ချန်ဂင်တို့စခန်း (၃၁၈)

ဂန္ဓာလရာဇ်ကလူတွေက ဘာတွေဖြစ်ချင်နေကြတာလဲကွယ်။ ငြိမ်းချမ်းရေးကို လိုချင်ရင် အာဏာရှင်ကို အရင်ဖယ်ထုတ်ပစ်ရမယ်မှန်း မသိဘူးလား။ ကိုမြအေး နဲ့ ပေါက်ယူချန်းကို ဇာတ်ညွှန်းတွေပေးပြီး ကြော်ငြာဝင်ခိုင်းတာက ဖြူဖြူထွေးဆန်လွန်းပါတယ်။ နေစမ်းပါဦး ကိုမြအေးရယ်။ မေးစမ်းပါရစေ။ ကျုပ်တို့တောထဲမှာ အသေအကျေတိုက်ယူလို့ စစ်ရှုံးတာတောင် နားမထောင်တဲ့ အရူးကောင်ကြီးက ခများပြောရင် တစ်ခွန်းတည်းနဲ့ စကားအောင်ရမယ် ထင်နေတာလား။ ကြူကြူလှကြီးလည်း အားနာပါဦး။ ရွေးကောက်ပွဲကို ဘယ်နေရာမှာလုပ်မယ် စိတ်ကူးလို့လဲ။ စစ်တပ် ကိုယ်စားလှယ်တွေချည့် ပြိုင်ဘက်မရှိအရွေးခံ၊ ၁၀၀% ထောက်ခံမဲရတယ်လို့ စာရင်းပြရင်တောင် အစိုးရဖွဲ့နိုင်လောက်တဲ့ ထိုင်ခုံအရေအတွက် မပြည့်နိုင်တော့ဘူး။ သူတို့စစ်တပ်ထဲမှာ နေပြည်တော်မှာတင် ရုံးအစေ့ ဝန်အစေ့ ခန့်လောက်တဲ့ ဗိုလ်ချုပ်အင်အား မရှိတော့ဘူး မဟုတ်လား။ တိုင်းမှူးတွေတောင် အပိုင်စားနယ်မြေ မရှိတော့ပဲ နတ်စင်ပေါ် ငုတ်တုတ် ရုံးတက်နေကြရတာ။ အရှုံးအနိုင် အဖြေထွက်ပြီးသားကြီးကို အလကားသက်သက် ပွဲကြာအောင် အချိန်တွေဆွဲပြီး ညစ်တီးညစ်ပတ်လုပ်ဖို့ လမ်းစရှာနေတယ်။

“ဒီပွဲမှာ ညစ်ပတ်ယုတ်မာနေတာ မင်းအောင်လှိုင် တစ်ယောက်တည်း ရှိတယ်။ သူ့အောက်ကလူတွေက အမိန့်ကို မလွန်ဆန်နိုင်လို့ လုပ်ရတာ။ စိတ်ထဲကပါလို့ မဟုတ်ဘူး။” ဆိုတဲ့ ဂျင်းကို မယုံသလိုပဲ၊ “ဘဘကြီးက ဘာမှ သိရှာတာ မဟုတ်ဘူး။ အောက်ကလူတွေက ကလော်ကလယ် အကြော်သည် လုပ်နေလို့။” ဆိုတဲ့ ဂျင်းကိုလည်း မယုံပါဘူး။ အကုန် ပုလင်းတူ ဗူးဆို့တွေပါ။ ဒီပုတ်ထဲ ဟိုပဲ မရှိပါဘူး လို့ ပြောဖူးပြီးသား။ စိတ်ချင်းသဘောချင်းမတူပဲ လေးနှစ်လုံးလုံး တဘက်တည်း ရပ်တည်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ။ သူတို့တပ်ထဲမှာ ကာချုပ်ကနေ အောက်ခြေရဲဘော်အထိ၊ ပြုတ်ပြီးသား စစ်မှုထမ်းဟောင်းတွေပါမကျန် တစိတ်တဝမ်းတည်း ယုတ်မာကြလို့ ဒီဘူတာအထိ ဆိုက်လာရတာပါ။ ရဲတွေ၊ ထွေအုပ်တွေတောင် အဆစ်လိုက်ပေးရဦးမယ်။ ပျူတွေပါထည့်။ မဘသဘုန်းကြီးတွေလည်းထည့်။ သူတို့က တစ်လှေတည်းစီးတွေ။ မှောက်စမ်းပလေ့စေ အဲ့ဒီလှေကြီး။

