တကမ္ဘာလုံးကရော၊ သူတို့ကိုယ်သူတို့ပါ China / Chinese လို့ခေါ်နေသော်လည်းပဲ ကိုယ့်ဘာသာစကား အသုံးအနှုံးနဲ့ “တရုတ်” လို့ အစဉ်အဆက်ခေါ်လာတာ ကိုယ်တို့တိုင်းပြည်ပဲ ရှိပါလိမ့်မယ်။ တရုတ်နိုင်ငံကို မြန်မာလို အခေါ်အဝေါ်တင် မဟုတ်ဘူး။ ပါဠိဘာသာနဲ့ပါ ကိုယ်ပိုင်နာမ် အမည်ပေးထားတာ ရှိပါတယ်။ “ဂန္ဓာလရာဇ်” တဲ့။ ဟိုးရှေးရှေးကတည်းက ကိုယ်တို့တိုင်းပြည်နဲ့ ထိစပ်ပတ်သက်ခဲ့ကြတဲ့ သမိုင်းတွေ ရှိပါတယ်။ သံတမန်တွေ စေလွှတ်ခဲ့ဖူးတယ်။ စစ်ပွဲတွေလည်း ဖြစ်ခဲ့ဖူးတယ်။ မြန်မာရာဇဝင်မှာ တရုတ်ကျူးကျော်စစ်ကြောင့် ထွက်ပြေးခဲ့ရဖူးတဲ့ နရသီဟပတေ့မင်းကို တရုတ်ပြေးမင်း လို့ အမည်ပေးခဲ့ကြဖူးတယ်။ မနုဿဗေဒ ပညာရှင်တွေ ပြောတာကတော့ မြန်မာလူမျိုးဆိုတာ တရုတ်ဘက်ကလာတဲ့ တိဘက််မြန်မာအနွယ်တွေနဲ့ အောက်ပိုင်းမှာရှိတဲ့ မွန်ခမာအနွယ်တွေ သွေးနှောပေါက်ဖွားပြီး ဖြစ်ပေါ်လာတာတဲ့။ ကိုယ့်ဘိုးစဉ်ဘောင်ဆက်ထဲမှာ တရုတ်မပါပေမယ့်လည်း gene mapping လုပ်လိုက်ရင် ကိုယ့်ဆီမှာ တရုတ်သွေး ဘယ်လောက်လောက် ပါမလဲ မပြောတတ်ဘူးပေါ့။ ကိုယ့်ရုပ်ဆင်းသွင်ပြင်ဟာ တရုတ်နဲ့တော့ တော်တော်ကလေးတူတယ်။ ဆွေမျိုးပေါက်ဖော် လို့ အမျိုးစပ်လိုက်ရင်တော့ မငြင်းနိုင်ပါဘူး။ ကိုယ်တို့က Caucasian ထဲမပါ၊ Aryan ထဲ မပါပေမယ့် Mongoloid ထဲမှာ တန်းမိတာပဲ။ မျက်ပေါက်မှေးတယ်။ အမွှေးအမှင်ပါးတယ်။ အသားအရောင်ဝါတယ်။ အဲ့ဒါကြောင့် ကိုယ့်စိတ်ထဲမှာ Sinophobia စိတ် လုံးဝမရှိပါဘူး။ “တရုတ်လည်း ဗမာ၊ ဗမာလည်း တရုတ်” လို့ သဘောထားနိုင်ပါတယ်။ ဒါနဲ့များ တရုတ်မုန်းတီးရေးစကားတွေ ဘာဖြစ်လို့ ခဏခဏ ပြောနေရတာလဲ။ အဲ့ဒါကတော့ ကိုယ်ပြောတဲ့စကားကို တရုတ်မုန်းတီးရေး လို့ ကိုယ့်ဘာသာကိုယ် အရောင်ဆိုးပစ်လို့ပါ။ ကိုယ်က မြန်မာလူမျိုး စစ်အစိုးရကိုလည်း တစက်ကလေးမှ အကောင်းပြောတာ မဟုတ်ဘူးလေ။ ကိုယ်ပြောတဲ့အကျိုးအကြောင်း အဆိုးအကောင်းတွေကို တရုတ်ကိုပြောတာ၊ ဗမာကိုပြောတာ နဲ့ ဆေးလိုက်သုတ်နေရင် လိုရင်းကို နားမလည်ပဲ ချော်တောငေါ့သွားမှာပဲ။
