ခုရက်ပိုင်း လေယာဉ်တွေ ဒရုန်းတွေ ညတိုင်းဝဲပေမယ့် ဖြတ်သွားရုံပဲမို့ အထိအခိုက် မရှိပါဘူး။ ကျင်းထဲခုန်ဆင်းရင်း ခြေထောက်ကျိုးတဲ့ကလေးမလေးကိုတော့ ဆရာအော်သိုခေါ်ပြီး internal fixation လုပ်ပေးလိုက်တယ်။ ဆေးရုံမှာ အော်သိုဆာဂျင်မရှိပေမယ့် သူတို့ခွဲပေးမှ ပြန်ကောင်းနိုင်မယ့်လူနာတွေကို စုထားပြီး ၂ ရက် ၃ ရက် ဆက်တိုက်ခွဲပေးခဲ့တာ ၃ ခါတောင် ရှိသွားပြီ။ အဆက်မပြတ် လည်ပတ်နေတဲ့ ဆေးရုံတစ်ရုံက ကုန်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ စက်ရုံတစ်ရုံလိုပါပဲ။ ဒီလထဲမှာ ငှက်ဖျားလူနာတွေ ပြန်များလာလို့ ငှက်ဖျားဆေးရဖို့ လုံးပန်းရပြန်တယ်။ ရောဂါသုံးမျိုးအတွက် အထောက်အပံ့တွေ ရပ်သွားလို့ နောင်ဆို အဲ့ဒီဆေးတွေ မရနိုင်တော့ဘူး လို့ ပြောကြတယ်။ ထိုင်းနယ်စပ်က ဆေးရုံတွေတောင် ပိတ်ပစ်ရတော့မယ်တဲ့။ ကိုယ်တို့ဆေးရုံလည်း အဲ့သလိုမျိုး အလှူရှင် တစုံတယောက်၊ အဖွဲ့အစည်း တခုခုရဲ့ အထောက်အပံ့ကို မှီခိုရပ်တည်နေရရင် အရင်းလှဲတာနဲ့ အဖျားထင်းဖြစ်မှာ အသေအချာပါပဲ။ ပြည်သူဘက်ကို အခြေပြုရပ်တည်နေတာမို့သာ ပြည်သူ့အင်အားနဲ့ ရှေ့ဆက်နိုင်တာ။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တစိုက်မတ်မတ် ရုန်းကန်နေရတဲ့အထဲမှာ စာသင်တာတွေ ဆေးကုတာတွေတင် မကဘူး။ ဒီဆေးရုံကလေး တရစပ် လည်ပတ် အလုပ်လုပ်နိုင်ဖို့ လိုအပ်သမျှတွေ ရှာဖွေဖြည့်ဆည်းပေးနေရတာလည်း ပါပါတယ်။ ဆေးဒါန်းမြင်းသီလာ ကျောက်ဖျာကြီးမှာ တောင်ဝှေးနဲ့ ဆေးကျိတ်ရတဲ့ ဖေဇော်ဂျီမှ မဟုတ်တဲ့ဟာ။ Non lethal weapon တွေပဲ အကူအညီပေးရမယ် လို့ အသံကောင်းဟစ်နေတဲ့ ပညာရှိကြီးတွေကို ဆေးဝါးပစ္စည်း အထောက်အပံ့တွေ ဖြတ်တောက်ပိတ်ဆို့ခြင်းဟာလည်း lethal weapon တစ်ခုလို အကျိုးသက်ရောက်မှု ရှိတဲ့အကြောင်း ဘယ်လိုပြောပြရပါ့မလဲ။
စားပွဲဝိုင်းမှာထိုင်၊ ကာဖီကလေးသောက်၊ မရောက်ဖူးတဲ့ဒေသက လူသားတွေရဲ့ ကံကြမ္မာကို မြေပုံပေါ် ခဲတံကလေးနဲ့ဆွဲပြီးဖြေရှင်းပေးလိုက်လို့ မဇ္ဈိမတိုင်းသားတွေ သေရကြေရတာဟာ ဂျပန်ပြည်မှာ အနုမြူဗုံးကျတာထက် ဆယ်ဆလောက်များတယ်ဗျ။ ခုထက်ထိ သေလို့မဆုံးသေးဘူးလေ။ အခုဆိုရင်တော့ ပြည်တွင်းရေးဝင်မစွက်ဖက်ပါဘူး ပြောပြီး ပေါက်ဖော်ကြီး