အညာလွမ်းချင်း

“လေတွေမိုးတွေရွာပါလို့

ကဆုန်လပြည့်ကျော်

လူပျိုလေးတွေလာပြန်တော့

ခုံဖိနပ်နဲ့ဆော်”

လေတွေလာတာကတော့ ဟုတ်ပါပြီ။ အခုကိုပဲ လေတွေပြင်းလိုက်တာမှ အမိုးတွေအကာတွေကို လန်ထွက်နေရော။ လူပျိုတွေလာရင် ခုံဖိနပ်နဲ့ဆော်တာက ဘာလို့ပါလိမ့်။ မသိဘူးလေ။ ကလေးတုန်းကတော့ ဒီလိုပဲ ပါးစပ်ထဲတွေ့ကရာ ပေါက်ပန်းဈေးတွေ လျှောက်အော်ကြတာပဲဟာကို။ ကလေးပါးစပ် သဘင်သည်ပါးစပ်ဆိုတာ မုခသိုက်အဝင်အပါတဲ့။ လူပြက်ကြီးတွေ ပြက်လုံးထုတ်ရင်လည်း ကလေးတွေပါးစပ်ထဲ စွဲကျန်ရစ်ခဲ့တာပဲ။ “ကျုပ်သားကိုတဲ့စွန်ချီ။ ငှက်ပလီ ဘယ်ကိုကြွပါလိမ်ံ့။ ငှက်ဘုရားတကာ စွန်စတော်ဘယ်ရီရောင် ဘယ်ကိုကြွပါလိမ့်။ ပြန်ချပါအုန်း ဟုန်းဟုန်းဟုန်း။” ဆိုလည်း ရွာမှာ ကလေးတိုင်းဆိုတတ်တယ်။ ကိုယ်တွေငယ်ငယ်တုန်းက ဖုန်းဆိုတာလည်း မပေါ်သေးဘူး။ ဂိမ်းဆိုတာလည်း မရှိသေးဘူး။ မော်တော်ကားတောင် ထွန်စက်သံကြားရင် ရွာပြင်ကိုထွက်ကြည့်ရတာ။ ရွာမှာ ကားမမြင်ဖူးတဲ့သူတွေ တပုံကြီး။ “ဪ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်အချိန်တွေကပေါ့နော်။” လို့ မထင်နဲ့။ အခု ကိုယ့်ဆေးရုံက နာဂဆေးတပ်သားလေး ဟယ်ရီလည်း သူငယ်ငယ်က မော်တော်ဆိုင်ကယ် မမြင်ဖူးလို့တနေကုန်ငုတ်တုတ်ထိုင်ကြည့်တာ ထမင်းစားခေါ်လို့တောင် မပြန်ဘူးတဲ့။ အာဖရိကတောနက်ထဲက ဖင်တုံးလုံးကလေးလေးတွေတောင် တိုးတက်နေပြီ။ ငါတို့မြန်မာပြည်ကြီးက ဒီအတိုင်းက ဒီအတိုင်းပဲ။ ဘိလပ်ရည် ပုလင်းဖုံး လိုက်မလုရတာ ကံကောင်း။

တို့ငယ်ငယ်တုန်းက မိုးပေါ်မှာ လေယာဉ်ဆိုတာ မြင်ခဲလှပါဘိတောင်း။ လေယာဉ်ပျံမမြင်ဖူးလို့ မင်္ဂလာာဒုံလေဆိပ်ကို တကူးတက သွားထိုင်ကြည့်ခဲ့ရတာ။ အခုများဖြင့် လေယာဉ်ဆိုရင် မမြင်ချင်မှအဆုံး။ နေ့တိုင်းလာတယ်။ တစ်နေ့ နှစ်ခေါက်သုံးခေါက်လည်း လာတယ်။ ကိုယ်မစီးနိုင်ပေမယ့် ကိုယ့်ဆီတည့်တည့်ကိုလာတာ။ မော့တော့ မကြည့်လေနဲ့။ အသံကြားတာနဲ့ နီးရာကျင်းထဲပြေးဝင်။ မမီရင် ဒိုင်ဗင်သာပစ်ချလိုက်။ နေ့ရှိသ၍လည်း “လေယာဉ်တဲ့ဟေ့” ဆိုတဲ့အသံကို နားစွင့်နေရတာ။ အသံကြားလိုက်ရုံနဲ့ “Y12 ဟ“ “Jet Fighter ဟ“ “Hutski ဟ” ဆို ကွဲကွဲပြားပြားသိတယ်။ ကမ္ဘာပေါ်မှာ “Airstrike Friendly Country” ဆို ငါတို့ပဲ ရှိမလား မပြောတတ်ဘူး။ ငတို့တိုင်းပြည်က ငလျင်လှုပ်ရင် ဘယ်သူ့မှလိုက်မကယ်ဘူး။ Airbus ကြီး အရင်ဝယ်တာ။ “တိမ်ဦးလေပြေ ဘုတိုသေ” ရိုက်မလို့။ တို့ဘိုးတို့ဘွားတွေ တို့ရွာမှာနေတာ အိုလို့သာသေရော။ လျှပ်စစ်မီးဆိုတာ မရှိဖူးဘူး။ အမေစုလက်ထက်ရောက်မှ။ ရွာမှာ မီးလင်းတာ။ မောင်ပုလည်းတက်ရော ရန်ကုန်က လင်းပြီးသားမီးတောင် ပြန်ငြိမ်းသွားတယ်။ အဲ့သလောက်ကို တိုးတက်တဲ့အခြေအနေ။

