ချန်ဂင်တို့စခန်း (၃၁၆)

“တိမ်ယံအတွင်းက နှင်းကျပြီ။

အာကာတံတိုင်းက မှိုင်းလို့ရီ

ဟေမန်ခါမီ အထူးပဲ ချမ်းတော့သည်။” တဲ့။ ရန်ကုန်မှာ မချမ်းသေးဘူး လို့ ပြောပေမယ့် ကိုယ်တို့ဆီမှာတော့ ချမ်းနေပါပြီ။ နေဝင်တာနဲ့ အေးလာတာ။ မနက်မနက်ဆိုလည်း မီးလှုံရတယ်။ နေက မွန်းတည့်ခါနီးမှ ပွင့်တာ။ ညဘက်ဆို နှင်းစက်တွေ အိမ်ခေါင်မိုးပေါ်ကျတာ တဖျောက်ဖျောက်နဲ့ မိုးရွာနေသလား အောင့်မေ့ရတယ်။ အဝတ်တွေ မရုပ်ပဲထားရင် စိုရွှဲကုန်ရော။ တံခါးတွေ လုံအောင်ပိတ်ပြီး စောင်ထူထူနဲ့လိပ်အိပ်ရတာ နွေးနွေးထွေးထွေးနဲ့ ဇိမ်ရှိပါတယ်။ အိမ်ပြင်မှာအေးလို့ ဆိုဖီမ လည်း အခန်းထဲဝင်၊ အခင်းလေးနဲ့ပဲ အိပ်တော့တယ်။ သူတို့လည်း သူတို့သဘာဝနဲ့ ခိုလှုံရာ ရှာတတ်သားပါလေ။ မိဖြူက သူ့သမီး စူစူလေးနဲ့အတူ အိမ်ရှေ့အိမ်က မီးပုံကြားမှာ အိပ်တယ်။ မိကျားက loki နဲ့ ဆေးရုံမှာအိပ်တာ။ သူတို့ဟာသူတို့ နယ်မြေသတ်မှတ်လိုက်ကြပုံရတယ်။ loki က ၃ အိမ်လုံး ပတ်စံနေတာ။ အဲ့ကောင် ဆေးရုံမှာ အနေများတာက ကုတင်တကာ ပတ်ချွဲပြီး တောင်းစားကောင်းနေလို့ပါ။ ထမင်းစားချိန် လိုက်ခေါ်ရင် ကဆုန်ချပြီး ပြေးလာပေမယ့် လိုက်ခဲ့ဖို့ မဟုတ်သေးဘူး။ မိကျားကို ခေါ်ခိုင်းတာ။ မိကျားမပါရင် မလိုက်မချင်း ပြန်ပြေးခေါ်တယ်။ ခွေးမလေး ၃ ကောင်ဟာ ထမင်းကို အတူတူစားနိုင်ပေမယ့် ကိုကို့ကိုတော့ မဝေချင် မမျှချင်ကြဘူး။ မိကျားက နောက်မှမွေးပြီး မိဦး အမှည့်ခံချင်သူ။ ဆေးရုံကို ဆိုဖီလာရင် ကိုက်လွှတ်တယ်။ သူတို့ထဲမှာ အစွာဆုံးကတော့ စူစူပါပဲ။ အငယ်ဆုံးဖြစ်ပြီး သူကချည့် လိုက်ကိုက်တာ။ အမေကိုတောင် မညှာဘူး။ loki နဲ့တော့ ရုပ်ဆင်သလို ရှိပါတယ်။ သူလည်း ချစ်စရာကောင်းတယ်။ ခွေးလေးတွေက အဲ့ဒီအရွယ်ဆိုရင် အကုန်ချစ်ဖို့ကောင်းတာပဲ မဟုတ်လား။ မွှေးပွခွေးလေး ချာလီ နဲ့ မျောက်ကလေးကတော့ rehab ဆောင်မှာ နေကြတယ်။ အဲ့ဒီစိန်မျောက်မျောက်ကတော့ ဘယ်ခွေးမဆို တက်စီးပြီး ဆေးရုံအနှံ့ လျှောက်ဆော့နေတာပဲ။ ကိုယ်တို့ အစားကောင်းလေးများ စားရင် တစ်ကောင်မဟုတ်တစ်ကောင် အနားကပ်လာပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သနားကမားကြည့်ပြီး မျှော်ကြတာ မျိုကိုမကျဘူး။ ချာလီက မတ်တပ်ကလေးရပ်ရပ်ပြီး တောင်းတတ်သေး။ အရင်တုန်းက အလှူသွားရင် loki ကို ခေါ်သွားတတ်ပေမယ့် အခုကျတော့ ခွေးတစ်အုပ်ကြီး တသီတတန်းလိုက်လာလို့ သူတို့မမြင်အောင် တိတ်တိတ်ထွက်ရတယ်။

