အနိုင်အရှုံး နဲ့ အဆုံးအဖြတ်

ငယ်ငယ်တုန်းက ဆင်းရဲမွဲတေတဲ့အကြောင်း၊ တောကျတဲ့အကြောင်းတွေ ရေးရေးနေရတာဟာ “ဘဲဥတစ်ခြမ်းစီ လင်များနှောက် စားလာခဲ့တာ။” တို့၊ “မြင်းခွါရွက်စားပြီး အလုပ်လုပ်လာတာ။” တို့ ဆိုတာမျိုး ဒရာမာတွေချိုးပြီး အတန်ရှည်ရှာချင်စိတ် မရှိပါဘူး။ အခုလည်းပဲ ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားနေတာမှ မဟုတ်တာ။ ဒီကနေ့ ဒီအချိန်မှာ ဒေါင်ကျကျ ပြားကျကျ၊ လဲမသွားအောင် ရပ်တည်နေနိုင်တဲ့ကိစ္စဟာ ငယ်ငယ်ကတည်းက ထုလေမာလေ ငဖယ်တေ တေလာခဲ့တဲ့သူမို့ လို့ ပြောချင်တာ။ ကိုယ်က rich kid မဟုတ်ဘူး။ village boy ။ လူတစ်ယောက်နဲ့တစ်ယောက် ကြီးပြင်းလာပုံချင်း မတူတဲ့အခါ ခံနိုင်ရည်ချင်းကလည်း မတူဘူးလေ။ ကိုယ်တို့ဆီက PDF ကလေးတွေဟာလည်း အဲ့တိုင်းပါပဲ။ သုံးနှစ်ကျော်၊ လေးနှစ်ဆိုတဲ့ ကာလအတွင်းမှာ တော်တော်ကို ထုသားပေသား ကျခဲ့ပြီ။ စစ်ပွဲအတွေ့အကြုံလည်း အတန်အသင့် ရခဲ့ပြီ။ အသက်ပေးသွားတဲ့သူတွေ၊ ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော်ရဲဘက်တွေလည်း ရှိခဲ့ပြီ။ ကိုယ့်လိုမျိုး လေယာဉ်ဗုံးကျပြီး အသက်မသေတဲ့ဖြစ်ရပ်မျိုးကို အကြိမ်ပေါင်းများစွာ ကြုံဖူးကြတယ်။ တောထဲတောင်ထဲက ဒုက္ခတွေကို ဘယ်သူမှ စာမဖွဲ့တော့ပါဘူး။ အစာလည်းငတ်ဖူးတယ်။ ရေလည်းပြတ်ဖူးတယ်။ ယားနာတွေ ဖျားနာတွေ ဆိုတာတော့ ပြောမနေနဲ့။ အားလုံးဟာ ခံနိုင်ရည်တွေ ပြည့်ဝလို့ နေပါပြီ။

ကိုင်း ကြည်းရေလေ တပ်မတော်တွင်းက သူငယ်ချင်းတွေ။ “ရဲရဲတောက် တိုက်စစ်ဆင်ကာနေ။” ဆိုတာ ဟုတ်သလား။ အခြေအနေ အသေအကြေလေးတွေ ဘယ်လိုရှိကြသလဲ။ ပါပါပူတင်၊ ပါပါကျင့်ဖျင် တို့က သိကြား မသလို မ မှာဆို။ အိုကေရဲ့လား။ ဆောင်ထားတဲ့ ပိတ်ဖြူတစ်ထွာလေး အပေအတေ အစွန်းအထင်း မရှိစေနဲ့ကွယ်။ ဒါလေးကပဲ မင်းတို့ကို အသက်ကယ်စရာ ရှိတယ်။ လေယာဉ်တွေနဲ့လည်း တိုက်နေတာပဲ။ ဒရုန်းတွေနဲ့လည်း အုန်းနေတာပဲ။ ရှိသမျှ နည်းပညာ၊ လက်နက်ကိရိယာ အကူအညီတွေနဲ့ တိုက်နေတယ်လေ။ အဲ့ဒီကြားထဲကမှ တစ်နေ့ပြီးတစ်နေ့ အခြေအနေမလှတဲ့ မင်းတို့ဘဝကို ကိုယ့်ဘာကိုယ် မြင်အောင်ကြည့်ကြပါဦး။ ဆေးရုံပျက်ပြီးတဲ့နောက်ပိုင်း