ပုံမတင်၊ စာမရေးတာ ကြာသွားရင် “ဘာများဖြစ်နေတယ် မသိဘူး။” ဆို စိုးရိမ်ပူပန်တဲ့သူတွေ ရှိမှန်းသိပါတယ်။ “ဘာထူးသေးလဲ” ဆိုပြီး မက်ဆင်ဂျာမှာ လာလာမေးတတ်တဲ့ သတင်းဌာနက သူငယ်ချင်းလည်း ရှိတယ်ဗျ။ “ဘာမှ မထူးပါဘူး” လို့ အမြဲဖြေနေကျပါ။ တိုးတက်မှုတွေရှိသော်ငြားလည်း ကိုယ်လိုချင်တဲ့ အပြောင်းအလဲမှ မရသေးတာ။ ထူးခြားတဲ့ ပြောင်းလဲမှု လို့ မဆိုနိုင်ပါဘူး။ သို့သော်လည်း အဲ့ဒီ “မထူးပါဘူး” လို့ ပြန်ဖြေနိုင်သေးတာကိုက ဖြစ်ရိုးဖြစ်စဉ်ထက် ပိုထူးခြားနေတာ။ စစ်တွေတို့၊ ဗန်းမော်တို့မှာ ရှိတဲ့ စစ်ဗိုလ်စစ်သားတွေ ကိုယ့်လို ပြန်ဖြေနိုင်မှာမှ မဟုတ်တာ။ မနေ့က၊ သည်ကနေ့ နဲ့ မနက်ဖြန် အကြားမှာ ကြီးကြီးမားမား ပြောင်းလဲသွားတာ မရှိပေမယ့် ချန်ဂင်အဟောင်းလေးတွေ ပြန်ဖတ်လိုက်ရင် အဲ့ဒီအချိန်တုန်းကနဲ့ အရမ်းကို ကွာခြားပြောင်းလဲသွားတဲ့ လက်ရှိအခြေအနေကို တွေ့ရမှာပါ။ နေရာကတော့ သည်နေရာမှာပဲ။ အခြေအနေကလည်း စစ်ပွဲတွေနဲ့ လူနာတွေကြားထဲမှာ ဆေးကုနေတာပါပဲ။ ဒါနဲ့များတောင် အပိုင်း ၃၀၀ ကျော်အောင် မပျင်းမရိ ဘာတွေများ ရေးစရာ ရနေပါလိမ့်။ စစ်တပ်မကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းတွေဟာ အဲ့သလောက်တောင်ပဲ ညွှန်းစာဖွဲ့လို့မကုန် ဖြစ်နေတာလား။ ဟုတ်ကဲ့။ မကုန်နိုင်ပါဘူး။ ကိုယ်ဘယ်လောက်ပဲရေးရေး၊ ကိုယ်ဖြစ်စေချင်သလို စစ်တပ်လက်အောက်က လွတ်မြောက်တဲ့အထိမှ မရောက်သေးတာ။ ဆက်ရေးရမှာပေါ့။ ဘာမှမှ မထူးသေးတဲ့ဥစ္စာ။ ဒါပေမယ့် သူတို့ဘက်က ဖြစ်စေချင်တဲ့ အပြောင်းအလဲမျိုးလည်း ကိုယ့်ဆီမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ တပ်မတော်ကြီးတောင် တဝက်ပြုန်းလုပေါ့။ ဆရာစိုးလေးကို မနှိမ်နှင်းနိုင်သေး။ ဘောလုံးပွဲကြေငြာသူများလို ပြောရမယ်ဆိုရင်တော့ ကိုယ်တို့ဘက်က ကစားသမားများဟာ တစ်ဘက်အသင်းရဲ့ ဂိုးတိုင်ရှေ့မှာ အကြိတ်အနယ် ခြေစွမ်းပြဖို့ ကြိုးစားနေကြတယ် ခင်ဗျ။ ဂိုးရခါနီးမှာ တရုတ်က ဝင်ညစ်လိုက်၊ ရုရှားက ဝင်ညစ်လိုက်နဲ့မို့သာ ပွဲပြီးသင့်လျက်သားနဲ့ မပြီးသေးတာ။