ကျိန်ဆဲစရာ အကြောင်းတော့ မရှိပါဘူး။ သူ့စားရိတ်နဲ့သူ၊ ကိုယ့်စားရိတ်နဲ့ကိုယ်။ ကိုယ့်လမ်းကိုယ်စီ ခရီးနှင်ကြတာ။ ကိုယ်တို့က ဒီအရပ်ကိုရွှေလာမတူးဘူး။ ကျောက်လာမတူးဘူး။ ဆေးကုစားဖို့ လာခဲ့တာ မဟုတ်ဘူး။ အလကားဆေးကုပေးနေတာ။ ဒါပေမယ့် ကိုယ်တို့ဆေးရုံကို ဆေးတွေဝါးတွေ ရောက်မှာစိုးလို့ ပိတ်ဆို့ဖမ်းဆီးလိုက်ရတာ နေရာအထပ်ထပ်။ အဖိုးတန်တဲ့ဆေးဆို အပိုင်သိမ်းတယ်။ အဖိုးနည်းရင် ဖျက်စီးပစ်တယ်။ ဒီနေ့ဆို လူကိုဖမ်းထားပြီး ပိုက်ဆံတောင်းတာ သိန်း ၅၀၀ တဲ့ခမျ။ အလကားကုပေးနေတဲ့ဆေးရုံမှာ ဘယ်က သိန်း ၅၀၀ ရှိရမှာလဲ။ လတစ်လကုန်ရင် ဝန်ထမ်းတွေ လစာပေးနိုင်ဖို့၊ ဆေးတွေပြန်ဝယ်ဖို့တောင် မနည်းမနော ရှာရတာ။ စားစရိတ်ကြီးအကြောင်း ထည့်ပြောရင် ငိုတောင်ငိုချင်သွားဦးမယ်။ “ဒီညနေအမီ ပေးရင်ပေး၊ မပေးရင် အမှုစွဲတင်တော့မှာ။” ဆိုတော့ ဘယ်လိုလုပ်ကြမတုန်း။ “ဖမ်းချင်ဖမ်းပစေပေါ့။ ငါ့ဆေးတွေလည်း ဆုံးတဲ့ဥစ္စာ။ မပေးနိုင်ပေါင်။” လို့ ငြင်းလိုက်ရင် တစ်ခွန်းတည်းနဲ့ပြီးမယ့်ကိစ္စ။ ကိုယ့်အတွက် သူများအဖမ်းခံရမှာ မကြည့်နိုင်လို့ အရပ်တကာလည် အချေးအငှါးထွက်ပြီး ၁၅၀ နဲ့ ကိစ္စပြတ်ဖို့ စီမံရပါတယ်။ ကိုယ့် ယုံယုံကြည်ကြည်နဲ့ အရေးပေါ် ပိုက်ဆံထုတ်ချေးမယ့်သူ ရှိတာပဲ ကျေးဇူးတင်ရသေး။ လူသွားရွေးတော့ “ငါ သနားလို့နော်။” ဆိုပြီး သိန်း ၃၀ ပြန်လျှော့ပေး၊ ၁၂၀ နဲ့ ကျေနပ်လိုက်တာကိုလည်း ကျေးဇူးတင်ရဦးမလို။

ကိုင်း အခုလို စာထဲထည့်ရေးလိုက်တော့ “ဟိတ်ကောင် မင်းပိုက်ဆံပြန်ယူ။ လူလာအဖမ်းခံလှည့်။” လို့ ပြောဦးမှာလား ဟင်။ ကိုယ်ကတောင် ပြန်ပြီး ထမင်းစားဖိတ်ချင်တာပါလေ။ ဒီမှာ လာကြည့်စမ်းပါ။ တခါတခေါက်လောက်။ ကိုယ်တို့က တကယ် အလကားကုနေတာပါ။ လိုလာရင် ကိုယ့်ကိုယ်ထဲက သွေးတွေတောင် ဖောက်သွင်းပြီး ဆေးကုတာပါ။ လူနာတွေထည့်သွားသမျှ အလှူငွေတွေ တစ်ပြားမကျန်ယူပါ။ ကျုပ်တို့ ကိုယ့်စားရိတ်ကိုယ်ရှာစားပါ့မယ်။ ကိုယ့်ဆေးဖိုး ကိုယ်ရှာကုပါ့မယ်။ ခများတောင်းတဲ့ သိန်း ၁၂၀ ဘယ်လောက်ကြာမှ ပြည့်သလဲ သိရအောင်။ အခု အဲ့ဒီပိုက်ဆံ ရှိလို့ပေးနိုင်တာ မဟုတ်ဘူးနော်။ ဟောဒီမျက်နှာကြီးနဲ့ ချေးငှါးပြီးပေးရတာ။ သေသွားလို့ အကြွေးပြန်မဆပ်နိုင်ရင် သံသရာပါနေဦးမယ်။ လူစိုက်၊ ပညာစိုက်၊ ဆေးစိုက်။ အလကားလည်း လာကုရသေးဗျာ။ ကိုယ်မသုံးမစားပဲ သိန်းရာချီ အကြွေးတင်ရတဲ့အဖြစ်။ ဆေးကုချင်တဲ့ စေတနာတောင် ပျောက်သွားတယ်။

