ချန်ဂင်တို့စခန်း (၃၃၈)

ဇာတ်လမ်းတွဲတွေ အရမ်းရှည်လာတဲ့အခါ ဘယ်လောက်ပဲ စိတ်ဝင်စားစရာကောင်းကောင်း “နင်တို့ဟာက ပြီးကို မပြီးနိုင်တော့ပါလား။” ဆို ဆက်မကြည့်ချင်တော့ပဲ ငြီးငွေ့သွားတတ်တယ်။ ချန်ဂင်လည်း အပိုင်း ၃၀၀ ကျော်လာတော့ သိပ်စိတ်မပါတော့တာလည်း ဖြစ်တတ်ပါတယ်။ တစ်ပိုင်းချင်းရေးနေလို့သာ ဖတ်ကြည့်နေတာ။ လုံးချင်းစာအုပ်ထုတ်ရင် ဝယ်ဖတ်ကြပါ့မလား မသိဘူး။ စာအုပ်ထုတ်ဖို့ ကမ်းလှမ်းလာတဲ့သူတွေ ရှိပေမယ့်လည်း ကိုယ့်ဟာကိုယ်တောင် ဘယ်တော့ဘယ်လို ဇာတ်သိမ်းမှန်း မသိတဲ့ဟာ။ တန်းလန်းကြီး ရပ်သွားမှာစိုးလို့ မထုတ်ဖြစ်ခဲ့ဘူး။ ဇာတ်သိမ်းခန်း ဆိုတာ ဇာတ်လိုက်က game over သွားတာလည်း ဖြစ်နိုင်သလို အောင်စည်အောင်မောင်းတီးပြီး ပြည်တော်ဝင်တာလည်း ဖြစ်နိုင်တာပေါ့။ သို့သော်လည်း ကံကြမ္မာဆိုတာက ကိုယ်ထင်သလို ဖြစ်ချင်မှ ဖြစ်တာဆိုတော့ ကိုယ်တို့ရဲ့ “ချန်ဂင်တို့စခန်း” ဇာတ်သိမ်းပိုင်းကလေးကို မထင်မှတ်တဲ့ အချိုးအကွေ့နဲ့ ဇာတ်သိမ်းရပါတော့မယ်။

ဆေးရုံကို ဗုံးလာကျဲလို့ အပျက်အစီး အထိအခိုက်တွေများနေတုန်းမှာပဲ လူနာတွေက မကြောက်မလန့် ထပ်လာနေကြတုန်းပဲ။ တီဘီဆေးလာထုတ်တဲ့သူတွေ၊ ကင်ဆာဆေး လာသွင်းတဲ့သူတွေ၊ မိုင်းနင်းမိလို့ ခြေထောက်ပြတ်သွားတဲ့သူတွေ။ စစ်ပွဲဒဏ်ရာလူနာကို ဘယ်သူမဆိုလက်ခံတယ်ဆိုပေမယ့် တာမခန်နားမှာ ဒဏ်ရာရတဲ့လူနာက တာမခန်မှာ ဆရာဝန်တွေရှိတဲ့ဆီမသွားပဲ ကိုယ့်ဆေးရုံကို အကြောင်းမကြား ဘာမကြား ဆပ်ပရိုက်လာတိုက်တာတော့ စိတ်ဆိုးတာပေါ့။ မနေ့က ဗုံးမှန်ထားတဲ့လူနာတွေတောင် ခွဲလို့ မကုန်သေးပဲ သူ့ကို ခြေထောက်ဖြတ်ပေးဖို့က ဒီနေ့တော့ မမီနိုင်ဘူး။ တာမခန်ပြန်သွားပါဆိုတော့လည်း “လူနာကို သနားပါဦး။” ဆိုတော့ ခက်တယ်။ ဒီလိုနဲ့ ပြေးရင်းလွှားရင်း တောဆေးရုံလေးမှာ OT list က ၂ ရက်စာလောက် ရှိနေတယ်။ မိုးညှင်းက အရိုးလူနာဟောင်းတစ်ယောက်ကလည်း စတီးချောင်းထည့်ထားတာ အဆင်မပြေလို့ ဆရာအော်သိုရောက်တုန်း လာပြပါရစေတဲ့။ လူနာအားလုံးကလည်း အော်သိုလူနာတွေဆိုတော့ ကိုယ်တို့က မေ့ဆေးပေး၊ Spinal ထိုး၊ သူ့ပစ္စည်းတွေ ပြန်ပေါင်းပေး နဲ့ မနက်စောစောကတည်းက ပြင်ရဆင်ရတယ်။ တင်ပဆုံကျိုးတဲ့ လူနာက ဒဏ်ရာရတာ ၂၄ နာရီ ကျော်သွားတော့ အနံ့အသက်က မကောင်းတော့ဘူး။ သူ့ကို ပယ်ပယ်နယ်နယ် ဆေးကြောသန့်ရှင်းပြီးတော့ ပင်ထည့်မလို့ လုပ်နေတုန်းမှာ အုန်းကနဲမြည်၊ ခွဲခန်းက ပွင့်ထွက်သွားပြီး ထုတ်တန်းတွေ ပြုတ်ကျလာပါလေရော။

“ဒီကောင်တွေ လုပ်လာပြန်ပြီကွာ။” ဆို ခွဲခန်းရှေ့ကို လှမ်းကြည့်လိုက်တော့ ဖုန်လုံးကြီးတထောင်းထောင်းထပြီး ဘာကိုမှ မမြင်ရဘူး။ အဲ့ဒီရှေ့မှာ မီးစက်မောင်းပေးနေတာ ကိုမြတ်နဲ့ နာဂ PDF လေး ၂ ယောက် ရှိတယ်။ ဒါပေမယ့် သူတို့က အဲ့ချိန် ခွဲခန်းဘေးမှာ ရေသွားတင်နေလို့ လွတ်သွားတယ်။ လေယာဉ်က ခေါင်းပေါ်မှာ ဝဲနေတုန်းပဲ။ ဘေးပတ်ဝန်းကျင် ဟိုဟိုသည်သည်လည်း လျှောက်ပစ်နေတယ်။ အဲ့ဒီဘက်မှာ လူနာဆောင်တွေလည်း ရှိတယ်လေ။ မနေ့ကခွဲထားတဲ့ကလေးလည်း ခြေထောက်မှာ တိုင်တွေတန်းတွေ စိုက်ထားတယ်။ ထပြေးနိုင်မှာ မဟုတ်။ နံမည်တွေ တကြော်ကြော်အော်ခေါ်လည်း ဘယ်သူကမှ ပြန်မထူးဘူး။ ကိုယ်တောင်မှ ကိုယ့်ရှေ့ကို ဘာမှ မမြင်ရတာ။ လေယာဉ်ပေါ်ကလူလည်း ကိုယ့်ကိုမြင်ရမယ် မထင်ပါဘူး။ ခွဲပြီးသားလူနာတွေကို လူနာစောင့်​တွေက ကျင်းထဲဆွဲချသွားတာ တွေ့လိုက်တယ်။ ခွဲခန်းထဲကလူတွေ အထိအခိုက် မရှိမှန်းတော့ ဗုံးကွဲတဲ့ အချိန်မှာကတည်းက စလိုးမိုးရှင်းနဲ့ ပြသလို မြင်ခဲ့ရလို့ သိပြီးပြီ။ ကိုယ်တိုင်ကတော့ ခါးစပ်ဆီမှာ ပူကနဲဖြစ်သွားပြီး ပွန်းရာရှရာလေးပဲ ထိတယ်။ ခွဲခန်းဘက်မှာ ဗုံးခိုကျင်းက မရှိဘူး။ ဝါးရုံတောကြီးပဲ ရှိတယ်။ အဲ့ဒီဝါးရုံတောအောက်က ချိုင့်ထဲမှာ အားလုံးစုပြီး ဝပ်နေကြတယ်။ လူများများစုနေရင် လေယာဉ်ပေါ်က thermal sensor နဲ့ လှမ်းပစ်နေဦးမယ် ဆိုပြီး တခြားနေရာကို ထွက်လာခဲ့တယ်။ ခွဲလူနာရဲ့မိန်းမကတော့ သူ့ယောက်ကျားကို ပစ်ထားခဲ့ပြီထင်လို့ စိတ်ပူနေတယ်။ “ဘာမှ မပူနဲ့။ သူ ဘာမှ မသိဘူး။ အိပ်ပျော်နေမှာ။” လို့ ပြောပြထားတယ်။ ဒီတစ်ခါမှာလည်း