“ဒီလိုပဲ ကြည့်နေလို့သာ ပြီးမှာလား မောင်ရေ့” ဆို အားမလို အားမရ ဖြစ်နေရင်လည်း ကိုယ်တိုင်ကိုယ်ကျ အားပါးတရ ပါဝင်ဆင်နွှဲလို့ ရတာပေါ့ ခင်ဗျာ။ လာပါ။ ကူပါ။ ကွင်းထဲ ဆင်းခဲ့စမ်းပါ။ အခုချိန်က “လူထုအားကို အများကြီးလိုသည်” ဆိုတဲ့အချိန်မျိုး။ ဇွန်ပန်းရုံအနီး၊ နွံထဲ၌ လှည်းဘီးကျွံနေတာ ၄ နှစ်တောင် ရှိခဲ့ပါပေါ့။ ကျုပ်တို့လည်း ပန်းလှပြီ။ ဝင်ပါဦးဗျ။ တထောင့်တနေရာက။ ပွဲမပြီးတော့လည်း မပြီးလို့။ သောက်ဖောင်းတွေ ထိုင်ထုနေတာ ရှိသမျှ လူကုန်။ သူတို့ကျတော့ SP လေးတောင် အဖြစ်ရှိအောင် လုပ်မပေးပဲ အကယ်ဒမီမှာ ဝန်းရံနေတယ်။ ဒီလိုလူတွေ လွတ်မြောက်ဖို့ ငါတို့က အသက်စွန့်ရမယ်ဆို “အရီးတောင် မလုပ်ဘူးကွာ။” ဆို ထွက်ထိုင်ချင်စိတ်ပေါက်တယ်။ ကြယ်ဖြုတ်ရောင်းရင် တစ်ပဲခြောက်ပြားပဲ ရတယ် အော်မနေနဲ့။ ဟိုမှာ သုသုအရုပ် ဘယ်လောက်တန်လဲ မြင်လား။ တန်ကြေးက ဘယ်မှာရှိလဲ ကိုယ့်ဘာကိုယ် သိအောင်လုပ်။ 7th sense က ကားတွေ ကုမ္ပဏီနံမည်ပြောင်းပြီး ရုံတင်တာကို ဝန်းရံပေးနေကတည်းက နင်တို့တမိသားစုလုံးကို အထင်မကြီးတော့တာ။ ရှင်းလား။
တော်လှန်ရေးကြီးကို ကိုယ်နဲ့မဆိုင်သလိုနေတယ်။ တော်လှန်ရေးလုပ်နေတဲ့သူတွေကို ဖျင်ယားနေတဲ့အကောင်တွေ လို့ မြင်တယ်။ “နင်တို့က ဘာဖြစ်နေတာလဲ။ ၂ နှစ်ကြာရင် အာဏာပြန်လွှဲပေးမယ်လို့ ပြောနေတဲ့ဟာကို။” ဆိုတဲ့ဦးနှောက်နဲ့ ကျွမ်းချည့်လှိမ့်ထိုးနေတယ်။ ဒီလူတွေကြားထဲမို့ ဒီတော်လှန်ရေးမအောင်သေးတာလည်း ဖြစ်သင့်ပါတယ်လေ။ အောင်မယ်။ ဘာထူးလို့လဲ။ နင်တို့ဘက်မှာလည်း တော်လှန်ရေးကို အကြောင်းပြပြီး …. ဘလာ ဘလာ ဘလာ ဘလာ။ အေးကွယ်။ ပြောလို့တောင် ကုန်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့်လည်း တော်လှန်ရေး မအောင်သေးတာပေါ့။ နို့မို့ဆို ပွဲသိမ်းတာ ကြာလှပြီ။ အဲ့ဒီတော့ သူများအကြောင်း မပြောပါဘူး။ ကိုယ့်အကြောင်းပဲကိုယ် ပြောရအောင်။ မလိမ်ကြေး မညာကြေး။ မြို့ပေါ်နေ၊ ရေပေါ်ဆီဆိုတဲ့ ပထမအုပ်စုထဲ ပါသလား။ မပါဘူးလေ။ မပါလို့ တောထဲရောက်နေတာပေါ့။ ဒါဖြင့် ဒုတိယအုပ်စု “တော်လှန်ရေးကြီး အဓွန့်ရှည်ပါစီ။” ဆိုတဲ့စိတ်နဲ့ ငရဲသက်၊ ကျွန်သက်ရှည်အောင် အမြတ်ထုတ်နေသလား။ လာကြည့်လှည့်လေ။ အပြောမဟုတ်။ အလုပ်နဲ့ သက်သေပြမယ်။ ကိုယ့်အတွက်နဲ့တော့ တစ်မိနစ်၊ တစ်စက္ကန့်တောင် နောက်မကျစေရဘူး။ ရှေ့ကကို ကြိုပြေးနှင့်တာ။ ဒါဆိုရင် ဘာလိုသေးလို့လဲ။ ဘယ်သူ့မှ ငဲ့ကြည့်စရာ မလိုဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်။ ကိုယ့်လမ်းကိုယ်လျှောက်ရုံ။ အေးလေ။ ငဲ့လည်း မကြည့်ဘူး။ လှည့်လည်း မကြည့်ဘူး။ ဘယ်သူ လုပ်လုပ် မလုပ်လုပ်။ ကိုယ့်အလုပ်ကိုယ်လုပ်တာ။ ကိုယ့်အရွေ့နဲ့ကိုယ်တော့ သွားနေသားပဲ။ တော်တော်တောင် ခရီးရောက်နေပြီ။ ဒါပေသိ “ဘာထူးသေးလဲ” သူများလာမေးရင်ဖြင့် ဘာမှ မထူးသေးဘူး။ ဒီအတိုင်းပဲလေ။ အရင်အတိုင်းပဲ။ အရင်လိုပဲ။ ဆေးကုနေတယ်။ စစ်တိုက်နေတယ်။ မသေသေးဘူး။ အလတ်ကြီး ရှိသေးတယ်။
အဲသလို “ဘာမှ မထူးပါဘူး” လို့ ပေါ့ပေါ့ပါးပါး ပြောနိုင်ဖို့အတွက် သည်ဘက်မှာ ရုန်းကန်လှုပ်ရှားနေရတာတွေကတော့ သေလုမျောပါးပါပဲ။ အခြေအနေတွေက အရင်လိုမှ မဟုတ်တာ။ ဟိုးအရင်နှစ်က ဓါတ်ဆီတစ်လီတာ ၅၀၀၀ ဈေးဖြစ်သွားလို့ ကင်းကိုက်သလို ထအော်နေခဲ့သော်လည်း ဒီကနေ့ ၁၅၀၀၀ ဈေးနဲ့လည်း အလျဉ်မီအောင် ဝယ်သုံးနေသေးတယ်။ ဆေးဖာတစ်ဖာ ၅ သိန်းလောက်ကနေ သိန်း ၂၀ ကျော်လောက် ပေးရလည်း ကိုယ့်ဆေးရုံမှာ အလကားကုနိုင်သေးတယ်။ ပေးထားချက်တွေ ပြောင်းပြောင်းလာပေမယ့် ကိုယ့်ဆီက ရလပ်တွေ မပြောင်းသေးဘူး။ အဲ့ဒီအတွက် အများကြီး ရုန်းကန်နေတယ်။ ဘဲကလေး ရေကူးနေသလိုပေါ့။ ရေပြင်ပေါ်မှာတော့ ငြိမ်ငြိမ်ကလေး ရွေ့နေတာ။ ရေအောက်ကခြေထောက်တွေကတော့ တစ်ချက်မှ မနားရဘူး။ ရှေ့ဆက်ပြီး ဖြစ်လာမယ့် အပြောင်းအလဲတွေအတွက်ပါ လက်ဦးမှုရအောင် ကြိုပြင်ထားရတဲ့အတွက် တစက်ကလေးမှ မအားရပါဘူး။ လိုင်းပေါ်က ပျောက်ပျောက်သွားတာ သိကြမှာပါလေ။ offline mode နဲ့ လုပ်စရာ အလုပ်တွေ အများကြီး ရှိတာကိုး။ လူတိုင်းလူတိုင်းဟာ စစ်အစိုးရလက်ထက်မှာ အရင်လိုပဲ၊ အရင်အတိုင်းပဲ ဆက်နေနိုင်ဖို့ ဘာမှမလုပ်ပဲ ထိုင်နေလို့ မရဘူး ဆိုတာ သဘောပေါက်ကြပါလိမ့်မယ်။
