ချန်ဂင်တို့စခန်း (၃၂၃)

လက်နက်ကြီးသံတွေက နီးနီးလာပြီး တနေကုန်လည်း အဆက်မပြတ်ကြားနေရပါတယ်။ အဲ့သလိုမျိုး ကြားနေရတာလည်း တစ်ပါတ်လောက် ရှိသွားပါပြီ။ သဘောကတော့ သူတို့ဆီမှာ လက်နက်ခဲယမ်းတွေ မကုန်နိုင်မခမ်းနိုင် ကျန်သေးတယ် ဆိုတာပေါ့။ စစ်တိုက်ရင် ကျည်ဆန်တစ်တောင့်တောင် အလဟဿ မဖြစ်အောင် ချွေချွေတာတာ တိုက်နေရတဲ့အချိန်မှာ သူတို့ဘက်မှာတော့ ၄၀ မမ တွေ၊ ၆၀ မမ တွေ ရမ်းသမ်းပစ်ခတ်လို့ မကုန်နိုင်အောင် ပေါများနေတယ် ထင်ပါရဲ့။ လေယာဉ် တစ်ခါတစ်ခါ လာရတဲ့ စားရိတ်၊ လေယာဉ်ဗုံးတစ်လုံးတစ်လုံး ကျဲချရတဲ့ ကုန်ကျငွေကလည်း တစ်နှစ်ပါတ်လုံး နေရာအနှံ့ဆိုတော့ ကိုယ်တို့ခန့်မှန်းတွက်ဆထားတာထက် အများကြီးပိုကုန်ကျမှာပဲ လို့ သဘောပေါက်ပါတယ်။ ဆေးဖိုးရုန်းနေရတဲ့ကိုယ်တောင် ဒီလောက်ဝန်လေးနေတာ အမြောက်ဆံ၊ ဗုံးဆံဖိုး ဒလဟောသုံးနိုင်အောင် ဘယ်က ပိုက်ဆံတွေများ အဲ့လောက်ရနေပါလိမ့်။ အံ့ဩစရာကြီး။ မနှစ်က ဆယ်ဇင်းမှာ ကျဲခဲ့တဲ့ဗုံးတွေမှာ ထုတ်လုပ်တဲ့ရက်စွဲတွေပါတော့ “စက်ရုံထုတ်ပူပူနွေးနွေး အသစ်စက်စက်ဗုံးကလေးတွေပဲ။ မကြာခင် ကုန်တော့မှာ။” လို့ အောင့်မေ့မိသေးတယ်။ ဒါပေမယ့် အခုထက်ထိ နေ့မအားညမအား ပစ်ခတ်ဗုံးကျဲနိုင်တာဟာ ပြည်ပနိုင်ငံတစ်ခုခုဆီက လက်နက်ငွေကြေး ထောက်ပံ့မှုမပါပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး လို့ တွေးမိပါတယ်။ အရပ်သားပြည်သူတွေကို ၄ နှစ်လုံးလုံး အနိုင်ကျင့်သတ်ဖြတ်နေတာကို ဘယ်သူမှ တားဆီးပေးမယ့်သူ မရှိသော်လည်းပဲ လူသတ်ကောင်တွေကို လက်နက်နဲ့ လေယာဉ်ဆီတွေ ဗုံးပေါလအော ထောက်ပံ့နေတဲ့ အင်အားကြီးနိုင်ငံတွေရှိနေတာက ကမ္ဘာကြီးကို လှောင်ပြောင်နေသလိုပါပဲ။ ဂျူး ၆ သန်း သတ်တာတောင် ထိုင်ကြည့်နေတဲ့ကမ္ဘာကြီးက မြန်မာတွေ အချင်းချင်းသတ်တာ မဆိုစလောက်ကလေးပဲ ရှိသေးတယ် လို့ မှတ်ချင်မှတ်မှာပေါ့။ ဟိုဘက်ကို လက်နက်ရောင်းလိုက်၊ သည်ဘက်ကို လက်နက်ရောင်းလိုက်နဲ့ ကြားထဲက သူဌေးဖြစ်ကြံနေတာလည်း ဖြစ်ချင်ဖြစ်မှာ။

