော် အမှတ်နည်းမသွားဖို့ သတိထားရပါတယ်။ Class work က 30% count လုပ်တာမို့ပါ။ ရှေ့အတန်းတွေမှာ ဂုဏ်ထူးထွက်လာပြီး ကိုယ်တို့လက်ထဲရောက်တော့မှ Pathology ဂုဏ်ထူးမပါရင် ကိုယ်တို့တွေ သင်တာပြတာ ညံ့တယ် ဖြစ်မှာစိုးလို့ပါ။ ကျောင်းသားတွေဘက်ကတော့ သိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုချိန်မှာ အဲ့ဒီကလေးတွေက ထူးချွန်တဲ့ specialists တွေ ဖြစ်နေတာတွေ့ရင် ကိုယ်တကယ်ပဲ ဝမ်းသာပါတယ်။

လူဆိုးတွေလို့ပြောခဲ့တဲ့ အုပ်စုကတော့ အရင်အတန်းတွေမှာကတည်းက ရင်တမမနဲ့ ကျောင်းမှ ပြီးပါ့မလား စိုးရိမ်နေရတဲ့သူတွေပါ။ ဆေးကျောင်းမှာ drop out လို့ခေါ်တဲ့ ကျောင်းမပြီးပဲ အပြင်ရောက်သွားတဲ့ ကလေးတွေ ရှိပါတယ်။ အဲ့ဒီကလေးတွေကို အနည်းဆုံးတော့ ကိုယ့်စာသင်နှစ်မှာ၊ ကိုယ့်ဘာသာရပ်နဲ့ မျှော်လင့်ချက်မဲ့ပြီး ကျောင်းထုတ်လိုက်ရတာကို မဖြစ်ချင်ပါဘူး။ အဲ့ဒီအခါကျတော့ သူတို့ကို ဘယ်မှာနေတယ်။ ဘာအလုပ်လုပ်တယ်။ ဘာပြဿနာရှိတယ်။ ထဲထဲဝင်ဝင် သိအောင် လိုက်စုံစမ်းစပ်စုရပါတယ်။ တချို့က မိသားစုပြဿနာရှိတယ်။ အများအားဖြင့်ကတော့ ပိုက်ဆံရှာလို့ကောင်းနေတဲ့ ဆယ်တန်းကျူရှင်ဆရာ​တွေပါ။ တချို့များဆို ကိုယ်ပိုင်ကျောင်းပါထောင်ထားပြီး မိသားစုစီးပွါးရေးအဖြစ် လုပ်ကိုင်နေကြပါတယ်။ လုပ်ငန်းအောင်မြင်လေလေ၊ ကျောင်းမတက်နိုင်ပဲ စာမေးပွဲတွေ တဖုံးဖုံးကျလေပါ။ ဒါပေမယ့် သူတို့က ဆေးကျောင်းကို လက်လွှတ်ပြီး စီးပွါးရေးဇောက်ချလုပ်ဖို့ အစီအစဉ် မရှိပါဘူး။ သူတို့ရဲ့စီးပွါးရေးက “ဆေးကျောင်းသား/ဆရာဝန်ကိုယ်တိုင် ဦးစီးသော” ဆိုပြီး ဘုတ်ထောင်ကြော်ငြာထားတာမို့ပါ။ သူတို့ဘက်က သဘောထားကတော့ “စာမေးပွဲအောင်ဖို့၊ ဘွဲ့ရဖို့ဆိုရင် ပိုက်ဆံဘယ်လောက် ပေးရ ပေးရ” ဆိုတာမျိုးပါ။ ဒါပေမယ့် ကိုယ်တို့ဘက်က အဲ့ဒါကို ထိန်းညှိပေးလို့ မရပါဘူး။ အတန်းတစ်တန်းမှာ ကျောင်းသားတစ်ယောက် သိကိုသိရမယ့် အနိမ့်ဆုံးအဆင့် တန်းကိုမှ ရအောင်မကျော်နိုင်ရင် အအောင်မပေးပါဘူး။

တချို့ကျတော့ စိတ်ဒဏ်ရာတွေနဲ့ပါ။ မိဘက အပြင်မှာ အပ်ပုန်း။ သူက ဆေးကျောင်းသားပဲ ရှိသေးတာ အဲ့ဒီအလုပ်တွေ ဝင်ကူတယ်။ လူနာဆုံးသွားတဲ့အခါ ဆရာဝန်လုပ်ချင်စိတ် ပျောက်သွားတယ်။ အညွန့်ဆိပ်ခံလိုက်ရတာပေါ့လေ။ သီးကင်းတင်အောင်မှ မစောင့်တာကိုး။ အကြောင်းအမျိုးမျိုး အမှုအမျိုးမျိုးနဲ့ ကျောင်းထွက်ဖို့ အလားအလာရှိတဲ့ မောင်ရင်လေးတွေဆို ကိုယ့်ဘက်က နောက်ဆုံးကောက်ရိုးတမျှင်ကို ကမ်းပါတယ်။ သူတို့နဲ့ခင်အောင်ပေါင်းပြီး စာသင်ပေးတာပါ။ သူတို့က ပုံမှန်သင်တဲ့အတန်းနဲ့ လိုက်မီနိုင်တဲ့ ဉာဏ်ရည်မရှိပါဘူး။ ဉာဏ်ရှိရင်တောင် အောက်တန်းတွေက အခြေခံ Basic Knowledge ပါမလာပါဘူး။ အကုန်နှံ့နှံ့စပ်စပ်သိအောင်လည်း သင်ပေးလို့ မရပါဘူး။ သူတို့ကိုသင်တာ “မင်း ဒီစကားလုံးမှ ထွက်အောင် မပြောနိုင်ရင်၊ ဒီစာကြောင်းမှ ပါအောင် မဖြေနိုင်ရင် စာမွဲကျမယ်။” ဆိုတာမျိုး အနိမ့်ဆုံးတန်းကို ကျော်နိုင်ဖို့ပဲသင်ပါတယ်။ “Class for idiots by stupid teacher” ပါ။ အလကားသင်ပါတယ်။ အပြင်မှာ ခင်အောင်ပေါင်းပြီးသင်ပါတယ်။ ဒီကောင်တွေက ပိုက်ဆံတတ်နိုင်တဲ့ကောင်တွေမို့လို့ ကိုယ့်ဘက်က အောက်ကျမခံနိုင်ပါဘူး။ ကိုယ်တို့ဌာနမှာ အကြီးရော အငယ်ရော ကျူရှင်ပေးတဲ့သူ တစ်ယောက်မှ မရှိဘူးလေ။ အဲ့ဒါကြောင့် ဒီကောင်တွေ ကိုယ့်အိမ်မှာ စာလာသင်၊ စာလာကျက်တယ်ဆိုလည်း အခမဲ့ပဲသင်တယ်။ ကျူရှင်တက်ချင် တခြားမှာ သွားတက်ချေကြ။

သူတို့နဲ့ပါတ်သက်တဲ့ သတင်းအချက်အလက် ဒေတာစုဆောင်းဖို့က သိပ်မခက်ပါဘူး။ ဌာနမှာ demonstrator အငယ်တွေ အများကြီး ရှိတယ်။ ထမင်းစားရင်း၊ ကာဖီသောက်ရင်း အူမချေးခါးပါမကျန် သိနိုင်တယ်။ ကိုယ်တို့အလုပ်က နွားကျောင်းသလိုပဲလေ။ ဟိုးအရှေ့က အကောင်တွေကလည်း လွတ်လွတ်ကျွတ်ကျွတ် ခုန်ထွက်သွားမှာ။ အလယ်က သူလိုငါလို အကောင်တွေကလည်း ရောရောယောင်ယောင်နဲ့ ပါသွားမှာ။ ဘိတ်ချေးမှာ အိပဲ့အိပဲ့ ကျန်ခဲ့တဲ့ကောင်တွေကိုပဲ ဖင်တွန်းပြီး မောင်းသွင်းရမှာ။ ဒီကောင်တွေ ကိုယ့်အတန်းက လွတ်သွားရင် ဝဋ်ကျွတ်ပြီ။ အပေါ်တန်းမှာ သူတို့ဟာသူတို့ တစ်ချင်သလောက် တစ်ပစေတော့။ ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား၊ လွတ်အောင်မကယ်နိုင်လို့ drop out ဖြစ်သွားတဲ့သူလည်း ရှိတယ်။ စိတ်မကောင်းပါဘူး။ ဉာဏ်နည်းလွန်းလို့ ထုံထိုင်းလွန်းလို့ မဟုတ်ပေမယ့် ပြဿနာများစွာမှာ စိတ်အာရုံကို မစုစည်းနိုင်လို့။

တက်လာတဲ့ ကလေးတွေထဲမှာ နောက်ထပ် သတိထားကိုင်တွယ်ရတဲ့သူကတော့ လူကြီးသားသမီး ဗီအိုင်ပီတွေပါ။ ဖားဖို့ မျက်နှာလိုက်ဖို့ မဟုတ်ပေမယ့် အကိုင်အတွယ်မတတ်ရင် မိုးကြိုးပစ်သွားနိုင်လို့ သူတို့ကိုတော့ သိထားမှ ဖြစ်ပါမယ်။ ဆေး (၁) မှာဆို အဲ့ဒါတွေနဲ့ ပြဿနာတက်ပြီး ပါချုပ်တောင် ပင်စင်ပေးခံရတာ မဟုတ်လား။ သူတို့ကို အဆိပ်ရှိတဲ့ မြွေလို သဘောထားရပါတယ်။ အလမ္ပါယ် မကစားရပါဘူး။ ဆေး (၂)မှာ VIP နဲ့ ပါတ်သက်ရင် ကိုယ်တို့ဌာနလောက်ချေတာ ကိုယ်တို့ပဲ ရှိပါတယ်။ ဌာနမှူး မမအန်းကိုယ်တိုင်က ဦးနေဝင်းကို ဆေးကုတဲ့ ဗိုလ်မှူးကြီးရဲသွေးကတော်ပါ။ သူ့ရှေ့မှာ VIP ဆိုပြီး တုန်ဆင်းနေတဲ့သူတွေ့ရင် သူက “ဟတ်လား။ ဟက် ဟက် ဟက်” ဆို ရယ်လိုက်တာက ဆဲတာထက်ကို နာပါတယ်။ သူ့အောက်က အမဒေါ်တင်ဌေးတို့၊ ဒေါ်မြတ်မွန်တို့ဆိုရင်လည်း ထောက်ပို့ တပ်ရင်းမှူးကတော် နဲ့ အကောက်ခွန် ညွှန်မှူးကတော်။ အကုန်လုံးက သောင်သာတဲ့အထဲ ပါပါတယ်။ အဲ့ဒါကြောင့် ကိုယ်တို့ဌာနမှာ VIP ကို ဖားတဲ့အကျင့် မရှိပါဘူး။ အသာ မျက်ခုံးလေးပင့်ပြီး အကဲခတ်နေတတ်ပါတယ်။ ကျောင်းသားဘဝတုန်းက ကိုယ်တို့အတန်းထဲမှာလည်း VIP တွေ ရှိတယ်လေ။ စာမွဲစစ်တဲ့အခါ examiner က “သားလေး။ သားဖေဖေနေကောင်းလား။ ဆရာက မေးတယ် လို့ ပြောလိုက်နော်။ သားလေးကို ဆရာက စောင့်ရှောက်လိုက်တယ် လို့လည်း ပြောပေးပါကွယ်။” လို့ မှာနေတာ တစ်တန်းလုံးက သိကုန်ပါတယ်။ အကြောင်းကတော့ ဆရာက လူမှားပြီး ခုံနံပါတ်ကပ်လျက် တခြားတစ်ယောက်ကို ပြောသွားတာမို့လို့ပါ။ ဆေး (၂) မှာ VIP ထက် ဝန်းရံသူတွေကို ပိုကြောက်ရပါတယ်။ ရွှေနားတော်တွေ သွင်းကြလွန်းလို့ပါ။ ဒါပေမယ့် VIP ဆိုတာ ကိုယ်တို့ ဗမာပြည်မှာတင် တွင်ကျယ်တာ မဟုတ်ပါဘူး။ ကိုယ်ရှိတုန်း NUS က Scholarship ခေါ်တဲ့အခါ Selection Criteria မည်သို့ပင် သတ်မှတ်ထားစေကာမူ VIP ကိုပဲ ရွေးသွားပါတယ်။ သူတို့ကလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် သွားတက်လည်း ရလျက်သားနဲ့ ဒီထဲပဲ ခွက်စောင်းလာခုတ်ကြလေရဲ့။

ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတိုင်းကို ချစ်တဲ့ထဲတော့ မပါပါဘူး။ တချို့ကျောင်းသားတွေက ညွန့်ပါတယ်။ “စာရှင်းပြပါ၊ စာလာမေးတယ်။” ဆိုပြီး ကိုယ့်ဆီက မေးခွန်းရမလား လာနှိုက်တဲ့သူတွေပါ။ ဆေးကျောင်းမှာ မေးခွန်းပေါက်တယ် ဆိုတဲ့ ကိစ္စတွေက ကိုယ်တို့ ကျောင်းသားဘဝမှာကတည်းက ရှိခဲ့တာကိုး။ ကိုယ်တွေ့လည်း ကြုံလို့ ယုံခဲ့ရပါတယ်။ ဘယ်သူ့ဆီက ဘယ်လိုဆိုတာ သိခဲ့ပေမယ့်လည်း အထောက်အထား မရှိလို့ ထုတ်ဖော်မပြောချင်တော့ဘူး။ ဆေးကျောင်းက စာမေးပွဲ မေးခွန်းထုတ်တဲ့ပုံကိုတော့ အားလုံးသိအောင် ပြောပြပါမယ်။ စာမေးပွဲမေးခွန်းကို ဌာနမှူးကိုယ်တိုင်ကပဲ ထုတ်ပါတယ်။ အခန်းတံခါးပိတ်ပြီး ဖယောင်းစက္ကူပေါ်မှာ လက်နှိပ်စက်ကို ကိုယ်တိုင်ရိုက်ပြီး ထုတ်ပါတယ်။ အရင်တုန်းကတော့ ဌာနမှူးမှန်ရင် လက်နှိပ်စက် ရိုက်တတ်ဖို့ လိုတယ်ဗျ။ မေးခွန်းရိုက်ပြီးတာနဲ့ ချိတ်ပိတ်၊ တံဆိပ်နှိပ်ပြီး ပါမောက္ခချုပ်ရုံးခန်းမှာ မော်ကွန်းထိန်းဆီ အပ်ပါတယ်။ မော်ကွန်းထိန်းက မီးခံသေတ္တာထဲကို သော့ပိတ် သိမ်းဆည်းပါတယ်။ ဆေး ၁၊ ဆေး ၂၊ ဆေးမန်း၊ ကျောင်း ၃ ကျောင်း ဆုံတဲ့အခါ တစ်ကျောင်းစီက ထုတ်ထားတဲ့ မေးခွန်း ၃ စုံထဲက ၁/၃ စီယူပြီး Final Question ကို ဖယောင်းစက္ကူ ၃ စုံပေါ်မှာရိုက်၊ ပါချုပ် ၃ ယောက်ဆီမှာအပ်ရပါတယ်။ စာမေးပွဲဖြေမယ့် မနက်စောစော ဌာနမှူးကိုယ်တိုင် ပါချုပ်ရုံးခန်းလာ၊ ချိတ်တံဆိပ်တွေ စစ်ဆေးပြီး ဖွင့်ဖောက်ထားတာ မရှိဘူးဆိုမှ အဲ့ဒီမေးခွန်းကို စာကူးစက်နဲ့ လှည့်ပါတယ်။ စာမေးပွဲခန်းထဲက ကျောင်းသားတွေလက်ထဲ မေးခွန်းဝေမပြီးမချင်း ဌာနမှူးက ပါချုပ်ရုံးခန်းထဲက မထွက်ရပဲ ကာဖီထိုင်သောက်နေရပါတယ်။ အဲ့ဒါ standard procedure ပါ။ ရွှေသမင် ဘယ်ကထွက်သလဲတော့ ကိုယ့်ဘာသာကိုယ် စုံထောက်လုပ်ယူကြ။ ကွန်ပြူတာခေတ်မှာ ကွန်ပြူတာနဲ့ မရိုက်ဘူးလား ဆိုတော့ ရိုက်တယ်ဗျ။ ဒါပေမယ့် စာမွဲဖြေကာနီးမှ ဌာနမှူးရဲ့လက်တော့ကြီး အခိုးခံလိုက်ရပြီး အမှတ် ၂၀၀ ပေးတာမှာ ၂၀၀ အပြည့်ရတဲ့ ကျောင်းသား ၆ ယောက်တောင် ပေါ်ထွန်းလာခဲ့တာလည်း တကယ့်အဖြစ်အပျက်ပါပဲ။

တကယ်တော့ဗျာ။ မေးခွန်းက အဲ့လောက် ခက်ခက်ခဲခဲ ဝယ်စရာ မလိုပါဘူး။ ကိုယ်လို demonstrator ပေါက်စတောင် ဒီနှစ် ဘာမေးမလဲ ၈၀% လောက် မှန်းတတ်ပါတယ်။ စာသင်တဲ့ အချိန်ဇယားကိုကြည့်လိုက်။ ဌာနမှူးကိုယ်တိုင်သင်တဲ့ topics တွေက စာမေးပွဲမှာ မေးကိုမေးမှာ။ အရေးကြီးလို့ သူသင်တာဗျ။ ပြီးရင် lecturer တွေသင်တာ အချိုးကျပါလိမ့်မယ်။ ကိုယ်တို့ဝင်သင်တဲ့အထဲကတော့ မှတ်စုတိုထဲမှာ ၂ ပုဒ်ပါမယ်။ မနှစ်က မေးပြီးသားဟာတွေ ဖယ်လိုက်။ ၂ နှစ်ဆက်တိုက် ဒါချည့်ပဲမေးနေရင် သူတို့မှာ သိက္ခာကျတယ်။ အဲ့ဒါဆို ဘာကိုကျက်ရမလဲ ရှင်းနေရော။ မေးခွန်းအတိအကျကတော့ ကိုယ်လည်း မရဘူး။ ရလည်း မပေးဘူး။ ဘယ်မေးခွန်း ဘယ်က ဘယ်လိုပေါက်ပေါက်၊ ကိုယ့်ဆီကတော့ မပေါက်စေရဘူး။ အစ်လား အောက်လား လာနှိုက်ရင်တော့ အလကားပဲ။ မင်းလည်းအချိန်ကုန်၊ ငါလည်း အချိန်ကုန်။ ကိုယ်က စာမေးပွဲခန်းထဲမှာ ကျောင်းသားကို တတ်နိုင်သလောက် ကူပါတယ်။ မေ့နေတာဆို အစဖော်ပေးတယ်။ ရွာလည်နေရင် လမ်းပြပေးးတယ်။ ဒါပေမယ့် အစအဆုံးခိုးချတာတော့ လက်မခံပါဘူး။ တခါမှာ ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲဖြေတဲ့တချိန်လုံး အိပ်နေပြီး အဖြေလွှာစာအုပ်အပ်တဲ့အချိန်မှာ တစ်အုပ်လုံးအပြည့် ရေးပြီးသား စာအုပ်ကို ထပ်တယ်။ အိမ်ကရေးလာပြီးသားတွေကို တံဆိပ်တုံးပါတဲ့ Cover paper နဲ့ လဲအုပ်ပြီး တင်တာလေ။ သူ အဲ့လိုလုပ်တော့ အခန်းစောင့်တဲ့ ဆရာ/ဆရာမတွေခမျာ ညနေအထိ ပြဿနာတွေ ရှင်းလို့မပြီးဘူး။ ထမင်းလည်းငတ်ကုန်တယ်။ ကိုယ့်အတန်းမရောက်ခင်ကတည်းက အဲ့လိုကျောင်းသားတွေဆို ကိုယ်တို့မှာ မျက်လုံးဒေါက်ထောက်ပြီး ကြည့်ရပါသလေ။ အောင်မယ်။ ကိုယ်တော်က ဆရာဝန်တော့ ဖြစ်သွားလေရဲ့။ နိုင်ငံခြားမှာတောင် ရောက်နေသဗျ။ ကိုယ်ရေးတဲ့စာအပေါ်မှာ မထော်မနမ်း ဝင်မန့်ဖူးတော့ ဘယ်သူများလဲ ကြည့်လိုက်တာ ဒင်းဖြစ်နေတယ်။ မမအန်းလိုပဲ ရယ်ပေးလိုက်ပါတယ်။ ဗက် ဟက် ဟက်ပေါ့။