ဘိန်းတွေကို ကယ်ရီလုပ်တဲ့ ဘိန်းသမားက လိုင်းကြေးပေးနိုင်တယ်ဆိုတာ သူဘိန်းရောင်းရင် ပိုက်ဆံပြန်ရလို့ ခမျ။ ဆီသယ်တဲ့ ဆီဘောက်ဆာတွေလည်း ဘယ်လောက်ပေးရပေးရ၊ ဆီဈေးမှာ ပြန်တင်လိုက်ရုံပဲဗျ။ ဒီဆေးတွေဝါးတွေက ပိုက်ဆံပြန်မရမယ့်လူနာတွေကို ဆေးကုဖို့အတွက်လေ။ စားရက်တယ်လား။ ဒီအရပ်မှာနေပြီး ဒီဆေးရုံအကြောင်းလည်း မသိစရာ အကြောင်းမရှိပါဘူး။ အခုနေ အဲ့ဒီဘက် စစ်ပွဲဖြစ်လို့ ဒဏ်ရာရရင် ဒီကလွဲလို့ ဘယ်ကိုမှလည်း သွားစရာမရှိပဲနဲ့။ ကိုယ်တို့ဆီမှာ စစ်ပွဲက မပြီးသေးဘူး။ လူနာတွေကအပြည့်ပဲ။ ဆေးတွေက ဘယ်လောက်မှာမှာ လောက်ကိုမလောက်နိုင်ဘူး။ ကုန်သွားလို့ တနေ့ကပဲ ကိုယ်ကိုယ်တိုင်ထွက်ဝယ်ခဲ့ရပြီးပြီ။ “ဒီလိုမှန်းသိ သူ့ဖမ်းပြီး သိန်းတစ်ထောင်လောက် တောင်းပါတယ်။” လို့တော့ မစဉ်းစားနဲ့။ မှားသွားမယ်။ ကိုယ်မို့လို့ သူများအဖမ်းမခံရအောင် မရှိရှိတာ ချေးငှါးပြီး ရွေးတာ။ ကိုယ့်ဖမ်းထားရင် ဘယ်သူကမှ လိုက်မရွေးဘူး။ နားလည်လား။

“အောင်မယ်လေး။ သူ့ပိုက်ဆံလေး ယူမိပါတယ်။ ကမ္ဘာကိုပျက်နေတာပဲ။ ဒါမျိုးမှ အရသာရှိတာ။” လို့ အောင့်မေ့ချင်လည်း အောင့်မေ့မှာပဲ။ ကိုယ့်အတွက်က ပိုက်ဆံဆိုတာကို နှမျောတသမနေပါဘူး။ ဒီ့ထက်မကတဲ့ အရာတွေတောင် စွန့်လွှတ်ထားခဲ့ပြီပဲ ဥစ္စာ။ ကိုယ်ပြောချင်တာက ဟိုမှာဘက်ခြမ်းမှာ ရပ်တည်နေတဲ့သူတွေမှာ ရာထူးကြီးငယ်မဟူ အတူတူ တစိတ်တည်း ရှိကြတယ်ဆိုတာကို မမြင်မှာစိုးလို့ သက်သေပြတာ။ ဒါမျိုးက ဒီတစ်နေရာတည်းမှာ ဖြစ်နေတာ မဟုတ်ဘူးလေ။ “ညီလေးရေ။ မင်းဖုန်းပြစမ်း။ VPN ပါလား။” ဆိုပြီး လူပါလိုက်လိုက်ရွေးနေရတာ ဘယ်လောက်တောင် များနေပြီလဲ။ ငွေဆောင် မှာ ပေါကားရိုက်နေတဲ့ အမည်မဖော်လိုသူ ပြင်ညာယှိကြီးတွေရော ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကတိကဝတ်တွေနဲ့ ရွေးထုတ်ပြီး တိုင်းရေးပြည်ရေးတွေ ဆွေးနွေးနေကြပါလိမ့်။ မနက်ဖြန်ကျရင်ကော တို့မေမေကို ရွေးထုတ်နိုင်ပါ့မလား။ ရွေးရမယ်ဆိုရင်ကော မြန်မာတနိုင်ငံလုံးက စစ်သားတွေအပေါ် ဘာတွေဘယ်လို လိုက်လျောပြီး ရွေးယူရမှာလဲ။ မန်းလေးက အိုဂျီဆရာဝန်လို ပိုက်ဆံတွေယူပြီးတာတောင် ပြန်မလွှတ်ပေးရင် ဘယ့်နှယ်လုပ်မလဲ။ မေးပေးဦးဗျ။

