ချန်ဂင်တို့စခန်း (၃၂၄)

ငယ်ငယ်တုန်းက အိမ်နားမှာ မီးလောင်လို့ရှိရင် သယ်စရာပိုးစရာ အထုပ်ကလေးတွေပြင်ပြီး ငုတ်တုတ်ထိုင်စောင့်နေခဲ့ဖူးတယ်။ ပြီးရင်တော့ နီးသလား ဝေးသလား။ ကိုယ့်အိမ်ကို ရောက်လာနိုင်သလား။ ဘာတွေသယ်ပြီး ဘယ်ကိုပြေးမလဲ။ စဉ်းစားတွက်ချက်ရတာပေါ့။ အခု ဆေးရုံနားမှာ စစ်ပွဲတွေ ရောက်လာပြန်ပါပြီ။ ခါတိုင်းလိုပဲ ပစ္စည်းတွေ၊ သိမ်းလိုက်၊ ထုပ်လိုက်၊ ရွှေ့လိုက်၊ ပြောင်းလိုက်။ လူတွေလည်း တစုစီ တနေရာစီ ခွဲနေပြီးမှ အလုပ်တွေ ပြန်ပေါင်းလုပ်လိုက်။ လူနာတွေလည်း ဆင်းလို့ရတဲ့လူနာ ဆင်း။ ဆင်းမရသေးရင် လုံခြုံတဲ့ နေရာရွှေ့ထားရတယ်လေ။ ကိုယ်တွေက ထွက်ပြေးပြီး သူတို့ကို ထားခဲ့လို့ ဘယ်ဖြစ်မလဲ။ အဲ့သလို အရေးထဲ အကြောင်းထဲဆို မွေးလူနာကလည်း နေ့တိုင်းကို ရှိတော့တာဗျ။ တခြားသွားလို့လည်း မရတော့ပဲကိုး။ ဆေးရုံပိတ်ထားလို့ မရတဲ့အပြင် လူနာတွေက တိုးတောင်လာသေး။ ဆေးသင်တန်းက ကလေးတွေ စာသင်တာပြီးသွားပြီး လက်တွေ့ဆင်းနေကြတဲ့အချိန်မို့သာ တော်တော့တယ်။ လူနာများတော့ သူတို့တွေလည်း အတွေ့အကြုံ များများရတာပေါ့။ သူတို့ကို စာမေးပွဲစစ်၊ အောင်လက်မှတ်ပေးပြီးရင် ရှေ့တန်းကိုပို့ပြီး အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ စိတ်ချလက်ချ သုံးလို့ရပါတယ်။ အခုလည်း ကိုယ့်ဆေးရုံမှာ တတ်ပြီးသားလူတွေ ခေါ်ပင့်ပြီး အလုပ်လုပ်နေတာမှ မဟုတ်ပဲ။ ကိုယ် train ပေးထားတဲ့ အငယ်တွေနဲ့ပဲ လက်တွေ့အလုပ်လုပ်နေရတဲ့ဥစ္စာ။ ကိုယ့်မှာဖြစ်လာရင်တောင် မြို့တက်ပြီး ကုမှာ မဟုတ်ဘူး။ သူတို့နဲ့ပဲ ကုမှာ။

အင်းတော်ကြီးဘက်က အခြေအနေကတော့ တိတ်ဆိတ်ခြောက်ကပ်ပြီး အသွားအလာတောင် တော်တော်ကျဲသွားတယ်။ ဆိုင်တွေလည်းပိတ်ပြီး ပစ္စည်းတွေ သိမ်းနေကြတယ်။ သူတို့လည်း သတင်းတွေ ရနေကြတာကိုး။ စုဆောင်းရေးတွေလည်း မကြာခဏ လုပ်နေကြတယ်။ မကြာခင်မှာ ပွဲကြီးကြီး ကကြတော့မယ်။ ဒီတခါဖြစ်ရင် ပိုပြင်းထန်မယ်။ အလစ်အငိုက် ချောင်းတိုက်တာ မဟုတ်ဘူးလေ။ တအိအိ တရွေ့ရွေ့နဲ့ တိုးတိုးပြီး