“ဟိုဘက်အိမ်က ညတိုင်းညတိုင်း စာအကျယ်ကြီးကျက်တာ။ တက်ဆယ်တန်းကျောင်းသူကို ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့ ရေဒီယို ကမာရွတ်လို့ ပေးထားတယ်။”
ကိုယ်တို့ဘေးအိမ်က မမပေထုံတန်တစ်ယောက် ပီကင်းကပြန်လာတာနဲ့ “ဆင်ဖမ်းပါ။ ကျားဖမ်းပါ။” ညံညံစာစာ အသံထွက်ပြနေတာ “ရေဒီယိုဘန်ကောက်” လို့ နံမည်ပေးရမယ့်ပုံပါပဲ။ စာရမရတော့ မသိဘူး။ လူကြားအောင် အော်နေတာတော့ အမှန်ပဲ။ သူက စာအော်ကျက်တော့ ဒီဘက်က စောချစ်သူကလည်း အော်တာပေါ့။ “ကိုယ်ခန္ဓာကြွေမှာကိုစိုး။ အိုး အိုး။ နင်းထားတဲ့ကြမ်းပြင် ကျွံသွားမလား။ မဲဆောက်လွင်ပြင် ဖြတ်ကျော်လာသူ လေညှင်းကလေး။ အိမ်ထဲကြွပါ။” ဆိုပြီး သူခေါ်ထားတဲ့သူ တစ်ယောက်မှ မပါပါဘူးတဲ့။ ကဲ ဘယ်လိုလုပ်မလဲ။ ခရု ခါးတောင်းကျိုက် ဖမ်းနေတယ် လို့ ဆိုချင်ဆိုကွယ်။ မြန်မာပြည်နယ်စပ်က ရွှေကုက္ကိုမြို့ပိစိလေးကို ဒေါ်နယ်ထွမ့် နဲ့ ရှီကျင့်ဖျင် နှစ်ယောက်ပေါင်းပြီး ချေမှုန်းတော့မလို ပြောနေတာကတော့ လွန်လွန်းသလိုပဲ။ ဒါကြီးက မြန်မာပိုင်နက်ထဲက အချုပ်အချာ အာဏာကို လာပြီးတော့ ထိပါးတယ် လို့ ဘဘကြီးမင်းအောင်လှိုင်က ယူဆလိုက်ရင် တနိုင်ငံလုံးကို စစ်မှုထမ်းခိုင်းနေမှအခက်။ တော်တော်ကြာ မြဝတီကနေ “ အရေးကြီးပြီ ညီနောင်အပေါင်းတို့” ကို စစ်ချီတေးလုပ်ဆိုနေပါဦးမယ်။ အခုတောင် လင်းလင်းသီချင်း ဖွင့်ပြပြီး စုဆောင်းရေးခေါ်နေရတဲ့ဘဝ။
“အစွယ်လိုသူက မိဖုရား၊ အသွားခိုင်းသူက ရှင်ဘုရင်၊ လေးပစ်သူက ဘုရားကျွန်တော်။ ကြံဖော်ကြံဖက် သည်သုံးဖော်မှာ စောချစ်သူတစ်ကောင်တည်း ကံကွက်ကျားပြီး ဝရမ်းအထုတ်ခံရတာတော့ မတရားပါဘူးနော်။” လို့ ငိုချင်းချသလိုလိုနဲ့ ကြံရာပါတွေကို ဖော်ကောင်လုပ်တဲ့အခါ အောက်ဖဲမစစ်ပဲ တက်ဖဲမျှော်ရိုက်တဲ့ ခွန်ထိုင်းတွေခမျာ “ခိုင်လုံတဲ့သက်သေ မရှိသေးဘူး။” ဆိုပြီး ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်သွားပါတယ်။
