ချန်ဂင်တို့စခန်း (၃၁၅)

ရန်ကုန်မှာရှိတဲ့ ကိုယ့်မိတ်ဆွေသူငယ်ချင်းတစ်ယောက်က သူ့သားလေးကိုခေါ်ပြီး ကိုယ့်ဆီလာနေရမလား တိုင်ပင်တဲ့အခါ ကိုယ့်မှာ တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်။ ဖြစ်မှဖြစ်ရလေ။ သူတို့ တော်တော်ပူပန်နေရတာပဲ။ “လူပျို့မေမေ ဆန်တစ်အိပ်နဲ့ ရွှေမန်းဆိုတောင်တော်ရိပ် ပုန်းအိပ်လို့ခိုလှည့်ပါ” ဆိုတဲ့ခေတ်ကို ရောက်နေတာလား။ မိန်းကလေးတွေလက်ထဲ ပါသွားရင် ဘာအရေးလဲ။ အခုဟာက ဟိုခွေးသူတောင်းစားတွေလက်ထဲပါသွားရင် ရာဘတွေကျွေးပြီး အသေခံစစ်တိုက်ခိုင်းတော့မှာလေ။ ထော့ကျိုးထော့ကျိုးနဲ့ ကုန်းပိုးပြီး အလံဖြူထောင်ထွက်နိုင်အောင်တောင် မနည်းဆုတောင်းယူရမှာ။ ကိုယ့်သားကိုယ့်သမီးကိုယ် တယုတယပျိုးထောင်လာခဲ့တာ စစ်သားတွေအထုပ်ထမ်းဖို့ လူသားဒိုင်းကာလုပ်ဖို့တော့ မဟုတ်ပါဘူး။ သူ့လိုပဲ စစ်တပ်ဘက်မှာရောက်နေတဲ့ သူငယ်ချင်းသားသမီးတွေ လိုက်ရှာကြည့်တော့ အကုန် နိုင်ငံခြားမှာ ရောက်နေတာဗျ။ ကိုယ်တိုင်က ခုချိန်ထိ မအလမေတ္တာရိပ်အောက်မှာ ဘုရားစာလေးတွေ ရှဲပြီး မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ လုပ်နေပေမယ့် သားသမီးကျ လွတ်ရာကျွတ်ရာ ပို့ထားပြီးသားပါ။ အဖေနံမည်အတုနဲ့ အမေရိကား၊ အင်္ဂလန်ရောက်နေသူတွေတောင် နည်းတာမဟုတ်ဘူး။ ဟိုမှာ စာမေးပွဲဖြေ အလုပ်လုပ်နိုင်အောင် recommendation letter တွေ၊ good standing certificate တွေ လာလာတောင်းနေတာတောင် ခဏခဏ။ ဂျပန်မှာ ကျောင်းတက်ရင်း မိဘအလုပ်အကိုင် သိသွားလို့ SP အလုပ်ခံရတာကြောင့် “မြန်မာတွေ စိတ်ကောင်းမရှိကြဘူး။ မနာလိုစိတ်အားကြီးတယ်။” လို့ ပြစ်တင်ရှုံ့ချတာလည်း ကြားလိုက်မိပါတယ်။ အေးလေ။ အပင်မြင့်လို့ လေတိုက်ခံရတာပေါ့။ သူတို့သားသမီးမဟုတ်ရင် ခုချိန်မှာ passport စာအုပ်လုပ်ဖို့တောင် လွယ်တဲ့ကိစ္စမဟုတ်။ အဲ့ဒီကလေးတွေက နိုင်ငံခြားမထွက်လည်း ပြည်တွင်းမှာနေရင် ရွှေပေါ်မြတင်ထားထားတာ။ လူတကာမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်လို့ရတယ်။ ဖူးပွင့်ငုံဝေ ရွှေရွှေနှင်းဆီ ချူချင်သူတွေ ပေါလှပေသည်ပဲ။ ယူတို့တွေ အမျိုးဂုဏ် ဇာတိဂုဏ် တင့်တယ်စေချင်လို့သာ မြန်မာနိုင်ငံသားရယ်လို့ ဝင့်ထယ်ပြတာ။ မနာလိုမရှိကြပါနဲ့ကွယ်။