တိုက်ပွဲတွေချည့်ပဲ နေရာအနှံ့မှာ။ တစ်လတောင် ပြည့်တော့မယ်လေ။ ခြေနေ ဘယ်လိုလဲ။ ဗုံးမှန်၊ သေနတ်မှန်ရင် သေတတ်တာ လူတိုင်းသိပါတယ်။ မထူးဆန်းဘူး။ ကြုံဖူးနေကျ။ ကံနည်းတဲ့သူတွေ ကံကုန်တယ် လို့ပဲ သဘောထားလိုက်မယ်။ ဒါပေသိ ရှေ့လျှောက် စစ်သားတွေသေမှာကတော့ ဉာဏ်နည်းလို့ သေရတယ် လို့ အောင့်မေ့ရမှာ။ မင်းတို့က မြဝတီသတင်းတွေကို အကုန်ထိုင်ယုံနေသလား။ ဟစ်တလာလည်း အစတုန်းက ဂျာမနီမှာ ဘာ gas chamber မှ မရှိပါဘူး ငြင်းသေးတာပဲ။ တရုတ်ကြီးကလည်း မြန်မာနိုင်ငံ ပြည်တွင်းရေးကို သူဘာမှ ဝင်မစွက်ဖက်ပါဘူး ငြင်းတယ်လေ။ သတင်း နဲ့ ဝါဒဖြန့်တာကို မခွဲခြားနိုင်တဲ့ ဦးနှောက်ဟာ စစ်ပွဲအတွင်းမှာ အသက်ရှင်ကျန်ရစ်ဖို့ အရည်အသွေး မပြည့်မီဘူး။ ဒီလအတွင်းမှာ ထိုင်း-ကရင် နယ်စပ်ကစခန်းတွေ တစ်ခုပြီး တစ်ခု ကျကုန်ပြီ။ ပြည်နယ် နဲ့ တိုင်း ဘယ်နေရာမှာမဆို စစ်မီးတောက်လောင်နေတယ်။ မန္တလေး၊ နေပြည်တော်က ငလျင်ဒဏ်ကြောင့် နာလံမထူနိုင်သေးဘူး။ သူပြောတာတွေ ဖြစ်နိုင် မဖြစ်နိုင် ကိုယ့်ဦးနှောက်နဲ့ကိုယ် ချင့်ချိန်စဉ်းစားပေါ့။

ဒီ့ထက်ပိုပြီး ကြီးမားတဲ့ စစ်မီးတောက်နဲ့တွေ့ရင် မြန်မာပြည်ထဲမှာ ရှိတဲ့ တရုတ်အကျိုးစီးပွါးတွေကို ဘယ်သူကမှ မကာကွယ်နိုင်တော့ဘူး။ ရပ်ကွက်ထဲ သူခိုးမိလို့ ဆွမ်းကြီးဝိုင်းလောင်းသလို ဘယ်သူ့လက်ချက်မှန်းတောင် သိလိုက်မှာ မဟုတ်။ အဲ့ဒီအခါကျရင် ပေါက်ဖော်ကြီးက နောက်ကွယ်မှာနေရာကနေ ရှေ့ထွက်ပြီး ပေါ်ပေါ်ထင်ထင် ဝင်တိုက်လိမ့်မယ်။ သူ ကျွံဝင်အလာကိုစောင့်နေတဲ့ သူ့ချစ်တုံးကြီးကလည်း “ဟိုင်းယား” ဆို ဝင်ချလာမှာပဲ။ နေရာတောင် ယူထားပြီးပြီ။ ဒါဆို စစ်က အများကြီး ပိုကြီးလာတော့မှာနော်။ အခု ရက်စက်တယ် ဆိုတာ ဘာဟုတ်သေးလဲကွာ။ မင်းတို့က ဒီစောင်ရူးတစ်ကောင်ကို ဖြုတ်မချနိုင်တော့လည်း တတိုင်းလုံး တပြည်လုံး လူမျိုးတုန်းအောင် စစ်တိုက်ကြရုံ ရှိတော့တာပေါ့။ ဒုတိယကမ္ဘာစစ်ကြီးကို ဗုံးနှစ်လုံးနဲ့ အဆုံးသတ်ပေးခဲ့တယ်ဆိုတဲ့ အမေရိကန်ဟာ မြန်မာပြည်မှာ proxy war ကြီး မဖြစ်စေချင်ရင် ကျည်ဆန် ၅ တောင့်လောက်ဆို လုံလောက်ပါတယ်။ ကျန်တဲ့လူတွေ အလိုလို တပ်ပျက်သွားမှာ။ လူမရှိရင် ငါ့ လာခေါ်စမ်းပါကွာ။ Mission Impossible တွေ ရိုက်ပြလိုက်ချင်တယ်။

