နေ့တိုင်းနေ့တိုင်း မရပ်မနား အလုပ်လုပ်လာခဲ့တာ နှစ်တွေလည်း ကြာခဲ့ပါပြီ။ မောတယ်ပန်းတယ်လည်း သဘောမထားခဲ့ပါဘူး။ တခါတရံမှာ ခြေပစ်လက်ပစ် အိပ်ချပလိုက်တော့မှသာ “ပင်ပန်းလိုက်တာနော်။” လို့ တရေးနိုးထယောင်မိတာပဲ ရှိပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ဘက်က လုပ်စရာရှိတဲ့အလုပ်တွေကတော့ ဘာတစ်ခုမှ အကြွေးကျန်မနေပါဘူး။ ကိုယ်ကသာ ရှေ့ကိုရောက်နှင့်နေလို့ ပြန်ပြန်စောင့်နေရတာပါ။ ကိုယ်လုပ်ခဲ့သမျှ မပြီးမပြတ်၊ မအောင်မြင်ပဲ တန်းလန်းကြီးကျန်နေတာ ဘာတစ်ခုမှ မရှိပါဘူး။ ကိုယ့်အတွက်နဲ့တော့ တော်လှန်ရေးခရီး တစ်မိနစ် တစ်စက္ကန့်မျှ နှောင့်နှေးကြန့်ကြာခြင်း မရှိရလေအောင် ရှေ့ကကြိုပြီး ပြေးနှင့်သူပါ။ စစ်အစိုးရကိုတော်လှန်တာတောင် သူများတွေလို အာဏာသိမ်းပြီးမှ ထဆန့်ကျင်တာ မဟုတ်ပဲ ဟိုးရှေးရှေး ပဝေသဏီကလည်းက အကောင့်အစစ် ရုပ်အစစ်ပြပြီး စိတ်ထဲရှိတဲ့အတိုင်း ရေးသားလာခဲ့တာလေ။ ကျောချမှ ဓါးပြမှန်းသိတဲ့သူ မဟုတ်ဘူး။ အပွေးမြင်ကတည်းက အပင်ကို သိတဲ့သူ။ ဘူတန်ကနေ စာတွေ စရေးတုန်းက ၂၀၁၀ နှစ်ကုန်ပိုင်းလောက်မှာပေါ့။ အခု စာရေးသက် ၁၄ နှစ်ကျော်ခဲ့ပြီ။ ကိုယ်ရေးခဲ့တဲ့စာတွေနဲ့ ကိုယ့်ရဲ့ရပ်တည်မှုဟာ ဖောက်ပြန်ယိမ်းယိုင်သွားတာ မရှိဘူး။ ဟုတ်မလိုလိုနဲ့ အဖျားရှူးသွားတာလည်း မရှိဘူး။ ဟိုကိုင်းကူးလိုက် သည်ကိုင်းကူးလိုက်နဲ့ ရောယောင်ယိမ်းနွဲ့နေတာလည်း မရှိဘူး။ ဆာမိအိမ်မှာတုန်းက ဂစ္ဆာမိ နဲ့ သီလယူသလို မူတူးအိမ်မှာလည်း ဂစ္ဆာမိပါပဲ။ ပိုက်ဆံရဖို့ စာရေးနေတာ မဟုတ်သလို၊ နံမည်ကြီးချင်စိတ်နဲ့လည်း စာမရေးပါဘူး။ ကိုယ်ရေးတဲ့စာကိုဖတ်ရင် ကိုယ့်ခေါင်းထဲက အတွေးတွေကို အတိုင်းသား မြင်ရမှာ ဖြစ်တဲ့အတွက် အရာရာကို ကိုယ့်ဖက်က စိတ်ရှင်းအောင်ထားရပါတယ်။ အဲ့ဒါကြောင့် စိတ်ရှုပ်စရာ အကြောင်းအရာတွေနဲ့ မငြိတွယ်အောင် နေတယ်။ ဒီကနေ့ ဒီအချိန်ရောက်တဲ့အထိ “ဆရာစိုးရဲ့ သရုပ်မှန်တွေ ပေါ်လာပြီ” တို့၊ “ဆရာစိုးတော့ ဘယ်သူနဲ့ ပွဲဖြစ်နေပြီ” တို့၊ တစ်ခါမှ မကြားဖူးသေးဘူး မဟုတ်လား။ ကိုယ့်အကြောင်းကို တစုံတယောက်က မှတ်ချက်ပေးလာရင် ကိုယ်နဲ့သိတဲ့သူတွေဆီက “ဟုတ်လား။ သူက အရင်ကတည်းက အဲ့အတိုင်းပဲလေ။” လို့ reply ပြန်လာပါလိမ့်မယ်။ သူများတွေ နေ့ချင်းညချင်း ပြောင်းလဲနိုင်ပေမယ့် ကိုယ့်ဆီမှာတော့ ဆင့်ကဲဖြစ်စဉ်တွေသာ ရှိပါတယ်။