အကောင်ပလောင်တွေ အဲ့သလောက်တောင် စုံစုံလင်လင်နဲ့ သံယောဇဉ်တွေ တိုးပွါးနေသော်ငြားလည်း ဘယ်သတ္တဝါနဲ့မှ လက်ပွန်းတတီး မနေနိုင်အားပါဘူး။ နေ့စဉ်ရက်ဆက် အလုပ်နဲ့လက်နဲ့ ပြတ်တယ်လို့ကို မရှိ။ လူနာတွေက ကျိုးတို့ကျဲတဲပေမယ့် လာနေတုန်းပဲ။ ဆရာအော်သိုတောင် နောက်တစ်ခေါက် ပြန်လာခွဲယူရတယ်။ အရိုးလူနာတွေက သူနဲ့မှ ကိစ္စပြတ်မှာ မဟုတ်လား။ သူ့ခမျာ လာသခိုက်ကလေး တစ်နေ့ ၄ ယောက်လောက် တန်းစီခွဲရတယ်။ အားလည်းနာမိပါရဲ့။ ကိုယ်မလုပ်တတ်တဲ့ကိစ္စဆိုတော့ မတတ်နိုင်ပါဘူး။ လူနာတွေအတွက် ကိုယ်တို့လုပ်ပေးနိုင်သမျှ အစွမ်းကုန်ပေါ့။ ဒါလည်း စစ်တိုက်နေတာလေ။ စစ်ပွဲတစ်ပွဲနိုင်ဖို့ဆိုတာ ဆေးတပ်သားနဲ့ စစ်မြေပြင်ဆေးရုံကလေး မပါပဲ မဖြစ်နိုင်ဘူး။ နိုင်ရာတာဝန်ထမ်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သွားမှာ ဖြစ်တဲ့အတွက် ကိုယ်ကြိုးစားသမျှဟာ အရေးတော်ပုံ အောင်မြင်ဖို့ချည့်ပါပဲ။ အဆိုင်လမ်လျှောက်မယ့် ဆရာဝန်မဟုတ်ဘူး။ စစ်တိုက်မယ့် ဆရာဝန်။

ပွင့်လင်းရာသီရောက်လို့ ကိုယ့်ဆီမှာ တိုက်ပွဲတွေစတဲ့အချိန်ကတည်းက တိုက်ပွဲလူနာတွေ ဆေးကုဖို့ အဓိကထားပြီး ပြင်ဆင်စုဆောင်းခဲ့တယ်။ ရောက်လာသမျှလည်း အသေအပျောက် မရှိအောင် အစွမ်းကုန်ကြိုးစားကုခဲ့တာချည့်ပဲ။ ကလေးတွေကိုယ်တိုင်ကိုက “ဒဏ်ရာရရင် ဆေးရုံကို အရောက်ပို့ပေး။ ဆေးရုံရောက်ရင် သူတို့ အသက်ရှင်ပြီ။” လို့ ယုံကြည်မှုမျိုးနဲ့ စစ်တိုက်နိုင်အောင် နောက်တန်းက ရပ်တည်ပေးထားတာပါ။ ဒါပေမယ့် ခြေတွေလက်တွေ ကျိုးပဲ့ပြတ်တောက်တဲ့ ဒဏ်ရာဆိုတာ အရေးပေါ်အသက်ကယ်ရုံနဲ့ မပြီးသေးဘူး။ ပြန်လည်သန်စွမ်းရေးကလည်း ရှိသေးတယ်။ ဒါကြောင့်မို့ ကိုယ့်မှာ အရိုးအထူးကုဆရာ ပင့်ပြီး limb saving operations တွေ လုပ်ပေးထားရတာ။ တချို့လူနာတွေဆို ဆေးရုံပေါ်မှာ ၂ လကျော်နေပြီ။ ရက်ရှည်လူနာတွေများတော့ ကုတင်တွေလည်း မလောက်တော့ဘူး။ ဒါတောင် ဆေးရုံက ချန်ဂင် (၁) မှာတင် နေရာ ၂ နေရာ ခွဲတင်ထားရတာ။ စစ်ပွဲပြီးတဲ့အခါ ထုံးစံအတိုင်း ရန်သူချန်ခဲ့တဲ့မိုင်းတွေထိလို့ အရပ်သားလူနာတွေ ထပ်ရောက်လာပြန်တာပဲ။ ဒီလိုနဲ့ ကိုယ်တို့မှာ နားတောင် မနားရပါဘူး။ ခွေးတွေတောင် အိမ်မှာမနေတော့ပဲ ဆေးရုံမှာ ကျင်လည်ကျက်စားနေရတာသာ ကြည့်တော့။

