ဒီကလူနာတွေကို ဉာဏ်နည်းလိုက်တာ၊ ပိန်းလိုက်တာ၊ so stupid နဲ့ နှာခေါင်းလေး တရှုံ့ရှုံ့ လုပ်နေတဲ့ မောင်စံဖားဟာ သူငယ်ငယ်တုန်းက အဲ့ဒီထက်တောင် တုံးတဲ့ အ တဲ့ ဘဝက လာတယ် ဆိုတာ မေ့နေပုံပါပဲ။ တုံးဆို “အပ်ကြောက်တယ်။ ဆရာဝန်ကြောက်တယ်။ ဆေးရုံကြောက်တယ်။” ဆိုတဲ့ မိသားစု အသိုင်းအဝိုင်းက လာတာကိုး။ အခု ဆရာဝန်တွေကုတဲ့ ဆေးပညာကို ကိုယ်တို့က အင်္ဂလိပ်ဆေး လို့ခေါ်တယ်။ အိမ်ကလူတွေက ဗမာဆေးပဲ အားသန်တယ်။ တိုင်းရင်းမြန်မာဆေးခန်းမှာ ပြတာ။ ရန်ကုန်မြို့ကြီးနေပြီး တယ်လည်း တောကျတဲ့သူတွေလို့ ပြောရင်လည်း ခံရမှာပါပဲ။ မှန်ပါတယ်။ ကိုယ်တို့အိမ်က ပညာမတတ်ကြပါဘူး။ အမေရော၊ အဖွားရော လေးတန်းအထိပဲ နေဖူးတယ်။ အဖေက ဆယ်တန်းထိ နေဖူးတယ်။ အမျိုးထဲမှာ ဘွဲ့ရတဲ့သူဆိုတာ အင်မတန်ရှားတယ်။ မရှိသလောက်ပဲ။ အညာကျေးလက်က မုဆိုးမသားချင်း မိသားစုတွေဟာကိုး။
အညာမှာဆို ဆရာဝန်မရှိဘူး။ ဘုန်းကြီးက ကုတာ။ ဆေးထိုးဆရာတောင် ကုန်းဇောင်းသွားမှ တွေ့ရမယ်။ ရောဂါဖြစ်တာ ဘာဆန်းသလဲ။ သေရင်လည်း သေတယ်ပေါ့။ ရွာကလူ တော်တော်များများရဲ့ မျက်နှာမှာ ကျောက်ပေါက်မာ ဆိုတဲ့ အမာရွတ်တွေ ရှိတယ်။ ကျောက်ပေါက်မာရှိလို့ အရုပ်ဆိုးရင် ရွှေများများဆင်မှ ယဉ်စစလေး ဖြစ်လာတာတဲ့။ အဲ့ဒါကြောင့် ရွှေသွား နဲ့ ကျောက်ပေါက်မာ ဆိုတာ ဝမ်းဆက်ပဲ။ အာခံတွင်းက ဝင်းကနဲ ဝင်းကနဲ မြင်ရင် ပါးပြင်က အချိုင့်တွေကို ဘယ်သူမှ သတိမထားမိတော့ဘူး။ ရန်ကုန်မှာနေတဲ့ ကိုယ့်အဖိုးဟာ စီးကရက် အင်မတန်သောက်သတဲ့။ အဲ့ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အဆုတ်တီဘီဖြစ်ပြီးသေတာ။ အညာမှာနေတဲ့အဖိုးကတော့ အရက်သိပ်သောက်တယ် ပြောတာပဲ။ အသည်းကျွမ်းလို့ သွေးတွေအန်ပြီး ဆုံးတယ်။ သေရင်လည်း သေတယ် မှတ်ပေါ့ကွာ။ ဘာတတ်နိုင်မှာလဲ။ လူဆိုတာက သေမျိုးပဲ ဥစ္စာ။