သင်တန်းကျောင်းက ကလေးတွေကို နောက်ဆုံး lecture အနေနဲ့ mental health ကို သင်ပေးရတဲ့အခါ ကိုယ့်စိတ်ကျန်းမာရေးကိုလည်း ကိုယ့်ဘာသာပြန် အကဲခတ်မိပါတယ်။ စိတ်ကျရောဂါခံစားနေရသူများလို “ပျော်စရာဆိုတာ တို့ရဲ့ကမ္ဘာမှာ မရှိပါ။” လို့ မဆိုနိုင်ပေမယ့်လည်း ကိုယ့်မှာ စိတ်လွတ်ကိုယ်လွတ် ပေါ့ပါးပျော်ရွှင်နေတဲ့အချိန်တွေ မရှိတော့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ မမှတ်မိတော့ဘူး။ ဒါပေမယ့် စိတ်ဆင်းရဲနေတာ၊ ပူဆွေးဝမ်းနည်းနေတာလည်း တစ်ခါမှ မရှိသလောက်ပဲ။ ဒီလမ်းကိုလျှောက်နိုင်ဖို့ ကိိုယ့်ရဲ့တွန်းအားဟာ emotional drive မဟုတ်တာတော့ သေချာပါတယ်။ စစ်သားတွေကို ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ နာကြည်းမုန်းတီးစရာ ကိုယ့်မှာ ဘာအကြောင်းမှ ရှိမနေပါဘူး။ အာဏာမသိမ်းခင်ကရော သိမ်းပြီးမှရော ကိုယ့်ဘဝမှာ စစ်သားတွေလုပ်လို့ ဆုတ်ယုတ်ပျက်စီးသွားတာ ဘာတစ်ခုမှ ရှိမနေခဲ့ဘူး။ ကိုယ့်ထိမှသာ ကိုယ်နာစတမ်းဆိုရင် ကိုယ့်အတွက်က နေသာသပ လေညှာက ဆိုတဲ့ အစားထဲပါပါတယ်။ CDM လုပ်လိုက်လို့ အလုပ်ပြုတ်၊ ဘဝပျက်ပြီး တောထဲရောက်သွားတာ လို့ ထင်နေရင် ကိိုယ်ကတော့ ပြုံးပြုံးကြီး ကြည့်နေပြီး “ဟုတ်လား” လို့ ပြန်မေးလိုက်ပါ့မယ်။ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို အကဲဖြတ်ရင် အချက် ၄ ချက်ကို ကြည့်ရတယ် လို့ WHO definition ထဲမှာပါပါတယ်။ ကိုယ့်အခြေအနေ ကိုယ်သိရတယ်။ နိစ္စဒူဝ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည် ရှိရတယ်။ အလုပ်ကို လက်ဆုပ်လက်ကိုင် အကောင်အထည်ပြလို့ရအောင် ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ရတယ်။ ကိုယ်ကျိုးအတ္တချည့်မဟုတ်ပဲ ပရဟိတအလုပ်တွေလည်း လုပ်နိုင်ရတယ်တဲ့။ အဲ့ဒီအချက် ၄ ချက် ပြည့်စုံမှ စိတ်ကျန်းမာရေး ပြည့်စုံတယ် ခေါ်တာ။ အလိုလေး ကျန်းမာလိုက်သမှ ဒေါင်ဒေါင်ကိုမြည်လို့ပါဗျာ။
