ချန်ဂင်တို့စခန်း (၃၀၇)

ခုရက်ပိုင်း ကိုယ်တို့ တော်တော်ပင်ပန်းကြပါတယ်။ မိုးလင်းမိုးချုပ် အိုတီဝင်နေကြတာကိုး။ ဆရာအော်သိုရောက်တဲ့အခါ အရိုးလူနာတွေ သူ့ဆီလွှဲစရာ မလိုတော့ပဲ ဒီမှာတင် ခွဲလို့ရသွားတယ်။ ဒဏ်ရာရရချင်းမှာ ကိုယ်တို့က အရေးပေါ်ကုသမှုနဲ့ အသက်ကိုကယ်ထားနိုင်ပေမယ့် ခြေတွေလက်တွေ အကောင်းအတိုင်းပြန်ဖြစ်ဖို့ သူတို့ရဲ့ဘဝကို ဆရာအော်သို ကယ်တင်မှ ရမယ်။ သူ့ကျွမ်းကျင်မှုနဲ့သူပေါ့လေ။ ရှေ့တန်းက ကလေးတွေက First aid treatment နဲ့ ကိုယ့်ဆီကို အသက်နဲ့ရောက်အောင်ပို့တယ်။ ကိုယ်တို့က အဖိတ်အစင် မရှိအောင် အရေးပေါ် ခွဲစိတ်ကုသပေးထားတယ်။ ဆရာအော်သိုလာတော့ သူတို့ခြေထောက်တွေ လက်တွေ အကောင်းတိုင်း ပြန်ဆက်အောင် စတီးချောင်းတွေနဲ့ ငြမ်းဆင်တယ်။ လုပ်ပေးနိုင်သ၍ အတိုင်းအတာအားလုံး လိုလေသေးမရှိအောင် လုပ်ပေးထားတယ်။ သူတို့လည်း ကိုယ်တို့အတွက် အသက်ပါ သေချင်သေပစေ၊ စစ်တိုက်ပေးနေတာ မဟုတ်လား။ တော်လှန်ရေးကြီး ဒီခရီးအထိ အောင်မြင်လာရဖို့ သူတို့လို အညတြစစ်သည်ပေါင်းများစွာရဲ့ အသက်တွေဘဝတွေ ရင်းခဲ့ရပါတယ်။ အားလုံးကို ကျေးဇူးတင်စွာဖြင့် တလေးတစား ကုပါတယ်။ ငါက အလကား ကုပေးနေတာလေ ဆိုပြီး အော်ဟစ်ငေါက်ငမ်းပြီး မကုပါဘူး။ သူတို့မရှိရင် ကိုယ့်အတွက် အိမ်ကိုပြန်ရဖို့ မျှော်လင့်ချက် ရှိမှာ မဟုတ်ဘူး။

ဒီဘက်မှာ စစ်တိုက်နေတဲ့ကလေးတွေဟာ KIA တစ်ဖွဲ့တည်းတော့ မဟုတ်ပါဘူး။ KIA ရဲ့ ဦးဆောင်မှုအောက်မှာ KIA စစ်သားရော KPDF, နာဂ PDF၊ မဟဟ လို့ခေါ်တဲ့ KIA BGF၊ ဂေါ်ရခါးတပ်တွေ ပါပါတယ်။ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးကို KIO က လုပ်ပြီး အစိုးရဌာန အသီးသီး ဖွဲ့စည်းပြီး အလုပ်လုပ်ပါတယ်။ နိုင်ငံရေးအရ ဦးဆောင်ဖို့အတွက် ပါတီဆိုတာလည်း တစ်ဖွဲ့ ရှိတယ်။ ဆိုလိုတာက စစ်သားတွေက လက်နက်ကိုင်ပြီး နေရာတကာ သူတို့ချည့် စီမံအုပ်ချုပ်နေတာတော့ မဟုတ်ဘူး။ အရွယ်ရောက်လာတဲ့ လူငယ်တွေမှာ ရွေးချယ်စရာ လမ်းကြောင်း ၃ ခု ရှိတယ်။ ဘာသာရေးဘက် လိုက်စားပြီး ဓမ္မဆရာ၊ သင်းအုပ်၊ သင်းထောက်ဖြစ်ဖို့ ကျမ်းစာကျောင်းတွေတက်ရတယ်။ ထားပါတော့ စစ်မတိုက်ချင်လို့ သာသနာ့ဘေင်ဝင်တယ်။ အဲ့သလိုတော့ လွယ်ကူနေတာ မဟုတ်ပါဘူး။ ဓမ္မဆရာတွေမှာ သူတို့တပ်အပ်သော ပညာရပ်များစွာကို လေ့လာလိုက်စားရတယ်။ အဲ့ဒီထဲမှာ ဂီတပညာလည်း ပါတယ်။ အနည်းဆုံးတော့ ကီးဘုတ်၊ ဂီတာ ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်ဆိုနိုင်ရတယ်။ သင်ပေးနိုင်ရတယ်။ ဘယ်ဘုရားကျောင်းမှာမှ ကီးကြောင်ကြီးနဲ့ ဓမ္မတေးမဆိုဘူး။ ကလေးတွေရဲ့ မူကြိုပညာရေးကို သူတို့သင်ပြီး အဲ့ဒီအရွယ်တည်းက ဆိုတတ်ကတတ်အောင် ကျင့်ယူတယ်။ သူတို့က စစ်သာမတိုက်ရတာ ရှေ့တန်းတော့ လိုက်ရတာပဲ။ ဝတ်ပြုဆုတောင်းပွဲတွေ လုပ်ရတယ်။ နှစ်ခြင်းခံတာ၊ မင်္ဂလာဆောင်တာကနေ နာရေးကိစ္စပါ သူတို့ပါမှ ပြီးတယ်။ သူတို့ဆီမှာ ဝတ်ပြုဆုတောင်းပြီးမှ ရှေ့တန်းထွက်တယ်။ သူတို့အလုပ်သူတို့ လုပ်ရတာ။ စစ်ဝင်မတိုက်ဘူး။ အုပ်ချုပ်ရေးထဲ ဝင်မပါဘူး။

အုပ်ချုပ်ရေးကတော့ သင်တန်းတွေ တချိန်လုံး တက်နေရတာ။ သူ့ဌာနနဲ့သူ အလုပ်လုပ်ဖို့ လိုတာကိုး။ ရဲစခန်း၊ တရားသူကြီး၊ အကျဉ်းစခန်း ရှိတယ်။ ဘဏ္ဍာရေးရုံးတို့၊ ကျောက်မျက်ရုံးတို့လည်း ရှိတယ်။ တိုင်း၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ် ဖွဲ့စည်းပုံ အတင့်ဆင့် ရှိတယ်။ KIA မှာလည်း ဆေးဗိုလ်ကြီးတွေဆေးတပ်သားတွေ ရှိတယ်။ အခု ကိုယ်တို့နဲ့ အတူတွဲပြီး အလုပ်လုပ်နေတာ။ သင်တန်းကျောင်းမှာ သူတို့က အုပ်ချုပ်ရေးတာဝန်ယူတယ်။ ဆေးရုံမှာ ကိုယ်ဖြစ်ချင်တဲ့ စီမံခန့်ခွဲရေးကို သူတို့ဆီကတဆင့် အကူအညီတောင်းတယ်။ စစ်ဆင်ရေးကို ကော်မီတီဖွဲ့ပြီး အလုပ်လုပ်တယ်။ စစ်တိုက်တာ သေနတ်နဲ့ ကျည်ဆန်ချည့်ပဲ ပေးလွှတ်လို့ ရတာ မဟုတ်ဘူးလေ။ တိုက်ပွဲရှိရင် စစ်သားတွေအားလုံးအတွက် ထမင်းချက်တဲ့သူ ရှိသလို ထမင်းလိုက်ပို့တဲ့သူလည်း ရှိရတယ်။ နောက်က