သမိုင်းတလျှောက်မှာဖြစ်ခဲ့တဲ့ တရုတ်မြန်မာစစ်ပွဲတွေကို ကြည့်ရင် မြန်မာက တရုတ်ပြည်ထဲကို သွားကျူးကျော်တာ တစ်ခုမှ မပါပါဘူး။ တရုတ်ကကျူးကျော်လာလို့ မြန်မာက ကာကွယ်ရတာချည့်ပဲ။ သူတို့က ကိုယ့်ထက်အင်အားကြီးတဲ့နိုင်ငံအဖြစ် အစဉ်အဆက် ရပ်တည်လာခဲ့ကြတာ။ ဥတည်ဘွားကြီး နဖူးမှာ ထုံးသုံးရစ်တားတယ် ဆိုတာ တောင်ပြုန်းမင်းညီနောင် ဇာတ်ထုပ်ထဲမှာပဲပါတယ်။ သမိုင်းထဲမှာ မရှိဘူး။ ရှေးရှေးက တရုတ်တွေ မြန်မာပြည်တွင်းကိုလာရင် အခုခေတ်မှာလို မူဆယ်၊ နမ့်ခမ်းလမ်းက မလာဘူး။ လောက်ကိုင်၊ ချင်းရွှေဟော် တကြောကလည်း မလာဘူး။ ကောင်းတုံ၊ ဗန်းမော် အထက်ဆီကပဲ လာတယ်။ ပုဂံပြည်ပျက်တော့ ရှမ်းညီနောင်သုံးဦးက တရုတ်တွေကို မောင်းထုတ်ပြီး လက်နက်နိုင်ငံထူထောင်တဲ့ မြင်စိုင်း၊ ပင်းယ ဆိုတာကလည်း ရှမ်းပြည်မှာ မရှိဘူး။ အဲ့ဒီ အထက်ဘက်မှာ။ အင်္ဂလိပ်လက်အောက်ကိုကျတော့ ဝန်းသိုစော်ဘွားဦးအောင်မြတ်က အင်္ဂလိပ်ကို
တော်လှန်ရင်း တရုတ်နယ်စပ်ဘက်ကို ခိုလှုံတော့လည်း မြန်မာပြည်မြောက်ပိုင်းဘက်မှာပဲလေ။ အရင်တုန်းက တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို နားလည်ချင်တယ်ဆိုရင် ဦးနုလက်ထက်မှာ ဖြစ်လာတဲ့ နယ်နိမိတ်မျဉ်းတွေကို နည်းနည်းတော့ ဖျောက်ကြည့်ရလိမ့်မယ် ထင်တယ်။
လူတော်တော်များက Geo- politics ဆိုပြီး တရုတ်နိုင်ငံ နဲ့ အိန္ဒိယနိုင်ငံအကြားမှာ တည်ရှိတဲ့ ကိုယ်တို့နိုင်ငံရဲ့ ပထဝီအနေအထားကို စိတ်ဝင်စားကြပေမယ့် ကိုယ်ကတော့ အင်အားကြီးမားတဲ့ အဲ့ဒီနိုင်ငံကြီးနှစ်ခုရဲ့ သမိုင်းနောက်ခံတွေကို စိတ်ဝင်စားပါတယ်။ ဂန္ဓာလရာဇ်တိုင်းပြည်ကြီးဟာ မဇ္ဈိမဒေသက အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုတို့၊ ရောမအင်ပါယာတို့၊ အော်တိုမင်အင်ပါယာတို့နဲ့ မရှေးမနှောင်းမှာပဲ အခိုင်အမာပေါ်ပေါက်ခဲ့ပုံရတယ်။ သူတို့တပေါင်းတစည်းတည်းစုစည်းမိခဲ့တာ ခရစ်မပေါ်မီ နှစ်ပေါင်းအတော်ကြာကတည်းကပါပဲ။ မဟာအလက်ဇန္ဒါးတို့၊ ဂျူးလီးယက်ဆီဇာတို့လိုပဲ ကူဗလိုင်ခန်၊ ဂျင်ဂျစ်ခန်တို့ရဲ့ မွန်ဂိုအင်ပါယာဆိုတာလည်း တခေတ်ရှိခဲ့တယ်လေ။ စစ်အင်အားကြီးမားပြီး