အာဏာသိမ်းလိုက်တဲ့အတွက် ကိုယ့်ဘဝရဲ့အပြောင်းအလဲဟာ အကောင်းဘက်မှာသာ ရှိပါတယ်။ အာဏာမသိမ်းခင် ရန်ကုန်ဆေးရုံကြီးမှာနေတုန်းက တစ်လတစ်လ ကိုယ်ခွဲပေးနိုင်တဲ့ လူနာဟာ တစ်ယောက်နှစ်ယောက်တောင် ရှိချင်မှ ရှိတာပါ။ တစ်လလုံးနေပြီး လက် ရေမစိုလိုက်ရတဲ့လတွေ များပါတယ်။ လူတွေအများကြီး၊ လက်တွေအများကြီး၊ အကြောင်းအရာတွေ အများကြီးနဲ့မို့ တခြားအလုပ်တွေနဲ့ လည်ထွက်နေရတာပါ။ အားနေတာတော့ မဟုတ်ဘူးပေါ့။ ပျံသန်းခွင့်မရတာ လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အခုဆေးရုံမှာ ကိုယ်ဦးဆောင် ကုပေးနေတဲ့ ခွဲစိတ်လူနာပေါင်းက OT စာရင်းစာအုပ်ထဲမှာ ၇၀၀ ကျော်လာပြီနော်။ အာဏာသိမ်းတဲ့အဖြစ်သာ ဖြစ်မလာရင် ကိုယ်တတ်တဲ့ပညာနဲ့ ခုလောက်လူနာများများခွဲပေးဖို့ဆိုတာ အိုလို့သာ သေသွားမယ်။ ဘယ်ဖြစ်နိုင်ပါ့မလဲ။ အပင်ကြီးပြီး အသီးမတင်တဲ့ဘဝမျိုးနဲ့ ပင်စင်ယူရမှာ။ ဟောဒီအာဏာသိမ်းတဲ့ကာလသက်တမ်းဟာ ကိုယ့်ဘဝတသက်တာမှာ ဆရာဝန်တစ်ယောက်အနေနဲ့ လူနာတွေအများဆုံး ကုရခွဲရ ကူညီရတဲ့ အချိန်ကာလတွေဖြစ်ပါတယ်။ အသက်တွေကယ်တယ် လို့တော့ မပြောတော့ပါဘူး။ အနည်းဆုံးတော့ ကိုယ်ရှိနေတဲ့ အရပ်ပတ်ဝန်းကျင်က အားကိုးလောက်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်နေတယ်ဆို သူတို့ပြောတဲ့အတိုင်း Community ကို contribute လုပ်ရာ ရောက်ပါတယ်နော့။
ပရဟိတချည့်ပဲ လုပ်ပြီး ထမင်းထိုင်ငတ်နေလို့တော့ မဖြစ်ဘူး။ ကိုယ့်အတွက် ကိုယ့်အကျိုးကိုလည်း လှစ်လျူရှုလို့မှ မရတာ။ CDM လုပ်လိုက်တော့ လစာဝင်ငွေမှ မရှိတာ။ ဘယ်သူ့လုပ်စာတွေနဲ့ ထမင်းထိုင်စားနေတာတုန်း လို့ မေးစရာ ရှိပါတယ်။ အဲ့ဒါကလေ ရန်ကုန်မှာ CDM လုပ်လိုက်ကတည်းက ကိုယ့်ဆီကို အသိမိတ်ဆွေတွေက ထောက်ပံ့ငွေကြေးတွေ လာလာပေးကြပါတယ်။ ဒါပေမယ့် အဲ့ဒီပိုက်ဆံဟာ ကိုယ်တစ်ယောက်တည်း စားဖို့ပေးတာ မဟုတ်မှန်းသိလို့ ကိုယ့်ဆေးရုံက သူနာပြုတွေ ဝန်ထမ်းတွေကို အိမ်တိုင်ရာရောက် လိုက်ရှာပို့ပေးခဲ့ပါတယ်။ တစ်ခါနှစ်ခါတော့ မကပါဘူး။ ကိုယ့်လုံခြုံရေး၊ နေရေးထိုင်ရေးအတွက် အိမ်ခန်းအလွတ်တွေ သော့အပ်ထားတာလည်း ၄-၅ အိမ် လှည့်ပတ်နေရုံပါပဲ။ ဒါပေမယ့် ကိုယ်အားနာတာက ကိုယ့်ကို ဖမ်းမိသွားရင် ထောင်ထဲဝင်ရမှာထက် သူတို့အိမ်ထဲကပစ္စည်းတွေ ယူငင်ဖျက်စီး အိမ်ကိုချိတ်ပိတ်အသိမ်းခံရမှာကို မလိုလားတဲ့အတွက် ကိုယ့်ဘာသာကိုယ် လွတ်ရာလွတ်ကြောင်း ရှာထွက်ခဲ့တာပါ။ ဆယ်ဇင်းမှာ ပထမဦးဆုံး လစာဝင်ငွေရတဲ့အခါ လစဉ်လတိုင်း PDF တွေအတွက် နိုင်သလောက် ထောက်ပို့လုပ်ခဲ့တာပါပဲ။ ကိုယ့်ဆီကို ရောက်လာသမျှ ငွေကြေးစီးဆင်းမှုတွေဟာ အိမ်၊ မြေ၊ စိန်ရွှေ ဝယ်ဖို့စုဖို့ မဟုတ်ဘူး။ ရင်းနှီးမြှုတ်နှံမှုအနေနဲ့ ရင်းခဲ့ရင််တောင် ဆေးရုံအတွက် တိုးချဲ့တည်ဆောက်ဖို့၊ လည်ပတ်လုပ်ဆောင်ဖို့၊ ပြုပြင်ထိန်းသိမ်းဖို့အတွက်သာ ဖြစ်ပါတယ်။ အရာအားလုံး ဒီဆေးရုံထဲမှာပဲ ရှိနေပြီး ဘာကိုမှလည်း ပြန်ယူသွားဖို့ စိတ်ကူး မရှိပါဘူး။ ကိုယ်တိုင်တောင်မှ ကနေ့နက်ဖြန် သေမယ်ရှင်မယ် မရေရာတဲ့ဘဝဟာကို။ အဲ့ဒါကြောင့် ကိုယ့်မှာ မရှိသောကရော၊ ရှိသောကရော၊ ဘယ်ဟာမှ ရှိမနေတာပါ။ လေယာဉ်နဲ့ ဗုံးလာကျဲလို့ ပြာပုံဖြစ်သွားလည်း “ရှိ ပူရသေး။ ကုန်မှအေး။” လို့ သဘောထားလို့ရတယ်။ မတွယ်တာဘူး။ မတွယ်တာဘူး။ မတွယ်တာဘူး။ ၉ ကင်း။ ၁ သမားဆိုတော့ အဲ့ဒါတွေ အကုန်ပစ်ချထားလို့ရတယ်။ အဟင်း။ ရန်ကုန်မှာနေတုန်းက ကိုယ့်တစ်ဝမ်းတစ်ခါးတောင် ခြိုးခြံတိုင်းထွာ သုံးစွဲနေရပေမယ့် အခုချိန်မှာ လူ ၂၅-၃၀ လိုလေသေးမရှိ တင်ကျွေးထားနိုင်ဖို့ဆိုတာ CDM တစ်ယောက်အနေနဲ့ တော်တော်ကို ရုန်းနိုင်ခဲ့တာပဲ မဟုတ်လား။
တနေ့တာကာလရဲ့ လောကဓံ အထုအထောင်း စိန်ခေါ်မှုအပေါင်းကို ကြံ့ကြံ့ခံနေလာခဲ့တာကတော့ အကုန်လုံး သိပြီးသားမို့ မပြောတော့ပါဘူး။ ဒီ့ထက်မကလည်း ခံနိုင်ရည် ရှိပါတယ်။ ဖြတ်သန်းခဲ့ဖူးပြီးသားတွေမို့ အနည်ထိုင်ခဲ့ပြီလေ။ အကိုလေး ဖိုးလပြည့်တောင် သူမို့လို့ ထူးပျော်မနေပါဘူး