စိတ်တော့ မပူပါနဲ့။ ကိုယ့်ဆီက ပိုက်ဆံတွေ ယူသွားလို့ သူတို့မှာ ချမ်းသာမသွားသလို ကိုယ့်မှာလည်း မွဲမသွားပါဘူး။ လုပ်စရာ ရှိတဲ့အလုပ်တွေ ဆက်လုပ်နေတုန်းပါ။ ပိုက်ဆံနှမျောလို့ ကြေကွဲဝမ်းနည်းပြီး စာအရှည်ကြီးရေးနေတာ မဟုတ်ဘူး။ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ တော်လှန်ရေး ရေဆန်လမ်းမှာ ဒီလိုလူမျိုးတွေလည်း တွေ့ခဲ့ရတယ် ဆိုတဲ့အကြောင်း မချွင်းမချန် ရေးရတာ။ လူဆိုတာ မဟုတ်တာ လုပ်ပြီးရင် ကိုယ့်ကိုယ်ကိုယ်တော့ လုံလှပြီ ထင်တာပေါ့လေ။ သူများတွေက လအကြီးတွေ မှတ်နေတာကိုး။ တကယ်တော့ ဘယ်သူက မသိပဲနေမှာလဲ။ တချိန်ကျတော့ အကုန်ပြန်ပေါ်မယ့်ဟာ။ အတိတ်တွေက သမိုင်းဖြစ်သွားရင် ကိုယ်က ဘယ်နေရာမှာ ဝင်ကခဲ့သလဲ ကိုယ်တိုင်ပြန်တွေ့ရမှာပါ။ ဘယ်နေရာမှ ဝင်မကခဲ့လည်းရတယ်။ အဲ့ဒါဆို ဖြတ်လျှောက်ပေါ့။ ဝေလေလေ နဲ့ အသံပေးရင်လည်း ဝေလေလေပဲ။ “ဟုတ်ပေဗျား” ချည့်လိုက်ရင် ဆိုင်းနောက်ထ ခင်ဗျ။ အားလုံးပဲ ကိုယ်စီကိုယ်စီ ပါဝင်ခွင့်ရမှာပါ။

လေးနှစ်ကာလအတွင်းမှာ သေပြီးသားလူတွေ ပြန်မရှင်နိုင်ဘူး မှလား။ ဒါဆိုရင် မုန်းပြီးသား စစ်တပ်ကိုလည်း ဘယ်သူကမှ ပြန်မချစ်နိုင်တာ သေချာပါတယ်။ ကြိုက်တဲ့သူ ကြိုက်သလိုလုပ်။ ဘယ်လိုမှ ပြန်ပေါင်းစည်းလို့ မရနိုင်ပါဘူး။ သူတို့အားလုံးရော၊ သူတို့နဲ့အတူ ရပ်တည်သူတွေရော၊ ဒိုမီနိုအဖက်နဲ့ ပြိုလဲနေတာ ဘာနဲ့မှ ရပ်တန့်လို့ မရတော့ဘူးလေ။ ဆယ်ချင်သပဆို ဆယ်ပါ။ ကယ်ချင်သပဆို ကယ်ပါ။ ကိုယ်ပါပါသွားရင်တော့ မတတ်နိုင်ဘူးနော့။ မရှူနိုင် မကယ်နိုင် ဖြစ်လာတဲ့အချိန်ကျရင် ခေတ်ပျက်တုန်း ရှာထားတဲ့ အပူစာတွေနဲ့ သူဌေးဖြစ်ပြီး ကျန်ခဲ့မယ် လို့ ထင်နေတာလား။ အာဆာတွေအားကိုးနဲ့ ရွှေချောင်းတွေထမ်းပြေးလည်း နတ်မြစ်ဝတောင် မရောက်ခဲ့တာလည်း သတိရဦးမှပေါ့။

