နေ့စဉ်ဗုံးကျဲသော နေ့ရက်များအကြောင်း

စာသင်ကျောင်း၊ ဆေးရုံ နဲ့ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထားပြီး ချေမှုန်းနေတဲ့ မြန်မာစစ်သားတွေဟာ ၄ နှစ်လုံးလုံး သူတို့ ဘယ်သူတွေနဲ့ စစ်တိုက်နေရတယ်၊ ဘယ်သူ့အတွက် စစ်တိုက်နေရတယ် ဆိုတာ သိပုံမပေါ်ပါဘူး။ လူတစ်ယောက်ရဲ့အသိဉာဏ်ကို အဲ့သလောက်ထိ နိမ့်ကျသွားအောင်လည်း brainwash လုပ်နိုင်သားပဲ။ “ငါတို့ဟာ ပြည်သူတွေနဲ့ စစ်တိုက်နေရတာပါလား။ ငါတို့သတ်ဖြတ်နေတာ အပြစ်မဲ့တဲ့ ပြည်သူတွေပါလား။” ဆိုပြီး တစ်ယောက်တလေတောင် အမြင်မှန်မရကြတာလည်း အံ့ဩပါရဲ့။ သူတို့မှာ ရပ်ထဲရွာထဲ မိဘဆွေမျိုး၊ မောင်နှမသားချင်းတွေ မရှိကြဘူးလား။ ဘယ်လိုမျက်နှာနဲ့ တပ်ပြင်ထွက်နေကြပါလိမ့်။ ကိုယ့်ဆေးရုံ ဗုံးမှန်တာကို ဝမ်းသာအားရ လာမန့်တဲ့ စစ်သားအကောင့်တစ်ခုကို မြင်တဲ့အခါ မအလတပ်ထဲက စစ်သားတွေရဲ့ စိတ်နေသဘောထားဟာ ဒီအတိုင်း ရှိပါလား လို့ သနားမိပါတယ်။ လူစိတ်ဆိုတာ သူတို့မှာ မရှိဘူးကွယ်။ အထက်ကခိုင်းရင် ကိုယ်မေကိုယ် နောက်ကျွမ်းပစ်ရ ပစ်ရ၊ ပျော်ပျော်ကြီး ပစ်မယ့်ကောင်တွေ။ အဲ့လောက် အသိဉာဏ်ကင်းမဲ့ပြီး လူ့အသိုင်းအဝိုင်းအတွက် အဆိပ်အတောက်ဖြစ်မယ့်သူတွေဆိုတာ မရှိသင့်ပါဘူး။

သူတို့ကို အမိန့်ပေးနေတဲ့ အထက်အရာရှိတွေဟာ သူတို့အသက်တွေကို စတေးပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးမယ့်သူတွေဆိုတာလည်း သဘောမပေါက်ကြဘူး။ စုဆောင်းရေးနဲ့ပါလာတဲ့ကလေးတွေကို နောက်ကသေနတ်နဲ့ချိန်ပြီး စစ်တိုက်ခိုင်းရတာ နိုင်စရာအကြောင်း ရှိပါ့မလား။ စဉ်းစားစမ်းပါ။ သူတို့စစ်သားတွေ ရှေ့တန်းမှာ ဒဏ်ရာရရင် ဘယ်သူတွေက ဘာလုပ်ပေးသလဲ။ အမှန်အတိုင်း မြင်အောင်ကြည့်။ ကိုယ်လည်း အချိန်မရွေး ဒဏ်ရာရနိုင်တာမို့ ကိုယ့်အလှည့်ကျရင် ဘာလုပ်မလဲ။ တခါတည်း စဉ်းစားထား။ တိုက်ပွဲကျရင်ကော ဘာလုပ်သလဲ။ မှတ်မိလား။ ပြန်စဉ်းစားလေ။ ကိုယ့်တပ်ကရဲဘော်တွေကျရင် သူတို့ဘာတွေ လုပ်ပေးသလဲ။ ကိုယ်ဘာတွေ လုပ်ပေးခဲ့သလဲ။ ကိုယ့်အလှည့်လည်း