ကိုယ့်အဖွားတွေလည်း နှစ်ယောက်စလုံး ဆေးလိပ်သောက်ကြတယ်။ ရွာမှာက ကွမ်း၊ ဆေး၊ လက်ဖက် ဆိုတာ အိမ်တိုင်း ဧည့်သည်လာရင် တည်တဲ့အရာ။ ရန်ကုန်က အဖွားက ကျားပျံမကောက် သောက်တယ်။ အညာက အဖွားက ကျားမသန်းဌေး သောက်တယ်။ ရွာမှာဆိုရင်တော့ ပြောင်းဖူးဖက်နဲ့ ကိုယ့်ဆေးလိပ်ကိုယ်လိပ်ပြီးသောက်တယ်။ စီးကရက် ကို အလှူတွေ မင်္ဂလာဆောင်တွေ တည်မှ ပုဝါလေးစုံချပြီး အိုက်တင်ကလေးနဲ့ သောက်တာ။ ကိုယ်က အဖွားအတွက် ဆေးလိပ်အမြဲတမ်း ဝယ်ပေးရတယ်။ ပိုးပေါက်မပါ၊ အရိုးမပါ၊ ဖက်ဖြူဖြူ ချောချောလေးမှ။ ဒါပေမယ့် အဖွား ၂ ယောက်စလုံး အသက်ရှည်ပါတယ်။ ၇၀ ကျော် ၈၀ တန်းရောက်မှ ဆုံးကြတယ်။ အညာကအဖွားကတော့ မြေး ဆရာဝန်ဖြစ်တာ မီလိုက်လို့ ဆေးရုံတွေ ဘာတွေ မကြောက်တော့ဘူး။ မပြုစုလိုက်ရပေမယ့် ဆေးကုပေးလိုက်နိုင်ပါတယ်။ ဆုံးတဲ့အခါ ဆေးရုံမှာ မဆုံးဘူး။ ရိပ်သာမှာပဲ ဆရာလေးတွေနဲ့ တရားမှတ်ရင်း အသက်ကုန်တယ်။
ဆေးရုံကို ဘာလို့ သူတို့ကြောက်သလဲဆိုတော့ ဆေးရုံရဲ့ ထုံးတမ်းစဉ်လာတွေ နားမလည်ဘူး။ တင်ပါးကို အပ်နဲ့ထိုးတာနဲ့တင် သူတို့မှာ ကြောက်နေပြီ။ ဆရာဝန်တွေကိုလည်း ကြောက်တယ်။ ဆရာမတွေကိုလည်း ကြောက်တယ်။ အပေါက်စောင့်တွေ အလုပ်သမားတွေကိုတောင် ကြောက်တယ်။ သေချင်လည်း သေပါစေ။ အိမ်မှာပဲ သေပါရစေတော့ လို့ တစာစာ ပူဆာတယ်။ အိမ်ကလူတစ်ယောက်ယောက် ဆေးရုံတက်ရပြီဆိုရင် သူတို့အတွက် အရေးအကြီးဆုံး ပထမဦးစားပေးက ဗေဒင်ဆရာဆီသွားမယ်။ ယတြာပေါင်းစုံလုပ်မယ်။ ခြေတွေလက်တွေ အပ်ခြည်ကြိုးနဲ့တိုင်းပြီး အဝတ်အစားဟောင်းလေးတွေနဲ့ ရေထဲသွားမျှောမယ်။ အဲ့ဒါပဲ သူတို့စိတ်ဝင်စားတယ်။ Diagnosis တွေ၊ treatment option တွေ သူတို့ နားမလည်ဘူး။ “ဆရာတို့ ကောင်းမယ်ထင်သလို လုပ်ပါ။” တစ်ခွန်းနဲ့ ပုံအပ်ထားလိုက်တာပဲ။ နေကောင်းလို့ ဆေးရုံကပြန်ဆင်းရင် ဆရာဝန်ထက် ဗေဒင်ဆရာကို ပို ကျေးဇူးတင်၊ အထင်ကြီးတတ်တဲ့ အမျိုးတွေ။
ကိုယ်တို့ ညီအကို နှစ်ယောက် ဆရာဝန်ဖြစ်တဲ့အခါ အမျိုးတွေက ကိုချိုတို့၊ ကိုကျော်တို့ ရှိတယ် ဆိုပြီး အင်မတန်အားကိုးကြပေမယ့် တကယ်တမ်းကျတော့ ဟုတ္တိပတ္တိ အားမကိုးလောက်ပါဘူး လို့ ကိုယ့်ကိုယ်ကိုယ် မြင်ပါတယ်။ တချို့တွေကို ကူနိုင် ကယ်နိုင်တယ်။ တချို့တွေကို မကူနိုင်ဘူး။ ကိုယ်တို့မှာက ပညာပဲ ရှိတာလေ။ ပါဝါ မရှိဘူး။ ကိုယ် အလုပ်လုပ်ခဲ့တဲ့ JICA ဆေးရုံမှာ ကိုယ့်အမ ဆေးရုံတက်တာတောင်မှပဲ “ရော့ ဒီဆေးလေးတွေ သွားဝယ်ပေးဦး။ ပြီးရင် ရှင်တို့ဟာ ရှင်တို့ ထိုးလိုက်ကြနော်။ ရှင်တို့ ၂ ယောက်စလုံး ဆရာဝန်တွေ မှလား။” လို့ ကိုယ်တို့ထက်ငယ်တဲ့ ဟောက်ဆာဂျင်က ခိုင်းတာ ခံရတယ်။ ကိုယ်တွေတောင် ကြောက်နေရတဲ့ ဆေးရုံဆိုတော့ ဘာဗဟုသုတမှ မရှိတဲ့ တောကအမျိုးတွေ ဘယ်လောက်တောင် ကြောက်မလဲ စဉ်းစားကြည့်ပါတော့။
လူတွေက ကိုယ်ဆေးရုံတက်ရင်သာ အရမ်း VIP ဖြစ်ချင်တာ။ ကိုယ်အလုပ်လုပ်တဲ့ ဆေးရုံမှာ တက်နေတဲ့လူနာကိုကျတော့ မတူသလို မတန်သလို ဆက်ဆံတယ်။ အဲ့လိုမျိုးတွေ အများကြီးတွေ့ခဲ့ဖူးတဲ့အခါ ကိုယ်က “ငါနဲ့တွေ့တဲ့လူနာတွေ ဘယ်တော့မှ အဲ့သလို မဖြစ်စေရဘူး။” ဆိုတဲ့ စိတ်နဲ့ပဲ ဆက်ဆံပါတယ်။ ရန်လည်းမဖြစ်ချင်ဘူး။ သူများကို ဆုံးမပဲ့ပြင်ပေးဖို့လည်း စေတနာ မရှိဘူး။ သူစိုက်တဲ့အသီး သူ့ဘာသာ စားပစေ။ ဆရာဝန်တိုင်းမှာ ကောင်းခြင်းဆိုးခြင်းတွေ ရှိတယ်။ ကိုယ်လည်းပဲ ဆရာဝန်တစ်ယောက်မို့ ကိုယ်ဘယ်လို ဆရာဝန်မျိုး ဖြစ်ချင်သလဲဆိုတာ ဘာတွေကို အတုခိုးပြီး ဘယ်ဟာတွေကို ရှောင်ကျဉ်မလဲ ဆိုတဲ့ အသိဉာဏ်အပေါ်မှာ မူတည်တယ်။ မချိုတတ်တဲ့ ဆရာဝန်ဆိုတာ မရှိပါဘူး။ သူတို့ချိုချင်ရင် သူများ ရေပက်လို့တောင် မဝင်ဘူး။ “VIP မှန်သမျှ ငါကလွဲ ဘယ်သူ့မှ မပြရ။” ဆိုတာမျိုး။
အကောင်း အဆိုးဆိုတာ ဘယ်နေရာမှာ မဆို ရှိတယ်။ မကောင်းတာတွေ လိုက်ကြည့်ပြီး မကောင်းတာပဲ မြင်နေရင်တော့ ဘယ်နေရာသွားသွား ဘယ်တော့မှ ကောင်းမှာ မဟုတ်ဘူး။ အဲ့ဒါက အပြင်လူတွေအနေနဲ့ သုံးသပ်တာပေါ့နော။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ဒီပုတ်ထဲမှာ ဒီပဲအဖြစ်နဲ့ ပါနေရင် ပဲကောင််းတစ်စေ့၊ ကျောက်ကောင်းတစ်ပွင့် ဖြစ်အောင်တော့ ကြိုးစားချင်တယ်
လေ။ အနည်းဆုံးတော့ ကိုယ်နဲ့ ဆုံတွေ့တဲ့သူတွေအတွက် ဖွဲ၊ ဆန်ကွဲ၊ ခဲ၊ သလဲ မဖြစ်ဘူးပေါ့။ ဆေးလောကကြီးတစ်ခုလုံး ကောင်းခြင်းဆိုးခြင်းအတွက် ကိုယ့်မှာ တာဝန်မရှိပါဘူး။ ကိုယ် ဒီလိုနေလို့ ကိုယ့်ကို လူအထင်ကြီးမယ် လို့လည်း တစ်ခါမှ မတွေးမိဘူး။ လူမှုဆက်ဆံရေးမှာ “သူ ငါ့ကို ဘာလုပ်ပေးနိုင်သလဲ။ သူနဲ့ပေါင်းလို့ ငါဘာအကျိုးရှိမှာလဲ။” ဆိုတဲ့ အခြေခံသဘောတရားကသာ အခရာကျတာ။
