ချန်ဂင်တို့စခန်း (၃၃၅)

သင်္ကြန်နားနီးမှ ညဘက်ညဘက်ဆို လေတွေမိုးတွေ မစဲဘူး။ ဆေးရုံဝင်းထဲမှာ သရက်ပင်ကြီးတွေက သီးကင်းလေးတွေ ကြွေကြွေကျတာ ကောက်လို့စားလို့တောင် မနိုင်အောင်ပဲ။ မွှေးမွှေးကြွပ်ကြွပ်ကလေးတွေမို့ ငပိချက်၊ ငပိထောင်းလေးနဲ့ဆို အင်မတန် ထမင်းမြိန်ပါတယ်။ အင်းတော်ကြီးဘက်က လာတဲ့လူနာတွေက ပုဇွန်ဆိတ်ကလေးတွေ သယ်သယ်လာရင်လည်း စားလို့မကုန်လို့ နေလှမ်းသိမ်းရတယ်။ အဲ့ဒါလေးတွေနဲ့ ခရမ်းချဉ်သီးငပိချက်ချက်လည်း ကောင်းတယ်။ ချဉ်ပေါင်ကြော် ကြော်စားလည်း ကောင်းတယ်။ မရမ်းသီးလေးတွေကလည်း အစိမ်းရော အမှည့်ရော ပေါ်နေပြီမို့ ပေါ်ချိန်သီးချိန် ရာသီစာလေးတွေ စားရတာ တောစာတောင်စာပေမယ့် အရသာရှိပါတယ်။ ဒီအချိန်လေးပဲ စားရတာ မဟုတ်လား။ ဟိုဘက်ဆေးရုံမှာတော့ ကံ့ကော်ပင်ကြီးတွေ ပင်လုံးညွှတ်နေအောင်ပွင့်တာ ပင်ခြေမှာကို ဖွေးဖွေးလှုပ်နေတာပဲ။ တဝင်းလုံးလည်းမွှေးလို့။ မနက်ခင်းလေးတွေ အေးပေမယ့် မွန်းတည့်ချိန်လောက်ဆို တအားပူလာပြီ။ Loki တို့ ၂ ကောင်တောင် အဲ့ဒီချိန်ဆို ဆေးရုံမှာ မနေနိုင်လို့ အိမ်လာပြီး တုံးလုံးပက်လက် ဝင်လှဲနေကြတယ်။ အိမ်ရှေ့အိမ်နောက် ရေဖျန်းပေးပြီး တံခါးပေါက်တွေ ဖွင့်ထားပေးလိုက်ရင် လေလေးတဖြူးဖြူးနဲ့ အေးသွားရော။

ရာသီဥတု နဲ့ ခြေခင်းလက်ခင်း အကြောင်း ရေးနိုင်တယ်ဆိုတော့ လတ်တလော အခြေအနေမှာ စစ်မက်အင်္ဂါ မထူပြောဘူး လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဟိုဘက်သည်ဘက် ထိတွေ့လှုပ်ရှားမှုတွေ ရှိတော့ရှိနေဆဲပါပဲ။ ကိုယ့်ဘက်က အသာစီးမို့သာ အထိအခိုက်နည်းတာ။ ဒီလိုအချိန်မှာ ကိုယ်လုပ်နိုင်တာက ဆေးဝါးရိက္ခာ ပြည့်စုံအောင် စုဆောင်းတာပဲ ရှိတယ်။ လူနာများတော့ ပစ္စည်းဝင်တာ အဆက်မပြတ် ရှိနေမှ လည်ပတ်လို့ရမှာ။ ခရီးလမ်းပန်း ပိတ်ဆို့ပြတ်တောက်သွားရင် အခက်တွေ့ရပြန်ရော။ ဆေးရုံမှာ အဝယ်တော်လုပ်သက်ရင့်လာတော့ ဈေးဝယ်ရင် ချိန်ခွင်တောင် မလိုတော့ဘူး။ အလေးမပြည့်ရင် မြင်တာနဲ့သိပြီး ပြန်ချိန်ခိုင်းတာပဲ။ ကြက်တောင်ပံ တစ်ပိဿာဝယ်ရင် ဘယ်နှစ်ချောင်းပါမလဲလည်း သိတယ်။ အသားတစ်ပိဿာ ချက်ရင် ဟင်းဘယ်နှစ်ခွက်ရမလဲ ကအစ သိလာတယ်။ ဘယ်အရာကို ဘယ်မှာဝယ်ရင် ဘယ်လောက်သက်သာမလဲ မြင်တတ်တွက်တတ်လာတယ်။ Supply Chain Management မှာ ဆရာကြီး ဖြစ်လာတဲ့သဘောပေါ့။

