“နှင်းငွေ့ကျံ လေပြန်လောင်း၊
ညှာညောင်းကြွေလု စုံတခွင်” တဲ့။
တောထဲက နွေဦးဟာ ရန်ကုန်ကနွေဦးနဲ့တော့ ဘာတစ်ခုမှ မတူပါဘူး။ မနက်ခင်း စောစောထရင် သစ်ပင်သစ်ရွက်ကလေးတွေက နှင်းငွေ့တွေ လိမ်းကျံထားသလို စိုစိုစွတ်စွတ်နဲ့ အအေးဓါတ် မပျောက်သေးဘူး။ နေ့ခင်းဘက်ကျမှ ကျောကော့အောင် ပူလာပြီး ညနေလေးစောင်းတဲ့အခါ လေပွေလေရူးလေးတွေနဲ့ မိုးရွာတော့မလား အောင့်မေ့ရတယ်။ သစ်ရွက်ခြောက်တွေ ကြွေထားတာလည်း အများကြီးပဲလေ။ အပင်ပေါ်မှာ ကြွေလုတည်းလည်း ရွက်ဝါလေးတွေ မကုန်တတ်သေးလို့ ရိုးတံကျဲတဲချည့်တော့ ဖြစ်မနေဘူး။ ကလေးတွေကို ဆေးရုံခေါင်မိုးပေါ် တံမျက်စည်း တက်လှဲခိုင်းပြီး သစ်ရွက်ခြောက်တွေ မီးပုံရှို့တဲ့အခါ OG ward ထဲက မွေးကင်းစကလေးတွေ ရှူမိမှာစိုးလို့ ကမန်းကတန်း နေရာရွှေ့ရသေးတယ်။ မွေးလူနာကလည်း ပြတ်တယ်လို့ကို မရှိတာလေ။
ခွဲလူနာလည်း မပြတ်ပါဘူး။ စစ်ပွဲ မရှိတော့ပေမယ့် တို့စိတို့စိနဲ့ ခွဲတော့ ခွဲနေရတုန်း။ OPD လူနာကတော့ အများဆုံးပါ။ တနေကုန်ပဲ။ ထမင်းစား ခဏလေးနားရင်တောင် လူနာလိုက်လိုက်ခေါ်လို့ ဖြောင့်ဖြောင့်မစားရဘူး။ ညနေ မှောင်ရီပျိုး၊ မိုးချုပ်ချိန်အထိလည်း လူနာတွေ လာနေတုန်းပဲ။ car accident တွေ၊ cycle accident တွေ နေ့တိုင်း ရှိတယ်။ နောက်ဆုံးတော့ ကိုယ်တို့ဆေးရုံမှာ ပိတ်ရက်မရှိ၊ နားချိန်ရယ်လို့လည်း မရှိပါဘူး။ ဒီလိုပဲ စည်းမရှိကမ်းမရှိ ပြချင်တဲ့အချိန် လာပြနေကြတော့တာ။ ဒီလောက် ကြိုးစားပန်းစား လာပြီးမှတော့ “မကြည့်တော့ဘူး။ နက်ဖြန်မှ ပြန်လာ။” လို့ ပြန်မှ မချိန်းရက်တာ။
ကုတင်တွေကလည်း ဘယ်လောက်ပဲ ရုံခါ ရုံခါ။ တစ်ရက်က နှစ်ရက်ဆို တင်စရာ အလွတ်မကျန်တော့ဘူး။ ill case တွေ များလို့ ဒီလအတွင်း expired case တောင် ၃ ယောက် ရှိသွားပြီ။ ဆေးရုံသက်တမ်းတလျှောက်မှာ အများဆုံးပဲ။ ဒါတောင် လမကုန်သေးဘူး။ မရတော့ဘူး ဆို အိမ်တောင်းပြန်တဲ့ လူနာတွေလည်း ရှိတယ်။ ကလေးတွေ ပင်ပန်းတာပေါ့လေ။ ဒီတိုင်းဆို ရန်သူလာလို့ ထွက်မပြေးရပဲ လူနာလာလွန်းလို့ ထွက်ပြေးရမယ့်ပုံ ရှိတယ်။ ငှက်ဖျားတွေ ပြန်ဖြစ်လာကြပြီ။ ကိစ္စမရှိ။ ဒါက ဆေးရှိတယ်။ ကုနိုင်တယ်။ ဆေးမရှိတာက HIV လူနာတွေ။ ပေးနေကျ INGO တွေက ART မရလို့လား၊ စစ်ပွဲကြောင့် လူနာက သွားမယူနိုင်တာလားတော့မသိ။ AIDS လက္ခဏာနဲ့ ဆေးရုံရောက်တာတဲ့သူတွေ တစ်ရက်မှ မပြတ်ဘူး။ အမေရိကားမှာ လိပ်ပြာတောင်ပံခတ်တာ ဒီမှာ ငလျင်အကြီးအကျယ် လှုပ်တော့သကိုး။
