ချန်ဂင်တို့စခန်း (၃၁၇)

“နီးဖို့ရာဆိုရင်

ဝါဆိုတောင်မှ ပြာသိုနားတွင်

ထားလိုက်ချင်” တဲ့။

“ကုန်နိုင်ခဲလိုက်တာ” လို့ ထင်တဲ့သူလည်း ထင်မယ်။ “ကုန်လွယ်လွန်းလိုက်တာ” လို့ အောင့်မေ့တဲ့သူလည်း ရှိမယ်။ ကာလအပိုင်းအခြား တစ်ခုတည်းပေမယ့် ဆွဲဆန့်ချင်တဲ့သူ၊ ချုံ့ချချင်တဲ့သူ မတူနိုင်ဘူးပေါ့လေ။ ဘယ်လိုပဲပြောပြော။ မအလကြီးတောင် အာဏာလုသက် ၄ နှစ် ပြည့်တော့မယ်။ သီချင်းတွေဘာတွေ ဆိုနိုင်သေးပုံထောက် ပျော်များပျော်နေသလား မသိပါဘူး။ တနိုင်ငံလုံး သဘောမတူလည်းပဲ လူတွေအများကြီးသတ်ပြီး အစိုးရသက်တမ်းတစ်ခုစာ မရအရ အုပ်ချုပ်သွားသေးတယ်။ အာဏာကို ပြည်သူ့လက်ထဲမထည့်ချင်တဲ့ စစ်တပ်အသိုင်းအဝိုင်းကြီးကလည်း သူတို့သိပ်ဖြစ်ချင်နေတဲ့ စစ်အစိုးရ စစ်စစ်ကြီးအဖြစ် ဘာပဲလုပ်ရလုပ်ရ လုပ်ပြီး တိုင်းပြည်ကြီးပျက်ကာမှ ပျက်စေတော့ ဆိုတဲ့ သဘောထားနဲ့ အောက်လူတွေ မကုန်မချင်း စတေးသွားခဲ့တယ်။ ကဲ အခု ဘယ်လိုလဲ။ ကုန်လွန်ခဲ့ပြီးတဲ့ ၄ နှစ်ဟာ သိပ်များတိုတောင်းလွန်းတယ် လို့ ထင်နေကြသလား။ ကိုယ်တို့ကိုတော့ လူတွေက သိပ်အပြစ်တင်ကြတာဗျ။ “မင်းတို့တော်လှန်ရေးက ၄ နှစ်တောင် ရှိပြီ။ ပြီးရော ပြီးဦးမှာလား။” တဲ့။ ဘယ်သူတွေကလဲ ဆိုတော့ ဘာမှဝင်မလုပ်ပဲ ဝေဖန်လေကန်နေတဲ့သူတွေကပေါ့ဗျာ။ တိုင်းပြည်ပျက်လေ စီးပွါးဖြစ်လေ ဆိုတဲ့သူတွေကတော့ “တော်လှန်ရေးကြီး ကမ္ဘာတည်သ၍ အဓွန့်ရှည်ပါစေ” လို့ ဆုတောင်းနေကြမှာပေါ့။