ကိုယ်တို့က relaxant မထိုးဘူးလေ။ spontaneous နဲ့ပဲ သွားထားတာ။ လေယာဉ်ပြန်သွားတော့မှ သူ့ကို ဝါးရုံတောကျင်းထဲခေါ်ပြီး tube out ပေး ပတ်တီးစည်းပေးရတယ်။ ဒီလူနာဟာ နနွင်းကုန်းမှာ ဗုံးမှန်လို့ ကိုယ်တို့ဆေးရုံကိုရောက်လာတယ်။ ဆေးရုံကို ဗုံးကျဲတော့ တောထဲကဆေးရုံကို သယ်လာရတယ်။ အခု တောထဲကဆေးရုံမှာ ခွဲခန်းဝင်နေတုန်း ထပ်အကျဲခံရပြန်ပြီ။ ကံထူးလွန်းသူကြီးပါလား။

ဒီနေရာကို သူတို့သိတာ ရုရှားဆီက ဂြိုလ်တုထောက်လှမ်းရေးစံနစ်တွေ ရလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဆြာစိုးလေးကိုတော့ လိုက်လုပ်ကြံတာ သေချာသွားပြီ။ အရင်ဆုံး လုပ်တဲ့အလုပ်က လူနာတွေ ဘေးလွတ်ရာ ပို့မှဖြစ်မယ်။”Stay away from Saya Soe. Saya Soe is danger.” နော်။ လူနာတွေပို့ပြီးရင် ကိုယ်တို့လည်း ရွှေ့ကြတယ်။ ခွဲခန်းဝတ်စုံကြီးနဲ့ တောထဲမှာ လျှောက်သွားနေတာ ဖုန်အလိမ်းလိမ်း၊ ကြပ်ခိုးတွေပါစွဲလို့။ စမ်းချောင်းထဲ ရေချိုးလိုက်မှပဲ နေသာထိုင်သာ ရှိသွားတယ်။ ကိုယ်တို့ဆေးရုံ ဗုံးမှန်မှန်းသိလို့ ချက်ပြုတ် ကျော်လှော်ပြီး လာပို့တဲ့ အံတီကြီးကတော့ ခွဲခန်းရှေ့ ငုတ်တုတ်ထိုင်စောင့်နေတာ။ ဗုံးလဲကျရော လန့်ပြီးပြန်ပြေးသွားတာ အိမ်ပြန်ရောက်မှ ပေါင်မှာ အပေါက်တစ်ပေါက် တွေ့ပါတယ်တဲ့။ အဲ့ဒီနေ့ကတော့ သူယူလာတဲ့ ကြက်ကြော်တွေ၊ ဗာလချောင်ကြော်တွေနဲ့ပဲ ဆွဲပလိုက်တယ်။ ညနေကျတော့လည်း မချေဆိုင်က တစ်အိုးကြီးချက်ပို့တာ။ စားရေးသောက်ရေးကတော့ မပူရဘူး။ လုံခြုံရေးပဲ စိတ်ပူရတာ။ ကိုယ့်ဆီလာရင်း ဒဏ်ရာရသွားတဲ့ လူနာကိုတော့ကိုယ့်ဆီက ဆရာမ ၂ ယောက်လွှတ်ပြီး ဆေးလိုက်ထည့်ပေးလိုက်တယ်။ ဒီရွာမှာ မဟုတ်ဘူး။ အဝေးကြီးက။ ဟိုမှာ ညအိပ်ပြီးမှ ပြန်လာကြရတာ။