“မီးတွေလည်း ဖြတ်ထားပေးတယ်။ ဆီတွေလည်း ပိတ်ထားပေးတယ်။ ရဲမှူးကြီးတွေလည်း ထွမ်စဖာထုတ်ထားပေးတယ်။ သူများ အိမ်စာတွေ အကုန်လုပ်ထားပြီးပြီလေ။ ဟိုဘက်ခြံထဲက ကိစ္စ သူများနဲ့မှ မဆိုင်တာ။” ဆိုပြီး ကဗျာကယာ ပုတ်ထုတ်တယ် ခမျ။
“အိုး။ ဒါမျိုးတော့ ဘယ်ရမလဲ ဆရာ။ ရော့ ရော့ ရော့။ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေ။ Squid Game ထဲက ကယ်သလိုကယ်ပြီး မဲဆောက်ပြန်ပို့ပေးလိုက်တယ် သိလား။ နောက်လည်း လာဦးမှာ အဆက်မပြတ်။ ခေါ်ပွန်းခပ်လောက်တော့ လုပ်လိုက်။ ကျုံးကော်ရန်တွေတော့ မပါဘူးနော်။ သူတို့က ထောင်ချီနေလို့ တရုတ်ပြည်ကို ဒါရိုက်ပို့မှာ။ ဟိုဘက်နဲ့ ညှိလိုက်ဦးမယ် သပ်သပ်။ အဲ့ဒါကြောင့် ပြောတာပေါ့။ အိမ်နီးချင်းနှစ်ယောက် အပြိုင်အဆိုင် စာတွေ အော်ကျက်နေကြပါတယ် လို့။
နေစမ်းပါဦးဟ။ ယူတို့ဟာကလည်း စာကျက်သံတွေ ညံသလောက် အောင်မှတ်လည်း ပေးလို့မရဘူး။ ထိုင်း နဲ့ ကရင် ပူးပေါင်းလို့ လူကုန်ကူးခံရတဲ့ နန်နန်ဂျားတားတွေ ထောင်နဲ့ချီပြီး ကယ်ထုတ်နေတာကတော့ ဟုတ်ပါပြီ။ တရားခံက ဘယ်မှာတုန်း။ စောချစ်သူပြောသလို “ဒီလူတွေက မဲဆောက်က ဝင်လာတာ။ မိုးပေါ်က ကျလာတာ မဟုတ်ဘူး။” လို့ပဲ ထားလိုက်ပါ။ အခု အဲ့လူတွေကို “101 Dalmatians” ထဲက ပါပီလေးတွေ ကယ်သလို ကယ်လာနိုင်ပြီပေါ့။ Cruella ကြီး မပါပဲ ဘယ်လိုဇာတ်သိမ်းလို့ ရမှာလဲ။ “The End” တော့ မလုပ်နဲ့လေ။ ငါတို့မြန်မာပြည်မှာ မူးယစ်ဆေးဝါးဖမ်းသလို ကွန်တိန်နာကြီး အစီးလိုက် မိလည်း ပိုင်ရှင်မဲ့ လို့ သတင်းထဲပြမလို့လား။ မဖမ်းနိုင်ဘူး၊ မဖမ်းရဲဘူး၊ ဆိုရင်လည်း နံမည်လေးတော့ ဖော်သင့်ပါတယ်။ နံမည် မပြောရင်လည်း ဇာတိလေးတော့ သိပါရစေကွယ်။ တရုတ်လား၊ ဗမာလား၊ ထိုင်းလား။ မမဆောင်းဗိုက်လို “ဒီ ၃ ယောက်ထဲက တစ်ယောက်ယောက်ပဲ။ ဆောင်းလည်း မမှတ်မိတော့ဘူး။” မလုပ်ပါနဲ့။ ကျောင်းအပ်တော့မှ ခက်လိမ့်မယ်။ ဒီလောက် စာအကျယ်ကြီး အော်ကျက်နေတဲ့ နှစ်ယောက်က အသံမထွက်ရဲပုံထောက်ရင် ဆောင်းဗိုက်ကြီးက “Made in China” ပဲ ဖြစ်မှာပါလေ။ ကိုင်း ကြည့်ဦး။ ယူတို့နှစ်ယောက် စာကျက်တာ ကိုယ့်အသံ လူကြားရုံပဲ ရှိမယ်။ စပေါ့တွေမတိုးတော့ အောင်မှာ မဟုတ်ဘူး။
