ဆာဂျင်ဖြစ်ပြီးတဲ့နောက် ကိုယ်ရောက်ခဲ့တဲမြို့တွေဟာ လောက်ကိုင်ရယ်၊ အမ်းရယ် ဖြစ်နေတာဟာ မိုးနတ်မင်းကြီးက တမင်သက်သက် ဖန်တီးလိုက်သလား မသိပါဘူး။ ကိုယ်ပြန်ပြောင်းလာပြီဆို အဲ့ဒီနေရာမှာ စစ်ဖြစ်တော့တာပဲ။ အခုဆို အဲ့ဒီမြို့ နှစ်မြို့စလုံး ဖွတ်ဖွတ်ညက်ညက်ကို ကျေလို့။ ကိုယ်နဲ့သိရာခင်ရာ မိတ်ဟောင်းကျွမ်းဟောင်းတွေကို ဘယ်လိုသတင်းမေးရမှန်းတောင် မသိဘူး။ ဆေးရုံကလူတွေရော ဘေးကင်းရန်ကင်းမှ ရှိပါလေစ။ သတင်းထဲမှာ တိုက်ပွဲဖြစ်တဲ့နေရာတွေကလည်း ကိုယ်သွားနေကျ ဘုန်းဘုန်းတွေရဲ့ ကျောင်းတွေချည့် ဖြစ်နေတယ်။ ငါ့ ဆရာတော်တွေ ဘယ့်နှယ်များ နေမှာပါလိမ့်။ ထမင်းစားနေကျ ရွှေပြည်ရခိုင် ဆိုင်ကလေး၊ ကန့်ကော်ပန်ဆန်း ရှမ်းခေါက်ဆွဲဆိုင်ကလေး။ ကိုတွတ်ပီရဲ့ အညာလက်ဘက်ရည်ဆိုင်ကလေး။ အားလုံးလည်း ပြေးကုန်ကြလောက်ပါပြီ။ လူငယ်လူရွယ်တွေကတော့ စစ်မပြေးရင်လည်း စုဆောင်းရေးထဲပါ၊ ပေါ်တာဆွဲတဲ့ထဲပါ နဲ့ တစ်ယောက်မှ ရှိမှာ မဟုတ်တော့ဘူး။ ရပ်တွေရွာတွေလည်းပျက်၊ ရပ်သူရွာသားတွေမှာလည်း ဆန်ကောထဲထည့်လှိမ့်တဲ့ ဆီးဖြူသီးများလို ဒလိမ့်ခေါက်ကွေး နေမှာပါပဲ။ နာဂစ်တုန်းက လူတွေသိန်းနဲ့ချီပြီး သေကုန်သလို ကြင်စိုးနဲ့တွေ့တဲ့အခါလည်း လူတွေသန်းနဲ့ချီပြီး နေရပ်ကို စွန့်ခွါကုန်ကြတယ်။ ခုထက်ထိလည်း အသေအပျောက်စာရင်းတွေက ရပ်မှ မရပ်သေးတာ။ ၂၀၂၁-၂၄ မြန်မာပြည်ဟာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တုန်းကထက် စစ်ဘေးစစ်ဒဏ် ပိုခံရသလား မှတ်ရတယ်။ သူများက ကျူးကျော် ရန်ပြုတာ မဟုတ်ပဲ ကိုယ့်တိုင်းပြည်က စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာ။ ကိုယ့်တိုင်းပြည်ကိုယ် နေ့တိုင်းဗုံးကျဲတဲ့စစ်တပ်ဆိုတာ ကမ္ဘာမှာ ဘယ်တုန်းက ကြားဖူးလို့လဲ။ မော်ကွန်းလည်း ထိုးလောက်ပါပေတယ်။ အခုဆို တရုတ်လက်နက်ကိုင် တွေကို ကာကွယ်ရေးတပ်သားအဖြစ်နဲ့ကိုယ့်တိုင်းပြည်ထဲခေါ်သွင်းဖို့ ကြံနေပြန်ပြီလေ။ ရှိသမျှ အကုန်ထိုးပေးတဲ့အထဲမှာ မအေတွေနှမတွေတောင် မချန်ဘူး။ မာတာ ဒေးမ မအလ။ ဒီကောင် တို့တိုင်းပြည်မှာ လူလာဖြစ်တာ တနိုင်ငံလုံး အဘက်ဘက်က ချွတ်ခြုံယိုယွင်း ပြိုဆင်းသွားတာပဲ။
