တချို့စာရေးဆရာကြီးတွေ ကိုယ့်အကြောင်းကိုယ် စာအရှည်ကြီးရေးတဲ့အခါဖြစ်ဖြစ်၊ တချို့ အနုပညာရှင်တွေ တရားရိပ်သာက ပြန်ထွက်လာတဲ့အခါဖြစ်ဖြစ်၊ ရေးလေ့ပြောလေ့ ရှိကြတာက သူတို့ ဉာဏ်အလင်းရခဲ့ပြီ။ သောတာပန်ဖြစ်ခဲ့ပြီ။ ရဟန္တာဖြစ်ခဲ့ပြီ။ စသည်ဖြင့်သူတို့ဘယ်လို ကျွတ်တမ်းဝင်သွားတဲ့ အကြောင်းတွေပါ။ ကိုယ့်မှာတော့ သူတို့နဲ့ ပြောင်းပြန်လို့ ပြောရမှာပါပဲ။ တသက်လုံး မယိမ်းမယိုင် ယုံကြည်သက်ဝင်လာခဲ့တဲ့ ဘာသာရေးအယူအဆတွေဟာ ကြင်စိုးတို့သားအဖတွေ သာသနာစောင့်ရှောက်တော့မှပဲ မဂ်လမ်းဖိုလ်လမ်း မနီးစပ်တဲ့အပြင် ဘုရား၊ တရား၊ သံဃာအပေါ်မှာ ယုံမှားသံသယတွေ ဝင်လာခဲ့ရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆို။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆို။ သေချာလို့လား။ ဟုတ်လို့လား။ လက်တွေ့အဖြစ်အပျက်တွေနဲ့ဆို ယုံရ ခက်ခက်နော်။ တတိုင်းတပြည်လုံး သွေးချောင်းစီး သတ်ဖြတ်နေတဲ့ စစ်ဗိုလ်တွေ အလှူကြီးပေးတဲ့အခါ ကားကျော်တက်လို့ စက်သေနတ်နဲ့ အဆွဲခံရတဲ့ ကိိုယ့်ဆရာတော်တွေကိုတောင် မေ့ပစ်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတို့ကို အနုမောဒနာပြုတော့တာပဲ။ “မေ့ပစ်ကြပါ ဘုရား။ မေ့ပစ်ကြပါ ဘုရား။” လို့တောင် မိန့်တော်မူသေး။ ဘုရားဟောတွေလည်း လိုချင်သလိုတည်းဖြတ်ပြုပြင်ပြီး အလှူရှင်တို့ သဒ္ဓါပီတိပွါးစိမ့်သောငှါ ကောင်းနိုးရာရာလေးတွေ ထုတ်နှုတ်ဟောကြားလေတော့ “ကထိန်အစ စပိန်က” တို့၊ “မြတ်စွာဘုရားရှင် ဖလော်ရီဒါတခွင်သို့ ကြွလာတော်မူစဉ်အခါက” တို့ဆိုတဲ့ တရားထူး တရားဆန်းတွေများ နာကြားရဦးမလား မသိပါဘူး။ ကိုင်း အခုကိုပဲ အဲ့ဒီဆရာဝန်သူပုန်ကောင်က ဓမ္မန္တရာယ် ဖြစ်ဖွယ်သောစကားများကို ရေးသားပြောဆိုနေပါပကောလား။ ငရဲသွားမယ့် အကောင်ပါလေ။ မှန်ပါ ဘုရား။ အရှင်ဘုရားတို့ဟောသလိုသာ စစ်ဗိုလ်စစ်သားတွေ နတ်ရွာနိဗ္ဗာန် ပြည်ကြီးစံကြရမှာဆိုရင်ဖြင့် တပည့်တော် ငရဲသစ်ငုတ်အဖြစ်နဲ့ပဲ နေပါ့မယ်။ အဲ့ဒီရထားနဲ့ မလိုက်လိုပါဘုရာ့။