ဟိုးအရင်တုန်းက ဆေးရုံမှာ ညနေညနေဆို Gym ဆော့ကြသေးတယ်။ အခုတော့ ဘယ်သူကမှ မဆော့အားပဲ အဲ့ဒါတွေကခြေတုမတပ်ခင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းလုပ်ဖို့ ဖြစ်သွားပြီ။ ဆေးရုံမှာ rehab workshop လေးတစ်ခု ထောင်ထားပါတယ်။ Physiotherapy တွေလည်း လုပ်ပေးနေတယ်။ အခုလောလောဆယ်တော့ အလှူရှင်တွေလာရင် “ကုတင်တွေ၊ ချိုင်းထောက်တွေ၊ ဝှီးချဲတွေ လှူပေးပါ။” လို့ပဲ အလှူခံတယ်။ အဲ့ဒါတွေက ပိုက်ဆံရှိလည်း ဝယ်မရ သယ်မရတဲ့ဟာတွေမို့။ ဆေးကတော့ ပြောမနေနဲ့ကွယ်။ ဒီဆေးရုံကို တာ့ဂက်ထားပြီး စစ်ဆေးပိတ်ဆို့နေတာ။ ဘယ်လိုတွေတောင် ဝယ်ရသယ်ရသလဲဆိုတာ နောက်တော့ ပြောပြမယ်။ အခုပြောရင် သူတို့သိသွားမှာစိုးလို့။ ကိုယ့်ဘက်ကတော့ ဒဏ်ရာရသူတိုင်းကို လိုလေသေးမရှိ ဆေးကုပေးနေတာမို့ ဆေးတွေကလည်း သောက်သောက်လဲ ကုန်ပါတယ်။ သူတို့ဘက်မှာတော့ ဆရာဝန်တောင် မလိုတော့ဘူး ထင်ပါရဲ့။ သေသေရှင်ရှင် ပစ်ထားခဲ့ကြတာ။ ဒီကောင်တွေဘဝက လက်နက်ချပြန်ရင်လည်း ကိုယ့်ထဲက ရိက္ခာမျှကျွေးရသေး။ လက်နက်မချပဲ မသေမချင်းတိုက်နေပြန်တော့လည်း ဦးနှောက်မရှိတဲ့ ဂိတ်ဆုံးပိန်းတွေမို့ ကိစ္စပြတ်အောင် ပွဲသိမ်းပေးရဦးမှာ။ စိတ်မချမ်းသာစရာတွေပါ။ သူတို့ကြက်ဖရှုံးရှုံး ကြေးဖလားနဲ့ ကြက်သားတုံးတဲ့။ ဟင်းအိုးထဲရောက်မယ့် ပြုတ်မနူးတွေပါကွာ။