ကိုယ်တို့မှာတော့ နှေးတယ်၊ မြန်တယ်၊ ကြာတယ်၊ ဖင့်တယ်၊ ဘာတစ်ခုမှ စောကြောဝေဖန်နေဖို့ အချိန်မရှိပါဘူး။ ဘယ်သူလုပ်လုပ် မလုပ်လုပ်၊ ကိုယ် လုပ်စရာရှိတဲ့အလုပ်တွေ မနားမနေ တွန်းလုပ်လာခဲ့တာ အခုထက်ထိပဲ။ လူနာတွေလည်း အဆက်မပြတ်ဘူး။ စာသင်တာလည်း ပျက်ရက်မရှိအောင် ကြိုးစားနေရတယ်။ လိုအပ်သမျှ အရာရာ ဖြည့်ဆည်းနိုင်အောင်လည်း အပတ်တကုပ် အားထုတ်နေရတယ်။ အရေးကြီးတာက စစ်ပွဲတွေ နိုင်အောင်တိုက်နိုင်ဖို့။ ကိုယ်တို့အတွက်က ဆေးကုတာလည်း စစ်ပွဲပဲလေ။ တခါတခါမှာ ခြေကုန်လက်ပန်း ကျသွားတဲ့အထိ ပင်ပန်းသွားပေမယ့် နောက်နေ့ မနက်ကျရင် အားသစ်အင်သစ်တွေနဲ့ အလုပ်ပြန်စရပြန်ရော။ GP ထိုင်ရင် ဘာလေးဘာမှာ လူနာနည်းလို့ ငုတ်တုတ်ထိုင်နေရတဲ့ကာလ လို့ ပြောကြပေမယ့် ကိုယ်တို့အတွက် ဒီဇင်ဘာက စံချိန်ကျိုးတဲ့လ ဖြစ်နေတယ်။ ဆေးတွေဝါးတွေ ကုန်လိုက်တာမှ သောက်သောက်လဲ။ အဆမတန် ဈေးကြီးပေးဝယ်ရတာထက် ဝယ်ပေးသယ်ပေးတဲ့သူတွေ အဖမ်းအဆီးခံရမှာကို မခံစားနိုင်ပါဘူး။

စစ်ကောင်စီက လွှမ်းမိုးအုပ်ချုပ်နိုင်စွမ်းရှိတဲ့နယ်မြေတွေ တနေ့တခြား နည်းသွားပေမယ့် သူတို့လက်ခုပ်ထဲကရေ ဖြစ်နေသူတွေကိုတော့ ဆထက်ထမ်းပိုးတိုးပြီး ညှင်းပန်းနှိပ်စက်နေကြပါတယ်။ လူငယ်လူရွယ်တွေဆို အတင်းအဓမ္မ စစ်သားစုဆောင်းခံရမယ်။ ချောင်ချောင်လည်လည် ရှိသူတွေဆို ဓါးပြတိုက်၊လူသတ်၊ ပြန်ပေးဆွဲခံရမယ်။ မျက်ရည်စက်လက် သွေးစိမ်းရှင်ရှင်ထွက်နေတဲ့လူတွေဘေးမှာလာပြီး ဟက်ပီးနယူးယား ကောင့်ဒေါင်းပါတီတွေ ကျင်းပပြီး စိတ်ဓါတ်ရေးရာ ရိုက်ချိုးချင်တဲ့သူတွေကလည်း မနည်းပါဘူး။ မနေ့ညက နယူးယားလက်ဆောင် အနေနဲ့ လေယာဉ်နဲ့ ဗုံးလာကျဲသွားတာ ၃ နေရာ ရှိတယ်။ ဒီလိုပဲ ဖြစ်လာလိမ့်မယ် ခန့်မှန်းမိတဲ့အတွက် ကိုယ်တို့ကတော့ ခရစ္စမတ်ရော၊ နယူးယားရော၊ အထူးသတိထားပြီးနေတယ်။ အဲ့သလို အချိန်အခါမျိုးမှာမှ ညကြီးသန်းခေါင် တဖောင်းဒိုင်းဒိုင်းနဲ့ သေနတ်သံတွေလား၊ လေယာဉ်လာသလား၊ ကျင်းထဲဆင်းရမလား၊ ဇဝေဇဝါဖြစ်ကုန်အောင် ဗျောက်အိုးဖောက်ချင်တဲ့ သူတွေကလည်း တမှောင့်။ ဆေးရုံပေါ်မှာ အရေးအကြောင်းဆို ကိုယ့်ဘာသာ ထမပြေးနိုင်တဲ့ လူနာတွေ အများကြီး ဆိုတာ နားမလည်ကြဘူး။