မိုးမောက်က KBC church ထဲကိုဗုံးကျဲပြန်ပြီ။ စစ်ပြေးဒုက္ခသည် ကလေးသူငယ် တွေပါ အသက်ဆုံးရှုံးရတယ်။ ရခိုင်မှာလည်း သည်းသည်းမည်းမည်း ကျဲနေဆဲပါ။ အလကားနေရင်း ပြည်သူကိုသာ သတ်နေတာ။ စစ်ကျတော့ နိုင်အောင်လည်း မတိုက်နိုင်ဘူး။ ကိုယ်တို့ဆီမှာလည်း သူတို့မနိုင်။ အကျအရှုံးများပါတယ်။ သူ့ရဲဘော်အသက်မှ သူတန်ဖိုးမထားတာ။ ပုစင်းတွေ မဆင်းရဲလို့ လူနာတောင် လာမသယ်တော့ဘူး။ မိတ္ထီလာငှက်သိုက်ထဲမှာတင် Y12 ၂စီး မောင်ကြီး မပျံနိုင် တယ် ဖြစ်သွားသတဲ့။ မိုးကုတ်၊ မိုးမိတ်၊ မိုးမောက်၊ ဗန်းမော်၊ ကသာ၊ ရွှေကူ၊ ကန့်ဘလူ၊ ကျွန်းလှ၊ အင်းတော်။ အဲ့ဒီမြို့နံမည်တွေကို မြေပုံထံမှာ ရှာကြည့်ပြီး မင်နီလေးတို့ခဲ့ပါ။ အဲ့ဒါ စကစ အကြိမ်ကြိမ် ဗုံးကျဲထားတဲ့နေရာ၊ တိုက်ပွဲပြင်းထန်တဲ့နေရာတွေပါ။ မင်နီလေးတွေ ရဲသွားရင် ကချင်အပါအဝင် မြောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေရဲ့ စစ်မျက်နှာကို မြင်ရမှာပါ။ ကိုယ်တို့ဆီ တိုက်ပွဲဖြစ်တယ်ဆိုတာအဲ့ဒီဘက်မှာ အိပ်နေသလောက်ရှိတယ်။ ကိုယ့်လိုမျိုး စီစီညံအောင် အသံမထွက်နိုင်တဲ့ ဆရာဝန်လေးတွေ၊ ဆေးတပ်သားလေးတွေ စစ်တိုက်နေကြတယ်။ ကိုယ်လည်းပဲ သူတို့ဆီ သွားကူချင်တာပဲ။ ဆေးရုံက ခွါမရလို့သာ။ တကယ်လို့များ စကစက ကိုယ့်ဆေးရုံကို လာဖျက်ဆီးပြီး ကိုယ်က ဘာမှမဖြစ်ဘူးဆိုရင် ဒီနေရာမှာ ဆေးရုံပြန်မတည်ဘူး။ အောက်ပိုင်းဆင်းပြီး ရှေ့တန်းလိုက်မှာ။ ဗျူဟာမှူး၊ တပ်ရင်းမှူးနောက်မှာ medical cover လိုက်ဖို့ မဟုတ်ဘူး။ ဆေးကုရတာ ပျင်းလာပြီ။ သေနတ်ကိုင်ချေဦးမယ်။
ဒီနေ့ညတော့ လေယာဉ် ၂ ခါတောင်လာတယ်။ ဆယ်ဇင်းဘက်မှာ ကျဲချသွားတဲ့အသံလည်းကြားတယ်။ ဒါပေမယ့် အငယ်တွေက gun shot wound တစ်ယောက်လုပ်နေတာ မပြီးသေးဘူး။ ကိုယ့်တစ်ယောက်တည်း ဗုံးခိုကျင်းထဲမှာ ဘယ်လိုလုပ်စိတ်ချနိုင်မလဲ။ ခွဲခန်းထဲမှာ လက်စသပ်လိုက်တော့ လို့ သွားလောရတယ်။ ခဏနေကျ လူနာရောက်ချင်လည်း ရောက်လာဦးမှာလေ။ ဒီတိုင်းဆိုရင်တော့ ကိုယ်တို့ဘက်က အရေးသာနေတာ သေချာသလောက်ရှိတယ်။ နို့မို့ အလကားနေရင်း လေယာဉ်မလာဘူးဗျ။ မနက်ကျရင်တော့ သတင်းကောင်းကြားရတော့မယ် ထင်တာပဲ။ လေယာဉ်ကတော့ နောက်ထပ်လာချင်လာပါ။ မထူးဆန်းတော့ပါ။
