ဆောင်းဝင်တော့ အေးလာပြီမို့ Sophie က အခန်းတံခါးလာလာခေါက်ပြီး ကုတင်ဘေးမှာ လာလာအိပ်ပါတယ်။ ကောဇောအခင်းလေးလည်းရှိ၊ အခန်းထဲမို့လို့ နွေးလည်းနွေးလို့ပါ။ Loki ကတော့ ပြန်မလာပဲ ဆေးရုံမှာပဲ အိပ်ပါတယ်။ ဟိုမှာက မိဖြူတို့ မိကျားတို့နဲ့ ဘယ်ညာရံအိပ်တော့ နွေးတယ် ထင်ပါရဲ့။ မနက် လူနာသွားသွားကြည့်တော့မှ အတင်းဖက်လျက်တက်ပြီး တကောက်ကောက်လိုက်တော့တယ်။ ထမင်းစားချိန်ဆို လိုက်ခေါ်မှလာတယ်။ ဒါတောင် သူ့ချည့်ပဲခေါ်ရင် သူ့ချစ်ချစ်တွေကို ပြန်ပြန်ပြေးခေါ်ရတာအမော။ စားတော့လည်း သူ့ဟာမတွေချည့် ဦးစားပေးတာဗျ။ ဒီကောင်ကြီးက အစားအသောက် မမက်တော့ဘူး။ ချစ်တာပဓါန ဖြစ်နေပြီ။ သူတို့မလည်း ကိုရီးယားဇာတ်လမ်းတွဲ ကျနေတာပါပဲ။ Sophie ကို ပလစ်တုန်းက ပလစ်သွားပေမယ့် တခြားကောင်တွေ လာရစ်တာကျလည်း မခံစားနိုင်ဘူး။ အတင်းကို ကိုက်လွှတ်တာ။ ငါ့ကောင်နှယ် လောဘကလည်း ကြီးပါ့။ သူ့အမြင်ကပ်လို့ Sophie ကို အခန်းထဲထည့်ပိတ်ထားရင် ဖွင့်မပေးမချင်း လူကို စကားတွေလာလာပြောပြီး မျက်နှာငယ်လေးနဲ့ “ဖွင့်ပေးပါ၊ ဖွင့်ပေးပါ” လာပူဆာတယ်။ သူပြောချင်တဲ့စကားကို တဘက်လူ နားမလည်မချင်း communicate လုပ်တာနော်။ အဲ့ကောင် သူ့ပြောတဲ့စကားလည်း နားလည်တယ်။ သူကလည်း ပြန်ပြောတတ်တယ်။
ဆေးရုံမှာ လူနာတွေ တရုံးရုံးနဲ့ဆိုတော့ သူတို့လည်း ကုတင်တကာပတ် ညာစားနေကြတာပေါ့လေ။ Loki တစ်ကောင် လူရည်လည်ပုံများတော့ ဒူဝါဒူဂျွန်လောက်မှ ပလူးပလဲလုပ်တာ။ ပီဒက်ဆို ချေလွှတ်တယ်။ ရွာထဲက လာသမျှ ကောင်တွေကို ချစ်သူသူရဲကောင်း လုပ်လွှတ်နေတော့ သူ့တကိုယ်လုံးမလည်း ဒဏ်ရာတွေချည့်ပဲ။ မတစ်ထောင် တစ်ကောင်ဘွား လုပ်ချင်တော့လည်း အဲ့သလောက်တော့ ခံရပေမပေါ့။ ဒင်းက ကိုယ်တို့အုပ်ချုပ်မှုအောက်မှာမနေပဲ ဆေးရုံမှာ ဖက်ဒရယ်စံနစ်နဲ့ သူ့ဟာသူနေတာမို့ ကိုယ့်ဘာကိိုယ် ကာကွယ်ရလိမ့်မယ်။ ဒီကောင်ကြီးက ကိုယ်တို့ဆေးရုံမှာ ထိုက်ဟုတ်တွေ၊ ကွေ့ဖေးတွေနဲ့ စံစားလေတော့ ခါတိုင်းလို