ဝင်းနိမ္မိတာရုံဆရာတော်ကို သေနတ်နဲ့ပစ်သတ်တုန်းကလည်း သူတို့မဟုတ်ပါဘူး ဆို ဗြောင်လိမ်တယ်။ အတူပါလာတဲ့ ဆရာတော်ရဲ့ ဗီဒီယိုဖိုင် ထွက်လာမှ လိမ်မရလို့ ဝန်ခံတယ်။ နေ့တိုင်းအခေါက်အခါခါ ဗုံးကျဲနေလျက်က အပစ်ရပ်တယ် အပစ်ရပ်တယ် ကြေငြာချက်တွေ ခဏခဏ ထုတ်ပြနေတာလည်း သူတို့ပဲ။ စာသင်ကျောင်းပေါ် ဗုံးကျဲလို့ ကလေးတွေအများကြီးသေတာတောင် သူတို့လုပ်တာ မဟုတ်ပါဘူး ဗြောင်လိမ်တဲ့သူတွေက ဘယ်သူ့ကိုမှ ယုံစေချင်လို့ မဟုတ်ဘူး။ မင်းတို့ ပြောချင်တာပြော။ ငါ ဘူးခါတော့ ဘာတတ်နိုင်သေးလဲဆိုပြီး ပြည်သူလူထုကို ထပ်စော်ကားပြတာပါ။ သူ့ရုပ်ကြီးပြပြီး ကျမအကိုတွေနဲ့ ဆွေးနွေးပြမယ်ဆိုတဲ့ မသဒီစရာမိန်းမတစ်ယောက်ကိုလည်း တွေ့လိုက်ရပါတယ်။ ဦးနေဝင်းခေတ်က ည ၈ နာရီ သတင်းကြေငြာတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူပြောတဲ့စကား လုံးဝမပါပဲ သတင်းဖတ်ပြရုံသက်သက်နဲ့တောင် ဘယ်လောက်ထိအောင် လူမုန်းခံရသလဲဆိုတာ အဲ့ဒီကာယကံရှင်ကိုယ်တိုင် ခံစားရဖူးတဲ့ ဒုက္ခပါ။ အတင်းအကြပ်ခိုင်းလို့ ရိုက်ပေးခဲ့ရပါတယ်ဆိုတဲ့ ပါပီမ သရုပ်ဆောင်တွေ အခု ဘယ်မှာ ဘာဖြစ်နေကြသလဲ။ စစ်တပ်ကပေးတဲ့ ဖဆပလတိုက်ခန်းလေးရော ဘယ်လောက်ကြာကြာ နေခဲ့ရသလဲ။ တန်တယ်ထင်ရင်တော့ လဲကြပေါ့။ လီလီနိုင်ကျော်လည်း တပ်ထောက်ခံသူ အမာခံတစ်ယောက်ပဲဟာ။
လိုင်းပေါ်မှာ အမှန်ကို အမှား၊ အမှားကို အမှန်ဖြစ်အောင် ဇွတ်အတင်းလိမ်ညာတဲ့ post တွေ ပွထလာတဲ့အခါ ထင်ရှားလာတဲ့ သက်သေတခုက ဆိုင်ဘာစစ်သည်တွေ၊ တပ်လော်ဘီတွေကို အဲ့ဒီကစားကွက်နဲ့ ရွှေ့ဖို့ အမိန့်ပေးထားတယ် ဆိုတာပါပဲ။ ဘယ်လိုတုန့်ပြန်မှုမျိုးရသည်ဖြစ်စေ၊ ဒီအကြောင်းအရာတွေက ပျောက်သွားပြီး ဒီဇာတ်ညွှန်းအတိုင်းပဲ ကျန်ရစ်စေရမယ် လို့ စစ်ဆင်ရေးလုပ်နေတဲ့ သဘောပါပဲ။ မတရားအသတ်ခံရတဲ့ကလေးတွေကို “နင်လိမ်တယ်။ နင်ညာတယ်။ နင်တို့အလှူခံစားချင်လို့ ရုပ်ရှင်ရိုက်တယ်။” လို့ မဟုတ်တမ်းတရား