လိုင်ဆာက စစ်ရှောင်စခန်းမှာ ကလေးမလေး ၃ ယောက် သူတို့ဆရာမအိမ် အလည်သွားတဲ့အခါ အဲ့ဒီဆရာမရဲ့ယောက်ကျားဖြစ်သူက ပြန်ပေးဆွဲပြီး ရက်ရက်စက်စက် သတ်ပစ်လိုက်ပါတယ်။ စစ်ဘေးစစ်ဒဏ်ကြောင့် နေရပ်အိုးအိမ်စွန့်ခွါပြီး ထွက်ပြေးလာရတဲ့ ဒုက္ခသည် ကလေးသူငယ်လေးတွေအပေါ်မှာ အဲ့သလောက်တောင် အကြင်နာတရားကင်းမဲ့လှတာ ဘယ်လိုလူယုတ်မာမျိုးပါလိမ့် လို့ စုံစမ်းကြည့်တဲ့အခါ အရင်ကတည်းက လူသတ်မှုနဲ့ သေဒဏ် ချထားပြီးသားကို လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာတဲ့သူ လို့ ဆိုပါတယ်။ အကျဉ်းထောင်တွေအားလုံးမှာ ရာဇဝတ်သားတွေကို အပြင်ထုတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေချည့် ဖမ်းထည့်ထားတဲ့ ဘဘကြီးများရဲ့ အစီအမံပေပဲ။ ဒင်းတို့သားတွေမြေးတွေ အနာကင်း အဆင်းလှ၊ ကျန်းမာ သက်ရှည်ကြပါစေဗျာ။ တူသောအကျိုးပေးပါစီ။ ရှိရှိသမျှ ဘုရားတိုင်း စူးရစေရဲ့။
စစ်ရှောင်စခန်းက ဒုက္ခသည်တွေဟာ ပညာသင်မယ်လို့ ကျောင်းတက်ရင်လည်း လေယာဉ်နဲ့ ဗုံးကျဲခံရတယ်။ အစားအစာ ရှားပါးလို့ လှူတန်းကျွေးမွေးပြန်ရင်လည်း ပေါင် ၅၀၀ ဗုံးနဲ့ ရိက္ခာပို့တယ်။ နေထိုင်မကောင်း၊ ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတက်နေပြန်ရင်လည်း ဆေးရုံပေါ် ဗုံးကျဲတာပဲ။ မြန်မာပြည် လေတပ်က စစ်ဗိုလ်များဟာ ကလေးသူငယ်တွေကို အငြိုးတကြီးနဲ့ကို သတ်ချင်နေတာ ဘယ်လိုရန်ကြွေးများ ရှိလို့ပါလိမ့်။ သူတို့မှာ သားသမီး၊ တူ၊ တူမများ မရှိလို့လား။ စစ်သားမြင်လို့ သူ့အဖေရင်ခွင်ထဲ ဝင်ပြေးတဲ့ ၃-၄ နှစ်အရွယ် သမီးငယ်ကလေးကို မိသားစုမျက်စိအောက်မှာတင် နောက်ကျောက ဘက်နက်နဲ့ထိုးသတ်ရဲတဲ့ မြန်မာစစ်သားကြီးရဲ့ သတ္တိကိုလည်း တသက်လုံး မမေ့နိုင်စရာအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ရန်ကုန်မှာ ဖြစ်ခဲ့တာပါ။ မော်ကွန်းလည်းတွင်ရပါစေ့မယ်။ သမိုင်းလည်း ဝင်ရပါစေ့မယ်။ တပ်မတော်ကြီးရဲ့ စွမ်းဆောင်ရည်တွေပါ။ မတော်တဆကို မဟုတ်ခဲ့ပါဘူး။
ကိုယ်တို့ဆေးရုံမှာ နေ့တိုင်းနေ့တိုင်း မိုးလင်းကမိုးချုပ် တဖွဲဖွဲ မစဲပဲ ရောက်လာနေတဲ့ လူနာတွေမှာလည်း ဇစ်မြစ်ကို လိုက်ကြည့်ရင် အမျိုးအစားက နှစ်မျိုးပဲ ရှိပါတယ်။ စစ်ပွဲမှာ ဒဏ်ရာရတဲ့သူရယ်၊ စစ်ရှောင်စခန်းက လာပြတဲ့သူရယ်။ ကချင်ပြည်နယ်မှာ စစ်မဖြစ်တဲ့နေရာ ဘယ်မှာမှ မရှိတော့ဘူး။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေမှာလည်း ဘယ်မှာမှ မရှိပါဘူး။ တနိုင်ငံလုံး စစ်မီး တောက်လောင် နေတာ။ မြို့ပေါ်ကလူတွေဆို