စားကြွင်းစားကျန်ကျွေးလို့ မဖြစ်ချေဘူး။ အိုးခွဲချက်ပေးရတယ်။ သူတို့အတွက် ဟင်းသပ်သပ်ဝယ်ရတယ်။ ကလေးတွေပေါက်လာရင်တော့ ပိုအလုပ်ရှုပ်ဦးတော့မှာပဲ။ စစ်မက်မကင်းတဲ့ ကာလဒေသအတွင်းမှာ လူတွေလည်း မွေးနိုင်လွန်း၊ တိတွေလည်း ပွါးနိုင်လွန်းလို့ မငြီးငြူပါဘူး။ သေသွားတဲ့ကလေးတွေ ဝင်စားဖို့ နေရာပြန်ပေးရဦးမှာပေါ့။ သေဆုံးခြင်းက မွေးဖွားခြင်းထက် အဆမတန်များပြားနေတယ်ဆိုတာ ကောင်းတဲ့အချက်မှ မဟုတ်တာ။ တစ်ပွင့်ကြွေရင် တစ်ခိုင်လုံးဖူးပို့ အသင့်ရှိနေရမယ်။ Loki က မျိုးကောင်းရိုးကောင်းလည်းဖြစ်တယ်။ အသွေးအမွေးလည်း တောက်ပြောင်တယ်။ ကိုယ်နေဟန်ထားလည်း ကျော့ရှင်းတယ်။ သူ့ကလေးတွေဆို ဘယ်သူ မလိုချင်ပဲ ရှိမလဲ။ သူ့ကိုပေးတဲ့ ပီဒက်ကလေးကတောင် “သားပေါက်ရင် တစ်စုံပြန်ပေးပါ။” ဆိုပြီး ကိုယ်တို့ဆီ အပ်ထားပေးခဲ့တာလေ။
အခု Loki သခင်လေးက ရှေ့တန်းပြန်သွားပြီ။ စစ်ပွဲတွေက ပြီးမှ မပြီးသေးတာကိုး။ ဒီဘက်က ပီဒက်ကလေးတွေက ၅/ တွေ များပါတယ်။ သူတို့ကို KIA က ခေါ်ယူစုဆောင်းတာ မဟုတ်ပဲ မအလစစ်တပ်ကကောင်တွေက ပြန်လာစရာလမ်းမရှိအောင် ရွာပါမီးနဲ့တိုက်ပြီး မောင်းပို့လိုက်တာ။ သူတို့မှာ နံမည်အရင်းတွေပျောက်ပြီး ဇာတိရပ်ရွာနံမည်နဲ့ပဲ ခေါ်ကြပါတယ်။ Loki တို့ ၂ ကောင်ကိို ရှေ့တန်းက ကောက်လာခဲ့တဲ့ ကလေးနံမည်က ကျောက်ဆည် တဲ့။ သေနတ်မှန်လို့ ဆေးရုံရောက်တာ ၂ ခါရှိပြီ။ စကစဂိတ်တွေကတော့ ၅/ မှတ်ပုံတင် နဲ့ဆို ပေးမဖြတ်ပဲ စအဖ လက် တန်းအပ်တာ။ ကချင်ပြည်နယ်မှာ ၁/ မဟုတ်ရင် ဘယ်ကလာတာလဲ၊ ဘာလာလုပ်တာလဲ နဲ့ ဖုန်းထဲပါ မွှေနှောက်ရှာတယ်။ ၁/ တွေလည်း ပတ်စ်ပို့လုပ်ခွင့် မရပါဘူးလေ။ စိန်မျောက်မျောက်လေး စာအုပ်အသိမ်းခံရတာ အထူးအဆန်းလုပ်နေ။ ဒီအခြေအနေကို တိုက်မယူလို့ တို့က တိရိစ္ဆာန်မှ မဟုတ်တာ။ သာရေးနာရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်နေတာမဟုတ်ဘူး။ အသက်ရှင်ရပ်တည်ရေးအတွက် တိုက်ရတာ။ ဒါ survival game ပဲ။ မတိုက်နိုင်ရင် ကျဆုံးရမှာ။ ဆွင်းကြွေးမှာ ဟင်းရွေးစရာ မရှိဘူး။