အစိုးရဝန်ထမ်းတွေ CDM လုပ်သွားပြီးတဲ့နောက်ပိုင်း အဲဒီဌာနဆိုင်ရာ အစိုးရအလုပ်ထဲမှာ ကျန်ခဲ့တဲ့ Non C တွေဟာ နိုင်ငံ့ဝန်ထမ်းဖို့၊ ပြည်သူ့ဝန်ထမ်းဖို့ ကျန်ရစ်ခဲ့တာမှ မဟုတ်တာ။ နိုင်ငံတော်ကပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အသုံးချပြီး ကိုယ်ကျိုးစီးပွါး ရှာစားမယ့်သူတွေချည့် ကျန်ရစ်တာပါ။ ပြည်သူ့အစိုးရလက်အောက်မှာတုန်းကလို စည်းတွေဘောင်တွေ မရှိတော့တဲ့အတွက် ခွင်ရှိရင်ရှိသလို အချိန်တိုတိုအတွင်းမှာ ကြီးပွါးချမ်းသာသွားတဲ့သူတွေ များပါတယ်။ အဲ့လိုလူတွေအတွက်တော့ တော်လှန်ရေးကြီးက ကြာလေကောင်းလေပါပဲ။ ဘယ်တော့မှ မပြီးရင် ပိုတောင် ကြိုက်ဦးမယ်။ အဲ့ဒီလူတွေက ပြည်သူ မဟုတ်ဘူးလေ။ အာဏာသိမ်းစစ်အစိုးရရဲ့ လက်ကိုင်တုတ်တွေပဲဥစ္စာ။ စစ်ပွဲတိုင်းမှာ ရန်သူ့စခန်းသိမ်းပြီးရင် မိုင်းရှင်းမိုင်းရှာ လုပ်ရတယ် ဆိုတာ မလုပ်မဖြစ် တာဝန်တစ်ခုပါ။ တိုက်ပွဲပြီးပြီဆိုတာနဲ့ ကိုယ်တို့မှာ Blast injury တွေအတွက် ပြင်ဆင်ထားရတယ်။ အရပ်သားတွေ နင်းမိတိုက်မိမယ်။ မိုင်းဆရာတွေ စနက်တံဖြုတ်ရင်း လက်ထဲတင် မိုင်းကွဲမယ်။ အဲ့ဒါ ပွဲတိုင်းပဲ။ ၂၀၁၅ ရွေးကောက်ပွဲပြီးတုန်းက NLD ဟာ မိုင််းမရှင်းပဲ အစိုးရနေရာ ဝင်ထိုင်ခဲ့တယ်။ အဲ့ဒီအတွက် သူ့မှာ ဦးကိုနီ အသတ်ခံရလို့တောင်မှ တရားခံအစစ်ကို ဆက်မလိုက်နိုင်ပဲ လက်ပိုက်ကြည့်နေရပြီး နောက်ဆုံးမှာ အာဏာပါ အသိမ်းခံရပါတယ်။ ဝန်ထမ်းအလွှာအသီးသီးမှာ စစ်ကျွန်၊ စစ်သဘောက်၊ ဆူးညှောင့်ခလုတ်တွေ အများကြီး။ ဒါကြောင့်လည်း အာဏာသိမ်းပြီးတာနဲ့ စစ်တပ်က အလွယ်တကူ ဆက်အုပ်ချုပ်နိုင်ခဲ့တာ။ ဒါပေမယ့် အခုအခါမှာတော့ မိုင်းတွေအားလုံး တဝုန်းဝုန်း ထကွဲကြတော့ Trojan တွေ ဒလန်တွေ အားလုံး မျက်နှာဖုံးကျွတ်ကုန်ပြီမို့ သူတို့သစ္စာခံရာ စစ်အစိုးရနဲ့အတူ အကြွင်းမထားပဲ ရှင်းလင်းပစ်ရတော့မှာပါ။ အဲ့ဒါကြောင့် အချိန်ကြာချင် ကြာပစေ။ ခက်ခဲချင် ခက်ခဲပစေ။ ဒီတစ်ခါတော့ ပြည်သူ့အစိုးရစစ်စစ်ကို ရတော့မယ် ဆိုတာ သေချာပါတယ်။
