ကိုယ်တို့ဆေးရုံကလေးဟာ လေယာဉ်ပျံတောင် ၄ ခါတိတိ ဗုံးလာကျဲပြီးပြီဆိုတော့ ဘယ်နားလေးမှာပါလိမ့် လို့ လျှို့ဝှက်ထားစရာ မလိုတော့ဘူး ထင်ပါတယ်။ အဲ့ဒီမှာလည်း ဆက်မှရှိမနေတော့တာ။ သတင်းထဲမှာလည်း ပါလာပြီးသားလေ။ “တုံပင်” လို့ ခေါ်တဲ့ ရွာကလေးအနီးမှာ ရှိပါတယ်။ ရွာထဲမှာတော့ မဟုတ်ဘူးပေါ့။ ရွာအပြင်က ရိုးလို့ခေါ်မလား၊ ခင်တန်းလို့ခေါ်မလား မသိတဲ့ ခြုံပုတ်တောတန်းကလေးထဲမှာ။ အဲ့ဒီနေရာက အရင်တုန်းက ရွာဟောင်းကလေးပါ။ စစ်ပွဲကြောင့် ရွာပျက်သွားလို့ အခုနေရာကို ရွှေ့လာကြတာ။ ကုန်းမို့မို့ကလေးက ညောင်ပင်အကြီးကြီးတွေဟာ အရင်တုန်းကရှိတဲ့ စေတီအဟောင်းကလေးတွေရဲ့ အုတ်ပုံတွေပဲ။ ကိုယ်တို့လာမနေခင်တုန်းက တဝင်းလုံးဟာ လူတစ်ရပ်လောက်မြင့်တဲ့ ဂျာမနီခြုံကြီးတွေ ဖုံးလို့နေတယ်။ ဆေးရုံတည်ကစက မြွေတွေမြွေတွေဆိုတာ ဝင်လိုက်ထွက်လိုက် တက်လိုက်ဆင်းလိုက်ပဲ။ ဒါပေမယ့် ခုချိန်ထိအောင် ဘယ်သူ့ကိုမှ မကိုက်ဖူးဘူး။ ကိုယ်တို့မလာခင်တုန်းက အဲ့ဒီအထဲမှာ လူသူမနေပါဘူး။ အိမ်အိုအိမ်ပျက်တွေ နည်းနည်းပါးပါးပဲ ရှိတယ်။ ဆယ်ဇင်းကနေ လူနာလာခေါ်ရင် လှေတတန် ထွန်စက်တတန်နဲ့ နေကုန်အောင် လာရတယ်။ တော်ရုံနဲ့ ဘယ်သူမှ အဝင်အထွက် မရှိတဲ့နေရာပေါ့။ ၆ လပိုင်းကနေ ၁၁ လပိုင်းလောက်ထိအောင်လည်း ကားတွေဆိုင်ကယ်တွေ ဝင်လို့ထွက်လို့မရတဲ့ အရပ်။ ဝေးလံခေါင်ဖျားလို့ လူသူတိတ်ဆိတ်လို့ ကိုယ်တို့အတွက် လုံခြုံခဲ့တာ။ အခုရက်ပိုင်းလပိုင်းမှာ ဆေးရုံက နေ့ရောညရော လူနာပြတ်တယ်လို့ကို မရှိတာကြောင့် ဆေးရုံအတွက် လုံခြုံရေးစိတ်မချရတော့ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ လူနာတွေက ဆရာဝန်တွေ ထမင်းစားချိန်တောင် ဆေးရုံမှာ ထိုင်မစောင့်ပဲ နောက်ကလိုက်ခေါ်တာ။ ဘုန်းကြီးကျောင်းမှာ၊ စာသင်ကျောင်းမှာ ပုန်းအိပ်နေရင်လည်း ညဉ့်နက်သန်းခေါင် တပြုံတမကြီး လိုက်ပြကြတာ။ စစ်ရှောင်စခန်းမှာ ဗိုက်နာရင်လည်း ဆရာဝန်ရှိတဲ့ဆီ သူ့ဘာသာ မလာပဲ ဆရာဝန်က ကိုယ့်ကားနဲ့ကိုယ် သွားခေါ်ပြီးမွေးပေးရတယ်။ ကိုယ်တို့ဆေးရုံမှာ ငှက်ဖျားလူနာ တစ်လတစ်လကို တစ်ထောင်၊ ထောင့်နှစ်ရာလောက် ရှိတယ်။ တီဘီဆေးလစဉ်လာယူနေတာ လေးငါးယောက်လောက် ရှိမယ်။ ကင်ဆာဆေးလစဉ်သွင်းပေးနေတဲ့ လူနာတွေလည်း ရှိတယ်။ အခု အဲ့ဒီလူနာတွေအားလုံး အကုန်ဒုက္ခရောက်ကုန်ပြီလေ။ မွေးလူနာ၊ ခွဲလူနာ၊ ဒဏ်ရာရလူနာတွေလည်း ဘယ်မှသွားစရာ မရှိတော့ဘူး။ Impact ကို သိအောင်ပြောပြတာပါ။ စစ်မြေပြင်မဟုတ်တဲ့၊ စစ်ပွဲမဖြစ်တဲ့နေရာက ဆေးရုံတစ်ရုံကို အသားလွတ်ကြီး လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တဲ့အခါ ဘာတွေဆက်ဖြစ်လာသလဲဆိုတာ ဦးနှောက်မရှိတဲ့သူတွေကတော့ ဘယ်သိမလဲ။
ဆေးရုံကို လေကြောင်းက ဗုံးကျဲမယ့်ကိစ္စကို အနှေး နဲ့ အမြန် လို့ တွက်ဆထားတာ အခုအတိုင်းဆို အနှေး လို့ ပြောရမှာပ။ ၄ နှစ်လောက် ကုလို့ရလိုက်တယ် မဟုတ်လား။ တန်ပါတယ်။ လူအထိအခိုက် အဖိတ်အစင် မရှိတာလည်း အရမ်းကိုကံကောင်းလွန်းလို့ပေါ့။ ၂၂၊ ၂၄၊ ၂၆ သုံးရက် လာကျဲတယ်။ ဒါတောင် ဘာမှမဖြစ်ကြဘူးဆိုတော့ အံ့ဩစရာကြီးနော်။ ပြည်သူအများက ပို့သသောမေတ္တာကြောင့် လို့ ပြောလို့ရသလို သူတော်ကောင်းမို့ နတ်ကောင်းနတ်မြတ်တွေ ကာကွယ်တာ လို့လည်း ပြောနိုင်ပါတယ်။ ဒီဘက်တွေမှာ ရွာတိုင်းရွာတိုင်း ရွာစောင့်နတ်ကို နတ်ကွန်းကလေးဆောက်ပြီး ကိုးကွယ်တဲ့ဓလေ့ရှိတယ်။ ဝါဝင် ဝါထွက်၊ အတာနှစ်ကူးမှာ ဗာလိနတ်စာကျွေးပြီး နတ်မေးလေ့လည်း ရှိကြတယ်။ ရွာကို ဗုံးကျဲမယ်မှန်း လူမပြောနဲ့။ နတ်ကတောင်သိတယ်။ “နင်တို့ရွာ ကောင်းကင်ကလာတဲ့ ဘေးရန်ရှိတယ်။ ရွာဦးဘက်တခြမ်းမှာ။” လို့ ဟောထားပြီးသား။ ရွာသားတွေကတော့ သူတို့ရိုးရာအတိုင်း မုန့်ဖြူမုန့်နီတွေ၊ ရောင်စုံမုန့်ကြွပ်ကြော်တွေ၊ ကြက်တွေဆက်ပြီး ပသထားကြတာပေါ့်။ ဒါပေမယ့် ဗုံးကျလို့ထိခိုက်တဲ့နေရာက အဲ့ဒီရွာဦးနတ်စင်မှာချည့်ပဲ ဖြစ်နေတယ်။ ဆေးရုံခေါင်းရင်းက ညောင်ပင်အကြီးကြီးက နတ်စင်အဟောင်း ရှိတဲ့နေရာ။ ဒူးခေါင်းထိတဲ့ကလေးက အဲ့ဒီအောက်မှာ ဒဏ်ရာရတာ။ ဒုတိယမြောက်ဗုံး ၂ လုံးက နတ်စင်ဘေးမှာကျပြီး