Resource, Revenue, Finance, Logistics အရာအားလုံးကို မနိုင်နင်းရင် လုပ်ငန်းမလည်ပတ်နိုင်တော့ဘူး။ အရင်တုန်းကဆို ကိုယ့်လခတောင် ကိုယ်လောက်အောင် မသုံးနိုင်လို့ အိမ်ကပြန်ပြန်တောင်းရတာ။ အခုတော့ ဝန်ထမ်းပေါင်း ၂၀-၂၅ လောက်လည်း ထမင်းကျွေး၊ လခပေးထားနိုင်တယ်။ လူနာဆီက ဆေးဖိုးမတောင်းပဲ ဆေးကုခွဲစိတ်လာတာ လေးနှစ်တောင် ရှိခဲ့ပြီ။ MBA မတက်ဖူးပေမယ့်၊ စီမံထူးချွန်၊ လူမှုထူးချွန်ဆုတွေ မရဖူးပေမယ့် အာဏာသိမ်းကာလအတွင်းမှာ ဘက်စုံကျွမ်းကျင် ကိုချန်ဂင် ဖြစ်လာတာ အမှန်ပါပဲ။ အရင်တုန်းကဘဝနဲ့ အခုလက်ရှိဘဝဟာ တော်တော်ကို ကွာခြားပြောင်းလဲသွားတယ်။ အသက်အရွယ်၊ ရုပ်ဆင်းသွင်ပြင်တွေတင်မကဘူး။ အတွေးအခေါ်၊ အမူအကျင့်၊ အနေအစား အများကြီးကို ခြားနားသွားတယ်။ ချန်ဂင်ကလည်း ပျိုးထောင်ယူစ ပင်ပျိုပင်ပေါက်ကလေး မဟုတ်တော့ပဲ အသီးအပွင့်တွေ ဝေဝေဆာဆာနဲ့ အရိပ်ကောင်းလည်း ပေးနိုင်ခဲ့ပြီလေ။

သို့သော် Accounting & Auditing အပိုင်းမှာတော့ အတော်လစ်ဟင်းပါတယ်။ ဝယ်ချင်တာတွေ ဝယ်ချင်သလောက်ဝယ်။ ဘယ်သူကမှ ဖြတ်ပိုင်းမပေးဘူး။ ဖုန်းထဲကမတ်စိနဲ့တောင် ဆွဲစိနေတဲ့ခေတ်ကြီးမှာ ကိုယ့်သေတွင်းကိုယ်တူးစရာလား။ ချန်ဂင်တို့ လှထုံတို့ဆိုတာ အလကားနေရင်း ပေးထားတဲ့ နံမည်တွေ မဟုတ်ဘူး။ ကိုယ့်ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တွေကို နံမည်အရင်းနဲ့ လက်မှတ်ထိုး စာရင်းတင်ရင် အိမ်မှာကျန်ခဲ့တဲ့ သူတို့မိသားစုတွေ ဘယ်လုံခြုံမှာလဲ။ အဲ့ဒါကြောင့် သူတို့ကိုယ်တိုင်လည်း ငါးမည်ရတင်သိန်း လုပ်ကြတယ်။ ဒီဆိုင်မှာ လမင်းပေမယ့် နောက်ဆိုင်ရောက်ရင် ကြယ်စင်ပဲ။ ကိုယ်တို့က လမင်းနဲ့ကြယ်စင်များ ကြွေသွားသည့်တိုင် အလုပ်ဆက်လုပ်ရဦးမှာကိုး။ အဲ့ဒီမှာ စာရင်းစစ်တွေ တိုင်ပတ်တော့တာပဲ။ ဒါ ဘယ်သူလဲ။ အသစ်လေးလား။ အဟောင်းပဲလား။ နံမည်ဘာလို့ မတူလဲ။ မသိဘူးလေ။ သူတို့ကိုယ်တိုင်လည်း ဘယ်ဆိုင်မှာ ဘာနံမည်ပေးခဲ့မိမှန်း