ချန်ဂင်တို့စခန်း (၃၃၁)

စစ်ရှုံးလို့ ဖျင်ပြေးပေါင်တာတောင်မှ တရုတ်ကြီးဆီ တခြမ်း၊ ရုရှားကြီးဆီ တစ်ခြမ်း၊ အီကြာကွေး ဖမ်းတဲ့ မအလ ဟာ လေယာဉ်ပျံပေါ်ကတောင် မဆင်းနိုင်ပဲ မီဒီယာတွေခေါ် အင်တာဗျူးရတဲ့အထိ အရသာတွေတွေ့နေပါတယ်။ ဘေဂျင်းကို သွားတာပဲဖြစ်ဖြစ်၊ မော်စကိုကိုသွားတာပဲဖြစ်ဖြစ် တိုင်းပြည်ကို ရောင်းစားပြီး လက်နက်တွေ ဝယ်ယူဖို့သာ ဖြစ်တဲ့အပြင် အဲ့ဒီလက်နက်တွေဟာလည်း ပြည်သူကိုသတ်ဖြတ်ဖို့အတွက်သာ ရည်ရွယ်ပါတယ်။ ဒါက သူ့ဦးဏှောက်၊ သူ့ဉာဏ်ရည်နဲ့ ပလေးလို့ရတဲ့ နောက်ဆုံးဖဲချပ်ပါ။ ဒါပြီးရင် သူ့မှာ ရွှေ့စရာ အကွက်လည်း မရှိတော့ဘူး။ သူကမှ သုံးပွင့်ဆိုင် ကစားလိုတယ် ဆိုရင်ဖြင့် ကင်မလာမန်းက ဘောင်းထဲဝင်အောင် လိုက်ရိုက်ရမယ့် မိန်းအက်တာကလည်း သုံးယောက်ပဲ ရှိပါမယ်။ ပူတင်ကြီးက ဘာပြောသလဲ။ ဘာတွေ လုပ်ပေးလိုက်သလဲ။ ဒီအခါမှာ ပေါက်ဖော်ကြီးဆီကရော ဘာအသံထွက်လာပြီး ဘယ်လိုတုံ့ပြန်သလဲ။ ကိုယ်တို့ မြန်မာပြည်သူတွေကရော ဘာဆက်လုပ်ကြမလဲ။ ဒီကောင့်အတွက်ကတော့ ဘာမှ ထည့်ပြောစရာ မရှိဘူး။ သူက သေလူဖြစ်သွားပြီ။ တရုတ်ကြီးကယ်တာတောင် အသက်မရှင်နိုင်မှန်းသိလို့ ပူတင်ကြီးပါဆွဲထည့်ပြီး မချိမဆန့် အသက်ထွက်ရတော့မှာ။ ဒီတစ်ဆင်းက သူ့အတွက် last cut ပဲ။

ကရင်မလင်နန်းတော်က စရံသတ်လိုက်တာက ထားဝယ်ရေနက်ဆိပ်ကမ်း နဲ့ နျူကလီးယား ဓါတ်အားပေးစက် တစ်လုံးတဲ့။ နှစ်ခုစလုံးက ဆောက်ဖြစ်မှ ကျောင်းဒကာချည့်ပဲ။ ဒီကံထရိုက်နဲ့ အပြီးမဆောက်နိုင်ပဲ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်။ ဒါပေသိ လေလည်သံနဲ့တင် ခွေးအိုကြီးက အမြီးတနန့်နန့် ဖြစ်နေပြီ။ အတုံးကြီးကြီး ဟပ်ရချည်သေးရဲ့ဆို။ တကယ်တမ်း လက်ထဲကို တေ့တေ့ဆိုင်ဆိုင် ပါလာတာက ကာဂိုလေယာဉ်တစ်စီးနဲ့ နေပြည်တော်လေဆိပ်ကိုရောက်လာတဲ့ စစ်လက်နက် ပစ္စည်းတွေပါ။ ခရိုနီဆယ်ယောက်လောက်ကို အလကားနေရင်း လေယာဉ်ပေါ် တင်ခေါ်သွားစရာတော့ အကြောင်းမရှိဘူး။ ပိုက်ဆံရှင်းခိုင်းစရာပဲ ရှိမယ်။ “ဘာဝယ်ခဲ့လဲ မရွှေဖဲ” တော့ မေးမနေပါနဲ့။ နောက်တစ်ပါတ်လောက်ဆို သိရပါပြီ။ ဗိုက်ကလေး မြို့တက်ပြီး ဘွတ်ဖိနပ် ဝယ်လာသလို ကြုံတိုင်းရွာအစအဆုံး ဖိနပ်မပေါက်မချင်း လျှောက်ပြတော့မှာ။ ဘေဂျင်းက ပါလာတဲ့ ဒရုန်းတွေ၊ ပါရာမော်တာတွေ ကိုယ်တို့ မြင်ပြီးပြီလေ။ ဒီတစ်ခါ ဘာပါလာသလဲ။ ကိုယ်တို့ပဲ တွေ့ရမှာ။ ခဏစောင့်။

ဘာပါပါအေ။ အဲ့ကောင်တွေ လက်နက်ချရင် ကိုယ်တို့ဆီပဲ ရောက်လာမှာ။ အဲ့တော့လည်း သုံးရမှာပဲဟာ။ ကြင်စိုးပစ္စည်း တို့ပစ္စည်းပေါ့။ အခု ကိုယ်တို့ ပါရာမော်တာတွေ ပစ်ချနိုင်တာ ၇ စင်း ရှိပြီ။ ထပ်တောင် တက်မလာရဲတော့ဘူး။ လာစရာလူလည်း မရှိပါဘူး။ AA မှာ စစ်သုံ့ပန်း ၁၅၀ မိရင် ၁၂၀ က အသစ်စုထားတဲ့ တပ်သားသစ်တွေ။ အသစ်တွေ ပြေးလို့မိတာ မဟုတ်ဘူး။ အထက်ကကောင်တွေက အသစ်တွေကို ထိုးကျွေးပြီး ထွက်ပြေးလို့ အသစ်တွေက အရှင်မိကုန်တာ။ ဒီကောင်တွေ ရုပ်ပေါက်ချက်ကလည်း ပြောမနေပါနဲ့။ စစ်ဗိုလ်စစ်သားမှန်း မသိအောင် အရပ် ဝတ်နဲ့ ပြေးသတဲ့။ အသွေးအမွေးက မပြောင်ယောင်၊ အဆီအသားက ခန်းခြောက်၊ စိတ်ဓါတ်က ဟိုးအောက်မှာ။ တကိုယ်လုံးချွတ်ပြီး တလာစီခိုင်းရင်တောင် ဘယ်ကောင်ကစစ်သားလဲ ရွေးထုတ်လို့ရတယ်။ ဘာမှ မခက်ဘူး။ ပီဒက်ဂိတ်မှာ ခွေးမွေးထားရင် အဲ့ဒီခွေးက ဂိတ်ဖြတ် တဲ့စစ်သားကို အနံ့ရတယ်။ သေးစော်နံလို့။ တော်လောက်ပြီနော်။ အားကြီးနဲ့ပြောသလို ဖြစ်နေမယ်။

ကဲ မေးပေးဦး။ တရုတ်ကြီးကရော ဘာပြောသတုန်း။ မစောကြည်ကြီးကတော့ “သူ့ဟာသူ ဘယ်သူနဲ့သွားတွေ့တွေ့။ ဟိုလူနဲ့တွေ့ပါ။ ဒီလူနဲ့ မတွေ့ရဘူး။ ပြောစရာလား။ နံမည်တပ်ပြီး ပြောပိုင်ခွင့်မရှိ။” လို့ နှုတ်ခမ်းစူပါတယ်။ ပါးစပ်ကထုတ်မပြောသော်လည်း သူ့ကားထဲမှာ cctv သာပါရင် သူ့ဆီကလည်း “အချိုးတွေ အရမ်းပြောင်းတယ်နော်။” ဆိုတဲ့ နော်ဖောအယ်ထားအသံလေး ကြားချင်ကြားရမှာ။ ဒါမျိုးက စနိုက်အကြော်ခံရတဲ့သူတွေပဲ ကိုယ်ချင်းစာနိုင်မှာပါလေ။ စောကြည်ကျဲကျဲ စိတ်ကောက်ရင် ချစ်သူကိုအပြစ်ယူဖို့ ဖြစ်လာလိမ့်မယ်။ “မြောက်ပိုင်းမှာတော့ ကျားဖျန့်တွေ မရှိတော့ဘူး။” ဆိုတဲ့ အဓိပ္ပါယ်ဟာ တောင်ပိုင်းကို “ငါလာပြီဟေ့။” လို့ အသိပေးရာရောက်တယ်။ ယူတို့ကလည်း ရွှေကုက္ကိုမှာ မောင့်အချစ်မြားစူးထားတာကို မနှုတ်ရသေးပဲ ရုရှားတွေကို “မောင်းမကန်မှာ လှိုင်းလုံးကြီးတွေ လိုက်စီးပါလားဝေ့။” လို့ သွားခေါ်ရဲတာ နည်းတဲ့သတ္တိတော့ မဟုတ်ဘူးနော်။ ဟိုက မြားတန်းလန်းနဲ့ မူကထလုပ်စားမလား၊ မာလာရှမ်းကော လုပ်စားမလား မသိဘူး။ မနေ့ကနေပြည်တော် ကို အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းကြီး လာသွားတာ သူတို့သတင်းထဲမှာပါသလို “ရွေးကောက်ပွဲမှာ ဘာများလိုသေးလဲ။” လို့ လာပြောတာသာမှန်ရင် ဒါသက်သက်ရိသွားတာ မဟုတ်ဘူးလား။

ကျားဖျန့်ကို အကြောင်းပြုပြီး မြန်မာတွေကို စစ်ကောင်စီလက်ထဲ ပြန်ပို့တဲ့ မယ့်ပေထုန်ဟာ လက်လွန်ကြက်သွန်ဖြစ်ပြီး ဝီဂါမူဆလင်တွေကိုပါ တရုတ်ပြည်ပြန်ပို့မိတာကြောင့် ထိုင်းတောင်ပိုင်းမှာ မီးနဲ့အမြှိုက်ခံရပါတယ်။ ဖမာ့ဘက်က တိုင်းမှူးတွေတောင် ပြုတ်ကုန်မှဟာ။ ခွန်ထိုင်းရဲမှူးတွေက ဘာသားနဲ့ ထုထားတာမို့လဲ။ ဘယ်ဘက်ကဖြစ်ဖြစ်ပါလေ။ တရုတ်ကြီးဆီက “ဒီလူတွေကို ဖြုတ်ပေး။” ဆိုပြီး ဘိုင်နိမ်းနဲ့လာတဲ့ ရာဇသံဟာ “မဖြုတ်ပဲထားရင် ဒီ့ထက်ကြီးတဲ့ နံမည်တွေ ပါလာမယ်။” ဆိုတာ အန်ဒါစတွတ်မို့လို့ ရှမ်းမြောက်၊ ရှမ်းအရှေ့က တိုင်းမှူးတွေ ကိုယ်တို့မတိုက်ရပဲ ပြုတ်ကုန်တာပေါ့။ အဖြုတ်ပြပြီး ရှဲဒိုးကစားလို့ကလည်း မရပြန်ဘူး။ အောက်က တက်မယ့်ကောင်တွေက နေရာလိုချင်လွန်းလို့ “ကောင်မရေ ညည်းဖယ် ညည်းဖယ်” နဲ့နေတာ။ ပြီးရင် သေရမယ့်လူချင်း အတူတူပေမယ့် ရာထူးတဆင့်တိုးလေးနဲ့ဆို နာရေးဖိတ်စာထဲမှာ လူရှိန်တာပေါ့။