လူနာတွေ ကိစ္စ ရှင်းပြီးတဲ့အခါမှာတော့ ပွစာကျဲသွားတဲ့ ဆေးရုံကပစ္စည်းတွေကို ပြန်သိမ်းရတယ်။ ခွဲတဲ့ပစ္စည်းတွေက ထရော်လီပေါ်မှာ တန်းလန်းကြီး။ Suction ပုလင်းကြီးကလည်း သွေးတွေပြည့်လို့။ လူနာကို သွေးသွင်းထားတဲ့ အထုပ်ကြီးကလည်း ကြမ်းပြင်ပေါ်မှာ ပွင့်ထွက်လို့။ အဲ့ဒါတွေအကုန်လုံး ချောင်းထဲသယ်သွားပြီး လျှော်ဖွပ်သန့်စင် သိမ်းထုတ်ရတယ်။လူနာတွေ ဦးစားပေးထားလို့ ဆေးရုံအဟောင်းက ပစ္စည်းတွေတောင် မသိမ်းရသေး။ လေယာဉ်က ကိုယ်တို့ခွဲခန်းကိုတင် မဟုတ်ဘူး။ ဆေးရုံအဟောင်းဘက်မှာလည်း ၂ လုံးထပ်ချသွားတယ်။ အတွဲလိုက်လည်း ပစ်သွားတယ်။ ဆိုလိုတာက ဘယ်ဘက်မှာပဲ ရှိနေနေ။ “သေစမ်းကွာ” ဆို ဆော်တာ။ Nice try. But you missed. ဒီကောင့်ဘက်က ရွှေ့ပြီးတဲ့အခါမှာ ကိုယ့်ဘက်က အကွက်ပြန်ရွှေ့ရဦးမှာပေါ့။ game over သွားတာ ကိုယ်မှ မဟုတ်ပဲဟာ။

ဒီဆေးရုံကို ဒီနေရာမှာဆောက်ပြီး အထိုင်ချမယ် လို့ စိတ်ကူးခဲ့ကတည်းက ကိုယ့်ဘက်က ပထမဦးစားပေး ထိပ်ဆုံးက စဉ်းစားရတာ ဘေးကင်းလုံခြုံရေးသာဖြစ်ပါတယ်။ ဆေးရုံတည််နေရာကို ပေါက်ကြားလို့ မဖြစ်တဲ့အတွက် “လှထုံတို့ရွာ” “ချန်ဂင်တို့စခန်း” ဆိုပြီး အမည်ဝှက်တွေ ပေးထားခဲ့ရတာ။ ဒါပေမယ့်လည်း အနေကြာလို့ သတင်းမွှေးလာရင် ဘယ်လိုမှ ဖုံးဖိထားလို့ မရနိုင်တဲ့ကိစ္စမို့လို့ အဲ့ဒီအချိန်ရောက်ရင် ကိုယ့်ဆေးရုံက လွတ်မြောက်နယ်မြေထဲမှာ ရောက်နေဖို့ လိုလိမ့်မယ် လို့ ခန့်မှန်းထားပါတယ်။ ဆေးရုံဖွင့်ထားတဲ့အတောအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၄ ခါ လာဖူးတယ်။ ပထမတစ်ခါတုန်းကတော့ နေရာမှားကျဲလို့ လွတ်သွားတယ်။ မနှစ်က လာတာကတော့ တစ်လုံးကမအောင်ဘူး။ တစ်လုံးက လူမရှိတဲ့အိပ်ဆောင်ပေါ် ကျသွားတာ။ အခုကတော့ တစ်ရက်ပဲခြားပြီး ခွဲခန်းကိုချည့်လိုက်ကျဲတာ။ လူဘာမှမဖြစ်ဘူး။ ဒါပေမယ့် ဘာဆက်လုပ်မလဲ စဉ်းစားရပြီ။ ဒီနေရာမှာ ဆေးရုံထပ်ဖွင့်ရင်တော့ နောက်တစ်ခေါက်လာပြီး ဗုံးကျဲဦးမှာပဲ။ အဲ့ဒါကြောင့် ချန်ဂင်တို့စခန်းကို ဒီနေရာမှာပဲ ဇာတ်သိမ်းခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။ လူသေသွားတာ၊ အဖမ်းအဆီးခံရတာ မဟုတ်တဲ့အတွက် တော်လှန်ရေးကြီးကတော့ မပြီးသေးဘူးလေ။ ဆက်တိုက်မှာ။ ဒါပေမယ့် ချန်ဂင်ကိုတော့ပြည်ဖုံးကားချခဲ့မယ်။ This is finale.