အင်းပါ။ သူများသားသမီး ပညာတတ်ကြီးဖြစ်တာ မုဒိတာ ပွါးဆိုလည်း ပွါးလိုက်ရုံပေါ့။ ကိုယ့်ကိစ္စမှ မဟုတ်တာ။ အခု ကိုယ့်သားသမီး စုဆောင်းရေးထဲပါမသွားအောင် ဘယ်မှာသွားထားမလဲ ဆိုတာကသာ ပြဿနာ။ အုပ်ကြီးတွေ ဆယ်အိမ်ခေါင်းတွေကို ပေးကာကမ်းကာ မျက်နှာနာအောင် ပေါင်းလာခဲ့တာလည်း အလကားပဲ။ အထက်က အိမ်ထောင်စုစာရင်းကြီးနဲ့ ၁၈-၂၅ တွေ မင်နီတားပြီး ရအောင်ခေါ်ခိုင်းတာတဲ့။ ဒီတစ်ခါတော့ ညှိလို့မရတော့ဘူး လို့ ဆိုတယ်။ အိမ်ရှေ့မှာ စစ်ကားလာရပ်ရင် ၊ ညဘက်ကြီး ဧည့်စာရင်းလာစစ်ရင်ကို “ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်” ဆို အသည်းတုန် အူတုန် ဖြစ်နေရတဲ့ ဘဝ။ ၈၈ တုန်းက ကိုယ့်သူငယ်ချင်းတွေ တောခိုတယ်ဆိုတာ အိမ်ကမသိအောင် တိတ်တိတ်ကလေးထွက်တာ။ ကြင်စိုးလက်ထက်ရောက်မှပဲ မိဘတွေကိုယ်တိုင် တောထဲထိ လိုက်ပို့ရတော့မယ်။ နေစမ်းပါဦးကွယ်။ စစ်သားစုဆောင်းတာ စကစအတွက်လား၊ တော်လှန်ရေးဘက်ကိုလား။ သူ တစ်ခါတစ်ခါ စုလိုက်တိုင်း ဒီဘက်မှာ တပ်သားသစ်တွေ ပုံပုံလာရော။

ကိုယ့်ဆီမှာ လာနေချင်တယ်၊ ကိုယ့်ဆေးရုံမှာ အလုပ်လာလုပ်ချင်တယ် ဆိုတာ သူတို့တွေ ပေါ်တာမဆွဲခင်၊ စုဆောင်းရေး မလုပ်ခင်ကတည်းကပါလေ။ ရွာက ဆွေမျိုးသားချင်းတွေလည်း လာချင်တယ် လို့ ပြောတာ ခဏခဏ။ အပြင်မှာ တစ်ခါမှ မသိမကျွမ်းဖူးပဲ Facebook ပေါ်ကစာတွေဖတ်ပြီး ယုံယုံကြည်ကြည်နဲ့ ကိုယ့်ဆီမှာ အလုပ်လာလုပ်နေတဲ့သူတွေလည်း ရှိတာပဲ။ ကိုယ့်ဆီလာမယ်ဆိုတဲ့သူတိုင်းကို မလာခင်မှာ အခါခါစဉ်းစားခိုင်းတာကတော့ “နေနိုင်ပါ့မလား” ဆိုတဲ့အချက်ရယ်၊ “ဘေးကင်းရန်ကင်းတော့ မဟုတ်ဘူး” ဆိုတဲ့ အချက်ရယ်ပါ။ တောထဲမှာ ပြောင် ဆင် ကျားရဲ အမြဲမတွေ့နိုင်ပေမယ့်လည်း ဖြုတ်ကိုက်၊ ခြင်ကိုက်၊ မျှော့တွယ်၊ ကျွတ်တွယ်ဆိုတာ ရှောင်လွှဲလို့ မရပါဘူး။ ရောက်ကာစမှာ ငိုချင်လာအောင်ကို စိတ်ညစ်ရတာပါ။ အစားအသောက်ကလည်း ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့အရပ်။ ဒီအခြေအနေက ကိုယ်တိုင်လည်း ကျော်ဖြတ်ခဲ့ရတယ်။ လက်ရှိလည်း ရုန်းကန်နေရတယ်။ ကိုယ်နေသလိုနေ၊ ကိုယ်စားသလို စားနိုင်မယ် ဆိုရင်တော့ အဆင်ပြေပါလိမ့်မယ်။ ဆေးရုံမှာ ကိုယ်တို့အားလုံး တစ်အိုးတည်း တစ်ဝိုင်းတည်း စားတာပါ။ ခွဲခြားသိမ်းချန်ထားတာ မရှိပါဘူး။ ဒီ့ထက်အရေးကြီးတာကတော့ လေယာဉ်လာပါတယ်။ ကိုယ်တိုင်လည်း ကျင်းထဲဆင်းရှောင်နေ၊ လေယာဉ်ပြန်မှ အလုပ်လာလုပ်တဲ့ အကျင့်ရနေပါပြီ။ ခုထက်ထိတော့ ဘေးကင်းနေသားပဲ။ နောက်ကိစ္စတော့ မပြောတတ်။ ရန်ကုန်မှာနေတာ ဒီမှာထက် အန္တရာယ်များရင်တော့ လာသာလာခဲ့။ မလေးကနေ “အကို့ဆီလာချင်လို့” ဆိုတဲ့ ကလေးတွေကိုတော့ သူတို့မိဘတွေကို စာနာထောက်ထားသောအားဖြင့် ဖျောင်းဖြထားရတယ်။ ဒါတောင် တန်တောက်ဆင်းကလာတဲ့ ဆရာမတစ်ယောက် ကိုယ့်ဆေးရုံမှာ ပျော်ရွှင်စွာ လုပ်အားပေးလျက် ရှိပါတယ်။ ကိုယ့်ဆီလာမယ့်သူတွေကို ကိုယ့်ဘက်က လက်မခံနိုင်စရာ အကြောင်း မရှိပါဘူး။ သူတို့ဘက်က မနေနိုင်မှာကိုပဲ စိုးပါတယ်။ အလာကြီးလာပြီးမှ အထင်နဲ့ အမြင်နဲ့ တခြားစီပဲ လို့ စိတ်ပျက်မသွားရအောင် အရာအားလုံး စိတ်ရင်းအတိုင်း ပွင့်ပွင့်လင်းလင်းပဲ ပြောထားတယ်။ အစကတည်းက စိတ်ပျက်ပြီး မလာချင်အောင် ပြောစရာအကြောင်းတော့ ရှိပါ့မလား။ လူက လိုနေတဲ့ဟာကို။ ကိုယ်က အတင်းအကြပ် မစုဆောင်းသော်ငြား ကြင်စိုးက အတင်းစုဆောင်းပေးလို့ ကိုယ့်ဆီရောက်လာတော့လည်း အေးတာပဲ။ ပြန်မရမယ့်သူမို့ မဖြစ်ဖြစ်အောင် နေလိမ့်မယ်။

ကိုယ့်ဆီမှာ နေနိုင်ဖို့၊ နေပျော်ဖို့ဆိုတာ “တခြားရွေးစရာ မရှိဘူး။ ဒီကိုမှ ရှောင်မလာရင် စုဆောင်းရေးထဲပါတော့မယ်၊ ပေါ်တာအဆွဲခံတော့မယ်” ဆိုတာမျိုးနဲ့ဆို သိပ်ကိုအဆင်ပြေပါတယ်။ ဒီဘက်မှာလည်း KIA က၊ SNA က စုဆောင်းရေးတွေ ခေါ်ယူနေတာ ရှိသော်ငြားလည်း ကိုယ့်မျက်နှာပြလိုက်ရင် အိုကေတယ်။ ရွာထဲမှာ စုဆောင်းရေး လိုက်ဆွဲတိုင်း ဆေးရုံမှာ လာရှောင်နေကြတဲ့ကလေးတွေ ရှိတာပဲ။ မိဘတွေကိုယ်တိုင် ဆေးရုံမှာ အလုပ်လုပ်ပါရစေ ဆိုပြီး လာအပ်ထားတာလည်း ရှိတယ်။ ဒါကြောင့် ကိုယ့်ဆေးရုံမှာ လူ ၂၅-၃၀ အမြဲ အလုပ်လုပ်နေတာ။ ဈေးဖိုးတစ်ရက်စာကို တစ်သိန်းနီးနီး ကုန်ကျပေမယ့် ကိုယ်တို့ ကျွေးနိုင်ပါတယ်။ ဝိုင်းလုပ်ဝိုင်းစားပေါ့။ ပညာလည်း သင်ပေးနေတာပဲကို။ အနည်းဆုံးတော့ အဲ့ဒီကလေးတွေနဲ့ သူတို့မိသားစုတွေ စိတ်ထဲမှာ CDM လုပ်နေတဲ့ ဆရာဝန် ဆရာမတွေရဲ့ စိတ်ဓါတ်က ဘယ်လိုမျိုးလဲ၊ သူတို့က ဘယ်လိုအတန်းအစားမျိုးလဲ ကိုယ်တွေ့မျက်မြင် သဘောပေါက်သွားစေရမယ်။ ဟိုဘက်က စစ်သားတွေ ဘယ်လိုအောက်တန်းကျသလဲ ကိုယ်တို့လိုက် သက်သေပြစရာ မလိုဘူး။ လူတွေက ကိုယ့်ထိမှ ကိုယ်နာတတ်တဲ့ အမျိုးအစားလေ။ အခု စစ်တပ်က အတင်းအဓမ္မ စစ်သားစုဆောင်းလို့ ကိုယ့်သားသမီးလေးတွေ ရှေ့ရေး စိတ်မအေးဖြစ်နေပြီလား။ ဒီကို ရောက်အောင်သာ လာခဲ့ပါ။ အဲ့ဒီကိစ္စအတွက်တော့ တာဝန်ယူတယ်။ ကိုယ်နေသလို နေရမယ်။ ကိုယ်စားသလို စားရမယ်။ ကိုယ့်ဆေးရုံကမို့ မညှိုးငယ်စေရဘူး။ ဂုဏ်ယူစွာ မော်ကြွားလို့ ရစေ့မယ်။

အဲ့သလိုဆိုလည်း ကိုယ့်သားသမီးကိုယ် အရင်ခေါ်ပါဦး လို့ ဆိုဦးမှာလား။ အဲ့ဒီကိစ္စ အစောကြီးကတည်းက ရှင်းအောင် ကြိုမေးထားပြီးသားပါ။ အခြေအနေကတော့ ဒီလိုဒီလိုပဲ ရှိတယ်။ နေနိုင်မှာလား။ နေနိုင်ပါ့မလား။ အဲ့ဒါသေချာတော့မှ လာခဲ့။ “မနေချင်ဘူး။ ပြန်မယ်။” ဆိုမှ အိမ်ပြန်ပို့ပေးလို့ လွယ်တဲ့နေရာ မဟုတ်ဘူး။ တောထဲက ဘဝဟာ အမြင်မှာ သာယာပေမယ့် လက်တွေ့မှာ ခက်ခဲတယ်။ အသက်အန္တရာယ်လည်း နီးတဲ့အတွက် တော်လှန်ရေးနဲ့ပါတ်သက်ပြီး ယုံကြည်ချက်၊ ခံယူချက် မရှိရင် ဆက်နေနိုင်မှာ မဟုတ်ဘူး။ ကိုယ့်သမီးဟာ ကိုယ်နေသလိုစားသလို မနေနိုင်မစားနိုင်တာ သိပ်ကိုသေချာနေတဲ့အတွက် ကိုယ်က လာပါ လို့ မခေါ်သလို သူကလည်း လာမယ် လို့ မပြောပါဘူး။ ဒါကြောင့် သူရောကိုယ်ရော စဉ်းစားစရာ မလိုဘူး။ အခု လာချင်တယ် ဆိုတဲ့သူသာ ကိုယ့်ဘာသာ စဉ်းစားရမယ့်ကိစ္စ။ မိဘက တိုက်တွန်းလို့ မဟုတ်ပဲ ကာယကံရှင်ကိုယ်တိုင်ဆီက informed consent ရဖို့လိုတယ်။ ခုခေတ်ကလေးတွေကို လျှော့မတွက်ပါဘူး။ ဒါပေမယ့် “တစ်ယောက်တည်း ခံစားနေရ။ အမေ့သားတွေ သမီးတွေ ကလပ်မှာ က က က က” ဆိုတဲ့ကလေးမျိုးတော့ မလာစေချင်ဘူး။ ကိုယ့်နေရာက မဲဆောက်၊ ချင်းမိုင် မဟုတ်ဘူး လို့တော့ သိစေချင်တယ်။