တုတ်ရောင်းဓါးရောင်း လုပ်လို့ သေရတာ ဝူဟန်ထုတ် ကိုဗစ်ကပ်ရောဂါထက်တောင် အသေအပျောက်များသေးသဗျား။ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးတယ် ဆိုတာ သူလိုချင်တဲ့ဟာကို ကိိုယ်တို့ဆီက သယ်ဖို့ထုတ်ဖို့ တစ်လမ်းပဲ ဖွင့်ပေးတာလေ။ ကိုယ်တို့ဘက်ကို ဘာမှ ပေးမသွင်းပါဘူး။ semipermeable membrane လုပ်ထားတယ်။ ရှမ်းမြောက်မှာ တဘက်သတ် အပစ်ရပ်ခိုင်းထားလို့ အဲ့ဒီဘက်က စကစတပ်တွေဟာ ကချင်ပြည်နယ်အောက်ဘက်မှာ စုပြုံတိုးလာတာ အသိသာကြီးပါပဲ။ ဒါပေမယ့် သူတို့ချည့်ပဲ တပ်လန်ကျနေတာလည်း မြင်တဲ့အတိုင်းပ။ တပ်ချင်းမတိုက်ရဲပဲ အရပ်သားတွေ ဗုံးကျဲသတ်ဖြတ်နေရတဲ့ မော်ကွန်းဝင် စတန်းဒတ်အာမီကြီးပါ။
AA ဟာ သူရထားတဲ့နယ်မြေလေး အခိုင်အမာဖြစ်အောင် အပစ်အခတ်ရပ်မယ့်သူ မဟုတ်သလို KIA ဟာလည်း တရုတ်ရဲ့ ခြိမ်းခြောက်ဟန့်တားမှုကို ဂရုမထားဘူးဆိုတာ အလုပ်နဲ့သက်သေပြခဲ့တာ ကြာပါပြီ။ တစ်နှစ်ကြာအောင် တိုးလို့မပေါက်ပဲ ချိုနဲ့သားရေသာကျန်တဲ့ အောင်ဇေယျစစ်ဆင်ရေးကြီးနဲ့ မြဝတီကို ဘယ်လိုထိန်းချုပ်နိုင်မှာလဲ။ စကစ နဲ့ လက်တွဲပြီး နှိမ်နှင်းချင်တယ်ဆိုရင် ကျားဖျန့်မပြောနဲ့ ကြောင်ဖျန့်တောင် ဖမ်းလို့မိမှာ မဟုတ်။ ဒါကိုသိလို့လည်း ထိုင်းဘက်ကလှည့်ဝင်ဖို့ တရုတ်ထောက်လှမ်းရေးတွေ အဲ့ဒီဘက်ပို့ထားတာ မဟုတ်ဘူးလား။ ဘယ်သူ့ဘက်က အလေးသာမလဲ မသိပေမယ့် ကြီးကြီးမားမား အပြောင်းအလဲတစ်ခုတော့ ဖြစ်လာမယ့်သဘောရှိပါတယ်။ ဒေါ်စိန်အေးကျောင်းကြီးကို နောက် ၉ လ ကြာရင် နေပြည်တော်ရွှေ့မယ်ဆိုတဲ့ မအလတစ်ကောင်ဟာ နောက် ၉ လတိုင်အောင် လည်ပင်းနဲ့ခေါင်းနဲ့ အဆက်အစပ်မိနေစေဖို့ မနက်တစ်ခါ ညတစ်ခါ ပြန်ပြန် စမ်းကြည့်နေရမယ့် အချိန်ပါ။
ဂျပန်ခေတ်တုန်းက ဖက်ဆစ်တွေကို မုန်းတာထက် မအလခေတ်မှာ စစ်သားတွေကို နာကျည်းမုန်းတီးတာ မြန်မာနိုင်ငံသားတိုင်းရဲ့ ခံစားချက် အစစ်အမှန်ပါ။ အတင်းအဓမ္မစစ်သားစုဆောင်းတဲ့အကျိုးဆက်ကြောင့် “အနီးဆုံးစစ်သားကို ရရာလက်နက်နဲ့ အရင်ရှင်းကြ” ဆိုတဲ့ တိုက်ပွဲခေါ်သံကို ကြားရတော့မှာလေ။ အုပ်ကြီးတွေ ဆယ်အိမ်ခေါင်းတွေ စစ်သားအစောင့်မပါရင် ကွမ်းယာတောင် ထွက်မဝယ်ရဲတော့ဘူး။ စစ်တပ်ကအဆွဲခံရပြီး