အရှေ့အလယ်ပိုင်းဒေသအထိရောက်အောင် နယ်ချဲ့နိုင်တဲ့ မွန်ဂိုစစ်သည်တွေဟာ မြန်မာနိုင်ငံထဲကိုရောက်တဲ့အခါမတော့ လိုချင်တာတွေယူငင် မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်သွားသလိုဖြစ်နေတယ်။ မြန်မာ့သမိုင်းထဲမှာတော့ တရုတ်တို့နဲ့ ကျူးကျော်စစ် ၃ ကြိမ်ဖြစ်တယ်။ မြန်မာစစ်သူကြီးတွေ ရွပ်ရွပ်ချွံချွံ ခုခံမှုကြောင့် နောက်ဆုံးမှာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ပြီး ပြန်သွားကြတယ်တဲ့။ ဒါပေမယ့် အဲ့ဒီခေတ်တုန်းက သူတို့လာတဲ့နေရာနဲ့ ကိုယ့်နေရာက အဝေးကြီးဖြစ်နေတာမို့ နယ်နိမိတ်သတ်မှတ်စရာ မလိုခဲ့ဘူး။ ပဏ္ဏာဆက်ဖို့လောက်ပဲ ညှိနှိုင်းရတာ။
တရုတ်နဲ့နယ်နိမိတ်ကိစ္စ အကြိတ်အနယ် ညှိနှိုင်းရတာကတော့ အင်္ဂလိပ်လက်ထက်မှာပါ။ သူတို့က မေခမြစ်၊ ရွှေလီမြစ်၊ သံလွင်မြစ်တွေကို နယ်နိမိတ်သတ်မှတ်ပြီး အဲ့ဒီမြစ်တွေရဲ့ အရှေ့ဘက်ကမ်းကို တရုတ်နိုင်ငံထဲထည့်ဖို့ တောင်းဆိုတယ်။ ဒါပေမယ့် သူ့မြေ၊ သူ့လူမျိုးမဟုတ်တဲ့ အင်္ဂလိပ်ကတောင် အဲ့ဒီမြစ်တွေရဲ့ ရေဝေရေလံဒေသတွေ ပဲ့ပါသွားလို့ မဖြစ်ဘူး ဆိုပြီး ကာကွယ်ပေးခဲ့လို့ ကိုယ့်ထဲကျန်တာလေ။ အခု မင်းအောင်လှိုင် က လားရှိုးတောင် တရုတ်လက်ထဲထိုးအပ်သွားတာ။ ဦးနုလက်ထက်မှာ နယ်စပ်မျဉ်းရေးဆွဲရေးစာချုပ်ချုပ်တော့ ကိုယ့်ဘက်ကနယ်မြေတချို့ သူတို့ဆီပေးလိုက်ရတယ် လို့ စာချုပ်ချုပ်တုန်းကပါတဲ့ ကချင်ခေါင်းဆောင်တစ်ယောက်က စာအုပ်ရေးသားထုတ်ဝေဖူးပါတယ်။ ဆစ်ဆောင်ပနားက အရင်တုန်းက မြန်မာနယ်မြေ လို့ ပြောတယ်လေ။
ကချင်နယ်စပ်ဖြစ်တဲ့ လိုင်ဆာ၊ လွယ်ကျယ်ဘက်ကနေ ရှမ်းပြည်နယ်စပ် ဖြစ်တဲ့ လောက်ကိုင် ၊ မူဆယ်၊ နမ့်ခမ်းဘက်ကို သွားချင်တယ် ဆိုရင် မန္တလေးထိအောင် ပြန်ဆင်း၊ ပြင်ဦးလွင်ကနေ ပြန်တက်ပြီး ၂ ရက် ၃ ရက်မကကြာအောင် တမေ့တမောကြီး သွားယူရပေမယ့် ယူနန်နယ်ထဲကသာဖြတ်သွားရင် ရန်ကုန် နဲ့ ပဲခူးလောက်တောင် မဝေးဘူး။ တခါတခါမှာ အဲ့ဒီမြေပုံနယ်နိမိတ် ကန့်သတ်ချက်တွေဟာ ပြဿနာတော်တော်များများရဲ့ အကြောင်းရင်းခံပဲ။ ကချင်ပြည်နယ်ရဲ့အောက်ပိုင်းမှာ ရှမ်းတွေအများကြီး