သီအိုရီစာမေးပွဲပြီးတော့ viva/ practical ဖြေရတဲ့အချိန်မှာ ကိုယ်တို့အားလုံး အရမ်းပင်ပန်းပါတယ်။ ကျောင်း ၃ ကျောင်းက တစ်ပြိုင်နက် မဟုတ်ပဲ တစ်လှည့်စီ စစ်တာ။ ဧည့်ပါမောက္ခနဲ့ ဆရာကြီး ဆရာမကြီးတွေကို ဖိတ်ရတယ်။ စာမေးပွဲစစ်မယ့်တစ်ပါတ်လုံး breakfast, lunch, tea time အတွက် Menu မထပ်ရအောင် အစီအစဉ်ဆွဲရတယ်။ ဝယ်စရာရှိတာဝယ်၊ ချက်စရာရှိတာ ချက်ပေါ့။ မနက်အစောကြီးအိမ်ကထွက်ပြီး စားစရာသောက်စရာဝယ်၊ examinerတွေ ကြိုပြီး ကျောင်းလာရတာ။ သူတို့အချင်းချင်းက ဒီအချိန်ရောက်မှ စုကြဆုံကြပြီး စကားတွေဖောင်ကြတာ။ mood လေးတွေ ကောင်းနေဖို့ အရေးကြီးတယ်။ ကိုယ်တို့က အလှူ မင်္ဂလာဆောင် ဧည့်ခံသလို ဧည့်ခံရတာ။ အဲ့ဒီအချိန်လောက်ဆိုကိုယ့်အမကြီးတွေနဲ့ ကိုယ်တို့နဲ့က examiner အတွဲတွေကို အရင်ရွေးတယ်။ ဘယ်သူက မာသလဲ ဘယ်သူက ပျော့သလဲ ကိုယ်တို့သိတယ်လေ။ အမာ အမာချင်းတွဲပေးရင် ကျကုန်လိမ့်မယ်။ ပြီးရင်တော့ အဲ့ဒါ ကိုယ်တို့စီမံတာ မဖြစ်ရဘူး။ “မမ ဒီနားလေးမှာ ဒီလိုလေး အဆင်ပြေပါ့မလား။ မမ ဘယ်သူနဲ့ တွဲချင််သလဲ ဟင်။” တို့ ဘာတို့ မာယာတွေ သုံးရတာပေါ့။ ကိုယ်စီမံတာ မဟုတ်ဘူး။ သူတို့သဘောအတိုင်း လုပ်ပေးတာလေ။ အဲ့ဒီနောက် ကိုယ်တို့ ကျောင်းသားဘက်ကို လှည့်တယ်လေ။ သီအိုရီအမှတ်စာရင်းတွေက လက်ထဲမှာ။ ဘယ်သူက ဂုဏ်ထူးထွက်နိုင်တယ်။ ဘယ်သူတွေ ကျနေတယ်။ ဘယ်သူတွေက စိတ်မချရသေးဘူး။ တွန်းတင်လို့ ရနိုင်တာ ဘယ်နှစ်ယောက်၊ ကယ်လို့ မရမယ့်ဟာ ဘယ်နှစ်ယောက် ကိုယ်တို့ သိကြတယ်။ အားလုံးကို မဲနှိုက်ပြီး ခွဲပေးလိုက်တယ်ဆိုပေမယ့် ဂုဏ်ထူးသမားကို ကံစီမံရာ ထားလို့ မဖြစ်ဘူး။ နည်းနည်းတော့ ဝင်ဖန်တီးပေးမှ ဖြစ်မယ်။ သူတို့အားလုံးရဲ့ မျက်စိအောက်ကတော့ ဖြေသွားရမှာပဲ။ ပြီးကျမှ “ဟဲ့ ငါလည်း မသိလိုက်ပါလား။” ဆို grand viva ကျ ဒုက္ခရောက်လိမ့်မယ်။ အမှတ်ပေးရက်ရောတဲ့သူ တစ်ဦးဦးဆီက ဖြတ်သွားတာသာ စိတ်အချရဆုံး။ ကိုယ်တို့က ဘယ်သူ ဘယ်လောက် ပေးတတ်တယ် အထာနပ်နေပြီ။ ဆရာတိုင်းက တပည့်ကို အအောင်ပေးချင်ကြတာချည့်ပဲ လို့တော့ မမှတ်နဲ့နော်။ လာဖြေသမျှ အကုန်အောင်နေရင် “ဟဲ့ ငါ အရမ်းကို ဈေးပေါနေပြီလား။ သူ့ကျောင်းက အောင်ချက်တွေ အရမ်းကောင်းကုန်တော့မှာပဲ။” ဆို