ဒီလေးနှစ်ကာလအတွင်း ဒီဒေသမှာ လာနေလျက်က ကိုယ့်အတွက် ရွှေမကျင်ဘူး။ ကျောက်မတူးဘူး။ အလှူငွေတွေနဲ့ ဘရန်းတွေဝယ်ပြီး နိုင်ငံခြားမသွားဘူး။ အရာအားလုံး ဒီဆေးရုံမှာပဲ ရင်းနှီးမြှုပ်နှံထားတာ။ အဲ့ဒါကြောင့် ကိုယ့်​ဆေးရုံက တိုးပွါးချင်တိုင်း တိုးပွါးလာတာ ဆေးရုံ ၂ ရုံစာအတွက် ဆေးဝါး၊ ပစ္စည်းကိရိယာ ၂ စုံစာ ရှိတယ်။ လူ ၁၀၀ ကျော် သင်တန်း ပေးနိုင်လောက်တဲ့ သင်ထောက်ကူပစ္စည်းတွေ အစုံအလင် ရှိတယ်။ ၂၄ နာရီ အဆက်မပြတ် ဆက်တိုက် ခွဲစိတ်လို့ရတဲ့ ခွဲစိတ်ခန်းအပြင်အဆင်နဲ့ လိုအပ်တဲ့ပစ္စည်းပစ္စယအားလုံးစုံတယ်။ ၃ နှစ် နဲ့ ၄ လအတွင်းမှာ လူနာ ၈၀၀ လောက် ခွဲစိတ်ကုသပေးပြီးပြီ။ အခုနောက်ဆုံး ဗုံးကွဲသွားတဲ့အချိန်မှာ အဲ့ဒီမေ့ဆေးစက်က အယောက် ၁၀၀ မြောက် လူနာကို GA ပေးနေတာ။ ကိုယ်ခွဲခဲ့တဲ့လူနာတွေကလည်း Facebook ပေါ်မှာ စာတွေ အများကြီး ရေးထားပါတယ်။ hernia, hydrocele, appendix လောက်နဲ့ လူစွာကြီးလုပ်ပြီး ဂုဏ်ဖော်နေတာ မဟုတ်ပါဘူး။ ကိုယ်တို့ဆေးရုံက service ပေးတဲ့ coverage area ကလည်း အကျယ်ကြီးပါ။ ဖားကန့်၊ တာမခန်၊ ဆယ်ဇင်းကနေ အင်းတော်ကြီး ပတ်ပတ်လည်၊ သံလမ်းရိုး ဟိုပင်၊ မိုးညှင်းက လူတွေအထိ လာကုကြခွဲကြတဲ့ဆေးရုံပါ။ ကဲ အခု ကိုယ့်ဆေးရုံ ပိတ်သွားပြီ ဆိုတော့ ဒေသခံတွေအတွက် စိတ်မကောင်းပါဘူး။ ဒီရွာမှာ ဒီလိုဆေးရုံကလေး ရှိခဲ့တယ်။ အခု စကစ က ဗုံးတွေ မရပ်မနား လိုက်ကျဲတာကြောင့် ပိတ်လိုက်ရပြီ။ တကယ်လို့များ အဲ့လိုဗုံးလိုက်ကျဲနိုင်တာ ဒလန်ကြောင့်သာ ဖြစ်ခဲ့မယ် ဆိုရင်၊ ရန်သူဘက်က သတင်းထောက်လှမ်းတာကို မတားဆီးပေးနိုင်ခဲ့တာဆိုရင် အကျိုးဆက်ဟာ ဘာတွေဖြစ်သွားသလဲဆိုတာ သူတို့ကိုယ်တိုင် ရင်ဆိုင်ရပါလိမ့်မယ်။ ကိုယ့်အတွက်တော့ ဘာမှထိခိုက် မသွားဘူးဆိုတာ မျက်မြင်ကိုယ်တွေ့ပဲလေ။ ကိုယ့်ကိုသတ်ချင်တယ်ဆိုတိုင်း လေယာဉ်နဲ့ တကောက်ကောက်လိုက်ပြီး အကြိမ်ကြိမ်ဗုံးကျဲတာတောင် မအောင်မြင်ဘူးနော်။ ဒီဆရာဝန် ဘာဖြစ်သွားမလဲ စောင့်ကြည့်ဦးမယ် ဆိုတဲ့သူတွေကိုလည်း “ချန်ဂင်ကလေးက ဘာမှ မဖြစ်ပါဘူး။” လို့ မြင်အောင်ပြပေးလိုက်ပါတယ်။