အိမ်း။ ဥပါဒါန်တွေ။ ဥပါဒါန်တွေ။ မုန်းစွဲစွဲပြီး အစွန်းရောက်တဲ့စာတွေဖတ်ရတာ ရေးသူရော ဖတ်သူပါ ပူလောင်လွန်းလှပါတယ်။ မပူလို့တော့ ဘယ်ရမလဲဖျာ့။ မီးက ကိုယ့်မစွဲသော်ငြား ပတ်ဝန်းဘယ်ညာ နေရာမလပ် တဟုန်းဟုန်းတောက်လောင်နေမှပဲဟာ။ ရှင်ဖျားတို့ မီးပျက်ရင် ဂျင်နရေတာ မောင်းပြီး အေးရာအေးကြောင်းနေတဲ့သူတွေ မပူသော်ငြား တပည့်တော်တို့မှာတော့ ပူရပါသဖယား။ အတုံးအရုံး သေကြပြတ်ကြတဲ့အထဲမှာ ကိုယ့်ဆွေမျိုးသားချင်း မပါသော်ငြား လူသားအချင်းချင်းဆိုတဲ့ စာနာစိတ် တစ်ခုတည်းနဲ့တင် အသည်းနာရပါသည်လေ။ တရားကိုနတ်စောင့်တယ်ဆိုတာ မုသာဝါဒ မပါတာမှန်ရင်တောင် လေးနှစ်ကြီးတောင် စောင့်မြဲစောင့်ဆဲဆိုတာကတော့ များလွန်းလှပါသော်ကော။ အဲ့ဒါကြောင့် တပည့်တော် နိဗ္ဗာန်မဂ်ဖိုလ် မလိုချင်သေးပါ ဘုရား။ စစ်သားတွေသတ်လို့ မသေမရှင် ကျန်ရစ်တဲ့သူတွေကို ဆေးကုရပါဦးမယ်။ စစ်မြေပြင်မှာ ကိုယ့်ရဲဘော်တွေ ဘေးကင်းရာအရောက် ဆုတ်ခွါနိုင်ဖို့ ကာပစ်ပစ်ပြီး နောက်ချန်နေခဲ့တဲ့ ကလေးတွေဟာ မသေနိုင်လောက်ဘူး အထင်နဲ့ လောင်းကြေးထပ်တာ မဟုတ်ရပါဘူး။ သေမယ်မှန်း သိသိကြီးနဲ့ ကိုယ့်တပ်သားတွေလွတ်မြောက်ဖို့ အသက်ကို စတေးကြတာပါ။ ရှေ့တန်းက ဆရာဝန်ဆိုသည်မှာလည်း “ငါမသေဘူး။ ရေကူးတတ်တယ်။” ဆိုတဲ့စိတ်နဲ့ အရဲစွန့်နေတာ မထင်ပါနဲ့။ သေတော့ ဘာဖြစ်သေးလဲ။ ငါ့တိုင်းပြည်က မျိုးဆက်သစ်ကလေးတွေ လူလိုသူလို အသက်ရှင်နေထိုင်ရဖို့ လက်ကျန်သက်တမ်းကလေး ထိုးကျွေးရတာ တန်တယ်ထင်လို့ ရင်းပေးတာပါ။ တော်ရောပေါ့။ ကိုယ့်ခေတ်ကိုယ့်အခါမှာ တန်အောင်နေခဲ့ပြီးပြီ။ ကလေးတွေ သူတို့ခေတ်သူတို့အခါမှာ လူညွန့်မတုံးစေချင်ဘူး။