တကယ်တမ်းစဉ်းစားကြည့်တော့ UN ဆိုသည်မှာလည်း ဝိုင်းကူးညာတို့ ပိုးကူးညာတို့လို fundraisers တွေပဲလား မသိပါဘူး။ လှူတဲ့ငွေက end users တွေဆီကို ဘယ်လောက်ရောက်မယ် ဘယ်လောက်ကြာမယ်သာ မပြောနိုင်တာ။ အလှူ့ရှင်က “ရပ်မယ်” လို့ ပါးစပ်ဟလိုက်ရင် စကားမဆုံးသေးဘူး။ တိကနဲ ရပ်ချလိုက်ပြီ။ ဓါတ်ဆားထုပ်ကလေးတစ်ထုပ်တောင် ကိုယ်တို့ဆီရောက်အောင်မပို့နိုင်တဲ့သူတွေဆီက ဘာတွေမျှော်လင့်လို့ ရမှာလဲ။ ရှိပါစေတော့။ ကစ်ကစ်ကလေး ရန်တွေ့သလိုပဲ တွေ့လိုက်တော့မယ်။ “ရတယ်။ နင်တို့မကူလည်း ရတယ်။ ငါ့မှာရှိတဲ့ပက်ဆံနဲ့ နောက်ဆယ်သက်လည်း ငါ့ဘာသာ ဆက်တော်လှန်နိုင်တယ်။ နင်တို့ ကူမှ မဟုတ်ဘူး။” WFP တံဆိပ်နဲ့ ဆန်အိပ်တွေက ဘယ်ဒုက္ခသည်တွေဆီမှ မရောက်ဘူး။ စကစတပ်ရင်းတွေသိမ်းတိုင်း သူတို့ရိက္ခာဂိုထောင်ထဲက ထွက်ထွက်လာတာ။ မေးပေးဦးလေ။ ဘယ်ကရတာလဲလို့။ ငါတို့များဆို တောင်းလိုက်ရတဲ့ ဒေတာ။ ဒုက္ခသည်ပါးစပ်ထဲက ထမင်းစေ့တောင် လိုက်ရေပေးရမတတ်။ အကူအညီတွေ ပေးနေတုန်းကလည်း ကိုယ့်ဆီ မရောက်တဲ့အတူတူ “ရပ်လိုက်ပြီ” ဆိုမှ ထပ်ပြီးလျော့သွားစရာ မကျန်တော့ပါဘူး။ ကာကွယ်ဆေးတွေ HIV ဆေးတွေ မရလို့ ရောဂါဘယနဲ့သေတဲ့ အရေအတွက်ဟာ စစ်ကောင်စီက သတ်လို့၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းလို့ သေရတဲ့ လူငယ်လူရွယ်အရေအတွက်နဲ့စာရင် မယှဉ်သာအောင် နည်းပါးပါသေးတယ်။ အဲ့ဒါကြောင့် လတ်တလောအခြေအနေမှာ စစ်ကောင်စီကို အမြစ်ပြတ်အောင် အမြန်ဆုံးနှိမ်နှင်းပြီးမှ ကျန်တဲ့ကိစ္စ ဆက်ရှင်းလို့ ရပါမယ်။ ဒါကြောင့်မို့လို့ ဆေးကုတဲ့နေရာမှာလည်း ကုမရတဲ့၊ ကိုယ်ဘာမှလုပ်မပေးနိုင်တဲ့၊ လုပ်ပေးလည်း အကျိုးမထူးတဲ့ ကင်ဆာ နဲ့ နာတာရှည်ရောဂါ လူမမာတွေနဲ့စာရင် စစ်ပွဲမှာ ဒဏ်ရာရတဲ့လူနာတွေကိုပဲ ဦးစားပေးရလိမ့်မယ်။ အဲ့ဒီလူနာတွေလည်း နည်းမှ မနည်းတာ။ တချို့ရက်တွေမှာ တစ်နေ့တည်း ငါးယောက်လောက် ခွဲခန်းဝင်ရတာ။ ဆေးရုံကလူတွေကို အားတောင်နာတယ်။ တနေကုန်တနေခမ်း အလုပ်လုပ်နေကြရတာ။ ဆေးရုံကို ရောက်ပြီးမှ မကယ်နိုင်ပဲ အသက်ထွက်သွားတဲ့ လူနာလည်း ရှိလာခဲ့ပြီ။ သွေးရဲရဲသံရဲရဲနဲ့ စစ်ပွဲက ဒဏ်ရာရလာတဲ့လူနာတွေကို ပတ်ချာလည်အောင် ဆေးကုနေတုန်း ဘောလုံးကန်ရင်း ချော်လဲတာ လက်ကျိုးသွားလို့ ဆိုတဲ့ လူနာမျိုးတွေ ဝင်လာရင် စိတ်တိုမိတယ်။ “ဟိုမှာကြည့်စမ်း။ သူများတွေ သေကောင်ပေါင်းလဲ စစ်ပွဲတွေဖြစ်နေတာ။ မင်းတို့က ဘောလုံးကန်လို့ ကောင်းနေတာလား။” လို့ အော်လိုက်တယ်။ သူတို့လည်း မကန်ချင်ပါဘူး။ ကျောင်းက အတင်းခေါ်လို့ ကန်ရတာပါတဲ့။ ဘယ်လိုတောင် မသိတတ်တဲ့ လူတွေလဲကွာ။

