အနေကြာလာလို့ အသားကျနေပြီ ဆိုပေမယ့်လည်း ညဉ့်နက်သန်းခေါင် အရေးပေါ်လူနာတွေ ဆက်တိုက် ခွဲခန်းဝင်ရတာ၊ လေယာဉ်နဲ့ ဗုံးလာကျဲလို့ ကျင်းထဲဆင်းဝပ်ရတာတွေကို စိတ်ထဲမနှစ်မြို့နိုင်ပါဘူး။ အလုပ်လုပ်ရလို့၊ အိပ်ရေးပျက်လို့ မဟုတ်ပဲ အရမ်းချမ်းလို့ပါ။ ဒီချိန်က ညညဆို မီးပုံဘေးမှာထိုင်၊ စောင်ပုံထဲမှာ ကွေးနေမှ နွေးနွေးထွေးထွေး နေလို့ကောင်းတာမှလား။ ဒါပေမယ့်လည်း လူနာလာပြီဆိုမှတော့ ကိုယ်နေကောင်းဖို့ထက် သူတို့နေကောင်းဖို့ အရေးကြီးပါတယ်။ မွေးလူနာ၊ ခွဲလူနာ၊ အသည်းအသန်လူနာတွေမို့သာ စစ်ပွဲအတွင်း ညကြီးအချိန်မတော် ရောက်လာကြတာ။ ညဘက် ၂ ချက်တီးကျော်မှ လေယာဉ် ၂ ခါလာတော့ သူတို့လည်း ကျင်းထဲဆင်းပုန်းရတာပဲ။ ဗုံးလည်း ၄ လုံးချသံကြားရတယ်။ ဒါပေမယ့် အသေအပျောက် မရှိပါဘူး။ မှောင်ကြီးမည်းကြီး ကျင်းထဲဆင်းပြေးရလို့ ဆေးရုံက ကလေးတစ်ယောက် ခြေကျင်းဝတ်က ကျိုးသွားတာပဲ ရှိတယ်။ သတိနဲ့နေတာတော့ နေတာပေါ့လေ။ ခုရက်ပိုင်း လေယာဉ်လာလိမ့်မယ် ဆိုတာ အစကတည်းက ကြိုသိနေတယ် လို့ ပြောရင်လည်း အေမီဈာန်တွေ ဆန်နေဦးမယ်။ လေယာဉ်မလာလို့ လူချည့်ပဲ လာနိုင်မှာမှ မဟုတ်တာ။ အခုစစ်ပွဲတွေဟာ KIA ဘက်ကသိမ်းထားတဲ့ ရွှေတွင်းလမ်းဆုံ၊ စုံတွဲမှော်၊ ရာလားတီးစခန်းတွေကို SNA နဲ့ စကစ က အလုံးအရင်းနဲ့ ပြန်သိမ်းဖို့ တက်လာရင်း အကြိမ်ကြိမ် နောက်လန်ပြီး ပြန်ဆုတ်သွားရတဲ့ အခြေအနေပါ။ အခုတော့ ပြန်သိမ်းဖို့လက်လျှော့လိုက်ပြီလား မသိ။ လေယာဉ်နဲ့ ဗုံးကျဲ ဖျက်စီးခိုင်းတဲ့ အဖြစ်ကို ရောက်လာတာ။ သူတို့ SNA ဘက်မှာလည်း ဆေးရုံဆေးခန်းလေးတစ်ခု ရှိတယ် လို့ ကြားရတယ်ဗျ။ ကောင်းပါတယ်။ သူတို့မှာလည်း ဒဏ်ရာရတဲ့သူတွေကုဖို့ လိုတယ်မှလား။ ကိုယ့်ထက်တောင် လူနာများလိမ့်ဦးမယ်။ အခုတော့ ဆုတ်ခွါရှောင်တိမ်းသွားရပြီပေါ့။ ကိုယ်ချင်းစာပါတယ်။ အို သူငယ်ချင်း။ သိပ်မဆန်းဘူး။ တောထဲက ဒဏ်ရာရတဲ့သူတွေကို ကုတဲ့ဆရာဝန်ဆိုတော့ မြို့ပေါ်မှာ ရာထူးတက်၊ ဆေးခန်းထိုင်၊ နိုင်ငံခြားထွက်လည်နေတဲ့ ဆရာဝန်တွေ ထက်တော့ လေးစားရမှာ အမှန်ပဲ။ စကစဘက်မှာ ရှိနေတဲ့ ဆရာဝန်ဆိုတိုင်းလည်း စကစဘက်ကလူနာတွေကို ဆေးကုပေးနေတာလို့ ယူဆလို့ မရဘူး။ ဦးသက်ခိုင်ဝင်းကြီးဆို CDM ဆရာဝန်တွေ အလုပ်ထုတ်တာ၊ ဆမသိမ်းတာကလွဲလို့ ဘာမှလည်းလုပ်သွားတာ မတွေ့မိဘူး။ တီဘီဆေး၊ ငှက်ဖျားဆေး၊ ကာကွယ်ဆေးတောင် မဖြန့်နိုင်မဝေနိုင်။ ဒါနဲ့များ သူ့ကိုယ်သူ gracefully retire ယူသွားမှာတဲ့။ ပြောရဲလိုက်ထှာ။
ကိုယ့်ရဲ့သဘောထားကတော့ နန်းစိန်တွေကို မခေါ်နိုင်မပြောနိုင်ဖြစ်ပြီး စကစထက် အမျက်သို ရန်ညှိုးထားရမယ် လို့ မထင်မိပါဘူး။ C ခြင်း၊ မ C ခြင်း က ကာယကံရှင်ရဲ့ သဘောထားဆန္ဒသာ ဖြစ်တယ်။ သို့သော် C C မ C C၊ ကိုယ့်တာဝန် ကိုယ့်လူနာအပေါ်မှာတော့ လစ်ဟင်းပျက်ကွက်လို့ မဖြစ်ဘူး။ တောထဲကလွှတ်တဲ့လူနာမို့ မကုနိုင်ဘူး၊ မကြည့်နိုင်ဘူး။ ငြင်းလို့မှ မရတာ။ တောထဲမှာလည်း တောထဲမှာ ကုမရနိုင်လို့ မြို့ပေါ်ရောက်အောင် ပို့ရတဲ့လူနာတွေ ရှိပါတယ်။ Acute renal failure နဲ့ dialysis လုပ်ဖို့လိုတဲ့လူနာတွေဆို မရောက်ရောက်အောင် နတ်လမ်းညွှန်ပြီး လွှဲခဲ့တာပဲ။ ကောင်းသွားတာ ကြာလှပေါ့။ အခုလည်း မွေးကင်းစ ကလေးလေး ဝမ်းတစ်ခါမှ မသွားပဲ အူလမ်းကြောင်းပိတ်နေတာ ကိုယ့်ဆီမှာ ခွဲလို့မရတဲ့အတွက် လွှဲရပါတယ်။ ကိုယ်တို့ ဆရာဝန်အချင်းချင်း ချိတ်ဆက်လွှဲပြောင်းပေးတဲ့ referral system မှာ personal feeling တွေ၊ C တာ မ C တာတွေ ထည့်မတွက်ပါဘူး။ လက်ခံရယူတဲ့ ဆရာဝန်ဘက်မှာလည်း ထည့်တွက်လိမ့်မယ် မထင်ပါဘူး။ ဆရာဝန်အချင်းချင်းကိုး။ စစ်ဗိုလ်တွေ ပါလာမှသာ စိန်ပေါကျောင်းက ဆေးခန်းမှာ “CDM ဆရာဝန်တွေ လာမကုစေနဲ့။ CDM ကျောင်းဆရာမတွေ ဆေးကုမပေးနဲ့။” ဩဇာသီးတွေ ဝင်လှူသွားတတ်တာလေ။ ကိုယ်ကတော့ ဆယ်ဇင်းမှာကတည်းက ရဲလည်းကုတယ်၊ စစ်သားလည်း ကုတယ်။ သူတို့ကမှ လာ အကုခံရဲသေးရင် ကိုယ့်ဘက်က ဘာမကုရဲစရာအကြောင်း ရှိမလဲ။ ကိုယ်က ဆင်ဖြူပဲ ဥစ္စာ။