အမယ် ငါ့မလည်း လူပြက်ကြီးတွေ ပြက်လုံးထုတ်သလို တောင်စဉ်ရေမရတွေ လျှောက်ပြောနေမိတယ်။ အညာဖြင့် အညာပေါ့။ ဘယ့်နှယ် မသာတွေအကြောင်း ရောက်သွားပါလိမ့်။ တို့အညာမှာကွယ်။ ကလေးတွေ ဗလွတ်ရွှတ်တ အင်မတန်ပြောတတ်တယ်။ လူကြီးတွေကျပြန်တော့လည်း ခရေစေ့တွင်းကျ လုံးစေ့ပတ်စေ့ စီကာပတ်ကုံး ပြောတော့တာ။ နှုတ်ရေးနှုတ်ရာ ကြွယ်တယ် ဆိုပါတော့။ ဥပမာတွေ ဥပေမယျတွေလည်း မထပ်အောင် သုံးတတ်ပ။ လှတောသားမှ မဟုတ်ဘူး။ ကိုယ်တို့ ပေတောသားတွေလည်း စကားအလင်္ကာ အင်မတန် ပြောင်မြောက်တယ်။ တို့တရွာလုံး၊ တို့တမျိုးလုံး တော်ရုံတန်ရုံ့အမှုတော့ ရှေ့နေမလိုဘူး။ ကိုယ့်ဘာသာကိုယ် လျှောက်လဲချေပတတ်တယ်။ ဟောဒီဆရာဝန်ကောင်တောင် ပထမဦးဆုံးထုတ်တဲ့စာအုပ်နံမည်က ဘာတဲ့။ “ဆရာဝန့်ဘက်က ရှေ့နေလိုက်မယ်” တဲ့။ မှတ်ကရော။ ဘာပြုလို့ဆိုတော့ နေ့စဉ်သုံးစကားတွေကအစ ဗူးလုံးနားမထွင်း ဘယ်သူမှ မပြောဘူး။ ချက်နဲ့လက်နဲ့ ရေရေရာရာ ပြောတာ။ အဖေများ အဘများရော၊ အဘွားများ အမေများရော သိပ်စကားတတ်ကြတယ်။ ကိုယ့်အနေနဲ့ မြန်မာစာ မြန်မာစကားကို ရေရေလည်လည် ရေးနိုင်ပြောနိုင်တယ်ဆိုတာ ကလေးဘဝတုန်းက ကိုယ်တို့ အညာကအမျိုးတွေ ကြားမှာ ကြီးပြင်းခဲ့ရလို့ပဲ။

