ချန်ဂင်တို့စခန်း (၃၃၆)

ငလျင်လှုပ်အပြီး မြန်မာနိုင်ငံမှာ သိသာမြင်သာတဲ့ စစ်ရေးအပြောင်းအလဲတစ်ခုကတော့ လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ၂ ဆ၊ ၃ ဆ ပိုများလာတာပါပဲ။ သူတို့မှာ ဂြိုလ်တုဓါတ်ပုံတွေ ရှိမယ်ဆို ပြန်ကြည့်လို့ရတာပဲ။ ကိုယ်တို့ဆီမှာတော့ မြေပြင်က အလောင်းဓါတ်ပုံတွေ ရှိပါတယ်။ Facebook ပေါ်တောင် တင်လို့မရဘူး။ Community Standard နဲ့ ငြိနေလို့။ ၅ နှစ်အောက်ကလေးငယ်ကလေးတွေက PDF တပ်သားမဖြစ်နိုင်ပေမယ့် ဗိုလ်ချုပ်ဇော်မဲလုံးကတော့ “သေပစေလေ။ နည်းတောင်နည်းသေးတယ်။ သူတို့က ဘာကိစ္စ အဲ့ဒီနေရာမှာနေရတာလဲ။ အဲ့ဒါ collateral damage လို့ ခေါ်တယ်။” ဆိုပြီး သူ အင်္ဂလိပ်လို ပြောတတ်ကြောင်း ကြွားပါတယ်။ မုသားရည်ဝနေလို့ ရေနံချေးရောင် သူ့မျက်ခွက်ကြီးက နာဂစ်မှာ ပေါလောမျောလာတဲ့ လူသေကောင်ကြီးနဲ့တောင် တူလာပြီ။ အပစ်အခတ်ရပ်စဲရေး လို့ အရေခြုံအသံကောင်းဟစ်နေသော်လည်းပဲ “အပျစ်ပဲရပ်တာ။ အကျဲမရပ်ဘူးကွ။” ဆိုတဲ့သဘောနဲ့ တစ်ရက်ကလေးမှ အရပ်အနားမရှိ၊ လေယာဉ်နဲ့ ဗုံးတွေကျဲနေတာလည်း ငလျင်လှုပ်နေဆဲကာလတွေမှာကတည်းကပါ။ ငလျင်ဘေးအတွင်းမှာ စစ်ဗိုလ်စစ်သားတွေက ကယ်ဆယ်ရေးမလုပ်ဘူးဆိုတာကို မြန်မာပြည်တွင်းကို လာဖူးတဲ့ ကယ်ဆယ်ရေးအသင်းအဖွဲ့တိုင်း သိသလို အလှူအတန်းမှန်သမျှကိုလည်း သူတို့လက်အောက်ကတဆင့်သာ သွားလို့ရအောင် ချုပ်ကိုင်ထားတယ်ဆိုတာလည်း မြေပြင်ကလူတွေ အသိဆုံးပါပဲ။ ဒီအချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်အဟုန် မြှင့်လာတဲ့သဘောဟာ တနိုင်ငံလုံးကို ရန်သူအဖြစ် စစ်ကြေငြာလိုက်ကြောင်း သတင်းစကားပါးတာပါ။ ကဲ ကောင်းပြီလေ။ အဲ့ဒါ သူရွှေ့တဲ့အကွက်ပေါ့။ ကိုယ်တို့ကလည်း ငြိမ်ခံမနေပါဘူး။ ပြန်ရွှေ့ကြတာပေါ့။ အလှည့်ကျ မနွဲ့စတမ်း ဟကောင်တို့။