လူနာတွေကို ဆေးကုတဲ့အခါ ကိုယ့်ဘက်က အချိန်တွေကြာလာလေလေ၊ ကျင့်သားရလေလေ ဖြစ်ရတာကတော့ အထူအပါး မခွဲခြားတတ်တာပဲ။ ပိုက်ဆံရှိတဲ့လူနာမို့၊ VIP လူနာမို့၊ လော်ပန်မို့လို့၊ ကျင်းသားမို့လို့။ ဘယ်တော့မှ မခွဲခြားဘူး။ KIA ဖြစ်ဖြစ်၊ KPDF ဖြစ်ဖြစ်၊ မဟဟ ဖြစ်ဖြစ်၊ အတူတူပဲ။ အဲဒီလူနာမှာ B တွေ C တွေ၊ HIV တွေရှိနေရင်တောင် သူများကူးမှာစိုးလို့ instrument set တွေသာ ခွဲခြားသုံးရင် သုံးမယ်။ လူကိုတော့ ခွဲခြားမနေဘူး။ သူ့ဘာသူ ဘာဖြစ်ဖြစ်၊ ကိုယ့်ဘက်က စစ်တိုက်ပေးနေတဲ့ စစ်သားတစ်ယောက်မို့ ဆေးကုပေးသင့်တယ်။ ဒီလိုပဲ သဘောထားတယ်။ ဒါက ကိုယ့်ရဲ့ professional အပိုင်းလေ။ ဒါပေမယ့် ကိုယ့်သူငယ်ချင်း အရင်းကြီးတွေ စကစဘက်က ဘောမနေတယ်ဆိုရင်တော့ မခေါ်ဘူးဗျ။ ရှင်းရှင်းပဲ။ အဲ့ဒါက personal ပိုင်းပါ။ မဆိုင်ဘူး။ သပ်သပ်စီရယ်။
အခု ပွင့်လင်းရာသီ ရောက်တဲ့အခါ သွားလမ်းလာလမ်းတွေ ပွင့်ပြီမို့ ကိုယ်တို့ဆေးရုံကို လူနာတွေ များများလာကြတယ်။ တဘက်မှာ စစ်ပွဲရှိနေသေးတော့ ဒဏ်ရာရလူနာတွေလည်းပဲ အသုတ်လိုက် အသုတ်လိုက် ရောက်လာနေဆဲပဲ။ ဒါပေမယ့် ဆေးရုံက ဆရာဝန်အင်အားက တိုးလာတာ မဟုတ်တော့ ဒီလူတွေချည့်ပဲ နေ့နေ့ညည အလုပ်လုပ်နေရတာ တော်တော်တောင် ကြာပြီ။ အလကားတော့ မဖြစ်ပါဘူး။ ဘာတက်လာသလဲဆိုတော့ လုပ်ရည်ကိုင်ရည် skill တွေမှာ အများကြီး တိုးတက်လာကြပြီ။ ကိုယ့်ဆီက AS တွေ Caesar ကောင်းကောင်း လုပ်နိုင်ပြီ။ Spinal တွေ GA တွေ လှည့်ကြည့်စရာ မလိုတော့ဘူး။ Brachial block လည်း မိအောင်ထိုးတတ်ပြီ။ ခွဲလူနာ တဝက်လောက်က သူတို့လက်ရာတွေ။ အခု သေသေချာချာ train ပေးနေတာက decision making skill ပါ ရစေချင်လို့။ ကိုယ့်ဘက်က မပေးနိုင်တာ ဘွဲ့လက်မှတ်ပဲ ရှိမယ်။ ပညာကတော့ ကိုယ်တတ်သလောက် သင်ပေးနေတာ။ ယူနိုင်သလောက်တော့ ရကြမှာချည့်ပဲ။ လူနာများများလာလေ၊ ပညာများများရလေ ဆိုတော့ သူတို့လည်းပဲ အလုပ်ပင်ပန်းပေမယ့် မညည်းညူပါဘူး။ တက်တက်ကြွကြွပဲ။ ရန်ကုန်မှာလို appendix ကလေး ဝင်ရဖို့အရေး team leader မျက်နှာချိုသွေးနေရတဲ့ ဘဝမျိုး မဟုတ်တာ သေချာပါတယ်။
လူနာ အဝင်အထွက် အတက်အဆင်း များတဲ့အခါ သွန်ချပစ်လိုက်သလို ကုန်တာကတော့ ဆေးဝါးပစ္စည်းတွေပါ။ ရောက်လာတော့လည်း ကားတစ်စီးတိုက်။ နောက်တစ်ပါတ်လောက်နေရင် ကုန်ပြန်ရော။ ပိုက်ဆံက တတ်နိုင်ရင်တောင် အဖမ်းအဆီးနဲ့ကျတော့ တော်တော်ခက်ခဲပါတယ်။ တစ်လနှစ်လနဲ့တောင် ရောက်မလာတာတွေလည်း ရှိတော့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရမလဲ ဆိုတာ အမြဲ စဉ်းစားနေရတဲ့အရာပါ။ ဆေးရုံမှာ ခွဲတာစိတ်တာ၊ ဆေးကုတာက ပိုက်ဆံအဝင်အထွက် သိပ်မရှိမှန်း သိကြတော့ အဲ့ဒီဘက်ကို ဘယ်သူမှ အာရုံမကျဘူး။ ဆေးတွေထွက်ထွက်ဝယ်မှသာ “ရွှေလမ်းငွေလမ်း ခင်းလို့ပေးမယ့် ကျော် ကျော် ကျော် ကျော်။ တို့ကိုကြီးကျော်။” ထလုပ်ရတာမို့ အညှီရှိရာ ယင်အုံပြီး စွန်အသုတ်ခံလိုက်ရတာပ။ “မထွေးမပါ တို့ချည်းလာ” ဆိုလို့လည်း မရဘူး။ “ပါပါလျက်သား နောက်ကထား” ဆို ပိုက်ဆံနဲ့ လာအရွေးခိုင်းတာ။ ကိုင်း အခုတော့ ဘယ်လိုလုပ်မလဲ။ ဒီလမ်းမရရင် နောက်တစ်လမ်းကြံရုံရှိတာပေါ့။ တို့ဆေးရုံက ပြည်သူ့ဆိုင်မှ မဟုတ်တာ။ “မသိဘူး။ မရှိဘူး။ ကုန်ပြီ။” နဲ့ ရပ်ထားလို့ မရ။ မသိရင်မတတ်ရင် သိအောင်တတ်အောင် လုပ်ရတယ်။ မရှိရင် မရရင်လည်း ရှိအောင် ရအောင် လုပ်ရတယ်။ မကုန်ခင်ကတည်းက ကြိုကြိုတင်တင် ပြန်ဖြည့်ရတယ်။ ချောင်းငယ်ရေသာ နွေမှာခမ်းချင်ခမ်းမယ်။ ချန်ဂင်တို့စခန်းကတော့ သပြေငုတ်များလို ခုတ်လေချိုင်လေ စိမ်းလန်းလေပဲ။ မြောက်ကျွန်းသူထမင်းအိုးနဲ့ ထိုင်စားနေသလား အောင့်မေ့ရတယ်။
ချန်ဂင်မှာ ဆေးတွေဝါးတွေ မကုန်နိုင်မခမ်းနိုင်သလိုပဲ ကြင်စိုးတို့ဘက်မှာလည်း လေယာဉ်ဆီတွေ ဗုံးလက်နက်တွေ လျော့နည်းရှားပါးမသွားတာ မငြင်းနိုင်တဲ့ အချက်ပါပဲ။ ကောင်းပြီလေ။ မကုန်နိုင်တာချင်းသာ တူချင်တူမယ်။ စိုက်တဲ့အပင်ချင်းမတူတော့ အသီးအပွင့်ချင်း ဘယ်တူနိုင်ပါ့မလဲ။ ဒါကြောင့်မို့ အဲ့လောက်ဗုံးကျဲနေတာတောင် ပိန်းကြာဖက် ရေမတင်တဲ့ ကိုယ်နဲ့ ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ ဟတ်စကီးပေါ်တက်ပြေးတောင် သေဘေးက ပြေးမလွတ်တဲ့ စစ်သားတွေနဲ့ အကျိုးပေးချင်းက တခြားစီ ဖြစ်နေတာ။ ကိုယ့်ဆီမှာ ဆေးတွေဝါးတွေ၊ ရိက္ခာတွေ လှူတဲ့တန်းတဲ့သူ ရှိသလို သူတို့ဆီမှာလည်း