တတိယမြောက်ဗုံး ၂ လုံးက နတ်စင်ပေါ်တည့်တည့်ကျသွားတယ်။ နတ်ဆရာက ဟောရင်တော့ “နင်တို့ရွာသားတွေ မထိအောင် ငါကာကွယ်ပေးလိုက်တာ” လို့ ဟောမလား မသိပါဘူး။ အဲ့လောက်ရွာသေးသေးကလေးကို ဗုံး ၆ လုံးကျတာ တစ်ယောက်မှ အထိအခိုက် မရှိဘူး။ မနှစ်တုန်းကလည်း ရွာလယ်ခေါင်ကို ၂ လုံးကျတယ်။ မကွဲဘူး။ ကျင်းတူးဝင်သွားတယ်။ ကချင်တွေက ဘုရားသခင်ကွယ်ကာတာလို့ပြောပြီး ရှမ်းတွေကတော့ နတ်ကြီးဝါကြီးများ စောင့်ရှောက်တာ လို့ ပြောကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့တတွေ အန္တရာယ်ကင်းပါတယ်။ အပျက်အစီး ကြီးကြီးမားမားလည်း မရှိပါဘူး။ ခဏတဖြုတ် နားနားနေနေ ရှောင်ပြီးရင် အချိန်မရွေး လုပ်ငန်းပြန်စလို့ ရနိုင်ပါတယ်။
ဆေးရုံကို လေယာဉ်လာရင် ကိုယ်တို့ ပြေးမယ့်ရှောင်မယ့်နေရာက ကြိုပြီးတော့ ပြင်ဆင်ထားပြီးသား။ ရွာနဲ့လည်းဝေးတယ်။ တောထဲမှာ၊ တောင်ခြေမှာ။ လေယာဉ်ပေါ်က မမြင်ရအောင် တောင်စောင်းကလေးနဲ့ကွယ်ပြီး သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းအောက်မှာ ဆောက်ထားတယ်။ ခွဲခန်းဆိုရင် ရှိနေမှန်းတောင် မသိရဘူး။ အပင်တွေ ခြုံတွေ မရှင်းပဲ အောက်ခြေကလေးတင် ရှင်းပြီးဆောက်ထားတာ။ စစ်ပွဲလူနာကလွဲရင် အပြင်လူနာတွေလည်း လက်ခံမကြည့်ဘူး။ သီးသန့်ထားတဲ့နေရာ။ ဒါတောင်မှ အဲ့ဒီနေရာကို ရန်သူက သိတယ်ဆိုတော့ ကိုယ်တို့အတွင်းမှာ လုံခြုံရေးစည်းပေါက်တဲ့သဘောပဲ။ ခွဲနေတဲ့အချိန်ပါ အတိအကျသိပြီး အချိန်ကိုက်ကလေးလာကျဲတာမို့ ကိုယ်တို့အဲ့ဒီမှာဆက်နေရင် မလုံခြုံတော့ဘူးလို့ သဘောပေါက်မိတယ်။ ဒီအရပ်က အညာမှာလို လွင်တီးခေါင် မဟုတ်ဘူးလေ။ ဘယ်ဘက်ကို ဝင်လိုက်ဝင်လိုက် တောထဲရောက်သွားတာ။ လုံအောင်ပုန်းနေသ၍ သူတို့ဘာမှလုပ်လို့မရဘူး။ ဒီမှာတစ်စခန်းသိမ်းရင် နောက်တနေရာမှာ တစ်စခန်း ထလို့ရတယ်။ ကိုယ်တို့မှာ လုံလောက်တဲ့အင်အားလည်း ရှိတယ်။ ကူညီမယ့်အသိုင်းအဝိုင်းလည်း ရှိတယ်။ မပူပါဘူး။ ဘယ်နေရာမှာ ပြန်စမလဲ ဆိုတာပဲ စဉ်းစားနေတာ။ အခုကတော့ vacation လို့ပဲ သဘောထားပါတယ်။ စားလိုက်၊ အိပ်လိုက်၊ စာရေးလိုက်ပေါ့။ ဆြာစိုးလေးက အလွမ်းစာ အရေးကောင်းတယ်ဆိုပြီး ဘုန်းကြီးပျံတွေတောင် ဧယျာဉ့်ကျူးဖို့ စရံလာသတ်နေပြီ။ ဒီကလည်း ဝီဆြာတော်၊ ဝါဆြာတော်မှ မဟုတ်ရင် ပွဲဦးကိုမထွက်သေးဘူးလို့ ငြင်းထားတယ်။ ကျားလေးစိန်တို့ ဒေလီမြင့်တို့နဲ့ ပွဲလုနေရမှာစိုးလို့။ သူငယ်ချင်းတွေကဆို “စိုးမင်းလေးရေ။ ခင်တယ်နော်။ ချစ်တယ်နော်။ အာဘွား အာဘွား။” ဆိုပြီး တန်းလစ်တာပဲ။ သူတို့ဘာကို ကြောက်နေကြပါလိမ့်။
ဆေးရုံစဖွင့်ကတည်းက ကိုယ်တို့အဖွဲ့မှာ တစ်ရက်ကလေးမှ အနားမရတာ ကြာပြီ။ ဘယ်ကိုမှလည်း မထွက်နိုင် မလည်နိုင်ဘူး။ နေ့ရှိသ၍ လူနာပြီး လူနာ၊ နှစ်တွေလည်း ကြာလှပြီ။ အခုချိန်တော့ လည်ရပတ်ရမှာပဲ။ စိတ်လည်းရှင်း ခေါင်းလည်းရှင်းချင်တယ်။ သဘာဝပတ်ဝန်းကျင်ကို သာသာယာယာလေး ခံစားပါရစေဦး။ နေရာများများရောက်တော့ စာရေးစရာလည်း များများရတာပ။ လမ်းမှာ အမှတ်တမဲ့တွေ့ရင်တော့ “ဗိုလ်စံဖဲ ပွဲကြည့်လာတာ မြင်။” ဆို လှမ်းမအော်နဲ့ဦးနော်။ မျက်စလေးလှမ်းပစ်ပြလိုက်ရင် ရပြီ။ ဒီတစ်ခါတော့ “မြေးဗိုလ်အောင်ဒင်” ဇာတ်ကား ဆက်ရိုက်ရမလား မသိပါဘူး။ ရောက်ကာစတုန်းက ကိုယ့်ကို ဘယ်သူမှ မသိပေမယ့် အခုကျတော့ ဘယ်သွားသွား၊ သိတဲ့သူနဲ့ချည့်ပဲတိုးနေတာ တော်တော်ခက်ပါတယ်။ စိုးဝင်းကြီး အပစ်ခံရတုန်းကတောင် တစ်လလောက် အစပျောက်သွားသေးတာ။ ဒီဆရာဝန်က တယ်လည်း အကြောမာပေသကိုး။ လေယာဉ်က မပြန်သေးဘူး။ သူက ဖလန်းဖလန်းထနေပြီ။ ချစ်ခင်အားပေးကြသော မိတ်ဆွေတွေတိုးပွားလာသလို အစိမ်းလိုက်ဝါးစားချင်သော ရန်သူများကလည်း မျက်စိစပါးမွှေးစူးလို့သာနေကြမယ်။ Low Profile လေး နေချင်သော်ငြားလည်း ခုမှတော့ မဖြစ်နိုင်တော့ဘူး။ ကိုယ့်ကို လာပါ လာပါ ခေါ်နေတဲ့သူတွေကတော့ အများကြီးပဲ။ ဖြေးဖြေးပေါ့။ အလုပ်ဆိုတာ စလိုက်မိရင် ဆက်တိုက်လုပ်နေရမှာ။ အလည်အပတ်လေး အရင်ထွက်ဦးမယ်။