စစ်ပွဲတွေပြီးသွားမှ လေး ငါး ခြောက် ယောက် တစ်သုတ်စီ လူနာတွေ ထပ်ထပ်ရောက်လာတာက တိုက်ပွဲဖြစ်လို့ မဟုတ်ပါဘူး။ ဆုတ်ခွါသွားတဲ့ SNA တွေ ချန်ထားခဲ့တဲ့ မြေမြုပ်မိုင်း၊ နင်းမိုင်း၊ တန်းမိုင်းတွေ ပေါက်ကွဲပြီး ရောက်လာတဲ့ အရပ်သားတွေပါ။ ဒရုန်းနဲ့ လာလာချတာတွေလည်းရှိတယ်။ ခြေတွေလက်တွေထိတဲ့ လူနာကများတာမို့ တစ်ရက်နဲ့ မပြီးရင် ၂ ရက်၊ ၃ ရက်လောက် စိမ်ပြေနပြေထိုင်ပြီး အစတွေ လိုက်ရှာထုတ်ကြရတာပေါ့။ ကိစ္စမရှိပါဘူး။ ကိုယ်တို့မှာ X-ray လည်း ရှိတယ်။ C-arm လေးလည်း ရှိတယ်။ ခြေထောက် ဆို Spinal ထိုးပြီး လက်ဆိုရင်တော့ Ultrasound လေးနဲ့ Brachial block ထိုးပြီး ဝင်ပါတယ်။ ကိုယ့်ဆီက ကလေးတွေ Spinal ရော ၊ brachial ရော တော်တော်ကျွမ်းကျင်နေပြီမို့ စိတ်ချလက်ချ မျက်နှာလွှဲထားလို့ရတယ်။ ဗိုက်ပွင့်ပြီး GA ပေးစရာ လိုမှ ကိုယ်ဝင်ရတာ။ ပြန်မဆက်နိုင်တဲ့ အရိုးကျိုးလူနာတွေဆို ဆရာအော်သိုကို လှမ်းခေါ်တယ်။ သူ တစ်ခါတစ်ခါလာရင် လူနာ ၈ ယောက်ကနေ ဆယ်ယောက်အထိ ခွဲပေးသွားတာ။ အဲ့ဒါကြောင့် ဆေးရုံမှာ မိုးလင်းမိုးချုပ် ခွဲခန်းဝင်နေကြရတာ တခါတခါ ထမင်းချက်မယ့်သူတောင် မရှိဘူး။ ဘေးအိမ်က လာလာချက်ပေးရတယ်။

ထမင်းချက်မယ့်သူ မရှိတာထက် ထမင်းစားမယ့်သူပါ မရှိတဲ့အခါ ပိုဆိုးပါတယ်။ မိုင်းကွဲလို့ ရောက်လာတဲ့ လူနာ ၃ ယောက်မှာ တစ်ယောက်ကတော့ နေရာတင် ပွဲချင်းပြီးခဲ့ပြီး နောက် ၂ ယောက်က shock နဲ့ရောက်လာတာ ဘယ်သူ့ကို အရင်ခွဲရမှန်းတောင် မသိ။ နှစ်ယောက်လုံးကတော့ ခွဲလို့ မရနိုင်သေးဘူး။ မျက်စိအောက်တင် အသက်ထွက်သွားမှာစိုးလို့ အရေးပေါ်အသက်ကယ်တာကို ၂ ဖွဲ့ခွဲပြီး လုပ်နေရတယ်။ သွေးထုတ်နေတာကိုတောင် မစောင့်နိုင်လို့ လိုင်း ၂ လိုင်း ဖွင့်ပြီး Gellofucin တွေ run ချထားတာ။ ဘယ်ကောင် ရှင်မလဲ မသိဘူး။ ရှင်တဲ့ကောင်ကို ခွဲမယ် ဆို ဟိုဘက်ပြေးလိုက် သည်ဘက်ပြေးလိုက် revise လုပ်လိုက်တာ ၂ ကောင်လုံး ရှင်လာတော့ “ဗိုလ် ကျား သေနတ်” ပြန်ဆော့ခိုင်းရပြန်ရော။ ချန်ဂင်မှာလည်း Squid Game ထဲကလိုပါပဲလား။ တစ်ယောက်က အသည်းကိုထိထားတယ်။ ဗိုက်ထဲမှာ သွေးထွက်နေတယ်ဆိုတော့ သူ့ကို အရင်ဝင်ရမှာပဲ။ ကျန်တဲ့တစ်ယောက်ကို သွေးထိမ်းပတ်တီးနဲ့စည်း၊ မော်နီတာတပ်၊ စစ္စတာ့လက်ထဲအပ်ထားခဲ့ပြီး ကျန်တဲ့လူတွေနဲ့ ခွဲခန်းဝင်ကြတာပေါ့။ ဗိုက်ဖွင့်လိုက်တော့ အသည်းချည့် ဟက်တက်ကွဲတာ မဟုတ််ဘူး။ အစာအိမ်ဘေးကဝင်ပြီး ပန်ကရိယထိပ်မှာ ထက်ပိုင်းပြတ်သွားတယ်။ ခွဲပြီးရင်တော့ traumatic pancreatitis က ရဦးမှာ သေချာတယ်။ လောလောဆယ် သွေးတိတ်အောင်လုပ်ပြီး အသက်ကယ်ဖို့သာ အဓိက။ သွေးတိတ်သွားတာနဲ့ သွေးပေါင်ကလည်း ငြိမ်သွားရော။ ဒီလောက်ဆိုရင် စိတ်ချရပြီ။ ခြေတွေလက်တွေထဲက အစတွေက active bleeding မရှိလို့ မနက်ဖြန်မှ ထုတ်တော့မယ် ဆို ချန်ထားလိုက်တယ်။ အပြင်က သွေးမတိတ်တဲ့လူနာကို သွေးပေါင်ပြန်မကျခင် ချက်ချင်းခွဲမှ သူလည်း အသက်ရှင်နိုင်မှာ။