ကိုယ့်အမေက သူတို့ မွေးချင်းညီအမ ၄ ယောက်မှာ အကြီးဆုံးဆိုတော့ ကိုယ့်ကိုမွေးပြီးတဲ့နောက် အဒေါ်အပျို ၃ ယောက်က လက်ပေါ်က မချအောင် ထိန်းကြတယ်။ အဲ့ဒါကြောင့် ကိုယ်ကလည်း နွေရာသီရောက်တိုင်း အညာပြန်တယ်။ ရန်ကုန်မှာ အသက်မပြည့်လို့ ကျောင်းမနေရတော့ အညာမှာ ကျောင်းအပျော်လိုက်တယ်။ ဒီလိုနဲ့ ကလေးဘဝရဲ့ အချိန်တော်တော်များများကို အညာမှာ ကြီးပြင်းခဲ့ရတယ်။ စကားသင်စ၊ စကားတတ်စအချိန်မှာ စကားကြွယ်တဲ့ အညာသူအညာသားများနဲ့ လက်ပွန်းတတီးနေရတော့ ကိုယ်လည်းပဲ စကားတောင်စား ဖြစ်လာတာ မဆန်းပါဘူး။ ကိုယ့်အမျိုးတွေက အလွန် စကားတတ်ကြတာကိုး။ ဘာလေးပြောလိုက်ပြောလိုက် ပုံတိုပတ်စကလေးတွေ ခင်းပြောတာ။ အမှတ်သညာကလည်း ကြီးပ။ ရွာမှာ ပြောစမှတ်တွင်သွားလို့ကတော့ ဆွေစဉ်မျိုးဆက် အကြောင်းတိုက်ဆိုင်လာတိုင်း အစလေးပြန်ပြန်ဖော်ပြီး အပြောခံရပြီသာမှတ်။ အခုတောင်ကိုယ်က သူတို့အကြောင်းတွေ အစဖော်ပြီး ပြန်ပြောနေပြီဟာကို။

ရွာဆိုတာ ရန်ကုန်မှာလို ဘုံဘိုင်ဖွင့်လို့ ရေမလာဘူး။ ခလုပ်ဖွင့်လို့ မီးမလင်းဘူး။ အကုန် ကိုယ့်ဘာသာ ဖန်တီးယူရတယ်။ အဲ့ဒါကြောင့် ရွာကလူဆိုတာ အလုပ်နဲ့လက်နဲ့ ပြတ်တာ မဟုတ်ဘူး။ ထင်းခွေ၊ ရေခပ်၊ ထမင်းချက်၊ နွားစာစင်း၊ နောက်ချေးကောက်၊ ဗိုင်းငင်၊ ဝါဖတ်၊ ယက္ကန်းခတ်၊ အဝတ်ဖွပ်၊ ပြောလို့တောင် မကုန်နိုင်ဘူး။ ကိုယ့်အဒေါ်တွေ အမတွေ မိုးလင်းမိုးချုပ် အလုပ်လုပ်နေတဲ့နောက်ကို ကလေးပီပီ တကောက်ကောက်လိုက်ပြီး စကားရောဖောရောနဲ့ ပွားတာ ပွားတာ။ သိချင်တာတွေ စပ်စပ်စုစု မေးတယ်။ စကားထာဝှက်တယ်။ ပုံပြောတယ်။ စကားပုံတွေ နားထောင်တယ်။ စားလို့ရသမျှ ဒေသစာ၊ ရာသီစာတွေ အကန်လျှောက်စားတယ်။ ကစားနည်းမျိုးစုံ အကုန်ဆော့တယ်။ ကိုယ်တို့ရွာတစ်ရွာလုံး ကိုယ်မရောက်တဲ့အိမ်ဆိုတာ မရှိဘူး။ ရွာကျောင်းဘုန်းကြီးကလည်း ကိုယ့်အဖွားရဲ့ မောင်အငယ်ဆုံး။ ပေတောရွာတရွာလုံး ကိုယ့်ကို မသိတဲ့သူ မရှိ။ လူကသာ သူငယ်တန်း၊ ကျမ်းပြုတော့ ပိဋကတ် ၃ ပုံ။ ကိုယ့်အဒေါ် ၃ ယောက်မှာ ၂ ယောက်က ကျောင်းဆရာမ။ သမင်ခြံကျောင်းကို သွားရင် စက်ဘီးနောက်က ထိုင်လိုက်ချင် လိုက်သွားတာ။

