ချန်ဂင်တို့စခန်း (၃၃၃)

မန်းလေးသူလေးတွေ “ကျွန်တော်” “ကျွန်တော်” နဲ့ ပြောကြတာ မင်းတုန်းမင်းကြီးရန်ကို ကြောက်လို့ ဆိုတဲ့ ပြက်လုံး ကြားဖူးတယ် မှလား။ အခုတော့ မန်းလေးသားလေးတွေ “ကျယ်မ” “ကျယ်မ” နဲ့ ပြောရတော့မှာလား မသိဘူး။ နှစ်ဆယ်ပတ်ချာလည် ယောက်ကျားလေး ဆိုရင် စစ်မှုထမ်းခေါ်တော့မှာ သေချာသလောက်ပဲ။ ဒီတစ်ခေါက် မပါတောင် နောက်တစ်ခေါက်တော့ ပါလိမ့်မယ်။ မပါမချင်း ခေါ်နေမှာ။ ဒီကိစ္စက နောက်စရာလည်း မဟုတ်သလို ရယ်စရာလည်း မကောင်းပါဘူး။ ကိုယ့်ဆန္ဒမပါပဲ အတင်းအကြပ် အလုပ်ကြမ်းတွေခိုင်းတဲ့ Forced labor သက်သက်တင် မကဘူး။ နောက်ကျော သေနတ်နဲ့ထောက်ပြီး ရှေ့အတင်းတက်ခိုင်းလို့ သေတွင်းထဲကို တွန်းပို့ရာလည်း ရောက်တယ်။ သူတို့သားသမီးတွေကို အလွတ်ရုန်းပြီး သူများသားသမီးတွေနဲ့ချည့် ထိုးကျွေးမှာ။ “ကျောင်းတက်နေဆဲပါ။” “မိဘကို လုပ်ကျွေးနေတာပါ။” “ကျန်းမာရေး မကောင်းလို့ပါ။” ဘာဆင်ခြေမှ မပေးနဲ့။ လမ်းမှာတွေ့ရင်တောင် “လာ ကားပေါ်တက်။” ဆို ဆွဲခေါ်သွားတာ။ ကိုယ့်အိမ်မှာ အဲ့ဒီအရွယ် သားပျို သမီးပျို ရှိရင် မိဘတွေ ဘယ်လောက်စိုးရိမ်နေရသလဲ ခံစားမိကြမှာပါ။ ဒါက စစ်ပွဲတွေ ရောက်မလာသေးခင်ပဲ ရှိသေးတာ။ စစ်မြေတလင်း ဖြစ်လာရင်တော့ အသက်အရွယ်မရွေး၊ ကျားမမရွေး၊ သူတို့ရှေ့ကနေ လူသားဒိုင်းကာလုပ်ဖို့၊ သူတို့ကို ရန်မရှာနိုင်အောင် ဓါးစာခံလုပ်ဖို့ အသုံးချပါလိမ့်မယ်။ တနိုင်ငံလုံးမှာ ဒီအတိုင်းပဲ လုပ်နေတာပါ။ ကိုယ့်အိမ်ရှေ့ စစ်ကားလာရပ်မှ ဟုတ်လား မဟုတ်လား လက်တွေ့ သိရလိမ့်မယ်။ နို့မို့ဆို “အပိုတွေ ပြောနေတယ်။ အကြောက်တရားတွေ ရိုက်သွင်းနေတယ်” အောင့်မေ့နေမှာ။ ကျောချမှ ဓါးပြမှန်း သိတဲ့သူတွေကိုး။ စစ်မှုထမ်းတယ်ဆိုတာ လူကြားကောင်းအောင် နံမည်တပ်တာပါ။ တကယ့်လက်တွေ့မှာက အရပ်သား ဓါးစာခံတွေ ဖမ်းပြီး အသေခံခိုင်းတာ။ ဒီအခြေအနေထိ မဖြစ်ခင်ကတည်းက “ထွက်ခဲ့ပါ” အတန်တန် ပြောပါတယ်။ သူတို့လက်ထဲရောက်မှ ပြေးဖို့ဆိုတာ ထင်သလောက် မလွယ်ဘူး။ မေးစမ်းပါရစေ။ ဒီစစ်ခွေးတွေအောက်မှာ ခင်ဗျားတို့ သည်အတိုင်း အသေခံကြမလို့လား။