ရှေ့တန်းပို့ရင် အသက်ရှင်ဖို့အခွင့်အလမ်း ဘယ်လောက်ရှိမလဲ။ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်။ အဲ့ဒီလမ်းမျိုးပို့ဖို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တဲ့အလုပ်ကို စစ်သားတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အုပ်ကြီးတွေ၊ ရာအိမ်မှူးတွေကို လူတွေက ခွင့်လွှတ်နားလည်ပေးနိုင်ပါ့မလား။ ငွေရှာကောင်းလို့ ခွင်ဝင်အောင်းချင်တဲ့သူတွေကရော ဘယ်လောက်သက်ဆိုးရှည်မှာမို့လဲ။ ဘယ်အရာမဆို အကျိုးဆက်ဆိုတာ ရှိလာမှာပဲလေ။
အမေရိကန်သမ္မတ ပြောင်းလဲတဲ့အကျိုးဆက်၊ တရုတ်နိုင်ငံရဲ့ မတော်မတရား ဝင်ရောက်စွက်ဖက်မှုအကျိုးဆက်တွေကြောင့် တော်လှန်ရေးခရီးမှာ အထိုက်အလျောက် သက်ရောက်မှုတွေ ရှိလာတာ ဝန်ခံပါတယ်။ သို့သော်လည်း ဘယ်အကျိုးဆက်မျိုးကမှ စစ်ကောင်စီဲရဲ့ ကျူးလွန်သတ်ဖြတ်မှုတွေကို မတားဆီးနိုင်တဲ့အတွက် မြန်မာပြည်သူတွေရဲ့ အုံကြွတော်လှန်မှုကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ ဒီလကုန်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဥပဒေမဲ့အာဏာသိမ်းပြီးတာ ၄ နှစ်ကြာတဲ့နောက် အင်အားဘယ်လောက်ထိ ဆုံးရှုံးပြုန်းတီးခဲ့ပြီလဲ။ နယ်မြေဘယ်လောက်ကို လက်လွှတ်ခဲ့ရပြီလဲ။ စစ်တမ်းကောက်ရဲတဲ့ သတ္တိ ရှိလို့လား။ သန်းခေါင်စာရင်းကောက်ကတည်းက သိသင့်တဲ့ဥစ္စာ။ တရုတ်က အတင်းနှပ်ကြောင်းပေးထားတဲ့ ရွေးကောက်ပွဲဆိုတာ စတိမျှလောက်တောင် မဖြစ်နိုင်တော့လို့ အိမ်ဖြည့်ကစားမယ့် ခြင်းထဲကကြက်အိုကြီးတွေ ကောက်ရိုက်ပလိုက်တာ မဟုတ်ဘူးလား။ နောက်နှစ်ခါ တန်ဆောင်မုန်းကိစ္စတွေကို ဟောင်ဖွာဟောင်ဖွာလျှောက်ပြောနေသော်လည်းပဲ တကယ်တမ်းမှာတော့ အောက်လူတွေ ထိုးကျွေးပြီး လစ်တာနဲ့ ခြေကုန်သုတ်မယ့် သဘောရှိပါတယ်။
လက်ရှိအခြေအနေမှာ ဒေါ်နယ်ထွမ့်ကြီးက ဆက်မထောက်ပံ့တော့ရင်လည်း ချန်ဂင်ကလေးက ဆေးအလကားဆက်ကုနိုင်ဆဲဖြစ်သလို မြောက်ပိုင်းညီနောင်တွေ ဘွာတေးခပ်ထားပေမယ့်လည်း KIA က ဆက်တိုက်နေတုန်းပါပဲ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့သူတွေဆိုတာ အမှီသဟဲမရှိတာနဲ့ ပြိုလဲသွားစရာ အကြောင်းမရှိပါဘူး။ ကိုယ်ငယ်ငယ်က ကိုယ့်အဖွား ဆုံးမလေ့ရှိတာလေးကို အမြဲသတိရပါတယ်။ “အိမ်နီးချင်း ချေးကိုယုံပြီး ဝက်မမွေးရဘူး။” တဲ့။ ငါ ဝက်ကလေးတစ်ကောင် ဝယ်မွေးလိုက်ရင်တော့ အစာကျွေးစရာ လိုမှာ မဟုတ်ဘူး။ ဟိုဘက်အိမ် သည်ဘက်အိမ်က အိမ်သာအောက် သူ့ဘာသူရှာစားပြီး ကြီးလာလိမ့်မယ် လို့ ထင်တာပေါ့။ ဒါပေမယ့် တကယ်တမ်းမွေးဖြစ်ရင် အိမ်နီးချင်းဆိုတာ သူ့အိမ်ကယိုတဲ့ချေးတောင် ကိုယ့်ဝက်မဟုတ်ပဲ ဝင်စားမှာစိုးလို့ အလုံပိတ်ကာလိုက်တဲ့အမျိုးလေ။ ကိုယ်တို့မြန်မာတွေ နိုင်ငံရေးမကောင်းလို့ တဘက်နိုင်ငံ ပြေးရတယ်ဆိုတာ ခွေးတိုးဝက်ဝင် ဝင်ရတဲ့ ဘဝပါနော်။ ဘယ်သူကမှ အရူး အရူး နဲ့ အိမ်ဦးချေးပါ မလုပ်နိုင်ပါဘူး။ ဂန္ဓာလရာဇ်ကလူတွေကိုယ်တို့အထဲဝင်ဗိုလ်ကျပုံကို ပြောရင်တော့ လူမျိုးရေးမုန်းတီးဖို့ လှုံ့ဆော်တယ် အပြောခံရဦးမှာ။ ဟိုဘက်အိမ် သည်ဘက်အိမ် နေတဲ့သူတွေဆိုတာ မတော်ချင်သာ နေရမယ်။ မခေါ်ချင်လို့ ရတာ မဟုတ်ဘူး။ မော်စီတုံး- ချန်ကင်ရှိတ်ခေတ်ကတည်းက ပါတ်သက်လာခဲ့တာ သူ့အတွင်းရေး ကိုယ့်အတွင်းရေး စုံပလုံစိနေအောင် သိကြတဲ့သူချည့်ပါပဲ။ ငါတို့အိမ်က မအိမ်လုံးနဲ့မှ သွေးသောက်ညီအကိုဖွဲ့ချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း မအိမ်လုံးရဲ့ ရှီးဖောဘဝရောက်မှာကို သဘောပေါက်သင့်ပါတယ်။ သားစဉ်မြေးဆက် အရှက်ရစရာကြီးပါ။
ဒီတော်လှန်ရေးမှာ ကိုယ်တို့ရဲ့ အသက်တွေ ဘဝတွေချည့် ရင်းထားတာ မဟုတ်ပါဘူး။ နိုင်ငံတစ်ခုလုံး ရင်းထားရပါတယ်။ စစ်ခွေးခေတ်အလွန် မြန်မာနိုင်ငံကြီးဟာ အခုလက်ရှိ မြေပုံအတိုင်း ရှိနေတော့မှာ မဟုတ်သလို မြန်မာစစ်တပ်ကြီးတစ်ခုလုံး လက်နက်ချ အရှုံးပေးသွားရင်တောင် စစ်မီးတွေက တငွေ့ငွေ့လောင်နေဦးမယ့် သဘောရှိပါတယ်။ SNA နဲ့ KIA အကြား၊ KIA နဲ့ TNLA အကြားက ပွတ်တိုက်မှုတွေဟာ မကုတ်အားသေးလို့ ထုံးတို့ထားရတဲ့ ယားဖုကလေးတွေလိုပါပဲ။ နောင်တချိန်ကျ စာရင်းရှင်းဖို့ မှတ်တေးထားရတာတွေများလာပါပြီ။ ဝ နဲ့ ထိုင်းနယ်စပ်က ပြဿနာကိုလည်း နောက်အစိုးရတက်တော့မှ ဆိုပြီး မီးခဲပြာဖုံးထားခဲ့တာပဲ။ ရှမ်းပြည်နယ်ကြီးထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဟာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာတဲ့အခါကျရင် ရှမ်းပြည်နယ်လက်အောက်မှာတောင် ရှိနေပါ့မလား