သင်တန်းကျောင်းကတော့ ပြီးကာနီးနေပါပြီ။ သင်ထားတာလည်း တော်တော် အရှိန်ရနေပြီ။ ကချင်ပြည်နယ် တောထဲတောင်ထဲက ကလေးတွေလည်း မလေးရှားရောက်နေသူ ကိုယ့်အမကြီး ဗီဒီယိုနဲ့ သရုပ်ပြပေးတဲ့ ကလေးမီးဖွားနည်း သင်ခန်းစာတွေ လေ့လာသင်ကြားလို့ ရနေပါတယ်။ ခေတ်ကြီးက အင်မတန် လွယ်ကူနေမှပဲဟာ။ ကိုယ်တို့တုန်းကလို နယ်ထွက်ရတိုင်း textbook တွေ သံသေတ္တာနဲ့တစ်လုံး သယ်စရာ မလိုတော့ဘူး။ ဘာပဲလိုလို online platform ပေါ် တက်ရှာတတ်အောင် ပြထားပေးတယ်။ Starlink သုံးတာ ကျပ်မပြည့်တဲ့သူတွေ ကျွမ်းထိုးပြတာ ကြည့်ဖို့သက်သက် မဟုတ်ဘူး။ တို့ဆီက PDF တွေက အဲ့လောက် မပိန်းပါဘူး။ အဲ့ပေါ်ကကြည့်ပြီး drone တွေတောင် ကိုယ့်ဘာသာ ဆင်တတ်ပါတယ်။ ရုရှားပြန်တွေလို အားနေ အောကားဒေါင်းနေတာမှ မဟုတ်တာ။ သေနတ်ကိုင်တာချင်းသာ တူချင်တူမယ်။ အခွင့်အရေးလိုချင်လို့ လမ်းစရှာတဲ့သူနဲ့ အရာအားလုံးစွန့်ပြီး တိုက်ပွဲဝင်တဲ့သူ စိတ်ဓါတ်ရေးရာမှာ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ရန်ကုန်ကလူတွေ စုဆောင်းရေးထဲအဆွဲခံရရင် သိန်းငါးဆယ် တစ်ရာပေးပြီး ပြန်ရွေးထုတ်နေကြရသတဲ့လား။ ကိုယ့်ဆီက နာဂ PDF ကလေးကတော့ သူ့အဖေဆီက အမွေရတဲ့ လယ်ကွက်ကလေးကိုရောင်းပြီး ကိုယ့်သေနတ်ကိုယ်ဝယ်ကိုင်ရင်း NPDF ထဲ ဝင်ခဲ့တာပါ။ ရှေ့တန်းမှာ သူ့မျက်စိအောက်တင် သူငယ်ချင်း ရဲဘော်တွေ ကျဆုံးသွားလို့ စိတ်ဒဏ်ရာ PTSD ရနေပေမယ့်လည်း ကိုယ်တို့ဆီမှာပဲ online consultation ယူပြီး ဆေးသင်တန်းတက်နေပါတယ်။ ကြောက်လန့်ပြီး စိတ်ဓါတ်ကျပြီး အိမ်ပြန်သွားမယ့်သူတော့ မဟုတ်ပါဘူး။ တူရာတူရာ စုကြတဲ့သဘောအရ ကိုယ့်ဆီရောက်လာတာလည်း ကိုယ်နဲ့စိတ်တူကိုယ်တူ ရှိလို့သာ ဖြစ်မှာပါလေ။ ယုန်လေးတို့၊ ဒိန်းဒေါင်တို့နဲ့ ဆုံရအောင် အမျိုးသားအားကစားပွဲတော်မှ မဟုတ်ပဲ။