ရှင်းရှင်းပြောရရင် ကိုယ်တို့လည်း ပျော်လို့ တောထဲရောက်နေတာ မဟုတ် ပါဘူး။ လက်နက်နဲ့ အနိုင်ကျင့်တဲ့ဒဏ် မခံနိုင်လို့ လက်နက်ကိုင် တော်လှန်နေရတာ။ သူများကို မကယ်တင်နိုင်သေးဘူး။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နေရတုန်း။ ကိုယ့် ဘယ်သူကမှ လာမကယ်မှန်း သိတယ်လေ။ ခင်ဗျားတို့ကိုလည်း ဘယ်သူကမှ လာကယ်မှာ မဟုတ်ဘူး။ ကိုယ့်ဘာသာ လွတ်အောင်ရုန်း။ ဒီစစ်အစိုးရကို အနိုင်မရသ၍ ဘယ်သောအခါမှ လူလိုသူလို နေရလိမ့်မယ် မထင်နဲ့။ ထောင်ထဲမှာ နှစ်အကြာကြီး နေခဲ့ရတာတောင် ပြန်လွတ်လာတဲ့အထိ အသိဉာဏ် လူစဉ်မမီတော့တဲ့ ကိုကိုကြီးတို့၊ ညိုညိုသင်းတို့။ မြင်တယ်မှလား။ အဲ့လိုဘဝမျိုး ရောက်သွားချင်လား။ ကိုယ့်အသက်ကိုယ် ရှင်သန်အောင် မွေးစမ်းပါ။ သူများပြုသမျှ နုရမယ့်ဘဝထဲ မနေပါနဲ့။

ပေါ်တာဆွဲဖို့ လူစာရင်းကောက်ပြီး နောက် ၂ ရက်လောက်အကြာမှာတော့ ရွှေမန်းမြို့ကြီးတစ်ခုလုံး သွက်သွက်ခါယမ်းသွားအောင် ငလျင်ကြီး လှုပ်ပါတော့တယ်။ ပဲခူးငလျင်၊ ပုဂံငလျင်တွေထက် ပိုကြီးပြီး ပိုအပျက်အစီးများတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုပါပဲ။ ဒါပေမယ့် ထုံးစံအတိုင််း လျှပ်စစ်မီး​တွေ၊ အင်တာနက်လိုင်းတွေ ပြတ်ကုန်တာမို့ ဘာသတင်းအစအနမှ တက်မလာပဲ သူမဟုတ်သလို ငြိမ်ချက်သားကောင်းနေတာပေါ့။ ထိုင်းမှာ ဗဟိုစာရင်းစစ်ချုပ်ရုံး မိုးမျှော်တိုက်ကြီး ပြိုကျတဲ့ ဗီဒီယိုဖိုင်တွေက TikTok မှာ တော်တော်ပျံ့နေပြီးမှ စစ်ကိုင်းတံတားအဟောင်းကြီး ပြိုကျတဲ့ ပုံတွေ တက်လာတယ်။ နောက်တော့မှ မယ်နုအုတ်ကျောင်းကြီး၊ မဟာမြတ်မုနိဘုရားကြီး၊ မန်းလေးနန်းမြို့ရိုးကြီး တစ်ခုပြီးတစ်ခု တက်လာတာ။ တက်လာတိုင်း ဘုရား၊ ဘုရား တ လို့ ရင်တမမနဲ့ ဖတ်ရတာပါပဲ။ မြသိန်းတန်စေတီတို့၊ ရွှေစာရံဘုရားတို့ မြင်ရတဲ့အခါ ငါတို့ ဘိုးမွေဘွားမွေတွေတော့ ကုန်ပါပြီ ဆို ရင်ထုမနာ ဖြစ်ရပါတယ်။ မြို့ထဲက တိုက်တာအဆောက်အဦတွေ အုတ်ပုံဖြစ်နေတာလည်းတွေ့ရော ဘာကိုဘယ်လို ခံစားရမှန်းတောင် မသိတော့ပါဘူး။ လူ့အသက်တွေ အသက်တွေဆိုတာ ဆုံးရှုံးလိုက်ရတာ မနည်းမနော။ “ကယ်ပါ ယူပါ” တစာစာအော်နေသော်ငြားလည်း “ဘယ်သူကမှ လာကယ်မှာ မဟုတ်ဘူး။” ဆိုတာ သေသေချာချာသိနေတော့ ဝမ်းနည်းလိုက်ရတာ။ ကိုယ့်လူတွေအကြောင်း ကိုယ်အသိဆုံးပဲလေ။ နာဂစ်ကိုလည်း ကြုံဖူးတယ်။ ကိုဗစ်ကိုလည်း နွှဲဖူးတယ်။ သူတို့အကြောင်း ကောင်းကောင်းသိလို့ မခံစားနိုင်လို့ တော်လှန်ရေးလုပ်နေခါမှပဲ။ တော်လှန်ရေးက မပြီးသေးခင် ငလျင်ဘေးနဲ့ ထပ်ကြုံရတယ်။ ရင်ထဲမှာ မချိအောင်နာတယ် ဆိုတာ ဒီလိုအခါမျိုးကို ပြောတာနေမှာပဲ။ ကိုယ်ဘာမှ မလုပ်ပေးနိုင်တာကို စိတ်မကောင်းဖြစ်တာ။ မှောင်နဲ့မည်းမည်း မန်းလေးဆေးရုံကြီးကလူနာတွေ မြင်ရတာ ရင်ထဲကိုဆို့နေတာပဲ။ ငလျင်ငြိမ်သွားတာနဲ့ မီးတွေလောင်တော့မယ် ဆိုတာ သိပေမယ့်လည်း အဲ့လောက် မြို့အနှံ့အပြား အပြိုအပျက် တွေ တရစပ်ဖြစ်နေမှတော့ ဘယ်မီးသတ်သမားမှ အလျဉ်မီအောင် လိုက်မငြိမ်းနိုင်လောက်ဘူး။ ရာသီဥတုကပူပူ၊ လေရူးကပြင်းပြင်း။ ဖုန်းတွေက ခေါ်မရ။ ကားလမ်းတွေပိတ်။ ဘာမှကို လုပ်လို့မရတဲ့ အခြေအနေပါလား။ အုတ်ပုံအောက် ပိတ်မိနေတဲ့သူတွေမှာ ကူကယ်ရာမဲ့တဲ့ ခံစားချက်ရှိသလို၊ အဝေးကနေ ထိုင် ကြည့်နေရတဲ့သူတွေမှာလည်း မကြံနိုင် လက်မှိုင်ချရတဲ့ ယူကြုံးမရ ခံသားချက် ရှိတာပါပဲ။ ကိုယ့်ဘာကိုယ် အာရုံနောက်လွန်လွန်းလို့ ဟိုဘက်အသိုင်းအဝိုင်းက အကုသိုလ်တုံးကြီးတွေကို လှစ်လျူရှုလိုက်တယ်။ စကားထဲလည်း ထည့်မပြောချင်ဘူး။ ခေါင်းထဲလည်း ထည့်မတွေးချင်ဘူး။ ကိုယ်နဲ့သိတဲ့သူတွေ အန္တရာယ်ကင်းရဲ့လား ဆိုတာပဲ လိုက်မေးမိတယ်။