လက်နက်တွေ၊ ငွေကြေးတွေ၊ လေယာဉ်ဆီတွေ ဖြည့်တင်းပေးနေတဲ့သူတွေလည်း ရှိနေတာ ဧကန်ပေါ့။ ဘယ်သူရှိရဦးမလဲ။ အသိသာကြီးပါလေ။ သူများနိုင်ငံထဲ အမွှေအနှောက်၊ အမှောက်အဖျက်တွေ အလုပ်ကောင်းလို့ အလိမ်ခံရတဲ့အများစုကလည်း သူ့နိုင်ငံသားတွေ။ လူကုန်ကူးပြီး ကျားဖျန့်တည်ချိုး အလုပ်ခံရသူတွေကလည်း သူ့နိုင်ငံသားတွေ။ ကိုယ့်တုတ်နဲ့ကိုယ် ပြန်အရိုက်ခံရတာ။ လောက်ကိုင်မှာတုန်းကလည်း နည်းနည်းနောနော မဟုတ်။ ကယ်လိုက်ရပြန်ပြီ။ အခု ရွှေကုက္ကိုမှာရော ဘယ်လိုကယ်တင်ယူရမလဲ စောင့်ကြည့်လိုက်ဦးမယ်။ အဲ့ဒါ ပါးပါးလေးပဲ ရှိသေးတာနော်။ ကိုယ်တို့ ပြည်သူ့ဆန္ဒက သန်း ၅၀ ပဲ ရှိတဲ့အင်အား။ သူတို့ ပြည်သူ့ဆန္ဒနဲ့ ရင်ဆိုင်ရရင် သန်းထောင်နဲ့ချီနေတာ။ ဆင့်အထွာ နဲ့ ဆိတ်အထွာ။ ဝဋ်လည်စရာရှိရင် မဟာတံတိုင်းကြီးလောက် ဖျင်ပြဲသွားမယ့် ကိစ္စ။ တိဘက် ကို သိမ်းတုန်းကလည်း မီးသေတယ်။ ဝီဂါ မူဆလင်တွေနဲ့တုန်းကလည်း ပြာနဲ့ဖုံးထားနိုင်ခဲ့တယ်။ တီအန်နန်မင် ကိစ္စ၊ ဟောင်ကောင်ကျွန်းကိစ္စ၊ တောင်တရုတ်ပင်လယ် ကိစ္စ၊ ထိုင်ဝမ်ကျွန်း ကိစ္စ။ အပွဲပွဲ နွှဲလာသမျှ မြန်မာပြည်မှာ ဝင်ပါမိမှ ငနီပါလို့ လှေမှောက်သွားမှာ မြင်ယောင်သေး။
လောက်ကိုင်ကို ဝင်ဖြိုပြီးကတည်းက ရွှေကုက္ကိုကို အနှေးနဲ့အမြန် ရောက်လာမယ် ဆိုတာ သိပြီးသားပါ။ အမြန် မဟုတ်ပဲ အနှေးဖြစ်နေလို့သာ စိတ်ပျက်မိတာ။ အလယ်မှာ မိုင်းလားကြီး တစ်ခုလုံး ကျော်သွားတာကလည်း အသည်းယားစရာ။ ဆက်လိုက်ရင် FMI city အထိတောင် ရောက်သွားဦးမယ်။ မအေးပွင့် မြင့်မြင့်စန်း လမ်း ၃၀ ကို Squid Game Season 3 နဲ့ ရောသမမွှေ လုပ်ပြီး မြန်မာပြည်မှာ ဇာတ်အိမ်တည်လို့ ရနေပြီ။ မင်းသားတွေရော၊ မော်ဒယ်တွေရော၊ စပိုင်မလေးတွေပါ တကယ့်အဖြစ်အပျက်ထဲမှာ ပါနေပြီ။ ပေတုန်တန်ကလေးတောင် တယ်လီဖုန်း တစ်ဖြတ်ထည့်ထားသေး။ လူဝင်မရိုက်ဘူးဆို သတင်းဓါတ်ပုံလေး close up ဆွဲပေးလိုက်။ သိလား။ အောင်မယ် ကိုယ်တောင် မိုးနီလွင်လောက်နီးနီး ဇာတ်ညွှန်းရေးတတ်နေမှပဲ။ ကိုယ်တိုင် သရုပ်ဆောင်ပေးဖို့ လိုရင်လည်း