ကိုယ်တို့မှာ သာယာနေသလောက် ကြင်စိုးတော့ ပျားတုပ်နေပုံရပါတယ်။ ထွက်ပြေးမလို့ လေယာဉ်ပျံဝယ်နေပြီ။ အိန္ဒိယနဲ့ ပါကစ္စတန် စစ်ဖြစ်ရင်လည်း တရုတ်ကြီးက ပါရဦးမှာ။ ဘင်္ဂါလီအမတ်ကလည်း ရိုဟင်ဂျာတွေအတွက် မြန်မာပြည်မြေပုံထဲကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းတာ တရုတ်ကိုတောင်းသတဲ့။ မအလ ကို ဗမာပြည် နင်မပိုင်တော့ဘူးလို့ စော်ကားလိုက်သလိုပဲ။ အေးလေ။ ပိုင်မှ မပိုင်တာ။ တရုတ်ဖဲ့ပေးလိုက်၊ ရုရှားဖဲ့ပေးလိုက်နဲ့။ သူ့လက်ထဲ နေပြည်တော်တောင် ယဲ့ယဲ့လေးကျန်တာ။ တတိယကမ္ဘာစစ်ဖြစ်လို့ သူ့ပါပါး တခြားဘက်လည်ထွက်သွားတာနဲ့ ဒင်းတော့ စမုံတုံးပြီသာမှတ်။ အာဏာသိမ်းတာပဲ ၄ နှစ်ကျော်နေပြီ။ သူ ဘယ်နှစ်ယောက်ကို နှိမ်နှင်းနိုင်သလဲ ပြောစမ်း။ ဆေးရုံတွေကို ဗုံးကျဲတာ နေရာတိုင်းမှာ သူတို့လုပ်နေကျ အကုသိုလ်ပဲ။ ဒါပေမယ့် သူဗုံးကျဲလိုက်လို့ အပြီးတိုင်ပိတ်သိမ်းသွားရတဲ့ဆေးရုံဆိုတာ ဘယ်မှာမှ မရှိဘူး။ အကုန်လုံး ပြန်လည်ထူထောင်ပြီး အလုပ်လုပ်နေကြတာပဲ။ ချင်းပြည်က အေငြိမ်းရဲ့ဆေးရုံဆို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါမှန်းတောင် မသိတော့ဘူး။ ဗုံးကျဲတာ သေတတ်မှန်းသိလည်း မသေအောင်နေပြီး အသစ်ပြန်စကြတာပေါ့။ ကရင်နီက မျိုးခန့်ကိုကိုတို့လည်း ဒီအတိုင်းပဲ။ စစ်ကိုင်းထဲမှာ ရှိတဲ့ ဆေးရုံများစွာလည်း ဗုံးကျဲလိုက်၊ ရွှေ့လိုက်၊ ပြန်ဆောက်လိုက်နဲ့ အလုပ်လုပ်နေကြတာ။ ကိုယ့်ဆေးရုံကို ဗုံးကျဲတာ မျှော်လင့်ထားပြီးသားမို့ မထူးဆန်းဘူး။ တစ်ခါမှ အကျဲမခံလိုက်ရဖူးဆိုရင်သာ မသင်္ကာစရာကောင်းနေတော့တာ။ မအလ ဟာ သူ့မအေ၊ သူ့နှမတောင် ချမ်းသာပေးတဲ့ မျိုးရိုးမဟုတ်ပဲနဲ့။ ဒီဆရာဝန်နဲ့မှ အလှကြည့်နေတာဆိုရင် တစ်ခုခုတော့ မှားနေပြီ။
တချိန်မဟုတ်တချိန် ဆေးရုံကို ဗုံးကျဲလာမယ်မှန်း သိတယ်။ ဗုံးကျဲရင် ဘာလုပ်ရမလဲလည်း ပြင်ထားတယ်။ အလကားနေရင်းတော့ ကိုယ်စုဆောင်းထားသမျှတွေ အလဟဿ အဆုံးရှုံး မခံနိုင်ဘူး။ သူ့ဆီက တန်ရာတန်ကြေး ရအောင်ပြန်ယူရမယ်။ ငွေရေးကြေးရေးအရ အနှုတ်ပြချင်ပြသွားပစေ။ တနည်းနည်းနဲ့ အမြတ်ထွက်သွားအောင် လုပ်ရမယ်။ ကိုယ့်ဆေးရုံပျက်စီးသွားတဲ့အပေါ် ဝမ်းသာအားရ လက်ခုပ်လက်ဝါးတီးနေတဲ့သူက ဘယ်လိုစိတ်နေစိတ်ထားမျိုးလဲဆိုတာ ပြောပြစရာ မလိုဘူး။ ထုံးတို့ပစ်ခဲ့တယ်။ လူတွေရဲ့စိတ်ထဲမှာ စကစရဲ့ စိတ်ဓါတ်နဲ့ သရုပ်မှန်ကို လက်ပူးလက်ကြပ် မြင်ရတွေ့ရအောင် သက်သေပြပေးခဲ့တယ်။ နိုင်ငံရပ်ခြားကလူတွေကိုလည်း မြန်မာပြည်မှာ အခုလိုအဖြစ်အပျက်မျိုးတွေ မရပ်မနားတွေ့ကြုံနေရတဲ့အကြောင်း ကိုယ်တွေ့ဖြစ်ရပ်အဖြစ် သတင်းစကားပါးတယ်။ ငလျင်ဘေးအတွက် သူတို့ကူညီကယ်ဆယ် လှူဒါန်းသမျှဟာ ဒုက္ခသည်တွေဆီ မရောက်ရုံမကဘူး။ ဆေးရုံဆေးခန်း၊ စာသင်ကျောင်းတွေပါ ဗုံးကျဲဖျက်ဆီးနိုင်ဖို့ လေယာဉ်ဆီဖိုး လက်နက်ဖိုးတွေ ဖြစ်လာတယ်ဆိုတာ သိသွားစေရမယ်။ စီးပွားရေးတွေပိတ်ဆို့ထားပြီးမှ စကစလက်ထဲ ဒေါ်လာတွေအလှူငွေထည့်တာ အဲ့ဒီကောင်တွေက မတို့မထိ အလှထိုင်ကြည့်နေမယ်လို့ ထင်နေတာလား။ ရွှေတိဂုံဘုရားကြီးကို မေးလေ။ တချို့က ဆေးရုံကို အခုလို ဆက်တိုက်ဗုံးကျဲတာ ကိုယ်က လိုင်းပေါ်မှာစာတွေပုံတွေတင်လို့ သတင်းပေါက်ကြားပြီး အငြှိုးခံရတာ လို့ ပြောတယ်။ သတင်းက ပေါက်ကြားပြီးသားမို့ ကျဲတာလေ။ အသံမပေးပဲ တိတ်တိတ်ကလေး ငြိမ်ခံစေချင်တာလား။ ဘတ်စကားပေါ် ထောက်လမ်းရေးနဲ့တိုးတုန်း ရှက်ရှက်နဲ့ ငြိမ်ငြိမ်လေးနေပေးခဲ့တယ် ဆိုသလိုဖြစ်နေပြီ။ ဒီကိစ္စက ကိုယ်အသံထုတ်ရမယ်။ အကျယ်ကြီးကို လူသိရှင်ကြားဖြစ်အောင် လုပ်ရမယ်။ ရှက်ရမယ့်သူက ကိုယ်မှ မဟုတ်တာ။ ဒီကောင်တွေ သောက်ကျင့် ကမ္ဘာကသိအောင်ကို ဖော်ထုတ်ပြရမှာ။ ရွှေသမင် ဘယ်တာကထွက်မှန်း မသိပေမယ့် ကိုယ့်တာကတော့ မဟုတ်ဘူး။ ကိုယ့်ဆီက ဖုန်းတွေ အင်တာနက်တွေ ပိတ်ထားပြီးသား။ လိုတဲ့အချိန်မှ ဖွင့်သုံးပြီး ပြန်ပိတ်တယ်။ နေရာရွှေ့သုံးတယ်။ စက်ပြောင်းသုံးတယ်။ ကိုယ်ရှိတဲ့နေရာကို သူတို့ သေသချာချာ မသိလို့ ရှိနိုင်တဲ့နေရာတွေကို မှန်းပြီး ဟိုတစ်လုံးသည်တစ်လုံးကျဲတာ။ ကိုယ့်တစ်ယောက်တည်း စုစုပေါင်း ဗုံး ၈ လုံးကုန်တယ်။ မထိမယ့်သာမထိတာ။ နတ်စင်ကမှ ၄ လုံးမှန်လိုက်သေးတယ်။ နတ်မင်းကြီးကိုယ်တိုင်က “ပစ်လိုက်စမ်းပါ။ ထပ်ပြီးပစ်လိုက်စမ်းပါ။ အေး ပျော်လိုက်တာ ကိုကြီးရယ်။” ဆို ရှေ့ကနေ ဝင်ကာပေးသလား မှတ်ရတယ်။