စစ်ပွဲအခြေအနေကတော့ ပြန်တိုက်နေကြပြန်ပြီ။ အထိအခိုက်တော့ မရှိသေးဘူး။ အောက်ပိုင်း ဗန်းမော်ဘက်ကို လေကြောင်းနဲ့ မည်းနေတယ်။ ကိုယ်တို့ဆီတော့ ဖြတ်ပဲပျံတာ။ ၂၀၂၄ မှာ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀၀ ကျော်အောင် လုပ်ခဲ့တယ် လို့ မှတ်တမ်းစာရင်း ပြုစုနေသူတွေက ပြောတယ်။ ဒါပေမယ့် ဘယ်နေရာမှာမှ သူတို့မနိုင်ဘူး။ သိမ်းပြီးသားစခန်းတွေကိုလည်း တစ်ခုမှ ပြန်မရဘူး။ အောင်ပွဲလိုချင် ဒါရိုက်တာနဲ့ ဇာတ်လမ်းဆင်ရိုက်ပြရတဲ့ အနေအထားပါ။ ပြီးရင် ကိုယ်ကပဲ ဖော့စုတ်တွေ ပေးနေပါတယ် ဖြစ်ရသေး။ Fighting ပါ ငါးကောင်တို့။ ကိုယ့်တပ်အခြေအနေ ကိုယ်အသိဆုံးဖြစ်မှာပါ။ ဂျင်းလေးတွေမှီဝဲပြီး နောက်ဆုံးထွက်သက်ထိ တောင့်ခံနိုင်ကြပါစေ။ နို့မို့ ငါတို့လည်း ထမင်းမကျွေးနိုင်ဘူး။
ကိုယ်တို့ဆီမှာ တိုက်ပွဲအပြင်းအထန် မရှိပေမယ့် တချို့နေရာတွေမှာ ရပ်တွေရွာတွေပျက်အောင် လေယာဉ်နဲ့ ဗုံးကျဲနေတာပါ။ အခုစာရေးနေတဲ့မနက်ခင်းမှာတင် ပဲခူးအနောက်ခြမ်းကို လေယာဉ်နဲ့ ၈ ခါ လာဗုံးကျဲသွားပြီ။ ချင်းပြည်နယ်ထဲက အငြိမ်းတို့ဆီမှာလည်း တိုက်လေယာဉ်တွေ တဂျိန်းဂျိန်းပဲ။ မအလ ရုရှားက ပြန်လာပြီးနောက်မှာ airstrike attacks တွေက အရင်ကထက် ပိုများလာတာ သိသိသာသာပဲ။ ထုံးစံအတိုင်း ဘုရားကျောင်းကန်၊ သာသနိက အဆောက်အဦတွေနဲ့ စာသင်ကျောင်း၊ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်လတယ်။ လူစည်ကားတဲ့ ဈေးတန်းတွေလည်း မရှောင်ပါဘူး။ ဒီနေ့မနက် ဂန့်ဂေါမြို့နယ် နှမ်းခါးရွာဆေးခန်းကို ဗုံးကြဲတဲ့ဆီမှာတော့ လူနာ နဲ့ ဆရာဝန်အပါအဝင် သူ့မိသားစုတွေပါ အသက်ဆုံးရှုံးရပါတယ်တဲ့။ သေသွားတဲ့သူရဲ့ မိသားစုကလွဲရင် ဘယ်သူကမှ စိတ်မဝင်စားတော့တဲ့ သတင်းလေးတွေပါလေ။ မစောကြည်ကြီးကိုတော့ မေးကြည့်ချင်ပါတယ်။ မအလတစ်ကောင် ရုရှားကိုသွားတုန်းက “သူများနိုင်ငံက အကြီးအကဲကို ဘယ်သူနဲ့ ခေါ်ပါ။ ဘယ်သူနဲ့စကားမပြောရဘူး။ ဩဇာပေးလို့ မရပါဘူး။” လို့ သူတော်ကောင်းယောင်ဆောင်ထားပြီးမှ တစ်လတစ်ခါ တို့ဆီက EAO တွေကို ခွေးမိန်ခေါ်ခေါ်ပြီး “NUG နဲ့ စကားမပြောရဘူး။ PDF တွေကို မခေါ်ရဘူး။” ကြိမ်းမောင်းနေတာ ဘာသဘောလဲ။