အဲ့အတိုင်းပဲ လာမှာပါ။ အတူတူပဲ။ စိတ်သာချ။ ယူနီဖောင်းလေး ကုတင်ပေါ်ခင်းပြီး ထမင်းပွဲလေး ပန်းအိုးရှေ့ချထားရင် ပြည်သူတွေ လှိမ့်ဝမ်းသာကြတာလည်း မြင်ဖူးအောင် ကြည့်ထားဦး။ ရှေ့တန်းမှာ ခိုးလို့ဝှက်လို့ ရသမျှလည်း တစ်ယောက်တည်းအကုန် ဘိန်းရှူ မပစ်နဲ့။ မင်းသေရင် မင်းမိန်းမက လိုင်းခန်းပေါ်က ခေါင်းနဲ့ဆင်းရမှာ။ ဆွမ်းသွပ်ချိန်တောင် မရ။ ဒီလိုပဲ။ ရှေ့ရေးနောက်ရေးဆိုတာ စီစဉ်တတ်ရတာပေါ့ကွာ။ အနှေး နဲ့ အမြန် ကြုံလာရမယ့်ကိစ္စဟာကို။

အနေချောင် အစားချောင်အောင် အကောင်တွေပတ်ပြီး ဘောမမယ်လည်း မကြံနဲ့။ ဟိုမှာ ကိုယ့်ထက် ဆားဗစ်ရင့်တဲ့ ငါးမင်းဆွေတို့၊ ကျော်ဇေယျတို့တောင် ဘောပိလို့ ဂျေးအောင်းကုန်ပြီ။ မတ်မတ်ကြူဆီမှာ ပတ်ထမ်းတာကမှ အိမ်ကမယား ဆုတံဆိပ်လေးဘာလေး ချိတ်လိမ့်ဦးမယ်။ ဒါတောင် သူတို့လည်း ရဲမေ ၁၀၀ ထမီဖြူခါတာနဲ့ တန်းစီးခင်စိန်နဲ့ နပန်းသတ်နေရပြီ။ အဲ့ဒါလည်း မနိပ်သေးပါဘူး။ သူတို့အောက်လူတွေက ပလေယာမှ မဟုတ်တာ။ ယာဇ်ကောင်ကလေးတွေပဲ။ ထိုးကျွေးဖို့သက်သက်ပဲ အသုံးဝင်မယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေ တက်တက်လာရင် ကိုယ်တို့မှာ ပစ်ရမှာတောင် ကြောင်အမ်းအမ်းနဲ့။ ဘယ့်နှယ်။ ၁၂ နှစ် ၁၃ နှစ် ကလေးတွေတောင် အလွတ်မပေးဘူး။ တပ်ထဲရောက်မှ ကြီးအောင် မွေးယူမတဲ့။ ဘာစတန်းဒတ်အာမီလဲ။

ငလျင်လှုပ်ပြီး တစ်လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ ထက်မနည်း သုံးလာတယ်။ တစ်ရက်ကို လေယာဉ်အတက်အဆင်း ၁၀ ကြိမ် လောက် ရှိမယ့်သဘောပဲ။ အဲ့ဒီပိုက်ဆံတွေ ဘယ်ကလာစရာ ရှိမှာလဲ။ ကယ်ဆယ်ရေးအလှူငွေတွေထဲကပဲပေါ့။ ဘွင်းဘွင်းကြီး နဲ့ ရှင်းရှင်းကြီး။ ကိုဗစ်ရံပုံငွေတုန်းကလည်း သူတို့လက်မအပ်လို့ ဆရာဝန်ကိုထောင်ချပစ်တာ။ ဒီလူတွေကိုမှ အစိုးရနေရာထားဆက်ဆံချင်တဲ့ နိုင်ငံတကာက ကလိမ်ကကျစ် တွေကိုလည်း ဆလံအခါခါသပါတယ်။ ခများတို့တိုင်းပြည် ခများတို့လူထုကိုလည်း ဒီလိုပဲ အနိုင်ကျင့်မယ်ဆိုတာ ပေါ်လွင်ပါတယ်။ တူညီတဲ့အကျိုးတွေပေးမယ်။ သိလား။ သက်ဆင်ဟာ သူ့တုန်းကလည်း အာဏာအသိမ်းခံထားရတာကို ကိုယ်ချင်းလည်း မစာတတ်ဘူး။ ရှီကျင့်ဖျင်ကြီးလည်း ယဉ်ကျေးမှုတော်လှန်ရေးတုန်းက သူ့အဖေတွေ အကိုတွေ အဖမ်းခံရ၊ ပေါ်တာဆွဲခံရတာကို မေ့သွားပြီလား မပြောတတ်။