မေ့ကုန်ပြီ။ ကိုကို လို့ခေါ်ရင် အကုန်လုံး ဗျာထူးပြီးသား။ စာရင်းမရှိ အင်းမရှိ အလုပ်လုပ်နေတာလား မေးရင်လည်း ခံရမှာပ။ ဒါပေသိ စာရင်းဖျောက် အင်းမှောက် လုပ်နေတာတော့ မဟုတ်ပါဘူး။ “မယုံရင် မချစ်နဲ့ မချစ်နဲ့ မောင်ရေ။” ဆိုပြီး ကေဂျာနူးမျက်စောင်းလေးပဲ ထိုးပါ့မယ်။ လူကို ခိုင်နှင်းဝေစစ် စစ်ရအောင် နာနာတို့အသင်းကြီးတီရှပ်နဲ့ ဓါတ်ပုံရိုက် ဖူးတာလည်း မဟုတ်။

“မေမေခိုင်ကို မထိနက်။ သူလှူတဲ့ပက်ဆံမျိုး နင် မြင်တောင် မြင်ဖူးလို့လား။ ကိုယ့်အလုပ်ကိုယ်လုပ်။ ဆရာဝန်ဖြစ်ပြီး ဆေးကုရတာလောက်ကို ဂုဏ်ဖော်လို့ကို မပြီးနိုင်ဘူး။” လို့ ကလော်တုပ်ခံရတော့မှာပဲ။ ဆရာဝန်မို့လို့ ဆေးကုတတ်တယ်ဆိုပြီး ဆေးချည့်ထိုင်ကုလို့ မရဘူးလေ။ အလကားပေးတဲ့ဆေးတွေဆိုတိုင်းလည်း အလကားရတာ မှတ်လို့။ လူနာတွေဘက်ကတော့ ပိုက်ဆံမပေးရတော့ တန်ဖိုးမသိဘူး။ သက်သာသွားပြီဆို ဆေးတွေဆက်မသောက်ပဲ လွှင့်ပစ်တာ။ ဒီဆေးတွေ ဘယ်လိုခက်ခက်ခဲခဲ ဝယ်ထား သယ်ထားရမှန်း သူတို့ နားမလည်ဘူး။ အဲ့ဒါမျိုးဆို သူတို့ကို မြို့တက်ပြီး ဆေးတစ်ကဒ်စီ ဝယ်ခိုင်းလိုက်တာပဲ။ ဝယ်လို့ရရင်ကံကောင်းပေါ့။ ပြီးရင်တော့ ဝယ်လို့ရရ မရရ ကိုယ်တို့ကပဲ ပေးလိုက်ပါတယ်။ ဆေးတန်ဖိုးသိအောင်လို့သာ နမူနာဝယ်ခိုင်းလိုက်တာ။ ကိုယ့်အိပ်ထဲက ပိုက်ဆံထွက်မှ တန်ရာတန်ကြေးသိပြီး နှမျောတတ်အောင်လို့။

တချို့လူနာတွေကို အိပ်သွန်ဖာမှောက် ဆေးတွေအလကားပေးတယ်။ တချို့လူနာတွေကို ဆေးဝယ်ခိုင်းတယ် ဆိုတာ ခွဲခြားတဲ့ မျက်နှာလိုက်တဲ့သဘောနဲ့ မဟုတ်ဘူး။ Cost & Benefits အမြဲတွက်တယ်။ လူနာအတွက်ကို အဓိကစဉ်းစားတယ်။ ကုလို့ရတဲ့လူနာအတွက်ဆို ဘယ်လောက်ကုန်ကုန် မနှမျောဘူး။ ဘာလုပ်လုပ် ဘာမှ မထူးမယ့်သူအတွက်တော့ ရှိသမျှဆေးတွေ ပုံမအောနိုင်ဘူး။ အရက်သောက်၊ အသည်းကျွမ်းပြီး သွေးပွက်ပွက်အန်လို့ အခါခါ ဆေးရုံလာတက်တဲ့လူနာကို သွေးအလုံး ၂၀ လောက် သွင်းပေးလိုက်ရင် စစ်ပွဲမှာ ဒဏ်ရာရတဲ့သူတွေအတွက် လိုတဲ့အခါ ဘယ်မှာသွေးသွားရှာမလဲ။ စစ်မြေပြင်ကရောက်လာတဲ့လူနာကို အဝတ်ပုဆိုးပါ ဆီးဆင်နိုင်ပေမယ့် ခွဲပြီးသား ကင်ဆာလူနာတွေကို