လွန်ခဲ့တဲ့ ၃ နှစ်ကျော်တုန်းက လှိုင်သာယာမှာ လူတွေအများကြီး သေနတ်နဲ့အပစ်ခံရတဲ့အခါ လှိုင်သာယာဆေးရုံက လာကူကြပါဦးလို့ အကူအညီတောင်းတာတွေ့လို့ ပိတ်ထားတဲ့တံတားကို ရအောင်ဖြတ်၊ လမ်းကြိုလမ်းကြားထဲက ကွင်းရှောင်ပြီး ရောက်အောင်သွားခဲ့တယ်။ ဟိုကိုရောက်တဲ့အခါ ခွဲခန်းထဲတန်းဝင်သွားပြီး လူနာတစ်ယောက်၊ နှစ်ယောက်ပဲ ခွဲပေးနိုင်ခဲ့တယ်။ အပြင်မှာတော့ ကမ္ဘာပျက်နေပြီ။ စစ်တပ်ကပြန်ဆုတ်သွားတော့မှ ambulance တွေ တစ်စီးပြီးတစ်စီးရောက်လာ။ ဘာမှ လုပ်မပေးနိုင်တဲ့လူနာတွေ မျက်စိအောက်တင် တစ်ယောက်ပြီးတစ်ယောက် အသက်ထွက် သွားတာ မြင်နေရတယ်။ ဘာဖြစ်နေမှန်းသိတယ်။ ဘာလုပ်ရမယ် မှန်းလည်း သိတယ်။ ကိုယ့်လက်ထဲမှာ ဘာမှ မရှိဘူး။ လူနာတွေကလာနေတုန်း။ ဆေးရုံအဝမှာလည်း ပစ်နေတုန်း။ အဲ့ဒီအဖြစ်အပျက်နဲ့ စိတ်ဒဏ်ရာဟာ ကိုယ့်ကို ဒီဘဝကိုရောက်အောင် တွန်းပို့ခဲ့တာပဲ။ အခု ကိုယ်အားလုံး လုပ်နိုင်ခဲ့ပြီ။ သူတို့ ဘယ်လောက်ပစ်ပစ် ကိုယ့်ဘက်က လာသမျှ အဖိတ်အစင်မရှိအောင် နိုင်နိုင်နင်းနင်း ကုပေးနိုင်ပြီပဲ။ ဖမ်းမှာကြောက်လို့ တောထဲထွက်ပြေးတဲ့ ဆရာဝန် မဟုတ်ဘူး။ သေမှာမကြောက်လို့ ပေတရာလျှောက်ပြီး စစ်သားတွေကို စိန်ခေါ်ရဲတဲ့ ဆရာဝန်မှန်း သိပြီလား။ လက်ချည့်ပလာနဲ့ ဆရာဝန်တစ်ယောက်က အာဏာသိမ်းထားတဲ့ကာလအတွင်း သူဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်ပြနိုင်ခဲ့တယ်။ မြင်လား။ သမ္မတဖြစ်ချင်လို့ အာဏာသိမ်းတဲ့ အကောင်။ မင့်စစ်တပ် တစ်တပ်လုံး ပြုတ်ပြုတ်ပြုန်းလို့ စမုံတုံးတော့မယ်။ နီးစပ်ပလား ဟျောင့်။ ပြောစမ်း။ ရှက်တတ်တဲ့စိတ်ရှိရင် ကျည်ဆန်မလိုဘူး။ ဒီကပစ်တဲ့ ပါးစပ်သေနတ်နဲ့တင် ဗိုင်းကနဲသေလို့ရတယ်။ အလကားကောင်ပါကွာ။ ဖင်ဝမှိုင်းတိုက်ပြီး မီးပုံးပျံပဲ လွှတ်နေလိုက်တော့။
ဒီလိုနဲ့ ဆယ်ဇင်းတဘက်က စခန်းတွေ တစ်ခုပြီးတစ်ခု သိမ်းနိုင်ခဲ့ပြီဆိုတာ သတင်းထဲမှာ ဖတ်ရပါလိမ့်မယ်။ တရိပ်ရိပ် တရွေ့ရွေ့တော့ သွားနေတာပဲ။ လူနာတွေလည်း တဖျောက်ဖျောက်နဲ့ လာနေဆဲပေါ့။ စစ်ပွဲတွေရှိလို့ ဆီကားတွေ ပေးမဝင်တဲ့အခါ ကုန်ဈေးနှုန်းတွေ အရမ်းတက်တာပေါ့။ ပေါ်ချိန်သီးချိန်ကြီး စပါးကားတွေ ပေးမဝင်တဲ့အခါ လယ်သမားတွေရွာမှာ စပါးဈေးတွေ ထိုးကျတာပေါ့။ လူတိုင်းကိုယ်စီ ကိုယ့်ဒုက္ခနဲ့ကိုယ်ပါပဲ။ နေထိုင်မကောင်းရင်တော့ ပိုပြီးဒုက္ခကြီးပြီသာမှတ်။ ခေတ်မကောင်းမချင်း ဘယ်အရာမှ ကောင်းလာဖို့ မရှိဘူးလေ။ ဒါကြောင့်မို့လည်း တော်လှန်ရေးမပြီးမချင်း အသက်စွန့်ပြီး ရုန်းကန်နေရတာပါ။ ကိုယ်တို့နဲ့ စစ်တိုက်နေရတဲ့ စကစတပ်သားတွေကိုယ်တိုင်က “သေချင်လည်း သေသွားပါစေတော့။ ဒါကြီး မြန်မြန်ပြီးချင်လှပြီ။” ဆိုတဲ့စိတ်တွေ ဖြစ်ပေါ်နေပြီ။ အဲ့ဒါကြောင့် “ကြာတော့ မကြာလောက်တော့ဘူး။” လို့ ပြောနိုင်တာ။
အခုတော့ စခန်းသိမ်းပြီးပြီဆို ဒီည လေယာဉ်လာလိမ့်မယ်။ မနက်ဖြန်လောက်ဆို မိုင်းရှင်းရင် လူနာတချို့ထပ်ရောက်လာလိမ့်မယ်။ ထင်လည်း ထင်ထားတယ်။ ပြင်လည်း ပြင်ထားတယ်။ ရောက်လည်း ရောက်လာကြတယ်။ ဘာမှ ပြောစရာမရှိပါဘူး။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရုံပေါ့။ ဆယ်ဇင်းကို သိမ်းထားပြီးတာ ကြာပြီဆိုပေမယ့်ဆယ်ဇင်းထဲကို ဒရုန်းနဲ့ ဗုံးလာလာချနေတဲ့ စစ်ကိုင်းနယ်ထဲက SNA + စကစ တပ်တွေကြောင့် ရွာသားတွေ ပြန်မဝင်နိုင်ပဲ စစ်ရှောင်နေရတာကြာပြီလေ။ အဲ့ဒီအဖွဲ့တွေ ကုန်အောင်ရှင်းထားမှ အေးအေးချမ်းချမ်း နေလို့ရမှာ။ ဒီလိုနဲ့ပဲ ဖားကန့်ပတ်ပတ်လည် အဝင်အထွက်လမ်းက စကစအထိုင်စခန်းတွေ အကုန်သိမ်းပြီးသွားရင် ဖားကန့်ဗျူဟာကုန်းက အလိုလို အိပ်ထဲရောက်လာမှာပဲ။ အင်းတော်ကြီးဘက်မှာဆိုလည်း အဝမှာ တစ်လစ်ကလေးကျန်နေတဲ့ လုံးတုံ၊ နန့်မွန်းကို တိုက်ထုတ်လိုက်ရင် စခကင်းစင် ပြုံးပျော်ရွှင် ဖြစ်သွားပြီ။ အထက်ဘက်မှာ မြစ်ကြီးနား-ပူတာအို လမ်းတလျှောက်က စကစဂိတ်တွေကို အထက်မီးအောက်မီးနဲ့ ဝိုင်းကင်နေကြတယ်။ ကချင်ပြည်နယ်ရဲ့ လွတ်မြောက်ရေးဟာ လှမ်းကြည့်လို့တောင် မြင်နေရပြီ။ နပခ ရဲ့ အင်္ဂါစဉ်နဲ့ စစ်အင်အားစာရင်းကို စစ်ကြည့်လေ။ လေယာဉ်လေးတွေနဲ့ အသံမြည်အောင် ဖိန့်ဖိန့်လုပ်ပြနေတာ။ တကယ်တော့ ဘယ်နေရာမှာမှ စစ်တိုက်စရာ အင်အားမကျန်တော့ဘူး မှလား။ တရုတ်ကယ်မယ်ဆိုတာ သူ့တပ်သားတွေသူ မိုတီပေးချင်လို့ ဖော့စုတ်တွေ နေမှာပါ။ “ဗိုလ်လေးရေ တောင့်ထား တောင့်ထား။ လေယာဉ်တွေ အခု လွှတ်တော့မယ်။” ဆိုတာမျိုး ဖြစ်မယ်။