ဖြစ်တတ်တယ်။ ဘယ်လိုမှ ကယ်တင်မရနိုင်သော ကျောင်းသားဆိုတာ လူကြီးတွေနဲ့ပဲ လွှတ်ပေးရတယ်။ ဘယ်သူမှ ကယ်တင်မရတဲ့အတူတူ ပရော်ဖက်ဆာကိုယ်တိုင် ဖြုတ်ပါစေတော့။ “ဟယ် ကလေးတွေကလည်း ညံ့လိုက်တာတော်။” ဆို တင်းထားတဲ့ကြိုးလေး လျော့သွားလိမ့်မယ်။ အများစုက ဘယ်လိုဖြေဖြေ အောင်ပါတယ်။ မာဂျင်နားကတချို့ပဲ ကယ်မယ့်မမယ့်သူဆီ ပို့ရတာ။ အဆုံးသတ်ကတော့ ကံတရားပါပဲ။ နည်းနည်းပါးပါးတော့ ကလော်ကလယ် အကြော်သည် ဝင်လုပ်ပေးရတာပေါ့။

ဂုဏ်ထူးသမားအတွက် Grand viva ရှိတဲ့ နေ့လည်ခင်းဆိုရင် ကိုယ်တို့က နေ့လည်စာ special menu ထပ်ပြင်ရပါပြီ။ အိုက်စကရင်လေး ကောင်းမလား။ ကီးမားပလာတာလေး ကြိုက်သလား။ ဆူရှီလေး။ ဒင်းမ်ဆမ်းလေး ဆိုရင်ကော။ အရေးကြီးတာ မမတို့ စားနေဖို့ပဲ အရေးကြီးပါတယ်။ သဘောလေးတွေ ကောင်းနေစေချင်လို့။ တဖက်မှာ ဖြေမယ့်ကျောင်းသားကို ဖတ်ချင်တဲ့စာအုပ် ရှာပေးပြီး လက်ပူတိုက်စာနွှေးပေးရတာပေါ့။ Grand viva ဆိုတာ ဟိုရောက်သည်ရောက် မမေးဘူး။ မေးခွန်းလေး ချထားပေးပြီး “အဲ့ဒီအကြောင်းကို မင်းသိသလောက် ပြောစမ်းကွာ။” ဆိုပြီး ထိုင်နားထောင်ကြတာ။ အမှတ်မပေးဘူး။ Yes/No နဲ့ vote လုပ်ပြီး ဂုဏ်ထူးပေးတယ်။ ကျောင်းသားတွေတော့ မသိပါဘူး။ ကိုယ့်ကျောင်းက Pathology ဂုဏ်ထူးထွက်သွားတဲ့ ကျောင်းသားဆို ကိုယ်တို့က သိပ်ဝမ်းသာတာပဲ။ အထင်လည်း ကြီးတယ်။

ကျောင်းသားတွေ မသိတာ သူတို့စာမေးပွဲမှာ ကိုယ်တို့တွေ ဘယ်လိုတွေ ဝင်လှော်နေရသလဲဆိုတာကိုပါ။ လူလည်းပန်းတယ်။ ငွေလည်း အများကြီးကုန်တယ်။ အဲ့ဒီငွေတွေကို ဘယ်စပွန်ဆာဆီကမှ အလှူမခံဘူး။ ဌာန က fund နဲ့ ဖြစ်အောင် လုပ်တယ်။ Clinical မှာက exam ဆိုရင် ဆေးကုမ္ပဏီတွေ စပွန်ဆာဝင်နေကျ။ ဆေးကျောင်းမှာက ဘယ်ဆေးကုမ္ပဏီမှ မလာဘူး။ ဒါ ငါတို့စိုက်ရတယ် လို့လည်း တစ်ခွန်းမညည်းဘူး။ သိတောင် အသိမခံတဲ့ ကိစ္စ။ ကိုယ်တို့ဌာနက ဆေးရုံမှာ clinical pathology ဆိုတဲ့ ဌာနရှိပါတယ်။ အဲ့ဒီက စားရိတ်မျှပေး ဓါတ်ခွဲခန်းက စုဆောင်းငွေတွေကို စာမေးပွဲစားရိတ်အတွက် သုံးတာပါ။ ငွေရေးကြေးရေးထက် အရေးကြီးတဲ့ကိစ္စကတော့ စာမေးပွဲမှာ ပါဝင် ပါတ်သက်နေတဲ့ ကိုယ်တို့အားလုံးဟာ ဘယ်သူမှ ကျူရှင်မပေးရဘူး ဆိုတဲ့ စည်းကမ်းပါ။ ကျူရှင်ပေးလိုက်တဲ့အခါ ကျောင်းသားထဲမှာ တို့ကျောင်းသားရယ်၊ တို့ကျောင်းသား မဟုတ်တဲဲ့ကျောင်းသားရယ်၊ သူများကျောင်းသားရယ် ဆိုပြီး ကွဲပြားကုန်ပါတယ်။ အဲ့ဒီအခါကျတော့ အပေါ်မှာ ကိုယ်တို့လုပ်နေတဲ့အလုပ်တွေကို လိပ်ပြာလုံလုံနဲ့ လုပ်ဖို့ ခက်ပါတယ်။ သူ့ကျောင်းသားမို့ မျက်နှာလိုက်တယ်။ သူများကျောင်းသားမို့ ဖိထောင်းတယ် အပြောခံရတော့မှာလေ။ မမအန်းက ကျူရှင်ပေးတာကို မတားမြစ်ပါဘူး။ သင်ကြားရေးဆိုတာ အနုပညာတရပ်ပဲ။ အလကားသင်ပေးနေတဲ့သူတွေ ရှိလျက်နဲ့ ပိုက်ဆံပေးပြီး သွားတက်တယ် ဆိုကတည်းက သူသင်တာက ပိုကောင်းလို့ပေါ့။ ဒါပေမယ့် ကျူရှင်ပေးတဲ့သူတွေ စာမေးပွဲစစ်ရင်တော့ အဆင်မပြေဘူး။ “သူတို့ လူကြီးဖြစ်လာတော့ သိလိမ့်မယ်။” တဲ့။

အဲ့ဒါကြောင့် ကိုယ် ကျူရှင် မသင်ပါဘူး။ သင်တတ်တတ် မတတ်တတ် မသင်ပါဘူး။ Patho မှာတုန်းက မသင်သလို Surgery မှာလည်းပဲ မသင်ခဲ့ပါဘူး။ အဲ့ဒီကာလတွေမှာ ကိုယ့်အတွက် ငွေရေးကြေးရေး ကြပ်တည်းပါတယ်။ ဆေးခန်းမထိုင်တဲ့အပြင် ညနေဘက်မှာ ပြင်သစ်ဘာသာသင်တန်းကို ၆ နှစ်ကြာအောင် တက်နေရတာမို့ပါ။ ကျောင်းလခတွေကလည်း နိုင်ငံခြားငွေနဲ့ သွင်းရတာလေ။ အဲ့ဒီတော့ ကိုယ်ဘယ်လိုရပ်တည်ရသလဲဆိုရင် ပြင်သစ်တွေကို မြန်မာစာသင်တယ်။ မြန်မာတွေကို ပြင်သစ်စာသင်တယ်။ အဲ့ဒါက သင်လို့ရတယ်။ ကိုယ်ဘယ်သူ့ကိုမှ စာမေးပွဲမစစ်ဘူးလေ။

ဆေးကျောင်းမှာ ၄ နှစ်ကြာပြီး အတန်း ၃-၄ တန်း စာသင်မိတဲ့အခါကျတော့ စိမ်းသည်ဖြစ်စေ၊ ကျက်သည်ဖြစ်စေ၊ တော်တော်များများကတော့ ကိုယ့်ကိုသိကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ ကိုယ့်အတန်းစာမေးပွဲပြီးရင် အဲ့ဒီကျောင်းသားကို မေ့ပစ်ပါတယ်။ “ဒီကောင် ငါစာသင်ဖူးတယ်။ ငါ့တပည့်။” လို့ ခေါင်းထဲမှာ စွဲမနေစေချင်လို့ပါ။ အလုပ်ထဲမှာ ပြန်တွေ့ရင် လုပ်ဖော်ကိုင်ဖက် လို့ပဲ သဘောထားပါတယ်။ မှတ်ချင်းမှတ်ရင် သူတို့ကပဲ “ဒါ ငါ့ဆရာ” ရယ်လို့ မှတ်ပစေပေါ့။ အဲ့ဒါကြောင့် ကိုယ်လည်းပဲ ကိုယ့်ဆရာတွေကိုပဲ ရွေးမှတ်တယ်။ မမငြိမ်းတို့ဆို ကိုယ် 3rd MB ကတည်းက ဆရာ။ ကိုမိုးမြင့်၊ မခင်ဥမ္မာခိုင်၊ ဆရာဗစ်တာ၊ ဆရာဦးအောင်ကြီး၊ မမဒေါ်ခင်သိုက်ဝင်း၊ မမအေမီ၊ ဆရာကြီးဦးသာအောင်၊ မမဒေါ်ခင်မကြီး။ အကုန်လုံးဟာ ကိုယ့်ဆရာတွေချည့်ပါပဲ။ ကိုယ်က Pathology မှာ ၄ နှစ်တောင် ခိုလှုံခဲ့ရတော့ Senior Pathologist အားလုံးကို ကိုယ့်ဆရာသမားရင်းချာလို့ပဲ အောင့်မေ့ရတာပါပဲ။

ဟိုလေ။ ဆရာလေးက ဆရာလေး ဆိုတော့လေ။ တပည့်တွေထဲမှာ နည်းနည်းပါးပါးများ ဟုတ်စာပြုတာ မရှိဘူးလား လို့ မေးချင်ကြမယ် ထင်ပါတယ်။ မရှိပါဘူး။ အကုန်လုံး သိပါတယ်။ ဌာနက ကိုယ့်အမကြီး၊ နှမလေးများကလည်း အအုပ်အထိမ်းကောင်းပါတယ်။ နှစ်စမှာ မိတ်ဆက်ပေးကတည်းက “ဟဲ့ ပစ်မှားမနေနဲ့။ နင်တို့ နောက်ကျသွားပြီ။ သူ့မှာ မိန်းမရှိတယ်။” ဆိုပြီး ပိတ်ပြောထားတာ။ အီစီကလီ ပြီတီတီတော့ လာမလုပ်နဲ့။ စာသင်ခန်းဝကနေ ခါးထောက်ပြီး လာကြည့်မှာ။ ကိုယ်က ကျောင်းသားတွေအပေါ် မျက်ခြေမပြတ်သလို သူတို့ကလည်း ကိုယ့်အပေါ် မျက်ခြေမပြတ်ပါဘူး။ အဲ့ဒါကြောင့် ဆေးကျောင်းမှာ ကိုယ်က အနံ့အသက် အရှုပ်အရှင်း အကုန်လုံးကင်းတယ်။ အရုပ်ကလေးတစ်ရုပ်လို ထားရင် အရုပ်ကလေးတစ်ရုပ်လိုပဲနေတယ်။ ဆေး (၂) ကို ရောက်ရင် “Physics က ဆရာလေးချောတယ်။ Anatomy က ဆရာလေး ဖွေးအုနေတာပဲ။ Patho ဌာနက ဆရာလေးကတော့ ဘယ်လို။” ဆိုပြီး ဧည့်သည်လာရင် လိုက်ပြယူရလောက်အောင် မင်နဲ့မောင်းနဲ့ နေရတာပေါ့။ အကုန်လုံးကိုတော့ လိုက်မရောဘူးလေ။ ငပေါကြီးမှန်း လူသိကုန်လိမ့်မယ်။

ရယ်စရာကောင်းတာပြောရရင်တော့ MSc ဖြေဖို့ လျှောက်လွှာတင်တဲ့အခါ form ကို ၂ စုံဖြည့်ထားတယ်။ Surgery တစ်စုံ၊ Pathology တစ်စုံ။ ပြီးတော့ ဌာနက ဆရာမလေးတွေနဲ့ ကမ္ဘာအေးဘုရားသွားကြရော။ “ဗေဒင်မေးမယ်” ဆို ဝင်ထိုင်ကြတော့ ဗေဒင်ဆရာက “ဒီဘဲ စော်တွေအများကြီးနဲ့ လာတယ်။” ဆိုပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါး၊ တစ်ပါး ၅၀၀၀၊ ကြိုက်ရာမေး ၁၅၀၀၀ တဲ့။ “အောင်မယ်။ ဆရာဝန် ဆေးကုတာတောင် ၅၀၀ မရတဲ့ ကိစ္စ။ ဒင်းက ပါးစပ်ကလေးစိုက်ပြီး ၁၅၀၀၀ တောင်းနေတယ်။ မမေးဘူး။” ဆို ထပြန်လာကြတယ်။ အဲ့တော့မှ တစ်ယောက်က “လာ လာ လာ။ အလကားရတဲ့နေရာ ရှိတယ်။” ဆို စဉ့်အိုးတန်းလမ်းထိပ်က တရုတ်ဘုံကျောင်းကို ခေါ်သွားရော။ ဟိုရောက်တော့ ကျောက်ကပ်ပုံလေး ၂ ခြမ်းကို အရင်ပစ်ချလိုက်။ စုံ မ ကြည့်။ ရပြီဆိုမှ ဝါးဆစ်ဗူးလေး လှုပ်လှုပ်ခါပြီး အထဲက ဝါးခြမ်းချောင်းလေး ကျလာအောင်လုပ်။ အဲ့ဒီဝါးခြမ်းချောင်းလေးကို ဂေါပကလူကြီးဆီသွားပေးမှ ဟိုက တရုတ်လို ရေးထားတဲ့ ဟောစာတမ်းလေးကို ထုတ်ပေးတယ်။ သူက နိမိတ်ပုံတွေနဲ့ပဲ အဟောထွက်တာ။ ကိစ္စမရှိဘူး။ ကိုယ်တို့ထဲ တရုတ်စကားပြန်ပါတာပဲ။ သူ အနက်ပြန်ပေးတာပေါ့။ ဟောချက်က လမ်း ၂ လမ်း ရှိတယ်။ ကြိုက်တဲ့လမ်းကသွား ခရီးတော့ ရောက်မယ်တဲ့။ “ဖြေချင်တာဖြေ။ အောင်မှာ။” လို့ ကောက်လိုက်တယ်။ “တစ်လမ်းက ရှည်မယ်။ ကြမ်းတမ်းမယ်။ ရန်များမယ်။” တဲ့။ အေး ဟုတ်တယ်။ ဒါတော့ သူပြောမှလား။ “ဘယ်လမ်းသွားသွား နောက်ဆုံးတော့ အိမ်ရောက်မှာပါ။” တဲ့။ ရယ်လိုက်ရတာလေ။ အေးကွာ။ အလကား မေးတဲ့ဗေဒင် ဒီလောက်မှန်တာ တော်ရောပေါ့။ နောက်ဆုံးတော့ Surgery ကိုပဲ ဖြေဖြစ်ပါတယ်။ Pathology ကိုလည်း ဘယ်မေ့နိုင်ပါ့မလဲ။ ဆေးကျောင်းမှာ စာသင်ပေးခဲ့တဲ့ထဲက ကိုယ့်ထက်တော်တဲ့ တပည့်တွေ တွေ့ရင် စိတ်ထဲမှာ ကျေနပ်မိတာ အမှန်ပါပဲ။ အားလုံးကို အော်မီတော်ဖော်ပါလို့။