မသိတတ်တာ ပြောရရင် လူတွေတင် မကပါဘူး။ စစ်သားစုဆောင်းရေးဆိုတာ စကစချည့် လုပ်တာ မဟုတ်ဘူးဗျ။ KIA ကလည်း လုပ်တယ်။ SNA ကလည်း လုပ်တယ်။ စစ်ပွဲမှာ လူအင်အားက အနှုတ်ချည့်ပဲ ပြနေလို့ မဖြစ်ဘူးလေ။ လျော့သွားတာ ပြန်မဖြည့်နိုင်ရင် ကုန်သွားမှာပေါ့။ အဲ့ဒါကြောင့် လူငယ်လူရွယ်တွေ လယ်ထဲတောထဲ ပုန်းအိပ်နေရတာ၊ ပါသွားရင် အိမ်ကလိုက်ရွေးယူရတာ၊ ရွေးမရရင် ငိုကြယိုကြ၊ ဆေးရုံလာပြကြနဲ့။ ကိုယ့်မထိတဲ့သူသာ မပူတာ၊ ထိတဲ့သူတွေဖြင့် ကျောကိုကော့နေတာပဲ။ ဒီအချိန်ကြီး ရွာလုံးကျွတ် လူရော၊ နွားရော၊ လှည်းရော လုပ်အားပေးဆင့်တာကလည်း မကြာခဏဗျာ။ ရွာကျောင်းမှာ ဘုရားတည်မလို့တဲ့။ သိန်း ၃၅၀၀ လောက် ကုန်မယ် ပြောတယ်။ ငါတော့ မင်းမော်ကွန်း မန့်သလို မန့်လိုက်မိရင်လည်း ငရဲက ကြီးပြန်ဦးမယ်။ ဘာလို့ အဲ့လောက် လောနေလဲဆိုတော့ အလှူရှင်ပေါ်လို့တဲ့။ ငွေရှင်က အဲ့လောက်စိုက်မှတော့ ရွာက လူစိုက်ရမှာ ဘာဝန်လေးစရာ ရှိမလဲ။ ဘာသာ သာသနာအရေးပဲ ဥစ္စာ။ ကြည့်ရတာ တောသားတစ်ကောင် ရွှေတွေအောင်ပြန်ပြီလား မသိပါဘူး။ စပ်စုကြည့်လိုက်တော့ တောသားက သူများမဟုတ်ဘူး။ ကိုယ်ရယ်ပါ။ ကိုယ်ရယ်ပါ။ ဒီအရပ်မှာ ပေါ်လိန်ဖြစ်မှ ရွှေထွက်အောင် တူးလို့ရတာမှတ်သလား။ ရွှေကြောလိုက်ရင်း စာသင်ကျောင်း ရှိနေရင် အဲ့ဒီကျောင်း အသစ်ပြင်ဆောက်ပေးမယ်ဆိုပြီး ခဏဖယ်ပေးလိုက်။ တဲကျောင်းကနေ တိုက်ကျောင်း ဖြစ်သွားစေရမယ်။ မဆောက်ခင် ဖောင်ဒေးရှင်းတူးရင်း မြေတွေလှန်ပြီး ရွှေတွေတူးတာတော့ ခဏစောင့်။ မနစ်နာစေရဘူး။ သိန်း ၇၀၀၀ ချက်ချင်းပေးတာ။ ဒါပြီးရင် ကျောင်းအသစ်ကြီးကလည်း ချက်ချင်းရမှာ။ အိုကွယ်။ ပဒေသာပင် မြေကပေါက်နေမှပဲဟာ။ ရတဲ့ပိုက်ဆံတွေ ဒီတိုင်းသုံးရမှာ လိပ်ပြာမသန့်ရင်လည်း တဝက်ခွဲပြီး ဘုရားတည်ပေးလိုက်လေ။ ထီးတင်ပွဲကျမှ ကိုသာဂိနဲ့ မိတ်ကပ်ပြင်ပြီး ဘုရားအမကြီးလုပ်မယ်။ မကောင်းဘူးလား။ ဘာတွေအံ့ဩနေတာလဲ။ အလှူ့အမကြီးမို့ သံသရာရေးအတွက် ကိုယ့်နောက်ပါအောင် လှူနေတာ။ ဟိုဘက်ရွာက ကျောင်းထိုင်ဆရာတော်လေးဆို ကျောင်းရွှေ့ပေးရုံနဲ့ သိန်းပေါင်း ၈၀၀၀၀ ဈေးတည့်သွားပြီတဲ့။ သူ့ကျောင်းက ရွှေတွေ အတုံးလိုက် ကျတယ် ဆိုတာကိုး။ MRTV4 က လင်မရသေးတဲ့ မင်းသမီးလေးတွေ အယ်လဘမ်စာအုပ်နဲ့ သွားပြဦးမှပါ။ သူများတွေမှာဖြင့် ကုသိုလ်တွေကို ရလို့။ ကိုယ်ပဲ ငရဲကြီးနေရတာ။ သာဓုတောင်မှ မခေါ်နိုင်။ မျက်စိအောက်ကလူတွေတောင် အဲ့သလိုတွေဖြစ်နေတာ အမေရိကန်အစိုးရက လှူချင်လှူ၊ မလှူချင်နေပေါ့ကွာ။ ဆေးမရလို့ မကုရတော့ ကိုယ်တို့လည်း သက်သာတယ်။

ဒီရွာကလေးတွေဆီကို အစိုးရတရပ်အနေနဲ့အထောက်အပံ့လာဖူးတာ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ နောက်ဆုံးပဲ။ တစ်ရွာက လမ်းလိုချင်တယ်ဆိုလို့ ရွာထဲကို ကွန်ကရိလမ်းကလေး မီတာ ၁၀၀ လောက် ခင်းသွားတယ်။ နောက်တစ်ရွာက ကျောင်းလိုချင်တယ်ဆိုလို့ စာသင်ကျောင်းလေး တိုင်ထောင်ပြီးအမိုးမိုးထားတယ်။ အဲ့ဒီမှာတင် ရပ်နေတာ ၄ နှစ် ရှိပြီ။ ဘာမှ ဆက်ဖြစ်မလာဘူး။ လှူမယ့်သူလည်း မရှိဘူး။ မလှူနေပေါ့။ ဘာဖြစ်သေးလဲ။ လမ်းခင်းတာ၊ စာသင်ကျောင်းလှူတာ နိဗ္ဗာန်ရောက်တယ်လို့ ဘယ်သူမှမှ မဟောတဲ့ဟာ။ ရှိပစေ ရှိပစေ။ ဆယ်တန်းအောင်စရာ မလိုဘူး။ အလိုက်သိဖို့ပဲ လိုတယ်တဲ့။ စီးပွါးရေးတက္ကသိုလ်က ဘွဲ့ရထားတဲ့ ကလေးမလေးလည်း အပြီးသတ်တော့ ဈေးဆိုင်ကယ်နဲ့ ကုန်စိမ်းရောင်းနေရတာပဲ။ ဘာမှ မထူးဘူး။ ရွှေပင်မှာနားနေလျက်နဲ့ ရွှေကျေးမဖြစ်ရင် အသည်းနာစရာကောင်းတယ်။ ရွှေပဲရှာ ရွှေပဲရှာ။

ဆယ်ဇင်း၊ တာမခန်တကြောကို တောရယ်လို့ အထင်သေးတာလား။ ယူတို့ ရန်ကုန်ကလူတွေ ဒီမှာအကုန် ရုံသွင်းပြလို့ ရတယ်နော်။ ဖြူဖြူထွေးလည်း ဆယ်ဇင်းမှာ ကျွမ်းလာထိုးဖူးတယ်။ စွမ်းဇာနည်၊ ဖိုးချစ်၊ တင်မောင်ဆန်းမင်းဝင်း အကုန် လာကဖူးတယ်။ ကိုစိုးသူတောင် အမေရိကားက ပြန်လာလာချင်း မိုင်ဒါကွင်းပွဲပြီးတာနဲ့ နယ်စတိတ်ရှိုး ကူးဆိုတာ ဖားကန့်ပါ။ ဒီကလူတွေဟာ တွံတေးသိန်းတန်ခေတ်မှာ မဟုတ်တာတော့ သေချာပါတယ်။ သွားလေရာ အပြင်စာမစားပဲ ယူနန်က စားဖိုမှူးချက်ကျွေးတဲ့ စားသောက်ဖွယ်ရာများသာ သုံးဆောင်ပါတယ် ဆိုတဲ့ သူဌေးလည်း တွေ့ခဲ့ဖူးတယ်။ အခုဆို ရွာတိုင်းရွာတိုင်းမှာ စတားလင့်အင်တာနက်တွေကို ဝိုင်ဖိုင်လွှင့်ပြီး ငှါးစားနေကြတာဗျ။ ဖုန်းခေါ်ရင်သာ ခေါ်မရတာ။ မြေမချရသေးဘူး။ အလောင်းပုံကြီးတွေ လိုင်းပေါ်ရောက်တဲ့ခေတ်။ သိချင်တတ်ချင်တဲ့ဟာဆို ဘယ်အရာမှ နောက်ကျကျန်ရစ်တယ် မရှိပဲ သိကြတတ်ကြပါတယ်။ မစဉ်းစားတတ်ကြတာ တစ်ခုပဲ။ အခုပဲကြည့်လေ။ လက်နက်ကြီးသံတွေ မရပ်မနား ကြားနေရတဲ့အရပ်မှာ ဘောလုံးကန်ဖို့ ရွာကကလေးတွေ ခေါ်တယ်ဆိုတာ စုဆောင်းရေးအတွက် စာရင်းတို့ထားဖို့ကလွဲရင် ဘာရှိဦးမှာလဲ။

စုဆောင်းသည်ဖြစ်စေ၊ မစုဆောင်းသည် ဖြစ်စေ။ ဒီအရပ်မှာ စစ်ပွဲတွေက ရောက်လာခဲ့တာ ကြာပြီလေ။ ရှောင်လွှဲလို့လည်း မလွတ်နိုင်ခဲ့တာ သိပြီးသား မဟုတ်လား။ နောက်ဆုံးတော့ ဒီက ကလေးတွေဟာ စိတ်ပါပါ မပါပါ တဘက်ဘက်က စစ်တိုက်ပေးရတော့မှာ အမှန်ပဲ။ ရန်ကုန်၊ မန္တလေးကလူတွေက အခုမှ ကြုံဖူးတဲ့ ဒုက္ခကို ဒီမှာတော့ ရိုးတောင်နေကြပြီလေ။ “မောင်လေးရယ် အမတို့ မိန်းမသားနှစ်ယောက်တည်း အထုပ်တွေအပိုးတွေ မနိုင်မနင်းနဲ့မို့ ဆိုင်အထိရောက်အောင် လိုက်ပို့ပေးပါလားကွယ်။” ဆို ဂိတ်တွေ တစ်ဂိတ်ပြီးတစ်ဂိတ်ဖြတ်ခေါ်သွား။ နောက်ဆုံးကျမှ “ဒီတောထဲကစခန်းက လူစိမ်းဝင်ရင် ပေးမပြန်ဘူး။” ဆို စစ်သင်တန်းတက်လိုက်ရတာတွေလည်း ရှိတယ်။ တစ်အိမ်တစ်ယောက် ပိုက်ဆံကောက်ပြီး လူစားလိုက်ပေးလို့ ရောက်လာသူတွေလည်း တပုံကြီး။ ဒီကလေးတွေဟာ ရှေ့တန်းရောက်သွားရင် ဘယ်ဘက်ကကျကျ လျော့သွားမယ့် မြန်မာနိုင်ငံသား အရေအတွက်တွေပါပဲ။ ကျန်းမာသန်စွမ်းတဲ့ အရွယ်ကောင်းလေးတွေရယ်။ အသီးပုပ်ကြီးတွေ ကြွေမှာစိုးလို့ အညွန့်တွေ ဆိပ်ဆိပ် ပစ်နေရတဲ့အပင်။