လေယာဉ်နဲ့ ဗုံးကျဲတယ်ဆိုတာ အခုတစ်ခါ ပထမဆုံး မဟုတ်သလို နောက်ဆုံးလည်း မဟုတ်ဘူးလေ။ နောက်ထပ်လာဦးမှာပဲဟာ။ လေကြောင်းပစ်ကူလာလို့ သူတို့နိုင်တဲ့စစ်ပွဲ တစ်ပွဲမှ မရှိဘူး။ တစ်နေ့ထက်တစ်နေ့ ရှုံးမည်းမည်းလာတာ သူတို့ချုပ်ကိုင်ထားနိုင်တဲ့နယ်မြေက ၂၅% ပဲ ရှိတော့တယ်။ တော်တော်များများကလည်း ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက် ခံထားရတယ်။ မြန်မာ့တပ်မတော် ဆိုတာကြီးက တရုတ်အမိန့်အောက်မှာ ကိုးကန့်တပ်၊ ဝတပ်တွေ လုံခြုံရေးယူပြီး အရပ်ဝတ်နဲ့ လားရှိုးဝင်ရတဲ့အဖြစ်ကို ရှက်စရာကောင်းမှန်း သူတို့မသိဘူး။ “တို့ဖေကြီးကွ။” ဆို ဂုဏ်ယူနေကြတာ။ အရှက်မရှိရင် အရှက်မကွဲဘူးပေါ့။ ဟုတ်စ။ တကယ်တမ်းကျတော့ လားရှိုးကို စကစလက်ထဲ ပြန်ရသွားတာ မဟုတ်ပဲ တရုတ်လက်အောက်ကို ရောက်သွားတာ သက်သက်ပါပဲ။ တစ်လက်မ အကျူးကျော် မခံလို့သာ တော်တော့တယ်။ သမိုင်းတရားခံရော၊ ပထဝီတရားခံရော ဖြစ်မယ့်ကောင်တွေ။

စာပုလွေ မောင်းမှာပိုက်လို့ ကျောင်းတော်ကိုတဲ့ လိုက်မယ်ပြင်ရင် “ဘယ်စာကို ဘယ်နှစ်ဝါမောင်သင်မလို့တုန်း။” လို့ မေးရသလိုပေါ့။ မိုင်းရယ်က လားရှိုးဆီကို တိန့်ရှီကျွင်းကြီး နဖားကြိုးဆွဲသွားတဲ့အတိုင်း လိုက်လာပြီးရင် ဘယ်လောက် ကြာကြာ နေနိုင်မှာလဲ လို့ သိချင်လှတယ်။ ကိုးကန့်တွေ လားရှိုးဘောလုံးကွင်းထဲမှာ လူပုံအလယ် သေဒဏ်ပေးပြီး တရားစီရင်ပြသွားတာ တွေ့တယ်နော်။ အဲ့ဒါ အခုမှ အဲ့ဒီလိုလုပ်တာ မဟုတ်ဘူး။ ၂၀၀၆ ခုနှစ် ကိုယ် လောက်ကိုင်မှာ ရှိတုန်းကလည်း သူတို့ဆီမှာ ဒီလိုပဲ တရားစီရင်တယ်။ အဲ့ဒါ သူတို့ တရုတ်ပြည်မှာလည်း အဲ့လိုပဲ တရားစီရင်လို့နေမယ်။ သူတို့နိုင်ငံရဲ့ တရားဥပဒေ၊ သူတို့နိုင်ငံရဲ့ စံနစ်အတိုင်းပေါ့။ ကိုင်း အခု လားရှိုးမှာ စကစ ပြန်ဝင်လာပြီ။ ဘယ်ဥပဒေနဲ့ အုပ်ချုပ်မှာလဲ။ တရားစီရင်မှာလဲ။ တရုတ်တွေကိုတစ်မျိုး၊ မြန်မာတွေကို တစ်မျိုး စီရင်မလို့လား။ တရားခံက တရုတ်ဆိုရင် တရုတ်ပြည်ပို့ တရားစွဲမှာလား။ ကျားဖျန့်တွေကို လုပ်သလိုလေ။ လာဘ်စားတဲ့အခါကျရင်တော့ တရုတ်ငွေနဲ့ပဲ ပေးချေတာ ပိုအဆင်ပြေမယ်နော်။ လားရှိုးမြို့ပေါ်မှာ ခေါက်ဆွဲစားဖို့ တရုတ်ငွေ အရင်လဲရတော့မယ် ထင်ပါရဲ့။ အရင်ကတည်းက ကွမ်လုံတံတားကျော်ရင် အဲ့သလိုပဲ လုပ်ရတဲ့ဥစ္စာ။ မထူးတော့ပါဘူးကွာ။ ပြိုပျက်သွားတဲ့ မန္တလေးမြို့ကြီးလည်း တရုတ်လက်သာ ဝကွက်အပ်လိုက်ပါတော့။ မြန်မာတွေက ကိုယ့်အိမ်တောင်ကိုယ်ဖြိုနိုင်တဲ့အင်အား မရှိ။ ပြန်ဆောက်ဖို့ ဝေးရော။ ရွဲ့ပြောတာ မဟုတ်ဘူးနော်။ အတည် အတည်။ PDF တွေ ဒီနေ့ မန္တလေးကိုသိမ်းရင် နောက်တစ်နေ့ တရုတ်ကြီးဆီ ထိုးအပ်မှာ ကြင်စိုးက။ ယာဂုအိုးကွဲလို့ ရွှေစည်းခုံ လှူတာပဲဟာ။ ဘာနှမျောစရာ ရှိမှာလဲ။

လားရှိုးအထိုင်မှာ ဖင်ဝကို ငုတ်မစူးအောင် တောင်ခမ်းကို အကြီးအကျယ် ပြန်တိုက်နေတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ မြောက်ပိုင်းညီနောင်ထဲကနေ TNLA ကို သင်းကွဲဖြစ်အောင် နည်းမျိုးစုံနဲ့ သွေးခွဲထုတ်နေတယ်။ ဒါပေမယ့်လည်း သူတို့သောက်ညင်ကပ်တာနဲ့ကို အောင့်အည်းသည်းခံနေကြတယ်။ ဘယ်သူခွဲခွဲ တို့မကွဲ။ ဒါနဲ့ မိုးကုတ်ကို မြို့ပျက်မတတ် အသည်းအသန် ဗုံးကျဲပြီး ထိုးစစ်ဆင်တယ်။ မအောင်မြင်ပါဘူး။ ဗန်းမောက်၊ အင်းတော်၊ ဗန်းမော်၊ ကသာ၊ နေရာအနှံ့ ဗုံးတွေကျဲတာ ထပ်ထပ်ကိုကြမ်းနေတာပဲ။ ဒီမှာ အချစ်လေးရာ။ ဖြေနိုင်ရင် ဖြေစမ်းပါ။ စစ် နဲ့ စစ် ပေါင်းရင်လေ။ အဖြေရလပ် သိချင်တာ။ တချိန်တည်းမှာ ဖားကန့်ကိုသွားတဲ့ လဝါးလမ်းပေါ်မှာလည်း ဆော်တယ်။ တနိုင်းဘက်သွားတဲ့ ဝါရာဇွပ် ဘက်မှာလည်း ဆော်တယ်။ အနိုင် အရှုံးက အားလုံးလည်း သိပါတယ်။ ၂ ဆ တိုးပြီး ဗုံးကျဲပေမယ့် ၂ ဆတိုးပြီး အရေးနိမ့်နေတဲ့ စကစတပ်တွေကို ငါတို့က ကြောက်ရမှာလား။ ဒီကောင်တွေ အခု ပြူးပြာနေတာ ဟိုပင်၊ မိုးညှင်း၊ နန့်မွန်းတလျှောက် ၁၄ နှစ်သားတောင် မချန်ဘူး။ စုဆောင်းရေး ဆွဲနေတာ။ “အသက်က အခုမပြည့်သေးလည်း နောက် တဖြည်းဖြည်း ပြည့်သွားလိမ့်မယ်။” တဲ့။ မှတ်တောင် ထားရဦးမှာ။