ပြောဗျ။ လူသစ်စုဆောင်းရေးနေရာက ပါပေးမယ်။ ယုန်လေးတို့၊ ဒိန်းဒေါင်တို့၊ ဘူးလက်တို့ကို ပါးချည့်ပဲ တဖြောင်းဖြောင်း ရိုက်ခေါ်ပေးမှာ။ ဂိမ်းထဲရောက်မှ စက်သေနတ်နဲ့ အားရပါးရ မွှေ့ပလေ့စေ။ မုဒ်သွင်းစရာ မလို။ အခုရိုက် အခုရတယ်။ မပီပြင်ရင် ရဟာဇယ်ချည့်ပဲ အကြိမ် ၂၀၀ လုပ်ပေးမှာ။ အားမနာနဲ့။ ပြောရင်းဆိုရင်းတောင် ရိုက်ချင်လာပြီ။
ဒီကိစ္စက ချစ်သူအတွက် ရယ်စရာမကောင်းတာတော့ သေချာပါတယ်။ “ဘယ်လိုရင်ဆိုင် ဖြေနိုင်မလဲ။ အသည်းများကွဲသွား။ လူးလှိမ့်လျက်ခံစား။” ပေါ့။ ကောင်းတုန်းကတော့ သွန်သွန်ပြီး ခွံ့လိုက်ရတာ။ တရုတ်ရော၊ ထိုင်းရော၊ မြန်မာရော မကျန်ပါဘူး။ အခု တုတ်ဝေပြီ မေမေ။ အဖေခေါ်စရာ မရှိတော့ဘူး။ ကိုရေ။ ဘယ်လိုလုပ်မလဲ။ ပျိုပျိုမေ စိတ်ညစ်တယ်တဲ့။ သူက။ လွယ်လွယ်လေးပါ သားရယ်။ ဆွဲထည့်။ ဆွဲထည့်။ အကုန်သာ ဆွဲထည့်။ တရားခံများလေ အမှုပေါ့သွားလေ။ သူကြီးပါရင်် ရွာကလည်း မပြောရဲဘူး။ အရင်ဆုံး ထိုင်းကဖမ်းပြီး တရုတ်ပြည် ပြန်မပို့ပဲထားတဲ့ ရှယ်ကျစ်ကျန်းကြီးကို တရုတ်စပိုင်ဆိုပြီး ကိုင်ထည့်လိုက်။ အေးရော။ ဒါဆိုရင် မြို့တော်ဝန်ဦးမောင်မောင်စိုးကြီးလည်း မကင်းတော့ဘူး။ ကမ္ဗောဒီးယားလည်း ဆွဲထည့်လို့ ရတယ်။ အကောင်ကြီးတာ ငယ်တာထက် တစ်နွယ်ငင် တစ်စင်ပါမယ့် အတွယ်အငြိတွေက အားပိုကောင်းတယ်။ သားရီးရေ တစ်ယောက်တည်းတော့ အထောင်းမခံနဲ့ကွာ။ အကုန်သာ ဖော်ပစ်။ အောက်ဖဲမစစ်တဲ့ကောင် ဆက်မလိုက်ရဲဘူး။
နိုင်ငံရေးဖဲဝိုင်းမှာ ခရိုနီတွေ အပုံပြောင်းတာ မြင်မကောင်းအောင်ပါပဲလား။ ကိုးကန့်ခေါင်းဆောင်တွေ တဝက်လောက် ပြုတ်သွားတယ်။ ဆခုံတိမ့်ယိန်း တရုတ်ကလက်မခံပဲ နေပြည်တော် ပြန်ပို့လိုက်တယ်။ ဦးခင်ရွှေ၊ ဦးချစ်ခိုင်၊ ဆာ့ဂျ်ပန်း၊ စတီးလက်ကောက် အဆင်ခံရတယ်။ စစ်တပ်နောက်ခံတွေသာ ခိုင်နေသေးတဲ့သဘောပဲ။ မကြာခင် အဲ့ဒီစစ်တပ်ပြိုလဲရင် တထောကြီး မွဲကြဦးမှာဗျား။ ဝမ်းသာရင်လည်း စိတ်ပုပ်စိတ်ယုတ် ရှိတယ် ဖြစ်ဦးမယ်။ ကိုယ်မချမ်းသာတဲ့အတူတူတော့ အတူတူမွဲကြတာ ကောင်းပါတယ်နော့။ ဟောလီးဝုဒ်ကြီးတစ်ခုလုံးလောင်ပြီးမှဟာ ဟိုဟာမအိမ်ကြီး မကျန်ချင်လည်း မကျန်ပါစေနဲ့တော့။ နို့မို့ ငါတို့မှာ ကြွားလုံးပိတယ်။ အိုကွယ် မဟုတ်တာ။ ဘာတွေပြောနေမိမှန်းမသိ။ မေတ္တာလေးဘာလေး ပို့ဦးမှပါ။ မြန်နိုင်ငံပြည်ကြီး ရန်မီးပျောက်ကွယ်သွေ။ ပန်းကြာရေ လန်းပါစေ။