တရုတ်ကြီးပဲဖြစ်ဖြစ်၊ ရုရှားကြီးပဲဖြစ်ဖြစ်၊ မင်းအောင်လှိုင်နဲ့ စာချုပ်ချုပ်ထားတဲ့ ဘယ်လိုသဘောတူညီမှုမျိုးမဆို မြန်မာနိုင်ငံသားအားလုံးက လိုက်နာလက်ခံမှာ မဟုတ်ဘူး ဆိုတာကို လက်တွေ့ပြပေးရဦးမှာပေါ့လေ။ ကြိုက်တဲ့လက်နက်နဲ့ကူတိုက်၊ ကြိုက်သလို ဖိအားပေး။ ကမ္ဘာမကြေမချင်း စစ်တိုက်မယ်။ PDF တွေ လက်နက်ချတယ်ဆိုတာ ဘယ်နေရာမှာ ကြားဖူးသလဲ။ ဒီစစ်ပွဲဟာ ကိုယ်တို့မျိုးဆက်နဲ့ မပြီးပြတ်ရင် နောက်မျိုးဆက်တွေအထိ ဆက်တိုက်မှာ။ မအလ စစ်တပ် အမြစ်မဖြတ်နိုင်အောင် ကာကွယ်တားဆီးရင် တားတဲ့ဆီးတဲ့သူတွေနဲ့ပါ ဆက်ရင်ဆိုင်မယ်။ ငါတို့နိုင်ငံက ဂျေရုဆလင်၊ ဂါဇာ၊ ချေချင်းညာ ဖြစ်သွားပလေ့စေ။ ဖက်ဆစ်စစ်တပ်ကိုတော့ အကြွင်းအကျန် မထားဘူး။ အဲ့ဒါကတော့ ကိုယ်တို့ မြန်မာနိုင်ငံသားတွေဘက်က သဘောထားနဲ့ ရှေ့ဆက်တိုးမယ့်ခြေလှမ်းဖြစ်ပါတယ်။ ပါးစပ်ပြောနဲ့ မဟုတ်ပါဘူး။ အသက်နဲ့ရင်းပြီး သက်သေပြမှာပါ။

ဒီခရီးကို ကိုယ်တို့လျှောက်ခဲ့တာ ဒီလောက်တောင် ကြာနေပြီ။ ဘယ်တုန်းကများ နောက်တွန့်သွားဖူးသလဲ။ ဘယ်တုန်းကများ ကြောက်ရွံ့သွားဖူးသလဲ။ ရပ်တံ့တွေဝေနေတယ် ဆိုတာတောင် မရှိခဲ့ဘူး။ အချိန်ရှိသ၍ ကြံစည် ကြိုးစားနေတာ။ ဖြစ်မလာသေးတဲ့ စစ်ပွဲတွေအတွက်တောင် အသင့်ဖြစ်အောင် စုဆောင်းပြင်ဆင်ထားတယ်။ ဆေးရုံကို ဗုံးလာကျဲရင်ကော ဘယ်လိုလုပ်မလဲ။ မပူပါနဲ့။ အဲ့ဒီအတွက်လည်း ပြင်ဆင်ထားပါတယ်။ နောက်ပိတ်ဆုံး ကိုယ်သေသွားခဲ့ရင်ကော။ ဘာလုပ်မလဲ။ အဲ့ဒီအတွက်ပါ ပြင်ထားပြီးသား ရှိတယ်။ လုံးဝအစီအစဉ် မရှိတာက လက်နက်ချ အရှုံးပေး အညံ့ခံဖို့ပါ။ အဲ့ဒါကတော့ ယောင်လို့တောင် စိတ်မကူးဘူး။ ငါတို့က နိုင်ကိုနိုင်ရမှာ။ အသက်ချင်းထပ်ပြီး လောင်းထားတယ်။ ကိုယ့်အသက်ရှင်ဖို့ ဘယ်ဖျင်မှ ပြေးလျက်တဲ့ကောင် မဟုတ်ဘူး။ ရှင်းလား။

ကိုယ်တို့ရောက်ကာစတုန်းက လေယာဉ် ဗုံးလာရင် ကျင်းထဲဆင်းပြေးတယ်။ မပြေးနိုင်လည်း ဒိုင်ဗင်ထိုးပြီး ဝမ်းလျားမှောက်လိုက်။ ဒူးအောက်ပိုင်းလောက် ရောက်နေရင် လွတ်တယ်။ မြေကြီးပေါ်ကျပြီး ပေါက်ကွဲတဲ့ ဗုံးသီးဟာ လူတစ်ယောက် မတ်တပ်ရပ်နေရင် ဒူးခေါင်းအထက်ပိုင်းကိုပဲ အစအနတွေလွင့်စင်ပြီး