ကိုယ်တို့အလုပ်က အသက်ချည့်ပဲ ကယ်ရတာ မဟုတ်ဘူး။ ဒဏ်ရာရလာတဲ့ကလေးတွေရဲ့ ခြေလက်အင်္ဂါတွေ ပြတ်တောက်ဆုံးရှုံးမသွားအောင်လည်း ကယ်တင်ရသေးတယ်။ ဒီအလုပ်တွေကို နေ့ညမပြတ်လုပ်နေတဲ့ ကိုယ်တွေက မိစ္ဆာဒိဌိဖြစ်နေပြီး ကျည်ကာဝတ်စုံနဲ့ ခြောက်လုံးပြူးခါးကြားထိုးထားတဲ့ တကာတော်ရေမြေ့ရှင်ကြီးကမှ သာသနာ့ဒါယကာ မင်းကောင်းမင်းမြတ် ဖြစ်နေမယ်ဆိုရင်လည်း “မအလ သာသနံ စိရံတိဌတု” လို့သာ နှလုံးသွင်းရစ်ကြပါကုန်လော့။ ရေမြင့်မှ ကြာတင့်မယ်ထင်လို့ ရေလိုက်ငါးလိုက်ကလေး သီတင်းသုံးတော်မူသည်ပလေ။ ရေကန်သာ ကြာတိုင်းအေးနိုင်ပါစေဖျာ့။ ရှင်ဖျားတို့လည်း ဆွမ်းကွမ်းဆေးဝါး ပစ္စည်းလေးပါး ပြည့်စုံတော်မူကြပါစေ။
ကိုယ်တွေမှာတော့ ဆေးဝါးရိက္ခာ အင်မတန်မှ ခက်ခဲရှားပါးတဲ့ကာလဖြစ်တာမို့ မရှိလို့ မလှူ၊ မလှူလို့ မရှိတာ လို့ပဲ တရားနဲ့ဖြေပါ့မယ်။ မရှိတာတော့ မဟုတ်ဘူးပလေ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရုန်းကန်နေရတာပဲ။ ကိုယ်တို့ဆီမယ် ကြက်သား၊ ဝက်သား တစ်ပိဿာ ၄၅၀၀၀/၅၀၀၀၀ ပေးဝယ်စားရသလို ဆန်တစ်အိပ်၊ ဆီတစ်ပုံးဆိုလည်း သယ်ခမပါပဲတောင် ၂ သိန်းကျော် ၂ သိန်းခွဲ ပေးရတာပါပဲ။ ဂေါ်ဖီထုပ်တစ်ထုပ်၊ ပန်းမုန်လာတစ်ပွင့်ကို ၅၀၀၀ ဗျ။ တစ်ထောင်တန်နဲ့ဝယ်ရင် နံနံပင်ပဲ ရမယ်။ ငရုပ်သီးစိမ်းတောင်မရ။ ဆေးရုံဖွင့်စက တစ်နေ့ဈေးဖိုးတစ်သောင်းနဲ့ လောက်အောင်ဝယ်လေ့ရှိတဲ့ကိုယ်ဟာ ခုချိန်မှာ ဈေးဖိုးတစ်သိန်းနဲ့လည်း မလောက်နိုင်တော့ပါဘူး။ ရန်ကုန်ဈေး၊ မန္တလေးဈေးနဲ့ ထမင်းစားနေတာ မဟုတ်ဘူးလေ။ ဖားကန့်ဈေးပေးပြီး စားနေရတာ။ စားအိုးကလည်း လူအစိတ်သုံးဆယ် ပြေးမလွတ်ဘူး။ ဒါပေသိ ဝယ်နိုင်ပါသေးတယ်။ ပိုက်ဆံက အပေါသား။ ပစ္စည်းပဲ ရှားလို့ ခဏခဏ မြို့တက်တက် ဝယ်နေရတာ။ မြို့ပေါ်တက်ဝယ်ရင် တော့ ဈေးသက်သာသပေါ့။ သို့သော်လည်း တစ်ခါထွက်ရင် ဆီဖိုးချည့်ပဲ ၂ သိန်းလောက်ကုန်လို့ မထူးလှပါဘူး။ လူပင်ပန်းတာ၊ ကားပျက်တာနဲ့ဆို ပိုတောင်ကုန်ဦးမယ်။ အဲ့ဒါက “ကံအကြောင်းတရားအတိုင်းပဲ။ စကစ ဂိတ်တွေက ပိတ်ဆို့ဖြတ်တောက်ထားလို့ မဟုတ်ဘူး။” လို့ တရားနဲ့ ဖြေတတ်ရင်တော့ စိတ်ကလေးအေးချမ်းသွားမယ် ထင်ပါရဲ့လေ။