တက်လာတာ။ သူတို့ဘက်ကလည်း မီးကုန်ယမ်းကုန် ခုခံနေသားပဲ။ ပဌာန်းပွဲကမှ မီးပြတ်သွားရင် အသံစဲလိမ့်ဦးမယ်။ ဒီမှာ လက်နက်ကြီးသံက စဲမှမစဲပဲ။ ဒါပေသိ သင်္ကြန်အမြောက်ကြီးတွေလား မသိပေါင်ကွယ်။ အပြီးသတ်ကျတော့ ကိုယ်တို့ပဲနိုင်တာ။ အခု သူတို့ကို ဥရုချောင်းတကြော လိုက်မောင်းတာ ရေပေါ်မီး- သဲဇလောက်ဘက်တောင် ရောက်နေပြီ။ ဆက်လိုက်ရင် ဟုမ္မလင်းထိ ကျွံဝင်သွားမှာစိုးလို့ နောက်ကျောပိုင်းကို ပြန်ကာဖို့ လုပ်နေတာ။ ဒီကောင်တွေဘက်ကတော့ နန့်မွန်းမှာ အားတွေထပ်ဖြည့်ထားပြီး ဟိုပင်-နန့်မား-မိုးညှင်းဘက် ဆင်းမလာအောင် ကြိုကာထားတယ်။ ဒီဟာက ကိုယ်တို့ရှိနေတဲ့ဆီက စစ်မျက်နှာတစ်ခုပဲ ရှိသေးတယ်။ အောက်ပိုင်း ဗန်းမော်၊ အင်းတော်ဘက်မှာ လေယာဉ်တွေ တဂျိမ်းဂျိမ်းနဲ့ အကြီးအကျယ်ချနေတဲ့ စစ်မျက်နှာတစ်ခု ကျန်သေးတယ်။ စစ်သတင်းတွေက လိုင်းပေါ်ကလူတွေ ပိုသိပါလိမ့်မယ်။ မအလတစ်ကောင်ပဲ မသိတာ။ ရမခကြီးအသစ်ပြန်ဖွဲ့ပြီး “ငါတို့ လားရှိုး ငါတို့ပြန်ပေး” လုပ်နေတယ်။

လားရှိုးရဲ့အုပ်ချုပ်ရေးကို MNDAA က တာဝန်ယူနေတယ် ဆိုပေမယ့် ရမခကိုသိမ်းဖို့တိုက်တဲ့အထဲမှာ KIA ရော၊ TNLA ရော၊ UWSA ရော၊ NUG/PDF ရော ပါတာမို့လို့ ကိုးကန့်နဲ့ အပစ်ရပ်လိုက်ရုံနဲ့ လားရှိုးမှာ စကစပြန်အုပ်ချုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ စောင်နီလေးတစ်ထည်က မြဝတီမှာပဲ ပြလို့ရမှာပေါ့။ စိတ်ကူးယဉ်မနေနဲ့။ ရမခလည်း ပြန်မရဘူး။ နပခလည်း ပြန်မရဘူး။ တတိယမြောက် သိမ်းယူချေမှုန်းနိုင်မယ့် တိုင်းစစ်ဌာနချုပ်ကို မပခ ဖြစ်စေဖို့အတွက် ကချင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ အဆက်မပြတ် ဖော်ဆောင်နေကြပါတယ်။ အကျအဆုံး အထိအခိုက် ရှိသော်ငြားလည်း အောင်ပွဲကိုတော့ အရယူနေကြတာပဲ။ သူတို့ဘက်ကသာ ရှုံးမဲမဲနေတဲ့အတွက် လေယာဉ်နဲ့ ဗုံးလာချလိုက်၊ Drone နဲ့ ဗုံးလာချလိုက်လုပ်နေရာကနေ အခုတလောတော့ paramotor ဆိုပြီး စက်တပ်လေထီးနဲ့ ဗုံးလာလာချနေပြန်ပါပြီ။ ဒါပေမယ့်လည်း