ဖုန်တာ့ရွှင် ကို အကျယ်ချုပ်ထားတယ်ဆိုရင်လည်း အဲ့ဒါကတော့ သူတို့လုပ်ပိုင်ခွင့်ထဲက ကိစ္စသာဖြစ်တယ် လို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖုန်အိမ်တစ်အိမ်လုံးက တရုတ်ပြည်မှာနေတဲ့ တရုတ်နိုင်ငံသားတွေလို့ သူတို့ဘက်က လက်ခံထားဖူးတာကိုး။ ဟိုဘက်ရောဒီဘက်ရော မှတ်ပုံတင်ရှိတယ်။ ဒါဘင်မက် ပေါ့လေ။ ဒါဘင်မက်။ ရှမ်းမြောက်တစ်ခုလုံးသိမ်းထားပြီး အုပ်ချုပ်ရေးတွေ ထူထောင်နေတဲ့ အဖွဲ့တွေကို သူဩဇာလွှမ်းမိုးဖို့ မဖြစ်နိုင်ပါဘူး။ လားရှိုးက MNDAA ပြန်သွားရင် TNLA နဲ့ KIA က ထကနေမှာပေါ့။ စကစ က ပြန်ယူနိုင်မှာမှ မဟုတ်တာ။ အလကား ဖွတ်မရ ဓါးမဆုံးဖြစ်မယ့်လမ်းကိုရွေးရအောင် ကွန်မြူနစ်ပါတီအောက်မှာ အနှစ် ၇၀ နေလာခဲ့တဲ့ တရုတ်တွေ မဟုတ်ဘူး ဆိုတာလည်း သတိရပါဦး။ စကစတစ်ဖွဲ့လုံး ကျဆုံးသွားတဲ့အခါကျရင် တရုတ်ပြည်မှာ ရွှေ့ပြောင်းမြှုတ်နှံထားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အသာလေး အပျောက်ရိုက်လိုက်လို့ မရဘူးလား။ နည်းတယ် ထင်လို့လား။ မရောင်းတတ်ရင် ခွေးမိန်မှာရှိတဲ့ ဦးသန်းရွှေအိမ်တို့၊ မအလအိမ်တို့ကို ချိတ်ပိတ်ပြီး ဦးတင်ထွန်းနိုင်ဆီ လိပ်စာပို့လိုက်။ ဒီနေ့ရောင်းရင် မနက်ဖြန် sold out ပဲ။
အင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ သူ့ဘက်က ဝင်စွက်ဖက်လိုက်ရင် game changer ဖြစ်သွားမယ် လို့ ထင်နေပေမယ့်လည်း သူ ဝင်ပလေးနေတဲ့အရုပ်က game over ဖြစ်နေတာ သူမသိရှာဘူး။ အဲ့ကောင်လက်နဲ့ထိသမျှ အကုန်နူတာနော်။ ကျုပ်ကျက်လည်း လိအုန်း။ တရုတ်နယ်စပ်မျဉ်းတလျှောက်လုံးမှာ စကစ နဲ့ ဆက်ဆံစရာ မူဆယ်တစ်မြို့ပဲ ကျန်တော့တယ် မဟုတ်ဘူးလား။ လူကျွံဘောတွေချည့် ခဏခဏမိနေလို့ ဝမ်နင်ပေးလိုက်တယ်နော်။ အခုလက်ရှိ အခြေအနေမှာ ကိုယ်တို့ဘက်ကနေ proxy ထားပြီး ဝင်ပလေးမယ့် အနောက်နိုင်ငံတွေ ရှိမနေပါဘူး။ သို့သော်လည်း အရှေ့နိုင်ငံကြီးက အတင်း ဝင်ကြမ်းရင်တော့ ပါလာနိုင်စရာ အကြောင်းရှိတာပေါ့။ ကိုယ်တို့အတွက်ကတော့ ဘယ်ဟာမှ ပိုမထူးပါဘူး။ သန်းခေါင်ထက် ညဉ့်နက်စရာ မရှိ။