ကိုယ့်ရွာနီးချုပ်စပ် သွားစရာလာစရာဆိုလို့ သမင်ခြံသွားလည်မယ်။ အဲ့ဒီမှာ မင်းဇံ က မုန့်လုံးရေပေါ် တအားစားကောင်းလို့။ ကုန်းဇောင်းတက်မယ်။ အဲ့ဒီကတော့ မုန့်ပျစ်သလက် စားရမယ်။ ကျောင်းတော်ရာဘုရားသွားမယ်။ မုန့်ဩဇာ နဲ့ ဝက်မြေဥ စားရမှာ။ ကျောင်းတော်ရာရောက်ရင် အလှူခံပုံးထဲ အကြွေစေ့ထည့်ပြီး တိန်တောင်တိန်တောင် စက်ရုပ်ကလေးတွေ တစ်ပါတ်ပတ်တာ ကြည့်တယ်။ ကလေးဘဝကနေ လူကြီးဖြစ်ပြီး ပြန်ရောက်တဲ့ထိ အရုပ်သေတ္တာကလည်း ၃ ခုပဲ ရှိတာ။ ရွှေဥ ကျားချီတဲ့ဇာတ်ရယ်၊ စူဠပုဏ် မဟာပုဏ် စန္ဒကူးသစ်တွေ သင်္ဘောနဲ့သယ်လာတာ ဘီလူးတွေ နှောက်ယှက်တဲ့ ဘုရားသမိုင်းရယ်၊ အိုးစည်ဒိုးပတ်တွေနဲ့ ရှင်လောင်းလှည့်တဲ့ပြကွက်ရယ်။ တုတ်ထိုးအရုပ်ကလေးတွေက ဘယ်လှည့်ညာလှည့်လုပ်ပြီး တစ်ဘက်ကထွက် တစ်ဘက်ကိုပြန်ဝင်သွားရင် ပြီးပြီ။ လာတိုင်းလည်း ဒါပဲကြည့်တာ။ ဒါနဲ့လည်း မရိုးနိုင်ဘူး။ အဲ့ဒီရောက်ရင် အဲ့ဒါမကြည့်ရပဲ နေကိုမနေနိုင်။ လွန်ခဲ့တဲ့ ၉ နှစ်လောက်က ကျောင်းတော်ရာရောက်တော့ အဲ့ဒါလေးတွေ ရှိသေးတယ်ဗျား။ အကြွေမသုံးတော့လို့ အကြွေစေ့လေးတွေ ပိုက်ဆံနဲ့ ဝယ်ထည့်ရတယ်။ ငါတို့ရွာ နာရီတွေသာ လည်နေတာ။ ပြက္ခဒိန်တွေက မပြောင်းဘူးလား မသိ။

ကိုယ့်မိဘဘိုးဘွားတွေရဲ့ အိပ်မက်က အကြီးကြီး မဟုတ်ပါဘူး။ အလုပ်လုပ်ရင်း ပိုက်ဆံစုမယ်။ ပိုလျှံလို့ စုမိတဲ့အခါ ရွာမှာပြန်ပြီး အလှူလုပ်မယ်။ ဒီလောက်ပဲ။ ကိုယ့်အဖေ နဲ့ အမေက ဝါးဆစ်ဗူးကလေးကို အပေါက်ဖောက်ပြီး ကိုယ့်ကို ရှင်ပြုဖို့ ပိုက်ဆံစုတာ။ ကိုယ်ငါးတန်းဖြေပြီးတဲ့နှစ်မှ အဲ့ဒီစုဗူးကြီးခွဲပြီး ရွာမှာ အလှူလုပ်တယ်။ ဘုန်းကြီးကျောင်းထဲမှာ မဏ္ဍပ်ထိုးပြီး ဆိုင်းလည်း ငှားတယ်။ မကွေးက စိန်ဗိုလ်ဆင့်ဆိုင်း။ ၂၀၁၆ တုန်းကတော့ အမေ နဲ့ သူ့ညီအမတတွေ ရွာမှာ ကထိန်ခင်းကြတယ်။ အဲ့ဒီတစ်ခါ ရွာကိုနောက်ဆုံးရောက်ခဲ့တာပဲ။ ဘာမှတော့ အပြောင်းအလဲ မရှိပါဘူး။ ကလေးဘဝက ရောက်ခဲ့တဲ့အတိုင်းပဲ။ ဘက်ထရီအိုးလေးတွေ နဲ့ ကိုရီးယားကား ကြည့်လို့ရတယ်။ တရုတ်ဆိုင်ကယ်လေးတွေ အိမ်ပေါက်စေ့ ရှိလာတယ်။ ရွာမှာ လိုင်းကားထောင်ထားတာ တစ်အိမ်နှစ်အိမ် ရှိတယ်။ ရန်ကုန်သွားဖို့ လက်မှတ်ဖြတ်ထားရင် အိမ်အထိလာခေါ်တယ်။ အယ်လယ်။ ရွာက ကလေးတွေ မအကြတော့ဘူးဗျ။ တော်တော်များများ မလေးရှားမှာ ရောက်ကုန်ပြီ။ အကိုကြီးဖိုးချို ဆို လာ add ရင် ကိုယ့်ညီကိုတူသားတွေချည့်ပဲ။