ဆယ်ဇင်းကနေ စစ်ကိုင်းတဘက်ခြမ်းမှာရှိတဲ့ SNA နဲ့ စကစ စခန်းတွေကို ရှင်းလင်းတိုက်ထုတ်နေတဲ့အချိန်မှာပဲ ကိုယ်တို့ဆီကို နောက်ကြောင်းကနေ လှည့်ဝင်ဖို့အတွက် အင်းတော်ကြီးဘက်မှာ စစ်အင်အားတွေ စုလာပါတယ်။ ဟိုပင်ကနေ နန့်မွန်းထိအောင် စစ်ကားတွေ တစ်စီးပြီးတစ်စီး တက်လာပြီး မက်မုံကိုင်၊ မိုင််းနောင်ဘက်မှာ တပ်တွေ ဖျောက်ထားတယ်။ ဈေးဆိုင်ကယ်တွေပါ ပေးမဝင်တော့ဘူး။ ဒါဆိုရင် သူတို့ ဘာလုပ်မယ်မှန်း သိပြီး ကိုယ် ဘာလုပ်ရမယ်မှန်းလည်း တန်းသိပါတယ်။ အလုက်အကိုင်မပျက်၊ စမ်းရင်း၊ ခွဲရင်း၊ ဆေးကုရင်းကနေ ရန်သူလာရင် အဆင်သင့် ဆုတ်ခွါနိုင်အောင် အထုပ်အပိုးပြင်ရတာပါ။ ထွက်ပြေးဖို့ မဟုတ်ဘူးလေ။ လုံခြုံတဲ့နေရာရွှေ့ပြီး အလုပ်ဆက်လုပ်ရမှာ။ ကိုယ်တို့မှာ စစ်ပွဲအတွက် ကြိုစုထားတဲ့ ဆေးတွေဝါးတွေချည့် ဂိုထောင်တစ်လုံးစာလောက်ရှိတာ။ အဲ့ဒါတွေ ထားခဲ့လို့ ဘယ်ဖြစ်မလဲ။ ဖြစ်ကာမှ ထွက်ဝယ်လို့လည်း ရမှာ မဟုတ်။ ဒီလို အရှောင်အတိမ်းလုပ်ရတာ ဘယ်နှစ်ခါတောင်ရှိနေပြီလဲ။ လုပ်နေကျအတိုင်း လုပ်ကြတာပေါ့။ မင်း သည်ကလာ ဆို ငါ ဟိုကသွားပဲ။ သူတို့ဘက်က စစ်အင်အား အလုံးအရင်းနဲ့ လာတယ်ဆိုလို့ ကိုယ့်မှာ ဝမ်းတောင်သာရသေး။ စစ်သားကောင်ရေ လျှော့တဲ့နေရာမှာ တတပ်တအား ပါဝင်ချင်လွန်းလို့။ ကိုယ့်ဘက်က လျော့မသွားအောင်လည်း မရအရ ဆေးကုချင်လွန်းလို့။ နန့်မွန်း၊ လုံးတုံကို ရအောင်သိမ်းနိုင်လို့ကတော့ ထိပ်ဝတစ်နေတဲ့ ဆီးကျောက်ကြီးကို ဆွဲထုတ်ပစ်လိုက်သလိုမျိုး လမ်းတွေ ဒလဟောပွင့်တော့မှာ။ ဒါပြီးရင် ဟိုပင်၊ မိုးညှင်း ရောက်ပြီ။ ဖိုက်တင်းကွ။

မြို့ပေါ်ကလူတွေက ပေါ်တာဆွဲခံရမှာ ကြောက်နေသလောက် တောထဲကလူတွေမှာ စစ်ပွဲဖြစ်ရင် ဝမ်းသာနေရတာ ဘာလို့လဲ သိလား။ အဲ့ဒါ မျှော်လင့်ချက်လေ။ စစ်ပွဲတွေဖြစ်ပြီး စစ်ကောင်စီကို မရှုမလှ အရေးနိမ့်အောင် တိုက်နိုင်မှ ကိုယ်တို့ဘဝကို ပြန်ရမှာ။ ကိုယ်တို့ အနာဂတ် လှပမှာ။ စစ်ကောင်စီအောက်မှာ ခေါင်းငုံ့ခံနေသ၍ ဘဝတွေနစ်မွန်းပြီး အသက်ပါပေးရတော့မှာ။ ကိုယ်တို့အားလုံးရဲ့ လွတ်မြောက်လမ်းက စစ်သားတွေကို နိုင်အောင်တိုက်နိုင်မှ ရမယ်။ စစ်ပွဲဆိုတာ သေလမ်းချည့်ပဲ ရှိတာ မဟုတ်ဘူး။ ပြည်သူအားလုံးအတွက် ရှင်သန်ရေး မျှော်လင့်ချက်ပဲ။ ဒါကြောင့်မို့ စစ်ပွဲကို မကြောက်ဘူး။ စစ်သားတွေကို လက်တုန့်ပြန်နိုင်တဲ့ အခွင့်အရေးဟာ စစ်မြေပြင်မှာသာ ရှိတယ်။ စစ်ပွဲမရှိရင် သူက လက်နက်ကိုင်၊ ကိုယ်က လက်နက်မဲ့။ ကိုယ့်ဘက်ကချည့် ခံနေရတာ ၄ နှစ်တောင် ရှိပြီ။ လာစမ်းပါ။ အောင့်အည်းထားတဲ့ ခံစားချက်တွေကို ဒီမှာလာ ဖောက်ခွဲပစ်လိုက်။ လည်စင်းပြီးတော့ အသေမခံနဲ့။ သူသေကိုယ်သေ ချရအောင်။ ကိုယ်တို့အားလုံးအတွက် မျှော်လင့်ချက်က ဒီတစ်လမ်းမှာပဲ ရှိပါတယ်။ ဒီမှာတိုးလာတဲ့ တပ်သားသစ် တွေက စစ်မှုထမ်းဥပဒေအပြီးမှာ “မလာပါနဲ့ဦး” တောင် တားယူရတယ်။ အဟုတ်ပြောတာ။