ဒီနေ့တော့ ဆေးရုံဖွင့်တာ ၃ နှစ်ပြည့် အလှူလုပ်ဖြစ်ပါတယ်။ နှစ်တိုင်းလှူနေကျ သူငယ်ချင်းကြီးက ခုနှစ်လည်း ဆက်လှူချင်ပါသတဲ့။ တခြားက အလှူရှင်တွေလည်း ရလာတော့ အလုပ်များသော်ငြား ဖြစ်အောင်တော့ ကြိုးစားဦးမယ် စိတ်ကူးတယ်။ လွယ်တာတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ကြိုးစားရတာပ။ သင်တန်းကျောင်းက ကလေးတွေပါ ထည့်တွက်ရင် လူ ၃၀၀ စာလောက် ပြင်ဆင်ထားမှ ရတယ်။ ကိုယ်တို့က မချက်နိုင်ဘူး။ ဆေးရုံမှာ လူနာတွေ အပြည့်နဲ့။ ရွာက ဥက္ကဌလက်ထဲပဲ အပ်လိုက်တယ်။ ခက်တာက ခရစ္စမတ်နေ့ကြီး လူစုလူဝေးနဲ့ အလှူလုပ်ရင် ဒေဝဒတ် သားမြေးများက ဗုံးလာကျဲမှာဗျ။ သင်တန်းကျောင်းက ကလေးတွေ ဆင်းလာရင် ပိုဆိုးမှာ။ ပဇီကြီး နဲ့ အနန့်ပါ လိုတော့ အဖြစ်မခံနိုင်။ ကဲဗျာ။ ရွာထဲက လှည်းဆင့်ပြီး Food Panda နဲ့ အရောက်ပို့တာ ကောင်းပါတယ်။ နို့မို့ သူတို့လည်း အစားတလုပ်နဲ့ တစ်နာရီကျော် တောနင်းလာရမှာ။ ဆေးရုံတက်နေတဲ့ လူနာတွေလည်း ဆေးရုံမှာပဲ ကျွေးလိုက်ပါတယ်။ ကိုယ်တွေက ဆွမ်းကပ် တရားနာ လုပ်ရုံသာ လိုတယ်။ ပြန်လာတော့ မောမောနဲ့ ခွဲခန်း ဆက်ဝင် ကြတယ်လေ။ Acute abdomen နဲ့ လူနာတစ်ယောက်။ စောင့်ကြည့်ရင်း မသက်သာလို့ ခွဲလိုက်တော့မယ် ဆို ချက်ချင်းပြင်ကြတာ။ ခွဲမိပေလို့ပေါ့။ ဆက်စောင့်ရင် နစ်တော့မယ့်လှေ။ ဒီမှာလည်း လူနာက ill ဖြစ်လို့ မေ့ဆေးဆရာဝန်နဲ့ ပြမှရမယ်။ ဖုန်းလိုင်းက ဘယ်တုန်းကမှ မမိ။ လိုင်းပေါ်တက် လူရှာပြန်တော့လည်း အထဲကလူဆိုတာ အပြင်ထွက်ရင် VPN မပါတဲ့ ဖုန်းနဲ့မှ သွားလို့လာလို့ရတော့ ဘယ်ခေါ်ရမှာလဲ။ နိုင်ငံခြားကလူကျတော့လည်း သူတို့ဆီမှာ အိပ်ချိန်ဆိုတော့ အားနာရတယ်။ တတ်နိုင်ပါဘူး။ အားနာနာနဲ့ ခေါ်ရတာပါပဲ။ အဓိက က ပြန်မနိုးမှာ ကြောက် တာကိုး။ အဲ့ဒါကြောင့်ပြောတာ။ အလှူနေ့မို့လည်း မနားရပါဘူး။ စာသင်သွားတဲ့နေ့မို့လည်း မနားရပါဘူး။ ဒါပြီးမှ နားမယ် ဆိုတဲ့အလုပ်တွေဟာ ပြီးသာသွားတယ်။ တစ်ခါမှလည်း ဟုတ္တိပတ္တိ မနားခဲ့ရဘူး။ ဒီတော်လှန်ရေးကြီး ပြီးမှ နားလို့ရမှာ။ ပြီးလုပြီ။ ပြီးချင်ပြီ။ ပြီးတော့မှာပါလေ။