ဆရာဝန်ဖြစ်ပြီးမှ ရွာကို မပြန်ဘူးလား ဆိုတော့ ပြန်ချင်တာပေါ့။ သူများရပ်ရွာမှာ တစ်ယောက်တည်းနေရရင် ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်း ရှိတဲ့နေရာကို ပြန်ချင်တယ်။ တစိမ်းတွေကို စိတ်ရှည်ရှည်နဲ့ ဆေးကုနေရရင် “ငါ့ဆွေမျိုးတွေကို ဒီလိုကုပေးနိုင်ရင် ကောင်းမှာကွာ။” ဆို မချင့်မရဲဖြစ်ရတယ်။ ကိုယ့်အဖွားက ရွာမှာ နေထိုင်မကောင်းဖြစ်တိုင်းလည်း အနားမှာ အတူနေပေးနိုင်ရင် ဘယ်လောက်ကောင်းမလဲ လို့ နောင်တရတယ်။ ဒါပေမယ့် ဆရာဝန်ဘဝနဲ့ အစိုးရအလုပ်ထဲမှာ ဘယ်သူ့ကိုမှ “ဘယ်နေရာလိုချင်ပါတယ်၊ ပို့ပေးပါ။” သွားမပြောတတ်တဲ့ ကိုယ့်သဘာဝကြောင့် ဒီအတိုင်းပဲ နေလာခဲ့တယ်။ ကိုယ့်ရွာကလူတွေ ရန်ကုန်မှာခေါ်ကုလည်း ရတာပဲ။ ကိုယ့်အဒေါ်ကို အစာအိမ်မှန်ပြောင်းကြည့်ပြီး ကင်ဆာဖြစ်ကာစတွေ့လို့ ခွဲပေးဖူးတယ်။ တောထဲကိုရောက်မှ သူ့ကင်ဆာက ပြန်ပွားလာတာကို ဘယ့်နှယ်မှ မတတ်နိုင်လို့ လက်လွှတ်လိုက်ရတယ်။ ၄-၅ နှစ်တော့ ခံလိုက်သားပဲ။ ရွာကအမျိုးတစ်ယောက်လည်း ဆေးရုံကြီးကိုခေါ်ပြီး ကုပေးဖူးပါတယ်။ မကယ်နိုင်ဘူး။ ဆုံးသွားတယ်။

ဒီဘက်အရပ်မှာ ဆေးရုံထောင်တဲ့အခါ ရွာမှာသာဆိုရင် ဘယ်လောက်ကောင်းမလဲ လို့ မကြာခဏ တွေးမိတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူး။ ရွာမှာ ကိုယ့်ကို အကာအကွယ်ပေးမယ့် လက်နက်ကိုင်အဖွဲ့အစည်း တခုမှ မရှိဘူး။ ကိုယ့်အမျိုးတွေက ကိုယ့်ကို တုန်နေအောင်ချစ်ပေမယ့်လည်း ဖွတ်မျိုးဖွတ်နွယ်တွေက အစိမ်းလိုက်ဝါးစားချင်လိမ့်မယ်။ ကိုယ့်အဖိုးလေးတစ်ယောက်ဆို ၈၈ တုန်းက တို့အရေးလေး လိုက်အော်မိတာနဲ့တင် လမ်းမှာ အပြန်စောင့်ပြီး ဓါးနဲ့လိုက်

ခုတ်တာ လက်သန်းပြတ်သွားတယ်။ ကိုယ့်အဒေါ် ကျောင်းဆရာမတစ်ယောက်လည်း CDM လုပ်နေရင်း အိမ်ခဏပြန်တာ သတင်းပေးတဲ့သူရှိလို့ ထောင်ကျသွားတယ်။ ကောင်းတာလုပ်ပေမယ့်လည်း မနာလိုမရှုစိမ့်တဲ့လူဆိုတာ ရှိတာပဲ။ ဒီအရပ်မှာတောင် လက်နက်ကိုင်နဲ့ သေချာအုပ်ထားလျက်နဲ့ အခုတော့ မသေမချင်း လိုက်လုပ်ကြံခံနေရပြီ မဟုတ်လား။ ဒီမှာက တောထဲဝင်ပြေးရင် ဖလွတ်ဆို ပျောက်သွားတာ။ အညာမှာက ကွင်းခေါင်ခေါင်ကြီး။