မအလ ကို လူချိန်းပေးဖို့ ဝမ်ယိပါပါးက နေပြည်တော်အထိ လာပြီး ဖဲချိုးပေးသေးတယ်။ ၆ လုံးတန်းက အဖိုးကြီးတွေက ဇမရှိလို့ ဇစ်မဖြုတ်ရဲဘူး။ သူ့အောက်မှာ သူ့လောက် စောင်သုံးကျတဲ့ကောင် တစ်ကောင်မှ မရှိလို့ ပင်စင်မယူနိုင်သေးပဲ ဆက်လုပ်နေတာ ဆိုတာကလည်း ugly truth ဖြစ်နေတယ်။ ကိုင်း အခု တည်မိတဲ့ဘုရား လဒနားနား ဆိုပြီး ကြင်စိုးမှ ကြင်စိုး ပုံအောပြီး ရှိုးလိုက်တော့မယ်ဆိုပါတော့။ ငါတို့တိုင်းပြည် သန်း ၅၀ ပဲ ရှိတာပါကွာ။ အောက်ပြုတ်ပါ။ ကျန်တာ ကိုယ့်ဘာသာ ဆက်ရှင်းကြပေါ့။ နိုင်မယ်ထင်လို့ အပိုင်တွက်ထားတာပဲဟာ။ မြင်းခွါမှာရိုက်တဲ့ သံမှိုလေးတစ်ချောင်းကလည်း စစ်ပွဲအနိုင်အရှုံးကို အဖြေထွက်စေသတဲ့။ ကြည့်ကြသေးတာပေါ့။ ငါတို့ချည့်ပဲသေပြီး သူတို့ချည့်ပဲ ရှင်ကျန်ရစ်ခဲ့မယ့် ကိစ္စလည်း မဟုတ်။

ကိုယ်တို့စိတ်ထဲမှာ စစ်တပ်အပေါ်ရှိတဲ့ အမုန်းတရားဟာ ပါလက်စတိုင်းက၊ ဂါဇာက၊ ချေချင်းညာက လူတွေမှာ ရှိတဲ့ အမုန်းတရားထက် တစ်ပြားသားမှ မလျော့ဘူး။ ကိုယ့်အသက်တင်မကဘူး။ နောက်မျိုးဆက်တွေအထိပါ ဆက်သယ်သွားမယ့် အာဃာတတွေ။ အာဏာစည်းစိမ်တွေကို သိပ်ပြီးချိုမြိန်နေတယ် မထင်နဲ့။ အကုန် အပင်းအဆိပ်သင့်မှာ။ အဲ့ဒါ သူတို့စိုက်သွားခဲ့တဲ့ အပင်။ သတ္တဝါဆိုတာ ကိုယ့်အသက်ထက် မြတ်နိုးတဲ့အရာ မရှိပါဘူး။ ဒါပေမယ့်လည်း တော်လှန်ရေးအတွက်ဆိုရင် ကိုယ်တို့ဆီမှာ ဘယ်သူ့အသက်မှ မနှမျောဘူး။ ကိုယ်တွေသေသွားလည်း နောက်မျိုးဆက်တွေ ကိုယ်တို့လို လူညွန့်မတုံးအောင် ရင်းပေးရမှာပဲ။ စစ်ဘိနပ်အောက်မှာ မျိုးဆက်သုံးဆက် နေပြီးပြီလေ။ ဆက်မနေနိုင်တော့ဘူး။

ပြောမယ့်သာ ပြောနေတာပါ။ ဒီကောင်တွေ ဒီစကားကို ကြားခွင့်မကြုံသလို ဒီစာကိုလည်း ဖတ်ခွင့်မကြုံနိုင်တော့ဘူး။ ဒေဝဒတ်ဟာ ဘုရားရှင်ကို ဖူးခွင့်မရှိတော့သလိုပဲ စစ်သားမှန်သမျှ ဒေါက်စိုးစာကို ဖတ်ခွင့်မရ။ ရသည့်တိုင် ဉာဏ်မမီနိုင်ဘူး။ ဆိုင်ဘာစစ်သားကလွဲရင် သူတို့မှာ Facebook သုံးခွင့် မရှိဘူး။ ဖုန်း password ပါ တပ်ရေးဗိုလ်ကြီးဆီ အပ်ထားရတာ။ ကြည့်ချင်ချင် မကြည့်ချင်ချင်။ မြဝတီပဲ ထိုင်ကြည့်။ ကျန်တာ ဘာသတင်းမှ ပေးနားမထောင်။ သူ့အဘ ရုရှားကို ထွက်ပြေးတဲ့အချိန်ထိ သူတို့ဘက်ကစစ်တွေက နိုင်နေဦးမှာ။ အဲ့ဒါကြောင့် “ဉာဏ်နည်းလို့ သေရတဲ့သူတွေ မြင်ဖူးချင် အဲ့ဒီလူတွေကို ကြည့်။” လို့ ပြောတာ။ ဒါတွေကို ဘယ်မှာသိသာသလဲဆိုတော့ ကလေးတွေကို သတ်တယ်။ ကျောင်းသားတွေကို သတ်တယ်။ ဆရာဝန် ဆရာမတွေကိုသတ်တယ်။ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ ဒီလိုလူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို စစ်သားတွေက ကျူးလွန်နိုင်အောင် အဲ့ဒီစစ်သားတွေကို ပြည်သူလူထုနဲ့အဆက်အသွယ်မရအောင် ဖြတ်တောက်ထားတာ။ စစ်ခွေးတွေကို ပိတ်လှောင်ပြီး အစာငတ်ရေငတ် ထားသလိုမျိုးပေါ့။

ယူတို့က သိပ်ပိန်းနေလို့ သင်ပေးရဦးမယ်။ ငြိမ်းချမ်းရေးဆိုတာလေ တရုတ်ကြီးက ခွေးမိန်ခေါ်၊ စားပွဲဝိုင်းမှာ ထိုင်။ နင်တော် နင်တန် ပန်းကန်ကွဲ လို့လက်ဆွဲနှုတ်ဆက်ခိုင်းပြီး ရွေးကောက်ပွဲကြီး လုပ်ချလိုက်ရင် ဗမာကားတွေ ဇာတ်သိမ်းခန်းရိုက်သလို တိုင်းရင်းသားတွေ ဝေးကနဲ ထခုန်ပြီး ပြီးပါပြီ စာတမ်းထိုးလို့ရမယ် ထင်နေတာလား။ သောက်ကျိုးနည်း ဦးနှောက်ကြီးကွယ်။ ရှက်စရာကောင်းလိုက်တာ။ ဒီဉာဏ်ရည်နဲ့များ trade war မှာ ပလေးဦးမတဲ့။ ဟာသ။ ကိုယ်ဝင်မပါပဲ သူ့ကြိုးနဲ့သူ ရှုပ်နေတဲ့ ကြင်စိုးကို အသာလေး လွှတ်ထားလိုက်ရုံနဲ့ ပွဲသိမ်းတယ်။ ဘာမှ အားစိုက်စရာ မလို။ ဝင်ပါရင် စစ်ပွဲတွေ ဖြစ်မယ်။ ဝင်မပါရင် စစ်အစိုးရပြုတ်ကျသွားပြီး နောက်အစိုးရ တက်လာမယ်။ ညှိစရာရှိရင် အဲ့ဒီနောက်အစိုးရနဲ့မှ ညှိယူတော့လေ။ လွယ်လွယ်လေးရယ်။ ဘာတွေ စိုးရိမ်နေတာလဲ။ သူတို့တွေးနေတဲ့အတွေးက မအလခြိမ်းခြောက်တဲ့စကားနဲ့ အတူတူပဲ။ “ဒီတိုင်းပြည်မှာ စစ်တပ်မရှိရင် ဘာဖြစ်သွားမယ် ထင်သလဲ။” ဆိုတဲ့အတွေး။ အဲ့ဒီအထဲမှာ တဝဲဝဲလည်ပြီး ထွက်ပေါက်ပိတ်နေတာ။ လက်တွေ့မှာ ကိုယ်တို့ ရင်ဆိုင်နေရတာက “ဒီစစ်တပ်ကို ဘယ်လိုမှ ထားလို့ မရတော့ဘူး။” ဆိုတဲ့ ပြဿနာ။ စစ်တပ်ကို နိုင်ငံရေးက ဖယ်ထုတ်မလို့ မဟုတ်ဘူး။ ဒီစစ်တပ်ကို ဖျက်သိမ်းပြီး အသစ််ပြန်ဖွဲ့စည်းရမှာ။