အဲ့ဒီလူနာကတော့ လက်ကောက်ဝတ်အထက်က တည်းလည်းတွဲလောင်းကလေး ဖြစ်နေပြီး ပေါင်ခြံမှာ အပေါက်ကြီးတစ်ခု ရှိတယ်။ နေရာက အနှိပ်သည်တွေ အပူထုတ်ပေးတဲ့နေရာ။ အောက်မှာ femoral artery ရှိလိမ့်မယ်။ ဒါပေမယ့် သွေးငေါက်တောက်ပန်းထွက်နေတာ မဟုတ်သလို အပေါက်ဘေးနားမှာလည်း ယောင်ယမ်းဖောင်းကားနေတာ မရှိဘူး။ အောက်ဘက်က သွေးခုန်နှုန်းတွေ လိုက်စမ်းတော့ ဖျော့ဖျော့လေးတော့ မိသေးတယ်။ လူနာက shock နဲ့ဆိုတော့ ဒီ့ထက်လည်း ပိုမိစရာ မရှိဘူး။ ခွဲခန်းထဲမသွင်းခင် ဓါတ်မှန်ရိုက်ကြည့်တဲ့အခါ ဗိုက်ထဲမှာ လက်နက်ကြီးအစတစ်စတွေ့တယ်။ အထဲကိုပေါက်သွားတာဆိုရင်တော့ ဗိုက်ကိုလည်း ဖွင့်ရတော့မှာပဲ။ မေ့ဆေးပေးပြီးတော့ လက်ကဒဏ်ရာကို ဆေးကြောသန့်စင်နေတုန်း ပေါင်ခြံကအနာကို လက်နှိုက်ကြည့်လိုက်တာ ဗိုက်ထဲရောက်သွားပြီး အူတွေပါစမ်းမိတယ်။ လက်ပြန်နှုတ်လိုက်တော့ သွေးတွေ ဝေါကနဲ ထွက်လာရော။ ဟိုက်ကနဲ ဖြစ်သွားပြီး ဒဏ်ရာပေါ်မှာ gauze ထူထူနဲ့ဖိထားရတယ်။ လက်ကိုမလွှတ်ရဲဘူး။ အပေါ်မှာကလည်း သွေးမတိတ်လို့ tourniquet စည်းထားရတာ အချိန်ကြာလို့မရဘူး။ လက်ဖျားတွေက သွေးမလျှောက်တော့လို့ ပြန်ဆက်ပေးရင်လည်း ကောင်းဖို့မသေချာဘူး။ ဖြတ်မှဖြစ်တော့မယ်။ ကဲ ပြော။ ခြေထောက်လား လက်လား။ ဘယ်မှာဆက်ပလေးမလဲ။ နာရီလက်တံကလေးက တစ်ကနဲ တစ်ကနဲ ကိုယ့်အတွက်အချိန်တွေ မကျန်တော့ဘူး လို့ ပြနေတယ်။ ခွဲခန်းအဝမှာ လိမ်မော်ရောင်ဂါဝန်နဲ့ မေသန်းနုစက်ရုပ်မကြီးက ဒေါက်ဖိနပ်နဲ့ လမ်းသလားနေသလို ခံစားရတယ်။