မှန်တာ။ တရုတ်ဒရုန်းတွေရလာပြီး အဲ့ဒီကနေ drop bomb နဲ့ချတော့ အဲ့ဒါတွေက လေထဲမှာတင် ပေါက်ကွဲပြီး အစအနတွေက အထက်ကလာမှန်တာ။ အဲ့ဒါကြောင့် head injury ရတဲ့သူတွေများတယ်။ တခါတခါ တနေ့တည်း ၃-၄ ယောက်လောက် head injury နဲ့ OT ဝင်ရဖူးတယ်။ အဲ့ဒီနောက်တော့ သူတို့ ဒရုန်းကင်မရာမှာ thermal sensor ပါလာပြီး လူစုစုရှိတဲ့နေရာကို ညအမှောင်ထဲမှာတောင် ရှာပစ်နိုင်ကြတယ်။ တခါတခါမှာ chemical weapon တွေ ပါလာတာလည်း ရှိတယ်။ ဗမာပိုင်းလော့တွေ လှလေးစိန်ဖြစ်တာများရင် ရုရှန်းပိုင်းလော့တွေ ဝင်ဝင်ဆော်တာလည်း ရှိတယ်။ လေယာဉ် ၂ စီး တူတူလာပြီး တစ်ကောင်က ဗုံးကျဲ၊ တစ်ကောင်က စက်သေနတ်နဲ့ဆွဲတာလည်း ရှိတယ်။ ဒါပေမယ့် ကိုယ်တို့ ဘာမှ မဖြစ်ဘူးလေ။ မြင်တဲ့အတိုင်းပဲ။ လွတ်အောင်နေတယ်။ လူမစုဘူး။ လူနာတွေလည်း တနေရာစီ သပ်သပ်ထားတယ်။ စစ်ပွဲနီးရင် ဆေးရုံက ရှောင်တယ်။ အလုပ်လုပ်မယ့်နေရာ၊ လူနာထားမယ့်နေရာတွေ ပြန်ပြင်တယ်။ တောခိုတယ် ဆိုတဲ့စကားအတိုင်း တောထဲတောင်ထဲမှာ လုံခြုံအောင် နေတယ်။ ဆေးရုံပိတ်ပြီး ထွက်ပြေးတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။ ဆေးရုံက ရှောင်ပြီး ဆေးဆက်ကုတာ။ နောက်တစ်ပါတ်လောက်ဆို ရုရှားကပါလာတဲ့ လက်နက်တွေနဲ့ လာတိုက်ကြဦးမှာ။ လာပစေ။ ကိုယ်တို့လည်း အရံသင့် စောင့်နေတယ်။ ဘာလာလာ ရင်ဆိုင်မယ်။ မင်းတို့အလှည့်ကျရင်လည်း လွတ်အောင်ပြေး။ မပြော မရှိနဲ့။

သူက ကိုယ်တို့ကို နှိပ်စက်နိုင်တာ အဲ့ဒီလေကြောင်းအန္တရာယ်ပဲ ရှိပြီး မြေပြင်မှာတော့ တပြေးတည်းပြေးနေရတာပါ။ SNA မလာနိုင်တဲ့အရပ်ဆိုရင် ဝိုင်းလိုက်တာနဲ့ အလံဖြူလေးပြပြီး လမ်းတောင်းတော့တာပဲ။ အင်းတော်ကြီးပတ်ပတ်လည်က ဆုတ်ခွါပြီး နန့်မွန်း၊ လုံးတုံမှာ အင်အားတွေဖြည့်ပြီး စောင့်နေတယ်။ အခုတခေါက်တော့ ဆိုဗီယက်ပြန် မအလကြီးအားကိုးနဲ့ ဒီဘက်တကြောကို ထိုးစစ်ဆင်ပြီး ပြန်သိမ်းမယ် ကြိမ်းဝါးနေပြန်သဗျ။ ဒါလည်းပဲ SNA အားကိုးနဲ့ပဲ တိုက်ရမှာပါ။ ဟိုပင်၊ မိုးညှင်း၊ နန့်မားဘက်က အထိုင်တပ်တွေဆီမှာ ထုတ်နှုတ်အင်အားများသွားရင် ဟိုဘက်ကိုပါ လက်လွှတ်ရလိမ့်မယ်။ အောက်ဘက်က စစ်ကူက ဗန်းမောက်၊ ဗန်းမော်၊ အင်းတော်၊ ကသာ မှာတင် ဒစ်လည်နေတုန်း။ အဲ့ဒီဘက်မှာလည်း အသည်းအသန် တိုက်နေရတာ။ အခု ကချင်စစ်မျက်နှာအတွက် ပုသိမ်က သင်တန်းဆင်းစ အယောက် ၃၀၀ စစ်ကူပို့လိုက်တယ် ပြောတယ်။ AA ကဖြင့် သာပေါင်းတောင် ရောက်နေပြီ။ မကြောက်ဘူးလား။ ရိုးမကိုကျော်ပြီး ကပစစက်ရုံတွေကို မျက်စပစ်လာပြီ။ ချင်းပြည်နယ်မှာလည်း ပွဲတွေက၊ ကရင်နီနယ်မှာလည်း ပွဲတွေက။ ခြိမ့်ခြိမ့်ကိုသည်းနေရော။ ဒီနေရာတွေအားလုံးက အရင်တုန်းကလို ကိုယ့်နေရာနဲ့ကိုယ် သခွပ်ပင်က မီးတကျည်ကျည် တိုက်နေတာ မဟုတ်ပဲ တစုတစည်းတည်း တိုင်ပင်ကိုက်၊ ချိန်သားကိုက်၊ စစ်ဆင်နေကြမှန်း သူတို့လည်း သိလို့ အတင်းကို သွေးခွဲရန်တိုက် ပေးနေတာပါလေ။ သူတို့ဘက်ကတော့ စစ်တိုက်တဲ့အဆင့်ကနေ ဓါးပြတိုက်တဲ့အဆင့်ကို ဆင်းသွားပြီ။

လေယာဉ်ပျံပေါ်ကမဆင်းပဲ လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်မယ် အင်တာဗျူးဖြေနေတဲ့ မောင်ကြင်စိုးလေးကို ပြန်မေးချင်တာက “ဘယ်လာရုစ်ကနေ Zoom voting နဲ့ လှမ်းမဲပေးမလို့လား။” ဆိုတာပါ။ သောမကြွက်မင်းကြီးရဲ့ အဆွေတော် ဘောမဖွတ်မင်းကြီးရဲ့ နန်းသက်ဟာ ဒီအတာနှစ်ကူးတောင် ကျော်နိုင်ပါ့မလား။ အခြေအနေ မဟန်ရင် ထွက်ပြေးခိုလှုံဖို့ စံအိမ်ကြီးတစ်လုံး ဝယ်ခဲ့တယ်ဆို။ သင်္ချိုင်းတော်ကြီးမှာ မြှုတ်ဖို့ မှန်ခေါင်းကြီးတစ်လုံးရော မှာပြီးပလား။ ဖျာလိပ်နဲ့ ထမ်းချရင်တောင် ကုက္ကိုကိုင်းနဲ့ မလွတ်လို့ လမ်းတဝက်တင် လွှင့်ပစ်ခံရမယ့်ကောင်ပါကွာ။ ပါလာတဲ့လက်နက်တွေ အောက်ကကောင်တွေဆီအပ်ပြီး သင်္ကြန်ရေကစားဖို့ သီချင်းကျက်နေပါလား။ ဒီနှစ်တော့ အာကာမြင့်အောင်ကို အလှည့်မပေးတော့ဘူး။ သွသူ ဆိုလိမ့်မယ်။ မနောသီချင်းလေး။ “မိခေါရေ။ မိခေါရေ။ မိခေါရေ။ မိန်လုံး။” တဲ့။