လမ်းထိပ်တောင် မထွက်ရဲသလောက်ပဲ။ ဘယ်ကိုမှ တိုင်လို့မရတဲ့ လူပျောက်ကြော်ငြာတွေက ဖေ့စ်ဘုတ်ပေါ်မှာ နေ့စဉ်နဲ့အမျှ။ နိုင်ငံခြားကလူတောင် Black list ထုတ်ပြီး ဆက်ကြေးကောက်မလို့တဲ့။ “မရှိဘူး။ သေပြီ။” လို့ ပြောတာတောင်မရ။ နင်မဟုတ်ရင် နင့်အဖေပဲ။ ၁၈-၃၅ မှန်ရင် တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း။ ငါ့ဘက်က စစ်တိုက်ပေးနေတာ မဟုတ်ရင် အဲ့ကောင် ရန်သူ။ သတ်ပစ်။ အခု သတ်ပစ်။ ထိုင်းကဖမ်းပြီး ပြန်ပို့သမျှ အားလုံးကိုလည်း အကုန်စစ်မှုထမ်းခိုင်းတာ။ ဆွံ့အနားမကြားတွေတောင် မလွတ်ဘူး။ ဒီလိုမှ လူမဖြည့်ရင် လုံခြုံရေးချဖို့တောင် မကျန်တော့ဘူးလေ။ စစ်မှုထမ်းဟောင်း၊ အိုနာကျိုးကန်းတွေလည်း မျိုးပြုတ်သွားပြီ။ လက်ပွေ့ဂျာနယ် ရောင်းမယ့်လူတောင် ရှာမရတော့ဘူး။
အခု သူတို့ စစ်တိုက်နေတာ လူမပါပဲ စက်အားကိုးနဲ့ တိုက်နေတာဗျ။ လေယာဉ်နဲ့ ဗုံးကျဲမယ်။ လက်နက်ကြီးနဲ့ ပစ်မယ်။ drone နဲ့ ချမယ်။ စက်တပ်လေထီးနဲ့ လာချမယ်။ အဲ့ဒါတွေကို သူတို့ မလုပ်တတ်သေးလို့ တရုတ်က၊ ရုရှားကကောင်တွေ ကိုယ်တိုင်လာပြီး လေ့ကျင့် သင်ကြား ပေးနေတယ်။ ကိုယ့်ဘက်က ပြန်ပစ်နိုင်ရင်တောင် စက်ကိုပဲ ထိမယ်။ ရန်သူ မသေဘူး။ တချိန်တည်းမှာပဲ နောက်စစ်ကြောင်းတစ်ကြောင်းနဲ့ တိုက်နေတာ ဆိုင်ဘာစစ်ကြောင်း၊ မီဒီယာစစ်ကြောင်းပါ။ သတင်းတု၊ သတင်းမှားတွေကို ပွစာကျဲသွားအောင် လိုက်ဖြန့်ပြီး တော်လှန်ရေးတပ်သားတွေ အချင်းချင်း စိတ်ဝမ်းကွဲအောင်၊ စိတ်ဓါတ်ကျအောင် လိုက်သွေးခွဲတယ်။ သူများနိုင်ငံကလူတွေအကြားမှာ ကိုယ့်တိုင်းပြည်ကလူတွေကို ဘယ်သူကမှ အကူအညီမပေးချင်အောင် ပွဲလိုက်ဖျက်တယ်။ ကိုယ်တို့ ဆရာဝန်တွေ လူနာအကြောင်း ဆွေးနွေးတဲ့ ဇွန်းမိတင်ကိုတောင် အကောင့်တုနဲ့ လာတက်ပြီး နိုင်ငံခြားသားဧည့်သည်တွေကို “ဒီကလူတွေက နင့်ဆီကလှူမယ့် ပိုက်ဆံကိုပဲ လိုချင်တာ။ နင့်အကြံဉာဏ်ကို ဘယ်သူမှ လိုချင်တာ မဟုတ်ဘူး။ သူတို့အားလုံးက နင့်ထက် ပိုတတ်တယ်။ သောက်တတ်ကြီးတွေ။” ဆိုပြီး စာသွားပို့ခဲ့သေးတာ။ ပညာတတ်တွေကြားထဲ မရှက်မကြောက်၊ သိက္ခာလာချနေတယ်။ ဘာတစ်ခုမှ အပြစ်ပြောစရာ မရှိရင်တောင် “ပြည်သူအများမှ NUG အပေါ် အယုံအကြည်ကင်းမဲ့နေကြောင်း သတင်းထွက်ပေါ်နေ” ဆိုပြီး ခေါင်းကြီးသတင်း တင်ပစ်တာ။ ဘယ်သူကပြောတယ်၊ ဘာလို့ ပြောတယ်၊ ဘယ်မှာပြောတယ်။ တစ်လုံးမှ မပါ။ အဲ့ဒီခေါင်းစဉ်နဲ့ သတင်းတက်သွားရင် ရပြီ။ စာလုံးအမည်းကြီးနဲ့ထည့်။ မျက်နှာဖုံးမှာထည့်။ များများမြန်မြန် ပျံ့အောင်ဖြန့်။ sponsors ပေးလိုက်။ boost လုပ်လိုက်။ အဲ့ဒါလည်း သောက်ပိန်းကြီးတွေက အားရပါးရ ရှဲကြတာပဲ။ “ငါ ထင်ပါတယ်။ အစကတည်းက” ဆို ရှဲတာ။ သူတို့က သောက်ပိန်းတွေ ဘယ်လောက်ပေါမှန်း သိသလို အဲ့ဒီသောက်ပိန်းတွေကို ဘယ်လို အသုံးချရမှန်းလည်း သိတယ်။
စစ်မျက်နှာတွေ ဘယ်လောက်များများ၊ နေရာဒေသတွေ ဘယ်လိုပဲ ကွဲပြားသည် ဖြစ်ပစေ၊ နောက်ဆုံးမှာ ထိပ်တိုက်တွေ့လာတဲ့ အင်အားစု နှစ်ခုကတော့ ပြည်သူ နဲ့ စစ်တပ် ဆိုတာပါပဲ။ စစ်တပ်ဘက်က မဟုတ်ဘူးဆိုရင် အကုန် ရန်သူပ။ အရပ်သား၊ ကျောင်းဆရာ၊ ဆရာဝန်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်။ ဘာတစ်ခုမှ ငဲ့ညှာစရာ မလို။ ရန်သူ မှ ရန်သူ။ သတ်သာသတ်။ ငရဲမကြီးဘူးတဲ့။ သာသနာပိုင် ဆရာတော်ကြီးတောင် အာမခံထားတာ။ စစ်တပ်ဘက်က ဝင်သတ်ရင်ဖြင့် သေနတ်တကားကားနဲ့ ဘုန်းကြီးရဟန်းတောင် ပါရာဇိက မကျဘူး။ ဘုရား၊ ရဟန္တာ တန်းသမုတ်တော့တယ်။ သာဓုပါ ဆြာတော်တို့။ သိကြားသာသနာ ရောက်မရောက်တော့ မသိဘူး။ ဘုရားဌာပနာဖောက်ပြီး စစ်စားရိတ်ရှာတဲ့ သာသနာစောင့်ဗိုလ်ချုပ်ကြီးများလက်ထက် ဖြစ်ပါတယ်။ ငရဲနဲ့ လာမခြောက်နဲ့။ မကြောက်တတ်ဘူး။
စစ်တပ်ကကောင်တွေဟာ ငရဲတွေ၊ဝဋ်တွေလည်း မကြောက်တော့ဘူး။ မိဘချင်း၊ သားသမီးချင်း၊ လူသားချင်းရယ်လို့လည်း မစာနာတတ်တော့ဘူး။ ယေရှုရော၊ ဗုဒ္ဓရော၊ အလ္လာရော ၊ ဘယ်ဘုရားသခင်မဆို သူတို့ကို ဆန့်ကျင်တားဆီးလာရင် ချေမှုန်းပစ်မယ် ဆိုတဲ့စိတ်မျိုး ရှိနေတယ်။ “ဘယ်လိုနည်းလမ်းမျိုး သုံးရသုံးရ၊ ဘယ်သူ့ကိုပဲ သတ်ရသတ်ရ။ ဒီစစ်ပွဲမှာ ငါတို့နိုင်ရမယ်။” ဆိုတဲ့ ယုံကြည်ချက်မျိုးကို အတင်းတည်ဆောက် ယူနေတာပါ။ ရာဘတွေ နင်းကန်သုံးနေတာ အောက်ခြေစစ်သားတွေချည့်ပဲ ဟူတ်ပုံမရပါဘူး။ သူတို့အတွက် အတုယူစရာ နမူနာစံပြတစ်ခုကတော့ ရုရှား-ယူကရိနိး စစ်ပွဲပါပဲ။ ဘာအကြောင်းပြချက်ပဲပေးပေး။ ကျူးကျော်စစ်ဆိုတာ ငြင်းစရာ မရှိဘူး။ အင်အားချင်း အဆမတန် ကွာခြားတဲ့ နိုင်ငံငယ်တစ်ခုကို ပြင်းပြင်းထန်ထန် ချေမှုန်းတိုက်ခိုက်တာ အခု ၃ နှစ်အတွင်းမှာ လူတွေ သန်းနဲ့ချီပြီး သေဆုံးကြရသတဲ့။ မြို့တွေရွာတွေ စိစိညက်ညက်ကျေအောင် ပျက်စီးဆုံးရှုံးရသတဲ့။ ကိုယ်တို့မြန်မာပြည်မှာထက် အများကြီး ဆိုးတယ်နော်။ ဒီမှာလေယာဉ်တစ်စီးလာရင် ဗုံး ၂ လုံး ၃ လုံးလောက်ပဲ ကျတယ်။ ဟိုဘက်မှာ ၂၀၀- ၃၀၀ ချပစ်တာတဲ့။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်။ ဘယ်သူ တရားတယ်၊ ဘယ်သူ မတရားဘူး။ အငြင်းပွါးစရာ မရှိအောင် ထင်ရှားနေတာတောင်မှ တကမ္ဘာလုံးရဲ့ မျက်စိအောက်မှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ အဓမ္မကျူးကျော်စစ်ကို ဆင်နွှဲနေတာလေ။ ဘယ်သူက တားလို့ရသလဲ။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ငွေကြေးတင်မက လက်နက်လူသူ ကူညီပံ့ပိုးပေးနေသော်လည်းပဲ ပူတင်ကြီးက “အနုမြူဗုံး သုံးလိုက်ရမလား။” ဆိုပြီးတောင် ခြိမ်းခြောက်လာသေးတယ်။ “တရားသောစစ်မှ အောင်နိုင်တယ်” ဆိုတာ နိုင်တဲ့သူက သူသာ တရားတယ် လုပ်ဖို့အတွက် ဂျင်းထည့်တာပဲ။ စစ်ဖြစ်ရင် တရားတာ၊ မတရားတာ မရှိဘူး။ နိုင်အောင်သာ တိုက်။ ပြီးရင် နိုင်တဲ့ဘက်က မှန်တယ် ဖြစ်သွားမှာ။
အခုတော့ ယူကရိန်းစစ်ပွဲကြီး ရပ်တော့မယ်တဲ့။ ယူကရိန်းနိုင်ငံသားတွေရဲ့ ဆန္ဒကိုမဆိုထားနဲ့ ယူကရိန်းသမ္မတကြီးဆီကတောင် အဖြူအမည်း သဘောထားမမေးပဲ ပူတင် နဲ့ ဒေါ်နယ်ထွမ့် ဆွေးနွေးညှိနှိုင်းလိုက်တာဗျား။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ဆိုတဲ့စကား ဘယ်နားသွားထားသလဲ မသိပါဘူး။ ငြိမ်းချမ်းရေးဆိုတာ အလကား မရဘူး ဆိုတဲ့အကြောင်းကို ဦးအောင်မင်းကြီး ဘတ်ဂျက်တွေတင်နေတုန်းက မယုံခဲ့ဘူး။ အခု ဒေါ်နွယ်ထွမ့်ကြီးက မြေရှားသတ္တုတွေ သူ့ကိုပေးဖို့ စာချုပ် ခေါ်ချုပ်တော့မှပဲ ငနဲကြီးအကွက်ကို ဆလံသရတယ်။ အလကားလုပ်ပေးရင် ငြိမ်းချမ်းရေးနိုဘယ်ဆုတောင် ရမယ့်ဟာကို မယူဘူးနော်။ အဖိုးမတန်မှန်း သိလို့ ထင်ပါရဲ့။ ရှူးရှူးရှားရှားဖြစ်သွားတဲ့ ဇလန်စကီးလည်း နောက်ဆုံးမှာတော့ သဘောတူလိုက်ရမယ့်ပုံ ရှိတယ်။ ဒါတောင် သူက စစ်မရှုံးသေးဘူးနော်။ ဒါပေမယ့် ဆက်တိုက်ရင် ရှုံးတော့မှာ။ အမေရိကန်အစိုးရက “စစ်ဖြစ်ရင်ကာကွယ်ပေးပါ့မယ်” ဆိုတဲ့ ကတိကိုဖျက်ပြီး သူ့အကူအညီတွေ ရုတ်သိမ်းသွားရုံတင် မကဘူး။ “ယူကရိန်းကို ကူတဲ့သူ ဘယ်သူဖြစ်ဖြစ် ငါနဲ့တွေ့မယ်” လို့ ကြိမ်းဝါးထားတယ်။ တဘက်မှာလည်း ပူတင်ကြီးကို “ဒီနေရာမှာ ရပ်လိုက်ရင် ဘယ်လောက် ပေးရမလဲ။” ဈေးညှိနေတယ်။ ဟိုဘက်ကကောင်ကလည်း ကလေးကိုအနိုင်ကျင့်ပြီး သူ့ဘက်က အသာစီးမရပဲ အရှက်ကွဲနေတာမို့ “မဆွဲနဲ့။ မဆွဲနဲ့။” အော်သံလေးပေးပြီး ကိုယ်ရှိန်သတ်လိုက်တယ်။ သူ့အတွက်က လောလောဆယ် ရပ်လိုက်ရင် အနိုင်နဲ့ပိုင်းတာပဲ။ သိမ်းထားပြီးသား ကရိုင်းမီးယားကျွန်းဆွယ်အပြင် နောက်ထပ် ပြည်နယ် ၄ ခုလောက် သူ့လက်ထဲရောက်နေတာ သပိတ်ဝင်အိပ်ဝင် ဖြစ်ပြီ။ Aftermaths မှာတော့ လူတွေသန်းနဲ့ချီ သေကြေပျက်စီးနေတဲ့ စစ်ပွဲကြီးတစ်ခု ရပ်တံ့နိုင်တယ်။ ကမ္ဘာစစ်ဖြစ်လုနီးနီး တင်းမာနေတဲ့ စစ်ရေးနိုင်ငံရေး အကြပ်အတည်းကြီးက ထွက်ပေါက်ရသွားတယ်။ အရာအားလုံးကို ကိုယ့်အတွက် အကျိုးအမြတ်နဲ့ပဲ ချိန်ထိုးဆုံးဖြတ်သွားတယ်။ “မှားတယ်၊ မှန်တယ်၊ တရားတယ်၊ မတရားဘူး။” ဘယ်သူကမှ စကားထဲထည့်ပြောမသွားဘူး။ မြင်တယ် မှလား။
