ချန်ဂင်တို့စခန်း (၃၂၉)

ကမ္ဘာကြီးက ဘာတွေဖြစ်ဦးမလဲ မသိပါဘူး။ ကိုယ်တို့ဆီမှာတော့ ဘာမှကို မဖြစ်သေးတာ။ ဒီလောက် သောက်သုံးမကျတဲ့ကောင်ကြီး ပေါက်ပန်းဈေးတွေပြောဆိုပြီး ပူတင်ကြီး ခြေသလုံးဖက်နေခိုက် ဒီဘက်မှာ အာဏာကောက်သိမ်းမယ့်သူ တစ်ယောက်မှ မရှိတာ အံ့ဩစရာပဲ။ အကုန်လုံးအတူတူ သေမယ့်လမ်းကိုပဲ ရွေးထားကြပုံရတယ်။ PDF တွေ နေပြည်တော်လာသိမ်းကာမှ အလံဖြူထောင်ပြီး “အသက်ချမ်းသာပေးပါ” တောင်းပန်မလို့လား။ ဒါမှမဟုတ် “ဖေဖေပြန်လာရင် ဝက်နာ ၅၀၀ နဲ့ အနုမြူလက်နက်တွေ ပါလာမယ်” ဆိုတာ တကယ်ကြီး ယုံနေတာလား။ ဟိုကဖြင့် မပြုတ်ခင်မပြတ်ခင်ကတည်းက ပန်းဆိုးတန်းက စာအုပ်အဟောင်းတွေ မိတ္တူကူးပြီး ရောင်းပြနေပြီ။

ရုရှားအနေနဲ့ ယူကရိန်းနဲ့ တောင် စစ်ပြေငြိမ်းပြီးမှ မြန်မာပြည်ကို အရေးလုပ်စရာ ဘာအကြောင်းမှ မရှိဘူး။ ကြင်စိုးလို အကောင်မျိုးနဲ့ ပလူးပလဲ လုပ်ရတာ သူ့အတွက် သိက္ခာကျ၊ အဆင့်အတန်းကျတာပေါ့။ နိုင်ငံတော်အလံချင်း တဘက်တချက်ထောင်ပြီး ကုလားထိုင် တတန်းတည်း ထိုင်ပြတယ် ဆိုတာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို နိုင်ငံတော်အကြီးအကဲအဖြစ် အသိအမှတ်ပြု လက်ခံတယ် ဆိုတဲ့သဘောပဲ။ အဲ့ဒီသဘောထားကို ပြသဖို့အတွက် အကျိုးအမြတ်၊ ရည်ရွယ်ချက် တစုံတရာမပါပဲ အပျင်းပြေ၊ အလွတ်သဘော၊ အချိန်ဖြုန်းမယ့်သူ မဟုတ်တာ သေချာပါတယ်။ သူလိုချင်တဲ့ ဖဲတစ်ချပ်ချပ်တော့ ကိုယ်တို့ဆီမှာ ရှိတဲ့ပုံပါပဲ။ “ခင်လိုချင်တာ ပို့လိုက်တယ်။ ကိုယ်လိုချင်တာ ရရမယ်။ နန်းတော်ရှေ့ကို မေးလာကြရင် သူဌေးဝါဒ လို့ ကျွန်တော်ပြောပြလိုက်မယ်။” ဆိုတာမျိုး နေမှာပေါ့။ “အဆွေတော် သောမကြွက်မင်းကြီး” ဆိုတဲ့ အဓိပ္ပါယ်မရှိသော အရူးစကားတွေရဲ့ နောက်ကွယ်မှာ အပေးအယူ အရောင်းအဝယ် တစ်ခုခုတော့ ပါတာ သေချာပါတယ်။ ဘယ်သူက ဘယ်သူ့ကို နှပ်ချနိုင်မလဲ ကြည့်ရသေးတာပေါ့နော်။ တရုတ်ကြီးကတောင် ရွံလို့ တိုက်ရိုက်မဆက်ဆံတဲ့ မျက်နှာရူးကြီးက မော်စကိုအထိသွားပြီး “နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်” သွားလုပ်တာ။ ဟျောင့်ရေ အဲ့ဒါ စနိုက်ကြော်ရမယ့်ဆော် မဟုတ်ဘူး။ ရွှံ့ပိတ်ထားတဲ့ နွားမကြီးရယ်။ မိုးကြိုးပစ်မယ့်ငှက်ငယ်ကလေးများတော့ တစ်ကိုင်းတည်းနားကုန်ပြီ။ ခေါင်ထိရင် အကုန်နားကားမှာ။ ပျော်စရာကြီးဗျာ။

သူတို့အချင်းချင်း ဘာတွေ ဘယ်လိုပဲ အပေးအယူ ရှိခဲ့ပါစေ။ တကမ္ဘာလုံးရဲ့ မျက်စိအောက်မှာတော့ မသူတော်ချင်း ပင်းကြလေပြီ လို့ပဲ မလွဲမသွေ ထင်မြင်ကြပါလိမ့်မယ်။ တတိယကမ္ဘာစစ်ကြီး ဖြစ်တော့မှာလား လို့ စစ်ရေးနိုင်ငံရေးတင်းမာမှုတွေ ပြင်းထန်လာချိန်မှာ “အဆွေတော်နှင့်အတူ ရပ်တည်ပါအံ့။” လို့ မရှက်မကြောက် သွားပြောရဲတဲ့သတ္တိကတော့ အရယ်ရဆုံးပြက်လုံးပါပဲ။ ကမ္ဘာစစ် မပြောနဲ့။ ကိုယ့်နိုင်ငံအတွင်းမှာတောင် စစ်သားမရှိလို့ အတင်းအကြပ် ဖမ်းဆီးခေါ်ယူနေရတဲ့သူက ဘယ်နိုင်ငံနဲ့ ဘယ်လိုစစ်တိုက် ချင်နေရတာလဲ။ တရုတ်ကယ်တာတောင် PDF ကို မနိုင်လို့ ရုရှားဆီ စစ်ကူတောင်းရတာများ။ အခုတော့ သူက ပူတင်ကို “Fighting!” လို့ သွားမန့်ခဲ့တယ်ပေါ့လေ။ ပြောရဲဆိုရဲ ရပ်ကွက်ကပါလား။ အရင့်အရင်က ဒီလို အတန်းအစားမျိုးကို ဧည့်ထောက်ခံ ဆက်ဆံလေ့ မရှိတဲ့ ပူတင်ကြီးက အရောတဝင် အရေးတယူလုပ်နေရတာကိုကြည့်ရင် သူ့ဘက်မှာလည်း မရှူနိုင်မကယ်နိုင် ဖြစ်နေပြီ ထင်ပါရဲ့။

အိမ်ဖြူတော်မှာ လူလိမ်မော်ကြီးတစ်ယောက် ပုဏ္ဏကတိုက်နေတဲ့အချိန်မှာ မော်စကို နဲ့ ဝါရှင်တန်က ပူးပေါင်းသွားပြီး ယူကရိန်းစစ်ပွဲကို ရပ်စေမတဲ့။ ဒါဆိုရင်တော့ စစ်မဖြစ်တော့ပဲ ငြိမ်းချမ်းသွားမယ်။ အားယားသွားမယ်။ လက်နက်တွေ ထားစရာ မရှိအောင် ပိုလျှံလာမယ်ပေါ့။ အဲ့ဒီလက်နက်တွေကို ပေးသနားတော်မူရင်ဖြင့် မြန်မာပြည်က လက်နက်မဲ့ပြည်သူတွေကို အခုထက်ပိုပြီး သတ်နိုင်ဖြတ်နိုင်၊ နှိမ်နှင်းနိုင်မယ်ပေါ့။ သူ့ဘက်မှာ ရုရှားသမ္မတကြီးက လူသိရှင်ကြား ရပ်တည်ပြလိုက်ရင် PDF တွေက လက်နက်ချလိုက်ပြီး တကမ္ဘာလုံးက သူ့ကို မဖြစ်မနေ အသိအမှတ်ပြုရတော့မယ်ပေါ့။ စိတ်ထဲဖြစ်ချင်သမျှတွေ စာစီစာကုံးရေးလာတာ reference ယူစရာရှားလို့ ပန်းဆိုးတန်းအဟောင်းတန်းမှာ ဝင်မွှေလာပုံရတယ်။ နောင်ကို ကမ္ဘာ့သမိုင်း သင်ကြတဲ့အခါမှာလည်း မြောက်ကိုရီးယားတို့၊ ဘယ်လာရုစ်တို့နည်းတူ တဘက်တည်းရပ်တည်တိုက်ပွဲဝင်ပေးမယ့် သတ္တိခဲ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနဲ့ မော်ကွန်းတင်ရစ်စေမယ့် စိတ်ကူးပါ။ အိမ်း ဒါကတော့ မအေးအေးဝင်း စီစဉ်တာ မဟုတ်တော့ဘူး။ ခင်သီရိပြည့်စုံမေ ရဲ့ သူလိုလူစား ဇာတ်ညွှန်းကြီး ဖြစ်မယ်။ ဇင်ယော်မောင်မောင်က ရိုက်ပေးမလို့ အသင့်စောင့်နေတယ်။

တကယ်လို့များ အထင်နဲ့အမြင်နဲ့ တလွဲစီဖြစ်ပြီး ကမ္ဘာစစ်ကြီးကို မတားဆီးနိုင်တော့ရင်ကော ဘာတွေဆက်လုပ်မလဲ။ ဒါလည်းပဲ Plan B ရှိပါတယ်။ မဟာမိတ်နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ မြောက်ကိုရီးယား စစ်သည်များနှင့်အတူ “ဘယ်လိုစစ်ပွဲမျိုးမဆို ဆင်နွှဲရန် အသင့်ရှိသည်။” ဆိုပြီး လေကျယ်နေတဲ့ ပေါက်ဖော်ကြီးကို နောက်ဖေးပေါက်ကနေ ဝင်ကျုံးမှာပေါ့။ အခုလောက်ဆို ရှီကျင့်ဖျင်ကြီးတောင် သွေးကျဆေးတွေ သောက်နေရောပေါ့။ အဘရဲ့အကွက်တွေကို ဖြုံသွားလို့။ ကြင်စိုး။ နင်ဟာလေ။ လည်တော့လည်တယ်။ တစ်ပါတ်မပြည့်ဘူး။ ခုလေးတင် သူကယ်ထားလို့ အသက်ဆက်ရှင်နေရတဲ့ ကျေးဇူးမှ မထောက်။ အဖေကျော် ဂွေးတော်ငမ်းတဲ့ နင့်ကို ဟိုက အာရုံအနောက်ခံပြီး ထိုင်ကြည့်နေပါ့မလား။ နန်းတော်ရှေ့သဲအိပ်တင် ဆရာကြင်ရဲ့ စစ်သားများဟာ ကမ္ဘာစစ်သာဖြစ်ရမယ်ဆိုရင် နေရာတင် လိပ်ပြာလွင့်သွားလို့ ဒဏ်ရာမပေါ်ပဲ အသက်ထွက်ကုန်ကြမှာ။

သူ့ဟာသူ ကမ္ဘာစစ်မကလို့ စကြာဝဠာစစ်ပွဲကြီးပဲ ဖြစ်ဖြစ်အေ။ ရုရှားဆီက စစ်ကူရရင်၊ လက်နက်ရရင်၊ လောင်စာဆီတွေရရင် လောလောဆယ် တရှုံးတည်း ရှုံးနေတဲ့ ပီဒက်တွေရန်ကနေ တစ်ရက်ဖြစ်ဖြစ်၊ နှစ်ရက်ဖြစ်ဖြစ်၊ တောင့်ခံနိုင်မှာပဲ။ အနုမြူဗုံးကြီးပေါက်တော့လည်း အကုန်လုံး အတူတူ သေကြမှာပဲဥစ္စာ။ ဘာပဲဖြစ်ဖြစ် မသေခင်လေး