စစ်တိုက်တဲ့အခါ နှစ်ဘက်စလုံးမှာ ဒဏ်ရာ၊ အနာတရ၊ အထိအခိုက်၊ အကျအဆုံး ရှိစမြဲပဲ။ ကိုယ့်ဘက်ကလူတွေကိုတော့ အတတ်နိုင်ဆုံး ကုပေးနေတဲ့အတွက် အသေအပျောက် အပြတ်အတောက် နည်းနိုင်သမျှနည်းသွားမယ် ဆိုရင် ကျေနပ်ပါတယ်။ ဒီလူတွေဟာ ကိုယ့်အတွက် အသက်နဲ့ရင်းပြီး စစ်တိုက်ပေးနေတာ လို့ပဲ သဘောထားတယ်။ ဆေးရုံက ၂ ရုံကွဲလာပြီ။ ခွဲခန်း၊ မွေးခန်းကလည်း ၂ ခု ရှိလာပြီဆိုတော့ အထဲမှာ သုံးဖို့လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေကလည်း ၂ စုံစာရှိဖို့ လိုအပ်လာတာပေါ့လေ။ ဖြစ်နိုင်ရင် လူကိုပါ နှစ်ကိုယ်ခွဲလို့ ရချင်တာ။ ဒီတစ်ခါထပ်လှူပေးလိုက်တဲ့ ultrasound စက်ကလေးက Eagle view တဲ့။ အရင် Butterfly iQ စက်လေးက cable ကြိုး လွတ်လွတ်နေလို့ အဆင်မပြေဘူး လို့ ပြောတဲ့အခါ cable ကြိုးအသစ်တစ်ချောင်းတင်မကဘူး။ cable မလိုတဲ့ wireless စက်အသစ်တစ်လုံးပါ ထပ်လှူပေးလိုက်တယ်။ သူတို့ဘယ်လိုပဲ ပိတ်ဆို့ထားလည်း အော်စီချန်ဂင် အဆက်အသွယ်တွေက ပြတ်တောက်ရပ်ဆိုင်း မသွားပါဘူးလို့။ ဇွန်းမီတင်တွေမှာ အကောင့်တုနဲ့ဝင်တက်ပြီး အလှူရှင်တွေလန်သွားအောင် ပွဲဖျက်တဲ့စကားတွေနဲ့ သွေးထိုးလည်းပဲ ချန်ဂင်တို့မှာ စည်ပင်တိုးပွါးလျက်သာပါပဲ။
Ultrasound စက်အသစ်ကလေးရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်မစစ်တာကြာလို့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက် အောင်ထားတဲ့ကျောက်ကလေး ဘယ်နားရောက်သွားပြီလဲ လို့ ပြန်ရှာဖြစ်တယ်။ ဒီအခါမှာ အဲ့ဒီတုန်းက စုပ်ထုပ်ထားတဲ့ ရေအိပ်ကလေးက ရေအိပ်ကြီးဖြစ်နေတာကို သွားတွေ့တယ်။ 8 cm လောက်တောင် ရှိနေပြီ။ ဟိုတုန်းက 5 cm အရွယ်ပဲ ရှိနေတာ။ လူကိုတော့ ဘာဒုက္ခမှ မပေးပေမယ့် ကျန်တဲ့ကျောက်ကပ်အပိုင်းလေးအပေါ်မှာ ဝန်ပိမှာစိုးလို့ အရင်နှစ်ကလိုပဲ စုပ်ထုတ်လိုက်တယ်။ 350 cc လောက် ထွက်လာတယ်။ အဲ့ဒီရေအိပ်ကပြားသွားတော့မှ သူ့ဘေးမှာ နောက်ထပ်ရေအိပ်ကလေးတွေ ရှိနေသေးတာ သွားတွေ့တယ်။ ဒါဆိုရင်တော့ အောက်ဘက်မှာ ကျောက်ပိတ်နေနိုင်တယ် ဆိုပြီး အဲ့ဒီည ဝမ်းနှုတ်ဆေးတွေစားပြီး KUB ထပ်ရိုက်တယ်။ Pelvi-ureteric Junction မှာ 1 cm အရွယ်ရှိတဲ့ ကျောက်ကလေးသွားတွေ့ရော။ ကိုင်း ဘာဆက်လုပ်ကြမတုန်း။ ဘာမှ မလုပ်ပါဘူး။ ရန်ကုန်ပြန်ရောက်မှ ကျောက်ချေလိုက်ရုံပေါ့။ ဟိုးအရင်တုန်းကလည်း ရန်ကုန်မှာ ဆရာဦးကျော်စွာလှိုင်က ရေအိပ်စုပ်ထုတ်ပြီး ကိုစိုင်းလောင်ငိင်း က ကျောက်ချေပေးဖူးတာပဲ။ ဒါ အသစ်ပြန်ဖြစ်လာတဲ့ကျောက်နဲ့ နှစ်ခေါက်ပြန်ပြည့်လာတဲ့ ရေအိပ်။ ဖားကန့်မရောက်ခင်ကတည်းက အကြိမ်ကြိမ် ကျောက်အောင်လာခဲ့တဲ့ ဆာဂျင်တစ်ယောက်ပါလေ။ ပထမဦးဆုံးအကြိမ် ဆီးအိမ်အဝင်ဝမှာ တစ်လစ်ကလေးနေတုန်းက သူငယ်ချင်း ကိုကျော်မြင့်က မှန်ပြောင်းကြည့်ပြီး ဆွဲထုတ်ပေးခဲ့တယ်။ ရှိသမျှ Uro-surgeon တွေ အကုန်လုံး ခင်ခင်မင်မင် ပေါင်းထားမှ ဖြစ်တော့မယ်။ လောလောဆယ်တော့ တော်လှန်ရေးကြီး မြန်မြန်ပြီးအောင်တိုက်ဖို့ကပဲ အရေးကြီးပါတယ်။
ကိုယ့်ဆီမှာသာ လေးနှစ်ပြည့်လုအောင်ကြာနေတာ။ သူများနိုင်ငံတွေမှာ ဖြင့် ညတွင်းချင်းနိုင်အောင် ပြန်တွန်းလှန်ကြတာ ကိုယ့်မှာ ပါးစပ်အဟောင်းသားပါပဲ။ အိုရားမိုးညီးတို့ အားပုဂျီးတို့များ ၇၂ နာရီစောင့်ရတယ်တွေဘာတွေနဲ့ စောင်ဆရာကြီးတွေ ဂျင်းလာထည့်လို့ မရပဲကိုး။ အေးလေ။ ငါတို့လို စောင်ပိန်းနိုင်ငံမှ မဟုတ်တဲ့ဟာ။ ကိုရီးယားသိန်းတန်မကြီးဆီကနေ ကိုရီးယားချေးလေးတွေ မှာပြီး အော်ဂဲနစ်စစ်စစ် ဉာဏ်ကောင်းဆေး ဆို ရောင်းစားမှနဲ့တူတယ်။ စစ်သားချေးတွေ သပ်သပ်မှာပြီး ရွှေဖီဦးတီးမစ်လို “တပ်မတော်သားများအတွက်သာ” ဆိုပြီး ကာချုပ်ကစ ရဲဘော်အဆုံး လိုက်တိုက်ချင်တယ်။ တကယ်ပြောတာ။ “ငါ့ကို သိန်းတန်မ လို့ လာမခေါ်နဲ့။ နင်စားချင်ရင် ကိုရီးယားဆရာဝန်တွေရဲ့ချေး ငါပို့ပေးမယ်။” လို့ ရန်တွေ့ခံရတော့မှာပဲ။