“ဤဥပမာ လူဆိုသည်မှာ ….” ကဲ တိုင်းရင်းသားတွေ။ ဒီနေရာရောက်ရင် လက်ကိုင်ပုဝါလေးတွေ ယမ်းပြီး ထွက်လာရတော့မယ် ဆိုတာ ခများတို့လည်း အကျင့်ပါနေလောက်ရောပေါ့။ ကိုယ်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကိုလည်း ငမြွေထိုးတစ်သိုက်က အဲ့ဒီဇာတ်ညွှန်းအတိုင်း ဆက်ရိုက်ဖို့ မအေးအေးဝင်းကို စီစဉ်ခိုင်းနေတာဗျ။ တရုတ်ကြီးလက်ထဲကို တိုင်းပြည်ထိုးအပ်ပြီး လက်အောက်ခံနယ်စားအဖြစ်နဲ့ပဲ အုပ်ချုပ်ရ အုပ်ချုပ်ရ၊ နန်းမကျဖို့ အရေးကြီးတယ်ဆို စစ်ကူတောင်းနေတာ မဟုတ်လား။ တော်လှန်ရေးဘက်က ပြည်သူတွေကို ဘယ်သူကမှ မကူညီနိုင်အောင် ပိတ်ပင်တားဆီးထားရင်၊ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်ဝင်ပေါက်တွေကို ဖြတ်တောက်ပိတ်ဆို့ထားရင် PDF တွေဟာ အလိုလို စစ်ရှုံးမယ့်သူတွေပဲ လို့ တရုတ်ကြီးဘက်က တွက်ဆထားတယ်။ သူလည်းပဲ မှားတာ၊ မှန်တာ၊ တရားတာ၊ မတရားတာ။ ထည့်မတွက်ပါဘူး။ သက်ဆင်တို့သားအဖလို သေဆိုသေ၊ ရှင်ဆိုရှင် ဩဇာညောင်းမယ့် ရုပ်သေးအစိုးရမျိုးပဲ လိုချင်တယ်။ အဲ့ဒီတော့ သူလိုချင်တာလည်း ရမယ်။ စစ်ပွဲတွေလည်း ရပ်သွားမယ်။ နံမည်ကောင်းလည်း အမှတ်ယူမယ်။ ထောင်ကဲ မြီးရှေအိုး ထမ်းလာတယ်လေ။ လေးပြင်လေးရပ် လည်ရောင်းစရာ မလိုဘူး။ ခဏနေ ကုန်တော့မှာ။ မှန်တာ၊ မှားတာ၊ တရားတာ၊ မတရားတာတော့ ထည့်ပြောမနေပါနဲ့တော့ဗျာ။ သူတောင် သူ့နိုင်ငံထဲမှာ ဝီဂါမူဆလင်တွေကို နှိပ်ကွပ်ရတာ အားမရလို့ ထိုင်းကနေ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး လေယာဉ်နဲ့ ပြန်ခေါ်နေတာ။ ဗမာပြည်ကြီးက တရားတာမှ လိုချင်ရင် ပေါင်ချိန်ကား အသစ်ရိုက်တော့မှ စောင့်ကြည့်ကြ။
မောင်၊ ညီမလေးတို့ရေ။ စစ်ကို နိုင်ချင်ရင် ဘယ်နည်းနဲ့ပဲ တိုက်ရတိုက်ရ။ မနိုင်နိုင်အောင် တိုက်ဖို့သာလျှင် အရေးကြီးတယ် လို့ သင်ခန်းစာယူနိုင်တာပေါ့ကွယ်။ တရားခြင်း၊ မတရားခြင်းက ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရတဲ့ ကိစ္စ ဖြစ်သွားပြီ။ မှန်ကန်ခြင်းက ရဲရင့်ခြင်းကို ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် တဘက်ကရန်သူက ကောက်ကျစ်လွန်းတဲ့အခါ ရဲရင့်ခြင်းတစ်ခုတည်းနဲ့ ကိုယ့်စစ်ပွဲမှာ အနိုင်မရဘူး။ ကိုရင်လေးတို့ လောက်ကိုင်မှာ သနားလို့ လွှတ်ပေးလိုက်တဲ့ ဂျွတ်စဘွတ်တွေက အခု တိုင်းမှူးဖြစ်ပြီး နောက်တစ်နေရာမှာ ဝင်မွှေနေပြီ မဟုတ်လား။ ပါဂျောင်လူသတ်ပွဲကြီးအကြောင်း ကြားရတဲ့အခါ “ရက်စက်လိုက်တာ။ လူမဆန်လိုက်တာ။ ကောက်ကျစ်ယုတ်မာလိုက်တာ။” လို့ လူတိုင်းခံစားရပါတယ်။ ဒါပေမယ့် အဲ့ဒီကျောင်းသားတွေကို “ဘာဖြစ်လို့ သတ်ရသလဲ။” ဆိုတဲ့ အကြောင်းပြချက်က “ခင်ညွန့် လွှတ်ထားတဲ့ ထောက်လှမ်းရေးသူလျှိုတွေမို့လို့” လို့ ပြောကြတယ်။ မှားတယ် မှန်တယ်က ကာယကံရှင်တွေပဲ သိမှာပါ။ ဘယ့်သူ့ဘက်ကိုမှ လိုက်ပြီး အမှတ်ပေးစရာ မလိုဘူး။ ဒါပေမယ့် စစ်ပွဲကာလ၊ စစ်မြေပြင်မှာမို့လို့ မှားတာ၊ မှန်တာ၊ အရေးမကြီးဘူး။ အနိုင်ရဖို့သာ လိုတယ် လို့ စဉ်းစားမယ် ဆိုရင် ဘယ်သူက အနိုင်ရလိုက်တာလဲ။ အခုထက်ထိတော့ စစ်အစိုးရဘက်ကပဲ နိုင်နေတာ လို့ ပြောရမှာနော်။ ဘာလို့ဆိုတော့ အဲ့ဒီ AB အဖွဲ့တွေ ပြိုကွဲသွားခဲ့ပြီး အခုဆို စစ်ကောင်စီရဲ့ အားကိုးရတဲ့ လက်ရုံးတွေတောင် ဖြစ်တဲ့သူတွေ ဖြစ်ကုန်ပြီလေ။ အဲ့ဒီတော့ စစ်ပွဲအတွင်းမှာ မှားလို့ သေရတယ်။ မှန်လျက်သားနဲ့ သေရတယ်။ လူယုတ်မာကြီးက မသေနိုင်သေးဘူး။ သူတော်ကောင်းကြီး အသေစောလွန်းတယ် ဆိုတာ မရှိပါဘူး။ ကိုယ့်ဘက်က ရှုံးသွားတာနဲ့ အဖြူတွေက အမည်း၊ အမည်းတွေက အဖြူ၊ ပြောင်းပြန်တွေ အရောင်ဆိုးခံရပါလိမ့်မယ်။ ဆရာစိုးလေး ဟီးရိုးဖြစ်ချင်ရင် တော်လှန်ရေးအောင်အောင် အရင်ကြိုးစားရမှာပါ။ ဒီအတိုင်းလေး နောက် ၅ နှစ် လောက် ဆက်ရုန်းနေဆဲပဲဆိုရင်တောင် “အိုက်ကောင် သောက်ရူးလေ။ နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ။ ရွာမှထွက်လေ တောမှာသေသည်။ ကောင်သေလင်းတကျ၏တည်း။” လို့ ချီးကျူးထောပနာ ပြုကြမှာဗျ။
ယူကရိန်းစစ်ပွဲမှာပဲဖြစ်ဖြစ်၊ မြန်မာပြည်က စစ်ပွဲတွေမှာပဲဖြစ်ဖြစ်။ အမှန် နဲ့ အမှား၊ တရားမှု နဲ့ မတရားမှုတွေကို မသိတာ မမြင်တာ ဘယ်သူရှိမလဲ။ ရှင်းရှင်းကြီးပဲဥစ္စာ။ ဒါပေမယ့် လူဆိုတာက ကိုယ့်အကျိုးစီးပွါး ထိခိုက်လာမယ့်အရာဆိုရင် မမြင်သလို၊ မသိသလို၊ မသက်ဆိုင်သလို နေနိုင်လွန်းတဲ့သူတွေ သိပ်များပါတယ််။ ဆေးလောကက နန်းစိန်တွေဟာ စစ်ဗိုလ်တွေကို ချစ်လွန်းလို့၊ စစ်ဗိုလ်တွေလုပ်သမျှ မှန်တယ် ထင်လို့ ဆိုတဲ့သူ မရှိသလောက်ရှားတယ်။ သို့သော်လည်း “ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါသည်။ ယုံကြည်ပါသည်။” တစ်ခွန်းတည်း ဖြေရုံနဲ့ ဘယ်သူမဆို အလုပ်ထုတ်ပစ်တဲ့ ခေတ်ကာလကို ဖြတ်သန်းလာခဲ့သူတွေမို့ တသက်လုံးရင်းထားရတဲ့ ကိုယ့်အသက်မွေးမှုကို အမှား