ချန်ဂင်တို့စခန်း (၃၂၆)

စစ်ဘောင်ကျယ်လာပြီး စစ်ပွဲတွေ နေရာတကာဖြစ်လာတဲ့အခါ ဆေးရုံမှာ လာပြတဲ့ လူနာတွေကို လိပ်စာမေးရခက်လာပါတယ်။ ဘယ်သူ့ကိုမေးမေး စစ်ရှောင်စခန်းက လာတယ်ချည့် ဖြေနေကြတာကိုး။ အားမငယ်ပါနဲ့။ ဒီက ဆရာဝန်တွေလည်းပဲ စစ်ခွေးအန္တရာယ်ကို ရှောင်လာတဲ့ စစ်ရှောင်ဆရာဝန်တွေချည့်ပါ။ “နင်လည်းပဲ နင့်အိမ်ပြန်သင့်ပြီ။ ငါလည်းပဲ ငါ့အိမ်ပြန်တော့မည်။” လို့တောင် အားပေးနိုင်တဲ့ အခြေအနေ မရှိပါဘူး။ သူလည်း မရေရာ ကိုယ်လည်း မရေရာ ဘဝမျိုး။ သို့ပေမယ့် သူတို့ကလူနာ၊ ကိုယ်က ဆရာဝန်အနေအထားမှာ ကူညီနိုင်တဲ့သူဖြစ်ခွင့်ရတာ ကျေနပ်စရာပါလေ။ ခုချိန်မှာ သူတို့အတွက် primary health care service တွေ ဘယ်မှာမှ မရနိုင်တော့ဘူး။ အထူးသဖြင့် ဆင်းရဲတဲ့ စစ်ပြေး ဒုက္ခသည်တွေမှာ မမာမကျန်းဖြစ်လာတဲ့အခါ နူရာမှာ ဝဲစွဲသလို ဖြစ်တာပေါ့။ ဆေးတွေဝါးတွေ ဖမ်းဆီးပိတ်ဆို့ထားတော့ ကူးစက်ရောဂါတွေ ခေါင်းထောင်လာပြန်ရော။ သိသာတာက ငှက်ဖျား နဲ့ တီဘီ။ မနှစ်တုန်းက မိုးတွင်းမှာ outbreak ဖြစ်တော့ ဆေးတွေမှာတာ မှာတာ ဆိုတာလေ။ မှာလိုက်ရင်း၊ ရောက်လိုက်ရင်း၊ ကုန်လိုက်ရင်းနဲ့ အပါတ်ကိုမလည်ဘူး။ နောက်ဆုံးမှာ ထောင်သောင်းချီတဲ့ ဆေးတွေ test kit တွေ ရောက်လာတော့ ရှိသမျှ စစ်ရှောင်စခန်းတွေ၊ mobile clinic တွေကို လက်လှမ်းမီသလောက် ဖြန့်ဝေပစ်လိုက်တယ်။ စိတ်ထဲမှာ တစ်နှစ်စာလောက်တော့ ဖူလုံပြီပေါ့။ မဟုတ်ဘူးဗျား။ အခု နွေဦးတောင် မပေါက်သေးဘူး။ ဆေးတွေကုန်တော့မယ် ဆိုတော့ မျက်လုံးပြူးသွားပြီး အရေးပေါ်ထပ်မှာရပြန်တယ်။ NUG, MOH ဆီက မှာတာပါဗျ။ ဒါတောင် ဈေးကြီးတဲ့ဆေးဆိုရင် လမ်းက ဂိတ်တွေက ဖောက်ယူထားတယ်။ ကားသမားတွေကလည်း ဘယ်ကားမှ အတင်မခံဘူး။ ဆေးရုံဆေးခန်းလိပ်စာ၊ ဆရာဝန်ထောက်ခံစာ၊ သွင်းကုန်လိုင်စင် ထောက်ခံစာ။ ဘာထောက်ခံစာနဲ့မှ မရဘူး။ ဆေးဆိုရင် အကုန်သိမ်းတာ။ ဘိန်းထက်တောင် ဆိုးတယ်။ ကုန်စိမ်းသယ်တဲ့ ဆိုင်ကယ်ကယ်ရီတောင် ဆေးတွေပါလာသေးသလား အဓိကထားပြီး စစ်တယ်။ “နင်တို့ အကြမ်းဖက် အဖွဲ့တွေအတွက် ဆေးတွေသယ်လာသေးသလား။” လို့တောင် ဖွင့်မေးသေးတာ။ အိုက်ကောင်တွေ သေနတ်မှန်ရင် ဘယ်သူကုပေးမှာမို့လို့ ဒီလောက်မောက်မာနေရတာလဲ။ ဆက်ပြီး ကြိုးစားလိုက်ပါဦး ခေါင်းကြီးတို့။ ကိုယ့်ဆေးရုံမှာ စစ်ပွဲကာလအတွက်တောင် မဟုတ်ဘူး။ မိုးတွင်းစာပါ ဖူလုံအောင် စုထားပြီးပြီ။