တစ်ခါတစ်ခါမှာ သူငယ်ချင်းတွေ အဖော်ကောင်းလို့ ကာရာအိုကေတွေ ဘာတွေ ရောက်ဖူးပါတယ်။ သိတဲ့အတိုင်း သီချင်းတွေအများကြီးဆိုတာ ကိုယ်ပဲဖြစ်လိမ့်မယ် ဆိုတာ ပြောစရာ မလိုပါဘူး။ အဲ့ဒါမျိုးဆို ကိုယ့်ဘေးမှာ လာထိုင်ပေးတဲ့ ကလေးမလေးတွေကို အရမ်းအားနာမိတာပဲ။ သူ့ခမျာ အချိန်တွေကုန်ပြီး မုန့်ဖိုးလည်း ကောင်းကောင်းရမှာ မဟုတ်ဘူး။ သူ့ကို မုန့်ဖိုး ၅၀၀၀ ပေးရင် “ငါ ဆရာဝန်တောင် လူနာတစ်ယောက်ကြည့် ၅၀၀ မရဘူး။ ဆေးဖိုးအရင်းက ပါသေးတယ်။” လို့ တွက်နေမိတယ်။ ၂၀၀၀-၃၀၀၀ ပေးမိရင်လည်း “ပြန်ယူသွားပါ ဦးရယ်။ သမီးတို့အတွက် မလိုပါဘူး။” ဆို အပြောခံရတယ်။ ကိုယ့်ဘေးနားထိုင်တဲ့ မိန်းကလေးအတွက် သူများက မုန့်ဖိုးလှမ်းပေးရတာလည်း စိတ်ထဲမှာ သိမ်ငယ်သလိုပဲ။ အလုပ်ထဲမှာ ကိုယ်နဲ့ဆုံတဲ့ အငယ်တွေ၊ တပည့်တွေကိုလည်း အဲ့သလိုပဲ အားနာမိပါတယ်။ မင်းတို့ဆရာစိုးက မင်းတို့ကို အပြင်မှာ assist တွေခေါ်၊ မုန့်ဖိုးတွေ ပေးနိုင်တဲ့ ဆရာမျိုးမှ မဟုတ်တာ။ သူ့အာရုံနဲ့သူ ထင်ရာတွေ လျှောက်လုပ်နေတဲ့ ဘီးကြဲတပွေ။ လွှတ်ထားလိုက်စမ်းပါ။ မလွမ်းလောက်ပါဘူး။
အလုပ်ထဲမှာ ကိုယ်ရှိနေရခြင်း အကြောင်းရင်းက ပရော်ဖက်ဆာ ဖြစ်ချင်လို့ မဟုတ်ဘူး။ နိုင်ငံခြားကဘွဲ့တွေရဖို့၊ နိုင်ငံခြား ခဏခဏသွားချင်လို့ မဟုတ်ဘူး။ အပြင်ဆေးခန်းမှာ ပိုက်ဆံရှာကောင်းတဲ့ နံမည်ကြီး ဆာဂျင်ကြီး လုပ်ချင်တာလည်း မဟုတ်ဘူး။ ခုအတိုင်းလေးပဲ မသိနားမလည်တဲ့၊ ဆေးရုံကြောက်တဲ့၊ ဘာလုပ်ရမှန်း မသိတဲ့ လူနာတွေကို ကိုယ့်ဆွေမျိုးသားချင်းလို သဘောထားပြီး ဆေးကုချင်တာ။ ကုလို့ရတာ မရတာကတော့ ကံတရားပေါ့။ အခုဆိုရင်တော့ ရှေ့တန်းမှာ ဒဏ်ရာရတဲ့ PDF ကလေးတွေကို အတတ်နိုင်ဆုံးအသက်ကယ်ချင်တာ၊ ဆေးကုပေးချင်တာလေ။ တော်တော်ကျေနပ်စရာကောင်းတဲ့ ဘဝပါနော့။ လူတစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက် “ငါကမှ အကောင်း၊ သူများတွေ တစ်ယောက်မှ မကောင်းဘူး။” လို့လည်း မဆိုလိုပါဘူး။ သူ့ဘဝနဲ့သူ၊ ကိုယ့်ဘဝနဲ့ကိုယ်ပါ။ ကိုယ့်အိမ်က ပညာမတတ်တဲ့ မုဆိုးမ အဖွားတွေ၊ အမေတွေက ကျွေးနိုင်ဆင်နိုင်လို့ အခုလို မာရေကျောရေ ဆရာဝန်မျိုး ဖြစ်နေတာလေ။ “ချန်ဂင်ဆေးရုံမှာ ရှင်လူနာတွေ သွားခွဲတာ ပိုက်ဆံလည်း တစ်ပြားမှ မရပါလား။” ဆိုတဲ့ မိန်းမနဲ့ရရင်လည်း ဘယ် ဒီလိုနေနိုင်မှာလဲ။ အားနာစရာတွေတော့ ဖြစ်ကုန်ပါပြီ။
တောထဲကိုရောက်သွားတဲ့ တိရိစ္ဆာန်တွေဟာ အရိုင်းစိတ်တွေ ဝင်သွားတတ်သတဲ့။ လူတွေရော အတူတူပဲလား ဟင်။ ကိုယ်ဒီမှာ ၄ နှစ်ကျော်လာပြီ။ ၅ နှစ်ပြည့်တော့မယ်။ လူတွေကြားထဲကို ပြန်မသွားချင်တော့ဘူး။ YGH အကြောင်းလည်း မသိချင်တော့ဘူး။ “၃၅ လမ်းထဲကို ဘယ်တော့မှ မလာတော့ဘူး။” ဆိုတာမျိုး ဖြစ်နေတယ်။ ဘယ်သူ့ကိုမှ စိတ်မနာပါဘူး။ ဒီတိုင်းပဲ အဲ့ဒီမှာ မပျော်နိုင်တော့တာ။ ငယ်ငယ်တုန်းကလိုပဲ ဆေးရုံကြောက်တဲ့စိတ်တွေ ပြန်ပေါ်လာတာများလား။ ငယ်တုန်းကတော့ လူနာဖြစ်ရမှာကို ကြောက်တာလေ။ အခုဟာက ဆရာဝန်အဖြစ်နဲ့ ကိုယ့် ward ကိုယ် ပြန်အလုပ်လုပ်ရမှာကို ကြောက်တယ်။ အကြီးတွေကိုလည်း ကြောက်တယ်။ အငယ်တွေကိုလည်း ကြောက်တယ်။ ဆေးရုံအုပ်ကြီးရုံးက အမကြီးတွေ၊ ညီမကြီးတွေကိုလည်း ကြောက်တယ်။ မတော်တဆ အိပ်မက်ထဲမှာ YGH ကို ပြန်ရောက်သွားရင် ထမင်းလုံးတစ္ဆေခြောက်သလိုပဲ ချွေးစေးတွေပျံ၊ ခြေဖျားလက်ဖျားတွေအေးပြီး လန့်နိုးတယ်။ “ဟွန့်။ နင်လား ပြန်လာနိုင်မှာ။ ပြန်လာချင် နိုင်အောင်လုပ်လေ။ နင်တို့နိုင်ရင် လာ။ အင့်။ နင့်သောက်လုပ် နင်လုပ်။ ငါတို့ အလုပ်ထွက်တယ်။” လို့ အော်ပြောတဲ့အသံကြီးကို အသံလွှင့်ဇာတ်လမ်းထဲကလို ကြားယောင်လာတယ်။ ဇာခြင်ထောင် မီးလောင်ပေါက်နဲ့။ မလာချင်ပေါင် ညည်းမောင် ကြောက်ရဲ့။ ဇာခြင်ထောင် အစုတ်အပြဲ အစုတ်အပြဲ။ မလာချင်ပေါင် အဟုတ်ပဲ အဟုတ်ပဲ။ တော်ပြီဟာ။ ဆရာဝန်မလုပ်တော့ဘူး။ တောပြန် စကောလှန်ပြီး ပေါစံ ပဲ လုပ်တော့မယ်။
“ပယောရယ်ဝါ
ပိုးဆာပါ လည်မှာရောက်ပါလို့
တို့နောက်ကိုတဲ့ လိုက်ပြန်ရင်း
ငင်းငင်းငင်း
တို့က ကြိုက်ပြန်ရင်း
ငင်းငင်းငင်း ရင်ငင်ငင်းငင်း
သူ့အမေကလည်း ရိုက်ပြန် … ရင်
ငင်းငင်းငင် ရင်းငင်းငင်းငင်း ငင်း။”