ဒါပေမယ့်လည်း ဒီနယ်မြေမှာ တကယ်တမ်း စစ်တိုက်နေကြတာ အညာသားတွေချည့်ပဲနော်။ ရေဦးက၊ တန့်ဆည်က၊ ကန့်ဘလူက၊ ရွှေဘိုက။ အညာသားတွေ တောခိုရင် ကချင်ပြည်နယ်မှာ စစ်သင်တန်းတက်ပြီးမှ အောက်ပြန်ဆင်းကြတာ။ သေရင်လည်း သူတို့ချည့်သေတယ်။ ဝင်ကတည်းက “နှောင်ကြိုးမှတပါး ဆုံးရှုံးစရာ မရှိ” ဆို ယတိပြတ်ဆုံးဖြတ်ပြီး ဝင်တာ။ ဘဝရှေ့ရေးအတွက် မျှော်တွေးတယ်ဆိုရင်တောင် ကိုယ့်အနာဂတ် မပါဘူး။ တိုင်းပြည်ရဲ့အနာဂတ်ကိုသာ စဉ်းစားတယ်။ ဒူဂျွန်၊ ဒူဝါ၊ ဒူကဘာ ဖြစ်ဖို့ စစ်တိုက်နေတာ မဟုတ်ဘူး။ ကိုယ့်စိတ်နဲ့အတူတူပဲ။ အညာသားချင်းမို့ နားလည်တယ်လေ။ ဘူးလက်တို့၊ မောင်မြင့်တို့လို အညာလေ အညာလွင့်တွေနဲ့တော့ လာမနှိုင်းနဲ့။ ဆဲတာထက်နာတယ်။ အလွမ်းလည်း အညာသား၊ ဘဂျမ်းလည်း အညာသား၊ အောင်ဒင်လည်း အညာသား။ ပြတ်သလားမမေးနဲ့။ ခြေတွေလက်တွေထက် စိတ်ကပိုပြတ်တယ်။

နောက်ဆုံးတော့လည်း ကိုယ့်ရှေ့ကလူနာကို ကိုယ့်ရပ်ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုးလို သဘောထားလိုက်တာပေါ့ကွယ်။ ဆရာဝန်တိုင်း ဆရာဝန်တိုင်း အဲ့လိုစိတ်ကလေးတွေသာ ထားနိုင်ရင် ကိုယ့်ရွာသားတွေလည်း သူတို့တွေ့တဲ့ ဆရာဝန် နဲ့ ဆွေလိုမျိုးလို အားကိုးလို့ ရနိုင်ပါလိမ့်မယ်။ မဖြစ်နိုင်ပေမယ့်လည်း အဲ့လိုပဲ ယုံကြည်ထားလိုက်ရအောင်။ ဒါထက် စကားမစပ် တို့ရွာကလည်း လေယာဉ်မှူးတွေ ထွက်ဖူးသကွဲ့။ ကိုယ်တို့ငယ်ငယ်တုန်းက အင်းစိန်မှာနေတဲ့ အံတီမမြမူရဲ့ အမျိုးသားက လေယာဉ်မှူး ဦးဇော်ဝင်း တဲ့။ သူ့ခမျာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားရှာတယ်။ ခုကာလ လေယာဉ်ပိုင်းလော့တွေ၊ လေတပ်ထဲကစစ်ဗိုလ်တွေနှယ် အညာမှာ အမျိုးလေးအဆွေလေးမှ မရှိကြဖူးဘူးလား မသိ။ ဆွေချင်းမျိုးချင်း၊ မြန်မာ မြန်မာချင်း၊ လူလူချင်းတွေပါကွယ်။ အညာက အမယ်ကြီးတစ်ယောက် ကောင်းကင်ကိုမော့ပြီး ရန်တွေ့နေတဲ့ ဗီဒီယို ကြည့်ဖူးသလား။ “တောသူတောင်သား မုဆိုးမ အမယ်ကြီးအိုအိမ်ပါတော်။ ငါ့အိမ်လေး မီးရှို့တော့ မင်းတို့ ဘာရသွားသလဲ ပြောစမ်း။ မင်းတို့အတွက် ဘာအမြတ်ထွက်သွားသလဲ ပြောစမ်း။” တဲ့။ စစ်သား နဲ့ အညာ ဆိုတာ မဟာရန်သူကြီးတွေ ဖြစ်ကုန်ကြမှပဲဟာ။ မင်းတို့လုပ်ရပ်အတွက် မင်းတို့မိဘဘိုးဘွားတွေ၊ မင်းတို့ကပေါက်ဖွားတဲ့ သားသမီးမြေးမြစ်တွေ ဂုဏ်ယူနိုင်ကြပါစေကွယ်။