မနေ့က ညဘက်ကြီး တော်တော်မှောင်မှ ပစ္စည်းတွေသယ်လာတဲ့ ကားရောက်လာခိုက်မှာ လေယာဉ်လာလို့ ကျင်းထဲ အရင်ဆင်းရသေးတယ်။ လာလည်း လာနိုင်တယ်နော်။ နောင်ချို လို မြို့သေးသေးလေးပေါ်ကိုတောင် ဗုံး ၁၇၅ လုံးချသတဲ့။ သေတာက လူ ၅ ယောက်လေ။ လူတစ်ယောက်သေဖို့ လေယာဉ်ပေါ်က ဗုံး ၃၅ လုံး ကျဲချနိုင်လောက်အောင် ချမ်းသာတဲ့ကောင်တွေပဲ။ မြို့ပြရပ်ရွာကို နာလန်မထူနိုင်အောင် ဖျက်ဆီးပစ်ချင်တဲ့သဘော ဖြစ်ပါလိမ့်မယ်။ မြန်မာတပြည်လုံးမှာ သူတို့ကျဲချတဲ့ ဗုံးတွေဟာ ဒုတိယကမ္ဘာစစ်အတွင််းက မဟာမိတ်တွေ၊ ဖက်ဆစ်ဂျပန်တွေ ဗုံးကျဲတာထက် များမလား မသိပါဘူး။ ဒါပေမယ့် ကိုယ်တို့တတွေလည်း အဲ့ဒီ ဗုံးဆံ အမြောက်ဆံတွေကြားမှာပဲ ရှင်သန်အောင် နေထိုင်ရတယ်။ ခေတ်နဲ့အညီပေါ့။ နားထဲမှာ GPS တောင် ပါနေပြီလား မသိ။ ဒါလေးက Y12 အသံ။ ဒါကတော့ jet fighter။ တစ်စင်းတည်း မဟုတ်ဘူး။ ၂ စင်း။ ဘယ်ဘက်က လာပြီး ဘယ်ဘက်ကို ပျံသွားတာ။ ကြားရတဲ့အသံအရဆို ဘယ်နေရာမှာ ချသွားလောက်တယ်။ မှန်းတတ်လာပြီ။ CDM ဆရာဝန်တွေမို့ သတ္တိကောင်းကောင်းနဲ့ ဘယ်ကိုမှ ထွက်မပြေးပဲ ဆေးကုနေတာ မဟုတ်ပါဘူး။ ရွှေတူးကျောက်တူးတဲ့သူတွေလည်း စစ်ပွဲဖြစ်ရင် ဖယ်ပေးလိုက်၊ စစ်ပွဲပြီးတော့ ပြန်တူးလိုက်နဲ့။ ဒီနားလေးတင် တဝဲလည်လည်ပါ။ ရပ်ပျက်ရွာပျက်ဖြစ်သွားတော့ မီးလောင်ပြိုကျသွားတဲ့ အိမ်ဝင်းခြံဝင်းတွေမှာ မြေလှန်ရွှေတူးပြီးမှ အသစ်ပြန်ဆောက်ကြတယ်။ ဖားကန့်ဘက်မှာလည်း အလားတူပေါ့။ မြေစာပုံပြိုလို့ လူ တစ်ရာနှစ်ရာသေသွားလည်း သေတဲ့လူကသေ၊ ကျန်တဲ့လူက ဆက်ကောက်ကြတာပဲ။ သေခြင်းတရားကို လူတိုင်းသိတယ်။ သို့သော်လည်း ကိုယ်က သေတဲ့သူ မဟုတ်သေးသ၍ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြတာပဲ။ ကိုယ့်မှာ ဒီလိုသေရမယ့်ကံပါလာမှဖြင့် ဘယ်လွတ်မြောက်နိုင်မှာလဲ။

ပြန်စဉ်းစားလိုက်ရင် ဘူတန်ကပြန်လာပြီးတဲ့နောက် ရန်ကုန်ရောက်တိုင်း ဝိုင်းဖွဲ့ဆုံတွေ့ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ တော်တော်လျော့ပါးလာပြီ။ ဆရာအတ္တကျော်လည်း မရှိတော့ဘူး။ ကိုသာပိုတို့၊ ကိုစိုင်းမျိုးတို့လည်း ဆုံးသွားပြီ။ ကိုယ့်ကို အမြဲ ကာဖီခေါ်တိုက်နေကျ ကိုအောင်ကျော်ဆန်းလည်း သွားရှာပြီ။ ကိုမင်းအိုက အထဲမှာ။ တောထဲရောက်နေတာတော့ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ဘောထဲပျောက်နေတဲ့သူတွေတော့ unfriend လုပ်ပြီး block ထားလို့ သေသလား ရှင်သလား မသိ။ လောကဇာတ်ခုံ အဖုံဖုံအလီလီပါလေ။ တခါတလေ သူငယ်ချင်းတွေက ရန်ကုန်မှာ gathering လုပ်ဖြစ်ရင် ကိုယ့်ကိုအားနာလို့တဲ့။ ပုံတွေ မတင်ကြဘူး။ ရပါတယ်။ ကိုယ်က အဲ့လိုမျိုးဖြင့် ဘယ့်နှယ့်မှ မနေဘူး။ ဒီအရွယ်ကြီးထိ နေကောင်းကျန်းမာနေတာ တွေ့ရလို့ ဝမ်းသာပါတယ်။ အကင်းတဖြုတ်ဖြုတ်တွေကြားမှာ နေတာကြာတော့ ဝင်းမှည့်နေတဲ့ အသီးကြီးတွေ မြင်ရတာ စိတ်ချမ်းသာပါတယ်။ ဖင်ရှုံ့တာလေးတော့ မမြင်ချင်ယောင် ဆောင်ရတာပေါ့။ မငယ်တော့ဘူး။ ကျောင်းတုန်းက မမတို့၊ ဆရာကြီးတို့ ခေါ်ရတဲ့အရွယ်ကို ရောက်လာကြပြီ မဟုတ်လား။ သူတို့လောက်တော့ စမတ်မကျတာ အမှန်ပါပဲ။ ကိုယ့်ဆရာတွေဆို ဆေးရုံမှာ ငေးကြည့်နေရတာ။ တကယ့်ကို မိုးကျရွှေကိုယ်လေးတွေအတိုင်း။ ကိုယ့်မှာတော့ စုတ်တီးစုတ်ဖတ်နဲ့တောင်မှ ခွေးကလည်း တစီစီရယ်။ အဲ့ဒီကောင်တွေက သူများ round ရင်သာ မလိုက်တာ။ ကိုယ် round ရင် နောက်ကလိုက်ပြီး အတင်းဖက်ယက်တက်သေးတာ။ စာသွားသင်တော့လည်း ချောင်းထဲဆင်းလိုက် ဗွက်ထဲနင်းလိုက်မို့ ဘောင်းဘီတို၊ တီရှပ်နဲ့ပဲ သွားတယ်။ ဟိုရောက်တော့မှ ပုဆိုး၊ အင်္ကျီလဲဖို့ အဝတ်အပို တစ်စုံသယ်သွားတယ်။ တောထဲမှာပဲကွာ။ ဘာပဲများစရာလိုသလဲ။ သင်တန်းအစအဆုံး ဒါဝတ်ဘိုင် လုပ်တာပေါ့။ အဝတ်တွေ အထည်တွေလည်း မဝယ်ဖြစ်ပါဘူး။ သူများပေးတာ ဝတ်တာပဲ။ များလာရင် ထားစရာ မရှိဘူး။ လူနာတွေကို ပေးပစ်တယ်။ သူတို့မှာ ရှေ့တန်းက ဒဏ်ရာရပြီး ရောက်လာတဲ့ဟာ။ ဘယ်သူကမှ luggage ကြီးနဲ့ မလာဘူး။ ပါလာတဲ့ ခါးဝတ်ခါးစားလည်း ကိုယ်တို့က ကတ်ကြေးနဲ့ ကိုက်ညှပ်ပစ်ရတာ။ စစ်ဝတ်စုံတစ်ထည် နှစ်သိန်းသုံးသိန်းတန်မှန်း မသိလို့ ညှပ်မိပါတယ်ကွယ်။ အမိုက်အမဲလေးတွေ ခွင့်လွှတ်နော်။

ကိုယ့်ရုပ်သွင် ဘယ်လိုရှိရှိပါလေ။ ကိုယ့်အလုပ်ခွင် ကိုယ်ရှိနေသ၍ ဘယ်လူနာမှ မျက်နှာမငယ်စေရဘူး။ ဘာပဲလိုလို၊ လိုချင်တာ အကုန်ရအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးထားတယ်။ အခု စိတ်ချမ်းသာနေတာ antibiotics တွေ၊ drip ဖာတွေ၊ ပတ်တီးလိပ်တွေ၊ ကား ၂ စီး၊ ၃ စီးတိုက် ရောက်ထားလို့။ “လူနာတွေ လာစမ်းပစေ။ ငါ အကုန်ကုပလိုက်မယ်ကွ ။” ဆို တက်ကြွနေတာ။ ကိုယ့်ကလေးတွေ ဒဏ်ရာရလာရင် လိုလေသေးမရှိ ကုပေးနိုင်ဖို့ အမြဲအဆင်သင့် ရှိတယ်။ ကင်ဆာသမားတွေကိုတော့ ကိုယ်ခွဲနိုင်သလောက် ခွဲပေးနေတယ်။ အသားစပို့ပေးတယ်။ ကင်ဆာဆေးတွေကတော့ မှာပေးလို့မရတော့ “ဝယ်လာခဲ့ သွင်းပေးမယ်။” ပဲ လုပ်ရတယ်။ ကိုယ်တောင် မှာမရတာ။ သူတို့လည်း မရပါဘူး။ “နေရသ၍ပေါ့ ဆရာရယ်” တဲ့။ သူတို့လည်း မကြောက်ပါဘူး။ HIV လူနာတွေလည်း ကိုယ်က septrim နဲ့ တီဘီဆေးပဲ ပေးနိုင်တယ်။ ART ဆေးက ကိုယ်လည်း မရလို့ မပေးနိုင်။ ပေးနိုင်တဲ့ NGO ဆေးခန်းတွေကလည်း ဖွင့်တလှည့်ပိတ်တလှည့်။ ဘယ်တတ်နိုင်မလဲ။ ကုလို့ရသ၍ပေါ့ လူနာတွေရယ်။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်တတ်တော့ပါ။ ရောဂါနဲ့မသေခင် ဗုံးမှန်လို့လည်း သေချင်သေသွားနိုင်တာပဲ။ အလုပ်မလုပ်ပဲနေရင် ငတ်သေမှာက ပိုတောင် သေချာသေး။ လူဆိုတာဟာ တော်ရုံနဲ့သေခဲ။ ကြာလာတော့လည်း ခံနိုင်ရည်နဲ့ ဝ။