မသေချာဘူး။ တရုတ်အမိန့်အရ ကိုးကန့်တွေ လားရှိုးက ဆုတ်ခွါသွားခဲ့သည်ရှိသော် လားရှိုးရဲ့ အုပ်ချုပ်မှုတွေကို ဘယ်သူက ဆက်ပြီးစီမံမှာလဲ။ “ယောက်ဖရေ ငါတို့ပြန်ပြီ။ နင်ပဲ ကြည့်လုပ်လိုက်တော့။” ဆိုပြီး စကစလက် ပြန်အပ်ရအောင် စောင်ရူးတွေ စစ်တိုက်နေတာမှ မဟုတ်တာ။ ဒါပေမယ့် လားရှိုးမှာ ရမခ ပြန်ရုံးထိုင်ဖို့ ရာထူးတွေ နေရာတွေ ခွဲဝေနေတဲ့ စောင်ရူးတွေလည်း တကယ်ရှိခဲ့ပါတယ်။ တရုတ်ကထုတ်တဲ့ AI တောင် ၂ ရက်လောက်နဲ့ ဒစ်လည်သွားတာ မြင်တဲ့အတိုင်းပဲ။ တရုတ်ဩဇာနဲ့ စေ့စပ်တဲ့စစ်ပွဲဟာ တကယ်ရော ရပ်မှာမို့လို့လား။ ဘယ်နှစ်ရက်ခံမှာလဲ။ စောင့်ကြည့်ရင် အဖြေပေါ်ပါလိမ့်မယ်။
ရပ်သည်ဖြစ်စေ မရပ်သည်ဖြစ်စေ၊ လားရှိုးကို ပြန်သိမ်းဖို့၊ မြဝတီကို ပြန်သိမ်းဖို့ဆိုတာ စစ်ကောင်စီက တကယ်ကို ပြင်ဆင်နေတဲ့ အရေးပေါ် စစ်ဗျူဟာတွေဖြစ်ပါတယ်။ သူတို့ကို ခုခံမယ့် ကိုယ်တို့တော်လှန်ရေးအင်အားစုတွေထဲမှာတော့ ညီညွတ်အောင် စုစည်းဖို့ ခက်ခဲနေဆဲပါပဲ။ အဲ့ဒီလိုဖြစ်နေအောင် သွေးခွဲတာကလည်း သူတို့ဘက်က ဗျူဟာပဲလေ။ မအေးအေးဝင်း ဆီစင်တဲ့ကားတွေတောင် အကယ်ဒမီဆန်ကာတင်ဝင်နေတဲ့ခေတ်ကြီးမှာ စကစရဲ့ ပြန်လည်သိမ်းပိုက်ရေး ရည်မှန်းချက်တွေကလည်း မဖြစ်နိုင်ဘူး လို့ ပြောမရဘူးပေါ့။ က ချင်တာက ရသေ့ရှစ်သောင်းဇာတ်၊ လူကဖြင့် နှစ်ယောက်နဲ့တစ်ပိုင်းရှိတာ။ ကွက်စိပ်သာ ဟောစားလို့ရချင်ရမယ်။ ငါပဲတိုင်းမှူး၊ ငါပဲ ဗျူဟာမှူး၊ ငါပဲ တပ်မမှူး၊ ငါပဲ တပ်ရင်းမှူး။ အကုန်လုပ်သည် ဦးကြယ်နီ ဇာတ်သဘင်အဖွဲ့ကြီး။ ကပလေ့စေ။ ကိုယ်တို့လည်း ကျည်ကုန်သက်သာသပ။ ထွန်းညွန့် နဲ့ အရီးညွန့် နှစ်ချက်လောက် ပစ်လိုက်ရင် ပွဲကသိမ်းရော။
“ကိုင်း ကြည့်စမ်း။ ငါတို့တပ်မတော်ကြီး မရှိတာနဲ့ နိုင်ငံတော်ကြီး တစစီ ပြိုကွဲသွားတော့မှာ မဟုတ်လား။” လို့ မင်္ဂလာလာမယူပါနဲ့။ နိုင်ငံတော်ကြီး ၃၆၅ စိတ်ပြိုကွဲသွားပစေ။ ဖက်ဆစ်စစ်တပ်ကတော့ အမြစ်ဖြတ်မှ လူတွေဆက်အသက်ရှင်နိုင်မယ့် ကိစ္စပါ။ အာဏာသိမ်းကာစမှာ မိတ်ဆွေနှစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ တစ်ယောက်က လားရှိုးက။ သူပြောတာ “ဒီအတိုင်းဆိုရင် မြန်မာနိုင်ငံဆိုတာကြီးက ယူနန်ပြည်နယ်ရဲ့ လက်အောက်ခံ ပြည်နယ်လေးတစ်ခု ဘဝ ရောက်တော့မှာပဲ။” တဲ့။ ကိုယ်ပြန်ပြောခဲ့တာကတော့ “ကောင်းသားပဲ။ ရောက်ပလေ့စေ။ တရုတ်နိုင်ငံလက်အောက်ခံဖြစ်ရလည်း တရုတ်နိုင်ငံသားအခွင့်အရေး အပြည့်အဝရမှာ၊ တရုတ်နိုင်ငံတိုးတက်သလောက် တိုးတက်ရမှာဆိုရင် စစ်ဗိုလ်တွေလက်အောက်မှာထက်တော့ သာတာပဲ။ တနင်္သာရီကမ်းရိုးတမ်းဟာ သမိုင်းတလျှောက်လုံး မြန်မာအောက်ရောက်လိုက်၊ ထိုင်းအောက်ရောက်လိုက်နေရင်းကနေ လက်ရှိမြေပုံကြီးအရ မြန်မာတခြမ်း ထိုင်းတခြမ်းအောက်ရောက်ကုန်တဲ့အခါ ဌာနေတိုင်းရင်းသားအားလုံး သခင်တစ်ခြမ်း ကျွန်တစ်ခြမ်း ဘဝချင်းခြားနားသွားခဲ့တာ မြင်တဲ့အတိုင်းပဲလေ။ နယ်စပ်ဒေသက တိုင်းရင်းသားတိုင်းကို မေးကြည့်။ “ဘယ်သူ့လက်အောက်မှာနေပြီး ဘယ်နိုင်ငံသား ဖြစ်ချင်သလဲ။” ဆိုတာ။ မေးစရာကို မလိုတဲ့အဖြေတစ်ခုပါ။ ကိုယ်တွေလို ရန်ကုန်၊ မန္တလေး အခြေစိုက်တဲ့သူတွေတောင် စစ်ကျွန်မခံနိုင်လို့ ထွက်လာခဲ့ရတဲ့ဥစ္စာ။ မြန်မာပြည်ကြီး တရုတ်အောက်၊ ထိုင်းအောက် ရောက်သွားပါပကောလား လို့ ဝမ်းနည်းနေမယ့်သူ ရှိမထင်ပေါင်။ အဲ့ဒီတော့ ဒေါ်ဇင်မာအောင် ဖြေခဲ့ဖူးတဲ့စကားတစ်ခွန်းကိုပဲ ပြန်ကိုးကားရမှာပဲ။ “ဒီတော်လှန်ရေးနဲ့ပါတ်သက်လာရင် ဘယ်လိုပေးဆပ်ရင်းနှီးမှုမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်။” တဲ့။ ပါးစပ်ဖျားကလေးနဲ့ ပြောခဲ့တာလား ရင်ထဲက နက်နက်ရှိုင်းရှိုင်း လာတဲ့ ယုံကြည်ချက်လားဆိုတာ ဟောဒီ ၄ နှစ်ကာလအတွင်း လုပ်ရပ် နဲ့ ရလဒ်တွေက သက်သေထူလို့ ရပါတယ်။
နောက်စကားတစ်ခွန်းကတော့ ကိုယ်က မေးတာပါ။ အာဏာသိမ်းပြီး ၂ ရက်လောက်အကြာမှာ ကိုယ့်ထက်နိုင်ငံရေးအတွေ့အကြုံရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို မေးကြည့်ဖြစ်တယ်။ သူက ၈၈ ကတည်းက တောခိုခဲ့ဖူးပြီး Harvard တက္ကသိုလ်ကနေ နိုင်ငံရေးနဲ့ ဘွဲ့ရထားတာကိုး။ ကိုယ် သိချင်တာ ၂ ချက်ပါပဲ။ “UN က R2P ဝင်နိုင်မှာလား။ အမေရိကန်အစိုးရက ရွေးကောက်ခံအစိုးရ ဘက်က ကူညီမှာလား။” ဆိုတာပေါ့။ ၂ ချက်စလုံးအတွက် သူ့ရဲ့အဖြေက No ပါ။ တကယ်လည်း လက်တွေ့မှာ အဲ့ဒီအတိုင်း ဖြစ်လာတော့ သူပေးတဲ့အဖြေမှန်တယ် လို့ပဲ ကောက်ချက်ချရမယ်။ ဒါပေမယ့် အဲ့ဒီအဖြေအတွက် ကိုယ့်ဘက်က