ဆေးရုံမှာ လူနာတွေအပြည့်မို့ ၂ ရုံခွဲပြီးကုပေးနေရတယ်။ ချန်ဂင် (၁) (၂) ပြောတာ မဟုတ်ဘူးနော်။ (၁) မှာတင်ပဲ (A) နဲ့ (B) တစ်နေရာစီ ခွဲခြားကူးသန်း ကုသနေရတာ။ တနေ့တနေ့ ဆေးထည့်ရတာ မနက်တပိုင်းနဲ့ မပြီးဘူး။ ညနေပါဆက်ထည့်နေရတုန်း။ OT ရှိရင် နေ့မီးညမီး ဆက်နေရော။ ဆေးတွေဝါးတွေ အသာထား။ ပတ်တီးလိပ်၊ ဂွမ်းလိပ်တောင် ဝယ်လို့မှာလို့ မလောက်။ နန့်မွန်း၊ လုံးတုံမှာက အထုပ်မှန်သမျှ အကုန်ဖောက်စစ်ပြီး ဆေးမြင်ရင် အကုန်သိမ်းတယ်။ ကိုယ့်ဆေးရုံကို ဆေးဝါးဖြတ်တောက်နိုင်ဖို့ စိတ်ကောင်းစေတနာကောင်းလေးနဲ့ ပိုက်စိတ်တိုက်ရှာနေကြတာလေ။ ဆယ်ဇင်းမှာတုန်းက တစ်လုံးကို ၅၀၀ ပဲ ပေးရတဲ့ ဒရစ်ပုလင်းကလေးတွေဟာ ခုချိန်မှာ တစ်သောင်းကျော် ပေးဝယ်ရတာ ခင်ဗျ။ ဒါ ရေဖိုးပဲ ရှိပါသေးတယ်။ ဆေးဖိုးနဲ့ဆို တွေးသာ ကြည့်ပါတော့။ ဒါပေမယ့် မငြီးငြူပါဘူး။ ဒီလူတွေ ဆေးကုချင်လို့ ဒီနေရာလာ ဆေးရုံတည်ထားတာ။ မရ ရတဲ့ဆီက ရှာဖွေစုဆောင်းထားပါတယ်။ တရုတ်နယ်စပ်ပိတ်ရင် အိန္ဒိယဘက်က သယ်တာပေါ့။ အဲ့ဒီဘက်မှာလည်း PDF တွေ ရှိတာပဲဟာ။ ရောက်တောင်ရောက်လာပြီ။ ပိတ်ချင်သလောက်ပိတ်။ ကိုယ့်ဆေးရုံ ဘယ်တုန်းကမှ ပြတ်တောက်ရှားပါးသွားတယ် မရှိဖူးဘူး။
ဒါပေမယ့်လည်း ကိုယ့်ဆေးရုံမှာ ဆေးတွေဝါးတွေ ရနိုင်မှန်းသိလို့ မန္တလေး၊ မြစ်ကြီးနားမှာ follow-up သွားမပြနိုင်၊ ဆေးမှာလို့ မရနိုင်တဲ့ လူကြီးလူငယ် နာတာရှည်လူမမာတွေလည်းပဲ မျှော်လင့်ချက် ကိုယ်စီနဲ့ ဆေးရုံလာတက်ကြပါတယ်။ စစ်ရှောင်စခန်းကနေ မောကြီးပန်းကြီး ဖုတ်လှိုက်ဖုတ်လှိုက် ရောက်လာတဲ့ လူနာတွေကို “ဘာလာရှာပါသလဲ။ ဘာမှ မရှိလို့ စိတ်မကောင်းပါ။” ဆို ပြန်မလွှတ်ရက်ပါဘူး။ ရောက်တာနဲ့ မော်နီတာလေးတပ်၊ အောက်ဆီဂျင်လေးပေးပြီး ရှိသမျှဆေးတွေနဲ့ အသက်ကယ်ရပါတယ်။ ဓါတ်မှန်တောင် နောက်တစ်နေ့ကျမှ ရိုက်နိုင်တာ။ မတ်မတ်ထိုင်မရကြလို့။သက်သာအောင်ကုပေးလိုက်နိုင်ရင်တောင် အောက်ဆီဂျင်က တော်တော်နဲ့ ဖြုတ်မရပါဘူး။ အိမ်မှာ ဘယ်လိုရှူနေခဲ့မှန်း မသိပေမယ့် ကိုယ့်ဆီရောက်မှ ခဏဖြုတ်လိုက်မိရင် ပြန်ကျကျလာလို့ မဖြုတ်ရဲဘူး။ သိတဲ့အတိုင်းပဲကွယ်။ စစ်ပွဲကာလ သွေးရဲရဲသံဲရဲရဲလူနာတွေကြားမှာ အောက်ဆီဂျင် တန်းလန်းနဲ့ လူနာ ၃ ယောက်လောက် အပြိုင်ရှူနေကြတော့ လူနာတွေကောင်းနေသော်လည်း ကိုယ့်ရင်ထဲမကောင်းတာ အမှန်ပါ။ ဒါတွေကုန်ရင် ဖြည့်ရပြန်ဦးမယ်။ ခက်ခက်ခဲခဲ။ ဘယ်ကားသမားမှ အတင်မခံတဲ့ အိုးကြီးတွေကို။ သူတို့အတွက်ပေးရမယ့်ဆေးတွေကလည်း သူတို့ကိုယ်တိုင် ဘယ်မှာမှ ဝယ်မရ၊ ရှာမရလို့ ဆေးမသောက်နိုင်ပဲ ရောဂါတွေ ပြန်ဖောက်လာတာဆိုတော့ ကိုယ့်ဘက်ကလည်း ရှာပေးမှာပေးဖို့ မလွယ်တာ ပြဿနာပါ။ “အဲ့ဒါ နင်တို့ အရင်ဘဝက ပြုခဲ့ဖူးတဲ့ အကုသိုလ်ကံ အကြောင်းတရားကြောင့်” လို့ လွယ်လွယ်ကူကူ သတ္ထုချလိုက်ရင်တော့လည်း ခေါင်းထဲပေါ့သွားမှာပါ။ ကိုယ့်ကိစ္စလည်း မဟုတ်။ ကိုယ့်ဆွေမျိုးလည်း မဟုတ်တဲ့ဟာကို။ ကိုယ့်အတွက်တော့ ဥပေက္ခာပါရမီဆိုတာ ကိုယ့်မိသားစုအပေါ်မှာသာ ကျင့်ကြံလို့ရတယ်။ လူနာတွေအပေါ်မှာတော့ အားနည်းပေသကိုး။ ဒါကြောင့်လည်း မဂ်ဖိုလ်မနီး အချည်းနှီးဖြစ်နေတာလား မသိ။
ကိုယ့်ဆေးရုံမှာ ကိုယ့်လူနာတွေကို နိုင်နိုင်နင်းနင်း ကုသပေးနိုင်တယ်ဆိုတာ စစ်မြေပြင်မှာ ဒဏ်ရာရလာတဲ့ combat casualties တွေကို နည်းနည်း နည်းနည်းချင်း ကုနေရတဲ့ အဖြစ်မို့ပါ။ တခြားနေရာတွေမှာလို ပေါင် ၅၀၀ ဗုံးစာမိပြီး မြို့လုံးရွာလုံးပျက်တဲ့ mass casualties တွေ ရောက်လာရင် မိုးကြိုးကို ပစ်နေမှာပဲ။ ဒီဘက်ကို လေယာဉ်တွေ တရစပ် လာပေမယ့်လည်း အထိအခိုက်၊ အသေအပျောက်နည်းရတာ ဘုရားသခင် ကွေကာပေးသနားလို့ဆိုတာထက် လေကြောင်းအန္တရာယ် အသိသတိနဲ့ ပြန့်ကျားပျောက်ကျား နေထိုင်ကြတာမို့လို့ပါ။ တစ်လုံးမှန်လို့ တစ်ခါသေရင် တစ်ယောက်စ နှစ်ယောက်စပေါ့။ အနန့်ပါလိုမျိုး ရေကျော်သာ အဖြစ်မခံတော့ဘူး။ TNLA တွေဆီမှာတော့ နေ့မအားညမအား မရပ်မနား ဗုံးကျဲခံနေရတာကြောင့် တရုတ်ပွဲစားကြီး ကြားဝင်မယ်ဆိုလည်း “မေးပေးဦးလေ။ ဘယ်ဈေးနဲ့ ရပ်ကြမှာလဲ။” လို့ လေသံလေး စပစ်လာပါတယ်။ ကိုယ့်နေရာမှာ သူ့လိုသာ အသေအပျောက် အပျက်အစီး များလာမယ်ဆိုရင်လည်း ခဏလောက်ဖြစ်ဖြစ် အသက်ရှူချောင်အောင် ဘွာတေးလေးဘာလေး ခပ်ချင်လည်း ခပ်မှာပေါ့။ ပန်းပေး အရှုံးပေးတာမှ မဟုတ်တဲ့ဟာ။ အပြစ်တင်ချင်းတင်ရင် စကစ နဲ့ တရုတ်ကြီးကိုသာ အပြစ်တင်စရာ ရှိပါတယ်။ ကိုယ့်အချင်းချင်းတော့ စိတ်မပျက်စေလိုပါဘူး။ သူ ပန်းလို့ ခဏနားရင် ကိုယ် ကျားကန် ပေးထားရမှာပေါ့။ ကိုယ်တို့ ကချင်တွေဆီမှာတော့ အဲ့သလို စစ်မပန်းသွားအောင် တအိအိ တရွေ့ရွေ့ တိုက်နေတာမို့ အရှိန်နှေးပေမယ့် တန့်သွားတုန့်သွားတာ မရှိပဲ မှန်မှန်ကလေး သွားနေပါတယ်။ ဒါကြောင့်မို့ ကိုယ်တို့လည်း အသက်ရှူချောင်နေတာပါ။ သူတို့နဲ့အတူတူ ၃ နှစ်ကျော်ကျော် လက်တွဲအလုပ်လုပ်ပြီးတဲ့နောက်မှာတော့ ကိုယ်တို့လည်း tuning ဝင်၊ timing ကိုက်၊ အလိုက်သင့် မောင်ဘဦး ဖြစ်လာခဲ့ပြီ။ ကိုယ့်အကြောင်းလည်း သူတို့သိတယ်။ သူတို့အကြောင်းလည်း ကိုယ်သိတယ်။ တန်းစီ၊ ညာညှိ၊ သတိ၊ သက်သာ သင်စရာ မလိုဘူး။
ဆယ်ဇင်းကနေ ထွက်လာခဲ့ပြီးနောက် ဖားကန့်ကိုလည်း မသွား၊ လိုင်ဆာကိုလည်း မသွားပဲ၊ ဘာမှမရှိတဲ့ တောထဲတောင်ထဲမှာ ဘာမဆို လိုတိုင်းရနိုင်အောင် စုဆောင်းရပ်တည်လာခဲ့တာ ဒီနှစ်ကုန်ရင် ၃ နှစ်ပြည့်ပါပြီ။ ဆယ်ဇင်းရွာကြီး လူမရှိတော့ဘူး။ တာမခန်ရွာကြီး အသစ်ပြန်တည်ထားရတယ်။ ကိုယ်မရောက်ခင် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် လောက်က အခြေချရင်းနှီးမြုပ်နှံထားကြတဲ့ လော်ပန်အကြီးကြီးတွေတောင် ဒီအရပ် ဒီဒေသမှာ မရှိတော့ပေမယ့်လည်း လက်ချည့်ပလာ ရောက်လာတဲ့ CDM ဆရာဝန်လေးတစ်ယောက်ကတော့ ခုချိန်အထိ အခမဲ့ ဆေးကုနေတုန်းပါပဲ။ “ဘာမှ မပူပါနဲ့ ဆရာရယ်” ဆို ကိုယ့်ကိုလာကြိုတဲ့ ကိုပိုင် ဆုံးသွားပြီ။ ဆရာဝန်တွေစားဖို့ ထမင်းချိုင့်လာလာပို့တဲ့ ကိုနန်းသူလည်း မရှိတော့ဘူး။ ကိုယ့်မျက်စိအောက်မှာ ဆေးရုံကို