လူငယ်တွေရဲ့ ဘဝဟာ နေစရာ စားစရာလေး လိုလေသေးမရှိ ပြည့်စုံနေရုံနဲ့ လောကနိဗ္ဗာန် လို့ မဆိုနိုင်ပါဘူး။ ကိုယ့်တိုင်းပြည်အခြေအနေက နေရေးစားရေးကို ကြပ်တည်းလွန်းလို့သာ ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးချိန် မရတာ။ သူတို့ဘဝက အနာဂတ်တွေ အများကြီး ကျန်သေးတယ်။အဲ့ဒီအနာဂတ်တိုးတက်ရာတိုးတက်ကြောင်း မကြည့်ပဲ ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ဆို ကိုယ့်ဆီလာနေတဲ့အချိန်တွေဟာ လှေကြုံစီးရင်း ရေစုန်မျောရသလို အချည်းနှီး အကျိုးမဲ့ဖြစ်သွားမှာပေါ့။ ကိုယ့်သားသမီး မဟုတ်သော်ငြားလည်း သားသမီးချင်းစာနာတဲ့အတွက် ပုဇွန်တောင် ကြည့်မြင်တိုင်သူ နဲ့ နန်းတော်ရှေ့ရပ်သူတွေကို ရွှေဘိုသနပ်ခါးလေး မက်လုံးပေးပြီး မခေါ်လိုပါဘူး။ ကိုယ့်ဆီမှာ လာနေသခိုက် ကိုယ်တတ်သမျှမှတ်သမျှ မချွင်းမချန် သင်ပြပေးသော်ငြားလည်း တောထဲကပေါက်တဲ့ဥမို့ တန်းမဝင်တော်မဝင် အနှိမ်ခံရမှာစိုးလို့ ကိုယ်ကချည့်ပဲ လိုက်ရန်စွာ ထားရတာလည်း ခဏခဏ။ ဖားကန့်မှာ ကျောက်တိုင်းက အောင်တာမှတ်လို့။ ဆရာစိုးဆီက ထွက်တဲ့ကျောက်ကတော့ အကုန်အောင်မှဖြစ်မယ်လေ။ အချိန်က စကားပြောလိမ့်မယ်။ စောင့်ကြည့်လိုက်။ သူကိုယ်တိုင်တောင် အထဲမှာ ကျောက်အောင်ထားတာ ခုထက်ထိ မထုတ်ရသေးဘူး။

လူတစ်ယောက် နဲ့ တစ်ယောက် မခွဲမခွါ အစေးကပ်ကပ် အတူနေနိုင်ဖို့ဆိုတာ ပိုက်ဆံငွေကြေး ပြည့်စုံနေရုံနဲ့လည်း မရဘူး။ ပညာဂုဏ်ဒြပ်တွေနဲ့ တုပ်နှောင်ထားလို့လည်း မရဘူး။ တစ်ဦးအပေါ်တစ်ဦး mutual respect နဲ့ ချစ်ခြင်းမေတ္တာ အပြန်အလှန် ရှိမှသာ ရေရှည်လက်တွဲလို့ ရနိုင်ပါတယ်။ အဲ့ဒါ ကိုယ့်အိမ်ထောင်ဖက်ဆီကမှ ရနိုင်တာ၊ ကိုယ့်သားသမီးဆီကမှ ရနိုင်တာ မဟုတ်ဘူးလေ။ Loki ဆီကလည်း ရတယ်။ Sophie ဆီကလည်း ရတယ်။ လိုက်ခဲ့ လာခဲ့ လို့ ခေါ်စရာကို မလိုတာ။ ကိုယ့်နောက်မှာ တကောက်ကောက်ပါနေတဲ့ တပည့်ကောင်းလေး ရှိပါတယ်။ ကိုယ်မလုပ်တတ်တဲ့၊ ကိုယ်မလုပ်နိုင်တဲ့ အလုပ်တွေ အကုန်လုံး လုပ်ပေးတယ်။ ကိုယ့်ဆီမှာ သူ့အတွက် ဘာအကျိုးအမြတ်မှ ရစရာ မရှိဘူး။ ဒါပေမယ့် ကိုယ့်ဘဝရဲ့ တော်လှန်ရေးကာလ ရုန်းကန်လှုပ်ရှားမှုအားလုံးကို အစကအဆုံးထိ သူ witness လုပ်ထားတယ်။ ကိုယ့်ယုံကြည်ချက်က ဘာလဲ။ ကိုယ့်အတွေးအမြင် ဘယ်လိုရှိသလဲ။ ကိုယ် ဘယ်လို ရင်ဆိုင် ဖြတ်သန်းသလဲ သူအားလုံးသိတယ်။ “အဲ့ဒါ ဘာလုပ်ရမှာလဲ” လို့ သူများတွေက ပြောချင်ပြောမှာပေါ့။ သူ့အတွက်တော့ အဲ့ဒီဟာကို တန်ဖိုးထားလို့ ဒီထိအောင်လိုက်လာခဲ့တာပဲ။ ချစ်ခြင်းမေတ္တာမပါရင် ဒီလောက်ကြာကြာ မနေနိုင်လောက်ဘူး။ ကိုယ့်ဆေးရုံမှာ လာအလုပ်လုပ်တဲ့ တခြားလူတွေလည်း အတူတူပါပဲ။ ရွှေတွေပေး ငွေတွေပေးပြီး ခန့်ထားတာမှ မဟုတ်တာ။ ကိုယ့်အပေါ် ချစ်ခင်လေးစားတဲ့စိတ် ရှိလို့သာ ကိုယ့်ဆီမှာလာနေပြီး အလုပ်အတူလုပ်ကြတာ။ ဒီဆေးရုံမှာ လုပ်နေလို့ သူတို့အနေအထိုင် အသွားအလာတွေ ဘေးမကင်းတော့တာလည်း ရှိတယ်။ သင်စရာရှိတာသင်၊ လိုချင်တာရရင် အိမ်ပြန်ပြီး တခြားမှာ လုပ်စားမယ်ဆို ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ လုပ်ငန်းခွင်ကို ပိုက်ဆံနဲ့ ချည်နှောင်ထားလို့ရှိရင် ကိုယ့်ဆီမှာထက် ပိုက်ဆံပိုရတဲ့ အခွင့်အလမ်းပေါ်တာနဲ့ နှစ်ခါမစဉ်းစားဘူး။