ဒါ သက်သက် ပညာလာစမ်းတာပေါ့လေ။ ရပါတယ်။ ကလေးတစ်ယောက်ကို လက်အိပ်ဝတ်ခိုင်းပြီး “ဒီအပေါ်မှာ အဲ့အတိုင်းလေးဖိထား။ ဆရာပြန်မလာမချင်း မလွှတ်နဲ့။” ဆို အပူထုတ်ခိုင်းထားပြီး အပေါ်မှာ လက်တက်ဖြတ်တာပေါ့။ စဉ့်နီတုံးပေါ်တင်ပြီး ဝက်သားခုတ်တဲ့ ဓါးမကြီးနဲ့ တစ်ချက်တည်း ပိုင်းချလို့ ရရင်လည်း အကောင်းသားကွယ်။ အခုတော့ တတိတတိနဲ့ သွေးမထွက်အောင်ထိမ်းပြီးဖြတ်ရတာ တစ်နာရီခွဲလောက်ကြာသွားတယ်။ သွေးက ၂ ပုလင်းသွင်းပြီးသွားပြီ။ ဗိုက်ဖွင့်ရင် သွေးထွက်ဦးမှာမို့ အပြင်မှာ နောက်တစ်ပုလင်း ထပ်ရှာခိုင်းထားတယ်။ ဆောင်းတွင်းကြီးမှာ ချွေးတွေပျံနေအောင် လွှဆွဲပြီးတဲ့နောက် လက်ငုတ်တိုကလေးကို အငယ်တွေနဲ့ အပ်ထားခဲ့ပြီး ကိုယ်က ဗိုက်ဖွင့်ဖို့ အောက်ကိုပြန်ဆင်းပါတယ်။ ကိုယ့်ဆေးရုံမှာတော့ အင်ဂျင်နီယာတွေလည်း case ဝင်ရတာပဲ။ လူမှ မရှိတာ။ scrub nurse က ၂ ဖွဲ့ပြိုင်ဝင်ရမှာ။ မေ့ဆေးနေရာမှာ ဆရာဝန်မရှိလို့မရ။ လက်ကိုပြန်ချုပ်ဖို့ ၂ ယောက် ထားခဲ့တယ်။ အခု ဗိုက်ဖွင့်ဖို့က ကိုယ်တစ်ယောက်တည်းရယ်။

ဖွင့်ဖွင့်ချင်း ဗိုက်ထဲမှာ သွေးတွေရော၊ ချေးတွေရော တွေ့တယ်။ သွားပါပြီ။ အူတွေပေါက်ကုန်တာပဲ။ ပေါက်တာမှ ၈ ပေါက်တောင် စုတ်ပြဲပွင့်ထွက်သွားတာ။ ပေါင်ခြံကနေ ဆီးအိမ်ဘေးက ဖြတ်ဝင်၊ အူတွေကို ဖောက်ထွင်းပြီး နောက်ကျောထဲမှာ လက်နက်ကြီးအစကို နှိုက်ထုတ်ရတယ်။ လက်ကဒဏ်ရာကြောင့် သွေးထွက်ပြီး shock ရတာ၊ ပေါင်က ဒဏ်ရာက ဗိုက်ထဲရောက်ပြီး အူတွေပွင့်သွားတာ။ သူ့တစ်ယောက်တည်းနဲ့တင် major operation နှစ်ခုစာ အလုပ်လုပ်ပြီးတဲ့နောက်မှာ မေ့ဆေးပေးချိန်က ၃ နာရီခွဲ ကြာသွားပြီ။ မခွဲခင်ကတည်းက shock ရထားလို့ သွေး ၂ လုံးသွင်းရတဲ့လူနာကို အဲ့လောက်အကြာကြီး မေ့ဆေးပေးထားရတာ ပြန်မနိုးတော့ ဘယ့်နှယ့်လုပ်မလဲ။ ဒီနေ့ခွဲတဲ့ major operation ၃ ယောက်မှာ ၃ ယောက်စလုံးက shock နဲ့။ ၃ ယောက်စလုံးက critical condition မှာ GA ပေးရတာ။ ပထမဦးဆုံးတစ်ယောက်က acute hemorrhagic pancreatitis နဲ့။ မနှစ်တုန်းက အဲ့လိုလူနာမျိုးခွဲဖူးတယ်။ မေ့ဆေးကပြန်မနိုးလို့ ဆုံးသွားခဲ့ဖူးတယ်။ အခု လာပြန်ပြီ တစ်ယောက်။ သုံးယောက်စလုံးကို လူနာပြန်နိုးပါ့မလား ဆိုတဲ့ stress နဲ့ ခွဲစိတ်ရတာ ဖိအားတွေ များတယ်။