အပျံသင်စ တဖြစ်လဲတဲ့အခါ ကိုယ်လည်းပဲ တောပုန်းအရင့်စား။ ရေဆိုတာဟာ နွေအခါမှာ ခက်သေး။ ငွေဆိုတာဟာ ရှာနိုင်ရင်တော့ မရှား။ တောထဲမှာ ဆေးရုံထောင်ထားတာ လေးနှစ်တောင် ရှိနေပါပြီ။ စည်သူနွဲ့နွဲ့စန်းကြီး တစ်လစာ ဆေးဖိုးအလျဉ်မမီလို့ ဆည်းဆာရိပ်ကိုပိတ်ပြီး မြေရောင်းဖို့ လိုက်စပ်နေရတဲ့အချိန်မှာ ချန်ဂင်တို့က စတုဒီသာ လေးမျက်နှာမှ လာလာသမျှ အလကားထိုင်ကုနေတာ ဟန်ပြတော့ မဟုတ်ဘူးဗျ။ ဆေးသင်တန်းဆင်းတဲ့ကလေးတွေ ရှေ့တန်းကို ယူသွားဖို့ combat kit ကလေးတွေ မနေ့ကမှ ရောက်လာတယ်။ စာသင်တုန်းက ဓါတ်ပုံလေးပြပြပြီးသင်ထားတာ အခုတော့ တစ်ယောက်တစ်ခု ပေးလိုက်နိုင်ပြီ။ ဟန်ကိုကျလို့။ ဒါတောင် ကလေးမွေးတဲ့ clean delivery kit ကလေးတွေပါ ထည့်ပေးချင်တာ။ အချိန်မီ ရှာမရလို့။ ဒီ ၆ လလုံးလုံး အပင်ပန်းခံ သင်ကြားခဲ့သမျှ ဘယ်လောက်ထိအောင် အားကိုးလို့ ရမလဲ။ လက်တွေ့ကြည့်ရသေးတာပေါ့။ မဒ္ဒီ ကိန္နရီ စံချိန်မမီပေမယ့် ဟာနေတာကို မဟာအောင် သူဖြည့်ပေးမယ့် ကလေးတွေ။ သူတို့ကို စာတွေ့လက်တွေ့ချည့်ပဲ သင်ထားတာ မဟုတ်ဘူး။ လူနာပြုစုကုသပေးဖို့ နူးညံ့တဲ့ နှလုံးသား kind heart ရအောင်လည်း ကိုယ့်ဘဝအတွေ့အကြုံတွေ နမူနာဝေငှလို့ စဉ်းစားဆင်ခြင်တတ်အောင် သင်ထားပေးတယ်။ ယုံကြည်စွာ အားကိုးစမ်းပါရစေ။ smart ကျတဲ့ teacher မဖြစ်ပေမယ့်လည်း smart teacher တော့ ဖြစ်ကောင်းပါရဲ့။

ကိုယ်တို့ကျောင်းသားဘဝတုန်းက ဆရာကြီး၊ ဆရာမကြီးတွေဟာ လူကိုယ်တိုင်တော်ရုံတင် မဟုတ်ဘူး။ အရမ်း စမတ်ကျကြတယ်။ ဆရာကြီးဦးမောင်မောင်ဝင့်တို့၊ မမဒေါ်ခင်ရဲမြင့်တို့၊ ဆရာကြီးဦးထွန်းစံမောင်တို့၊ ဆရာကြီး ဦးစောဆိုင်မွန်သာတို့။ မရှိကြတော့ဘူး။ ဒါပေမယ့် သူတို့ပုံရိပ်တွေက မျက်စိထဲမှာ စွဲနေတုန်း။ ရုပ်ဆင်းသွင်ပြင်ကို မြင်လိုက်တာနဲ့ ဒီလူဟာ သာမန်လူ မဟုတ်ဘူး။ အရမ်းတော်တဲ့သူ ဆိုတာ သိသာတယ်။ ဆေးညွှန်းတောင် မဖတ်ရသေးဘူး။ ဗူးခွံမြင်ရုံနဲ့ ဝမ်း ၃ ခါသွားတယ် ဆိုတာဲ့ဆေးမျိုး။ ဒါကြောင့်မို့ ကိုယ့်ဆရာတွေကလည်း သူတို့တပည့်တွေကို စာတင်သင်တာ မဟုတ်ဘူး။ သားသားနားနား သပ်သပ်ရပ်ရပ် နေတတ်ဖို့ကို ပဲ့ပြင်ဆုံးမတာလို့ ထင်ပါတယ်။ ကိုယ့်အနေနဲ့ကလည်း သူတို့ပညာတွေကို တသက်လုံးလိုက်မီနိုင်မှာ မဟုတ်တော့ သူတို့ ဝတ်ပုံစားပုံ ပြောပုံဆိုပုံလေးပဲ မသိမသာ အတုခိုးရတာပေါ့။ ဆရာကြီးတွေလို ကတ္တီပါဖိနပ်ရောင်စုံကလေးတွေ ပုဆိုးနဲ့လိုက်အောင် အမျိုးမျိုးစီးတယ်။ ဒါပဲတတ်နိုင်တယ်လေ။ ဈေးမှ မကြီးတာ။ ဒါပေမယ့် တောထဲရောက်တော့ ကတ္တီပါဖိနပ်နေနေသာသာ စလစ်ပါတောင် စီးလို့မရဘူး။ ဗွက်ကျွံရင် နှုတ်မရလို့။ အမယ် ဒါတောင် စကားပြောတဲ့အခါ ဆရာဝင့်နဲ့ တော်တော်တူနေပြီဗျ။ သူများကို ခနိုးခနဲ့ ပြောရပြီဆို မျက်နှာတစ်ခြမ်းက