ကိုယ့်ဆေးရုံမှာ ကိုယ့်ကိုအထင်ကြီးလေးစားလို့ ကိုယ်နဲ့အတူ လာအလုပ်လုပ်ချင်တဲ့သူတွေကို “သူရေးတဲ့စာနဲ့ အပြင်မှာ တကယ် လုပ်ကိုင်နေတာနဲ့ တခြားစီပါလား။” ဆိုတဲ့ ခံစားချက် အတွေးအမြင်မျိုးတော့ မပေးလိုပါဘူး။ “Evil has two faces.” လို့ ပြောပေမယ့် ဆရာစိုးမှာတော့ သည်တစ်မျက်နှာပဲ ရှိပါတယ်။ virtual ရော actual ရော အတူတူပါပဲ။ effect သုံးမထားဘူး။ မျက်စိထဲ ချောတယ်ထင်လည်း ပင်ကိုယ်ချော လို့သာ မှတ်လိုက်တော့။ လူတွေကို ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မဆက်ဆံချင်လို့၊ ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး အချိုးမပြောင်းချင်လို့၊ ကိုယ်ရေးတဲ့စာနဲ့ အပြင်မှာရှိတဲ့လူနဲ့ တခြားစီ ဖြစ်နေမစိုးလို့၊ အရာအားလုံးကို နှုန်းကိုက်စံကိုက် ဇလုပ်တိုက်ပြီး တသမတ်တည်း ထားပါတယ်။ ၂၀၁၀ တုန်းက စရေးခဲ့တဲ့စာနဲ့ အခုရေးနေတဲ့စာ ဘာတစ်ခုမှ ပြောင်းလဲသွားခြင်း မရှိပါဘူး။ ပို၍ပို၍ ကောင်းလာအောင် ကြိုးစားအားထုတ်မှုပဲ ရှိပါတယ်။