ပြုံးပျော် မော်ကြွားနေတဲ့ ဓါတ်ပုံလေး ရလိုက်တာ အမြတ်ပေါ့။ မှန်ဘောင်သွင်းပြီး ထမင်းပွဲလေး၊ ရေခွက်လေး၊ ပန်းအိုးလေးနဲ့ ခင်းကျင်းပြသလို့ တင့်တယ်နေပြီ မဟုတ်လား။ ဗျာဒိတ်တော်လာ စကြာမင်းကြီး၏ အဆွေတော် ကြောင်ချီးဧကရာဇ် လို့ လည်း ကမ္ဗည်းတင်စရာ ရတာပေါ့နော့။ ဂူသွင်းစရာ အလောင်းရှာရရင် ပြောပါတယ်။ မရလည်း ကိစ္စမရှိပါဘူး။ တပ်ထဲက မုဆိုးမတွေ စောင်နီကလေးခြုံပြီးထွက်လာရင် သဘောပေါက်ပြီးသား ဖြစ်မှာပါ။

ကမ္ဘာကြီးမှာ ဘာတွေဖြစ်ဖြစ်ပါလေ။ ကိုယ်နဲ့ မဆိုင်ပါဘူး။ လောလောဆယ် အဲ့ဒီကိစ္စတွေ တွေးတောငေးမောခြင်းဟာ ကိုယ့်အတွက်တော့ နတ်က ရာ ကျီးမောသလိုသာ ဖြစ်လိမ့်မယ်။ ကြာကြာတော့ မမောနိုင်ဘူး။ ကိုယ့်မှာ လုပ်စရာတွေ တပုံကြီး။ ဆေးရုံမှာ လူနာတွေ အဆက်မပြတ်ဘူး။ စစ်ပွဲရှိရင် စစ်ပွဲလူနာတွေ လာသလို စစ်ပွဲနားရင်လည်း စစ်ရှောင်စခန်းက ရောဂါဝေဒနာနဲ့ ဒုက္ခသည်တွေ လာတယ်။ နေ့လည်းမအား ညလည်းမနားရဘူး။ ခွဲလူနာ၊ မွေးလူနာ မရှိတဲ့နေ့ဆိုတာ အင်မတန်ရှားတယ်။ လူနာတိုင်းကို မကုနိုင် မကယ်နိုင်တော့တဲ့အတွက် ဆေးရုံမှာ Casualty မဟုတ်ပဲနဲ့ကို Triage လုပ်နေရတယ်။ ဘယ်သူ့ကို အရင်ကုမှာလဲ။ ဘယ်လူနာက အခုချက်ချင်း ကုမှ အသက်ရှင်မှာလဲ။ ဘယ်လူနာကဖြင့် ဘာလုပ်လုပ် ထူးမှာ မဟုတ်ဘူး ဆိုတာ ကိုယ့်မျက်စိထဲမှာ အနီတွေ၊ အဝါတွေ၊ အစိမ်းတွေ ခွဲမြင်နေရတယ်။

ဒီလိုကာလမျိုးမှာ မီးစာကုန်ဆီခမ်းပြီး ရောဂါကျွမ်းနေတဲ့လူနာကြီးတွေကို သက်တောင့်သက်သာ ဘဝကူးစေဖို့ palliative care ပေးတဲ့အလုပ်ကို ကိုယ်မလုပ်နိုင်တော့ဘူး။ ကိုယ်က လုပ်နိုင်ရင်တောင် အနားမှာ လူနာစောင့်လုပ်ပြီး ပြုစုရမယ့် မိသားစုက မလုပ်နိုင်တော့ဘူး။ ကိုယ်က အလကားကုပေမယ့် သူတို့က စစ်ရှောင်စခန်းကနေ မိသားစုလိုက်ကြီး ဆေးရုံမှာ လာတက်နေရတာ။ ဟိုမှာလည်း ထားခဲ့လို့မရ။ ဒီမှာလည်း လာနေလို့မရတဲ့သူတွေ။ ကိုယ်က ဆေးပဲကုနိုင်တာလေ။ လူတပြုံကြီး ထမင်းတင်ကျွေးမထားနိုင်ဘူး။ သူတို့လူနာကလည်း