ရှုံးဆဲပါ။ လေတပ်ထဲမှာလည်း လှလေးစိန်တွေ နည်းမှမနည်းတာ။ နည်းနည်းပါးပါး အထိအခိုက် ရှိလည်း မပူပါနဲ့။ ကိုယ်တို့ဆေးရုံက နိုင်နိုင်နင်းနင်း အလုပ်လုပ်နေပါတယ်။ လေ့ကျင့် သင်ကြားပေးထားတဲ့ ကလေးတွေလည်း လုပ်နိုင်ကိုင်နိုင် ရှိလာလို့ သူတို့လည်း လုပ်ရင်းကိုင်ရင်း ကျွမ်းကျင်လာကြပါပြီ။

အငယ်တွေ ကျွမ်းကျင်လာရင် ကိုယ်က သိပ်မပင်ပန်းဘူးလေ။ ဒါပေမယ့် ဆေးတွေဝါးတွေ အကုန်မြန်တော့ ခဏခဏ ထွက်ထွက်ဝယ်နေရတာ တစ်ဒုက္ခ။ ကိုယ်အပြင်သွားနေတုန်း လူနာရောက်လာရင် သူတို့ပဲ ကုထားခွဲထားကြပါတယ်။ ကိုယ်မပါလည်း သူတို့လုပ်နိုင်နေပြီဆိုတဲ့ သဘောပေါ့။ တစ်ရက်မှာတော့ ကိုယ်ပြန်ရောက်တဲ့အခါ ဆေးရုံမှာ သူတို့ ချာရပတ်လည်နေတာ သွားတွေ့ပါတယ်။ ကုတင်ဘေးနားမှာ ET tube မ out ရသေးပဲ ဆရာမလေးတစ်ယောက်က suction လုပ်နေတယ်။ လူနာက သတိမရသေးဘူး။ လည်ပင်းမှာ RPG မှန်တဲ့ ဒဏ်ရာနဲ့ ခွဲခန်းထဲမှာ အနာဖွင့်ကြည့်ပြီး ပြန်ချုပ်ထားတာတဲ့။ ဒဏ်ရာက လည်ပင်း အရှေ့တည့်တည့်မှာ။ ခွဲခန်းထဲမှာတုန်းကဆို သွေးတွေက ငေါက်တောက်ပန်းထွက်တာ မျက်နှာတောင် စင်တယ်တဲ့။ ရှေ့တည့်တည့်ကဆိုတော့ လေပြွန်ပဲ ပေါက်သွားစရာ ရှိတယ်။ မျက်နှာကို စင်တယ်ဆိုတာ သွေးကပန်းထွက်တာ မဟုတ်လောက်ဘူး။ ပွင့်သွားတဲ့လေပြွန်ကနေ ချောင်းဆိုးထုတ်လိုက်လို့ သွေးစက်တွေ စင်တာဖြစ်မယ်။ လည်ပင်းကိုစမ်းတော့လည်း အရေပြားအောက်မှာ လေတွေဝင်ပြီး surgical emphysema ရနေတာ မေးစေ့အောက်အထိ ဖောင်းနေတယ်။ ဆရာဝန်တွေက ခွဲခန်းထဲမှာ ဒုတိယမြောက် လူနာကို ခွဲနေတယ်တဲ့။ လူနာကိုကြည့်တော့ သတိမရသေးဘူး။ သတိလစ်နေတဲ့လူနာကို ET tube တန်းလန်းနဲ့ ဆရာဝန်မရှိပဲ ထားလို့ မရဘူးလေ။ ကိုယ်တိုင်ဝင်ပြီး suction လုပ်နေရင်း နိုးမနိုး ကြည့်တော့ လူနာက ခွဲခန်းမဝင်ခင်ကတည်းက သတိမေ့နေတာတဲ့။ ဘုရား ဘုရား။ ရှင်ကောရှင်နိုင်ပါဦးမလားဆို သူငယ်အိမ်ကို ဖုန်းကမီးနဲ့ထိုးကြည့်တော့ ကိုယ့်စိတ်ထဲ တစ်ဘက်ကျဉ်း တစ်ဘက်ကျယ် လို့ အောင့်မေ့မိတယ်။ ခေါင်းမှာတော့ အစအနတွေ စင်တာကလွဲရင် ဒဏ်ရာကြီးကြီးမားမား မတွေ့ဘူး။ လူနာက ရောက်စက shock နဲ့။ သွေးပေါင်တောင် ကောင်းကောင်းတိုင်းလို့ မရဘူးတဲ့။ သွေးတစ်လုံး သွင်းထားနှင့်ပြီ။ ET tube ကြီးတန်းလန်းနဲ့မို့ ဓါတ်မှန်လည်း ခေါ်ရိုက်လို့ မရနိုင်ဘူး။ ညာဘက်က အဆုတ်တစ်ခြမ်းက လေဝင်သံနည်းနည်းတိုးတယ်။ သို့သော် ရင်ဘတ် ၂ ဘက်စလုံးနဲ့ အသက်ရှူတယ်။ မကောင်းတာက လူနာက သွေးတွေ အန်အန်ထွက်လာတာပါ။ suction ပဲ နိုင်နိုင်လုပ်ရင်း အဆုတ်ထဲဝင်သွားရင်တော့ လွယ်မှာ မဟုတ်ဘူး လို့ တွေးနေတယ်။ သိပ်တော့လည်း မျှော်လင့်ချက် မထားမိဘူး။ သွေးတွေအန်တာများလို့ နောက်ထပ် သွေးတစ်လုံးတော့ ထပ်သွင်းဖြစ်တယ်။

သူတို့ကတော့ tube တန်းလန်းနဲ့ အောက်ဆီဂျင်ပေးထားပြီး နောက်လူနာပြီးတော့မှ tube out မလို့ပေါ့။ ဒါပေမယ့် လူနာက သွေးတွေအန်နေတာ လေးငါးခါ ဆိုတော့ Airway ကို ဘယ်လိုလုပ် စိတ်ချမှာလဲ။ ဒီတစ်ညတော့ tube တန်းလန်းနဲ့ပဲထား။ သူလည်းပဲ သတိရနေတာ မဟုတ်ဘူး။ မနက်ကျတော့ မှ out လို့ ရရင် out၊ မရရင် လည်ပင်းကနေ အသက်ရှူဖို့ tracheostomy ဖောက်ရလိမ့်မယ် ဆို လိုတဲ့ပစ္စည်းတွေ အသင့်ပြင်ထားတယ်။ လိုအပ်ရင် ဒီညလည်းပဲ ဖောက်ရနိုင်တာပဲ။ မနက်မိုးလင်းတဲ့အခါ လူနာက နံမည် ခေါ်ရင် မျက်လုံးလေး ဖွင့်ကြည့်တယ်။ ထူးတော့ မထူးနိုင်သေးဘူး။ tube ကြီးတန်းလန်းနဲ့ အနေရခက်မှာစိုးလို့ out ပေးလိုက်တယ်။ တနေ့လုံးတော့ သတိကောင်းကောင်း မရသေးဘူး။ ညဘက်ရောက်တော့မှ ခေါ်ရင် ပြန်ထူးနိုင်တာ။ “နောက်ကျောနာတယ်” လို့ ပြောနိုင်တယ်။ ဒါပေမယ့် ခြေထောက် နှစ်ချောင်းလုံး လှုပ်လို့ မရဘူး။ အောက်ပိုင်းသေနေတယ်။ လူနာက ဟိုဘက်သည်ဘက်လည်း အစောင်းမခံဘူး။ လှုပ်လိုက်ရင် မောပြီး အောက်ဆီဂျင်ကျတယ်။ ရောက်ကတည်းက မပြတ်အောင်ပေးထားတာတောင် သူ့အောက်ဆီဂျင်က ၈၀% အောက်မှာပဲ ရှိတယ်။ အမအရွှေ့ခံနိုင်မှ ဓါတ်မှန်ရိုက်မယ် ဆို စောင့်နေရင်း ၄ ရက်မြောက်တော့မှ ရင်ဘတ်ဓါတ်မှန် ရိုက်နိုင်တယ်။ ညာဘက် အဆုတ်တစ်ခြမ်းလုံးက