လေမဖြတ်ပဲ ရွဲ့ရွဲ့သွားလို့။ ဒါပေမယ့်လည်း ကျောင်းသားဘဝက တီရှပ်နဲ့ကျောင်းလာလို့ အိမ်ပြန်အလွှတ်ခံရတဲ့အထဲ ကိုယ်ပါပါတယ်ဗျ။ စိတ်တော့ဖြင့် မဆိုးမိပါဘူး။ ဆရာဆိုတာ ဒီလိုပဲ ဆုံးမရတာပဲ။ တပည့်ဆိုတာလည်း ဒီလိုပဲ နားမထောင်ချင် ပတ်ပြေးနေလို့ ရတာပဲ။ ကိုယ်ကိုယ်တိုင် ဆေးကျောင်းမှာ ဆရာဖြစ်တော့ အရင်ဆုံးလုပ်တာ ဇာတ်လမ်းတွဲရိုက်မယ့် မင်းသားများလို လည်ကတုံး ရှပ်လက်ရှည် ရောင်စုံ၊ ကတ္တီပါဖိနပ် ရောင်စုံ ဝယ်မိတဲ့အဖြစ်ကို အခုချိန်ကျတော့ ရယ်တောင်ရယ်ချင်သေး။

တချို့တွေက ပြောကြတယ်ဗျ။ ကိုယ်က အငယ်ဘဝတုန်းကလည်း အကြီးတွေပြုသမျှ နုရတယ်။ ကိုယ်က အကြီးဖြစ်လာပြန်တော့လည်း အငယ်တွေ ကလန်သမျှ ခံရတယ်တဲ့။ ဟုတ်ရင်လည်း ဟုတ်မှာပါ။ ကိုယ်လည်းပဲ ဒီလိုအဖြစ်မျိုး ကြုံဖူးတာပဲ။ ဒါပေမယ့် အဲ့ဒီကိစ္စမှာ ပြဿနာက အကြီးလည်း မဟုတ်ဘူး။ အငယ်လည်း မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ပါပဲ ဆိုတာ သဘောမပေါက်လို့ပါ။ အကြီးကနှိမ်တယ်၊ အငယ်က ကလန်ကဆန် လုပ်တယ်ဆိုတာ ပေးထားချက်တွေပါ။ အဲ့ဒီအချိန်မှာ ကိုယ်က ဘာလုပ်မှာလဲဆိုတာကသာ ကိုယ့်ကိစ္စ။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား။ ဘေးကအကြံဉာဏ်တွေက ဘာမှ အသုံးမဝင်ဘူး။ ကိုယ်စိတ်ကျေနပ်ရာ ကိုယ်လုပ်။ ကောင်းကောင်းဆိုးဆိုး အကျိုးဆက်ကို ရင်ဆိုင်။ အဲ့ဒီအတွက် နောင်တလည်း ရမနေနဲ့။ ကိုယ် Part 2 final ဖြေတုန်းက viva table မှာ ဆရာကြီးဦးမောင်မောင်စိန်နဲ့ ဖြေရတယ်။ ဆရာကြီးက စာမေးပွဲ မချတတ်ပေမယ့် bedside ခုံမှာဆို နှစ်ပြားမတန်အောင် ဆူပြောပစ်တတ်တာ သူ့ဝသီပါ။ ကိုယ့်ရှေ့က ကျောင်းသားက စာစစ်သူဆရာကြီးလည်း မြင်ရော။ “ဟာ ဆရာကြီး။ ဆရာကြီးနဲ့ဆို ကျွန်တော်မဖြေတော့ဘူး။ ဖြေလည်း ကျမှာပဲ။ ဆပ်ပလီကျမှ ပြန်တွေ့ပါရစေ ဆရာကြီး။” ဆို ထပြန်သွားရော။ အဲ့ဒါပြီး ကိုယ့်အလှည့်ရောက်တော့ ဆရာကြီးက မဆူတော့ဘူး။ “မင်း အလကားကောင်ပဲ။” တစ်ခွန်းတော့ အကျွေးခံလိုက်ရသေးတယ်။ ကိုယ့်ရှေ့က မဖြေပဲထွက်သွားတဲ့ ကျောင်းသားရော ဘာဖြစ်တယ် ထင်သလဲ။ ဆာဂျရီ ဆပ်ပလီထိတယ်လေ။ မထူးဆန်းဘူး။ ဒါပေမယ့် ကိုယ်တို့နဲ့တစ်နှစ်တည်းအောင်တဲ့ ဆရာဝန်တွေထဲမှာ သူက ပထမဦးဆုံး ကွန်ဆားတန့်ဖြစ်တဲ့ မေ့ဆေးဆရာဝန်ဗျ။ ရွတ်တာတော့ ရွတ်သလားမမေးနဲ့။ ပါရီမှာ ထရိန်နင်သွားရင်း လုဗ်ပြတိုက်ရှေ့မှာ ဓါတ်ပုံရိုက်တင်ထားတာ စလစ်ပါကြီးစီးလို့။ ခုတော့လည်း ဆုံးရှာပါပြီ။