ဘယ်လိုအဖြေပြန်ပေးရမလဲ ဆိုတာ တခါတည်း စဉ်းစားတိုင်ပင်ခဲ့ပါတယ်။ ဘယ်သူမှ လာကူမှာ မဟုတ်ဘူး။ ကိုယ့်ဘာကိုယ် ကြိုးစားယူမှရမယ်။ အချိန်တွေ ကြာလိမ့်ဦးမယ်။ ဟုတ်တယ်လေ။ သူတို့ဆို အနှစ် ၂၀ ကျော် ကြာပြီးတာတောင် ပန်းတိုင်မရောက်ခဲ့ဘူး မဟုတ်လား။ သူ တောခိုကာနီးတုန်းက ကိုယ်နဲ့လာတိုင်ပင်သလိုပဲ ကိုယ်လည်းပဲ တောမခိုခင် သူနဲ့ လှမ်းတိုင်ပင်မိတဲ့သဘောပါ။ ၈၈ တုန်းက တောမခိုဖြစ်တဲ့ကိုယ်ဟာ ၂၁ မှ တောထဲရောက်သွားတော့ အလိုလိုနေရင်း Gen Z ထဲ ရောက်သွားတယ်လေ။ ပါပီမခေတ် နဲ့ ချစ်သုဝေ၊ ပိုင်ဖြိုးသုခေတ်မှာ ဘယ်အရာတွေ ဘယ်လိုကွာခြားသွားသလဲ ကိုယ်တွေ့မျက်မြင် သိခဲ့ရပြီ။ အီလွန်မတ်ရဲ့ စတားလင့်ကြီးပေါ်လာခါမှ မြဝတီက ရန်အောင် စိုးမြတ်သူဇာ ပေါ်လစီကားတွေနဲ့ ဂျင်းထည့်လို့ရတာ တပ်ထဲက မုဆိုးမတွေထဲတောင် မရှိတော့ဘူး။ သေချာတာကတော့ ဘယ်သူမှ လာမကူလည်းပဲ ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝကိုယ်ကျောင်းပြီး တော်လှန်ရေးမပြီးမချင်း ခရီးဆုံးအောင် လျှောက်ကြမယ့်သူချည့်ပါ။ ဘယ်သူ ခြိမ်းခြောက်နှောက်ယှက်လို့မှ လှည့်ပြန်မယ့်သူတွေ မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ လက်နက်ချပြီး အလင်းဝင်တဲ့အလုပ်ကို ဘယ်သူတွေက လုပ်နေကြရတာလဲ။ နိုင်ငံတော်ပုန်ကန်မှု၊ သစ္စာဖောက်ဖျက်မှုတွေ လုပ်ခဲ့တာ ဘယ်သူတွေလဲ ဆိုတာ တစတစ ရုပ်လုံးပေါ်လာခဲ့ပြီ မဟုတ်လား။ “မင်းတို့ခေတ်တုန်းက မအောင်မြင်ခဲ့ဘူး။ ငါတို့ခေတ်ကျမှ အောင်မြင်တယ်။” တင်စီးကြွားဝါလိုစိတ် မရှိပါဘူး။ လူတိုင်း သူ့ခေတ်နဲ့သူ ကြိုးစားခဲ့ကြတာချည့်ပဲ။ ဒါပေမယ့် ကိုယ်တို့ခေတ်မှာ မအောင်မြင်ခဲ့ရင်တောင် နောက်မျိုးဆက်တွေအထိ ဆက်တော်လှန်သွားရမယ့် ကိစ္စမို့လို့ ဘယ်အရာကမှ ရပ်တန့်လို့ မရနိုင်တော့ဘူး ဆိုတာ သေချာပါတယ်။ လားရှိုးကို စကစ က ပြန်ဝင်နိုင်မလား။ မြဝတီကို စကစ က တရုတ်အကူအညီနဲ့ ပြန်ထိန်းချုပ်နိုင်မလား ဆိုတာ ဒီရက်ပိုင်းအတွင်း အဖြေပေါ်လာမယ့်ကိစ္စမို့လို့ စောင့်ကြည့်ကြပါစို့နော်။
“လားရှိုးမြို့က ကောင်မလေး
ပါးလေးမို့မို့ နီနီရဲ
အသားဖွေးနုနု ဖြူဖြူလေးမို့
မြင်မြင်ချင်း ချစ်ခဲ့မိတယ်
လားရှိုးမြို့က ကောင်မလေးရယ်။”