ဝင်ချည်ထွက်ချည် သွားလာနေတဲ့ ရဲဘော်ကလေးတွေလည်း ကျတဲ့သူတွေ ကျသွားပြီ။ မတည်ငြိမ်ခြင်း မတည်မြဲခြင်း သဘောတရားတွေကို နားမလည်စရာ အကြောင်း မရှိပါဘူး။ ဒါပေမယ်လို့ ဟိုအကောင်တွေရဲ့ မတည်မြဲခြင်းကို ကိုယ့်ဘာသာ အားမထုတ်နိုင်ရင် ကိုယ့်ဘက်က ကလေးတွေ မတည်မမြဲဖြစ်သွားရမှာမို့ ဖြစ်တဲ့နည်းနဲ့ တွန်းလှန်ရဦးမှာပါပဲ။ အဲ့ဒါ ဗုဒ္ဓတရားတော်နဲ့ သွေဖည်နေလို့လား။ ဘေဘီက ဘယ်လိုထင်သလဲ ဟင်။
အေးလေ။ ငါတို့က အတိတ်ဘဝက အကုသိုလ်ကြီးခဲ့လို့ စစ်သားတွေသတ်သမျှ သေချင်တိုင်းသေ၊ ကျချင်တိုင်း ကျနေရတာပေါ့။ ဟိုဘက်ကလူတွေလို “မြန်မာရွှေပြည် အလွန်ကြွယ်ဝသည်။ သယံဇာတများ ပေါတဲ့တိုင်းပြည်” ဆို ကုသိုလ်တရားတွေ ပွါးများ နေနိုင်တာမှ မဟုတ်တာ။ သူတို့မှာ တနေ့ ၃ ခါ “မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။” စတေးတပ်စ်တင်ပြီး ဆုတောင်းမေတ္တာ ပို့သလျှက် နေကြတယ်။ ကိုယ့်မှာသာ “တတိယကမ္ဘာစစ်ကြီး ဖြစ်တော့မှာတဲ့ဟေ့။” လို့ ကြားရင်တောင် “တကယ်လား ဟင်။ ဘယ်တော့လဲ။ ဘယ်တော့လဲ။ ပြော။ ပြော။” ဆို ဝမ်းသာအားရ ထခုန်မိတော့တာပဲ။ ဟုတ်တယ်လေ။ တရုတ်ကြီးတွေ၊ ရုရှားကြီးတွေ မိုးကြိုးပစ်ပြီး ပျားတုပ်နေမှ ငါတို့အိမ်က ခွေးမသားကို ပေါင်ကြားဖင်ကြား မညှပ်အားမှာ။ ငါတို့ဘာငါတို့ နိုင်အောင် တိုက်ယူပါ့မယ်။ ခများကြီးတို့သာ ဝင်ဝင် မနှောက်စမ်းပါနဲ့။ အနုမြူလက်နက်သုံးလို့ တကမ္ဘာလုံး မျိုးတုန်းသွားတော့ရော ဘာဖြစ်သေးလဲဗျာ။ ဟိုကောင်တွေပါ အမြစ်ပြတ်သွားမယ့်ဟာ။ အာဒံ နဲ့ ဧဝ က ပြန်စကြတာပေါ့။ ကိုင်း။ စိတ်ပုတ်ချက်ကတော့ ကမ်းကိုကုန်ရော မဟုတ်လား။ လဲမယ်။ အဲ့ဒီကောင်တွေ နာလံမထူဖို့ဆို ကမ္ဘာကြီးတစ်ခုလုံးနဲ့လည်း လဲမယ်။ ဘာဖြစ်သေးလဲ။ တရုတ်ဝက်ဂနာတွေလောက်များ စကားထဲထည့်မပြောပေါင်။