ကယ်ဆယ်ရေးကတော့ သိပ်ပြီးမျှော်လင့်ချက် မရှိတဲ့အခါ တမဟုတ်ချင်း အိုးမဲ့အိမ်မဲ့ဖြစ်သွားရှာတဲ့ ဒုက္ခသည်ပေါင်းများစွာအတွက် နေရေးစားရေး ဘယ်လိုစီစဉ်ပေးမလဲ ဆိုတာကြီးကို စိတ်ပူမိပါတယ်။ မိသားစုလိုက် လမ်းပေါ်မှာ အိပ်နေတဲ့သူတွေကို မြင်ရတဲ့အခါ ဒါလည်းပဲ ဘယ်သူမှ စီစဉ်ပေးမယ့်သူ မရှိဘူး ဆိုတာကို သဘောပေါက်ရပါတယ်။ ဆင်ဝန်ကတော်တောင် ကိုယ့်လောက် ကြောင့်ကြကြီးနိုင်ပါ့မလား မပြောတတ်ပါဘူး။ ၂၉ ရက်နေ့မှာ စကစ ကြေငြာတဲ့ အသေအပျောက်စာရင်းက ၁၄၄ ယောက် လို့ တက်လာတော့ သူတို့ ဘာကယ်ဆယ်ရေးမှ မလုပ်ရသေးဘူးဆိုတာ သေချာသွားပါတယ်။ နေရာတိုင်းမှာ ကိုယ့်လူကိုယ်ကယ်တင်နေကြရင်း ဖုန်းနဲ့ဗီဒီယိုရိုက်တာတွေ တစ်ခုပြီးတစ်ခုတက်လာမှ ဘယ်လောက်တောင် အသေအပျောက်များလဲ သိရတာကိုး။ အထိအခိုက်ပိုများတဲ့စစ်ကိုင်းက အခြေအနေကတော့ ဘာသတင်းမှ တက်မလာသလောက်ပါပဲ။ ဗီဒီယိုရိုက်မယ့်သူတောင် မကျန်ရစ်တော့ဘူး ဆိုတဲ့သဘောပါ။ ဆွေမျိုးသားချင်းရှိတဲ့သူတွေကတော့ အရမ်းကိုစိတ်ပူနေကြတဲ့အချိန်ပါပဲ။ အဆက်အသွယ်တွေလည်း မရတော့ဘူး မဟုတ်လား။ သိပ်မကြာပါဘူး။ နာရေးသတင်းတွေ အစုလိုက်အပြုံလိုက် အလျှိုအလျှို တက်လာပါတော့တယ်။

စိတ်မကောင်းမိတာကတော့ ဆေးရုံရဲ့ အခြေအနေတွေ ဘာမှ မသိရလို့ပါ။ ဒီအချိန်က အရေးပေါ်အခြေအနေမို့ ဆရာဝန်၊ ဆရာမအင်အား မနိုင်ဝန်ပိနေမှာ အမှန်ပဲ။ နီးစပ်ရာလူတွေ သွားကူကြမှာ သေချာတယ်။ ကိုယ်မသွားနိုင်လို့ စိတ်ဆင်းရဲရတယ်။ MSF က ဆရာဝန်တွေလည်း ကိုယ့်လိုပဲ ခံစားရမယ် ထင်ပါတယ်။ ဒီအချိန်မှာ ဘယ်သူ့ကိုမှ ပြစ်တင်ဝေဖန်နေဖို့ အချိန်မရပါဘူး။ ကိုယ်က ဘာကူနိုင်မလဲပဲ စဉ်းစားတယ်။ အဓိက ထိခိုက်ပျက်စီးသွားတဲ့နေရာတွေက စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နေတဲ့ မြို့ပြရပ်ရွာတွေ။ ကြင်စိုးက အလှူပဲခံတာ။ အဝင်မခံဘူး။ NUG ကတော့ အပစ်ရပ်ပြီး ဝင်ကူပေးဖို့ ကမ်းလှမ်းနေတယ်။ ထိုင်ဝမ်က ကယ်ဆယ်ရေးအဖွဲ့တောင် အဝင်မခံတာ CDM ဆရာဝန်တွေ ဆေးလာကုရင် ဒီအတိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ သူ့လက်အောက်မဟုတ်ပဲ ကိုယ်တို့ဝင်ကူလို့ရတဲ့နေရာ ဘယ်မှာရှိသလဲ လို့ လိုက်ရှာကြည့်တယ်။ ကချင်ပြည်နယ်မှာတော့ မရှိဘူး။ စစ်ကိုင်းတိုင်းထဲမှာဆို စစ်ကိုင်း၊ အင်းဝ ပဲ ရှိမယ်။ မတ္တရာတောင် သတင်းထဲ မတွေ့မိဘူး။ အလိုအပ်ဆုံးကတော့ မန္တလေး ဖြစ်နေတာကို သွားတွေ့တယ်။ ကိုင်း ဘယ်လိုလုပ်မလဲ။