သေခြင်းတရားဟာ နေရာတကာမှာ ရှိတယ်။ နေ့တိုင်း ရှိတယ်။ အခု ကိုယ်တို့ရောက်နေတဲ့နေရာမှာဆို မမြင်ချင်မှ အဆုံးလေ။ စစ်မြေတလင်း မဟုတ်လား။ မြင်မြင်သမျှ သေကောင် ပေါင်းလဲတွေကို မသေအောင် ဆေးကုပေးနေသော်ငြား ဘယ်သူ့အသက်ကိုမှ အာမမခံနိုင်တဲ့အထဲမှာ ကိုယ့်အသက်လည်းပါတယ်။ ကိုယ့်အသက်ကိုယ်ခင်တွယ်ပြီး ကိုယ်တိုင်ခံစားနေရတဲ့ ရောဂါဝေဒနာတောင် မကုနိုင်ဘူး။ မကုအားဘူး။ မနေလို့ သေရသည်ရှိသော် ဘာတစ်ခုမှ နောက်ဆံငင်စရာ၊ နောင်တရစရာ အစွဲအလမ်း အမှားအယွင်း မရှိဘူး။ ဘာတွေသယ်ပြီး ဘာတွေ ထားခဲ့ရမယ်ဆိုတာ နားလည်လို့။ ထွက်ခွါလာခဲ့ရတဲ့နေရာတွေကို အရင်လိုပြန်ရောက်ဖို့ဆိုတာလည်း မဖြစ်နိုင်မှန်း သိတာပေါ့။ လောက်ကိုင်မြို့ကြီး ဘယ်လိုဖြစ်သွားပြီလဲ။ အမ်းမြို့ကလေးလည်း စိစိညက်ညက် ကျေသွားပြီ မှလား။ ဆယ်ဇင်းရွာကလေး။ ပြာပုံ နဲ့ ခြုံပုတ်ပဲ ရှိတော့တယ်။ ဘယ်နေရာတွေမှာ ငြိမ်းချမ်းသလဲ ပြောစမ်းပါဦး။

“အဟံ ငါသည်၊ မရဏဓမ္မော သေခြင်းတရားသဘောရှိသည်၊ အံမှီ ဖြစ်၏။ မရဏံ ထိုသေခြင်းတရားကို အနတိဏော မလွန်မြောက်နိုင်။” တဲ့။ အဲ့ဒါ ဆေးကျောင်းသားဘဝမှာကတည်းက ရွတ်တဲ့ အဘိဏှသုတ်ထဲမှာ ပါတယ်။ အလွတ်ကျက်ထားတာ မဟုတ်ဘူး။ နားလည်နေတာ။ အချိန်မရွေး ရင်ဆိုင်ရနိုင်တဲ့ သေခြင်းတရားကို ကိုယ့်ဘက်က အချိန်မရွေး ရင်ဆိုင်ဖို့ အသင့်ရှိတယ်။ အဟောင်းကိုပစ်ပြီး အသစ်ယူရမယ့် ကိစ္စတစ်ခုမှာ ရင်းစားပြန်မရစရာ အကြောင်းတရား ဘာတစ်ခုမှ မရှိဘူး။ ဒီတစ်သက် ဒီဘဝမှာ ကိုယ်ရလာသမျှ ပေးထားချက်တွေနဲ့ အကောင်းဆုံးအဖြေရအောင် ထုတ်ခဲ့တယ်။ အောင်မှအောင်ပါ့မလား စိုးရိမ်စရာ မလို။ ကိုယ့်ဘဝကြီး ငြိမ်းချမ်းဖို့က ကိုယ့်စိတ်ကိုယ် ပြုပြင်ထားပြီးသားပါ။ အနေရဲရဲ အသေရဲရဲပဲ။ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ကတော့ ဟိုအကောင်တွေ ရှိနေသ၍ ဘယ်သောအခါမှ မဖြစ်နိုင်ဘူးဗျ။ အဲ့သလောက်ကလေးတော့ သဘောပေါက် နားလည်ထားဖို့ လိုတာပေါ့လေ။ ဒါကလည်း ဉာဏ်မီဦးမှကိုး။ အခု ဉာဏ်မမီလည်း နောက်ဘဝကျ ဒီလိုဉာဏ်ရည် မနိမ့်အောင် ဆုတောင်းရစ်ကြပါလေ။ ငရဲပြည်မှာလည်း ဉာဏ်ကောင်းဖို့ လိုချင် လိုမှာပေါ့။