ကိုယ် ခဏခဏ ပြောဖူးပါတယ်။ “တို့က ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီ။ ရှင်ငယ် ဝမ်းလည်း ဝင်ခဲ့ပြီ။ ချေးစော်တွေလည်း နံခဲ့ပြီ။” လို့။ အဓိက က ရှင်ကြီးဝမ်းတွေ ရှင်ငယ်ဝမ်းတွေ ဝင်ချည်ထွက်ချည် ပြုရတာ ချေးစားဖို့၊ ချေးနံ့ရှူဖို့မှ မဟုတ်တာ။ ကိုယ် ဘာလိုချင်သလဲ။ လိုချင်တာကို ရအောင်ယူလာနိုင်ဖို့ပဲ အရေးကြီးပါတယ်။ Pathology က ကိုယ်တို့ဆရာမကြီး မမအန်းက ဆုံးမတာကတော့ “ဘယ်အရာမဆို အခိုက်အတံ့ပါ လို့ သဘောထားလိုက်ရင် ပြဿနာတော်တော်များများက ပေါ့ပါးသွားပါလိမ့်မယ်။” တဲ့။ တချို့ဆရာတွေရဲ့ အဆုံးအမစကားတွေဟာ တသက်စာ ဖူလုံပါတယ်။ ကိုယ့်ဆရာ ဆရာမကြီးတွေဟာ ဆေးကုသခြင်းအတတ်ပညာမှာတင် တဘက်ကမ်းခတ်တာ မဟုတ်ဘူး။ နှုတ်မှုရေးရာမှာလည်း အင်မတန်ကြွယ်ဝတယ်။ မြန်မာလို ပြောရမလား။ အင်္ဂလိပ်လို ပြောရမလား။ ရှေ့နေတွေရှုံးအောင် ပြောနိုင်တယ်။ ဒါလည်းပဲ အတုယူရတာပါပဲ။ သူတို့က လူဆိုလည်း သန့်ပြန့်တောက်ပနေမှ ကြိုက်တယ်။ အပြောအဆိုလည်း ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရှိမှ ကြိုက်တယ်။ ဒါပေမယ့် ကိုဇင်အောင်လို “ညီလေး အိုက်ဖိနပ်ကြီး ဘာလို့ စီးလာသလဲ။ အကို စဉ်းစားလို့ မရဘူး။” ဆိုတာမျိုးတော့ တစ်ခါမှ မပြောဖူးပါဘူး။ ဟောက်ဆာဂျင်ဘဝတုန်းက ဝါဒ်ထဲမှာ နိုက်ဂျူတီဆင်းနေတုန်း ဆရာကြီး ဦးမြဦး ရောက်လာတယ်။ ချင်းပြည်နယ်မှာ မြားမှန်တဲ့ဆရာဝန်ကို လာကြည့်တာ။ ကိုယ်က ကမန်းကတန်းနဲ့ အင်္ကျီချိတ်မှာ ချိတ်ထားတဲ့ ဂျူတီကုတ်ကြီး ဆွဲဝတ်ပြီး လိုက်သွားတာ။ ချိတ်ကိုမဖြုတ်မိတော့ ခေါင်းနောက်မှာ ချိတ်ကြီး တထောင်ထောင်နဲ့ပေါ့။ ဆရာကြီးက “ဆာဂျင်ဆိုတာ သပ်ရပ်ရတယ်။ တိကျသေချာရတယ်။ တရုတ်အပ်ချုပ်သမားများလို ပိပိရိရိ စေ့စေ့စပ်စပ် ခွဲရချုပ်ရတယ်။ ကော်ရင်ဂျီထမင်းစားသလို ဗြဲလယမ်း ပေပွနေလို့ မရဘူး။” လို့ ဆုံးမတယ်။ သူတို့က ဆူရင်ပြောရင် အဲ့လိုမျိုး တစ်ခွန်းဆို ဆိုသလောက် မှတ်မှတ်သားသား ဖြစ်သွားအောင် ဆုံးမပါတယ်။ ကိုယ်တို့ကလည်း “ဟယ် ကြည့်စမ်း။ ငါ့ကို လူတွေကြားထဲ အရှက်ခွဲသွားတယ်။” လို့ ဘယ်တော့မှ မမြင်ပါဘူး။ အသွန်အသင် အဆုံးအမ မဲ့သောသူဖြစ်မှာသာ ပိုကြောက်ရတာပါ။

ဒီလိုနဲ့ ကိုယ်က အကြီးဖြစ်လာတဲ့အခါ ကိုယ့်ကို အငယ်တွေက လက်စင်ပေးတာ၊ နှပ်ချတာ၊ ကလန်ကဆန်လုပ်တာရော မကြုံဖူးဘူးလား ဆိုရင် ကြုံဖူးတာပေါ့ဗျာ။ ဒါလည်း ပေးထားချက်ပဲ လို့ ပြောပါသော်ကော။ အငယ်ကနှိပ်စက်လို့ မျက်ရည်နဲ့မျက်ခွက် ဖြစ်နေတဲ့ အကြီးတွေ အများကြီး မြင်ဖူးတာပေါ့။ ကိုယ့်အတွက်က အဲ့ဒါ ပြဿနာ မဟုတ်ပါဘူး။ အငယ်တွေဆီမှာ၊ တပည့်တွေဆီမှာ ကိုယ်က မျှော်မှန်းထားတာ တစ်ခုမှ မရှိတဲ့အတွက် ဘာကိုမှ မခံစားရဘူး။ စာသင်ကာစက စင်ပေါ်မှာ၊ လူရှေ့မှာ မတ်တပ်ရပ် စကားပြောရင် စာသင်ခုံပေါ်က ခေါင်းကလေးတွေ အားလုံးကို ကျောက်တုံးလေးတွေ၊ ရေအိုးလေးတွေ လို့ စိတ်ထဲမှာ ထားလိုက်သလိုပဲ။ ကိုယ်စာသင်ပေးတဲ့ ကလေးတွေကို အတန်းပြင်မှာတွေ့ရင်လည်း အဲ့ဒီအတိုင်း ဆက်သဘောထားလိုက်တယ်။ ကိုယ်က ဘယ်ကျောင်းသူကျောင်းသားကိုမှ အထူးတလည် ချစ်ခင်မနေသလို ကိုယ်စာသင်တဲ့ ကျောင်းသားတိုင်းက ကိုယ့်အပေါ် ချစ်ခင်လေးစား ကြည်ညိုနေရမယ် လို့ မရည်ရွယ်ပါဘူး။ အလိုလိုနေရင်း သောက်မြင်ကပ်နေသူတွေလည်း ရှိချင်ရှိမှာပေါ့။ သူ့စိတ် သူ့အတွေးနဲ့ သူပဲဟာ။ စာသင်တဲ့အလုပ်မှာ ချစ်ခြင်းမုန်းခြင်း ပါစရာ မလိုလို့ အဲဒါကိုယ့်အတွက် ဘယ့်နှယ်မှ မနေ။ စာစစ်တဲ့အခါလည်း ကိုယ်ကျောင်းသားဘဝတုန်းက ဆရာတွေကို နောက်ခဲ့သလို “မချော ၄၀၊ ချော ၆၀၊ ချွဲရင် ၁၀၀ မှတ်” ဆိုတဲ့ စာစစ်သူမျိုး မဟုတ်ပါဘူး။ စာသင်သက်နုတုန်းက လို မလည်မဝယ် ဆရာငယ်ကလေးလည်း မဟုတ်တော့ဘူး။ သဘာလည်း ရခဲ့ပြီ။ အထာလည်း ကျခဲ့ပြီ။ ပုံပြင်တွေ လာမပြောနဲ့။ မယုံတတ်ဘူး။

ကိုယ်က ကိုယ့်ဆရာ၊ ဆရာမကြီးများလို အီဂျစ် နဲ့ အင်္ဂလန်၊ နိုင်ငံခြားက မပြန်သော်ငြားလည်း အလုပ်ထဲမှာ အတွေ့အကြုံတွေရခဲ့ပြီမို့ ဘယ်ဟာကို လုပ်ရင် ဘာဖြစ်မယ်။ ဘယ်ဘက်ကိုသွားရင် ဘယ်ရောက်မယ်။ အငယ်တွေထက် ကြိုမြင်တတ်တာတော့ အမှန်ပါပဲ။ ကိုယ့်အောက်ကလူတွေ မှားတော့မယ် လို့ ကြိုမြင်ရင် အဲ့လိုမလုပ်နဲ့။ အဲ့ဒါဖြစ်တတ်တယ် လို့ ပွင့်ပွင့်လင်းလင်းတားပါတယ်။ ကိုယ်က ကိုယ့်အတွေ့အကြုံနဲ့ ချိန်ထိုးပြီး ပြောတာကိုး။ နားထောင်တဲ့သူလည်း ရှိမယ်။ နားမထောင်ပဲနဲ့ “သူက ဘာမို့လဲ။ ငါ့ကို ဘာကောင်မှတ်နေလို့လဲ။” ဆိုတဲ့သူလည်း ရှိတာပေါ့။ အဲ့လိုမျိုးကျ ကိုယ်က ရန်ဖြစ်လေ့ မရှိပါဘူး။ အသာလေး လွှတ်ပေးထားလိုက်တာပဲ။ လုပ်ပစေလေ။ ကိုယ်တိုင်လုပ်၊ ကိုယ်တိုင်မှားတော့ ကိုယ်တိုင် သိသွားလိမ့်မယ်။ အဲ့ဒီခါကျမှ မှတ်လောက်သားလောက် ဖြစ်သွားမှာ။ နကန်းတစ်လုံးမှ နားမလည်တဲ့ လူကြီးသားသမီးတွေကို မဖြစ်မနေ အအောင်ပေးရမယ််ဆိုလည်း ပေးလိုက်လေ။ နောက်မှ သူ့အိမ်မှာ ဂျဲလမက် နဲ့ ပါရာစီတမော မှားသောက်ရင် သောက်ပလေ့စေ။ ဘွဲ့လက်မှတ်နဲ့ ဆေးကုတာ မဟုတ်ဘူး။ ခေါင်းထဲက ပညာနဲ့ ဆေးကုတာ။ အစစ်လိုချင် အစစ်ကို ရအောင်ယူ။ အတုအပမက်ရင် အတုအပပဲ ရမယ်။ ပညာဆိုတာမျိုးက အသိဉာဏ်ချင်း မီးညှိရတာ။ ပညာကို အလကား မရပေမယ့် ပိုက်ဆံပေးတိုင်းလည်း ဝယ်မရဘူး။ USB drive ကြီးလို အပေါက်ထဲ အတံတပ်ပြီး ဒေါင်းလုပ်ဆွဲယူလို့လည်း မရဘူးခင်ဗျ။