လူဆိုတာ ဘာအလုပ်ပဲလုပ်လုပ် ချစ်တဲ့သူလည်း ရှိမှာပဲ။ မုန်းတဲ့သူလည်း ရှိမှာပဲ။ ဘယ်လောက်ပဲ ကောင်းတာတွေလုပ်လုပ် စစ်ဗိုလ်စစ်သားများနဲ့ သူတို့အသိုင်းအဝိုင်း ဘောမများကတော့ ချန်ဂင်မသေလို့ ဆွေ့ဆွေ့ကို ခုန်နေမှာ သိပါတယ်။ အဲ့ဒီအထဲမှာ ဆရာဝန်တချို့ ပါနေတာကတော့ အံ့ဩစရာကြီး။ ကမ္ဘာတလွှားကျော်ကြားခဲ့ဖူးသော သမားဟူးရားကြီးများကနေ အစပြုလို့ အခုလေးတင် ဆရာဝန်ဖြစ်သွားသော ဆရာဝန်သစ်လွင်ကလေးတွေအထိ ချန်ဂင်ကြောင့် ဒုက္ခရောက်သွားရတဲ့၊ နစ်နာဆုံးရှုံးသွားရတဲ့သူ တစ်ယောက်မှ မရှိဖူးပါဘူး။ အနှစ် ၃၀ လုံးလုံး ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဖူးဘူးဆိုတာ သေချာပါတယ်။ ဒါနဲ့မှ အလိုလို သောက်မြင်ကပ်နေတာဆိုလည်း မတတ်နိုင်ပါဘူး။ ကိုယ်က ချစ်ခြင်းမုန်းခြင်းအတွက် အလုပ်လုပ်နေတာမှ မဟုတ်တာ။ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေက စကစတွေကို ဘယ်လောက်အထိနာစေသလဲဆိုတာ သူတို့ဘက်ကလူတွေရဲ့ အမုန်းတရားကိုကြည့်ရင် သိနိုင်ပါတယ်။ အာဏာသိမ်းပြီးကတည်းက “ဒီဆရာဝန်ကို ဘာဖြစ်လို့ မဖမ်းပဲထားတာလဲ။” ဆို တက်တက်အော်တဲ့သူတွေဟာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကျန်းမာ၊ ချမ်းသာ၊ စန်းသဒ္ဓါ၊ လန်းဖြာနေတဲ့ ချန်ဂင်လေးကိုကြည့်ပြီး ဒေါမနဿတွေ ဆက်ပွါးကြပါဦး။

ဆေးရုံကပစ္စည်းတွေ သိုမှီးသိမ်းဆည်းပြီးတဲ့နောက် ဘယ်အရာဝတ္ထုကိုမှ သံယောဇဉ်မထားပဲ “မတွယ်တာဘူး။ မတွယ်တာဘူး။ မတွယ်တာဘူး။” ဆို ဇာတ်လမ်းဖြတ်ခဲ့ပါတယ်။ နှုတ်ဆက်ဖို့ ရွာကလူတွေလည်း မရှိကြတော့ဘူးလေ။ အကုန်ထွက်ပြေးကုန်ကြပြီ။ ကလေးတွေကတော့ ငိုကြတယ်။ Loki နဲ့ Sophie ကို ထားခဲ့ရတာတော့ ရင်ထဲမှာ မကောင်းဘူး။ တောထဲက ဆေးရုံအထိ ခေါ်သွားသေးတယ်။ အခုဟာကတော့ ခေါ်သွားလို့လည်း