Chemo အလကား မပေးနိုင်တော့ပါဘူး။ ကိုယ့်ဆေးရုံက ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းမှ မဟုတ်တာ။ ခွဲခြားပြီး မဆက်ဆံပေမယ့် ဦးစားပေးဆိုတာတော့ ရှိတယ်လေ။ သူဌေးတွေကို ဦးစားမပေးဘူး။ ကချင်လူနာ၊ ရှမ်းလူနာ၊ ဗမာလူနာရယ်လို့လည်း ဦးစားမပေးဘူး။ ဒါပေမယ့် PDF နဲ့ တော်လှန်ရေးအင်အားစုတွေ၊ CDM ဝန်ထမ်းတွေ၊ စစ်ဘေးဒုက္ခသည်တွေဆိုရင်တော့ ဦးစားပေးတယ်။ First Priority ပဲ။ တော်လှန်ရေးသမားကုတဲ့ဆေးရုံမှာ တော်လှန်ရေးကို ဦးစားမပေးလို့ ရမလား။ စစ်ပွဲထဲမှာကုတဲ့ဆရာဝန် ဆိုသော်ငြား လူကြီးနောက်က Medical Cover လိုက်တဲ့ ဆေးဗိုလ်ကြီးတော့ မဟုတ်လေဘူး။ အဲ့ဒါ ကိုယ့်ရဲ့ Priority List ထဲမှာ ပါကိုမပါတာ။

အဲ့သလို ပြတ်ပြတ်သားသား ကွဲကွဲပြားပြား ကုနေတာတောင်မှ လူနာတွေက ကိုယ်တို့ထမ်းနိုင်တဲ့အင်အားထက် များပါတယ်။ OPD ကို ၂ ခန်းခွဲကြည့်နေရတယ်။ ဆေးရုံမှာ လူစည်ပြီဆို ကိုယ်တို့ကတော့ လေယာဉ်ပျံကိုပဲ စိတ်ပူပါတယ်။ ဒီကောင်တွေအကြောင်းကို သိလွန်လွန်းလို့။ မနှစ်ကလည်း သင်္ကြန်တွင်းကြီး ဗုံးလာကျဲသွားတာ မုန့်လုံးရေပေါ်တွေတောင် အကုန်လွှင့်ပစ်လိုက်ရတယ်။ ဒီနှစ်လည်း မလာဘူး ဘယ်ပြောနိုင်မလဲ။ ကိုယ်တို့မှာ ထမင်းစားရင်တောင် ရှင်ဥပဂုတ် ရုပ်ထုလေးလို ကောင်းကင်ကို မော့ကြည့်ရင်း ဟင်းခွက်နှိုက်ရတယ်။ ညောင်သီးလည်းစားတယ်။ လေးညှို့သံလည်း နားထောင်ရတယ်လေ။ လေယာဉ်လာရင် ဘာလုပ်မလဲ။ စစ်ကြောင်းလာရင် ဘာလုပ်မလဲ။ တိုက်ပွဲဖြစ်ရင် ဘာလုပ်မလဲ။ ဇာတ်တိုက်စရာ မလိုဘူး။ အကုန် လုပ်ဖူးနေကျ။ ကျင့်သားရနေပြီ။

ကိုယ့်ဘက်က ပြင်ဆင်ထားတဲ့ Plan B တွေထဲမှာ ကိုယ့်ဆေးရုံပေါ် ဗုံးကျရင် ဘာလုပ်မလဲ ဆိုတာလည်း ပါတယ်။ ကိုယ်ကိုယ်တိုင် Game Over သွားရင် ဘာလုပ်မလဲအထိလည်း ပါတယ်။ ဘာမှ စိတ်ပူစရာ မရှိဘူး။ လတ်တလော အခြေအနေအရ ကိုယ်တွေးမိတဲ့ ဖြစ်နိုင်ချေက ၂ မျိုးပဲ ရှိတယ်။ စကစ က တစ်နေ့ထက်တစ်နေ့ စစ်ရှုံးရှုံးလာပြီး တောင့်မခံနိုင်တော့ဘူးလား။ ဒါဆိုရင် တရုတ်၊ ရုရှားအားကိုးနဲ့ အစွမ်းကုန် ယုတ်မာရက်စက်ပြီး အထွက်ခတ်ခတ်လိမ့်ဦးမယ်။ ပြင်ထား ပြင်ထား။ “The worst is yet to come.” တိုက်ပွဲတွေက ပိုပြင်းထန်လာမယ်။ လူအသေအပျောက် ပိုများလာမယ်။ ဆေးရုံမှာ လူနာတွေ ပုံလာပြီး ဆေးဝါးရိက္ခာထောက်ပို့ဖို့ ပိုခက်လာလိမ့်မယ်။ အဲ့ဒီအတွက် ဒီအချိန်မှာ စုဆောင်းထားရမယ်။ အားမွေးထားရမယ်။ ခုကတည်းက ခြေကုန်လက်ပန်းကျနေလို့ မဖြစ်ဘူး။ ဆိုလိုတာက ကိုယ်တို့ဘက်က နိုင်နေရင် ဝမ်းသာမနေနဲ့ဦး။ ရှေ့လျှောက် ပိုပင်ပန်းရဦးမှာ။ ဘာကိုမှ အလဟဿ အပြုန်းတီး မခံနဲ့။

ဒါဖြင့် ကိုယ်တို့ဘက်က ရှုံးရင်ကော။ ဘာကိစ္စ ရှုံးရမှာလဲ။ တရုတ်၊ ရုရှားမကလို့ အမေရိကန်ကြီးပါ မအလဘက်က စစ်ကူတိုက်ပေးလည်း ဗီယက်ကောင်းတွေလို မနိုင်မချင်း ဆက်တိုက်နေမှာပေါ့။ စစ်ပွဲတွေက နောက်ထပ် နှစ်အကန့်အသတ်မရှိ ဆက်ကြာသွားနိုင်တယ်။ ဒါဆိုရင်လည်း ကိုယ့်ဘက်က အင်အား၊ အရင်းအနှီး၊ အချိန်နာရီ ဘယ်အရာမှ အလဟဿ ပြုန်းတီးခံလို့ မဖြစ်ပြန်ဘူး။ ရေရှည်ဆင်နွှဲရမယ့် စစ်ပွဲမို့လို့။ ဒီလိုဆိုရင် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ။ ဆေးရုံကို အခုထက်ပိုအလုပ်လုပ်နိုင်အောင် တိုးချဲ့ပြင်ဆင်ထားမှ ဖြစ်မယ် လို့ အဖြေထွက်တယ်။ အဲ့ဒါကြောင့် ဘယ်ကရရ၊ ရသမျှ အဖတ်တင်အောင် စုဆောင်းနေရတာပဲ။ ဒီဖြစ်နိုင်ချေ ၂ ခုကလွဲပြီး “မအလ နဲ့ မေမေနဲ့တွေ့၊ ငြိမ်းချမ်းရေးတွေရ၊ ရွေးကောက်ပွဲကြီးလုပ်၊ မြန်မာပြည်ကြီး အေးချမ်းသွား။” ဆိုတဲ့ အဖြေကို မျှော်လင့်နေတဲ့ သူများနိုင်ငံက အကြီးအကဲတွေရဲ့ ဦးနှောက်ကို ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ ငါတို့ တိုင်းပြည်မှာ အဲ့လိုဦးနှောက်နဲ့ များဖြင့် ကိုကိုကြီးတို့၊ ညိုအုန်းမြင့်တို့လောက်နဲ့ပဲ လယ်ဗယ်တူလိမ့်မယ်။ သိုးရေပဲခြုံခြုံ၊ ကျားရေပဲခြုံခြုံ။ အူသံထွက်လာရင်တော့ ဝံပုလွေမှန်း သိရတာပဲ။ တိတ်လိုက်တော့။ မင်းတို့ တိတ်လိုက်တော့။