ပဝေသဏီကတည်းက နေကြသလို ရှမ်းပြည်နယ်ရဲ့ မြောက်ပိုင်းထဲမှာလည်း ကချင်တွေ အစကတည်းက နေပါတယ်။ ဒါပေမယ့် ဦးနေဝင်းကြီးလက်ထက်မှာ ပြည်နယ် နဲ့ တိုင်း ၁၄ ခု သတ်မှတ်ပြီး ဘုရားကိုးဆူဆရာက ဘုရားဆင်းတုတွေ လက်ညှိုးတထိုးထိုးနဲ့ နေရာချထားသလို ကချင်တွေက ကချင်ပြည်မှာနေ၊ ရှမ်းတွေက ရှမ်းပြည်မှာနေ၊ စီမံခန့်ခွဲလိုက်တာ ဟုမ္မလင်း၊ မိုးညှင်းဘက်က ရှမ်းနီတွေ မှတ်ပုံတင်လုပ်ရင် စိုင်းထည့်လို့မရတော့ဘူး။ မြစ်ဝကျွန်းပေါ်ကရင်တွေ နေစရာ မရှိတော့ဘူး။ ပဲခူးတလိုင်းတွေ အစပျောက်ကုန်တယ်။ အဲ့ဒီတော့ ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာပြည်မြောက်ပိုင်းမှာ သွေးချောင်းစီးအောင်စစ်တိုက်ပြီး တရုတ်ကြီးက နှပ်ကြောင်းပေးလာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီမှာ ကိုးကန့်တွေ၊ ပလောင်တွေ၊ ဝတွေ၊ ကချင်တွေနဲ့ ဒေါင်ချာစိုင်းနေလိုက်ကြတာ ရှမ်းတွေကို စကားထဲတောင် ထည့်မပြောကြပါလား လို့ ရင်နာစရာ ဖြစ်လာရတယ်။
ဒါပေမယ့် အဲ့ဒီနယ်စပ်ဒေသတွေကို တရုတ်ဘက်က စစ်အင်အားသုံးစရာမလိုပဲ သူ့အပိုင်ဖြစ်သွားအောင် ဘယ်လိုလုပ်ယူသလဲဆိုတာ ကိုးကန့်နယ် ဝနယ်တွေကို ကြည့်ရင် သိသာပါတယ်။ ငွေကျည်ဆန်ထက် ချက်ကောင်းကို မှန်နိုင်တာ ဘာရှိဦးမှာလဲ။ မြန်မာနယ်နိမိတ်အတွင်းကလူတွေကို တရုတ်နိုင်ငံသားအခွင့်အရေးတွေ ပေးလိုက်ရင် ထမင်းစားတာတောင် ပီကင်းစံတော်ချိန်အတိုင်း ညနေ ၃ နာရီမှာ ဒင်နာကျင်းပကြတယ်။ အိပ်ရင် နိုးရင်လည်း ရှန်ဟဲကလူတွေနဲ့ အတူတူပဲ။ သူ့နိုင်ငံထဲမဟုတ်ပေမယ့် ရန်ကုန်၊ နေပြည်တော်ထက်သာတဲ့ နိုင်လွန်ကတ္တရာလမ်းတွေ ခင်းပေးတယ်။ တရုတ်ဖုန်း၊ တရုတ်ရေ၊ တရုတ်ငွေ၊ တရုတ်မီးသုံးပြီး တရုတ်ပြည်ကြီးအတိုင်း နေထိုင်ကြတယ်။ ရန်ကုန်မှာ ပရော်ဖက်ဆာ ဦးနော်မန်လှ liver transplant ကြီး လုပ်ပြနိုင်မှ Cellular ဖုန်းတစ်လုံး ရတဲ့ခေတ်မှာ လောက်ကိုင်ဆေးရုံက တံမြက်စည်းလှဲသမားတောင် cellular ၂ လုံးလောက် ခါးချိတ်ထားနိုင်တယ်။ ဆေးရုံက ဝကလေးတွေကို “အိပွမ် နင်အခု ဘယ်တိုင်းပြည်မှာ ရောက်နေတာလဲ။” လို့ မေးရင် “တရုတ်ပြည်လေ ဆရာ။” တဲ့။ သူတို့စိတ်ထဲမှာ လောက်ကိုင်ဆိုတာ တရုတ်ပြည်ပဲ။ ဆေးရုံမှာ လူနာကြည့်ရင်တောင် သူတို့ကိုစကားပြန်ထားပြီး ဆေးကုမှရတယ်။ တရုတ်စကားကလွဲရင် ဘာစကားမှ နားမလည်ဘူး။ တရုတ်စကားတတ်ပြီး လောက်ကိုင်က လို့ ပြောလိုက်ရင် ဘာစာရွက်စာတမ်းမှ မလိုပဲ ခွေးမိန် (ကူမင်း) အထိ သွားလို့ရတယ်။ အဲ့ဒီတော့ ကိုးကန့်တွေ တရုတ်ဩဇာ မလွန်ဆန်နိုင်ဘူး လို့ ပြောရင် “ဘာလို့ လွန်ဆန်ရမှာလဲ။ သူတို့က တရုတ်တွေပဲ ဥစ္စာ။” လို့ ကိုယ်ကတော့ ချက်ချင်း သဘောပေါက်ပါတယ်။
တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တရုတ်ဆီက အမှီအခိုအထောက်အပံ့နဲ့ ရပ်တည်နေကြတာမို့ တရုတ်ကြီးဆီက နိုင်ငံရေးဝင်ကစားရင် လွန်ဆန်နိုင်တဲ့ အင်အား မရှိပါဘူး။ “ဗကပ ကို လက်ခံ” ဆိုရင် လက်ခံထားရတယ်။ “လက်မခံနဲ့တော့။ မောင်းထုတ်ပစ်လိုက်။” ဆိုလည်း မောင်းထုတ်ရတယ်။ “မင်းတို့ကောင်တွေ NCA ထိုးရမယ်။ လာ လိုက်ခဲ့။ လေယာဉ်ပေါ်တက်။” ဆိုရင် ခွေးမိန်ကနေ လေယာဉ်နဲ့ နေပြည်တော်လိုက်လာပြီး လက်မှတ်ထိုးပေးရတယ်။ အခုတစ်ခေါက်မှာ အခုလောက်အထိ တင်းခံနေတာက ကိုယ်တို့ဘက်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖိအားကြောင့်။ သူ့ဘာသူများဖြင့် “ကိုကို မကြိုက်ဘူး။ ဒါမလုပ်နဲ့ဆို။ ဟုတ်ကဲ့ ကိုကို။” ဂန္ဓာလရာဇ်ရဲ့ဖိအားတွေကို မြင်လည်းမြင်၊ နှုတ်ကဖွင့်ဟပြီးတော့လည်း တားရဲတာ ကိုယ်တို့အမေပဲ ရှိပါတယ်။ ဟိုစစ်သားအဖိုးကြီးတွေဆို “ကျော်တို့က တရုတ်ကိုလည်း ကြောက်ရသေးတာကိုး ခမျ။” ဆို လက်ရှောင်သွားတာ။
လောက်ကိုင်မှာ ကျားဖြန့်ရှင်းရင်းနဲ့ ၁၀၂၇ လှိုင်းလုံးကြီးတွေဖြစ်လာတာ၊ အချိန်တိုတိုအတွင်း ရမခ ကျသွားတာဟာ တော်လှန်ရေးအင်အားစုတွေ အသက်နဲ့ရင်းပြီး တိုက်ယူရတာ မှန်ပေမယ့် နောက်ကွယ်မှာ တရုတ်အထောက်အပံ့ မပါရင် မဖြစ်နိုင်ပါဘူး။ မန္တလေးအထိ ခြိမ်းခြောက်လာပြီး စကစသာ ပြုတ်ကျသွားရင် သူ့ဘက်က စွက်ဖက်မှုတွေ လက်လွန်ကြက်သွန် ဖြစ်ကုန်မှာ မြင်လို့ ဇောက်ထိုးဖြစ်သွားတဲ့ ချိန်ခွင်လျှာကို ထိန်းတဲ့အနေနဲ့ ဟိုဘက်ကို အလေးထိုးပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအထိက လက်ခံနိုင်သေးပေမယ့် ခဏခဏ တရုတ်ပြည်ခေါ်ပြီး “NUG နဲ့ မဆက်ဆံနဲ့။ PDF ကို စစ်တိုက်မပေးနဲ့။” အထိ ဩဇာပေးတာကျတော့ တော်တော်များသွားပါပြီ။ ကချင် နဲ့ AA ၊ TNLA ကတော့ လုံးဝလက်မခံပါဘူး။ ရှမ်း/မြောက် က အခြေအနေတွေကို မောင်ပိုနေမြဲ ကျားနေမြဲဖြစ်ဖို့ သူ ဘယ်လိုမှ ဝင်မပလေးနိုင်ပါဘူး။ မြွေကလည်း သေခဲ့ပြီ။ တုတ်ကလည်း ကျိုးပြီးသွားပြီ မဟုတ်လား။
ဂန္ဓာလရာဇ်ရဲ့ လက်သီးပုန်းတွေအကြောင်း ဖော်ထုတ်ရေးသားလာတဲ့အခါ ဆရာကြီးလိုလို၊ သဘာကြီးလိုလိုတွေက “မင်းတို့ နီပိန်းတွေ ဦးနှောက်မရှိဘူး။ တရုတ်ကို ကိုယ့်ဘက်ပါအောင် မစည်းရုံးနိုင်ကြဘူး။ တရုတ်ကြီးစိတ်ဆိိုးရင် မင်းတို့တော်လှန်ရေးက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။” ဆိုတဲ့ ငယ်ကြောက်စရိုက်တွေပေါ်လာပါတယ်။ လူကိုလည်း ဒေါက်တာမတင်ဝင်းကြီးများ မှတ်နေသလား မသိပါဘူး။ “နောင်ကျတော့ တရုတ်က၊ ထိုင်းက black list သွင်းလိုက်မှာ မကြောက်ဘူးလား။” ဆိုတာမျိုး စလောင်းဖုံးတွေ heat တက်ကြပါတယ်။ ကိုယ့်ဆီတည့်တည့် ဗုံးလိုက်ချတဲ့ စကစတောင် မကြောက်တဲ့ဟာ သူများနိုင်ငံတွေ အင်အားကြီးမားတယ်ဆိုတိုင်း ကြောက်သေးဖြန်းဖြန်း ပါစရာ အကြောင်းကို မရှိတာ။ လော်ဘီမကြီး မစောကြည် ပြောသလို “သူတို့သာ ကူချင်မှဖြင့် ဘယ်ဘက်က ကူကူ ၅ နှစ်မကြာနိုင် ဘူး။” ဆိုလည်းပဲ ရတာပေါ့။ လာခဲ့စမ်းပါ။ တက်ခဲ့စမ်းပါ။ သူတို့ စကစဘက်က အသေအကြေကူတိုက်လို့ လူသန်း ၅၀ ကုန်အောင် သတ်နိုင်တယ် ဆိုရင် သတ်သွားလိုက်။ သူတို့တိုင်းပြည်မှာ “ရေလာတယ်။ မီးလာတယ်။ ထမင်းဝတယ်။ နွေးထွေးတယ်။” ဆိုလို့ရှိရင်လည်း ဘာဖြစ်လို့ မြန်မာစာတွေ လာသင်နေသေးသလဲ။ ပြန် ပြန်။ တော်နေကြာ ငလျင်လှုပ်မှ အုတ်ပုံအောက်မှာ ပိနေဦးမယ်။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို စာနာတတ်အောင် ကိုယ့်ဆီက မဟာခုန်ပျံကျော်လွှား စီမံကိန်းကြီးမှာ လူ ဘယ်နှစ်သန်း သေခဲ့သလဲ။ ယဉ်ကျေးမှုတော်လှန်ရေးကြီးမှာ ဘာတွေ ဖြစ်ခဲ့သလဲ။ ပြန်လှန်လေ့ကျင့်ခန်းလုပ်ဖို့ အိမ်စာပေးလိုက်တယ်။ တရုတ်ပြည်မှာပဲဖြစ်ဖြစ်၊ မြန်မာပြည်မှာပဲဖြစ်ဖြစ်၊ ပြည်သူကို လက်နက်နဲ့ အနိုင်ကျင့်သတ်ဖြတ်လို့ မရဘူး ဆိုတာ သင်ခန်းစာယူစေချင်ပါတယ်။ ကားလက်မှတ်ကြီးတောင် နှစ်ပေါင်း ၂၀၀ ပြည့်သွားပြီ။ ပြည်သူတွေက အသတ်ခံနေရတုန်းပဲလား။ အိုင်တို့က “ငါတို့ကို ကူပါ။” လို့ မတောင်းဆိုသလို “သူတို့ကို မကူပါနဲ့။” လို့လည်း မပိတ်ပင်ပါဘူး။ ယုံကြည်ချက်တို့၊ ရပ်တည်ချက်တို့ဆိုတာ ကိုယ့်ဘာသာကိုယ် ရွေးချယ်ရတဲ့ ကိစ္စ။
မြန်မာ နဲ့ တရုတ် နဲ့ ဆွေမျိုးစပ်တယ်ဆိုတာက တစ်ဝမ်းကွဲလောက်ပဲ တော်တာဗျ။ ဟောင်ကောင်၊ ထိုင်ဝမ် နဲ့ စပ်ကြကြေးဆို သူတို့ကမှ တအူတုံဆင်း အရင််းအချာကြီးတွေ။ အဲ့ဒီကလူတွေ တရုတ်ပြည်မကြီးအောက် ပြန်ခိုလှုံရမှာကို သေမလောက် ကြောက်တယ် ဆိုတာ ဘာလို့လဲ ကိုယ်ချင််းစာနိုင်သွားပြီ။ ကိုယ်တို့လည်း စစ်အစိုးရအောက်မှာ နေရတာထက် သေရတာက မြတ်တယ် လို့ ခံယူထားတာ မဟုတ်လား။ မင်းအောင်လှိုင်ပါးစပ်ကပြောတဲ့ “ပြည်တွင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါပါတယ်။ အန္တရာယ်လည်း ကင်းပါတယ်။ ပြန်လာကြပါလား။” ဆိုတဲ့စကားကို ယုံတဲ့သူ ရှိသလား။ ပါးစပ်ကပြောတာနဲ့ လက်တွေ့လုပ်ဆောင်မှုနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေရင် ဘယ်အရာကို အတည်ယူမှာလဲ။ ဂန္ဓာလရာဇ်ပြည့်ရှင်မင်းကြီးအနေနဲ့ ကျားဖြန့်တွေလို ဗြောင်လိမ်ဗြောင်စား လုပ်မယ့် အတန်းအစားတော့ မဟုတ်လောက်ဘူး လို့ ယုံချင်ပါရဲ့။ မစွက်ဖက်ဘူး ဆိုရင်လည်း တကယ်မစွက်ဖက်တဲ့အကြောင်း သံသယရှင်းအောင် ကင်းကင်းနေတာပဲ ကောင်းပါတယ်။ တော်ရောပေါ့။ နံမည်တွေလည်း ပျက်လှပြီ။ မြန်မာတွေ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ လို့သာ သဘောထားလိုက်တော့နော်။ သူတို့က လွယ်လွယ်နဲ့ မေ့မပစ်တတ်ကြဘူး။ တသက်လုံး အပြောခံနေရလိမ့်မယ်။
“ဝမ် ပုလျောင် … ဝမ်း ပူးလျောင်။
ဝမ် ပုလျောင် နီ တိချွမ်း။
ဝမ်း ပုလျောင် နီး တိဟောင်။
ဝမ် ပုလျောင် ယူကျွမ်းတဲစွန်ပု
ယဲ ဝမ် ပုလျောင်း နားဖုန်းလီ
တီး ယွန်းပေါင်။”