ပိန်ရှုံ့သွားပြီး ပြန်မဖောင်းနိုင်တော့ဘူး။ သူ့ခမျာ အဆုတ်တစ်ဘက်တည်းနဲ့ အသက်ရှူနေရတာကိုး။ ဒါကြောင့် အောက်ဆီဂျင်ကျတာပေါ့။ chest tube ထည့်လိုက်ရင် ပြန်ကောင်းလာလိမ့်မယ်။ ကလေးတွေကိုပဲ ခိုင်းလိုက်တယ်။ သူတို့လည်း ထည့်တတ်နေပြီပဲ။ သွေးတွေအများကြီးထွက်မလာပေမယ့် လေတွေတော့ တလဟော ထွက်သွားတယ်။ ဒါဆိုရင်တော့ ပြန်ကောင်းလာပြီး အောက်ဆီဂျင်လေး ဖြုတ်နိုင်ကောင်းပါရဲ့။ မောင်မင်းကြီးသားက တစ်နေ့ ဆလင်ဒါအကြီး နှစ်လုံးကုန်အောင် ရှူနေတာ ၄ ရက် ရှိပြီဗျ။ မရ ရတဲ့ကားငှါးပြီး အရေးပေါ်သွားဖြည့်နေရပြီ။ နို့မို့ ခွဲခန်း မွေးခန်း သုံးစရာ ကျန်မှာ မဟုတ်ဘူး။ လူနာက မပြတ်လာနေတဲ့ဟာ။

ဒါပေမယ့် အောက်ဆီဂျင်က ပြန်တက်မလာဘူးခင်ဗျ။ လူနာက မောလျက်ပဲ။ လှုပ်လည်း မလှုပ်နိုင်သေးဘူး။ ထိုင်ကို မထိုင်နိုင်တာ။ သူထိုင်ပေးမှ ကျောပုတ်ရင်ပုတ်လုပ်ပြီး အဆုတ်လေပြွန်တွေ ပွင့်အောင် ခါထုတ်လို့ ရမှာလေ။ အခုကတော့ ဘောလုံးပဲ အမှုတ်ခိုင်းရတယ်။ တစ်ပါတ်ပြည့်ပြီးလို့ ၈ ရက်မြောက်နေ့မှာတော့ ဓါတ်မှန်ပြန်ရိုက်ကြည့်လိုက်တာ အထဲက အဆုတ်က ပြန်လည်း ဖောင်းမလာဘူး။ မောနေတုန်း၊ အသက်ရှူ မြန်နေတုန်းပဲ။ ဒီအတိုင်းတော့ မဖြစ်တော့ဘူး။ chest surgeon နဲ့ တိုင်ပင်မှ ဖြစ်မယ် ဆို အကြံဉာဏ် လှမ်းတောင်းရတာပေါ့။ ဆရာက ပြောတယ်။ ဓါတ်မှန်ထဲမှာ chest tube ကောင်းကောင်း မမြင်ရဘူး။ နောက်တစ်ပုံ ပြန်ရိုက် ပေးပါလား တဲ့။ မနက်ကမှ တစ်ပုံရိုက် ထားတာဆိုပေမယ့် ထပ်သိချင်တာပဲ ဥစ္စာ။ ညဘက်ကြီး နောက်တစ်ပုံ ထပ်ရိုက်ကြတာပေါ့။

ဓါတ်မှန်ထွက်လာတော့ မယုံနိုင်လို့ ငါတို့ ဘယ်နဲ့ညာနဲ့ မှားနေသလား မသိဘူး ဆိုပြီး ပုခုံးပေါ်မှာ သံချောင်းကလေးတင်၊ ဘယ်ညာမှတ်ပြီး နောက်တစ်ပုံ ပြန်ရိုက်တယ်။ မမှားပါဘူး။ ညာဘက်ကြီးပါ။ အထဲမှာ ထည့်ထားတဲ့ chest tube ကြီးလည်း ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အဲ့ဒီညာဘက် အဆုတ်က ကောင်းနေပြီပဲ။ မကောင်းတာ ဘယ်ဘက်က မကောင်းတာဗျ။ အခု ဘယ်ဘက်အဆုတ်တစ်ခြမ်းက