ထောက်ပို့မလိုက်နိုင်ရင် ဘယ်လိုလုပ် ဆက်တိုက်နိုင်မလဲ။ စစ်ပွဲမှာ ရုံးတက်၊ ရုံးဆင်း၊ ထမင်းစားနားချိန် မရှိဘူးလေ။ လိုင်းပေါ်မှာ ပါးစပ်ကလေးနဲ့ စစ်တိုက်ရတာ လွယ်တယ်ဗျ။ PDF တွေ စစ်တိုက်ရတာ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာမို့ သိပ်လွယ်ကူသာယာနေတယ် မထင်ပါနဲ့။ ရန်သူကြားထဲ ပိတ်မိနေရင် ထမင်း ၃ ရက်လောက် မစားရဘူး။ ဒဏ်ရာတွေလည်း လောက်တဖွားဖွားကျတယ်။ ကိုယ့်အတွက် စစ်တိုက်နေတဲ့ အဲ့ဒီကလေးတွေကို မသေမပျောက်၊ ဒုက္ခိတမဖြစ်အောင် ဆေးကုပေးရတာ ကျေနပ်ပါတယ်ဗျ။

မြို့သိမ်းပွဲ၊ စခန်းသိမ်းပွဲတွေဟာ လိုင်းပေါ်မှာ ဩဘာကျလှ ၂ ရက်ထက် မပိုပါဘူး။ မြေပြင်မှာတော့ နယ်မြေရှင်းလင်းရေး၊ ဆက်လက်ထိန်းသိမ်းရေး၊ ပြန်လည်နေရာချထားရေး လုပ်ရတာ တော်တော်နဲ့ မပြီးဘူး။ ရန်သူချန်ထားခဲ့တဲ့ နင်းမိုင်းတွေ၊ တန်းမိုင်းတွေ၊ မြေမြုပ်မိုင်းတွေ စံနက်တံဖြုတ်ရင်း မိုင်းကွဲလို့ရောက်လာတဲ့လူနာတွေ တွေ့ပေါင်းများပြီ။ လက်ငုတ်ကလေးတွေမြင်တာနဲ့ မိုင်းဆရာမှန်း တန်းသိတယ်။ ကိုယ်ဖြတ်ပေးထားတဲ့သူတောင် ကိုယ်မမှတ်မိတော့ဘူး။ စခန်းသိမ်းပြီးတဲ့ညတိုင်းဟာ ဗုံးခိုကျင်းထဲ အိပ်ရတဲ့အခါတွေပါပဲ။ လေယာဉ်လာမယ်လေ။ အဲ့ဒါကြောင့် ကိုယ်တို့မှာ စစ်နိုင်တဲ့သတင်းကြားရင် ကျင်းနားမှာပဲ အလုပ်လုပ်ကြတယ်။ လေယာဉ်သံကြားရင် လှစ်ကနဲရောက်သွားအောင်။ ဆယ်ဇင်းရဲစခန်းနောက်မှာ ကျူရှင်သွားတဲ့ကလေး ၅ ယောက် အတောင့်လေးတစ်တောင့် ကောက်ရတော့ “ချိုင်းသုတ်ဆေးလေး ချိုင်းသုတ်ဆေးလေး” ဆို သုတ်သုတ်ကြည့်သတဲ့။ ကလေးတစ်ယောက်က “ဟာ မဟုတ်ဘူး။ အဲ့ဒါ မိုင်းကြီးရယ်” ဆို လွှင့်ပစ်လိုက်တာ အုန်းကနဲကွဲရော။ အဲ့တော့ ရဲစခန်းထဲက စစ်သားတွေက ဘာပြောလဲ သိလား။ “သွား။ သွား။ ဟိုဆေးရုံကို သွားလိုက်။ အဲ့ဒီမှာ ဆရာဝန်တွေရှိတယ်။ ခွဲပေးလိမ့်မယ်။” တဲ့။ ခွဲရတာပေါ့။ အူပွင့်တာ ၂ ယောက်၊ ဆီးအိမ်ပွင့်တာ တစ်ယောက်။ အသေအပျောက်မရှိလို့ တော်သေးတယ်။ ရမခကြီးသိမ်းထားတာ ကြာပြီ။ လားရှိုးမြို့ကြီး ခုထက်ထိ ဗုံးဒဏ်ခံရတုန်။