ကိုယ့်ဆေးရုံကို ချန်ဂင်ဆေးရုံ လို့ ခေါ်တော့ တခါမှ စာဝင်မဖတ်ဖူးတဲ့သူတွေက ဘာဖြစ်လို့ “ချန်ဂင်” လို့ ခေါ်တာလဲ။ JICA လို ကိုရီးယားက အလှူငွေတွေနဲ့ ဆောက်ထားလို့လား လို့ လာမေးကြပါတယ်။ မြန်မာပြည်က မဟုတ်တဲ့သူတွေကျတော့လည်း ချန်ဂင်ဇာတ်လမ်းတွဲကို မကြည့်ဖူးလို့ ချန်ဂင်ကို ဘယ်သူမှန်း မသိကြပါဘူး။ ကိုယ်ကတော့ အပိုင်း (၁) မှာ ဆေးစခန်းကလေး လာဖွင့်ကတည်းက ဒီစခန်းကို ချန်ဂင်တို့စခန်း လို့ နံမည်ပေးတာ ဘာကြောင့်လဲ ပြောခဲ့ပါတယ်။ K drama series ထဲက ချန်ဂင်ဆိုတာ နန်းတွင်းသူတစ်ယောက်ဖြစ်ပြီး နန်းတွင်းအာဏာသိမ်းမှုတစ်ခုနဲ့ အဝေးကိုလွင့်ပါးခဲ့ရတဲ့ဆီမှာ ဇာတ်လမ်းစ တယ်။ အခက်အခဲပေါင်းစုံနဲ့ ရုန်းကန်သင်ယူရင်း နန်းတွင်းသမားတော်ဖြစ်လာတဲ့အထိ အရာရာကို ရင်ဆိုင်ဖြေရှင်းလာခဲ့တယ်။ ဆယ်ဇင်းမှာနေတုန်းက MRTV4 မှာ ချန်ဂင်ဇာတ်လမ်းတွဲလာနေတဲ့အချိန်။ ကိုယ်ကလည်း ကိုဗစ်စင်တာသိမ်းပြီးနောက် တောထဲမှာ ဆေးရုံကလေးဆောက်ဖို့ ကြိုးစားနေတဲ့အချိန်။ ဇာတ်လမ်းတွဲထဲမှာ အာဏာသိမ်းတော့ နန်းတော်တစ်ခုလုံး သွေးချောင်းစီးမတတ် ခုတ်ထစ်သတ်ဖြတ်လာကြသလိုပဲ ကိုယ်တို့ဆီမှာ အာဏာသိမ်းတဲ့ညက စစ်သားတွေ အတင်းဝိုင်းရံ ဖမ်းဆီးကြတဲ့အထဲမှာ အစိုးရအဖွဲ့နဲ့ ခရိုနီတွေတင်မကဘူး။ လူမှုရေးအသင်းအဖွဲ့တွေနဲ့ social influencers တွေလည်း ပါပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အဲ့ဒီအချိန်တုန်းက အိုးပျောက်အိမ်ပျောက်၊ လိပ်စာပျောက် ဖြစ်နေလို့သာ အဖမ်းခံရတဲ့အထဲ မပါတာ။ ဒီဆရာဝန်ကို အပြင်မှာ ဒီအတိုင်းလွှတ်ထားလို့ကတော့ ဆရာဖေမြင့်တို့၊ ဆရာကြီးဦးမြင့်ထွေးတို့၊ ဆရာဒေါက်ဂလပ်စ်တို့လို တေတေဂနိတ်လုပ်မနေမှာ သေချာတယ်လေ။ ဒါကြောင့်မို့လို့ ကိုယ်လည်း ချန်ဂင်လျှောက်တဲ့လမ်းကိုလျှောက်ပြီး တောထဲမှာ ချန်ဂင်လို ဆေးစခန်းလေးထောင်တယ်။ အခု ဆေးရုံ ၂ ရုံ၊ သင်တန်းကျောင်းတစ်ခု ဖြစ်လာခဲ့ပြီ။
ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲတွေထဲမှာ လုပ်ကြံသတ်ဖြတ် အာဏာသိမ်းပြီဆိုရင် အသက််ဘေးလွတ်အောင် ထွက်ပြေးတိမ်းရှောင်လာရာကနေ ဘဝကို အသစ်ပြန်စရတယ်လေ။ မတရားမှုတွေကို လည်စင်းခေါင်းငုံ့ပြီး အရှုံးမပေးနိုင်ပဲကိုး။ ကိုယ်တို့ဘဝလည်း ဘာထူးမှာလဲ။ တသက်လုံး တည်ဆောက်ယူလာခဲ့တဲ့ဘဝတစ်ခုကို စွန့်ခွါချန်ရစ်ပြီး diaspora များလို အစေ့ကျရာ အပင်ပေါက် အညှောင့်ထွက်နိုင်အောင် ကြိုးစားကြရတယ်။ Rဇာနည်၊ ဖြူဖြူကျော်သိန်းကစလို့ ပန်ဆယ်လို၊ ချစ်သုဝေတို့တိုင်အောင် ချန်ဂင်နဲ့ ဘဝတူစာရင်းထဲ ဆွဲစိလို့ရတယ်။ အမယ် အဲ့လိုသာပြောကြေးဆို မဲဆောက်က ဟော်တယ်ထဲမှာ အညှောင့်မထွက်ပဲ အစေ့ထုတ်ပြာသုတ်ထားတဲ့ ငယ်နာမည်အညိုကြီးလည်း ပါရမှာပေါ့နော်။ ဟုတ်တယ်။ တချို့သော spores တွေက လွင့်စင်ဝေးကွာသွားသော်ငြားလည်း အပင်ပေါက် အညှောင့်ထွက် မလာဘူး။ သူ့အစေ့မှာ အဆိပ်ဆူးကြီး ထိုးလွှတ်လိုက်တယ် ထင်ပါရဲ့။
အခုအချိန်မှာ ချန်ဂင်ကို ဘာလို့သတိရမိသလဲဆိုတော့ ညတုန်းက ဂျိုဆွန်းတိုင်းပြည်မှာ အာဏာထသိမ်းပြန်ပြီလေ။ ဘယ်သူက သိမ်းတာလဲ ဆိုတော့ သမ္မတ ကတဲ့။ ဟဲ့ ပလုပ်တုပ်။ မဟုတ်က ဟုတ်က။ အာဏာက သူ့လက်ထဲမှာလေ။ သူ့ထက်ကြီးတာ ဘယ်သူရှိသေးလို့ “ဂျိုးနားအာဏာ ဂျိုးနားပြန်ပေး” လုပ်ရတာတုန်း။ ငါတို့ဆီမှာဆို သူ့ သမ္မတမပေးလို့ တနိုင်ငံလုံး မီးရှို့ဗုံးကျဲလုပ်နေတာ အတောကိုမသတ်။ အဲ့လိုတော့ မဟုတ်ဘူးတဲ့။ လွှတ်တော်ထဲက ဝန်ကြီးတချို့က မြောက်ကိုရီးယားဘက်ကို ယိမ်းချင်နေလို့ သူက ညကြီးသန်းခေါင် အရေးပေါ်အခြေအနေကြေငြာပြီး စစ်တပ်ကို အာဏာလွှဲပြောင်းပေးလိုက်တာတဲ့။ ဟင် အဲ့ဒါကမှ မဟုတ်က ဟုတ်က အစစ်။ ကြံကြံဖန်ဖန် တောင်ကိုရီးယားက လူတွေက မြောက်ကိုရီးယားကို အားကျရမယ် ဟုတ်စ။ အိုက်စကားမျိုး ကြားဖူးပါတယ်။ ဘယ်မှာပါလိမ့်။ ဪ သိပြီ သိပြီ။ ငါတို့ဆီမှာ ဒေါ်စိန်အေးသားတစ်ယောက် လက်ချာပေးဖူးတယ်။ “ကိုယ်တို့မြန်မာပြည်ကြီးရဲ့ တိုးတက်ပြောင်းလဲမှုတွေ မြန်ဆန်လွန်းလို့ အမေရီးကားကလူတွေကတောင် ဘာဖြစ်တယ်။ အားကျနေရတယ်။ ပြန်ပြောစမ်းပါဦး။ ဘာဖြစ်တယ်။ အားကျနေရတယ်။” တဲ့။ ငါ့မယ် ရယ်လိုက်ရတာ အူတွေကိုနာရော။ အခုလည်း ဘာတဲ့။ ဆိုးလ်မြို့ကလူတွေက ပြုံယန်းသားတွေကို အားကျနေကြလို့ စစ်တပ်ကို အာဏာအပ်ပြီး တိုင်းပြည်ကိုကယ်တင်ခိုင်းရတယ်ဆိုပဲ။ ငါ့နှယ် NLD မဲခိုးလို့ အာဏာသိမ်းရပါတယ် ဆိုတာထက်တောင် ဆိုးသေး။ ရှိစေတော့ကွယ်။ အာဏာရူးရူးတဲ့သူတွေဟာ အဲ့သလိုပဲ အဓိပ္ပါယ်မရှိတာတွေ ပရမ်းပတာ ပြောစမြဲပဲ။
ဒါပေမယ့် ကိုယ်အရမ်းအားကျမိတာကတော့ အာဏာသိမ်းတဲ့ညမှာ ကိုရီးယားလွှတ်တော်အမတ်တွေ အရေးပေါ် ကြေငြာချက်ကို ဘယ်လိုပျက်ပြယ်အောင် လုပ်သလဲ ဆိုတာပါပဲ။ ငါ့နှယ်နော်။ ရင်တွေနာလိုက်ရတာ မပြောပါနဲ့။ ငါတို့ဆီမှာ အဲ့လိုညမျိုးက လွတ်အောင်ထွက်လာတာ ဒေါက်တာဆာဆာတစ်ယောက်ပဲ ရှိသလား မသိပါဘူး။ ကိုယ်ကလား။ မနက် ၆ နာရီမှာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ မရတော့တာပဲ သိတယ်။ ဝါဒ်ထဲရောက်တော့ မြဝတီတစ်လိုင်းတည်းရပြီး အဲ့ဒီကလည်း စစ်ချီတေး စစ်သည်တေးတွေ အဆက်မပြတ်လာနေတော့မှ တခုခု မှားနေပြီ လို့ သိတယ်။ ဧရာဝတီစင်တာရောက်တော့ ဘောစိကို ခေါ်ဆောင်သွားတာ ပြန်ဆက်သွယ်လို့ မရသေးဘူး။ လိုင်းပေါ်မှာ “၇၂ နာရီ စောင့်ကြည့်ပါဦး” ဆိုတဲ့ ဂျင်းဟာ ပြည်တွင်းကလူတွေအတွက်တော့ ဟုတ်ဟန်မတူဘူး။ ကိုယ့်ဆီမှာက ဘာဆိုဘာမှ အဆက်အသွယ်မရတော့တဲ့ကာလလေ။ သူတို့ ဂျင်းမထည့်လည်းပဲ ဘာမှ လုပ်စရာ မရှိဘူး။ လူတိုင်းလူတိုင်းဟာ ကိုယ့်သူကြည့်၊ သူ့ကိုယ်ကြည့် နဲ့ အခြေအနေကို စောင့်ကြည့်တုန်းပဲ ရှိသေးတယ်။ သတင်းကြေငြာချက်တွေထွက်လာတော့ ကျန်းမာရေးဝန်ကြီးက နှုတ်ထွက်စာတင်တယ်။ ဝန်သေတော့တစ်မတ် မို့ သူ့အောက်ကလူတွေကလည်း အရေးကိုမလုပ်ကြပါဘူး။ ကိုဗစ်တွေဘယ်သူမှ ဆက်မစစ်ပေးတော့ဘူး။ ရှိသမျှစင်တာအားလုံး ဒါကုန်ရင် ဖျာပုံပြန်တော့ ဖြစ်သွားတယ်။ ဘတ်ဂျက်တွေ အကုန်သိမ်းသွားပြီကိုး။ သူတို့လက် အပ်ရင်အပ်၊ မအပ်ရင် ထောင်ထဲဝင်ခိုင်းတာ။ ရန်ကုန်ဆေးရုံကြီးက သုဿန်တစပြင်ကြီးလို လူသူကင်းမဲ့ တိတ်ဆိတ်ပြီး မီးမှောင်ကျသွားရုံတင်မက လူနာဆောင်တွေ သော့ခတ်မိန်းပိတ်ပြီး ဘာလူနာမှ လက်မခံတော့လို့ ကိုယ်က auto CDM ဖြစ်ခဲ့ရတာလေ။