လူငယ်ဆိုတာ တော်လှန်သော အတွေးအခေါ် ရှိရမယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်လည်း အဲ့ဒီကာလတွေ ဖြတ်သန်းခဲ့ပြီးပြီမို့ တော်လှန်ကြောင်လေးတွေမှာ အောက်ဖဲစစ်မစစ်၊ အကဲခတ်တတ်တာပေါ့။ ကျောင်းမှာတုန်းက လုံးဝ ဘဝသမားဆိုပြီး လှိုင်သာယာဇိုးသမား ဂိုက်ဖမ်းတတ်တဲ့ ကွန်မီအကိုကြီးတစ်ယောက်လည်း AS ဖြစ်တဲ့ထိ ရောက်လေရာမှာ တော်လှန်ရေးတွေ ဆက်ဆင်နွှဲ။ နောက်ဆုံးတော့ ဝန်ကြီးသမီးနဲ့ရသွားတော့မှ သန့်ပြန့်တောက်ပြောင်၊ အေလိမောင် ဖြစ်သွားတာလည်း တွေ့ဖူးပ။ အဲ့တော့ ကျောင်းမှာ သမဂ္ဂ၊ သမဂ္ဂဆိုပြီး ဆရာတွေကို လာလာဖြဲတဲ့ ကွန်မီကလေးတွေ နန်းစိန်လုပ်ပြီး အလုပ်ဝင်နေတာတို့၊ နိုင်ငံခြားမှာ ကျောင်းသွားတက်တာတို့ တွေ့ရင် ဘယ့်နှယ်မှ မနေပေါင်။ လူဆိုတာ သည်လိုပဲ ပြောင်းလဲတတ်ပါတယ်။ မအံ့ဩပါနဲ့။ မပြောင်းလဲပဲ အကြောမာနေသူများကိုသာ အံ့ဩစမ်းပါ။ ကိုယ်တို့ surgical society ထဲမှာ တောထဲရောက်နေတဲ့သူတွေကို လိုက်ကြည့်မိတဲ့အခါ ပျော့ဖတ်၊ နူးညံ့၊ နွဲ့နှောင်းနေပါတယ် လို့ ပြောစရာဖြစ်တဲ့သူတွေကသာ တောထဲတောင်ထဲမှာ မာမာထန်ထန် အကြမ်းပတမ်းခံနေကြရပြီး တုံးဆိုတိုက်၊ ကျားဆိုကိုက်၊ ဂိုက်နဲ့ဆိုက်နဲ့ A list man တွေက ရာထူးတိုးလေးယူ၊ နိုင်ငံခြားလေးသွား၊ ဆေးခန်းလေးတွေပတ်ထိုင်ပြီး နုဖတ်အုအက်နေတာဗျား။ လောကကြီးက ဆန်းကြယ်လိုက်တာ။

အဲ့ဒီတော့ ကိုယ့်အဖို့မှာက အကြီးသည်လည်းကောင်း၊ အငယ်သည်လည်းကောင်း၊ ရွယ်တူတန်းတူသည်လည်းကောင်း၊ ခဏတာ ဆုံတွေ့ရတဲ့ acquaintance လို့သာ သဘောထားတာမို့ နက်နက်နဲနဲ ခံစားမနေပါဘူး။ အချိန်တန် ကိုယ့်လမ်းကိုယ်လျှောက်ရတဲ့အခါ သူ့အမူအကျင့်က သူ့နောက်ပါတာ၊ ကိုယ့်အမူအကျင့်က ကိုယ့်နောက်ပါတာမို့ ကိုယ့်အထုပ်ကိုယ် သယ်ကြရုံပါပဲ။ နှစ်သက်တဲ့ သဘောကျတဲ့အရာဆိုရင် ကိုယ့်ဆီမှာလည်း စွဲမြဲအောင် အတုခိုးတယ်။ မနှစ်သက်တဲ့ သဘောမကျတဲ့အရာဆိုရင် ယောင်လို့တောင်မှ အဲ့ဒါမျိုး မလုပ်မိအောင် ရှောင်ရှားတယ်။ ၂၀၂၅ ဒီဇင်ဘာ ၂၆ ရက်ဆိုရင် အစိုးရအလုပ်ထဲမှာ အနှစ် ၃၀ ပြည့်ပြီ။ CDM လုပ်တယ် ဆိုပေမယ့် နိုင်ငံ့တာဝန်ကတော့ ထမ်းလျက်ပဲ။ ပြည်သူ့ဝန်ကိုလည်း ထမ်းလျက်ပဲ။ ဘယ်သူနဲ့ပဲ ပြန်တွေ့တွေ့၊ မျက်လွှာချပြီး ခေါင်းငုံ့နေစရာ မလိုဘူး။ သွားလေးအဖြီးသားနဲ့ ဖားယားနေစရာလည်း မလိုဘူး။ အရင်တုန်းကလည်း ဒီအတိုင်းပဲ နေလာတာ။ အခုလည်း ဒီအတိုင်းပဲ နေနေတာ။ နောင်ကိုလည်း ဒီအတိုင်းပဲ ဆက်နေဦးမှာ။ ၅ တန်း၊ ၆ တန်း ကလေးတွေ အော်တိုရေးပေးသလို “ဘဝတကွေ့မှာ ခဏတွေ့ပါသည်။ ငါ့ကို မမေ့ပါနှင့်။” တို့ ဘာတို့ ရေးပေးစရာ လိုပါ့မလား။ ပြင်သစ်ကျောင်းမှာ လုပ်ချင်ရာတွေ လုပ်နေတုန်းက ကိုယ့်ကို အာမေဋိတ် အပြုခံရတယ်။ “Remarkable!” တဲ့။ နောင်ဆိုရင်တော့ တဆင့်မြင့်သွားပြီ။ “Inoublieable!” ပေါ့။ ဟိုဘက်ကကောင်တွေနဲ့တွေ့ရင်တော့ “Incroyable!” ဖြစ်အောင် လုပ်ပြလိုက်ဦးမယ်။ နားမလည်ရင် Google Translate နဲ့ ရှာကြည့်။ အဲ့ဒါ အိမ်စာ။