သင်္ကြန်အပြီးမှာ စောင့်ကြည့်စရာ အပြောင်းအလဲ ၂ ခု ရှိပါတယ်။ ပထမတစ်ခုက လားရှိုးကို စကစတပ်တွေ ဘယ်လိုဝင်လာမှာလဲ။ ဝင်ပြီးရင်ကော အဲ့ဒီအထဲမှာ ဘယ်လိုဖင်မြဲအောင် ထိုင်မလဲ။ player ကတော့ Chinese player ဖြစ်သွားပါပြီ။ သူရွှေ့မယ့်အကွက်ကိုပဲ စောင့်ကြည့်ရမှာ။ ကိုးကန့်တွေဘက် ကတော့ လားရှိုးဆေးရုံကိုပါ ရုံခါထားတယ်။ မီးစက်ကြီးတွေတောင် မထားခဲ့ဘူး။ အဲ့ဒီဆေးရုံအခွံကြီးထဲကို ဘယ်သူတွေနဲ့ ဘယ်လိုပြန်ဖြည့်မှာလဲ။ ဒါလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အရင်တုန်းကထွက်ပြေးသွားတဲ့ နန်းစိန်တွေက ပြန်လာဦးမှာလား။ ပြန်လာရဲပါ့မလား။ သူတို့ရဲ့လုံခြုံရေးကို ဘယ်သူ အာမခံမှာလဲ။ အဲ့ဒီအာမခံကရော ယုံရပါ့မလား။ စဉ်းစားစရာတွေအများကြီးပဲ။ ဒုတိယစောင့်ကြည့်ရမယ့် အပြောင်းအလဲကတော့ နေပြည်တော်စစ်ရုံးရဲ့အခြေအနေပါ။ အလုပ်လုပ်လို့ မရအောင် ပျက်စီးသွားလို့ ဗီနိုင်းစနဲ့ တဲထိုးပြီး ရုံးတက်နေကြရတာ မငြင်းနိုင်ပါဘူး။ ပြန်လည်တည်ဆောက်ဆဲကာလမှာ ရန်ကုန်မြို့၌ ပြောင်းရွှေ့စိုးစံမယ် လို့ သိရတယ်။ ဘယ်လိုလဲ။ မင်း … အဆင်ပြေပါ့မလား စိုးရိမ်တယ်။ ကဲ ဒါဆိုရင် “လမ်းများအားလုံး နေပြည်တော်သို့” ဆိုတာ အလကားဖြစ်ကုန်မှာလား။ စစ်ရုံးကြီး မရှိတော့ရင် ဝန်ကြီးဌာနတွေကရော ဘာဆက်လုပ်ရမှာလဲ။ ၆ လုံးတန်းက နတ်နေကိုင်းကြီးတွေကိုရော ကျီးထိုးထိုး ခွေးစားစား ပစ်သွားတော့မလို့လား။ အထိုင်ကတော့ ပျက်ကုန်တာ အမှန်ပဲ။ ဒီပွဲမှာတော့ PDF တွေ ကိုယ်တိုင် ပလေးရမှာ။ ငလျင်တွေ ဒီလောက်လှုပ်တာ ဘာမဆိုဖြစ်သွားနိုင်တယ်လေ။ မိုးကြိုးတွေလည်း တဂျိမ်းဂျိမ်းပဲ။ ကျိုင်ဝင်းရီရေ။ ခွေးခေါင်းဓါးစက်နဲ့ လွတ်ရင်တောင် မရင်ရွှေဘဝတော့ ရောက်မှာပဲ။ ဇာတ်သိမ်းခန်း စနေပြီ။ ရွေးကောက်ပွဲထက်စာရင် အဲ့ဒါကမှ နီးစပ်ဦးမယ်။ ငလျင်အတွက် အပစ်ရပ်ထားတဲ့ကာလက ကုန်သွားပြီ။ ဒီကောင်တွေက ဝပ်ကျင်းပြိုလို့ ဖယိုဖယဲ ဖြစ်နေတဲ့အချိန်။ သူတို့ခေါင်းဆောင်က ပရိတ်ကြိုးလေး။ လက်ပတ်ပြီး ဘုရားထီးတွေ လိုက်တင်နေသခိုက်။ ဟော … ဒီတစ်ခါ စောင့်ကြည့်ရမှာ ကိုယ့်ကိုယ်ကိုယ် ဖြစ်နေပါကလားကွယ်။ ပိတ်သတ်ကြီး။ သားသားတို့ ကကြတော့မယ်ဗျ။ ကောင်းရင်လည်း ကောင်းတဲ့အလျောက် မကောင်းရင်လည်း မကောင်းတဲ့အလျောက် အားပေးကြဦးနော်။ အဖြေတစ်ခုခု ထွက်လာမှာလား။ သောင်မတင် ရေမကျနဲ့ ဒီအတိုင်းပဲ ရှိဦးမလား။ စင်တော်မဟာမှာ ဆက်လက် ရှုစားတော်မူကြပါကုန်။