ကိုယ့်တုန်းက ရန်ကုန်မှာနေလို့ မလုံခြုံတဲ့အခါ နယ်တွေမှာ ခဏထွက်ပြီး ရှောင်နေရတယ်။ အဲ့ဒါ အကြာကြီးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တင်တဲ့သူက တင်ကျွေးထားနိုင်တောင် စကစ လက်လှမ်းမီတဲ့နေရာတွေမှာ မလုံခြုံနိုင်ဘူး။ ဒါဆိုရင် ဘယ်ကိုသွားမလဲ လို့ စဉ်းစားကြည့်လိုက်တော့ ကရင်နီဘက်က ဆရာဝန်လေးတစ်ယောက်နဲ့ အဆက်အသွယ်ရတယ်။ အဲ့ဒီအရပ်ကလည်း ကိုယ် တခါရောက်ဖူးတယ်။ ကိုသာပို အမှတ်တရ ကျောင်းဆောက်လှူထားတာ ရေစက်သွားချတုန်းက။ အဲ့ဒါနဲ့ အဲ့ဒီကိုသွားမယ်ဆိုပြီး ကလောဘက်ကနေဆင်းတာ လမ်းမှာတိုက်ပွဲဖြစ်နေလို့ ဝင်လို့မရဘူး။ လှည့်ပြန်ရတယ်။ အဲ့ဒီတစ်ခေါက်က မထွက်ဖြစ်လိုက်ဘူး။

နောက်တစ်ခေါက် ထပ်ထွက်ရတဲ့အခါ

ဧည့်သွားဧည့်လာ ခဏရှောင်နေရုံနဲ့ ပြီးမှာ မဟုတ်ဘူး။ အထိုင်ချပြီး အလုပ်လုပ်နိုင်မှ ဆက်ရပ်တည်လို့ရမှာ လို့ တွက်မိတယ်။ ဆေးကုတဲ့ ခွဲစိတ်တဲ့ အလုပ် ရရင်တော့ အကောင်းဆုံးပေါ့။ တခြား ဘာကျွမ်းကျင်သေးလဲ လို့ ကိုယ့်ဘာသာ စဉ်းစားတော့ တရုတ်စကား နားလည်တယ်။ မေးထူးခေါ်ပြော သဘောပေါက်တယ်။ အနည်းဆုံးတော့ စကားပြန်မပါပဲ ဆေးကုနိုင်တယ်။ အဲ့ဒါနဲ့ လောက်ကိုင်သွားရမလား စဉ်းစားတော့ အဲ့ဒီအချိန်တုန်းက လောက်ကိုင်မှာ ဒကစ ရှိသေးတယ်။ ပယ်အိမ်နဲ့ သိတယ် ဆိုပေမယ့်လည်း မအလ က အာဏာသိမ်းပြီးပြီးချင်း ပထမဆုံးသွားတွေ့တာ လောက်ကိုင် ဖြစ်နေလို့ သူ့ကို ယုံလို့မရဘူး။ လောက်ကိုင်နဲ့ အလားတူတာ လိုင်ဆာ ရှိတယ်။ လိုင်ဆာတော့ မသွားတတ်ဘူး။ ဘယ်လိုသွားရမှန်းလည်း မသိဘူး။ အဆက်အသွယ်လည်း မရှိဘူး။