ကိုယ်တို့ဆီမှာက လူငယ်တွေ ဘာဖြစ်ချင်သလဲ။ ဘာကို စိတ်အားသန်သလဲ။ သိပ်မေးလေ့မရှိဘူး။ မိဘက သူဖြစ်ချင်တာ၊ သူလိုချင်တာကို ကိုယ့်သားသမီးဆီမှာ ပုံဖော်ယူတယ်။ ကလေးတွေက ကိုယ့်အိပ်မက် မဟုတ်ရင် စိတ်ထဲ စွဲစွဲမြဲမြဲ ဘယ်ရှိပါ့မလဲ။ ခုခေတ် Gen Z ကလေးတွေ မအလအောက်က ရုန်းထွက်ဖို့ ဘယ်သူကမှ တိုက်တွန်းနှိုးဆော်နေတာ မဟုတ်ဘူး။ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်မို့သာ စွန့်စားနိုင်တာ၊ စွန့်လွှတ်နိုင်တာ။ ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက် ဘယ်သူ့ကိုမဆို ချနင်းနိုင်တဲ့၊ ဘယ်သူ့ခြေထောက် အောက်မဆို ခေါင်းငုံ့ဝင်နိုင်တဲ့ လူငယ်တွေကတော့ ဒီလမ်းကို မလျှောက်တာ သေချာပါတယ်။ ဒါပေမယ့် အဲ့သလိုလုပ်နိုင်တဲ့သူတွေကပဲ သူတို့မျက်စိရှေ့မှာ နိုင်ငံခြားက ဘွဲ့တွေယူ၊ အလုပ်တွေရ၊ ပြန်ဝင်လာရင် ကိုတတ်ပ မတတ်ပကြီးတွေအဖြစ် လူတကာအထင်ကြီးလေးစားကြ ဆိုတာမျိုးတွေ တွေ့လာရင် သူတို့လည်း ဟုတ်နိုးယောင်ထင်ကြမှာ စိုးပါတယ်။ မိဘတွေကိုယ်တိုင်က “ဟိုမှာကြည့်စမ်း။ မင်းသူငယ်ချင်းတွေ ဘာဖြစ်ကုန်ပြီ။ တွေ့လား။” ဆိုတာမျိုး နှိုင်းယှဉ်ပြတဲ့အခါ ကိုယ်ယုံကြည်လို့ လျှောက်ခဲ့တဲ့လမ်းကို “မှားများမှားပြီလား” လို့ သံသယ မဝင်စေချင်ဘူး။ လူ့ဘဝကြီးရဲ့ ရည်မှန်းချက်ဟာ အင်္ဂလန်မှာ Fellowship အောင်ပြီး Consultant ဖြစ်မှ ပန်းတိုင်ရောက်တာ မဟုတ်ပါဘူး။ ကျိုက်ထီးရိုးဘုရားကို ဟယ်လီကော်ပတာနဲ့လည်း တက်ကြတယ်။ ကောင်းကင်ရထားနဲ့လည်း လည်ကြတယ်။ တောင်တက်ကားနဲ့များဆို နာရီပိုင်းအတွင်းရောက်တယ်။ ဘယ်လိုရောက်ရောက် ဘုရားရှိခိုး၊ ဦးချပြီး ပြန်လာတာချင်း အတူတူပါပဲ။ ချက်ချင်းသွားချင် ချက်ချင်းရောက်တာ အချိန်ကုန်လူပန်းသက်သာတယ် ဆိုပေမယ့် ဟိုးအရင်တုန်းက ချမ်းချမ်းစီးစီး မီးဒုတ်ကြီးတွေကိုင်ပြီး တစ်ညလုံးတက်ရတဲ့ အရသာကို ဘယ်ဟာမှ မမီပါဘူး။ ကိုယ်တို့အတန်းဖော် သူငယ်ချင်းတွေ အင်္ဂလန်၊ အမေရီးကားမှာ ပရော်ဖက်ဆာကြီးတွေ ဖြစ်နေတာကို ဝမ်းသာဂုဏ်ယူပေမယ့် “သူတို့ဘဝကမှ လူဖြစ်ကျိုးနပ်လေခြင်း၊ ငါတို့ဘဝက ဆင်းရဲနိမ့်ကျလေခြင်း” လို့ ဘယ်တုန်းကမှ စိတ်ပျက်အားငယ် မနေပါဘူး။ သူတို့မှာလည်း သူတို့အခက်အခဲတွေ၊ အနိမ့်အမြင့်အတက်အကျတွေ ရှိတယ်။ သူတို့ဒုက္ခနဲ့သူတို့။ ကိုယ့်မှာထက်တော့ လျော့မနေဘူး။ ငယ်ပေါင်းကြီးဖော်တွေမို့ အချင်းချင်းတွေ့ရင် ကျောင်းမှာတုန်းက အချိန်တွေလိုပဲ ခင်ခင်မင်မင် ဆက်ဆံကြတယ်။ ကိုယ် ဘယ်လိုလူစားလဲ ကျောင်းမှာကတည်းက သူတို့သိသလို သူတို့ ဘယ်လိုလူတွေမှန်းလည်း ကိုယ်သိပြီးသားလေ။ နောက်ဆုံးတော့ အားလုံးအတူတူပါပဲ။ ဟိတ်တွေဟန်တွေနဲ့ ကြွားဝါနေစရာမှ မလိုတာ။