စစ်သားတွေဟာ သူတို့များကောင်းစားလို့ကတော့ ဇာတိရပ်ရွာမှာ ဘုရားတကာပဲ။ သန်းရွှေတို့၊ အောင်သောင်းတို့လက်ထက် ကျောက်ဆည်က၊ တောင်သာက လူတွေ ဘယ်လိုတွေ ရွှေမျိုးစပ်သလဲ သိတယ်မှလား။ (မသိရင် ဘိလပ်က မသောင်းမေ ကိုမေး။ သူတို့က ဆွေကြီးမျိုးကြီး။) ခုခေတ်ခုခါ ကိုယ့်ရွာသားတွေ မွန်းတည့်နေလို့ကတော့ ဘာပြောကောင်းမလဲ။ ဂန့်ဂေါဘက်မှာပြာကျသမျှက ဘူးလက်ကြီးကောင်းမှုတော်ချည့်ပဲ။ မြင်းမူမောင်နိုင်မိုးကြီးလည်း သူ့ရွာသူ ဗုံးနဲ့ ကျေးဇူးဆပ်တာ ဘုရားတရားသာအောင့်မေ့ပေတော့။ ဖွတ်မှန်ရင် ပျူမွေးတဲ့သူချည့်ပဲမို့ အကောင်ကြီးလေ ရွာကျေလေပါပဲ။မအလခေတ်က ပျူစောထီးတွေဟာ ဂျပန်ခေတ်တုန်းက အလိုတော်ရိတွေထက် ပိုပြီးတော့ ယုတ်မာတယ်။ အသားထဲက လောက်တွေ။ စစ်တိုက်စရာ စစ်သားမရှိလို့ ဒီအကောင်တွေကို လက်နက်ပေးပြီးအတိုက်ခိုင်းတာကြောင့် အညာတခွင်လုံး ထောင်းလမောင်းကျေနေတာ။ အညာသားတွေ စစ်တိုက်ရင် ရှီကျင့်ဖျင်လည်း ဖျင်လို့ မရပါဘူး။ ဒင်းနဖူးက အရစ်သုံးရစ်မှာ ထုံးသုံးရစ်တားပစ်ခဲ့မှာ။ ဝင်မပါနဲ့။ သွား သွား။ ခေးဝင်းမြင့် ကျော့ရီရှား။ အပြင်မှာပဲ ထိုင်စောင့်နေ။

အပြင်ကနေ ဘယ်သူတွေ ဘယ်လိုပဲ စွက်ဖက်ခြယ်လှယ်စေဦးတော့ ပြည်တွင်းက စစ်ပွဲတွေက ရပ်သွားနိုင်စရာ အကြောင်း မရှိပါဘူး။ သူ့ဟာသူ ဝေဟင်က ဘယ်လောက်ပဲ ဗုံးလာချချ၊ ကိုယ်တို့တွေ မြေပြင်မှာ ရှင်သန်အောင် နေထိုင်ကြတယ်။ ရှောင်တတ်တိမ်းတတ်တယ်။ ဘယ်သူမှ ထွက်မပြေးဘူး။ ဆေးဆက်ကုနေကြတာချည့်ပဲ။ ကိုယ်တိုင်ဆေးကုရုံတင်မကဘူး။ ဆေးတပ်သားတွေလည်း မွေးထုတ်ပေးတယ်။ ဆေးသေတ္တာကလေးတွေ ထူထောင်ပေးတယ်။ ကျည်ကာဝတ်စုံကလေးတွေ နိုင်သလောက် ဝယ်ပေးတယ်။ စစ်ပွဲလူနာ လာလာသမျှ လိုလေသေးမရှိ ဆေးကုနိုင်အောင် အဆက်မပြတ် ပြင်ဆင်စုဆောင်းနေတယ်။ ရှေ့တန်း နောက်တန်း ၂ ဖွဲ့ခွဲ ဆေးကုနေတဲ့အပြင် ဆေးရုံကို တိုက်ခိုက်လာရင် ရွှေ့ပြောင်းဖို့ နေရာသစ်ကိုလည်း အဆင်သင့်ပြင်ထားတယ်။ ကိုယ့်ဆီမှာဖြစ်တဲ့ စစ်ပွဲတွေက စခန်းသိမ်း အထိုင်ချပြီး ရှင်းလင်းရေးလုပ်ထားလို့ ရွာထဲပြန်ဝင်ကုန်ကြပြီ။ ဆက်တိုက်စရာ နန့်မွန်း၊ လုံးတုံ ပဲ ကျန်တော့တယ်။ သူတို့ဘက်ကလည်း စစ်ကြောင်းထိုး၊ တပ်ဖျောက်ပြီး အဆင်သင့် စောင့်နေကြတယ်။ ဗန်းမော်ဘက် ကိစ္စပြတ်တာနဲ့ ဒီဘက်ကို ကူးမယ့်သဘောရှိတယ်။ ဒါကြောင့်မို့ ဆေးစုံအောင် စုနေတာ။ လာပစေလေ။ ဒီကောင်တွေဘက်မှာ ဆေးကုပေးမယ့်သူ မရှိဘူး။ ငါတို့ဘက်မှာ ရှိတယ်။ တိုက်စမ်းပါလေ့။ နန့်မွန်းစည်းပေါက်ရင် ဟိုပင်၊ မိုးညှင်း၊ နန့်မားအထိ လမ်းပွင့်သွားပြီ။ အဲ့ဒီ သံလမ်းရိုးတလျှောက်မှာ ရှိတဲ့အထိုင်တပ်ရင်းတွေ ကျသွားရင် မြစ်ကြီးနားကတိုင်းမှူးက လေယာဉ်နဲ့ထွက်ပြေးဖို့ပဲ ရှိတော့မယ်။ ပွဲကသိမ်းပြီ။ ဒီအတိုင်းပဲ တရွေ့ရွေ့သွားလာတာ။ ကိုယ်တို့က အဲ့ဒီအချိန်အတွက်ပါ ပြင်ဆင်စုဆောင်းထားတယ်။ ဒီကပြီးရင် စစ်ကိုင်းထဲ မန္တလေးထဲအထိ ဆင်းမယ်။ ကိုယ်လို ဆရာဝန်တောင် “မင်းအောင်လှိုင် လည်ချောင်းသွေးနဲ့ ခြေဆေးပစ်မယ်။” ဆိုတဲ့ ဗကပစိတ်ဓါတ်မျိုး ဖြစ်လာတဲ့အထိ စစ်သားတွေက တွန်းပို့နေတာလေ။

ကိုယ်တို့စိတ်ထဲမှာ အိမ်ပြန်ဖို့ဆိုတာလည်း လုံးဝမရှိတော့ဘူး။ အရင်ဘဝ အရင်အခြေအနေတွေအားလုံးကိုလည်း မေ့ပစ်လိုက်ပြီ။ ဒီကောင်တွေကို နိုင်အောင်တိုက်ဖို့ကလွဲရင် ဘာတစ်ခုမှ ခေါင်းထဲ မရှိဘူး။ ကချင်တွေအပေါ် ဖိနှိပ်ပိတ်ပင်ထားတဲ့ တရုတ်ဖိအားဟာ ကိုးကန့်တွေ ဝတွေထက်တော့ မလျော့ပါဘူး။ ဒါပေမယ့် သွေးက စကားပြောတဲ့အခါ မြန်မာတိုင်းရင်းသားအစစ်က ဘယ်သူဆိုတာ အဖြေထွက်လာတယ်။ စစ်ဆက်တိုက်ကြမယ်။ ရခိုင်ပြည်နယ် ကြီး လွတ်မြောက်သွားလည်း၊ ကချင်ပြည်နယ်ကြီး လွတ်မြောက်သွားလည်း မြန်မာပြည်တပြည်လုံး စစ်ကျွန်ဘဝက လွတ်မြောက်သည်အထိ အတူတူ ဆက်တိုက်ကြမယ်တဲ့။ ဒီစစ်ပွဲကြီး ဘယ်တော့မှ ပြီးမလဲ ခန့်မှန်းမနေနဲ့။ အဖြေက သိပ်ရှင်းတယ်။ စကစ စစ်သားတွေနဲ့ သူတို့ဘက်တော်သားတွေ တစ်ယောက်မှ မကျန်တဲ့အထိ အမြစ်ပြတ်အောင် သုတ်သင်သွားမှာ။ ကြာတာတွေ မြန်တာတွေ ဘာမှ ဂရုမစိုက်ဘူး။ မရောက်ရောက်အောင် သွားရမယ့်ခရီး လို့ပဲ နားလည်ထားတယ်။ ဒီလိုစိတ်ဓါတ်မျိုးရလာအောင် ဘယ်သူကမှ brainwash လုပ်ပြီး တရားမဟောခဲ့ဘူး။ သူတို့စစ်ခွေးတွေကပဲ လေ့ကျင့်ပေးခဲ့တာ။ ၈၈ တုန်းကလို စင်ပေါ်တက် တရားဟောပြီး လက်ခုပ်တီးတဲ့ခေတ်က ကုန်သွားပြီ။ စစ်သားတွေ မကောင်းတဲ့အကြောင်း လူတိုင်းသိတယ်။ အခုဖြစ်နေတဲ့ ပြဿနာက အဲ့ဒီမကောင်းတဲ့စစ်သားတွေကို ဘယ်လိုရှင်းကြမလဲ။ ဇရှိတဲ့သူတွေက တော်လှန်တယ်။ ကြောက်တတ်တဲ့သူတွေက လည်စင်းခံတယ်။ ဒါလေးပဲ ကွာသွားတာ။

“ဒီကောင်တွေကို ငါတို့ နိုင်ရောနိုင်ပါဦးမလား။” ဆိုတဲ့အတွေးက ကိုယ်တို့ဆီမှာ မရှိပါဘူး။ ဗိုလ်ခြောက်မှူးကြီး မိအောင်လှိုင်တို့ဘက်မှာပဲ မအိပ်နိုင်မစားနိုင် ဖိစီးနေတာပါ။ မဖိစီးပဲနေမလား။ နိုင်မှမနိုင်တဲ့ဥစ္စာ။ ကြိုက်တဲ့စစ်မျက်နှာမှာကြည့်။ ဖယိုဖယဲ ပြိုကွဲနေတာ။ လေယာဉ်နဲ့ ပတ်ကျဲသမျှ နေရာအားလုံးဟာ သူတို့တတွေ စစ်ရှုံးနေတဲ့ နေရာတွေချည့်ပဲ ဆိုတာ သိသာပါတယ်။ သူများကိုလည်း လိမ်လို့မရဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း လိမ်လို့မရဘူး။ ငြိမ်းကာနီးထတောက်နေတာ။ ဒါ အဆုံးသတ် တိုက်ပွဲပဲ။ အပိုတွေ မပြောဘူး။ အဖြေကို စောင့်ကြည့်လိုက်။ ငလျင်ဒဏ်နဲ့ အပြိုအပျက် တွေ ကြားထဲကနေ ထလာခဲ့သလိုပဲ ဗုံးဒဏ်ခံရတဲ့ မီးလောင်ပြင်ထဲက ထလာခဲ့ပြီးတဲ့နောက် ကိုယ်တို့ဘဝတွေ အသက်တွေဟာ စစ်ခွေးတွေကို တော်လှန်ဖို့အတွက်သက်သက် ဆက်လက်ရှင်သန်ကြမယ်။ အနီးဆုံး လက်လှမ်းမီရာ ပျူတွေ ဒလန်တွေကနေ စပြီး ချေမှုန်းကြမယ်။ ဘယ်ကနေ စပြီး ခြေလှမ်းမလဲ။ ဘယ်အထိအောင် ဆက်ပြီး ခြေလှမ်းမလဲ။ အဲ့ဒါ ကိုယ်တို့ဘက်က တုန့်ပြန်မှုပဲ။ လိုင်းပေါ်မှာ လေမတိုက်ဘူး။ လူအကောင်လိုက် ရောက်လာမှာ။ စိတ်သာချ။

“ယေဓမ္မာ ဟေတုပ္ပဘဝါ” တဲ့။ ဘယ်အရာမဆို အကြောင်းရင်းရှိရင် အကျိုးဆက်က လိုက်လာစမြဲပဲ။ ကိုယ်တို့အနေနဲ့ မင်းအောင်လှိုင်ရဲ့စစ်အစိုးရကို လုံးဝလက်မခံပဲ အဆုံးတိုင်အောင် ဆန့်ကျင်တယ်။ အဲ့ဒီအတွက် ဖြစ်ပေါ်လာတဲ့ ဘယ်လို အကျိုးဆက်မျိုးကိုမဆို ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့တယ်။ မင်းအောင်လှိုင်စစ်တပ်က စစ်ဗိုလ်စစ်သားတိုင်းနဲ့ သူတို့မိသားစု၊ စစ်တပ်ထောက်ခံသူများပါမကျန် မြန်မာနိုင်ငံသားတွေအပေါ် မတရားကျူးလွန်တဲ့ စစ်ရာဇဝတ်မှု အားလုံးရဲ့ အကျိုးဆက်တွေကို မလွဲမသွေ ကြုံတွေ့ကြရမှာပဲ။ ကိုယ့်စာရင်းကိုယ် ရှင်းကြရမှာ။ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေကို အဆုံးမသတ်အောင် အားပေးအားမြှောက်ပြုတဲ့ ပေထုံတန်တို့၊ ရှီကျင့်ဖျင်တို့ဟာလည်း သူတို့တိုင်းပြည်က ပြည်သူလူထုရဲ့ ဆန့်ကျင်တော်လှန်မှုတွေကို ရင်ဆိုင်ခံစားကြရမှာပဲ။ အားကြီးတဲ့ အကုသိုလ်ကံမို့ ဘယ်အရာမှ အဟောသိကံ ဖြစ်စရာ မရှိ။ မော်စကိုမှာလည်း အကျိုးအကြောင်း ရှိသလို နယူးယောက်မှာလည်း သူ့အကြောင်းနဲ့သူပဲ။ အမေရိကားက လူလိမ္မော်ကြီးက WHO ကို အထောက်အပံ့ မပေးတော့တဲ့အတွက် INGO တွေ ဘတ်ဂျက် မရတော့ဘူး။ အဲ့ဒီခါကျတော့ Project တွေ ဆက်မလုပ်တော့ပဲ ရပ်ကုန်တယ်။ ဆရာဝန်လေးတွေ အလုပ်ပြုတ်ကုန်တာက သူတို့ဟာသူတို့ GP ထိုင်စားလို့ ရပါတယ်။ ဒါပေမယ့် ဖားကန့်၊ ဆယ်ဇင်း၊ အင်းတော်ကြီးတဝိုက်မှာရှိတဲ့ ဘစတွေ ဆေးမရတော့ဘူး။ အစိုးရဆေးရုံတွေကလည်း မပေးနိုင်ဘူး။ နဂိုတုန်းက သွားသွားလာလာနဲ့ ဆေးသမားတွေဟာ ရောဂါတွေကျွမ်းပြီး ဆေးရုံမှာ လာအသက်ကုန်တယ်။ ဈေးကြီးတဲ့ antibiotics အမျိုးမျိုးကို လူအများကြီး ရက်အကြာကြီး ပေးရတဲ့အတွက် ကိုယ့်ဆေးရုံအပေါ် ဝန်ပိလာတယ်။ အေကိုက်လူနာများရင် ကိုယ့်ဆေးရုံက ကလေးတွေလည်း အမှုမဲ့အမှတ်မဲ့နဲ့ ရောဂါကူးမယ့် အန္တရာယ်များမယ်။ ကိုယ့်ခွဲခန်းကလေးရဲ့ပိုးသန့်စင်မှုကိုလည်း အနှောက်အယှက် ဖြစ်စေတယ်။ ဒါတောင် ကိုယ့်ဆေးရုံက ART ပေးနိုင်တာ မဟုတ်ဘူး။ ဆေးရုံကိုမလာရင် သူတို့ဟာသူတို့ အရပ်ထဲမှာ ကုချင်တဲ့သူနဲ့ကုမယ်။ သေချင်တဲ့ရောဂါနဲ့သေမယ်။ ဒါပေမယ့် မသေခင် ရပ်ထဲရွာထဲကို အားရပါးရ ရောဂါတွေ ဖြန့်ပြီးမှ သေမယ်။ ဒီဘက်မှာက ဘစ နဲ့ ဖသ ကလည်း ဝမ်းဆက်ပဲ။ သူတို့ချင်းညားရင် မွေးလာတဲ့ကလေးကို ဈေးထဲမှာ လိုက်ရောင်းစားတာ ဆယ်ဇင်းမှာကတည်းက ရှင်းပေးဖူးတဲ့ ပြဿနာ။ နောက်တစ်နှစ်လောက်ဆို အဲ့ဒီလူနာတွေ မနိုင်မနင်းဖြစ်အောင်ကို တိုးပွါးလာကြဦးမှာ။ စစ်ပွဲတွေကဖြစ်၊ ဆေးတွေကပေါ၊ အေတွေကကိုက်၊ သဘာဝဘေးတိုင်းမှာ ကူမယ့်သူကမရှိ။ လူငယ် လူရွယ်လေးတွေက အတုံးအရုံးသေ။ ကောင်းစားမည် တို့မြန်ပြည်။ ရွှေမိုး ရွာပြီ။ ကြင်စိုးကမှ အဲ့ဒီထိအောင်် သွားချင်သပ ဆို ကိုယ်တို့ကလည်း မတားပါဘူး။ ဒီကမ္ဘာကြီး အဆုံးထိအောင် ကိုယ်သွားမယ်။

ဟိုး တော်လှန်ရေးရဲ့အစမှာတုန်းကတော့ အရာရာဟာ ဖြေးဖြေးလေးပဲ သွားနေတာ။ ဒါပေမယ့် အခုအချိန်မှာတော့ အပြောင်းအလဲတွေ မြန်ဆန်လွန်းလို့ မနည်းအမီလိုက်နေရတယ်။ စစ်မျက်နှာအသီးသီးမှာ အရေးမလှဖြစ်နေတဲ့ စကစတပ်တွေဟာ မြို့ပြရပ်ရွာတွေအပေါ် လေယာဉ်နဲ့ မရပ်မနား ဗုံးကျဲတိုက်ခိုက်နေသော်လည်း ခု တစ်ရက်နှစ်ရက်အတွင်းမှာတင် ဗျူဟာမှူးတွေ မတ်စိကိုက်တဲ့သူကိုက်၊ ခြောက်ပေါက်ထိပ်တုံးထဲ ရောက်တဲ့သူရောက်ကုန်ပြီ။ နောက်ဘယ်နှစ်ရက်အတွင်း ဘယ်နှစ်ယောက် ထပ်ကျဦးမလဲ မပြောနိုင်ဘူး။ အခုချိန်က ဗျူဟာမှူး၊ တပ်မမှူး တိုက်ပွဲကျတာ မထူးဆန်းတဲ့သတင်း။ တိုင်းမှူးတွေ၊ ကစထမှူးတွေကတော့ သူ့ဟာသူ စိတ်မချလို့ ဖြုတ်ဖြုတ် လဲတာနဲ့တင် လုံးပါးပါးနေပြီ။ ဒီလယ်ဗယ်ဟာ ရှေ့ကျည်မလာပဲ နောက်ကျည်နဲ့ သာ စမုံတုံးရတဲ့အဆင့်ဆိုတာ ကိုယ့်ဆရာကိုယ်ပြန်ဗျင်းလာတဲ့သူတွေမို့ ဒုံးမဝေးလောက်ပါဘူး။ ဇာတ်ရှိန်ကတော့ တက်လာပြီမို့ ဘယ်သူက ဘယ်လို game over သွားမလဲ။ ဘယ်သူတွေက တင်ကျန် ရှင်ကျန်နေရစ်ခဲ့မလဲ။ ရင်ခုန် စိတ်လှုပ်ရှားစရာတွေ မြန်မာပြည်မှာ ဖြစ်ပေါ်လာပြီ မဟုတ်ပါလားကွယ်။