မနက် ၉ နာရီကတည်းက စတဲ့ ခွဲခန်းဟာ ည ၁၁ နာရီခွဲမှ သိမ်းရတယ်။ ပစ္စည်းတွေ ဆေးကြောသိမ်းဆည်း၊ ပြင်ဆင်ပေါင်းထုပ်ရတာ ရှိသေးတယ်။ တလှည့်စီ ဝင်ကြည့်တဲ့ သင်တန်းကျောင်းက ကလေးတွေတောင် ခွေကနဲခေါက်ကနဲ မူးလဲတဲ့အချိန်မှာ ဒီအဖိုးကြီးက ထမင်းဆာဖို့တောင် သတိမရဘူး။ အဲ့လောက်ပင်ပန်းသွားရင်လည်း စားချင်တဲ့စိတ် မရှိတော့ဘူး။ ဒီအချိန်မှာ လေယာဉ်လာတာလည်း မသိတော့။ စစ်ပွဲတွေကိုလည်း မေ့သွားတယ်။ game ဆော့နေတဲ့ ကလေးတွေလိုပဲ။ game over ဖြစ်မသွားဖို့ အဓိက။ “ဒီဂိမ်းနိုင်ရင် ငါ ပိုက်ဆံတွေအများကြီးရမှာ။” ဆိုတဲ့ မက်လုံးမပါပဲ၊ “မင်းရှုံးရင် အသက်ပေးရလိမ့််မယ်။” ဆိုတဲ့ ခြောက်လုံးမပါပဲ၊ အားကစားစိတ်ဓါတ်သန့်သန့်လေးနဲ့ ဝင်ပလေးနေတဲ့ player တစ်ယောက်ပေါ့။ ဘာပဲပြောပြော တနေ့ တည်း အကြိတ်အနယ် ၃ ပွဲဆော့တာ ၃ ပွဲလုံး အနိုင်ရခဲ့တဲ့အတွက် ကျေနပ်ပါတယ်။