စွပ်စွဲလိုက်ရင် လူတွေက ဇဝေဇဝါဖြစ်သွားလိမ့်မယ် လို့ သူတို့က ထင်တာကိုး။ ဒီလိုပါပဲ။ ဘယ်လူသတ်သမားမဆို လက်စလက်န သက်သေတွေ ဖျောက်ဖျက်ပြီးရင် မဟုတ်ဘူး ဇွတ်ငြင်းကြတာ ထုံးစံပဲ။ အင်းတော်မှာ အရှင်မိတော့မှ “မှားပါပြီ။ နောက် မလုပ်တော့ပါဘူး။ ပူးပေါင်းပါ့မယ်။” ဖြစ်သွားတာပဲကို။ ဒီကောင််တွေဟာ ဘယ်လို မိဘဆွေမျိုးအသိုင်းအဝိုင်းအောက်မှာ ပေါက်ဖွားကြီးပြင်းလာခဲ့ရလို့ အဆုံးစွန်အထိ ယုတ်မာနိုင်ကြသလဲ မသိဘူး။
သူတို့အထဲမှာ ကိုယ်နဲ့ကျောင်းနေဘက် ဆရာဝန်တွေလည်းပါပါတယ်။ ဘုရား တရား ကိုင်းရှိုင်းပြီး မေတ္တာတရား ကြီးမားလိုက်ကြတာ။ တကယ့်ကို ဖြူစင်ရိုးသား စိတ်ထားမြင့်မြတ်သူကြီးတွေ။ အိမ်ကခွေးကလေး အီအီးအတုံးမာရင်တောင်မှ မျက်ရည်ပေါက်ပေါက်ကျအောင် သနားနိုင်တယ်။ တနိုင်ငံလုံးမှာ အသတ်ခံရတဲ့ကလေးတွေကျ သနားစရာ မကောင်းလို့လား။ ညတိုင်းရွတ်ဖတ်နေတဲ့ ပဌာန်းဒေသနာတွေက ဘာအတွက် ဘာအနက်ဆောင်တယ် ဆိုတာရော သိပါလေစ။ အေးလေ။ သူတို့ကိုးကွယ်တဲ့ သာသနာပိုင် ဘုန်းကြီးကတောင် “သတ်သာသတ်။ ဗုဒ္ဓဘာသာတွေမှ မဟုတ်တာ။ ငရဲမကြီးဘူး။” လို့ လူသိရှင်ကြား တရားဟောဖူးသေးတာပဲ။ ဒီအဆုံးအမအောက်မှာ ငါးပါးသီလဆိုတာ လိုရာဆွဲ ဆင်ခြေပေးလို့ရတယ်။ ဆူးကြားမှာ ဗူးခါးမနေပါဘူးနော်။ သူတို့ကိုယ်တိုင်ကိုက ဒူးရင်းသီးကြီးတွေပါ။ ဟိုးအရင်ကတွေ့ဖူးတဲ့ ဗိုလ်ချုပ်ညွန့်တင်ကတော်ကြီးလည်း အဲ့လိုပဲ။ နေ့တိုင်း ယောဂီဝတ်စုံကြီးနဲ့ စိပ်ပုတီးကို လက်ကမချပါဘူး။ သူတို့တွေက အဲ့သလောက်ကို ဟန်ဆောင်ကောင်းတာလား။ သူတို့ဘုရား နဲ့ ငါတို့ဘုရား ။ဒီတစ်ပါးတည်း အတူတူကနေ ဘာလို့ အဲ့သလောက်တောင် ကွဲပြားခြားနားသွားမှန်း မသိပါဘူး။ တော်ပါသေးရဲ့။ ငါလေးက အဲ့ဒီဘူတာမှာ မဆင်းခဲ့မိပေလို့။