ကြည့်စမ်း ကြည့်စမ်း။ ဘယ်အချိန်ကတည်းက စစ်လော်ဘီဖြစ်သွားမှန်း ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ပါလား။ ရွှေကုက္ကို ကို လင်ကောင်ဖော်တာ နေပြည်တော်က သူတောင်းစားတွေ တစ်ကောင်တစ်မြီးမှ အစဆွဲထုတ် မသွားဘူး။ ဒါကတော့ ကိုယ့်အိမ်က သူခိုးဓါးပြတွေအကြောင်း ကိုယ်သိတာပေါ့ကွယ်။ ဒီကောင်တွေက သူများပေးစာကမ်းစာ စားဖို့ပဲတတ်တဲ့ကောင်တွေ။ လှိုင်သာယာလောက်သာ ဇိုး လုပ်လို့ရမယ်။ နိုင်ငံဖြတ်ကျော်မှုခင်း ကြီးကြီးမားမား ဦးဆောင်နိုင်လောက်အောင် ဉာဏ်ရည်မမီဘူး။ ဆင်းကဒ်ကို သိန်း ၅၀ နဲ့ ရောင်းစားချင်လို့ အစိနှိပ်ဖုန်းခေတ် ပြန်သွားချင်သူတွေက အွန်လိုင်းပေါ် လူတဘက်သား လိမ်စားဖို့ နေနေသာသာ သူတို့ Facebook account တောင် တပ်ရေးဗိုလ်ကြီး အဖွင့်ခိုင်းထားရတာ။ ဒီကိစ္စမျိုးသူတို့ဝင်ပါနိုင်တဲ့ အရည်အချင်း မရှိဘူး။ ဒုချုပ်ကိုယ်တိုင်ဦးဆောင်တဲ့ အောင်ဇေယျစစ်ကြောင်းကြီးတောင် “သည်တောင်ကို မကျော်နိုင်တော့ဘူး” ဆိုပြီး ပြုတ်ပြုတ်ပြုန်းသွားတဲ့ဟာ။ သူတို့ဘက်က မြဝတီကို လာချင်ရင် ထိုင်းဗီဇာယူပြီး မဲဆောက်က ပတ်ဝင်မှ ရမယ်။ ရွှေကုက္ကိုကိစ္စ အချေအတင် ဆွေးနွေးလောက်စရာ stakeholders ထဲ သူ မပါတော့ဘူး။ စိတ်မပျက်ပါနဲ့။ အမှုတွဲထဲကျ ခေါ်မှာ။ စိတ်သာချ။
အရမ်း ဉာဏ်နည်းလွန်းတဲ့ အဲ့ဒီကောင်တွေကလေ ကိုးကန့်တွေကို တရုတ်ကြီးက “သော့လော် သော့လော်” လို့ ပြောပြီး အပစ်ရပ်ခိုင်းရင်လည်း လားရှိုးကို ငါတို့ပြန်သိမ်းနိုင်တော့မယ် လို့ စိတ်ကူးတွေ ယဉ်ကြတယ်။ ရွှေကုက္ကိုမှာ တရုတ်ကျားဖြန့်တွေ ဝင်ဖမ်းတော့မယ် လို့ သတင်းကြားရင်လည်း မြဝတီကို ငါတို့ ပြန်ရတော့မယ် ဆို ထိပ်ဖူးတွေ ကျဉ်ကြတယ်။ အံ့လည်းအံ့ပါရဲ့။ မတ်မတ်ဆောင်းကမှ ဘယ်သူနဲ့မှန်း မသိပေမယ့် ဒီ ၃ ယောက်ထဲက တစ်ယောက်ယောက် လို့ တပ်အပ်စွဲတာ အဓိပ္ပါယ် ရှိသေးတယ်။ စစ်တပ်ကကောင်တွေများ ဟိုမှာ တရုတ်ကြီးကျုံးနေတာ မြင်လျက်သားနဲ့ ငါ့ကလေးများ ထွက်လာမလား ပါးစပ်က ပြောလို့ထွက်တယ်။ ရှက်လည်း မရှက်ဘူး။