တာ့ကော။ နီခမ်းကျင်း နီခမ်းကျင်း။ ဟောင်ဟောင်ကျင်ချာ။ သေသေချာချာ စဉ်းစားဦးနော်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်တော်လှန်ရေးမဆို ချဉ်ပေါင် နဲ့ ဝက်သား လဲရတဲ့ကိစ္စချည့်ပဲ။ ငါတို့မှာ “နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ။” လို့ ပြောထားပြီးပြီ။ ကိုယ်တို့တွေ မထူးရှော့ နဲ့ ညစ်တွန်းတွန်းရင် ခများတို့လည်း ဘိန်းစစ်ပွဲခေတ်က ပြန်စနေရလိမ့်မယ်။ လဲချင်တယ်ဆိုလည်း သဘော။ ကိုယ်တို့ဆရာဝန်ဖြစ်စတုန်းက မြန်မာပြည်မှာ ရှိသမျှ အိမ်သုံးဆေးဝါးများနဲ့ တစ်ယောက်ထိုင် GP ဆေးခန်းသုံး ဆေးဝါးမှန်သမျှဟာ Made in China ချည့်သာဖြစ်တယ်။ ဒီနေ့ခေတ်အခါမှာတော့ Pharmaceutical Industry ကြီး တခုလုံးမှာ India, Pakistan, Indonesia Company တွေက ကြီးစိုးထားတဲ့အတွက် တရုတ်ပစ္စည်းတွေ တိုးမပေါက်တော့ဘူး။ အရင်ကဆို ဘုရားစင်ကနေ အိမ်သာအဆုံး တရုတ်ပစ္စည်းနဲ့ ကင်းတဲ့နေရာ ဘယ်မှာမှ မရှိသော်လည်း အခုနောက်ပိုင်း ဈေးကွက်ထဲမှာ နေရာဖယ်ပေးလာခဲ့ရတာတွေကို ကိုယ့်ဘာသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ တရုတ်ပြည်အတွက် မြန်မာနိုင်ငံဆိုတာ ဝယ်လိုအားများတဲ့ ဈေးကွက်ကြီးအဖြစ် လက်ဝါးကြီးအုပ်မထားနိုင်တာ ကြာပြီလေ။ သယံဇာတ နဲ့ ကုန်ကြမ်းပစ္သည်းတွေ အချိုအချောင်နှိုက်လို့ရတဲ့ မုဆိုးမအိမ်က နောက်ဖေးပေါက် လို့သာ သဘောထားနေခဲ့တာ မဟုတ်လား။ မြန်မာပြည်သူတွေရဲ့ အသက်တွေဘဝတွေကို လှစ်လျူရှုပြီး စစ်အာဏာရှင်ကို ကျားကန်ကြိုးကိုင်လို့ရှိရင် ဘယ်လိုအကျိုးဆက်တွေရှိမလဲ။ အပိုတွေ မပြောတော့ပါဘူး။ ရွဲသည်က ရွဲသည် လိုပဲ ရောင်းနိုင်မယ်။ ဖျာသည်က ဖျာသည်လို ရောင်းပလေ့စေ။ ကိုယ်နဲ့ တန်ရာတန်ရာ လူအချင်းချင်း ပြောဆိုဆက်ဆံကြတာပေါ့နော့။ ငါတို့ကြက်ဖက နိုင်နေလို့ ရွှေဖလားနဲ့ ကြက်သားကိုင်နေတာနော်။ ပဲဝက်မျှ အသပြာနဲ့တော့ အချောင်လာမနှိုက်ပါနဲ့။ ဥစ္စာရူးကြီး ရူးသွားလိမ့်မယ်။ သတိထား။
“ခေါ်ရင် လာမယ်။ လာမယ်။
ရွဲသည် ရွဲသည်။
ကြိုက်ရာရွေးလို့ ဝယ် ဝယ် ဝယ် ဝယ်
ဈေးတော့ မဆစ်နဲ့ကွယ်။
ဈေးတော့ မဆစ်နဲ့ကွယ်။”