ပိန်ရှုံ့သွားပြီး ဘယ်ဘက်ရင်ခေါင်းထဲ လေတွေ ဝင်နေပြန်ပြီ။ ပထမတစ်ခါကတည်းက ဘက်မှားထည့်ခဲ့တာလား ဆို ဓါတ်မှန်အဟောင်းတွေ အပြန်ပြန် အလှန်လှန်ကြည့်တယ်။ မမှားပါဘူး။ ဘယ်တုန်းကမှ မမှားခဲ့ဘူး။ လူနာရဲ့ အဆုတ်တွေ၊ ရင်ခေါင်းတွေကိုယ်တိုင်က ခု စာလေးကြော်၊ ခု ဆီထမင်း ဖြစ်နေတာ။ ကြုံ ကြုံဖူးပေါင်။

ညာဘက် အဆုတ် မကောင်းလို့ ရင်ခေါင်းထဲကို ပိုက်ထည့်ထားတယ်။ အခု ဘယ်ဘက်အဆုတ်က မကောင်းပြန်ဘူး။ သူ အဲ့ဒါကြောင့် မောနေတာ။ ချွေးစေးတွေလည်း ပျံနေပြီ။ မစောင်းနိုင် မလှုပ်နိင်။ ဒါလောက်တောင် ရှိတာ နောက်တစ်ဘက်လည်း chest tube ထပ်ထည့်ကွာ။ ခွဲခန်းထဲ ခေါ်မနေဘူး။ အဲ့ဒီဓါတ်မှန်ခန်းထဲမှာတင် ထည့်ပလိုက်တယ်။ ဘယ်တစ်ချောင်း ညာတစ်ချောင်း၊ ဗူးတန်းလန်း ပိုက်တန်းလန်းနဲ့ မောင်မင်းကြီးသား။ မင်း ဘယ်ဘက်မှ စောင်းအိပ်လို့ မရဘူး။ ပက်လက်ကြီးပဲ အိပ်နေရမှာ။ bedsore တွေ ရဖို့သာ ပြင်ပေတော့ကွာ။

ရော် အပြောကမှ နောက်ကျနေသေးတယ်။ bedsore တွေက ရနှင့်တာ ကြာပါပေါ့ဗျာ။ ရမှာပေါ့။ လူနာက paraplegia နဲ့ အောက်ပိုင်းသေသွားတယ်လို့ မပြောခဲ့ပါလား။ သူ့ခမျာ မောနေလို့ လက်ဝဲနံထောင်းက လက်ယာနံထောင်းသို့သော်မှ မပြောင်းနိုင် မစောင်းနိုင်ရှာ။ တစ်မိနစ်ကလေး ပြည့်အောင်မျှလည်း တွဲ၍ မထိုင်နိုင်ရှာ။ ဓါတ်မှန်ရိုက်ဖို့ ခဏလေးတွဲထူရင်တောင် ခင်သန်းနုကြီး အကယ်ဒမီပွဲမှာ ကယောင်ကတမ်း အော်ရင်း လေဆက်ပြတ်နေသလို မောတယ် မောတယ် ဖြစ်နေတာ။ အဲ့သလောက်တောင် ကျောနဲ့အိပ်ယာ ခွါမရတော့လည်း “မှုံရွှေရည်။ ဖင်မှာ အနာပေါက်သည်” ဖြစ်နေတာ ဘာဆန်းသလဲ။ ကိစ္စမရှိဘူး။ bedsore ဖြစ်တာ dressing ထည့်ယူမယ်။ အောက်ပိုင်းသေတာ ပြန်ကောင်းသွားရင် သက်သာလာမှာပေါ့။