မြန်မာ့နိုင်ငံရေးကို တရုတ်က ဝင်ရောက်စွက်ဖက်တာ ဘယ်လိုမှ ငြင််းဆန်မရတဲ့ကိစ္စမို့ ပေးထားချက်လို့ပဲ ယူဆလိုက်တာပေါ့။ အဲ့ဒီပေးထားချက်အပေါ်မှာ ကိုယ်လိုချင်တဲ့အဖြေရအောင် တွက်ယူရမှာပဲ။ လားရှိုးကို ဘယ်လိုပဲ ဇိကုပ်ပြီး စကစလက်ပြန်ထည့်ပေမယ့် လားရှိုးဆေးရုံတောင် အလုပ်ပြန်စလို့ မရပါဘူး။ နယ်စပ်လမ်းလည်း ပြန်မပွင့်ဘူး။ တရုတ်မသာမှာ တိုက်တွေကားတွေ စက္ကူအရုပ်နဲ့ လုပ်ထားသလိုပေါ့။ အကုန်လုံး အစုံအစိတော့ပါတယ်။ ဒါပေမယ့် မီးရှို့ဖို့သက်သက်သာ အသုံးဝင်တယ်။ တိန့်ရှီကျွင်းကြီး ဝင်ရောက်နေရာချထားသွားတဲ့ ရမခဆိုတာကြီးကလည်း တရုတ်လယ်သမားကြီး မြေကြီးထဲကတူးမိတဲ့ terra-cotta soldiers တွေနဲ့ အတူတူပဲ။ ဧကရာဇ်ကြီးရုပ်ကလပ်နဲ့အတူ မြေမြှုပ်ခံရဖို့။ နောက်ဆုံးတော့ ကိုယ့်ရှူးကိုယ်ပတ်ပြီး ကိုယ့်အတတ်ကိုယ်စူးမယ့်လမ်းစဉ်။ ဘယ်လိုပဲ တရုတ်ကပေးတဲ့ ဒရုံးတွေ၊ ဗုံးတွေနဲ့ အစွမ်းကုန်ခုခံပါစေ၊ ဗန်းမော်ရော စကခ ၂၁ ရော ကိုယ်တို့သိမ်းယူနိုင်ခဲ့တာပဲ။ Game changer က တရုတ် မဟုတ်ပါဘူး။ ပြည်သူပါ။

လက်သုံးချောင်းထောင်ပြီး CDM ဝင်ခဲ့တဲ့နေ့ကစလို့ ဒီကနေ့ထိတိုင်အောင် ပြည်သူလူထုရဲ့ ထောက်ပံ့မှု၊ ထောက်ခံမှုက တစ်ရွေးသားမျှတောင် လျော့ကျမသွားဘူး။ တနေ့တခြား တိုးပွါးလို့သာ လာခဲ့တယ်။ တော်လှန်ရေးအတွက် ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် ဟုတ်ဟုတ်ငြားငြား မလုပ်ခဲ့တဲ့သူတွေကသာ အလုပ်လုပ်နေသူတွေကို ပစ်တင်ဝေဖန် နှိမ့်ချပြောဆိုနေတာပါ။ အဲ့ဒါ တကယ့်ပြည်သူမဟုတ်ဘူး။ လှစ်လျူရှုထားလိုက်။ စစ်တပ်က ပြည်သူလူထုရဲ့အမုန်းကို လုံးလုံးလျားလျား ရသွားပြီးတဲ့နောက်မှာ NUG ၊ PDF နဲ့ EAO တွေကြားမှာ အမျိုးမျိုးခလောက်ဆန်ပြီး psy-war တွေ သုံးပါတယ်။ ဘယ်လိုမှ နိုင်အောင်ပြန်မတိုက်နိုင်တော့ တရုတ်ကြီးဆီခေါ်ပြီး လားရှိုးကိုပြန်ပေးပါ။ သိမ်းထားပြီးသမျှ မြို့တွေကို အကုန်ပြန်ပေးပါ ဆိုပြီး မရှက်မကြောက် တောင်းယူတယ်။ တောင်းလို့မရတော့ မိုးကုတ်မြို့ကို နေ့ရောညရော ဗုံးကျဲဖျက်ဆီးပြန်ပါတယ်။ တရုတ်ဝင်ညှိပေးတဲ့ ငြိမ်းချမ်းရေးဟာ စကစထိုးစစ်တွေကို လုံးဝမတားပဲ EAO တွေကိုသာ တဘက်သတ် ဖိအားပေးတာပါ။ အဲ့သလောက်အထိ ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရအပေါ်မှာလည်း မြန်မာပြည်သူတွေက တူးတူးခါးခါး ရွံမုန်းပါတယ်။

တရုတ်အစိုးရဟာ ကိုယ်တို့နိုင်ငံမှ မဟုတ်ဘူး။ ဗီယက်နမ်ကိုလည်း စွက်ဖက်ခဲ့တယ်။ ပါကစ္စတန်ကတဆင့် အိန္ဒိယကိုလည်း မီးဝင်ရှို့တယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားကိုလည်း မြှောက်ပင့်ပေးတယ်။ တောင်တရုတ်ပင်လယ်ကို ခြိမ်းခြောက်ပြီး ထိုင်ဝမ်ကိုလည်း သိမ်းမယ်တကဲကဲ ကြွေးကျော်တယ်။ ဘယ်နေရာမှာဖြစ်ဖြစ်၊ ငပွကြီးဖြစ်နေတာ ကြာပြီ။ စစ်အေးတိုက်ပွဲ Cold War မှာ ဝင်နွှဲသလို ကုန်သွယ်စစ်ပွဲ Trade War မှာလည်း ဦးဆောင်နေတယ်။ တက်လာသမျှ အမေရိကန်သမ္မတတွေအားလုံးဟာ တရုတ်ကို ဘယ်လိုပလေးရမလဲ။ policy တွေ strategy တွေ အိမ်စာလုပ်ထားရတယ်။ အခုတော့ ကွန်မြူနစ်နိုင်ငံဖြစ်လျက်နဲ့ ပြည်သူ့အင်အားကို နားမလည်တဲ့ တရုတ်ကို အရင်းကျမ်းကြီး ပြန်သင်ပေးရမလို ဖြစ်နေပြီ။ CCP အစိုးရဟာ အာဏာလုစစ်ကောင်စီရှေ့က မားမားမတ်မတ်ရပ်ပေးနေတာကို မော်တို့၊ ချူတို့၊ တိန့်တို့ မြင်ရင် ဘယ်လောက်များ ရင်နာလိုက်မလဲ။ ကားလ်မက်ကြီးရေးခဲ့တဲ့ ကွန်မြူနစ်ဝါဒဆိုတာ နောင် နှစ်ပေါင်း ၁၀၀ ကျော်ကြာလာတဲ့အခါမှာ ဘယ်လိုတွေတောင် ဖောက်လွဲဖောက်ပြန် အံချော်သွားသလဲဆိုတာ ပူတင်ကြီးလက်ထက်၊ ရှီကျင့်ဖျင်လက်ထက်မှာ အဖြေထွက်လာတာပဲ။ လက်ယာအစွန်းရောက်တွေရဲ့ အန္တရာယ်နဲ့ မဟုတ်ဘူး။ လက်ဝဲပဂေးကြီးတွေ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုလို့ ပြည်သူနဲ့ဝေးကွာသွားရတာ။ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ” လို့ ခေါင်းစဉ်တပ်ထားပါလျက် ပြည်သူကိုသတ်ဖြတ်ဖို့ စစ်တပ်ကို ကျားကန်ပေးတာဟာ မိမိနိုင်ငံရဲ့ ရပ်တည်ချက်ကို သစ္စာဖောက်ရာကျပါတယ်။