အမှန်ခြစ်ပြီး အလဲအထပ် မလုပ်နိုင်ပါဘူး။ မှားချင်လည်း မှားပစေပေါ့ကွယ်။ အမှားကြာရင် သူ့ဟာသူ အမှန်ဖြစ်သွားမယ့်ဟာကို။ ဒီလူတွေကြောင့်တော့ ခေတ်ကပြောင်းလဲသွားစရာ မရှိဘူးလေ။ ခေတ်အလိုက်သာ ဒီလူတွေက လိုက်ပြောင်းမှာ။ “၂၀၂၁ တုန်းက လမ်းမပေါ်မှာ လူပင်လယ်ကြီးဖြစ်သွားအောင် ထွက်ပြပြီးပြီလေ။ မင်းတို့က ခုထိမှ နိုင်အောင် မတိုက်နိုင်သေးတာ။ ငါတို့ တာဝန်ကျေတယ်။ မင်းတို့ တာဝန် မကျေတာ။” ဆို ကိုယ့်ဘက်တောင် လှည့်လာဦးမယ့် သဘောရှိတယ်။
“စစ်ပွဲတွေမှာ အမှားအမှန် မရှိဘူး။ အရှုံးအနိုင်ပဲ ရှိတယ်။” ဆိုတာ မြင်ရပြီးတဲ့အခါ “ငြိမ်းချမ်းရေးမှာ အပေးအယူ ရှိသလို အကျိုးအမြတ်တွေ အများကြီး ပါတယ်။” လို့လည်း သဘောပေါက်ရပါဦးမယ်။ ပူတင်က မြေကြီးတွေရပြီး ဒေါ်နယ်က မြေရှားတွေရတဲ့အခါ အမှန်တွေကအမှားဖြစ်ပြီး ဇလန်စကီးကို ရွေးကောက်ခံ မဟုတ်ဘူး။ အာဏာရှင် လို့ သမုတ်ပါတယ်။ သူ့ရဲ့သမ္မတသက်တမ်းက ဒိတ်လွန်နေပြီ။ ဒီအတိုင်း သက်တမ်းတွေတိုးပြီး အုပ်ချုပ်နေတာ နိုင်ငံသားတွေရဲ့ ဆန္ဒသဘောထား ပါရဲ့လား လို့ မေးခွန်းထုတ်တာပေါ့။ သူ့နိုင်ငံ စစ်တလင်းဖြစ်နေတဲ့ မြေပြင်အခြေအနေဟာ ရွေးကောက်ပွဲကို ဇွန်းနဲ့တောင် လုပ်လို့ရမယ့် အခြေအနေ မရှိဘူး။ တို့ဆီက ကြင်စိုးကိုကျ သူတို့ တစ်ခါမှ မေးခွန်းမထုတ်ဘူးနော်။ ဒီတိုင်းဆို ကြင်ကြင် နဲ့ ဖျင်ဖျင်ပေါင်းပြီး နေပြည်တော်မဲရုံတစ်ခုတည်းနဲ့ သံမဒကြီး မအလ လုပ်လည်း မဖြစ်နိုင်စရာ မရှိပါဘူး။။ မြေရှားကို မေရိကန်ယူ၊ ကျောက်စိမ်းတွေ တရုတ်ယူ၊ ကမ်းလွန်သဘာဝဓါတ်ငွေ့တွေတော့ ထိုင်းကယူ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဘင်္ဂလားကယူ။ ဒေါနပုဏ္ဏား ဓါတ်တော်ဝေသလို ဝေလိုက်ရင် တကမ္ဘာလုံးက ကျေနပ်သွားမှာလေ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းက ဆိုနေကျအတိုင်းပဲ “ငြိမ်းချမ်းခြင်းအတွက် ထမင်းတစ်လုပ် ရှိနေမယ်” ဆို တော်လောက်ပြီ မဟုတ်လား။ အမယ် ကိုယ်မပေးလည်း အဲ့ဒါတွေက သူများလက်ထဲ ရောက်နှင့်ပြီးသားပါ။ ယူကရိန်းက နယ်မြေ လေးခုလိုပါပဲ။
စစ်ဗိုလ်ချုပ်တွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို ကိုကိုကြီးတို့၊ သက္ကမိုးညိုတို့က မသိစရာ မမြင်စရာ အကြောင်း မရှိဘူးဗျ။ ဒါပေမယ့် မချစ်သော်လည်း အောင့်ကာနမ်းနိုင်တယ် ဆိုတာ တစုံတရာ အပေးအယူ ရှိလို့ပဲ။ စောချစ်သူ က မြဝတီကို ဝင်ထိုင်ထားတယ်။ KNU ကလည်း ထားဝယ်ဘက်၊ မြိတ်ဘက်အထိ ဝင်သိမ်းထားတယ်။ သူတို့က စကစ နဲ့ NCA ထိုးမထားပေမယ့်လည်း