ဒီလိုနဲ့ အမြန်လမ်းပေါ် ကားမောင်းနေရင်း ၃၉ မိုင်ကွေ့နားရောက်တော့မှ ဖုန်းဝင်လာတယ်။ လိုင်ဆာပို့ပေးမယ့် အဆက်အသွယ် ရပြီတဲ့။ ဒါနဲ့ ပဲခူးဘက် မကွေ့တော့ပဲ မန္တလေးထိ ဆက်မောင်းလာတာ။ ကိုယ့်မလည်း အဲ့သလောက် highway ကြီး ကိုယ့်ဘာသာမောင်းလာတာ ဒါပထမဆုံးပဲ။ ဘယ်မှ လမ်းမှားစရာ မရှိလို့သာ တည့်တည့်ကြီး ရောက်လာတာ။ မန်းလေးကလည်း အထက်တက်ရော Google Maps ကြီး ကြည့်ပြီး ချီတက်ရတယ်။ အဲ့တုန်းက အင်တာနက်လိုင်းတွေ မဖြတ်ရသေးခင်မို့သာပေါ့။ မကန ရောက်တော့ ထောက်လှမ်းရေးတွေ ခြေချင်းလိမ်နေလို့ မြို့ထဲဝင်လို့ မရဘူး။ အဲ့ဒီကစ ခြေရာဖျောက်ရတာ။ နောက်ဆုံးတော့ တစ်ယောက် ကျောပိုးအိပ်တစ်လုံးစီနဲ့ ဆိုက်ကယ်သမား ခါးဖက်လိုက်ပြီး ဝိဓူရသုခမိန်လုပ်လာတာ တောထဲရောက်ကရော။ “မျက်ရည်ကျပြီး လိုက်ခေါ်သူရယ် မရှိ။ သေလိုက သေနိုင်၏။ ရှင်လိုက ရှင်နိုင်၏။” ကဲပါ ဆက်ဆိုလိုက်ရအောင်။ “ဒီလိုနဲ့ ရက်ပေါင်းများစွာ ငတ်ခြင်းနဲ့ ပြေးတမ်းလိုက်တမ်း” ကိုယ်တို့ရောက်တဲ့အချိန်မှာ PDF ပထမအသုတ် သင်တန်းဆင်းကာစ။ ဒုတိယအသုတ် သင်တန်းစကာစ။ သူတို့အတွက်နေစရာတောင် သူတို့ဘာသာ မြေရှင်း၊ တဲထိုး၊ ခံတုတ်ကျင်းတူးနေကြရတုန်း။ တောထဲက ဒုက္ခတွေကို စာမဖွဲ့ပါဘူး။ အဲ့ဒီအချိန်မှာ စာဖွဲ့ရမှာ ရန်ကုန်က အခြေအနေပါ။ ကိုဗစ် တတိယလှိုင်း လာပြီလေ။ လူကြီးတွေ ဘယ်သူမှ ပြေးမလွတ်တော့ဘူး။ အောက်ဆီဂျင်တွေလည်း ရှာမရဘူး။ ဆေးရုံလည်း တင်မရဘူး။ ရန်ကုန်က ဖုတ်လှိုက်ဖုတ်လှိုက် လူမမာတွေကို တောထဲက ကိုယ်က online consultation နဲ့ ဆေးလှမ်းကုပြီး အောက်ဆီဂျင် လိုက်ရှာပေးရတဲ့အဖြစ်။ ဒီကာလအတွင်းမှာ သူငယ်ချင်းတွေရဲ့ မိအိုဖအိုတွေ ပြုတ်ပြုတ်ပြုန်းသွားတယ်။ ကိုယ့်အမေတွေ၊ အဒေါ်တွေလည်း ကူးတယ်။ ဘာမှ မဖြစ်ပေလို့သာ။ အင်မတန် ရင်နာရတဲ့အချိန်တွေပါပဲ။ လိုင်ဆာကလည်း သွားလို့မရတော့ဘူး။ lock down ချပလိုက်လို့။ အဲ့ဒီအချိန်မှာ ဆယ်ဇင်းက ဆရာဝန်လိုလို့ ဒီကိုရောက်လာတာလေ။ ကျန်တာ သိချင် “လှထုံတို့ရွာ” မှာ ပြန်ဖတ်ချေတော့။

ပြောချင်တာက လွတ်မြောက်နယ်မြေ ထွက်ကြစို့ ဆိုရင် တောင်ပိုင်း သွားရမလား၊ မြောက်ပိုင်း သွားရမလား။ ဒွိဟဖြစ်နေသူတွေအတွက်ပါ။ အဖြေမှန်ဆိုတာ ဘယ်ဟာမှ မရှိဘူး။ ကိုယ့်အခြေအနေ ကိုယ့်ပေးထားချက်နဲ့ကိုယ် ရင်ဆိုင်ဆုံးဖြတ်ရမှာ။ ကိုယ်ထွက်လာတဲ့ အချိန်အခါအရ အထက်အညာကလူတွေ ကချင်ဘက်ကို ပြေးတာ မှန်တယ်။ အဲ့ဒီအချိန်တုန်းက စစ်သင်တန်းပြီးတာနဲ့ လက်နက်ပေးကိုင်တာ၊ ဒူဂျွန် ဒူဝါတွေကိုယ်တိုင် စစ်ပွဲထဲအရောက် Coach လုပ်ပေးတာ KIA မှာပဲ ရရှိတယ်။ ချင်းမှာဆို တူးမီးတွေနဲ့ အသေခံတိုက်နေရတုန်း။ KIA ကိုလာရင် ငါးကြင်းမြီးလောက်တော့ တန်းကိုင်ရမှာ။ တောထဲအထိလာပြီးမှ သေနတ်မကိုင်ရရင် လူဖြစ်ကျိုးမနပ်ဘူးလေ။ ကိုယ်တောင် သေနတ်ကြီးနဲ့ ဓါတ်ပုံရိုက်တင်ထားသေးတယ်။ ဒါပေမယ့် အခြေအနေဆိုတာ အခါခပ်သိမ်း ကိုယ်လိုချင်သလို မဖြစ်တာလည်း သဘာဝပါပဲ။ ပြဿနာဆိုတာ သေးသေးမွှားမွှားကနေ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ အတိုင်းအတာလည်း ရှိတာပဲ။ ပါဂျောင်လူသတ်ပွဲဆိုတာ KIA နယ်မှာ ဖြစ်သွားတာ ကိုယ်မမေ့ပါဘူး။ အရေးကြီးတာ ဖြစ်လာတဲ့ပြဿနာကို ဘယ်လိုရင်ဆိုင် ကျော်လွှားမလဲ ဆိုတာ အဓိကပါ။ ဒီနေရာမို့ ဒီပြဿနာ ကြုံရတာဆိုပြီး ဟိုနေရာသွားရင်လည်း ဟိုပြဿနာနဲ့ တွေ့မှာပါ။ ဘယ်ပြဿနာပဲတွေ့တွေ့ ကိုယ်က ရှင်သန်ကျန်ရစ်တဲ့သူ ဖြစ်ဖို့လိုပါတယ်။ game over သွားရင် ကိုယ်တို့မှာ အသက်မှ အပိုမပါတာ။