သူတို့ဆီမှာတော့ လွှတ်တော်အမတ်တွေဟာ တစ်နာရီတောင်မဆိုင်းပဲ အုတ်တံတိုင်းနံရံတွေ ကျော်လွှားလို့ လွှတ်တော် ထဲကို အရောက်ဝင်သတဲ့။ ညတွင်းချင်း အရေးပေါ်ညီလာခံခေါ်ပြီး သမ္မတရဲ့ ကြေငြာချက်ကို ကန့်ကွက်ဆန္ဒမဲပေးသတဲ့။ ပြည်သူတွေက လွှတ်တော်ထဲ စစ်တပ်ဝင်မရအောင် တားဆီးပိတ်ဆို့ကြပါသတဲ့။ သူတို့စစ်တပ်ကလည်း အဲ့ဒီလူတွေကို မပစ်မခတ် မသတ်မဖြတ်ကြပါဘူးတဲ့။ သမ္မတက ကြေငြာချက်ရုပ်သိမ်းလိုက်တော့ တို့ဆီကလို သမ္မတနားထင် သေနတ်နဲ့တေ့ပြီး “လက်မှတ်ထိုးမလား မထိုးဘူးလားပြော။” ဆို ဆဲဆိုကြိမ်းမောင်းမနေပဲ အသာလှည့်ပြန်သွားတဲ့။ အံ့ဩကုန်နိုင်ဖွယ်။ ကဲ မယုံချင်နေ။
အားကျလိုက်တာအေ။ အဲ့လိုတိုင်းပြည်မှာ အဲ့လိုအစိုးရ၊ အဲ့လိုစစ်တပ်၊ အဲ့လိုပြည်သူတွေနဲ့များ နေခွင့်ရမယ်ဆိုရင် ကိုရီးယားချေး စားဆိုလည်း စားပါ့မယ်။ အမကြီးဇွန်နီလာဌေးရေ ကင်ချီထဲ ရောနယ်ပြီးသာ DHL နဲ့ ပို့ပေးလိုက်ပါတော့။ အခုတော့ကွယ်။ ငါ့မယ် ၄ နှစ်တောင်ပြည့်တော့မယ်။ မူရင်း ချန်ဂင်ဇာတ်လမ်းတွဲထက် ၃ ဆလောက် ပိုရှည်နေပြီ။ မပြီးနိုင် မစီးနိုင် အရီးမြိုင်ပါလားကွဲ့။ ငါတို့တိုင်းပြည်ကလူတွေရေ။ ခများတို့ မြန်မာပြည်မှာ မြန်မာလိုနေနေရင် အတောမသတ်အောင် ပေရှည်နေဦးမှာနော်။ ဟိုမှာတွေ့လား။ ကိုရီးယားပြည်က ကိုးရီးယန်းတွေလို အသိဉာဏ်ရှိရင် သမ္မတ နဲ့ စစ်တပ် ပေါင်းကြံရင်တောင် မိုးမလင်းဘူး မြင်တဲ့အတိုင်းပဲ။ အမယ်လေး။ အရေးထဲ အိုပါးကို အိမ်ခေါ်ထားရချည်သေးရဲ့ ဆိုတဲ့ ဘဲကြောင် သူငယ်ကြောင်တွေက တစ်မျိုး။ သွား။ “အိုပါး။ ဆာရားငဲယော်” ပလာစာအုပ်ပြည့်အောင်ရေးလာခဲ့ကြ။ မှာထားတဲ့ ကင်မ်ချီတွေ ရောက်လာရင် တစ်ဖတ်စီ ကျွေးမယ်။ သိလား။ မြန်မြန်လာ။ တစ်တော့ ကရအောင်။
“အာပါတူး အာပါတျူး
အာပါတူး အာပါတျူး
အာပါတူး အာပါတျူး
အွန်း။ အာဟား အာဟား။”