ဘယ်တုန်းကမှ အပစ်အခတ် ဝင်မလုပ်ကြဘူး။ PDF တွေ၊ ပကဖတွေကသာ တိုက်ကြတာ။ သူတို့က စီးပွါးရှာရုံသက်သက်ပဲ။ သူ့စီးပွါးကို ထိခိုက်မယ်ထင်ရင် “လခ မယူတော့ဘူး။ လမ်းခွဲမယ်။” လုပ်တယ်။ အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေဆိုတာ သူတို့မှာ မရှိပါဘူး။ တခြားနေရာတွေမှာလည်း ဒီအတိုင်းပါပဲ။ နင်လား ငါလား အသေခံတိုက်ယူသိမ်းယူပြီးတဲ့အခါတောင်မှ အပေးအယူတွေရှိရင် သက်ပိုင်ထွန်းကိုလည်း တာမခန်မှာ လွှတ်ပေးလိုက်ရတာပဲ။ စိုင်းတောင်မှာ နောက်တစ်ပွဲနွှဲလို့ နောက်တစ်ခါ ပြန်မိတဲ့အခါတောင်မှ သူတကယ်သေတယ် မသေတယ် ဘယ်သူမှ မယုံကြဘူး။ ဓါတ်ပုံကြီးပြလည်း မယုံနိုင်ကြဘူး။ သတ်လို့မသေပဲ နတ်စိမ်းများဖြစ်သွားလား မသိ။ စစ်ပွဲတွေကို ရပ်ချင်တဲ့အခါ သူ့ဘက်ကိုယ့်ဘက် အသေအပျောက် အထိအခိုက်တွေကို ဘယ်တော့မှ ထည့်ရေလေ့ မရှိပါဘူး။ အဲ့ဒါတွေက သင်ပုန်းချေရမယ့် အထဲ ပါတာမို့လို့။ တကယ်တမ်း တွက်ကြရင် ဘယ်သူ ဘယ်လောက် အမြတ်ကျန်မလဲ ဆိုတာနဲ့ပဲ ခေါင်းညိတ်ခေါင်းခါလုပ်တယ်။ ဈေးရောင်းတာနဲ့ တူသလား မတူသလား။ ပွဲစားလုပ်ဖူးတဲ့သူတွေ အသိဆုံးနေမှာပါ။
ငါတော့ စစ် နဲ့ ငြိမ်းချမ်းရေးကို ဒီအတိုင်း ဆက်ရေးရင် လီယိုတော်စတွိုင်းကြီး ထိုင်ငိုလိမ့်မယ်။ မှားတယ်၊ မှန်တယ်၊ ဘယ်သူနဲ့မှ မငြင်းလိုပါဘူး။ စစ်သက် ၄ နှစ်ရလာတဲ့ စစ်ပြေးဒုက္ခသည် ဆရာဝန်တစ်ယောက်ရဲ့ အတွေးအမြင် ခံစားချက် လို့ပဲ ထားလိုက်ပါ။ သူကတော့ “တရားသောစစ် အောင်ရမည်” ဆိုတာ မယုံဘူး။ “အောင်သောစစ် အလိုလို တရားသွားလိမ့်မည်။ ကိုယ့်ဘက်က ယုံကြည်ချက်ကို ကာကွယ်လိုရင် အနိုင်ရတဲ့အထိ တိုက်ဖို့ လိုတယ်။” လို့ သဘောပေါက်ထားပါတယ်။ ငြိမ်းချမ်းရေး ဆိုတာကတော့ “နိုင်သူ အကုန်ယူ” ဆိုတဲ့အထိ မတိုက်နိုင်ရင် လက်မှတ်ထိုးမယ့်ကောင်တွေ ကိုယ်လိုချင်တာ ကိုယ်ယူပြီး ရပ်လို့ရတယ်ဆိုတဲ့ သဘောပေါ့။ မီးသေအောင် ဝိတ်နဲ့ညှိရင် ပွဲခက တန်ကြေးထက် ကြီးလိမ့်မယ် လို့လည်း သင်ခန်းစာ ရပါတယ်။ ကိုင်း ဒါဆိုရင် နင် ဘာဆက်လုပ်မလဲ။ ဖြေစမ်း။ ရှည်ရှည်ဝေးဝေး တွေးစရာ၊ ရွေးစရာ မရှိပါဘူး။ မသေအောင်နေ။ မနိုင်မချင်း ဆက်တိုက်။ ဒါပဲ ရှိတော့တာပေါ့။ ကိုယ့်ဘက်က နိုင်ဖို့ အဓိက။ နိုင်သွားတဲ့တစ်နေ့ အသက်ရှင် ကျန်ရစ်မယ့်အထဲမှာ ကိုယ်ပါဖို့ အဓိက။ ကျန်တာ မစဉ်းစားနဲ့။ ဒီနှစ်ခု မကျန်ရင် ဘာမှ မကျန်တော့ဘူး ဆိုတာသဘောပေါက်ထားလိုက်။ ဆြာစိုးနဲ့ ငြိမ်းချမ်းရေးရဖို့ ဘာလိုသလဲ ဆိုရင်တော့ “တကယ်ဆိုရင် အချစ်ပဲ လိုတယ်” လို့ ဖြေပါမယ်။