တခြားနေရာတွေမှာ ဘယ်လိုရှိမှန်း မသိပေမယ့် ကချင်စစ်မျက်နှာမှာ ကိုယ်တွေဘက်က ရှုံးပွဲမရှိတာ လက်တွေ့မျက်မြင်ပါပဲ။ စကစအုပ်ချုပ်ရေးပျက်သွားတဲ့နေရာမှာ KIO အုပ်ချုပ်ရေး ဝင်အထိုင်ချနေရတာမို့ ဖြည်းဖြည်းချင်းသွားနေတာ။ တရုတ်အစိုးရက အတိအလင်း ဖိအားပေးတာတောင်မှ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေတဲ့သူတွေပါ။ ရခိုင်မှာကတော့ တိုင်းစစ်ဌာနချုပ် တစ်ခုလုံး လက်ရသိမ်းထားနိုင်ခဲ့တယ်။ တခြား ဘယ်နေရာမှာ သူတို့နိုင်သလဲ ကြည့်ရင် ဘယ်နေရာမှာမှ မနိုင်ဘူး။ စစ်ရေးအရဆို နာလံကိုမထူနိုင်တော့တာ။ ဒါကြောင့်မို့ ကလိမ်ကကျစ် ညစ်နည်းပေါင်းစုံနဲ့ ရလိုရငြား ကြိုးစားနေရတဲ့ အခြေအနေ ရှိပါတယ်။ အယ်ဇိုင်းမားရတဲ့အဖိုးကြီးဆီက အကွက်ဟောင်းပုဆိုးစုတ်ကြီး ထခြုံနေရင် လုံလှပြီ မထင်နဲ့။ ကားမှတ်တိုင်ရှေ့ ထီးဖုန်းကြီးနဲ့ မူယာဖြူပြာ သွက်သွက်ခါ လုပ်တဲ့ခေတ်က ကျန်ခဲ့ပြီ။ ကမ္ဘာပေါ်မှာ စောင်ဆရာကြီးတွေ အပေါဆုံးတိုင်းပြည်က ကျုပ်တို့တိုင်းပြည်ပဲ။ ပေါလွန်းလို့ တိုင်ပတ်နေပြီး ခုထက်ထိ မပြီးနိုင်တာ သိရဲ့လား။ စစ်ရေးအခြေအနေတွေ စောင်တတ်ကြီးလုပ်ပြီး ဝင်မငံတော့ဘူး။ သိချင် ကွကို တက်ဖတ်ချေ။ အိုင်ပြောရရင်တော့ ရှင်းရှင်းလေး။ မင်းတို့ကို ပီဒက်တွေ ဝိုင်းထားပြီးပြီ။ အသက်မသေချင် လက်နက်ဖမ်းပြီး အချခံပါ။ မင်းတို့မိန်းမတွေ မုဆိုးမဖြစ်ကုန်တာ အောင်မြင့်မိုရ်မင်းတောင် ဒေဝါလီခံသွားရပြီ မဟုတ်လား။ အာချောင်ထားတဲ့ TikTok အဟောင်းတွေရှိရင် ဖျက်။ အခု ဖျက်။ စွခွက် ဖြတ်အရိုက်ခံရမယ်။ ငမြွေဒိုးမျိုး။ ဒါမျိုးတွေ တစ်သက်လုံး အပြောအဆိုခံလာခဲ့ရတာ အခုမှပဲ ငါတို့အလှည့်ရောက်တော့တယ်။ ဖြေးဖြေးပြေးပါဟ။ ခရစ္စမတ်လက်ဆောင်လေးတောင် မပေးလိုက်ရ။

ယေရှုမွေးနေ့ ခရစ္စမတ်ခါတော်မှာ

ချားလ်မောင်ဘိုကြီးက မအလ ကို

နောက်ဆုံးညစာ တည်ခင်းဧည့်ခံသတဲ့။ တနိုင်ငံလုံးက ယုံကြည်သူတွေခမျာမတော့ ဗုံးခိုကျင်းထဲကနေ Merry Christmas ဆုတောင်းကြရရှာတယ်။ ဝတ်ပြုဆုတောင်းရာ ဘုရားကျောင်းတွေလည်း စစ်ဒဏ်ဗုံးဒဏ် အခံရဆုံး သာသနိကအဆောက်အဦတွေ၊ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံရာစခန်းတွေ ဖြစ်ခဲ့ပြီကိုး။ အေးလေ ကက်သလစ် သာသနာပိုင်ဆိုတာလည်း စာသင်သားတွေ စုဆောင်းရေးပို့ပေးမယ် ဆိုတဲ့ ရွှေကျင်သာသနာပိုင်ကြီးလောက်တော့ မဆိုးသေးပါဘူး။ ဆေးရုံက အရိုးကျိုးလူနာတွေဟာ အလွန်ဆုံး ၆ လ၊ တစ်နှစ်ဆိုရင် အကောင်းတိုင်ပြန်ဆက်နိုင်ပေမယ့် ယုံကြည်မှု သဒ္ဓါတရားတွေ ကျိုးပဲ့ကုန်ရင် တသက်လုံးပြန်ဆက်ဖို့ ခက်တယ်။ ကိုယ့်ကျောင်းမှာ ပြည့်စုံပေမယ့် တနိုင်ငံလုံးက ရဟန်းသံဃာတွေ ကြပ်တည်းဆင်းရဲအောင်လုပ်တာ သာသနာပြုတယ် မခေါ်ပါဘူး။ လူဝတ်ကြောင် စာချလို့မှ တရားမရနိုင်တဲ့ ကိုယ့်အဖြစ်ကိုယ် စဉ်းစားချင့်ချိန်ပါဦး။