ကိစ္စမရှိဘူးလေ။ ကိုယ်တို့က ဘယ်သူ့အကူအညီမှလည်း အားမကိုးပါဘူး။ ဘယ်သူ့ဖိအားကြောင့်မှလည်း နောက်တွန့်မသွားပါဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်မြဲ လုပ်ဆဲပါ။ အိန္ဒိယစစ်တပ်က မြန်မာ ၁၀ ယောက်ကို ပစ်သတ်လိုက်တဲ့ ပြဿနာ၊ ထိုင်း နဲ့ ဝစစ်တပ်၊ လာအို နဲ့ ဝစစ်တပ် ပြဿနာတွေမှာ မြန်မာစစ်တပ်အနေနဲ့ တိုင်းပြည်ကာကွယ်ရေးတာဝန်တွေကို လုံးဝလှစ်လျူရှုပြီး အာဏာရှင်လက်ကိုင်တုတ်သက်သက် ဖြစ်နေတယ် ဆိုတာ ထင်ရှားပါတယ်။ ဘယ်လိုစစ်သားတွေများ ဒီလိုစစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နိုင်သလဲ ဆိုတာ အရှင်းကြီးပါ။ စပြီး အာဏာသိမ်းကတည်းက တည်ဆဲဥပဒေနဲ့ နိုင်ငံတော်အပေါ်မှာ သစ္စာဖောက်ပြီးတော့သိမ်းတာ။ မခိုင်လုံတဲ့ အကြောင်းပြချက်တွေကို ရိုးမယ်ဖွဲ့ပြီးသိမ်းတာ။ ဒီလှေကို အတူတက်လှော်တဲ့သူ မှန်သမျှ တကြိတ်တည်း တဉာဏ်တည်း လို့ မခေါ်ရင် ဘယ်လိုခေါ်ရမှာလဲ။ မြင်ကွန်း မြင်းခုံတိုင်အရေးမှာ အတူပါတဲ့သူတွေ အကုန်ကွပ်မျက်ခံရတယ် သိလား။ နီးရားဓါးကြောက်လို့ တစ်ခွန်းတည်းနဲ့ မလွတ်ဘူး။

သတင်းအမှားဆိုတာ သူ့ဘက်ချည့်ပဲ ရှိတာ မဟုတ်ဘူး။ ကိုယ့်ဘက်မှာလည်း ရှိတယ်။ ပုစင်း ၂ ကောင် ကင်ပလိုက်တယ်။ ကချင်သတင်းရင်းမြစ်က တင်ထားတယ်။ နောက် ဘယ်သူတွေတင်ထားသေးသလဲ။ ယုံလို့ရပြီ။ ယုံလိုက်။ ဗျူဟာမှူးကိုယ်တိုင်မတ်စိကိုက်တယ်။ ရာထူးကြီး ဘယ်နှစ်ကောင်ပါတယ်။ ဒါကတော့ ချင့်ယုံ။ တာမခန်က ထွက်ပြေးသွားတဲ့ သက်ပိုင်ထွန်းကို ကသိုင်းတောင်မှာ “မိပြီ။ သေပြီ။” သတင်းတွေတက်လာ။ နောက် “မဟုတ်သေးဘူး” တဲ့။ ဆိုင်းတောင်မှာ lucky man နဲ့ ပြန်ပေါ်လာပြန်ရော။ အဲ့ဒီမှာ အသည်းအသန်တိုက်ပြီး နောက်တော့ ဓါတ်ပုံကြီးနဲ့ပါ တက်လာတယ်။ “ဒီတစ်ခါ တကယ်သေပြီ” တဲ့။ အဲ့ဒါလည်း ဟုတ်သေးပါဘူး။ “သေတယ်လို့ တမင်သတင်းလွှင့်ပြီး ခြေရာဖျောက်ပလိုက်တာ” ဆို လာပြန်ရော။ သတင်းတွေကို ကိုယ်ဖြစ်စေချင်သလို ပုံဖော်အသုံးချတဲ့အခါ ဘယ်ဟာကို ဘယ်လောက်ထိ ယုံမှာလဲဆိုတာက ကိုယ့်အသိဉာဏ်နဲ့ဆိုင်တယ်။ ကြားကြားးသမျှ လိုက်ယုံနေရင် ငပေါကြီး ဖြစ်လိမ့်မယ်။ သတင်းနဲ့ ထောက်လှမ်းရေးမပါပဲ စစ်ဆင်ရေးလုပ်လို့ မရဘူး။ သတင်းအမှားပေါ် အခြေခံပြီး စစ်တိုက်ရင်လည်း ကိုယ်ကျိုးနည်းတတ်တယ်။ မြေပုံပေါ် တစ်လက်မကွာရင် မြေပြင်မှာ မိုင်နဲ့ လွဲသွားမှာ။ အဲ့ဒီတော့ ဘာပဲကြားကြား ကိုယ့်ဘက်က ဟုတ်လောက်၏ မဟုတ်လောက်၏ ချင့်ချိန်နိုင်တဲ့ အလေ့အကျင့်နဲ့ ဉာဏ်ရည်လိုတယ်။ လက်ဘက်ရည်ဆိုင်မှာ ဘောလုံးပွဲကြည့်ပြီး အာချောင်ရုံ ဆိုပေမယ့် မန်ယူရှုံးရင် နောက်နေ့ ဆိုက်ကားမထွက်နိုင်တာလည်း ကိုယ့်ဘာကိုယ် သတိရ။ ဆြာစိုးလည်း ထွက်ပြေးချင်တဲ့စိတ်သာ ရှိရင် ဗုံးမှန်တုန်းက မတ်စိကိုက်တယ် သတင်းလွှင့်ပြီး မေရိကားရောက်မှ “တူတူရေ ဝါး” လုပ်လည်း ရတာပဲ။ ကိုယ်တွေက မလိမ်တတ်ပေမယ့် လိမ်နေကျလူတွေက သူများမလိမ်ရ၊ ကိုယ့်ပေါင်ကိုယ် ပြန်လိမ်တာ။ ဒီကောင်တွေဆီမှာ ငါ့ကိုမိရင် ဘယ်လိုလိမ်ပြောမလဲ ဇာတ်ညွှန်းက လူတိုင်းမှာ ရဟာဇယ်လုပ်ပြီးသား ရှိတယ်။

စစ်တိုက်တယ် ဆိုတာလေ ကံချင်းလည်းတိုက်ရတယ်။ ဉာဏ်ချင်းလည်း တိုက်ရတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယချင်းလည်း တိုက်ရတယ်။ အားနည်းတဲ့သူ ရှုံးမှာပဲ။ ကိုယ့်ဘက်က အားသာချက်၊ သူ့ဘက်က အားနည်းချက်တွေကိုလည်း သိရတယ်။ အသုံးချရတယ်။ ကိုယ်က အရှုံးမှ မခံနိုင်တာလေ။ မင်းအောင်လှိုင်ဆီမှာ ငလျင်ကယ်ဆယ်ရေး အလှူငွေတွေ ရှိတယ်။ အဲ့ဒါတွေကို ပြည်သူတွေကို သတ်ဖြတ်တဲ့နေရာမှာ သုံးနေတယ်။ “သက်သေပြ” လို့ပြောရင် (၁) ဘယ်နေရာမှာမှ ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေတာ မရှိဘူး။ (၂) အန္တရာယ်ရှိ အဆောက်အဦတွေ ရှင်းလင်းရေးတောင် လုပ်မပေးလို့ ကိုယ့်အိမ်ကိုယ် ပိုက်ဆံပေးဖြိုချနေရတာ။ ခုချိန်ထိ ငလျင်ထပ်လှုပ် ထပ်ပြိုနေကြတုန်း။ ဘယ်ပိုက်ဆံ ဘယ်နားသုံးသလဲ။ စာရင်းကလေးတောင် မပြနိုင်။ (၃) ငလျင်ပြီးကတည်းက လေယာဉ်တွေ ဗုံးကျဲတာ တစ်ရက်မှမနားဘူး။ လေဆိပ်က လေယာဉ်အတက်အဆင်း ဇယားတောင်းကြည့်။ ကုန်ကျစားရိတ်တွက်ကြည့်။ (၄) အဲ့ဒါနဲ့မှ သက်သေမခိုင်လုံသေးပါဘူး လို့ ယူဆရင် အဲ့သလို မဟုတ်ပါဘူးဆိုတဲ့ သက်သေအထောက်အထား တစ်ခုပဲပြ။ ပြနိုင်သလား။ အဲ့ဒါဆိုရင် ငလျင်ကယ်ဆယ်ရေး အလှူငွေတွေဟာ Non-lethal aides