ကိုင်း ဒီလူနာမှာ နောက်ထပ်ပြဿနာ တစ်ခု ရှိနေပါရောလား။ အဲ့ဒါက ခန္ဓာကိုယ် အောက်ပိုင်းသေပြီး paraplegia ရနေတာပါ။ ကျွင်္နုပ်၏ PDF လူနာကလေးသည် ရင်ဘတ်မှာ open chest wound မရှိပါပဲလျှက် bilateral pneumothorax ရပါပေ၏။ ကျောရိုးဆစ်များ၏ အဖုအဖောင်း အစောင်းအရွဲ့ မရှိပါပဲလျက်လည်း T7 downwards မှာ paraplegia ရပါပေ၏။ ဆင်ကောင်ကြီးပင် မြင်ငြားသော်လည်း ဆင်ခြေရာများကား ရှာမရကုန်။ လူပျက်ကြီးကိုမိုးကျော်လို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး “ရှင် ဘယ်လိုလူလဲ။ ရှင် ဘယ်လိုလူလဲလို့။” ဟု အော်ရမည့်ပုံပေါက်နေချေ၏။ အဲ့ဒီတော့မှ သူက လက်နက်ကြီးမှန်တုန်းက လွင့်စင်သွားပြီး အောက်အကျမှာ ခါးနာသွားတယ် လို့ ဆိုပါလေတယ်။ Thoraco-lumbar spine X-ray ရိုက်ဖို့ကလည်း လှုပ်တာနဲ့ မောတယ်ဆိုတော့ အခက်ပဲ။ ရင်ခေါင်းဆရာဝန် နဲ့ တိုင်ပင်တုန်းကတော့ ဆရာက T3-4 လောက်မှာ fracture ရှိတယ် လို့ ပြောပါတယ်။ ဒါပေမယ့် ကံကောင်းတာက သူ့ရဲ့ paraplegia ဟာ တဖြည်းတဖြည်းနဲ့ သက်သာလာတဲ့ပုံ ရှိပါတယ်။ ညာဘက်ခြေထောက် ပြန်လှုပ်လို့ ရလာတယ်။ ဘယ်ဘက်ခြေသန်းကလေး ကွဲသွားတာ ဆေးထည့်ရင် ထအော်တယ်။ ဆီးတွေ ဝမ်းတွေ သွားချင်တာ သိလာပြီ။ ဆီးပိုက်ဖြုတ်ဖို့ ပြန်လေ့ကျင့်နေတယ်။ spinal injury ရတာ မှန်ပေမယ့် recovery ရနိုင်တဲ့ အတိုင်းအတာပဲ ဖြစ်ပုံပေါ်တယ်။ အဲ့ဒါကြောင့် လောလောဆယ် အဆုတ်ကိုပဲ ဂရုစိုက်ဦးမယ်။ bedsore ကိုတော့ နောက်မှ ဆေးထည့်ယူမယ်။ သေကောင်ပေါင်းလဲနဲ့ မနည်းအသက်ကယ်ထားရတာ။ အခု ဆယ်ရက်ပြည့်ပြီ။ မသေသေးဘူးဆိုတော့ မသေတော့ဘူးနဲ့ တူပါတယ်။

လူတစ်ယောက်အသက်ကို မသေအောင် ကယ်ရတာ လွယ်သလား ခက်သလားတော့ မပြောတတ်ပါဘူး။ ဒါပေသိ ပိုက်ဆံကဖြင့် သောက်သောက်လဲကို ကုန်တာပါ။ သူတစ်ယောက်တည်း ရှူတာ အောက်ဆီဂျင်အိုး အလုံး ၂၀ ကျော်ပြီ။ လျှော့လို့မရသေးဘူး။ ဆက် ရှုဦးမှာ။ ပိုက် ၂ ချောင်းထည့်လိုက်မှ SpO2 က 95 လောက်မှာ နေပေမယ့် အလှုပ်အခတ်များရင် ပြုတ်ကျသွားတယ်။ hypoxia နဲ့ ရက်ကြာနေရင် အဆုတ်က နာလန်ထတာ နှေးတယ်တဲ့။ ကုန်ပလေ့စေ။ ဆက်ပေးထားရဦးမှာပဲ။ ကုန်သွားတဲ့အိုးတွေ ပြန်ဖြည့်ဖို့စဉ်းစားရင်တော့ “ဟတ်ထိတယ် ဟတ်ထိတယ်ဟေ့” ပေါ့။ CS1 တို့ ၊ Flumox တို့လို ထိုးဆေးတွေပေးထားရတာကလည်း