နေ့ရောညရော အောက်ဆီဂျင်တန်းလန်းနဲ့ ဆေးရှိသမျှအကုန် စုံပလုံစိနေအောင် ပေးထားလည်း သတိက ပြန်လည်မလာဘူး။ “ကယ်မရမယ့်အတူတူ သေစရာ ရှိလည်း မြန်မြန်သေသွားတာ သူ့အတွက်လည်းကောင်း၊ ကျန်ရစ်သူတွေအတွက်လည်း ကောင်းတယ်။” ဆိုတာ ဘာစကားတစ်ခွန်းမှ ရှင်းမပြလည်း လူနာရှင်တွေက သဘောပေါက်ပါတယ်။ အသက်ငင်နေတဲ့ အိမ်ဦးနတ်ကြီးဘေးမှာ ဘုစုခရု လေးငါးကောင်လောက် မျက်နှာငယ်လေးနဲ့ လူနာစောင့်နေကြရတာကိုလည်း ကိုယ်တို့မကြည့်ရက်ဘူး။ ဒါမျိုးကို အစကတည်းက ကြိုမြင်နိုင်တဲ့ အလေ့အကျင့်ရလာတာ ကောင်းတယ်လို့တော့ မထင်နဲ့။ သူတို့ကတော့ “ဆရာ့ကို အားကိုးလို့ လာတယ်” ပြောပေမယ့် ကိုယ့်မှာ မယူလည်းခက် ယူလည်းခက်။ ဆေးရုံမှာ ၂ ပါတ်လောက် ဆက်ရှင်ရင် အောက်ဆီဂျင် ၂၈ လုံး ကုန်မှာပဲ။ ဒီလိုလူနာမျိုး ၂ ယောက် ပြိုင်တက်နေရင် ၅၆ လုံး ကုန်မှာဆိုတော့ ခွဲခန်းထဲမှာ မေ့ဆေးပေးဖို့ ကျန်မှာ မဟုတ်ဘူး လို့ တွက်နေမိတယ်။ သူ့တစ်ယောက်ကိုငဲ့ရင် နောက်ထပ် ဆယ်ယောက်လောက် ဒုက္ခများလိမ့်မယ်။ သူကလည်း အပြီးသတ်ကျတော့ သွားဦးမှာ။ ဒါဆိုရင် လူနာတွေကို တစ်ယောက် အောက်ဆီဂျင် ဘယ်နှစ်လုံးပဲ ပေးရှူမယ် ကန့်သတ်ကြမလား။ အဲ့ဒီလိုတော့ မဟုတ်ဘူးဗျ။ ဟိုတခါ စာထဲထည့်ရေးတဲ့ လည်ပင်းလက်နက်ကြီးမှန်လို့ အဆုတ် ၂ ဘက်စလုံး chest tube ထည့်ပြီး ARDS ဝင်တဲ့လူနာဆို မကောင်းမချင်း အောက်ဆီဂျင်ပေးထားတာ ၂ ပါတ် ကျော်ပါတယ်။ သူက ပြန်ကောင်းနိုင်တဲ့လူနာမို့လို့ မရမက လိုက်ဆယ်တာလေ။ နောက်ဆုံးမှာ ကျောရိုးထိလို့ အောက်ပိုင်းသေနေတာကို ဆက်ခွဲစိတ်နိုင်ဖို့ လိုင်ဆာအထိတောင် လွှဲပေးပြီးပြီ။ သူ့ကျ အသိမို့လို့၊ VIP မို့လို့၊ PDF မို့လို့၊ ပိုပြီး ဂရုစိုက်နေတာ မဟုတ်ဘူး။ ပြန်ကောင်းမယ့်လူနာ နဲ့ ပြန်မကောင်းမယ့်လူနာ ခွဲခွဲခြားခြားသိလို့ သင့်တော်သလို ကုရတာ။ အလားအလာ မျှော်လင့်ချက် ရှိမရှိ ကိုယ့်ဘာသာ သိနိုင်ရတယ်။ ဟိုးအရင်နှစ်ကဆို ကိုပိုင်က “အိမ်မှာပြန်ပြီး