ငလျင်လှုပ်ပြီးတဲ့အချိန်မှာတောင် စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကျဲတာ မရပ်သေးပေမယ့် တော်လှန်ရေးတပ်သားတွေဘက်ကတော့ ၂ ပါတ်တိတိ အပစ်ရပ်ထားမယ် လို့ ပြောပါတယ်။ ဒီအတောအတွင်းမှာတော့ သူတို့စိတ်တိုင်းကျ စီမံနိုင်မယ့် နိုင်ငံခြားက search and rescue team တချို့ကို အဝင်ခံတဲ့အတွက် “Being late is better than never.” ဆိုပြီး သက်ပြင်းချနိုင်ပါတယ်။ မြန်မာစစ်သားတွေအကြောင်းကို ကိုယ်တို့ထက်ပိုသိနိုင်တဲ့သူ မရှိတဲ့အတွက် သူတို့ဘာအချိုးချိုးမယ်၊ ဘယ်အကွက်နင်းမယ်ဆိုတာ မသိစရာအကြောင်း မရှိပါဘူး။ သူတို့ကို လုံးဝလှစ်လျူရှုထားပြီး ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ဖို့ စီစဉ်ဆက်သွယ်ရပါတယ်။ မန္တလေးကို ဆိုးလှပြီ ထင်နေတာ။ စစ်ကိုင်းက ပိုတောင် ဆိုးသေးတယ် ဆိုတော့ လူကိုယ်တိုင်သာ ရောက်အောင်သွားလိုက်ချင်တော့တယ်။ ငါတို့တိုင်းပြည်မှာ ဒီ့ထက်ဆိုးတဲ့ အခြေအနေရော ရှိနိုင်ပါဦးမလား လို့အောင့်မေ့မိတာပဲ။

ကိုယ်မလုပ်နိုင်တဲ့အလုပ်တွေကို စိတ်ဆင်းရဲခြင်းကြီးစွာ ငေးကြည့်နေရင်းကနေ ကိုယ်လုပ်နိုင်သမျှအလုပ်တွေကိုတော့ မရပ်မနား ဆက်လုပ်နေတုန်းပါပဲ။ မန်းလေး၊ စစ်ကိုင်းက အသက်တွေ မကယ်နိုင်ပေမယ့် ကိုယ့်ဆေးရုံရောက်လာတဲ့ လူနာအသက်ကတော့ ကိုယ့်တာဝန်ပဲ မဟုတ်လား။ စကစဟာ ငလျင်ဒဏ်ကယ်ဆယ်ရေးကာလအတွင်းမှာကို စစ်ပွဲကို မရပ်ပါဘူး။ အပစ်အခတ် နဲ့ ထိုးစစ်က ကိုယ့်ဘက်ကပဲ တဘက်သတ်ရပ်ထားတာ။ သူ့ဘက်မှာ မရပ်ဘူး။ အခုသူတို့က ကယ်ဆယ်ရေးလုပ်မယ့် ပရဟိတသမားတွေအတွက်ကို စစ်မျက်နှာတစ်ခု ထပ်ဖွင့်လိုက်တယ်။ ဖြစ်ပြီးသွားတဲ့ သဘာဝဘေးအန္တရာယ်ကြီးတစ်ခုကနေ သူတို့စစ်တပ်အတွက် ဘာတွေအကျိုးအမြတ်ရနိုင်သလဲဆိုတာကို ဘက်ပေါင်းစုံက နည်းလမ်းရှာပြီး အားထုတ်ကြိုးပန်းနေတယ်။ အနည်းဆုံးတော့ ဒီကိစ္စကြောင့် သူတို့ဘက်က စစ်ရေးအားသာချက် ရမယ် ဆိုရင်လည်း နောက်ထပ် ငလျင် ဘယ်နှစ်ခု လှုပ်ရလှုပ်ရ၊ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေမယ့်သဘောရှိတယ်။

တဖြည်ဖြည်းနဲ့ ရက်တွေကြာလာတဲ့အခါ သေဆုံးသူစာရင်းက ၂၀၀၀ ကျော်အထိတက်လာပြီး ရှာဖွေကယ်ဆယ်လို့ မရသေးတာက သောင်းဂဏန်းထိ ရှိမယ် လို့ ခန့်မှန်းကြတယ်။ သတင်းသမားတွေကို ပြည်ဝင်ခွင့်မပေးပေမယ့် ကယ်ဆယ်ရေးအဖွဲ့တွေကတဆင့် စစ်ခေါင်းဆောင်တွေရဲ့ စိတ်သဘောထားအမှန်ကို တကမ္ဘာလုံးက မျက်ဝါးထင်ထင် သိခွင့်ရလိုက်တယ်။ ငလျင်အပြီးမှာတောင် လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ်ထိအောင် ဆက်လုပ်နေဆဲပဲဆိုတာ နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ ပါလာတယ်။ လိုင်းပေါ်တက်မလာသေးတဲ့ ကိုယ့်ဆီကအဖြစ်အပျက်ကို ပြောရမယ် ဆိုရင်တော့ မနေ့ကညနေမှာ ဟိုပင် မိုးညှင်းဘက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တဲ့အတွက်ကြောင့် အသေအပျောက် နဲ့ ဒဏ်ရာရသူတွေ များခဲ့တယ်။ အဲ့ဒါကြောင့် စစ်ကိုင်းထဲဆင်းချင်တာတောင် မဆင်းနိုင်ပဲ ဆေးရုံမှာ အသင့်စောင့်နေရတယ်။ မိုဒီကြီးကို တယ်လီဖုန်းထဲက “အဆွေတော် အဆွေတော်” ခေါ်ပြီး သူနဲ့တန်းတူပါ လို့ မဏ္ဍပ်တိုင်တက်ပြတဲ့ မအလဟာ အာဆီယံနိုင်ငံပေါင်းစုံက ဝိုင်းဝန်းရှုံ့ချတာကို ခံရတယ်။ နာဂစ်တုန်းက ကယ်ဆယ်ရေးမလုပ်ပဲ အထောက်အပံ့တွေကို ကိုယ်ကျိုးရှာသွားတဲ့ စစ်အစိုးရရဲ့ အောက်တန်းကျတဲ့အပြုအမူကို အခုတစ်ခါမှာတော့ “ဒီလိုကိစ္စမျိုးတွေ တကယ်ရှိခဲ့တာပဲ။” လို့ နိုင်ငံခြားသားတွေ နားလည်ကုန်ကြတယ်။ အရင်တုန်းက သတင်းထဲမှာဖတ်ရတာတွေကို “ဟုတ်မှ ဟုတ်ပါ့မလား။” ဆိုတဲ့ သံသယစိတ်တွေ ကင်းစက်သွားတယ်။ ကိုယ်တိုင် မြင်ရတွေ့ရပြီ မဟုတ်လား။ ဘယ်လို