တချို့လူတွေကတော့ ကိုယ့်အတွက် စိတ်ပူလို့ “တော်လောက်ပြီ ထင်တယ်” ဆိုပြီး အတန်တန်တားကြတယ်။ “နိုင်ငံခြားထွက်ပြီး အဝေးကပဲ ထောက်ပို့လုပ်ပါတော့။” တဲ့။ သူတို့က ကိုယ့်ကို ဗိုလ်ချုပ်ကျော်ဇောလိုလည်း တရုတ်ပြည်မှာ အိုမသေစေချင်ဘူး။ စာရေးဆရာနိုင်ဝင်းဆွေလိုလည်း တောထဲမှာ အသက်မကုန်စေချင်ဘူး။ စိုင်းဆိုင်မောဝ်လို အလင်းပြန်ဝင်ချင်ဝင်၊ ဒါမှမဟုတ်လည်း နေးရှင်းဦးလောရုံကြီးလို နိုင်ငံခြားမှာ အခြေချပေါ့။ အကြံတွေပေးတာပေးတာ ဆိုတာလေ။ ဘယ်ဟာမှ အပ်တူဒိတ်မဖြစ်ဘူး။ အမှန်ကတော့ သူတို့က ကိုယ့်အတွက် စေတနာနဲ့ ပြောတာပါ။ ဒါပေသိ သူတို့စိတ်ထဲမှာ တော်လှန်ရေးက အရင်တုန်းကလိုပဲ အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ ရှုံးစိတ်တွေ အတိုင်းသားတွေ့နေရတယ်။ ခုချိန်မှာ တရုတ်ဩဇာအာဏာနဲ့ ငြိမ်းချမ်းရေးယူပြီး နေပြည်တော် သီးခြားအုပ်ချုပ်ခွင့်ဒေသတောင်းရမှာ မင်းအောင်လှိုင်တို့တသိုက်ပဲ ရှိတယ်။ အနေအထားမြွေဖားလေး ပြန်လေ့လာပါဦး။ ရာဇဝင်ထဲမှာ မောင့်ကို မထားရစ်ခဲ့ပါနဲ့။ ဘယ့်နှယ် ကလေးတွေတောင် နောက်ကြောင်းပြန်မလှည့်ဘူး။ ကိုယ်လို အိုကြီးအိုမက ဘာလှည့်ပြေးစရာ ရှိသလဲ။ နိုင်နေပြီဥစ္စာ။ လေယာဉ်နဲ့ဗုံးကျဲတာကလွဲလို့ မြေပြင်မှာ ခြေတစ်လှမ်းတောင် ရှေ့မတက်နိုင်ဘူး။ ဆုတ်ခွာထွက်ပြေး၊ လက်နက်ချနေရတဲ့ကောင်တွေ။
“ရွှေမန်ကျည်းရယ် ခုနစ်စဉ်၊ ယဉ်ပါလေစ ရပ်ကယ်က” ဆိုတာကို ပြန်ကောက်ရရင် အဲ့ဒါ လုံမလေးတို့ နေရပ်ဌာနီကိုပြောတာ။ သစ်ပင်တောတန်း နဲ့ စိမ်းလန်းစိုပြေနေတဲ့အရပ်။ နွယ်ဒါန်းသစ်ပင်တွေ ခိုကာစီးရင်း ရွှေမန်ကျည်းစေ့တွေနဲ့ ဇယ်တောက်တမ်းကစားလေ့ရှိတဲ့နေရာ။ လုံမလေးတို့ နှစ်သက်ကြည်ဖြူရင် “ယူသွားလိုက်တော့” ဆိုပြီး ရွှေမန်ကျည်းတောင့်တွေပေးလိုက်ကြတဲ့ဒေသ။ အခုတော့ လူတွေရဲ့လောဘကြောင့် သိုက်တူးသမားတွေ မြေလှန်ရွှေရှာနေကြတဲ့အချိန်အခါ။ ဒီအချိန် ဒီနေရာကို