တစ်ရက်စာကို ငါးသောင်းအောက် မလျော့ဘူး။ အဲ့ဒါလည်း ဖြုတ်လို့ မရသေးဘူး။ ကုန်ပေ့စေဟာ။ သူ့အသက်ချည့်ပဲ မဟုတ်ဘူး။ ကိုယ်ရင်းထားတဲ့ နှလုံးသားအရင်းအနှီးတွေလည်း များလှပြီ။ အပါမခံနိုင်ဘူး။ ရှင်အောင်ကုမှ ဖြစ်မယ်။ ဒီကောင် ပြန်ကောင်းလာမယ်ဆို ဘယ်လောက်ကုန်ကုန်။ တန်တယ်။ ငွေရေးကြေးရေး ခြေသလုံးမွှေးတဲ့။ သူ့ဆီကတော့ သွားမနှုတ်နဲ့။ ကိုယ့်အမွှေးကိုယ်နှုတ်ရမှာ။ PDF ကို ဆေးကုပါတယ်ဆိုမှ အိမ်ပြန်ပြီး တိုက်ရောင်း၊ လယ်ရောင်း ရောင်းခိုင်းလို့ ရမလား။ “ကိုကို့မှာ ကိုကို့မှာ ကိုကို့မှာ တိုက်ရှိသလားတော့ သမီးမသိပါ။ မံမီရယ်” ဆို ခြူးလေးနဲ့ တစ်တော့ဆော့နေလိုက်တော့။

ကိုယ်တို့ဘက်မှာ PDF တပ်သားတစ်ယောက် ရှေ့တန်းမှာ ဒဏ်ရာရလို့ရှိရင် ဘယ်လောက်ထိအောင် ရေကုန်ရေခမ်း လိုက်ဆယ်သလဲ မြင်ပြီလား။ ကိုယ်တိုင်ခွဲလို့ကုလို့ ရရင် လုပ်လို့ရသလောက် အတိုင်းအတာအထိ အစွမ်းကုန် ကြိုးစားပေးတယ်။ အော်သိုဆာဂျင် လိုရင် ဆေးရုံကိုအရောက်ခေါ်ပြီး ခွဲလို့ရ ခွဲပေးတယ်။ neurosurgeon လိုရင် neurosurgeon ရှိတဲ့ဆီကို ကားရှာ၊ လမ်းတောင်းပြီး မရောက်ရောက်အောင် ပို့ပေးတယ်။ မင်းတို့ဘက်မှာ ဒါမျိုးမြင်ဖူးသလား။ ကြားဖူးသလား။ ပြောစမ်း။ မင်းတို့ဆီက ဆရာဝန်တွေက လူကြီးအိမ် ဖင်လျက်ဆားဖြူး တစ်တီတူးလုပ်နေရတာနဲ့ ရဲဘော်တွေကို ဖင်ကြားတောင် မညှပ်နိုင်ဘူး။ စစ်သား က အရပ်သားကို ကျွန်ပြုတဲ့ ဘဝထက် စစ်သား စစ်သားချင်း ကျွန်ပြုထားတာ ဘယ်လောက်ဆိုးသလဲ မင်းတို့ အသိဆုံးနေမှာပေါ့။ ဉာဏ်မမီရင် သိပ်အများကြီး မစဉ်းစားနဲ့။ တစ်ခုပဲ စဉ်းစား။ အဲ့ဒါ သေရေးရှင်ရေး လို့ ခေါ်တယ်။ နေမှာလား။ သေမှာလား။ နေမှာဆိုရင် လာ။ ငါတို့ဆီ လာ။ ပြည်သူ့ရင်ခွင် လို့ ခေါ်တယ်။ သေမှာ ဆိုရင်တော့ သဘောကွာ။ ငါတို့မသတ်လည်း မင်းအဘ သတ်လို့ သေမှာပဲ။ အကုန်လုံး စမုံတုန်းတော့လည်း အေးရော။ အိမ်း သတ္တဝါတွေ ကျန်းမာ ချမ်းသာကြပါစေကွယ်။ ဒါကတော့ မတောင်းလည်းပဲ မင်းတို့မရှိရင် အလိုလို ပြည့်မယ့်ဆုပါကွာ။