ဒီနေ့ကတော့ အဲ့ဒီလူနာတွေ Day 4 ရောက်ပြီပေါ့။ ကိုယ့်ဘက်ပြန်ပါလာတဲ့အခြေအနေ ရှိပါတယ်။ လက်ဖြတ်လိုက်ရတဲ့ကလေးအတွက်တော့ စိတ်မကောင်းပါဘူး။ သူ့ကို ပြီးခဲ့တဲ့လကတည်းက ဟိုဘက်ကလက်ကို လက်နက်ကြီးအစမှန်လို့ ခွဲထုတ်ပေးဖူးပါတယ်။ အဲ့ဒီတုန်းက မေ့ဆေးပေးရင်း အောက်ဆီဂျင်ကျလို့ LMA ထည့်ပြီး အသက်ကယ်ခဲ့ရဖူးတယ်။ အခုတစ်ခါ သူ့အသက်ကိုကယ်တာ ၂ ကြိမ်မြောက်ပါ။ ဒါပေမယ့် လက်ကိုတော့ မကယ်နိုင်ခဲ့ပါဘူး။ “ဒဏ်ရာရတဲ့ကလေးတွေကို အနားမပေးပဲ ရှေ့တန်းကို ပြန်လွှတ်နေတာလား။ စစ်တိုက်စရာ လူမရှိတော့ဘူးလား။” လို့ မေးစရာ ရှိပါတယ်။ မမေးလည်း ဖြေချင်လွန်းလို့ပါ။ ကိုယ်တို့ဘက်က ကလေးတွေ ဆေးရုံလာတက်ရင် မြန်မြန်ပျောက်အောင်ကုပြီး ရှေ့တန်းပြန်ထွက်ချင်တဲ့သူချည့်ပါပဲ။ ခြေလက်အင်္ဂါဆုံးရှုံးသွားရင်တောင်မှ လျော်ကြေးရဖို့ အနားယူဖို့ မစဉ်းစားပဲ “တော်လှန်ရေးအတွက် ငါ ဘာဆက်လုပ်ပေးလို့ ရမလဲ။” ပဲ စဉ်းစားကြပါတယ်။ ကိုယ့်အသက် သေချင်လည်း သေနိုင်တယ် ဆိုတာ ဘယ်သူက မစဉ်းစားမိပဲနေမှာလဲ။ ဒါပေမယ့် ဘယ်သူမှ မကြောက်ကြပါဘူး။ မင်းအောင်လှိုင် အာဏာသိမ်းတဲ့ ၄ နှစ်ကာလမှာ လက်နက်ချ အလင်းဝင်တဲ့ တော်လှန်ရေးဘက်သားဆိုတာ ဇော်မဲလုံးဇာတ်ညွှန်းထဲမှာပဲ ရှိပါတယ်။ ဘယ်လိုအခက်အခဲမျိုးတွေ့တွေ့၊ အသက်ပဲသေသေ၊ လက်တွေခြေတွေပဲ ပြတ်ပြတ်၊ ဘယ်သူကမှ နောက်ပြန်မလှည့်ပါဘူး။ ဒီလူတွေနဲ့ အတူရပ်တည်ပြီး ဒီလူတွေကို ဆေးကုပေးရတာ၊ ဒီလူတွေရဲ့အသက်ကို ကယ်ရတာ၊ ကိုယ့်အဖို့တော့ ကျေနပ်ဝမ်းသာစရာပါပဲ။ အာဏာပါဝါရှိတဲ့ လူကြီးတွေကို မျက်နှာလိုမျက်နှာရ ဖားယားနေရတာထက် အများကြီးဂုဏ်ယူမိပါတယ်။ ဒီနေရာမှာ ဆေးရုံဖွင့်တဲ့ ၃ နှစ်အတွင်း ကိုယ်တို့ခွဲခန်းစာရင်းစာအုပ်ထဲမှာ ၆၆၇ ယောက်မြောက် ရောက်လာခဲ့ပြီ။ ရန်ကုန်ဆေးရုံကြီးမှာ ၇ နှစ်နေခဲ့စဉ်ကာလထက် အများကြီးပိုခွဲခဲ့ရတာပေါ့။ ဟိုမှာလို သူများ မေ့ဆေးပေးပြီးသားလေး လက်တင်ခွဲရတာ မဟုတ်ပဲ ဘယ်လိုတွေတောင် ရုန်းကန်ခဲ့ရသလဲဆိုတာ ကိုယ့်ဘာသာ အသိဆုံးပါပဲ။ ဒီတစ်သက် ဒီဘဝမှာ ကိုယ်ဟာ ဘယ်လိုဆာဂျင်မျိုး ဖြစ်ခဲ့သလဲ ဆိုတာ ဒီနေရာ ဒီကာလမှာ အဖြေထွက်လာခဲ့ပါတယ်။ ပိုင်ဆိုင်တာလည်း ဘာမှမရှိဘူး။ ပူပင်တာလည်း ဘာမှ မရှိဘူး။ စိတ်ကူးကြံစည်သမျှတိုင်းတော့ ဖြစ်အောင်လုပ်နိုင်တယ်။ စိန်ခေါ်မှု အခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်တယ်။ စစ်သည်ငါးသိန်းနဲ့ ကြည်းရေလေတပ်မတော်ကြီးကသာ အသိုင်းအဝိုင်းနဲ့တကွ ပြိုလဲပြီး game over ဖြစ်တော့မယ်။ ချန်ဂင်ကလေးကတော့ သာသာယာယာပါပဲ။ မေမေရဲ့ သားနိုင်တယ်။ အန္တရာယ်တွေ ရင်ဆိုင်ပွဲတိုင်း။