ကိုယ်တို့ရောက်လာတယ်။ “ရွှေရှာတာ မဟုတ်ဘူး။ ငွေရှာတာ မဟုတ်ဘူး။ အချိုရှာတာပါ ကိုကိုရယ်”ဆိုပြီး ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ပဲ ကိုယ့်တိုင်းပြည်လွတ်မြောက်မှုအတွက် သမားဇာနည် တောကိုမှီလာခဲ့တာပါ။ ကိုယ်ဘာတွေလုပ်ခဲ့သလဲဆိုတာ ကိုယ့်လူနာတွေ အသိဆုံးပဲ။ ဒီလူနာတွေကတော့ ကိုယ့်အပေါ်သစ္စာဖောက်ပြီး ချောက်ချမှာ မဟုတ်ဘူးလို့ လေးလေးနက်နက် ယုံကြည်တယ်။ ကိုယ်ဟာ ကိုယ့်ရဲ့ professional ethics အပေါ်ကိုလည်း သစ္စာမဖောက်ဘူး။ တိုင်းပြည်အပေါ်လည်း သစ္စာမဖောက်ဘူး။ ပြည်သူအပေါ်လည်း သစ္စာမဖောက်ဘူး။ ကိုယ်ထိန်းသိမ်းထားခဲ့တဲ့သစ္စာတရားကြောင့် ဘယ်သူကမှ သတ်ဖြတ်လုပ်ကြံလို့ ဘေးရန်မရှိခဲ့ဘူး။ အဲ့ဒါ လက်တွေ့သက်သေပြခဲ့ပြီးပြီ။ သူတို့ဟာ ကိုယ်ကြိုးစားထားသမျှ စိစိညက်ညက်ကျေအောင် ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီ ဆိုပြီး ဝမ်းသာအယ်လဲဖြစ်ချင်လည်းဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဆီမှာ တစ်လုံးဖျက်ရင် နှစ်လုံးပေါ်လာတဲ့ ဘိုးဘိုးအောင်ရဲ့ ဝလုံးကလေးများလို ဆပွားတိုးတက်လာတယ်ဆိုတဲ့အကြောင်း မကြာခင်မှာ လက်တွေ့ပြပါ့မယ်။ ဆေးရုံပုံလေးပြပြီး ခွက်ခေါက်တယ် ထင်မှာစိုးလို့ ဘယ်သူ့အလှူငွေကိုမှလည်း လက်မခံပါဘူး။ နဂိုကတည်းက လေကြောင်းအာမခံ ဖယ်ထုတ်ထားတာ ရှိပါတယ်။ ကိုယ်လိုချင်တာက ဒီကောင်တွေကို ဆန့်ကျင်တဲ့စိတ်ဓါတ်၊ အညံ့မခံတဲ့စိတ်ဓါတ်၊ အဆုံးထိဆက်တိုက်မယ် ဆိုတဲ့ ဇွဲနဘဲ နဲ့ ငါတို့တွေ နိုင်ကိုနိုင်ရမယ် ဆိုတဲ့ အောင်စိတ်၊ အားမာန်ကိုပဲ လိုချင်ပါတယ်။ ချန်ဂင်တစ်စခန်းပျက်ရင် နောက်ထပ် ချန်ဂင်ပေါင်းများစွာ ထပ်ပေါ်လာနိုင်အောင် လူတိုင်းကို ချန်ဂင်စိတ်ဓါတ်မွေးပေးနေတယ်ဆိုတာ ယုံလိုက်နော်။
“ဖိုးမောင်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်သည်
မှိုင်းညိုညဉ့်ရိပ် လူခြေတိတ်၍
ရေဆိပ်တံခါး ရွာအနားမှ
ဂုတ်ကျားကျယ်လောင် ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။”