တကယ်တမ်း စဉ်းစားကြည့်ရင် သူဘယ်လောက်ပဲ ဝင်ရောက်စွက်ဖက်သည်ဖြစ်ပစေ၊ နှစ်ဘက်စလုံးကို နားချလို့မရပဲ၊ နှစ်ဘက်စလုံးက သူ့စကား နားမထောင်ကြတာမို့ သူ့ဩဇာသက်ရောက်မှုက ဘယ်ဘက်မှာမှ မရှိဘူး လို့ သဘောပေါက်ဖို့ ကောင်းပါတယ်။ သူ့ဆီကတိုက်ရိုက်ပဲဖြစ်ဖြစ်၊ ထိုင်း နဲ့ အာစီယံနိုင်ငံတွေကတဆင့်ခံပဲဖြစ်ဖြစ်၊ စစ်ကောင်စီအစိုးရ သက်ဆိုးရှည်ဖို့ အတင်းဝင်ရောက်ကာကွယ်ပေးနေသမျှ ကာလပါတ်လုံး မြန်မာနိုင်ငံရဲ့တော်လှန်ရေးကြီး အဓွန့်ရှည်နေရုံလွဲပြီး ဘယ်သောအခါမှ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ မြန်မာနိုင်ငံကို တကယ်တည်ငြိမ်အေးချမ်းစေချင်ရင် စစ်ကောင်စီကိုအကာအကွယ်ပေးလို့ မဖြစ်ဘူးဆိုတာ နားလည်အောင် အရင်ကြိုးစားပါဦး။ သူတို့ဘိုးဘေး အစဉ်အဆက် လက်ဆင့်ကမ်း သင်ကြားလာခဲ့တဲ့ ကွန်ဖြူးရှပ်ကြီးရဲ့ အတွေးအခေါ်တွေက ခေတ်မမီလွန်းတော့လို့ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပါတ်သက်ပြီး မှန်မှန်ကန်ကန် မသုံးသပ်နိုင်တာ လို့ ပြောစရာဖြစ်နေပါ့မယ်။ ဒါတွေက စကားအဖြစ် ပြောနေရုံသက်သက်တော့ လေကုန်ပါတယ်။ အချိန်က စကားပြောတော့ အဖြေထွက်လာမှာပဲ။ ဟုတ်တယ် မဟုတ်တယ် စောင်ကြည့်လိုက်ပေါ့။
မင်းအောင်လှိုင်တို့ရပ်ကွက်မှာတော့ စစ်ပွဲတွေကနိုင်။ ပေထုံတန်က ကော်ဇောနီခင်းပြီး ကြိုဆို ဖိတ်ကြား။ ရွှေဘုန်းတော်တိုးပါလို့ ရွှေမိုးတွေရွာ လို့ပေါ့။ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားက အဆွေတော် အပေါင်းတို့။ တောင့်ထားကြနော်။ မြန်မာ့တပ်မတော်က သင်တို့ကို စစ်ကူပေးဖို့ အသင့်ရှိတယ်။ အဲ့ဒီလို သတင်းမျိုးကို ကြူကြူလှတို့ သားအမိတတွေလည်း ယုံတယ်။ စိုးဝင်းတို့၊ အောင်လင်းဒွေးတို့၊ ကျော်စွာလင်းတို့ ဆွေမျိုး သားချင်းတသိုက်လည်း ယုံတယ်။ ပူတင်တို့၊ ကျင့်ဖျင်တို့ကရော ယုံတယ်လား။ ပြောပါဦး။ ဒီအတွေးအခေါ် ဒီဦးနှောက်လောက်ပဲ ရှိတာလား။ ကွန်မြူနစ်နိုင်ငံတွေဖြစ်လျက်နဲ့ မတရားအနိုင်ကျင့်သတ်ဖြတ်ခံရတဲ့ ပြည်သူလူထုရဲ့ သွေးစက်မျက်ရည်တွေကို လှစ်လျူရှုတာဟာ ဘယ်လောက်တောင် ဖောက်ပြန်တဲ့ ရပ်တည်ချက်ကြီးလဲ။ ကိုယ့်တိုင်းပြည်က တော်လှန်ရေးသမိုင်းတွေနဲ့ ချိန်ထိုးသုံးသပ်ကြည့်ပါဦးတော့လား။