ပြောသေးတာ။ ဆြာစိုးလည်း ထူးစိတ်ဆင်းရဲနေမယ့်သူ မဟုတ်ပါဘူး။ မြန်မာပြည်သား အများနည်းတူပေါ့။ စိတ်ညစ်ရင် ဂီတာတီးစရာလည်း မလိုဘူး။ ဘီယာသောက်စရာလည်း မလိုဘူး။ လုပ်စရာအလုပ်တွေ ရှိသေးတယ်။ ဆြာစိုးရဲ့အလုပ်တွေ productive ဖြစ်သလား၊ fruitfully ဖြစ်သလား ဆိုတာတော့ ဆေးရုံကို လာကြည့်လို့ ရပါတယ်။ Facebook မှာ ဆယ်လီဖြစ်လို့ ဆြာစိုးဘဝကြီး မြောက်ကြွနေတာ မဟုတ်သလို တောထဲက ဗုံးခိုကျင်းထဲ ဝပ်နေရလို့လည်း နိမ့်ကျလိုက်လေခြင်း လို့ မခံစားရပါဘူး။ ဇနက္ကမင်းသားကမှ ပင်လယ်ထဲ လက်ပစ်ကူးတာ ၇ ရက်ပဲ ရှိလိမ့်ဦးမယ်။ ဆြာစိုး တော်လှန်ရေးထဲမျောနေတာ ၄ နှစ်ရှိတော့မယ်လေ။ ဘယ်တုန်းက ရပ်သွားဖူးလို့လဲ။
မနေ့က ကျောက်မဲဆေးရုံပေါ် ဗုံးချသွားတာ စစ္စတာကြီးတစ်ယောက် နဲ့ လူနာတွေ သေတယ်တဲ့။ ဗုံးသံ အမြောက်သံ လေယာဉ်သံတွေအကြားမှာ သေခြင်းတရားဆိုတာ အချိန်မရွေး ရောက်လာနိုင်မှန်း သိပေမယ့် မကြောက်ပါဘူး။ ခုချိန်ထိ အသက်ရှင်နေသေးတာပဲဟာ။ ဘာကို ကြောက်ရမှာတုန်း။ မနေလို့ သေရရင်တောင် ကြောက်တဲ့စိတ်နဲ့ သေမှာ မဟုတ်တဲ့အတွက် မရှုံးပါဘူး။ သေတယ်ဆိုတာ ဘာဆန်းသလဲ။ အရင်တုန်းက ကိုယ့်ဘက်ကလူတွေချည့်ပဲ သေရတယ်။ အခု သူတို့ဘက်ကလူတွေ အသေအပျောက် ပိုများလာပြီ။ စစ်တိုက်စရာလူတောင် မရှိတော့လို့ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး ထိုးကျွေးနေရတယ်။ စစ်ကရပ်သွားမှာ မဟုတ်တဲ့အတွက် လူတွေသေတာလည်း ရပ်သွားမှာ မဟုတ်ပါဘူး။ နည်းနိုင်သမျှ နည်းသွားအောင်တော့ ကိုယ်တတ်စွမ်းသမျှ ကြိုးစားနေတယ်။ ဘယ်သူနဲ့မှ မသိဖူး မမြင်ဖူးပေမယ့် ဒီလူတွေဟာ ကိုယ့်အတွက် စစ်တိုက်ပေးနေတဲ့သူတွေ။ အဲ့ဒါကြောင့် ဒီလူတွေကို ဆေးကုမယ်။ အဲ့ဒါ ကိုယ့်အလုပ်။
လိုင်းပေါ်မှာမတင်၊ သတင်းမီဒီယာပေါ်မှာ မမြင်ရပေမယ့် တချို့သော ပိုးစိုးပက်စက် ဓါတ်ပုံတွေ၊ ဗီဒီယိုတွေဟာ နောက်တစ်ခါ ထပ်မကြည့်ချင်လောက်အောင်၊ ဘယ်သူ့ကိုမှ မပြချင်လောက်အောင် အော့နှလုံးနာစရာ ကောင်းပါတယ်။ လိုရင်းကိုပြောရရင်တော့ ကိုယ်တို့ဘက်မှာ သေတာထက် သူတို့ဘက်မှာ သောက်သောက်လဲသေကြတာ ကြည့်လို့မြင်လို့ မကောင်းအောင်ပါပဲ။ သူတို့ခေါင်းဆောင်တွေကိုယ်တိုင်က အရှင်ရှုံးရှုံးတာ လက်မခံပဲ အသေရှံးပဲ အရှုံးခံဖို့ ရွေးချယ်စရာ မပေးတဲ့သဘောပါပဲ။ တကယ်လို့များ မဖြစ်မနေမို့ တဘက်ဘက်ကို စစ်မှုမထမ်းမနေရ စစ်တိုက်ခိုင်းမယ်ဆိုရင် စကစဘက်မှာ အသက်ရှင်ဖို့ အခွင့်အလမ်း မရှိဘူးဆိုတာ မြင်အောင်လို့ပါ။ စစ်သားတွေတိုက်ပွဲကျတာ ရှေ့ကျည်ဆန် နဲ့ နောက်ကျည်ဆန် ဘယ်ဟာကများသလဲ မသိပဲ စစ်မတိုက်ချင်ပါနဲ့။ အားလုံးကတော့ အလိုမတူပဲ အတင်းအကြပ် ခေါ်ဆောင် ခိုင်းစေခံရတာ သေချာပါတယ်။ ဗကဘိုးဘိုးကြီး ပြောသလိုပေါ့။ “ဟိုသွားလည်း သေမှာပဲ။ ဒီ နေလည်း သေမှာပဲ။ ဘယ်သွားသွား သေမယ့်အတူတူတော့ ခြေညောင်းမခံဘူး။ ဒီတင် သေလိုက်တော့မယ်။” ဆို ခြေဆင်းထိုင် ရမယ့်ပုံပဲ။
တချိန်ချိန်မှာ ဒီအခြေအနေ ရောက်လာလိမ့်မယ် လို့ ဘယ်တုန်းကမှ မျှော်လင့်မထားတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ခုမှတော့ ရှောင်ဖို့တိမ်းဖို့လည်း နောက်ကျသွားပြီ။ နိုင်ငံခြားလည်း ပေးမထွက်တော့သလို ပြည်တွင်းမှာလည်း လွတ်မြောက်နယ်မြေတွေဆီထွက်ဖို့ လမ်းမသာတော့ဘူး။ ကိုယ့်အသက် ရှင်သန်ရေးကို ကိုယ်ကိုယ်တိုင် ရွေးချယ်ရုန်းကန်ရမယ့် အချိန်ရောက်လာပြီ။ ဘယ်လိုနေနေ သေရမှာချင်း အတူတူဆို နောက်လူတွေ အသက်ရှင်ကျန်ရစ်ဖို့ စကစကို တော်လှန်ပြီး သေမှာလား၊ သားစဉ်မျိုးဆက် ကိုယ့်ထက်ဆိုးတဲ့ ဒုက္ခတွေ ခံရစေမယ့်နည်းလမ်း၊ စကစသက်ဆိုးရှည်အောင် ဆွဲဆန့်ပြီး သေမှာလား။ ရွေးချယ်စရာ ရှိပါသေးတယ်။ စစ်ပွဲဆိုတာ နယ်စပ်မှာပဲ ဖြစ်နေတာမှ မဟုတ်တာ။ ရန်ကုန်၊ မန္တလေးလည်း လက်တစ်ကမ်းအကွာမှာ ရောက်နေခဲ့ပြီပဲ။ ခြံစည်းရိုးပေါ်က ခုန်ဆင်းပြီး တစ်ဘက်ဘက်ကို အခြေပြုရတော့မယ် ဆိုရင် ဘယ်ဘက်က အသက်ရှင်မှာလဲ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့လိုပါတယ်။ မှားမှားမှန်မှန် ကိုယ့်အသက်နဲ့ ရင်းရမှာမို့ ကိုယ့်ဘာသာပဲ စဉ်းစားပါ။ The time is near. The place is here. At last.