တောထဲကို ရောက်လာတယ် ဆိုကတည်းက ကိုယ်တို့က migrant population ထဲမှာ ပါပြီးသား။ ရောက်တဲ့အရပ်မှာ အညှောင့်ပေါက်၊ အမြစ်တွယ်နိုင်မှ ရှင်သန်ကြီးထွားခွင့်ရမယ်။ ပေါင်းပင်မြက်ပင် မဟုတ်ကြောင်း သက်သေပြနိုင်မှ သူများနှုတ်ပစ် မခံရမှာ။ အရင်တုန်းက ရှိခဲ့တဲ့ အရိပ်အာဝါသ၊ အရှိန်အဝါတွေက ကိုယ်နဲ့ မပါလာဘူး။ ဒီမှာတော့ ကိုယ့်ဘာသာ အသစ်စဖို့ပဲ ရှိတယ်။ “ဟယ် ဟိုမှာ အာဇာနည်ကြီးတော့။” ဆို လိုင်းပေါ် ဓါတ်ပုံတင်တာ အမေရီးကားက တောသီးတွေပဲ ရှိမယ်။ ဒီမှာတော့ “နင် ဘယ်သူလဲ။ ငါ ဘိုဘိုဟန်” လာမလုပ်နဲ့။ “ဘိုဘိုဟန်လည်း တုံးတောင်းကျတယ်။ အကြွေမရှိရင် ချိုချဉ်ယူတွားလိုက်။” ဆိုတာမျိုး။ ကိုယ်သိသလောက်တော့ မြောက်ပိုင်းမှာ အဆင်မပြေလို့ တောင်ပိုင်း ကူးသွားတဲ့သူတွေ၊ တောင်ပိုင်းကို သဘောမကျလို့ မြောက်ပိုင်းတက်လာတဲ့သူတွေဟာ နှစ်ခါပြန်ပြီး အသားကျအောင် စိတ်လျှော့နေရတာပဲ ရှိမယ်။ စိတ်တိုင်းတော့ဖြင့် ကျမနေပါဘူး။ ဒီလိုနဲ့ စိတ်တွေညစ်ပြီး တော်လှန်ရေးကနေ “drop out” ကျမသွားစေချင်လို့ အားပေးနေတာ။ ဘယ်မှာရောက်ရောက်၊ ရောက်တဲ့နေရာက အဓိက မဟုတ်ပါဘူး။ တော်လှန်နေဖို့က အဓိကပါ။

ကိုယ့်သဘောအရဆိုရင်တော့ ဒီအချိန်ကျမှ နန်းစိန်တွေက စစ်မှုထမ်းရမှာကြောက်ပြီး တောထဲဝင်လာဖို့ မရှိနိုင်ပါဘူး။ ရှိပြီးသား အင်အားစုတွေထဲက တော်လှန်ရေးကို စိတ်ပျက်ပြီး ဆက်မလုပ်ချင်လောက်အောင် စစ်ကောင်စီဘက်က ဆိုက်ဝါးအမျိုးမျိုးသုံးပြီး ဖဲ့ထုတ်နေတာ တွေ့ရပါတယ်။ ဒီလို မဟုတ်လည်းပဲ ကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကြမ်းမှာ ကြုံတွေ့လာရတဲ့ ပြဿနာအရပ်ရပ်ကြောင့် စိတ်ပျက်အားလျော့သွားတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တို့ဘက်မှာ ကူညီထောက်ပံ့ပေးမယ့် နိုင်ငံတကာအစိုးရနဲ့အဖွဲ့အစည်းတွေ ရှိမနေပဲ စစ်ကောင်စီကိုတော့ လက်နက် နဲ့ လေယာဉ်ဆီပံ့ပိုးနေတဲ့သူ ရှိတယ်ဆိုတာ အရမ်းကို သိသာနေတယ် မဟုတ်လား။ “ငါတို့မှာ အားကိုးစရာ ငါတို့ပဲ ရှိတယ်” ဆိုတဲ့အခြေအနေမှာ ငါတို့ဘက်က အင်အားတွေ လျော့ပါးဆုတ်ယုတ် မသွားစေချင်ပါဘူး။ ပိုပြီးကျစ်လစ် သန်မာလာဖို့ပဲ ရှိစေချင်တာကြောင့် အခက်အခဲ နဲ့ ပြဿနာတွေ ပေါ်ပေါက်လာတိုင်း လမ်းဆုံးပန်းတိုင် ပျောက်မသွားရအောင် တော်လှန်ရေးအတွက် အရွေ့ကိုပဲ အာရုံစိုက်ရအောင်ပါ။ တောင်ဘက်ပိုင်းကလည်း တောင်ထနောင်းကိုင်းခြောက်ပါပဲ။ မြောက်ဘက်ပိုင်းကလည်း မြောက်ထနောင်းကိုင်းခြောက်ပါပဲ။ နှစ်ခုပေါင်း နှထနောင်းကိုင်းခြောက်နိုင်မှ လျှာခလုပ်မတိုက်ပဲ လိုရာရောက်မယ့် ကိစ္စမို့လို့ ဘယ်ကိုင်းမှာပဲနေနေ ညောင်ပင်တစ္ဆေ ဝေလေလေ မဖြစ်ဖို့သာ အရေးကြီးပါတယ်နော့။