ကိုယ်တွေဆီမှာ အတွေ့အကြုံလာယူနေတဲ့ အလုပ်သင်ဆရာဝန်ကလေးဟာ satisfactory completion ရဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်မှာ သူနဲ့အတန်းတူ သူငယ်ချင်းတွေ MSc တက်ပြီး အထူးကုဖြစ်ခါနီးနေပြီဆိုတာ တွေးမိရင် စိတ်အားငယ်ကောင်း ငယ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာ သင်ရင်းကျင့်ရင်း လက်တွေ့လုပ်ကိုင်နိုင်တဲ့ clinical skill & competency ကတော့ ဟိုကလေးတွေထက် လျော့မှာ မဟုတ်ပါဘူး။ အားသာချက်ကတော့ ကိုယ်က သူ့ရှေ့မှာ မဟုတ်က ဟုတ်ကတွေ ရှေ့ဆောင်လမ်းပြ လုပ်ပြတာမရှိတဲ့အတွက် နောင်အခါ လုပ်ငန်းခွင်မှာ မဟုတ်ကဟုတ်ကတွေ တွေ့လာမြင်လာရတဲ့အခါ အတုခိုးမမှားနိုင်တော့ပါဘူး။ ကိုယ့်ရဲ့ professional career မှာ မဟုတ်ကဟုတ်က လူတွေနဲ့ မတွေ့ဖို့မဆုံဖို့ဆိုတာ ဘယ်လောက် တောင့်တအပ်တဲ့ဆုတောင်းမှန်း နောင်ကျတော့ သိသွားပါလိမ့်မယ်။ သိပ်မကြာခင်ကာလမှာ ကိုယ်တိုင် အပင်ပန်းခံ သင်ကြားထားတဲ့ ဆေးတပ်သားကလေးတွေလည်း သင်တန်းဆင်းတော့မယ်။ ကချင်ပြည်နယ်မှာ ကိုယ်သင်ပေးပြပေးထားတဲ့ကလေးတွေ အယောက် ၂၀၀ လောက်တော့ ကျန်ရစ်ပါလိမ့်မယ်။ ဒေါက်တာဆီးဂရေ့ဗ်ရဲ့ နန့်ခမ်းဆေးရုံက ကျောက်တုံးကလေးတွေကို သွားကြည့်သလိုမျိုး နောင်အခါမှာ သူတို့ရဲ့ လုပ်ရည်ကိုင်ရည် အသိအလိမ်မာကိုမြင်ရင် ကိုယ့်ဆီက လက်ရာမှန်း အကဲခတ်နိုင်ပါလိမ့်မယ်။ ဆေးလောက က အကျယ်ကြီးပါ။ ဆရာကောင်း သမားကောင်းတွေလည်း အများကြီးတွေ့ဦးမှာပါ။ ကိုယ်က အဲဒီအထဲတောင် ပါချင်မှ ပါလိမ့်မယ်။ ဒါပေမယ့် ကလေးတွေကို မဟုတ်တာတွေ သင်မပေးတဲ့ဆရာ၊ လုပ်မပြတဲ့ ဆရာ လို့တော့ သူတို့ရင််ထဲမှာ စွဲမြဲကျန်ရစ်စေချင်ပါတယ်။ ဒီအပင်က သီးသွားလို့ ဒီလိုဗီဇလေးတွေ ပါသွားမယ် ဆိုရင်လည်း ကိုယ့်အဖို့က မတောင်းပဲပြည့်တဲ့ဆုတွေလို့ပဲ ယူဆလိုက်ပါ့မယ်လေ။

“လွယ်အိပ်တစ်လုံးနဲ့ ရွာစဉ်လည်

ချစ်သူမောင်ရယ်

ဆေးကုစားတဲ့ ယောဆရာလို့ပင်

ထင်ကြပေမယ်။

ပျိုသိက္ခာရှိအောင် စိတ်ဝယ်မှန်းကာ

နေစမ်းပါကွယ်။

အင်းအိုင်ခလှဲ့ လက်ဖွဲ့များနဲ့

ဆေးဝါး မပါတယ်။

ခုလိုနေတာ ဘာသဘောလဲ

ပြောစမ်းပါမောင်ရယ်။

ဘန်းစကားရယ် လမ်းသလားတယ်

မန္တယားဆို အဟုတ်ကို သူနားမလည်။”