ကိုယ့်ဆေးရုံက ၃ ရက်ပဲ ဗုံးကျဲခံရတာပါ။ အောက်ဘက်က ဗန်းမော်၊ မိုးကုတ်၊ တောင်ခမ်းဘက်မှာဆို ရက်ပေါင်းလည်း မနည်းတော့သလို အကြိမ်အရေအတွက်လည်း မရေနိုင်လောက်အောင် ဗုံးကျဲတိုက်ခိုက် ချေမှုန်းနေတာ။ လူအသေအပျောက်လည်း များပါတယ်။ ပင်လယ်ဘူးဆေးရုံ၊ သပိတ်ကျင်းဆေးရုံတွေလည်း ဗုံးကျဲဖျက်ဆီးခံရတာပဲ။ ဒီလေကြောင်းတိုက်ခိုက်မှုတွေကို ဘယ််သူကမှ ထိထိရောက်ရောက် တားဆီးကန့်ကွက်ပေးတဲ့သူ မရှိဘူး။ အသေအကြေ အပြတ်အတောက် ပုံတွေတက်လာရင်လည်း community standard နဲ့ မကိုက်ညီပါဘူး ဆိုပြီး ဇူကာဘတ်က ဖြတ်တောက်ပစ်တယ်။ ကိုယ့်နိုင်ငံအတွင်းမှာတောင်မှ ကိုယ့်သားသမီးသေတာ မဟုတ်သ၍ လူတွေက ဘာမှမဖြစ်သလို မသိချင်ယောင်ဆောင်ပြီး ကျော်သွားတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ဒီလိုမျိုးသတင်းတွေ အတန်းရှင်းမရဖို့ ဆိုင်ဘာစစ်သားများကလည်း အုံနဲ့ကျင်းနဲ့ ဖုံးဖိဖျောက်ဖျက်ပစ်ကြတယ်။ အဲ့ဒါကြောင့် ကိုယ်ကလည်း လောလောဆယ် ဆေးကုလို့မရဘူး။ စစ်တိုက်လို့မရဘူးဆိုရင်တောင် စာရေးလို့ရနေသေးတဲ့အတွက် အပတ်တကုတ် စာတွေရေးသားပြီး Cyber revolution ဆက်လုပ်နေပါတယ်။ ကိုယ့်လူတွေကို အားပျက်မသွားစေချင်ဘူး။ အားလျော့မသွားစေချင်ဘူး။ စကစရဲ့ စစ်ရာဇဝတ်မှုတွေကို မှေးမှိန်ဖုံးအုပ်မသွားစေချင်ဘူး။ အိပ်ပျော်နေတဲ့သူတွေရှိရင် “သင်ကိုယ်တိုင် နိုးထဖို့ အချိန်ရောက်လာပြီ ဖြစ်တယ်။” ဆို လန့်နိုးသွားအောင် ကိုင်လှုပ်နေတာ။ “တပ်မတော်ဂုဏ်ရောင် ထွန်းပြောင်ဖို့ရာ ကိုယ့်တာဝန်ဖြစ်သည်။” လို့ ခံယူထားတယ်လေ။ ဟဲဟဲ။ သူတို့တွေ ဝင်တောင်မဖတ်ရဲတော့ဘူး ထင်ပါရဲ့။ ဆိုင်ဆိုင်မဆိုင်ဆိုင် ရေးချင်ရာတွေလျှောက်ရေးပြီး ပြေးတာ။

ကိုယ်တိုင်ဗုံးကျဲခံရတဲ့ အတွေ့အကြုံအရ ပြောရရင် လေကြောင်းတိုက်ခိုက်ခံရလို့ အသက်အိုးအိမ်ပျက်စီးရတဲ့ ပြည်သူတွေဟာ လိုင်းပေါ်မှာ အသံထွက်အောင် မအော်နိုင်ပါဘူး။ “အခုတစ်ခေါက်တော့ မသေသေးဘူး။ နောက်တစ်ခါ ဘယ်တော့ လာဦးမလဲ မသိဘူး။” ဆိုတဲ့စိတ်နဲ့ အသက်လုပြီး ပြေးကြရတာပါ။ ကိုယ့်လို ဖြစ်ဖြစ်ချင်း လိုင်းပေါ်တက်ဟစ်တဲ့သူကျပြန်တော့လည်း “ရန်သူဘက်က သတင်းရသွားမယ်လေ။ မသေမှန်းသိရင် ထပ်လာကျဲမယ်လေ။” ဆို အသံမထုတ်စေချင်ကြပါဘူး။ sim ကဒ်ကပဲ လိုက်သလား၊ Starlink signal ကပဲ ခြေရာခံသလား နဲ့ စိတ်တွေပူကြတာပေါ့။ ကိုယ့်သဘောကတော့ နိုင်ငံတကာမီဒီယာတွေမှာ သတင်းတွေ အဆက်မပြတ်ပါပြီး လူသားဆန်သော လူသားတိုင်းက ဝိုင်းဝန်းကန့်ကွက် ရှုံ့ချတဲ့အထိ၊ စစ်အစိုးရကို ဘယ်နိုင်ငံကမှ အဆက်အဆံမလုပ်တဲ့အထိ ကမ်ပိန်းတွေ လုပ်စေချင်တာပါပဲ။ ဒီမှာ လူတွေသေနေတယ်လေ။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အရပ်သားပြည်သူတွေ နေ့စဉ်နဲ့အမျှ အနိုင်ကျင့်သတ်ဖြတ်ခံနေရတာ ၄ နှစ် ရှိပြီ။ ဒီအဖြစ်အပျက်တွေကို တကမ္ဘာလုံးက သိစေချင်တယ်။ သိအောင်လုပ်ပေးချင်တယ်။ စစ်ကူတောင်းတာ မဟုတ်ဘူး။ အလှူခံတာ မဟုတ်ဘူး။ စစ်အစိုးရရဲ့ အတွင်းသရုပ်ဟာ ဘယ်လိုရှိတယ်ဆိုတာကို အမှန်အတိုင်း သိသွားစေချင်တာ။ ဒါဆိုရင် စစ်အစိုးရကို အကာအကွယ်ပေးနေတဲ့ တရုတ်အစိုးရ၊ ရုရှားအစိုးရတွေဟာလည်း ဘယ်လိုစိတ်နေသဘောထားရှိတယ် ဆိုတာကို မျက်နှာဖုံးကွာကျသွားမှာပဲ။ အိမ်တွင်းအကြမ်းဖက်မှုကို ဘယ်သူမှ မသိအောင်ကြိတ်ခံနေသ၍ အဲ့သည်ဝဋ်က ဘယ်တော့မှ ကျွတ်မှာ မဟုတ်ဘူး။ အကြမ်းဖက်အနိုင်ကျင့်မှုကို “သူတို့ပြည်တွင်းရေးပဲ။ ဘယ်သူမှ မစွက်ဖက်နဲ့။” ဆို လက်ရှောင်ခိုင်းပြီးမှ သူ့စိတ်တိုင်းကျ ဝင်ခြယ်လှယ်နေတဲ့ အိမ်နီးချင်းဆိုးရဲ့ သရုပ်မှန်ကိုလည်း ကမ္ဘာကသိအောင် ဖွင့်ပြရမှာပဲ။ အဲ့ဒါကြောင့် ငါစာတွေ ရေးထားတယ်။ နင် ဖတ်မကြည့်လို့တော့ ငါနဲ့တွေ့မယ်။ ဖတ်ပြီးရင် ဒီသတင်းတွေ ဆက်ဖြန့်ပေးကြဦး။ ခုနပဲ ပြောထားတယ်လေ။ ဘာတဲ့။ ဘာဂုဏ်ရောင်။ ….။ ဘာဖြစ်ဖို့ရာ။ …။ ဘယ်သူ့တာဝန်။ …။အေး။ ရပြီ။ သွားတော့။