ဒီကာလအရောက်မှာ ကိုယ့်အတွက် ပြောင်းလဲသွားတဲ့ အတွေးအမြင်ကတော့ “ငါကိုးကွယ်တဲ့ ဘာသာကမှ အမှန်။ ကျန်တာအကုန် မိစ္ဆာဒိဌိ။” ဆိုတဲ့ အယူအစွဲ ကျွတ်သွားတာပါပဲ။ ဘုရားကျောင်းလည်း သွားတယ်။ “အာမင်” ပဲ။ ဓမ္မတေးတွေ နားထောင်တတ်တယ်။ ဓမ္မဆရာများ တရားလည်း နာယူတယ်။ ဘယ်ဘုရားမဆို ကောင်းစေချင်လို့ ဆုံးမလမ်းပြတာချည့်ပဲ။ လူတွေမိုက်တွင်းနက်တဲ့ကိစ္စ ဘယ်ဘုရားသခင်မှ ဆွဲထည့်စရာမလို။ YMBA တံဆိပ်ကြီးတန်းလန်းနဲ့ဆို ကြိုးစင်မတက်ရဘူး ထင်နေတာလား။ ရွှေတိဂုံဘုရားပေါ်တက်လို့ စိတ်နှလုံးအေးချမ်းသလို စိန်မေရီကသီဒရယ်ကြီးထဲရောက်ရင်လည်း စိတ်ဘဝင်ချမ်းမြေ့ရတာပဲ။ ငြိမ်းချမ်းခြင်းဆိုတာ လူတစ်ဦးနဲ့တစ်ဦး အမျက်အအီမရှိ၊ အမုန်းမပွါးကြတာကို ပြောတာလေ။ တရုတ်ကြီးက ကြိုးတုပ်ပြီး “အာဘွားပေးလိုက်။ လက်ဆွဲနှုတ်ဆက်” ဆိုရုံနဲ့ ငြိမ်းချမ်းရေးရမယ်ထင်ရင် ဝီဂါမူဆလင်တွေနဲ့ အရင်ညှိကြည့်ပါဦး။

ခရစ္စမတ် အချိန်ကာလမှာ ခရစ်ယာန်ဘာသာဝင် မိတ်ဆွေအပေါင်းတို့နဲ့ ခင်ခင်မင်မင် ဆုံရတွေ့ရတာ မင်္ဂလာရှိပါတယ်။ ကလေးလူကြီးတွေအားလုံး စားကောင်းသောက်ဖွယ်များ ဝလင်စွာ စားသောက်ကြရတယ်။ ဧည့်ကောင်းစောင်ကောင်းများကို တလေးတစား ဖိတ်ခေါ် ဧည့်ခံကြတယ်။ မိသားစုတတွေ တစုတည်းတပေါင်းတည်း ပြန်လည်ဆုံတွေ့ကြတယ်။ ကိုယ့်ဆေးရုံကလေးတောင် ၁ ရက်နေ့မှ စဖွင့်တာပေမယ့် ခရစ္စမတ်နေ့မှာ ကျွေးမွေးဧည့်ခံတယ်။ ဘုန်းကြီးဆွမ်းကပ်ပြီးတော့လေ။ ကွယ်လွန်သွားတဲ့ သူငယ်ချင်းမေမေကိုလည်း ကုသိုလ်အမျှပေးဝေရင်းနဲ့ပေါ့။ ဒီနေ့ဒီရက်အတွင်းမှာ ကလေးတွေအားလုံး ဗိုက်ပြည့်တယ်။ လူနာတွေအားလုံး ထမင်းဝတယ်။ သင်တန်းသားတွေ အားလုံးလည်း ဟင်းကောင်းစားရတယ်။ အရှင်မေရှိယ မွေးနေ့တော်မို့ ဆိုရင်လည်း အာမင်ပါ ခမျ။ စိတ်ချမ်းသာစရာ မကောင်းပါလားကွယ်။

အားလုံးပဲ “Merry Christmas” ပါနော့။