ရွှေကုက္ကိုဖဲဝိုင်းမှာ လက်ကြီးသမားတွေ ခေါင်းချင်းဆိုင်နေတုန်း မသာအိမ်က လက်ဘက်ခွက် ဝင်နှိုက်တဲ့ ကိုဆာမိကတော့ ဆေးလိပ်မီးနဲ့ ကောက်အထိုးခံရတော့မလို့ သီသီကလေး လွတ်သွားပါတယ်။ တိုင်းမှူးတောင် ဇွန်းနဲ့ရုံးတက်နေရတဲ့ စစ်တွေကို သူမို့သွားပလေတယ်။ စကစ က သူ့လုပ်ကြံပြီး AA ကို လွှဲချဖို့ကြိုးစားပါလေရော။ အကိုထွန်း နဲ့ သောက်ပု ဘယ်သူ့ကို ယုံရမှန်းတောင် မခွဲခြားတတ်ပဲ စီးပွါးရေးကလည်း လုပ်ချင်သေး။ အဲ့နားမှာ ဆေးလိပ်တို ဝင်ဖွာမလို့ လက်လျှိုဝင်ထားတဲ့ အာဆာတွေကလည်း ရှိနေပြီးသား။ တိုးရစ်တွေတောင် မသွားသင့်ပါဘူးဆိုတဲ့ အနီရောင် အနက်ရောင်နယ်မြေတွေကို သံအမတ်က သွားသတဲ့။ ငြိမ်ငြိမ်နေစမ်းပါကွာ။ ဟိုမှာ ချစ်သူကမုန်း စစ်ကရှုံး၊ လူလုံးမလှ မအလဘဝနဲ့ ညစ်တွန်းတွန်းနေပြီ။ ခုချိန်မှာ နှစ်ဘက်စလုံးက players တွေအနေနဲ့ မအလ မရှိတော့ရင် ဘာဆက်လုပ်ကြမလဲ ဆိုတဲ့ ပေးထားချက်အသစ်ကို ပြင်ဆင်နေကြတာ။ ဗေဒင်မတတ်ရင် ငါတို့ဆီက ပုဏ္ဏားတွေ ပြန်လွှတ်လိုက်ရမလား။ ပြော။ ဂယ်ဘဲ ဂယ်ဘဲ။
ဆရာစိုးကရော မအလ မရှိတော့ရင် ဘာဆက်လုပ်မှာလဲ။ plan မရှိဘူးလား။ သိပ်ရှိတာပေါ့ဗျာ။ ဟိုးအစောကြီးကတည်းက ပြောထားခဲ့ပြီးသားပါ။ အဲ့တိုင်းလုပ်မှာပေါ့။ အလုပ်အကြောင်းတွေ ထပ်မပြောချင်တော့ဘူး။ အာရုံနောက်တယ်။ အကြည်ဓါတ်လေးတစ်ဖြတ်နဲ့ တစ်ခန်းရပ်ရအောင်။ အိမ်ပြန် မယ်။ မျှော်နေစောင့်နေသူ အားလုံးနဲ့ ပြန်တွေ့မယ်။ ပျော်ပျော်ပါးပါးကြီး ဆိုကြတီးကြ သောက်ကြစားကြမယ်။ စကားတွေအများကြီးပြောမယ်။ ရယ်ကြမောကြ ကကြခုန်ကြမယ်။ ဘယ်တော့လဲ မမေးနဲ့။ ရောက်လုပြီ နီးနီးကလေးရယ်။
“စီစီတဲ့ရီရီ။
ရွှေပြုံးဆို ပွဲတော်ကြီး
နီးပြန်ခဲ့ပြီ။
ပျိုလေးတို့ နှင်းဆီ
မင်းညီနောင် လှေကလေးနဲ့
ဆီးကြိုလှည့်လေး။”