ကြာတော့ မကြာလောက်တော့ဘူး အောင့်မေ့တာပဲ။ စစ်ပွဲတွေက အရှိန်ရလာပြီ။ ရပ်စေချင်ရင်တောင် ရပ်လို့ မရတော့ဘူး။ အပစ်အခတ်တွေ ခဏနားနေရင်တောင်အဲ့ဒါ နောက်တစ်ကြိမ်ပြန်ပစ်ဖို့ လက်နက်၊ ရိက္ခာပြန်ဖြည့်ပြီး ပြင်ဆင်နေတာသာ ဖြစ်တယ်။ လေယာဉ်ပဲကူကူ၊ လက်နက်ပဲကူကူ၊ ပျက်ပြားနေတဲ့ စိတ်ဓါတ်က ဆောက်တည်ရာ မရတော့ဘူး။ အတင်းစုဆောင်းလာတဲ့ စစ်သားသစ်တွေကလည်း အသေခံခိုင်းရုံကလွဲလို့ အသုံးမဝင်ဘူး။ စစ်ပွဲက အရှုံးအနိုင် အဖြေထွက်ပြီးသား။ ကိုယ်လွတ်ရုန်းဖို့သာ နည်းလမ်းရှာနေကြတာပါ။ ခေါင်းမာတဲ့ တကာမကြီးကို ဖြောင်းဖျမယ်ဆိုတဲ့ ဘုန်းကြီးတောင် ကျောင်းတိုက်တွေရောင်းပြီး ထွက်ပြေးတော့မလို့ သံဃိကတွေ ပုဂ္ဂလိက လုပ်နေပြီ။ လက်နက်ချအလင်းဝင်တဲ့အဆင့်ပြီးရင် နောက်တစ်ဆင့်တက်လာမယ့် အပြောင်းအလဲကတော့ တပ်တွင်းသူပုန်ထတာပဲ ဖြစ်လိမ့်မယ်။ ဒါလည်းပဲ မလွဲမသွေ ကြုံရမှာပဲလေ။ အဲ့ဒါကိုကြောက်လို့ သူတို့အတွင်းပိုင်းမှာ တချိန်လုံး အပြောင်းအလဲတွေ လုပ်နေတာ မဟုတ်လား။ လက်နက်ချ အလင်းဝင်ပြီး လွတ်မြောက်ရာနေရာ ရောက်မှ တော်လှန်ရေးစတာထက်စာရင် အနီးဆုံးမှာ ရှိတုန်း နောက်ကျောကို ဓါးနဲ့ထိုးခဲ့တာက တော်လှန်ရေးအောင်ဖို့ ပိုနီးစပ်တယ်လေ။ ဒီဘက်ကို နင်းတော့မယ် လို့ စိတ်ပိုင်းဖြတ်ပြီးရင် ဒီဘက်က မြန်မြန် အနိုင်ရမှ ကိုယ့်အသက် အန္တရာယ် စိတ်ချရမယ် ဆိုတာ သဘောပေါက်ဖို့ကောင်းပါတယ်။ အဲ့ကောင်တွေ အဲ့လောက်ထိလည်း ဉာဏ်ပြေးမှာ မဟုတ်ပါဘူး။
မြိုင်မှာ ဘုန်းကြီးကျောင်းထဲ ပေါင် ၅၀၀ ဗုံး ၂ လုံးချသွားပြီးတဲ့နောက်မှာ ကိုယ်တို့ဘက်ကိုလည်း လေယာဉ်တွေ သွားလိုက်ပြန်လိုက် ဝဲနေတယ်။ ဘယ်နေရာ ဘာရှိမှန်းမသိလို့သာ ကျဲမသွားသေးတာ။ ဟန်ငြိမ်းဦးတို့၊ ဧရာဝတီတို့ကနေ သတင်းတက်လာရင်တော့ လမ်းလေးကြုံတုန်း အပျင်းပြေ ဝင်ဆော့ချင်လည်း ဆော့သွားမယ့် သဘောရှိပါတယ်။ အဲ့ဒါကြောင့် ကိုယ်တို့မှာ ဘာပွဲလမ်းသဘင်မှလည်း မလုပ်ဘူး။ လူစုစု စုစုလည်း မနေဘူး။ ဟိုအပင်လေးနားလိုက် သည်အပင်လေးနားလိုက်နဲ့ ချစ်လိပ်ပြာလေး