ကိုယ်တို့အမျိုးထဲမှာရော ရာထူးရာခံကြီးတဲ့ စစ်တပ်က အကြီးအကဲတွေ လုံးဝမရှိတာလား။ အဲ့သလိုတော့ မဟုတ်ပါဘူး။ ရှိတယ်။ ဒါပေမယ့် သူတို့လိုမဟုတ်တာ သေချာတယ်။ ခုချိန်မှာ တပ်ထဲက ရာထူးရာခံတွေ မရှိတော့ပေမယ့်၊ စစ်တပ်မကောင်းကြောင်းကို ဘယ်တုန်းကမှ မပြောဖူးပေမယ့်၊ ဒီကနေ့စစ်တပ်ရဲ့ အပြုအမူတွေကို သာဓုခေါ်မယ့်သူတွေ မဟုတ်တာ သေချာပါတယ်။ သူတို့ဘဝ အသက်ထက်ဆုံး စစ်တပ်ထဲမှာ ကျင်လည်ခဲ့ကြတယ်။ စစ်တပ်ရဲ့ သဘောသဘာဝ၊ အကြောင်းအကျိုး၊ အကောင်းအဆိုးတွေကို အပြင်ကလူတွေထက် ပိုသိတယ်။ ဒါပေမယ့် အဲ့ဒါတွေကို ဘယ်သူနဲ့မှ ထုတ်ဖော်ပြောဆို ဆွေးနွေးမှာ မဟုတ်ပါဘူး။ အနားယူပြီဆို အနားယူတာပဲ။ အကြံလည်း မပေးဘူး။ ပန်းကန်လည်း မဆေးဘူး။ အကျိုးစီးပွါးတွေ ပါတ်သက်ဆက်နွယ်ပြီးတော့လည်း မနွယ်တော့ဘူး။ မအလ ကာချုပ်မဖြစ်ခင်ကတည်းက စစ်သက်ပြတ်ပြီးသား ဖြစ်နှင့်နေကြတယ်။ ကိုယ်နဲ့ရော ပြတ်သလား လို့ မေးရင် မပြတ်ဘူး လို့ပဲ ဖြေရမယ်။ ဒီကနေ့ထိ ခေါခေါ်ပြောပြောပါပဲ။ “ဖိုးချိုရေ။ နေကောင်းလား။ ကျန်းမာရေး ဂရုစိုက်နော်။ သတိရတယ်။” မကြာမကြာ လာပြောလေ့ ရှိပါတယ်။ ကိုယ်ရင်းနှီးသိကျွမ်းခဲ့သမျှ သူတို့တွေရဲ့ စိတ်နေစိတ်ထားဟာ အခုလက်ရှိစစ်သားတွေနဲ့ မတူပါဘူး။ အခုစစ်သားတွေက ဘယ်အချိန်မှာ ဘယ်လိုတွေ အပြောင်းအလဲ ဖြစ်သွားခဲ့တာလဲ။ ကိုယ်လည်း နားမလည်ဘူး။ ဒါပေမယ့် စစ်တပ်ထဲက ကိုယ့်အမျိုးတွေဟာ “မင်းသမီး ညီအမ ၃ ယောက်လုံးခေါ်ပြီး ကိုယ်တုံးလုံးချွတ်ကြည့်တယ်။” တို့၊ “အန်ကယ်က သောင်လည်းမသောင်ဘူးနော်။” တို့၊ တထောင့်တည ပုံပြင်တွေ ထွက်တဲ့ ဂိုင်စီကွေးအဖိုးကြီးတွေ ဟုတ်မနေတာ ထိုင်တောင် ရှိခိုးချင်မိသေး။ (အာ့ ဘူဒေလဲ သိချင်ရင် ဦးမင်းဒင်ကြီးကိုသွားမေး။ အော်ဇီမှာ ရှိတယ်။)
စစ်အစိုးရအောက်က နန်းစိန်တွေထဲမှာရော ဆွေမျိုးအရင်းကြီးတွေ မရှိလို့လား ဆိုရင် သိပ်ရှိတာပေါ့။ သူတို့အဖြစ်ကမှ ကိုယ့်ထက်တောင် ဆိုးသေး။ ဘာမှ မရေး၊ ဘာမှ မပြော၊ ဘာမှ မလုပ်ပေမယ့် လက်သုံးချောင်းထောင်မိလို့ အိမ်အထိလိုက်ပြီး ရိုက်နှက်ဖမ်းဆီးခံရတယ်။ နှိပ်စက်စစ်ဆေးခံရတယ်။ အိမ်ရှိတဲ့ အဖိုးတန်ပစ္စည်းတွေ သိမ်းဆည်းယူငင်သွားပြီး ဘာမှ ပြန်မရဘူး။ ဘာတရားစီရင်မှုမှ မရှိပဲ ရွေးစရာ လမ်း ၂ ခုပေးတယ်။ ခံဝန်ထိုးမလား။ ထောင် ၃ နှစ် အကျခံမလား။ ထောင်ထဲမှာ နောက်ထပ် ၃ နှစ် မနေနိုင်လို့ ခံဝန်ထိုးပြီး အလုပ်ပြန်ဆင်းရတယ်။ ရာထူးချခံရတယ်။ နယ်ကိုပို့လိုက်တယ်။ သူ့ဆီက ဘာအသံမှ မထွက်နိုင်တော့ဘူး။ Defeated ဖြစ်သွားတယ်။ ရန်ကုန်မှာ ကိုယ်ဆက်နေရင်လည်း အဲ့ဒီထက်တောင် အဖြစ်ဆိုးလိမ့်ဦးမယ်။ ကိုယ့်ဆွေမျိုးသားချင်းထဲမှာ ခွေးပုလက်ထက်ရောက်မှ တပ်ချင်တဲ့ပုဒ်မတပ်ပြီး ထောင်ချခံရတာ ၂ ယောက်၊ ၃ ယောက် ရှိပါတယ်။ သူတို့နဲ့စာရင် ကိုယ့်ပြစ်မှုက သေဒဏ်တောင် စီရင်ထိုက်နေပြီ။ အာဏာသိမ်းပြီးတဲ့နောက် အရင်လို ဗိုလ်နေမြဲကျားနေမြဲဆိုတာ ကိုယ့်အနားဝန်းကျင်မှာတော့ မရှိပါဘူး။ S ပုပေးတဲ့ဒုက္ခကို အားလုံး အလွတ်အကြွင်းမရှိ ခံစားကြရပါတယ်။ ကိုယ့်ဘဝကလား။ ၆၇ က မွေးတာ။ ၂၀၂၁ အထိ အချိုးအကွေ့ အပြောင်းအလဲ မရှိ၊ မှန်မှန်လေး သွားရာကနေ ၂၀၂၁ ရောက်မှ ဘဝကို အသစ်ကပြန်စတယ်။ အဲ့ဒီရှေ့က Memory တွေကို Facebook က အစဖော်ရင်တောင် ပြန်မကြည့်တော့ဘူး။ အများကြီး ပြောင်းလဲသွားတာပဲ။
ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ ဓါတ်ခံနဲ့ပဲ ဆိုင်မှာပါလေ။ ကြင်စိုးနဲ့ ထိတွေ့မှုတွေဖြစ်လာရင် အဲ့ဒီလူရဲ့ နဂိုဓါတ်ခံက ဘာလဲ။ အဲ့ဒီဓါတ်ခံအလျောက် အမျိုးမျိုးသော အပြောင်းအလဲတွေကို တွေ့မြင်လာရတယ်။ “ကျွန်တော်ကတော့ သူများ dismissed လုပ်တာ မခံဘူး။ gracefully retired ယူမှာ။” လို့ ပြောပြီးမှ ဆရာဝန်ထောင်ပေါင်းများစွာကို dismissed လုပ်ပစ်တဲ့ ဦးသက်ခိုင်ဝင်းလို လူမျိုးလည်း ရှိတာပဲ။ “ဒီခေတ်ကြီးထဲမှာ SP အလုပ်မခံရရင် ခေတ်မမီဘူးဗျ။ ကျွန်တော့်ကိုဆို SP လုပ်ကြတာ တပုံကြီး။ ဟီးဟီးဟီး။” ဆိုပြီး DG ဖြစ်ရတာပျော်နေတဲ့ သူလည်း ရှိတယ်။ အမျိုးမျိုးပဲပေါ့။ မိချောင်းမှန်ရင် ဆန်မှာပဲ။ သစ်ငုတ်ဖြစ်တုံ စုန်မှာပဲ။ စိန်မရှားမြမရှား အလွန်ပင်များသည်ကို ဗီဒိုထဲသော့ခတ်သိမ်းပြီး တောထဲမှာ ကြက်ဥလာကြော်စားနေတဲ့ တို့မမလို လူမျိုးတွေလည်း အများကြီးရယ်။ ကိုယ့်ဓါတ်ခံနဲ့ကိုယ်ပါ ဆိုမှ။ အချိန်တန်တော့လည်း ဘယ်သူမှ ဘာမှ သယ်မသွားနိုင်ပါဘူးဗျာ။ ဒါပေသိ ကိုယ်စီကိုယ်စီရဲ့ အပြောင်းအလဲတွေကို ကြည့်ပြီး စိတ်ဓါတ်သိရသည်ပ။
ကဲ အခု ကိုယ့်ကိုယ်ကိုယ် မေးကြည့်စမ်းပါ။ ကလေးတွေ စာသင်ကျောင်းပေါ် ဗုံးကျတဲ့ ကိစ္စမှာ ခင်ဗျားရဲ့ စိတ်ခံစားချက် အပြောင်းအလဲက ဘာလဲ။ “အတိတ်ဘဝက ဝဋ်ကြွေးတွေပါလေ။” “သတ္တဝါတစ်ခု ကံတစ်ခုပေါ့။” “ဪ မြန်မာပြည်ကြီးရယ်။ ဘယ်တော့များမှ ငြိမ်းချမ်းမှာပါလိမ့်။” “ဟော မီးလာပြီ။ ရေတင်ထား။ ထမင်းအိုးခလုပ်နှိပ်လိုက်။ ဖုန်းကို အားသွင်းရင်း မသုံးရဘူးလေ။ လိုင်းပေါ်ကစာတွေ မဖတ်နဲ့ မရှဲနဲ့။ အလကား အကုသိုလ်များတယ်။ သိကြားသာသနာ ရောက်နေတာဟဲ့။ မကောင်းသူထိပ် ကောင်းသူထိပ်ပဲ။” ဘယ်သူက ဘယ်လို တုန့်ပြန်တယ်ဆိုတာ သိရရင် ဘယ်သူ ဘယ်လိုစိတ်နေစိတ်ထားရှိသလဲ လှစ်ကနဲ သိခွင့်ရတာပေါ့။ တချို့တွေကျတော့လည်း သမာဓိအားက အင်မတန်ကောင်းတာဗျ။ ဘယ်လိုမှ အကဲခတ်လို့ မရဘူး။ မန္တလေးငလျင်ကြီး လှုပ်နေတုန်းမှာလည်း “နားလည်မှုပေးမယ့် လက်တွဲဖော် ရှာနေတာပါနော်။ အသက်က ၃၀ အောက်၊ ရုပ်ဖြောင့်ပြီး ဒုတ်တောင့်ရင် ရပါပြီ။ အသည်းလေးတွေ ပေးသွားရင် K နဲ့စတဲ့ အကောင့်နဲ့ လာအက်ပါ့မယ်။” ဆိုတာမျိုး။ “ချစ်တို့ရေ။ ရှယ်ပလန် နဲ့ ရှယ်တန်တဲ့ ကော်စမက်တစ်တွေ ရနေပါပြီနော်။ အရမ်းကောင်းသော။ မင်မင်ကိုယ်တိုင်လည်း အရမ်းကြိုက်သော။ ဖင်ဆေးဆပ်ပြာအဆီတွေ ရနေပါပြီ ရှင့်။ မွှေးမွှေးလေး နဲ့ နွေးနွေးလေးပါတော်။ ဆေးပြမယ်။ ကြည့်ချင် ချတ်ဘောက်လာ။” အလိုလေး။ အနုမြူဗုံးကျလည်း အပြုံးမပျက်တဲ့ ဈေးသည်တွေရှိနေသေးပေလို့သာ ပြင်ပကမ္ဘာမှာ ဘာတွေဖြစ်နေသေးတယ် သိခွင့်မြင်ခွင့်ရတဲ့ဘဝပါကွယ်။