အထဲမှာတောင် မပါဘူး။ sanctions ထက်တောင် ထိထိရောက်ရောက် တားဆီးသင့်သေးတယ်။ ဘယ်ဒုက္ခသည်ဆီကိုမှ မရောက်တာ အသိသာကြီး။ ဒီဟာကိုဖြတ်တောက်နိုင်မှ ဗုံးကျဲတာလျော့မယ်။ အဲ့ဒီကောင် ရုရှားကပြန်လာတိုင်း ဗုံးကျဲတာစိတ်လာတာ မြင်လျက်သားနဲ့။ အဲ့ဒီကိစ္စက မြေပြင်ကစစ်တိုက်နေတဲ့သူတွေ ဘာမှ လုပ်ပေးလို့ မရဘူး။ နိုင်ငံတကာက သံခင်းတမန်ခင်းနဲ့ လုပ်ရမှာ။ ကိုယ်တို့ဘက်က awareness ရော attention ရော ရအောင် လုပ်နေတယ်။ မသိချင်ယောင်ဆောင်နေရင်် သခွပ်ပင်က မီးတကျီကျီ ထတောက်နေမှာ။ Bilverlley Hill လည်း သစ်ရွက်ခြောက်နဲ့ စလောင်တာပဲ ဆိုတာ မမေ့နဲ့။ အခု မဆိုင်လည်း နောက်တော့ ဆိုင်လာလိမ့်မယ်။

ဒီနေရာမှာ ဒုတိယကမ္ဘာစစ်တုန်းက ဂျူးတွေလိုပဲ မတရားသဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုတွေ အရမ်းပေါနေတယ်။ မသိသလို မမြင်သလို ဖုံးဖိဖျောက်ဖျက် ထားတဲ့ ပမာဏထက် ပိုများလာလို့ လူသိရှင်ကြား အသံတွေ ကျယ်ကျယ်လောင်လောင်လည်း ထွက်လာပြီ။ ဘာလုပ်ကြမှာလဲ။ ဘာမှ မလုပ်လည်း ရပါတယ်။ အမှိုက်မီးလောင်တုန်းက မရှင်းရင် ပြဿဒ်ပြာကျတော့မှ မီးသတ်ကားခေါ်ပေါ့။ ဆီလောင်းယပ်ခတ် အလုပ်ကောင်းရင် ဘေးအိမ်မီးကူးမှာ။ မီးဆိုတာ ဆော့စရာ မဟုတ်ဘူး။ အာဆီယံဟာ ဒေသတွင်းမှာ စစ်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်တဲ့ အကျိုးဆက်ကို လက်ခံနိုင်ပြီလား။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာနိုင်ငံဟာ အခြေအနေ မကောင်းဘူး။ လောလောဆယ်မှာဆိုရင်တော့ မြန်မာစစ်တပ်ဟာ အခြေအနေမကောင်းဘူး။ သူ့ထဲမှာဖြစ်နေတဲ့ကိစ္စဟာ အာဏာသိမ်းတဲ့ အစိုးရ အပြောင်းအလဲထက်​တော့ မကဘူး။ အစိုးရတဆက်စာကြာအောင် စောင့်ကြည့်ခဲ့ပြီးပြီ မဟုတ်လား။ မြန်မာနိုင်ငံကို တကယ်ပဲ တည်ငြိမ်အေးချမ်းသွားမယ့်နည်းလမ်းက မရှိတာ မဟုတ်ဘူး။ မသိတာလည်း မဟုတ်ဘူး။ ပြဿနာအားလုံး ဘယ်ကစပြီး ဘယ်သူတွေမရှိတော့ရင် ပြဿနာငြိမ်းသွားမလဲ ဆိုတာလေး သဘောပေါက်ရင် ရပြီ။ အခု မပေါက်လည်း နောက်တော့ ပေါက်လာလိမ့်မယ်။ ကိုယ်တို့အတွက်ကတော့ သန်းခေါင်ထက် ညဉ့်နက်ခဲ့ပြီးလို့ ရောင်နီလာချိန်တောင် ရောက်နေပါပြီ။