ချာချာလည် လုပ်နေရတယ်။ အခု ကလေးတွေ သင်တန်း ဆင်းပြီးသွားတာနဲ့ ကိုယ့်တပ်ရင်းကိုယ်ပြန်ပြီး ဆေးရုံနဲ့ချိတ်ဆက် အလုပ်လုပ်ကြဦးမှာ။ သူတို့အားလုံးကို ဆေးရုံရဲ့ outreached unit ကလေးတွေလို သဘောထားပါတယ်။ ကိုယ့်ဆေးရုံက service ပေးနိုင်တဲ့ coverage area ပိုကျယ်ပြန့်လာမှာ ဖြစ်သလို စစ်ပွဲမှာ ဒဏ်ရာရတဲ့သူတွေကိုလည်း အချိန်မီ ပြုစုကုသပေးနိုင်လိမ့်မယ်။
ဖြတ်သန်းကြီးပြင်းလာရတဲ့ ဘဝတလျှောက်မှာ ဒီကာလက အင်မတန်ဆိုးပါတယ်။ လူတွေ ဘယ်လောက်ရက်စက်တယ်၊ ကောက်ကျစ်ယုတ်မာတယ် ဆိုတာ လက်တွေ့သိမြင်ခံစားရတဲ့ခေတ်ကာလပါ။ မင်းအောင်လှိုင်မှ ယုတ်မာတာ မဟုတ်ဘူး။ သူ့လက်အောက်က ဗိုလ်ချုပ်များစွာကလည်း တစိတ်တည်းတဝမ်းတည်း ယုတ်မာကြတယ်။ အောက်ခြေစစ်သား စစ်ဗိုလ်တွေ၊ ရဲနဲ့ထွေအုပ်တွေ အပြင် လဝက၊ ဗဟိုဘဏ်၊ တရားရေး အစရှိတဲ့ ဝန်ထမ်းများစွာဟာလည်း စစ်ဗိုလ်တွေခိုင်းသမျှ ဘာတစ်ခုမှ မငဲ့ကွက်ပဲ ပြည်သူလူထုအပေါ်မှာ အစွမ်းကုန် ဒုက္ခပေးကြပါတယ်။ အထက်ဘဝဂ် အောက်အဝီစိလို့ ပြောရမယ်ဆိုရင်တော့ မအလယုတ်မာသမျှကို သိသိကြီးနဲ့ ကာကွယ်ရပ်တည်ပေးနေသော ပူတင်တို့၊ ကျင့်ဖျင်တို့အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေလည်း ပါတာပေါ့။ သူတို့လည်း တခေတ်တည်း တကာလတည်းမှာပေါ်လာကြပြီး စိတ်ဝမ်းတူရာ ရပ်တည်ကြတယ်။ ပဌာန်းဆက်တော့ မဟုတ်ဘူး။ ဒယ်အိုးနီးချင်းတွေ ဖြစ်လိမ့်မယ်။
ဒီလိုလူတွေရဲ့ စိတ်သဘောထား အခြေအနေအတိုင်းဆိုရင် တတိယကမ္ဘာစစ်ကြီးဖြစ်လို့ အနုမြူဗုံးတွေ ကျဲချတာဟာလည်း ကမ္ဘာကြီး ကောင်းဖို့ ဖြစ်လာတယ် လို့ ကြိုဆိုမျှော်လင့်ရမယ့် သဘောရှိတယ်။ ဘယ်လိုသေသေ ကိုယ့်တစ်သက်ထက် ပိုသေလို့ မရဘူး။ ကိုယ့်ချည်းပဲ သေမယ့်တူတူ ရန်သူတွေ တပါတည်းခေါ်သွားနိုင်ရင်တော့ များလေကောင်းလေပေါ့။ အဲ့ဒါ တော်လှန်ရေး ရှည်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့စိတ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်ပါ။ “ဒီနေ့ ဒီနေရာမှာ၊ အလှူမင်္ဂလာဆောင် ရှိမယ်ဟေ့။ လေယာဉ်နဲ့ လာပြီး ဗုံးကျဲလှည့်စမ်းပါ။” ဆိုတဲ့ ဒလန်တွေစိတ်မှာလည်း အဲ့သလိုပဲ ရှိလို့နေမှာပေါ့။ ကိုယ့်ဘက်မှာ လူတွေအများကြီး သေနေသလို သူတို့ဘက်က ခွေးသေဝက်သေတွေကလည်း နည်းတာ မဟုတ်ဘူး။ နောက်ထပ်လည်း သေဦးမှာလေ။ ဘယ်အချိန်ကျမှ ရပ်မှာလဲ။ တစ်ဘက်ဘက်မှာ သေစရာမကျန်တော့ဘူး ဆိုရင် ရပ်သွားမှာပေါ့။ အရေးကြီးတာ သေတဲ့အထဲ ကိုယ်မပါဖို့၊ ကိုယ့်မိသားစု မပါဖို့အတွက် သူများအသက်တွေ ထိုးထိုးကျွေးပြီး ကြာနိုင်သမျှကြာအောင် တောင့်ခံထားရမယ်။ အဲ့ဒါကြောင့် စစ်မှုထမ်းဥပဒေထုတ်တယ်လေ။ ရှင်းရှင်းလေးပဲ။ လူပေးနိုင်ရင် လူလာ။ လူမပေးနိုင်ရင် ပိုက်ဆံပေး။ အိမ်မှာရှိတဲ့သူ ဖမ်းခေါ်သွားမယ်။ တတ်နိုင်ရာနဲ့ လာရွေးလှည့်။ ဒီလိုလား။ ဒါဆိုလည်း စုဆောင်းရေးလာတဲ့ အုပ်ကြီးတွေ၊ ဒလန်တွေ မှတ်ထားမယ်လေ။ တွေ့ကြသေးတာပေါ့။ အဲ့သလိုနဲ့ နောက်ထပ်လူတွေ ထပ်သေလည်း အဘတို့အိမ်နဲ့ အဝေးကြီးပဲ ရှိပါသေးတယ်။ သေပလေ့စေလေ။ ငကန်းသေရင် ငစွေလာလိမ့်မယ်။
ဒီအတိုင်းသွားနေလို့ နောက်ထပ် ၁၀ နှစ်၊ အနှစ် ၂၀ လောက် ထပ်ကြာဦးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ခများတို့ မြို့ပေါ်ကလူတွေ ခံနိုင်ပါ့မလား။ ၂၁၊ ၂၂၊ ၂၃၊ ၂၄ ဖြတ်သန်းပြီးပြီ။ ဒါမျိုးနောက်ထပ် ဘယ်နှစ်နှစ်ဆက်ရုန်းနိုင်မလဲ။ ကိုယ့်ဘာကိုယ် စဉ်းစားလေ။ ကိုယ်တိုင် ခံစားနေရတဲ့ ဒုက္ခဆင်းရဲ ကိုယ့်ဘာသာ အသိဆုံးပဲ။ အဲ့ဒီ ဒုက္ခ ဘယ်သူ့ကြောင့် ဖြစ်တာလဲ။ အဲ့ဒီဒုက္ခက လွတ်ရာလွတ်ကြောင်း ရှိသလား။ ဘယ်လိုလွတ် အောင် လုပ်မလဲ။ ဒီတော်လှန်ရေးသစ္စာလေးပါး ကို နားလည်အောင် ဆင်ခြင်ကုန်လော့ ချစ်သား ချစ်သမီးတို့။ တော်လှန်ရေးပြီးရင် ချန်ဂင်ဆေးရုံလေးလည်း စပ်ပေးဦးနော်။ ယူကရိန်းစစ်မြေပြင်မှာ ဆေးရုံသွားဆောက်မလို့။ ဟိုမှာ ငွေချေရဦးမယ်။ အို… ဘာတွေပြောနေတာလဲ။ ဆြာစိုးကို မပစ်မှားနဲ့ ငရဲကြီးလိမ့်မယ်။ ယူတို့ ဆြာစိုးလို လှူဖူးတန်းဖူး၊ ဆေးအလကားကုဖူးသလား ပြောစမ်း။ အီလွန်မတ် နဲ့ ဒေါ်နွယ်ထွမ့် ပေါင်းမွှေသလို မွှေထည့်လိုက်ရ မကောင်း ရှိတော့မယ်။ ဟင်း ဟင်း။