ကိုယ်တို့တိုင်းပြည်ဟာ ဒီလိုအခြေအနေ၊ ဒီလိုဖိအားတွေကြားမှာ ဘေးကြပ်နံကြပ်ဖြစ်နေတာ သေချာပါတယ်။ ကိုယ်တွေ့ကြုံတော့ မယုံလို့လည်း မရတော့ဘူး မဟုတ်လား။ ကိုယ့်ရှေ့ကလူတွေ မပြုပြင်ခဲ့လို့၊ ပြုပြင်သော်လည်း မအောင်မြင်ခဲ့လို့ ကိုယ်တို့ဖြတ်သန်းရတဲ့ ခေတ်စံနစ်ကြီးဟာ ဒီအတိုင်းပဲ ဖြစ်လာခဲ့တယ်။ အဲ့ဒီခေတ်စံနစ်ကြီးထဲမှာ ကိုယ်ကိုယ်တိုင်က ဘယ်နေရာက ပါသလဲ။ ဘယ်နေရာမှာ ဝင်ကနေသလဲ။ မြင်အောင်ကြည့်ပါ။ ဒီအတိုင်းပဲ ဆက်ကချင်တယ်ဆိုလည်း ကိုယ့်သဘောနဲ့ကိုယ်ပါ။ “ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေလည်း ဖြစ်နိုင်တယ်။ မိတ်ဆွေရဲ့ရန်သူဟာ ရန်သူဖြစ်ချင်မှ ဖြစ်မယ်။ ရန်သူရဲ့မိတ်ဆွေဟာ ကိုယ့်မိတ်ဆွေ ဖြစ်ချင်မှဖြစ်တာ။” အစရှိတဲ့အတွေးတွေနဲ့ နောက်ဆုံးမှာ မိတ်ဆွေရောရန်သူရောပျောက်သွားပြီး ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူမှန်း မသိနိုင်တော့တဲ့ သက္ကလမိုးယိုကြီးလို နေချင်သလား။ ကိုယ့်ဗလကြီးမှ ကိုယ်အားမနာ ဘိုကေတစ်ထောင်မှာ တစ်ယောက်လောက်တော့ ဆွဲကောင်းပါရဲ့ဆို ဂေးသင်္ဘောကြီးပေါ် တက်ရွတဲ့ ဥက္ကလာမင်းမောင်ကြီးလို ကြောင်ချင်သလား။ ကိုယ့်ဇာတ်ညွှန်းနဲ့ကိုယ်ပါပဲ။ လူတွေက သေသွားရင်တောင် နဲမည်တွေက တွင်ကျန်ရစ်မှာ။ နံမည်က အရေးမကြီးဘူး ဆိုရင်တောင် အသက်ကတော့ အရေးကြီးပါတယ်။ ရှင်သန်လွတ်မြောက်မယ့်လမ်းကို ရှာပါ။ အရွေးမမှားနဲ့။ မှားရင် သေမှာဗျ။
ကိုယ့်အတွက်ကတော့ အမှားလည်း မရွေး၊ အရွေးလည်း မမှားခဲ့လို့ သည်ကနေ့ထိအောင် game over မသွားသေးတာ ခင်ဗျ။ ကိုယ့်ရဲ့ mental health status က safe and sound အဖြစ်သားပဲ။ စာရေးရင်လည်း စကားလုံးအသုံးအနှုန်းတွေ သေသေချာချာ ရွေးနိုင်ဆဲမို့ မှတ်ဉာဏ်တွေလည်း ချို့ယွင်းမသွားသေးဘူး။ အနည်းဆုံးတော့ စစ်ကောင်စီရဲ့ အလိမ်အညာ မာယာတွေကြားမှာ ပါမသွားတာ စောင်ပ်ိန်းမဟုတ်လို့ပေါ့ကွယ်။ စစ်ကောင်စီရဲ့ ကောက်ကျစ်တဲ့အကြံဆိုးတွေကို သိမြင်နိုင်တာ စောင်အ မဟုတ်လို့ပေါ့ကွယ်။ စစ်ဗိုလ်တွေ အနိုင်ကျင့်သမျှ လည်စင်းပြီး ငုံ့ခံမနေတာလည်း စောင်ကြောက် မဟုတ်လို့ပေါ့ကွယ်။ နောက်ပိတ်ဆုံးကွာ။ ဒီနေ့ ဒီအချိန်၊ ဒီနေရာမှာ၊ ဒီအလုပ်တွေ လုပ်နေတယ်ဆိုတာ စောင်ရူး မဟုတ်လို့ဟေ့။ သိပြီလား။ ကဲ သားရီးတို့ရေ။ ကိုယ့်ကိုယ်ကိုယ် ဘာလဲ အရင်သိအောင် လုပ်ရမှာ မဟုတ်လား။ စိတ်ကျန်းမာရေးအတွက် ပထမဆုံး လိုအပ်ချက်ကတော့ ကိုယ့်အခြေအနေကိုယ် အမှန်အတိုင်း သိဖို့ပါတဲ့။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်။