မရတော့ဘူး။ အမှတ်တရ ဆယ်ဖီဆွဲမယ်လုပ်တာလည်း မျက်နှာကိုအတင်းဖက်လျက်နေလို့ ပုံကောင်းကောင်း မရခဲ့ဘူး။ မနက်မိုးလင်းတိုင်း၊ round လှည့်တိုင်း၊ တကောက်ကောက်ပါတဲ့ ၂ ကောင်တော့ နေခဲ့ရတော့မယ်။ အခုလိုမျိုး ခွဲခွါရမယ်လို့တော့ ထင်မထားခဲ့ဘူးလေ။ သူတို့ဆို ကိုယ့်ဆီမရောက်ခင်ကတည်းက စစ်ဒဏ် ဗုံးဒဏ်ကို ကြုံဖူးပြီးသားပါ။

“ကဲ အခုတော့ မင်း ဘာတတ်နိုင်သေးလဲ။ မင်းဆေးရုံကြီး game over သွားပြီ မဟုတ်လား။” ဆို ထခုန်မနေကြနဲ့ဦးနော်။ ချန်ဂင်ကို ကန့်လန့်ကာချပေမယ့် ဒေါက်စိုးက အလတ်ကြီး ရှိသေးတာ။ ပြန်လာမှာ မပူနဲ့။ ဘာဖြစ်ရင် ဘာလုပ်မယ် ဆိုတဲ့ ကိုယ့်ဘက်က options တွေ မကုန်သေးဘူး။ လှထုံ ပြီးတော့ ချန်ဂင် လာတယ်။ နောက် ဘယ်ဇာတ်ကောင်အနေနဲ့ ပြန်ထွက်လာဦးမလဲ ဆိုတာ စောင့်ကြည့်လိုက်ပါ။ ဒီဇာတ်လမ်းတွဲပြီးရင် နောက်ဇာတ်လမ်းတွဲအသစ်တစ်ပုဒ်နဲ့ ပရိသတ်ရှေ့မှောက် ပြန်ရောက်လာမှာပေါ့။ ချန်ဂင်ကို ဇာတ်သိမ်းလို့ ရပြီမို့ စာအုပ်ထုတ်ဖို့ စီစဉ်လိုက်ပါဦးမယ်။ အပုဒ်ရေ ၃၀၀ ကျော်ဆိုတော့ ၃ အုပ်လောက်များ ခွဲထုတ်ရမလား မသိပါဘူး။ ဇာတ်လိုက်မင်းသားက အသက်နည်းနည်းကြီးနေလို့ နီနီခင်ဇော်ကားလောက်မှ ရုံဝင်ပါ့မလား မပြောတတ်။ ဒါပေမယ့်လည်း ချစ်တဲ့သူတွေ နည်းနည်းပါးပါးတော့ ရှိဦးမှာပါ။ ပရိသတ်ကြီးရေ အုပ်ရေဘယ်လောက်လောက် ရိုက်ရမလဲ သိချင်လို့ ပရီအော်ဒါလေးတွေ တင်ကြပါဦး။ Like တစ်ခုကို တစ်အုပ် ရောင်းရရင်တောင် အုပ်ရေ ၅၀၀၀ လောက် ရိုက်ရမယ် ထင်ပါရဲ့။ ဟော ကြည့်စမ်း။ မျက်လှည့်ပြ လူစုလို့လည်းပြီးရော ဆေးရောင်းဖို့ စကားစလာပါရောလား။ လစ်ကြစို့ဟေ့။

(၁.၁.၂၀၂၂ မှသည် ၂၄.၄.၂၀၂၅ နေ့အထိ ချန်ဂင်တို့စခန်းကို ကူညီစောင့်ရှောက်ခဲ့သူ၊ ပါဝင်အားဖြည့်ပေးကြသူ၊ အဝေးမှ ဝန်းရံထောက်ပို့သောသူ၊ ပြည်သူ့အင်အားစစ်စစ်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း ချန်ဂင်အဖွဲ့တော်သားများမှ နှုတ်ဆက်လိုက်ပါတယ်။)