ကျားဖြန့်အလုပ်တွေကို မောင်းနှင်စေခိုင်းနေတဲ့ အဓိကလက်သည်ဟာ တရုတ်လူမျိုးတွေဖြစ်တယ်ဆိုတာ လူတကာသိနေတဲ့ကိစ္စကြီး ဖြစ်သော်လည်းပဲ ဝူဟန်ဗိုင်းရပ်စ် ကို COVID-19 အမည်တွင်အောင်လုပ်ပြီး ဇာတိဖျောက်ထားသလိုမျိုး ရေဒီယိုကမာရွတ်နဲ့ ရေဒီယိုဘန်ကောက် စာအကျယ်ကြီးအော်ကျက်ကြတဲ့အထဲမှာ တရုတ်နံမည်ကို ဘယ်သူကမှ မယိုးစွပ်ဝံ့ကြဘူး။ ဟိုကောင်တွေကလည်း တရုတ်နိုင်ငံသား လို့တောင် ပြောလို့မရတော့ဘူးလေ။ သူတို့လက်ထဲမှာ တရုတ်ပတ်စ်ပို့တင်မကဘူး။ ထိုင်း၊ မြန်မာ၊ ကမ္ဗောဒီးယား၊ လာအို၊ ဘယ်နိုင်ငံသွားသွား “မှတ်ပုံတင် ရှိတယ်။ လိပ်စာရှိတယ်။ လုပ်ငန်းလည်း ရှိတယ်။ မိန်းမပါ ရှိတယ်။” ဆိုတဲ့ နယ်စည်းမခြား ဂေါ့ဖားသားတွေ ဖြစ်နေကြပြီကိုး။ ကြည်လင်းကို မိအောင်ဖမ်းနိုင်ပေမယ့် ခိုင်းတဲ့စစ်ဗိုလ်တွေကို အစဆွဲထုတ်ရင် မင်းအောင်လှိုင်အထိ ပေါ်ကုန်မှာစိုးလို့ ဆက်အလိုက်မခံသလိုပဲ ကျားဖြန့်ခေါင်းဆောင် တစ်ယောက်လောက်မိရင် ဘယ်သူမှ မကင်းမှန်းသိတာကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့တင် ဇာတ်သိမ်းခန်း ရိုက်နေကြတာ မြင်ပြီမှလား။ ရေဒီယို ကမာရွတ်ရေ့ ကြိုးစားလိုက်စမ်းကွယ်။ ဒီတွေထွက်အောင်လို့ ဆုတောင်းပေးမယ့် သူတွေ ရှိတယ်။
ကိုယ်တို့ လောက်ကိုင်မှာနေတုန်းက ကျားဖြန့်တွေ ခေတ်မစားသေးဘူး။ လောင်းကစားဝိုင်းတွေပဲ ရှိတယ်။ လိုင်းသုံးရင် လိမ်မယ့်စာတွေကတော့ ဘယ်သူမဆို လက်ခံဖူးတာပေါ့။ မိတ်ဆက်မယ်။ စကားလာပြောမယ်။ သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိတဲ့အကြောင်း ပြောမယ်။ “ငါ ပို့ပေးလိုက်မယ်။ လေဆိပ်မှာ သွားထုတ်။” ဆိုတာမျိုး။ “ငါ့ဆီလာလိမ်ရင်တော့ နင် ဘေကုန်ရုံပဲ ရှိမယ်။ ဟဟ တောင် ရမှာ မဟုတ်ဘူး။ ပျင်းလို့ စကားထိုင်ပြောနေတာ။ ဒိုးလိုက်တော့။” ဆို spam ထဲ ပိို့ပစ်လိုက်တာပဲ။ ငါ ဉာဏ်ကောင်းလွန်းခဲ့တယ် လို့ ပြောတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ mobile banking ဆိုတာတောင် အလုပ်လုပ်လို့မရတဲ့အတွက် ကိုယ့်အကောင့်ထဲက ပိုက်ဆံ ကိုယ်ထုတ်တာ ပါစန်းတစ်နဲ့ ပေးထုတ်နေရတာ။ နန်နန်ဂျားကလူတွေ လှမ်းလိမ်လောက်အောင် လွယ်ကူမနေဘူး။ ဟိုဘက်ကနေ ဒေါ်လာတွေ ကွန်တိန်နာကြီးနဲ့အပြည့် ပို့လိုက်ရင်တောင် ဒီဘက်ရောက်ရင် ထုတ်မရမှန်း လူတိုင်းသိလို့ ဘယ်သူမှ ရင်မခုန်ဘူး။ ယူတို့ လိမ်ချင်သပဆို စစ်ဗိုလ်ချုပ် နဲ့ ဗိုလ်ချုပ်ကတော်တွေဆီပဲ တက်တက်ရိုက်ကြ။ ပိုက်ဆံက အဲ့နေရာမှာပဲပေါတယ်။ သူတို့လည်း မနှမျောတတ်ဘူး။ အလကားရထားတဲ့ဟာတွေမို့လို့။ ပါသွားလည်း အသံမထွက်ဘူး။ ရှက်ရှက်နဲ့ ကြိတ်ခံတာ။ လူမသေ ငွေမရှားတဲ့။ ကိုယ့်အောက်ကကောင်တွေဆီမှာ ပြန်ရှာလိုက်ရုံပဲ။ ဒါပေမယ့် အဲ့ဒါလည်း လိုင်းပေါ်ကတော့ လိမ်မရဘူး။ သူတို့လည်း ဖေ့စ်ဘုတ်ပါ့စဝါဒ်တွေ လူကြီးဆီမှာအပ်ထားရတာ။ လိမ်ချင်ရင် လူချင်းပူးပြီး နှူးသတ်မှ ရမယ်။
အဲ့တော့ ကိုယ်တို့ဆီကလူတွေက အမှုတွဲထဲ ပါချင်းပါရင်၊ player နေရာ၊ master နေရာတွေက ဘယ်ပါရမလဲ။ Squid game ထဲမှာဆို ပန်းရောင်အဝတ်အစားဝတ်ပြီး အဝိုင်းပုံ၊ လေးထောင့်ပုံ၊ တြိဂံပုံ မျက်နှာဖုံးစွပ်ထားတဲ့ slave နေရာကပဲ ပါလို့ ရမယ်။ ဆေးရုံမှာ volunteer လုပ်ဖူးတဲ့ ဆယ်ဇင်းက ကလေးတစ်ယောက်ဟာ ထိုင်း-ကရင် နယ်စပ်က ပြန်လာတာပါ။ ဟိုမှာသူ လူလိမ်အလုပ်ကို လုပ်ရတယ်။ တနေကုန် လိုင်းပေါ်က စကားပြောရတယ်။ နားမလည်ရင်လည်း google translate နဲ့ ပြောကြတယ်။ ပုံပြစရာလိုရင်လည်း ကိုယ့်ပုံပြစရာ မလို။ ရုပ်ပြပေးမယ့်အဖွဲ့ သပ်သပ် ရှိတယ် လို့ ပြောပါတယ်။ သူ့အတွက် လုပ်ပေးထားတဲ့ social media account တွေကလည်း များလွန်းလို့ သူ့ဘာသာတောင် မမှတ်မိဘူးတဲ့။ တစ်နေ့တစ်နေ့ကို လူ ၃-၄၀ ပြည့်အောင် လိမ်နိုင်မှ ဘောက်ဆူးရသတဲ့။ ဘောက်ဆူးမရရင် သုံးစရာ မရှိလို့ တားဂက်မပြည့်မချင်း လိုက်လိမ်ရတယ်ဆိုပဲ။ စားစရာကတော့ တစ်နေ့ ၃ နပ်၊ အစားကောင်း အသောက်ကောင်းတွေ အလျှံပါယ် ကျွေးပါတယ်တဲ့။ ဒါပေမယ့် ဘယ်မှလည်း သွားစရာ မရှိဘူး။ ဘာမှလည်း လည်စရာ မရှိဘူး။ ကြာတော့ ပျင်းလာပြီး သူများကိုလည်း မလိမ်ချင်တော့လို့ ပြန်လာခဲ့ပါတယ် တဲ့။ ဖမ်းဆီးတာ နှိပ်စက်တာမျိုးတော့ မရှိဘူး။ MLM လိုပဲ။ များများလိမ်နိုင်ရင် ဝင်ငွေကောင်းလာပြီး ကိုယ့်အောက်ကလူတွေအပေါ် ဆရာကြီးဖြစ်လာတယ်တဲ့။ သို့ပေမယ့် ဆရာကြီးတွေလည်း အိမ်ကို ငွေပြန်ပို့နိုင်တာ မဟုတ်ဘူး။ အဲ့ထဲမှာ ဆေးချရင်းနဲ့ လုံးပါးပါးကြတာ လို့ ပြောတယ်။ ဆေးလိုရင် food panda ထက်တောင် မြန်သတဲ့။ ဆယ်ဇင်းက ကလေးတွေက ဆေးပီးတယ်လေ။ သုံးချင်မှတော့ အောက်ပိုင်းအထိ ဆင်းစရာ မလိုဘူး။ “ဟျောင့် သားရီး” ဆို ဖုန်းတစ်ကော ခေါ်လိုက်ရုံပဲ။ သူတို့ကို ဘယ်သူကမှ လိမ်လည်လှည့်ဖြားပြီး ခေါ်မသွားဘူး။ ဖမ်းဆီးချုပ်နှောင်ပြီး ခိုင်းမစားဘူး။ ပိုက်ဆံရလို့ အလုပ်သွားလုပ်တယ်။ မပျော်တော့လို့ ပြန်လာတယ်ပဲ ပြောပါတယ်။
ဒါက ကိုယ်တွေ့ဖူးတဲ့ နမူနာတစ်ယောက်ဆီက ကြားတာကိုပဲ ပြောတာပါ။ လိုင်းပေါ်မှာ ပျံ့နေတဲ့ BDSM ဇာတ်လမ်းတွေတော့ ကိုယ် သေချာမသိလို့ comment မပေးလိုပါဘူး။ ဗီဒီယိုထဲမှာတွေ့တာကတော့ မြန်မာတွေက အာဏာပါးကွက်သားလုပ်ပြီး နှိပ်စက်ပေးနေသလို တွေ့တာပဲ။ နောင်ကျ ကျားဖြန့်ရုပ်ရှင်တွေ ထွက်လာလို့ရှိရင်လည်း မြန်မာတွေက ကိုလူချောတို့နေရာကပဲ က ရလိမ့်မယ်။ ပြည်သူ့ရဲတွေက ထိုင်းကလာမှာ။ သူများပြောတဲ့စကားကို တဆင့်ခံပြီး စာပြန်ရေးတာ၊ ဇာတ်လမ်းတွေဆင်ပြီး ရုပ်ရှင်ရိုက်တာတွေက တရားရုံးမှာ သက်သေခံဖို့ ခိုင်လုံတဲ့အထောက်အထား မဖြစ်ပါဘူး။ ဒါကြောင့်မို့ ထိုင်းတရားရုံးက ဝရမ်းထုတ်ပေးဖို့ ငြင်းတာ။ ဟင် ဒီလိုဆို အာဂျင်တီးနား တရားရုံးကကျတော့ ဘာဖြစ်လို့ ဝရမ်းထုတ်လို့ရသလဲ။ ဒါကတော့ သူတို့ဆီမှာ ခိုင်လုံတဲ့အထောက်အထား သက်သေတွေ ရှိနေပြီးသား ဆိုတဲ့ အဓိပ္ပါယ်ပဲ။ မအလ စစ်တပ်ကကောင်တွေ လူသတ်လား မသတ်လား မြန်မာပြည်သူတွေလောက် လက်တွေ့သိနိုင်တဲ့သူ ကမ္ဘာမှာ မရှိဘူး။ အကြိမ်ကြိမ်ကျူးလွန်လာခဲ့တဲ့ ရက်ရက်စက်စက် လူသတ်မှုတွေဟာ အခါခပ်သိမ်း လက်စတုံးဖျောက်ဖျက်ပစ်နိုင်စရာလား။ သက်သေကိစ္စကတော့ ပူစရာ မလိုပါဘူး။ သူတို့မှာလည်း သူလျှိုတွေ၊ ဒလန်တွေ၊ ထောက်လှမ်းရေးတွေ ရှိတာပဲဟာကို။ ဒါပေမယ့် မြန်မာပြည်တရားစီရင်ရေးနဲ့ကျတော့ ကြည်လင်းကိုတောင် လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးထားပြီ။ ဒါကြောင့်မို့ သူတို့ကို တရားစီရင်ချင်ရင် နိုင်ငံတကာတရားရုံးကနေ ဆင့်ခေါ်စစ်ဆေးယူရတာ။ အခု ကျားဖြန့်တွေကို နှိမ်နှင်းချင်တယ် ဆိုရင်လည်း “မြန်မာအစိုးရဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း” ရာဇသံလေးပေးရုံနဲ့ ရနိုင် မရနိုင် စဉ်းစားကြည့်ပေါ့။ လေထိုးလေလျော်ပဲ။ အသံကောင်းလာမဟစ်နဲ့။ မမပေထုံရော ချစ်သူကိုကိုရော အပြိုင်အဆိုင် စာတွေကျက်ပြနေတာ ကြားတယ် မဟုတ်လား။
အဲ့သလောက်ဆိုရင်တော့ ဇာတ်ရည်လည်လောက်ပြီ ထင်ပါတယ်။ ကျားဖြန့်ဆိုတဲ့ကိစ္စဟာ မြန်မာနိုင်ငံထဲမှာ နေရာပေး၊ တိုင်းရင်းသားလက်နက်ကိုင်တွေက လုံခြုံရေးစောင့်ရှောက်ပေး၊ ထိုင်းနိုင်ငံဘက်ကနေ လူတွေဝင်လာတယ်ဆိုပေမယ့် တကယ့်လက်သည် တရားခံအစစ်က တရုတ်တွေဖြစ်နေတာကြောင့် တရုတ်အစိုးရကပဲ ကမကထလုပ်ပြီး တဘက်နိုင်ငံတွေအပေါ်မှာ ဖိအားတွေတွန်းအားတွေပေးလို့ ကိုယ့်ချေးကိုယ် လိုက်ကျုံးရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က တော်လှန်ရေးအပေါ်မှာ ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကတော့ ၁၀၂၇ မှာ နမခကြီး ကျသွားတဲ့အထိ game changer ဖြစ်သွားတာ မြင်တဲ့အတိုင်းပါပဲ။ “သူ မပါချင်ဘူး။ ဒါပေမယ့် သားဆိုးများကြောင့်…. “ ဆို ညွန့်ဝင်းကြီး လားစီးဝင်မလာပဲ မြောက် ၃ ကောင် 4 wheel အစီး ၄၀၀ နဲ့ ဝင်ချလာတာကြောင့် “တရုတ်ပြည်ရဲ့ ကျူးကျော်စစ်ပါ” ဆိုပြီး စစ်ခွေးလော်ဘီတွေ သံရုံးရှေ့မှာ ဆန္ဒပြကြတာ မှတ်မိသေးလား။ အဲ့တိုင်းလေးသာ ဆက်ထားရင် ခုလောက်ရှိ မန္တလေးမြို့ကြီးလည်း