အလိမ်အညာတွေပဲဖြစ်ဖြစ် အမှန်တရားပေါ်ထွက်လာရင် နေလာနှင်းပျောက် ပျောက်ကုန်ရတာပဲလေ။ ကြောက်မက်ဖွယ်ရာ သဘာဝဘေးအန္တရာယ်ဆိုးကြီးကြောင့် တကမ္ဘာလုံးက အာရုံစူးစိုက်လာမိချိန်မှာ ဟန်ဆောင်မျက်နှာဖုံးတွေ ကွာကျသွားတဲ့ မအလအဖြစ်ဟာ ခုံရုံးတင်စစ်ဆေးမေးမြန်းစရာ မလိုတော့တဲ့အထိ အထောက်အထားတွေ ခိုင်လုံသွားခဲ့တယ်။

ငလျင်ဒဏ်ကြောင့် သေကြေပျက်စီးရတဲ့အထဲမှာ အရပ်သားပြည်သူတွေချည့်ပဲ ပါမယ်လို့တော့ မထင်ပါဘူး။ သူတို့စစ်တပ်အသိုင်းအဝိုင်းလူတွေ၊ အရာရှိနဲ့ စစ်သည်မိသားစုတွေ သေချာပေါက် ပါပါလိမ့်မယ်။ ဒါပေမယ့်လည်း အဲ့ဒီဘက်ကလူတွေက တစက်ကလေးမှ စာနာနိုင်တဲ့စိတ် မရှိပါဘူး။ တံတားဦးလေဆိပ်မှာ လေတပ်ကမိသားစုတွေ ငလျင်ဒဏ်ကြောင့် ၅၀ ကျော် သေကြေပျက်စီးကြရတယ်ဆိုတဲ့အချိန်မှာတောင် စစ်မဖြစ်တဲ့နေရာတွေမှာ လေယာဉ်နဲ့ လိုက်ဗုံးကြဲနိုင်တဲ့ လဒတွေကို ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ဘူး။ ဒီလိုစိတ်ယုတ်၊ စေတနာဆိုးမျိုးနဲ့ ကပ်ကြီးသုံးပါး ကျော်လွှားပြီး ဘုန်းကြီးသက်ရှည် ရှိနိုင်မယ် လို့ ယုံကြည်ရင်လည်း သူ့စားရိတ်နဲ့သူ ရှိပါစေတော့။ ဘာတရားမှ မဟောလိုပါဘူး။ သုပ္ပဗုဒ္ဓ ၇ ဆောင်နန်းပြဿဒ်ပေါ် တက်နေလို့ မလွတ်သလိုပဲ စစ်ဗိုလ်ချုပ်တွေလည်း နေပြည်တော် မြေအောက်ဥမင် ဝင်္ကပါကြီး တည်ထားတာတောင် ပြေးပေါက်တွေ ပြိုကျခဲ့ပြီ မဟုတ်လား။ အခုကစပြီး ရှေ့ဆက်မယ့် တစ်ရက်တိုင်း တစ်ရက်တိုင်းမှာ သူတို့အသိုင်းအဝိုင်းတစ်ခုလုံး အကြွင်းမဲ့ ပျက်သုဉ်းရဖို့ သေချာသထက် သေချာအောင် လူထုကြားမှာ အမုန်းမီးတောက်တွေ တောက်လောင်စေခဲ့တယ်။ သူတို့ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ တနိုင်ငံလုံးကတင် မကဘူး။ တကမ္ဘာလုံးကပါ စိတ်ဝင်တစား စောင့်ကြည့်နေကြပြီ။ စစ်ဗိုလ်စစ်သားတွေရဲ့ မြန်မာ့တပ်မတော်ကြီးရဲ့ အဆုံးသတ်နိဂုံးကို ငလျင်ကြောင့် ပြိုဆင်းသွားတဲ့ အထပ်မြင့်အဆောက်အဦးကြီးလိုပဲ မျက်ဝါးထင်ထင် မြင်ရတော့မှာပါလေ။