ခေါင်းချပါရစေ။” ဆိုတာတောင် လက်မခံဘူး။ “ဒီမှာပဲ သက်တောင့်သက်သာ နေပါ ကိုပိုင်ရယ်။” ဆိုပြီး အဆုံးထိ ကုပေးခဲ့တယ်။ အခု အဲ့ဒီလို service မျိုး မပေးနိုင်တော့ဘူးဗျ။ အဝင်အထွက် အတက်အဆင်း ယောက်ယက်ခတ်နေတဲ့ဆေးရုံမှာ ငြိမ်းငြိမ်းချမ်းချမ်း ဝိဉာဉ်ချုပ်ဖို့ဆိုတာလည်း သူတို့အတွက်တော့ နည်းနည်းတော့ ခဲယဉ်းမှာပဲ။ လေယာဉ်လာရင် ကျင်းထဲဆင်းရမှာက ရှိသေး။

ဆေးရုံအနေနဲ့ terminal care ပေးဖို့ကို ချင့်ချိန်လာရတဲ့အချိန်မှာ နောက်ထပ် အကန့်အသတ် ရှိလာတာကတော့ ကင်ဆာလူနာတွေအတွက် adjuvant therapy နဲ့ palliative care ပါပဲ။ အရင်တုန်းက one stop service ရတယ်။ ခွဲပြီးရင် biopsy ပို့၊ အဖြေရရင် oncologist ဆီပြ၊ ကင်ဆာဆေးတွေလှမ်းမှာပြီး ဆေးရုံမှာ cycle ပြည့်အောင် သွေးဖောက်၊ ဆေးသွင်း၊ ကုပေးတယ်။ အခု အဲ့လို မလုပ်နိုင်တော့ဘူး။ ဆေးက ဝယ်လို့လည်းမရ၊ မှာလို့လည်းမရ၊ သယ်လို့လည်း မရဘူး။ “ကျွန်တော် ခွဲပဲခွဲပေးနိုင်ပါတယ်။ ဆေးဝယ်လာနိုင်ရင် သွင်းပေးပါ့မယ်။” ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး ကုရတယ်။ လွှဲတာတော့ လွှဲပေးလိုက်တာပဲ။ သူ့ဘာသူ သွားတာ မသွားတာ တစ်ကဏ္ဍ။ သိပ်ရှင်းပြလွန်းရင် အခွဲတောင် မခံတော့ဘူး။ ward ထဲက advanced Ca penis နဲ့ inguinal abscesses တွေ ပုတ်ဟောင်နေတဲ့လူနာကြီးဆို သေမှာအတူတူဖြင့် ဖွားဖက် တော်ကလေး တဝက်ဖဲ့မထားခဲ့နိုင်ဘူးတဲ့။ ဆေးရုံဆင်းခွင့်တောင်းနေပြီ။

ဆရာဝန်တွေကို ဆေးမကုနိုင်အောင် ပိတ်ပင်တားဆီးထားတယ်။ ဆေးဝါးပစ္စည်းကိရိယာတွေကို ဝယ်ယူသယ်ဆောင်လို့မရအောင် ရှာဖွေဖမ်းဆီးနေတယ်။ ဆေးကုမ္ပဏီတွေကို တင်သွင်းခွင့်လိုင်စင်မပေးပဲ ဒေါ်လာဈေးနဲ့ပါတ်သက်တဲ့ အမိန့်ကြေငြာစာ (စည်းမျဉ်းစည်းကမ်း မဟုတ်ဘူးနော်) အမျိုးမျိုး ထုတ်ပြန်ပြီး တားဆီးကန့်သတ်ထားတယ်။ ပြည်သူ့ဆေးရုံတွေမှာ public service မပေးနိုင်ပဲ private hospital တွေကျတော့လည်း ဖာတန်းရဲဖမ်းသလို ဝင်ဝင်စစ်တယ်။ သေနတ်မှန်၊ ဗုံးမှန်၊ လေယာဉ်ပျံလာမှ သေရမယ် လို့ ဘယ်သူကပြောလဲဗျ။ ဘာစစ်မှမဖြစ်လည်း ဆေးကုခွင့်မရရင် လူနာဆိုတာ သေလို့တောင် မလောက်ဘူး။ စောစောသေ စောစောအိပ်ရတယ်။ ပိုက်ဆံကုန်သက်သာတယ်။ အိမ်ကလူ ဒုက္ခမရောက်ဘူး။ နင်တို့ ဗမာပြည် ဘာတွေမက်လို့ အသက်ဆက် ရှင်ချင်ရမှာလဲ။ ငါတို့သေရင် ကျောပေါက်သရဲ၊ ခေါင်းပြတ်သရဲ မဖြစ်ဘူး။ စစ်သားသတ်သရဲတွေချည့်ဖြစ်မှာ။ ပြေးစမ်း နင်တို့။ ကမ္ဘာစစ်ဖြစ်ရင် ပျော်စရာကောင်းလိုက်မယ့်ဖြစ်ခြင်း။

ဒီဟာက ကိုယ့်ရဲ့ လက်ရှိအခြေအနေကိုပဲ ပြောတာပါ။ ဒီလိုပြောလို့ မကုပဲ ထိုင်နေတယ် မထင်ပါနဲ့။ လက်တောင်မလည်ဘူး။ ကုရတာ။ ဝန်နဲ့အားနဲ့ မမျှလို့ ဘယ်အရာကို ဦးစားပေးမလဲ။ အနီ၊အဝါ၊ အစိမ်း၊ အနက် နဲ့ လူနာတွေကို triage လုပ်ရတာ။ ကိုယ့်မှာရှိတဲ့ resources သုံးပြီး များများ နဲ့ မြန်မြန် ကယ်နိုင်ဖို့ အရေးကြီးတာကိုး။ ဒီလိုကုနေလို့လည်း အချစ်နဲ့စစ်ကို မျက်ခြေပြတ်မသွားပါဘူး။ ဘာစစ်ဖြစ်ဖြစ် ရင်ဆိုင်ရန် အသင့်ရှိပါတယ်။ ကြိုတင်ပြင်ဆင်ထားသော စိတ်ကူးအကြံအစည်များလည်း ရှိသလို ခြေလှမ်းအသစ်၊ စစ်မျက်နှာအသစ်တွေလည်း ရှိပါတယ်။ ခြေသံလုံလုံ ချဉ်းကပ်နိုင်ဖို့ ကိုယ့်ရဲ့လှုပ်ရှားမှုတွေကို အချိန်နဲ့ တပြေးညီ live လွှင့်မနေတာပဲ ရှိတာ။ အသိမပေးပဲ လုပ်ထားတဲ့အလုပ်တွေမှ အများကြီး။ တွေ့မယ် တွေ့မယ်။ အချိန်တန် တွေ့လိမ့်မယ်။ ဒီနေရာမှာ ရပ်မနေဘူး။ ဒီအတိုင်းပဲ ရပ်မနေဘူး။ ချန်ဂင်ဟာ တစ်နှစ်ထက်တစ်နှစ် အရှိန်ရလာလေလေ၊ ရန်သူကို ထက်ထက်မြက်မြက် တုန့်ပြန်ချေမှုန်းနိုင်လေလေပဲ။ ၂၀၂၅ ချန်ဂင်ဟာ ဘယ်လိုစွမ်းအင်မျိုးနဲ့ ပျံသန်းမလဲ။ မကြာခင်မှာ လက်တွေ့သိရပါလိမ့်မယ်။ Trauma Code ထဲက ဒေါက်တာဘတ်လို ကျောပိုးအိပ်တစ်လုံးနဲ့ မော်တော်ဆိုင်ကယ်စီးပြီး စစ်ပွဲအလယ်မှာ drift ဆွဲကျွမ်းထိုး ထွက်လာမယ်လို့ နိုင်ငံကျော် ဆရာမင်း မဟာသင်္ကြန်စာထဲမှာ ပါလာရင် “ဟော ဟိုမှာ။ ဒေါက်စိုးလာပြီ။” လို့ ၃ ကြိမ် ၃ ခါ ရွတ်ဆိုလိုက်ကြပါကုန်။