လွတ်မြောက်နယ်မြေထဲ ပါနေလောက်ပြီ။ အခန့်မသင့်ရင် နေပြည်တော်အထိတောင် ဆက်သိမ်းပြီးသား ဖြစ်သွားဦးမှာ။ ဒီလိုတော့လည်း မဖြစ်သေးပါဘူး။ အာဏာသိမ်းစစ်ကောင်စီကို တရုတ်အစိုးရက ဖြုတ်ချလိုက်တာ ဆိုပြီး သမိုင်းတွင်သွားမှာပေါ့။ အဲ့ဒါကြောင့် “ဟဲ့ကောင်တွေ။ တော်ဦးဟ။ ရပ်ဦးဟ။” ဆို counter balance ပြန်လုပ်ယူတာ နေမှာ။ ဒါပေမယ့် တောင်ပြုံးပွဲပြီးရင် ရတနာ့ဂူမှာ ဆက်ကသလိုပဲလေ။ လောက်ကိုင်ကပြီးရင် ရွှေကုက္ကိုမှာ ဆက်ကရပြန်တာပေါ့။ ဒီတစ်ခါမှာတော့ မြန်မာ နဲ့ တရုတ်ချည့်ပဲ က လို့ ဘယ်ရမလဲ။ ထိုင်းမင်းသမီးလေးလည်း အရေးကြီးတဲ့ ဇာတ်ကောင်တစ်နေရာပေးရမှာ မဟုတ်လား။ မဲ့ပေထုံကလေးက “ချစ်သူကို အချုပ်ခန်းထဲမှာ ထားချင်တယ်။ ဒါပေမယ့်….” လို့ ကုလားကားထဲကလို သီချင်းတွေ အရှည်ကြီး ဆိုမလို့ ရှိသေးတယ်။ ကွန်ဖူးပန်ဒါကြီးက အထူးတပ်ဖွဲ့တွေနဲ့ ရွှေကုက္ကိုမြို့ထဲဝင်စီးပြီး တရုတ်တစ်သောင်းကျော် ဖမ်းထားပြီးပြီ လို့ ကြားရတယ်။ ပြည်ကြီးပြန်ခေါ်ဖို့ မဲဆောက််လေဆိပ်ကို အသုံးပြုခွင့် တောင်းထားတယ်တဲ့။ အဲ့လို တန်းလန်းကြီးတော့ ထားခဲ့လို့ မရဘူးလေ။ ဒီမှာ လှိုင်စစ်သူကြီးက ဘယ်အခန်းမှာ ဝင်ကရမလဲစောင့်နေတာ။ မိတ်ကပ်တွေတောင် လူးထားပြီးပြီ။ ဟဲ့ လုပ်ကြပါဦး။ လားရှိုးပြန်မရ၊ မြဝတီပြန်မရ နဲ့ဆို အသစ်ခန့်ထားတဲ့ တိုင်းမှူးနှစ်ယောက် က အရံအင်အားထဲ ပို့ပစ်ရမှာလား။ ဒီနိုင်ငံမှာ ကာချုပ်လည်း ငါ၊ ဝန်ကြီးချုပ်လည်း ငါ၊ သမ္မတလည်း ငါပါအေ။ ငါ့လည်း သောက်ဖက်လေးဘာလေး လုပ်ကြပါဦး။ ဝရမ်းပြေးဆိုပြီး မလေးမစား လုပ်ရင် တနိုင်ငံလုံးပတ်ပြီး ဗုံးကျဲခိုင်းလိုက်မှာနော်။ အင်း ငါသာ သူ့နေရာမှာဆိုရင်တော့ သွက်သွက်ကို ခါသွားလောက်ပြီ။ အေးလေ။ သူလည်းပဲ ရူးမနေပါဘူး လို့ ဘယ်ဆရာဝန်က သက်သေခံနိုင်တာလိုက်လို့။ တရားရုံးရောက်ရင် ပြလို့ရအောင် အရူးလက်မှတ်တောင် ယူထားပြီးပလားမသိ။ ကိုင်း အောက်ကကောင်တွေ အရူးလောက်မှ ကျပ်မပြည့်ရင် သေဖို့သာပြင်ထားကြပေတော့ကွာ။