တော်လှန်ရေးဆိုတဲ့သဘောက လူထုအပေါ်မှာ ဖိနှိပ်ညှင်းပန်းလွန်းလို့ မခံမရပ်နိုင်တဲ့အချိန်မှာ ပေါက်ကွဲပွင့်ထွက်လာတဲ့ သဘောရှိတာပဲ။ တော်လှန်ရေးတစ်ခု မြန်မလား ကြာမလားဆိုတဲ့ အချိန်အတိုင်းအတာကတော့ ပြည်သူလူထုအနေနဲ့ ဘယ်လောက်များများမြန်မြန် ပါဝင်တုံ့ပြန်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အဲ့သလို ပါဝင်လာနိုင််ဖို့ကျတော့ ဦးစီးဦးဆောင်အပိုင်းရဲ့ စည်းရုံးသိမ်းသွင်းနိုင်မှုစွမ်းရည် လိုအပ်သလို နောက်လိုက်ပြည်သူ့အင်အားရဲ့ တူညီတဲ့ဆန္ဒသဘောထားအပေါ် မှာလည်း မူတည်ပါတယ်။ ဒါပေမယ့် ကိုယ်တို့ဆီက တော်လှန်ရေးမှာကျတော့ ခေါင်းဆောင်ပိုင်း အားလုံးကို ဖမ်းဆီးထိမ်းချုပ်ပြီး အာဏာသိမ်းတာမို့လို့ ငမြောက်ငခြောက်တွေ တစ်ယောက်တစ်ပေါက်နဲ့ ပွဲသိမ်းသွားမှာပါ လို့ တွက်ခဲ့ကြပုံပဲ။ အခု သူတို့ထင်သလိုမဖြစ်ခဲ့ပဲ တော်လှန်ရေးကြီးက တစတစအားကောင်းလာလို့ ပြေးပေါက်ပြင်နေကြရတာ။ ဖိနှိပ်လေ အုံကြွလေဆိုတဲ့ သဘောတရားကို သူတို့ နားမလည်ဘူး။ ကိုယ့်ဇာတ်ကိုယ် နိုင်အောင်မကနိုင်တော့တဲ့အချိန်မှာ တိုင်းပြည်ကို တရုတ်လက်၊ ရုရှားလက်၊ တဝက်စီ ထိုးအပ်ပြီး ကိုယ်လွတ်ရုန်းဖို့ကြံတယ်။ အိန္ဒိယလွှတ်တော်အမတ် တွေကလည်း ချင်းပြည်နယ် နဲ့ ကဘော်ချိုင့်ဝှမ်းကို ထိကပါးရိကပါး စော်ကားတဲ့စကားတွေ ပြောထွက်လာတယ်။ တိုင်းပြည်ကို ကာကွယ်ဖို့ တာဝန် ရှိတဲ့စစ်တပ်ကတော့ သူ့ဘက်က လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မိုးကုတ် နဲ့ ဖားကန့် က သယံဇာတတွေကို ရုရှားဆီရောင်းစားဖို့ စာချုပ်ချုပ်နေတယ်။ အဲ့သလောက်တောင် ပရမ်းပတာဖြစ်နေတဲ့ နိုင်ငံကြီးမှာ နောက်ဆုံးတော့ စစ်တပ်ကသာ အနိုင်ရလိမ့်မယ် ဆိုတဲ့ အယူအဆဟာ ဖြစ်နိုင် မဖြစ်နိုင် ကိုယ့်ဘာသာ စဉ်းစား။
ကိုယ်တို့ဘက်ကတော့ ဘာမှ စဉ်းစားစရာ မရှိတော့ဘူးလေ။ မြန်ချင်မြန် နှေးချင်နှေး။ ဂိတ်ဆုံးအထိ စီးမယ့်သူမို့လို့ ဟိုမှတ်တိုင် ဆင်းရကောင်းနိုး၊ သည်မှတ်တိုင် ဆင်းရကောင်းနိုး ချီတုံချတုံ မဖြစ်ပါဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်ပြီး ခရီးတွင်အောင် နှင်မှာ။ ရှေ့ဆက်ရမယ့် တားဂက် အမြဲရှိတယ်။ မဖြစ်ဖြစ်အောင်လည်း လုပ်တယ်။ ကိုယ့်ဘက်က ကြံစည်ကြိုးစားသမျှတိုင်းဟာ တော်လှန်ရေးအတွက် အထောက်အကူဖြစ်ဖို့သာ ရည်ရွယ်တယ်။ ဆေးကုတယ်။ စာသင်တယ်။ စာရေးတယ်။ ထောက်ပို့လည်း လုပ်တယ်။ Fund raising လည်း လုပ်တယ်။ လူသစ်တွေ လေ့ကျင့်မွေးမြူတဲ့ အလုပ်လည်း လုပ်တယ်။ စစ်ပွဲတွေရှိရာနောက် တကောက်ကောက် လိုက်ခွဲနိုင်ဖို့လည်း ကြိုးစားနေတယ်။ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရဖို့ ကိုယ့်ဘက်က ၁၀၀ ရာခိုင်နှုန်းအပြည့် ခွန်အားစိုက်ထုတ်နေတယ်။ အဲ့ဒါကြောင့် ကိုယ့်အတွက်ကတော့ နှေးတာတွေ မြန်တာတွေ မရှိဘူး။ ဒီတစ်ခုပြီးရင် နောက်တစ်ခု ဘာဆက် လုပ်မလဲပဲ စဉ်းစားတယ်။ ကိုယ်ဖြတ်သန်းလာရတဲ့ ဘဝတသက်တာမှာ ဒီလိုလူတွေရဲ့လက်အောက်မှာ ဒီလိုအချိုးအကွေ့တွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ ဒါပေမယ့် ကြောက်စိတ်နဲ့ ဦးကျိုးမသွားခဲ့ဘူး။ ထုံထိုင်း အ နတဲ့ အသိဉာဏ်နဲ့ အလှည့်ဖျား မခံရဘူး။ အနှောင်အဖွဲ့များစွာအောက်မှာ မလှုပ်နိုင် မရုန်းနိုင်ဖြစ်ပြီး ပြုသမျှနုနေရတဲ့ ဘဝလည်း မဟုတ်ဘူး။ အဲ့ဒီအတွက် ကျေနပ်ပါတယ်။ ဘယ်သူနဲ့မှ နှိုင်းယှဉ် တွက်ကပ်နေဖို့ မလိုဘူး။
ကိုယ့်အလုပ်က အောင်မြင်မလား ဒီကောင်တွေ အလုပ်က အောင်မြင်မလား ဆ်ုတာတော့ အချိန်ကုန် လေကုန်ခံပြီး အငြင်းအခုန် မလုပ်ဘူး။ အလုပ်နဲ့ပဲ သက်သေပြမယ်။ ဒီကောင်တွေဘက်ကလည်း ကိုယ့်ကို “ဘယ်လိုဇာတ်သိမ်းမလဲ စောင့်ကြည့်ဦးမယ်။” လို့ ဆိုတယ်မို့လား။ စောင့်ကြည့်တဲ့သူရယ်၊ မအလတို့ သားမြေးတသိုက်ရယ်၊ ကိုယ်ရယ် ဘယ်သူအရင်သေမလဲ၊ ဘာဆက်ဖြစ်မလဲ။ အားလုံးရဲ့ မျက်စိအောက်မှာ ရှိနေပါတယ်။ နိုင်မှာသေချာလို့ ရဲရင့်နေတာ မဟုတ်ဘူး။ မှန်တာသေချာလို့ သတ္တိကောင်းနေတာ။ မျိုးရိုးကအစ ကလိန်ကကျစ်၊ ငဆွေးငပွေး မပါဘူး။ အတိတ်ကိုပဲ ဇစ်မြစ်လှန်လှောကြည့်ကြည့်၊ အနာဂတ်ကိုပဲ မျက်လုံးဒေါက်ထောက်ကြည့်ကြည့်။ ခေါင်းအစခြေအဆုံး မုသားတွေဖုံးနေတဲ့ မင်းတို့စစ်ခေါင်းဆောင်တွေလောက်များတော့ ငယ်ထိပ်ကစပြီး ခြေမနဲ့သပ်ချလို့ရတယ်ကွာ။ နောက်ကို ဉာဏ်မမီပဲ လာလာမဖတ်နဲ့။ စပ်ရုံပဲရှိမယ်။ ရတနာမိုင် သီချင်းလေးနဲ့ ထွန့်ထွန့်လူးနေလိုက်တော့။
“အိုး…. စပ်လိုက်တာ စပ်လိုက်တာ။ စပ်လိုက်တာ စပ်လိုက်တာ။ စပ်တယ်။”