စစ်အစိုးရကို တော်လှန်လို့ လူငယ်တွေ တောထဲရောက်ရတာ အခုမှ မဟုတ်ပါဘူး။ ရှေးပဝေသဏီကတည်းကပါ။ ဒါပေမယ့် တော်လှန်လူငယ်တွေ ဝိုင်းတိုက်ကြလို့ စစ်အစိုးရက တိုင်းပြည်ကို သူများလက်ထိုးအပ်ရတာ ဒီတစ်ခါ ပထမဦးဆုံးပဲ။ ပြည်ပရန်ကို တွန်းလှန်ကာကွယ်ရမယ့် တပ်မတော်က PDF ဖြစ်သွားတာပါလား။ အမိနိုင်ငံတော်ကို ကာကွယ်ရန် ဆိုတဲ့ သမိုင်းပေးတာဝန်ကြီးကို တို့ဘက်က ပုခုံးပြောင်း တာဝန်ယူရတော့မှာပေါ့။ ဟုတ်စ။ ရပါတယ်။ မင်းတို့အဘအသက်ပဲ မင်းတို့ရအောင် ကယ်ထုတ်ကြ။ တိုင်းပြည်က ငါတို့တာဝန်။ အချိန်တန်လို့သာ ငါးလား ဖားလား အဖြေပေါ်လာတာ။ ငါတို့က အစကတည်းက ဘာအတွက်၊ ဘယ်သူ့အတွက် လုပ်သလဲ ခေါင်းထဲမှာ အဖြေရှိပြီးသား။ အခု ငါတို့ အိမ်ပြန်လာပြီ ဟကောင်ရေ။ မင်းတို့ ဘယ်ထွက်ပြေးမလဲ စဉ်းစားထား။
တကယ်တော့ လောက်ကိုင်တို့ အမ်းတို့ပဲ ကစဉ့်ကလျား စစ်ဘေးစစ်ဒဏ် သင့်ရတာ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာ အသက်ရော၊ အိုးအိမ်ရော၊ စည်းစိမ်ရော ပျက်စီးရတဲ့သူတွေ မရေမတွက်နိုင်အောင် ပေါများတယ်။ ပြန်မဆုံနိုင်တော့တဲ့ မိသားစုပေါင်းများစွာ ရှိတယ်။ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ရဲ့ ဆင်ခြင်တုံတရားမဲ့တဲ့ အတ္တကြောင့် တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးရတယ်။ ကိုယ့်အမှားကိုယ်မမြင်နိုင်ပဲ တိုင်းရင်းသားအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းကြတဲ့အထိ မိုက်တွင်းနက်ခဲ့တယ်။ လူမမယ် ကလေးသူငယ် တွေကို မိဘမျက်စိအောက်မှာတင် သတ်ဖြတ်တယ်ဆိုတာ အင်္ဂလိပ်လက်အောက်၊ ဂျပန်လက်အောက် မှာတောင် မရှိခဲ့ဖူးဘူး။ လူသားမဆန်တဲ့ ဖိနှိပ်အုပ်ချုပ်မှုမျိုးကို ဘယ်သူ့လက်အောက်မှာမှ ခေါင်းငုံ့မခံနိုင်တာဟာ လူသားတို့ရဲ့စရိုက်သဘာဝပဲလေ။ နောင်ကိုလည်း ဘယ်တော့မှ ခေါင်းငုံ့ခံမှာ မဟုတ်ဘူး။ ဆင်ကို ထူးခတ်၊ ကျုံးသွင်းပြီး ချွန်းနဲ့အုပ် ကျွန်ပြုလို့ ရချင်ရမယ်။ မျောက်ကို ချော့တခါ ချောက်တလှည့်နဲ့ ကျွမ်းထိုးခိုင်း၊ ကပြခိုင်းလို့ ရချင်ရမယ်။ လူကို အဲ့သလိုမျိုး ခိုင်းချင် အုပ်ချုပ်ချင်ရင် သူ့ဆန္ဒမပါပဲ မဖြစ်နိုင်ပါဘူး။ ကျောက်ခေတ်တုန်းကလို၊ ကျွန်ခေတ်တုန်းကလို မတရားသဖြင့်အနိုင်ကျင့်ပြီး အကြောက်တရားနဲ့ ချိန်းခြောက်အုပ်ချုပ်တဲ့သူတွေကို လုံးဝလက်မခံနိုင်တဲ့အကြောင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ငြင်းဆန်ပြကြရမယ့် အချိန် ရောက်လာပါပြီလေ။