စစ်ပွဲတစ်ခု ပြီးသွားတိုင်း စစ်ရှောင်တွေ၊ စစ်ပြေးဒုက္ခသည်တွေနဲ့ ငုတ်တုတ်ကျန်ရစ်ခဲ့တာ ကိုယ်တွေဘက်ကပါ။ ဟိုကောင်တွေက အလိုရှိသမျှ လုယက်ယူငင်ပြီး လူသတ်မုဒိန်းကျင့်လို့ ထွက်ခွါသွားခဲ့ပြီ။ လမ်းမှာ သူတို့ ဘေးမဖြစ်အောင် တွေ့သမျှလူ ဓါးစာခံခေါ်ပြီး ရှေ့ကကာထားသေးတာ။ ကိုယ်တွေမှာတော့ ဆယ်ဇင်းပြီးလည်း စစ်ရှောင်ကူ၊ တာမခန်ပြီးလည်း စစ်ရှောင်ကူ။ ဒါတောင်မှ “စစ်ဘေးဆို မကူဘူး။ ရေဘေးပဲ ကူမှာ။” ဆိုတဲ့ ၂ ပြားတန် ဦးနှောက်တွေ အသံကြားရင် ပါးချည့်ပဲ လှိမ့်ရိုက်ချင်မိတာ။ နင်တို့ တဆွေလုံးတမျိုးလုံး စစ်ဘေးစစ်ဒဏ်သင့်ကြပါစေ။ ဒါမှ လူလိုသူလို ကိုယ်ချင်းစာတတ်မှာ။ ဒါတောင် ကိုယ်က စစ်ရှောင်စခန်းမှာ ဆေးလာကုပါ ခေါ်ရင် ဘယ်တော့မှ မလိုက်ဘူး။ ဟောဒီမှာ ဆေးရော၊ ဆရာဝန်ရော၊ ဆေးရုံရော အလုံအလောက် ရှိတယ်။ နေမကောင်းရင် လာကုလှည့်။ စခန်းထဲလိုက်၊သွေးပေါင်ချိန်၊ အားဆေးပေး၊ ဓါတ်ပုံရိုက်တော့ လိုက်မလုပ်နိုင်ဘူး။ ခများတို့ စစ်ပြေးစစ်ရှောင် လုပ်ရတာ အခုမှပါ။ ကျုပ်တို့ စစ်ပြေးဒုက္ခသည်ဖြစ်နေတာ အာဏာသိမ်းကတည်းက။ ခုထိအိမ်ပြန်ရသေးတာ မဟုတ်ဘူး။ ဒုက္ခသည်အချင်းချင်း တစ်မူးပိုမရှူနဲ့။ ကျုပ်လည်း ကိုယ်ထူကိုယ်ထပဲ။ ခများတို့လည်း ကိုယ့်ဘာသာထူ။ လိုရင်ကူပေးမယ်။ ဒီလောက်ပဲ။ ကြံ့ဖွံ့လူကြီး မဲဆွယ်တဲ့အထာနဲ့တော့ ဆရာဝန်တွေ လာမဆင့်နဲ့။ ဆတော်ရုပ်ကလေးနဲ့ ကလော်တုပ်ပေးလိုက်ရင် ပါဠိလိုပါ အဆဲခံလိုက်ရမယ်။ ငါ့ ဘာမှတ်။

စစ်ရှောင်တွေကို ဆေးလိုက်မကုနိုင်ပေမယ့် သူတို့ဆီမှာ malaria outbreak တွေ ဖြစ်ပြီဆိုရင် test kit တွေ၊ ဆေးတွေ မရရအောင် ရှာကြံပြီး ပို့ပေးရတာ ကိုယ်တို့ဆီကပါ။ Paracetamol ဆို ထောင်ဗူးကြီးတွေ ၂ ဗူး ၃ ဗူးပေးထားတယ်။ ဆေးရုံမှာကို တစ်လတစ်လ လူနာထောင်ကျော် ငှက်ဖျားကုနေရပြီး ကိုယ်တိုင်လည်း ၂ ခါပြန် ၃ ခါပြန် ဖျားနေကြတာမို့ နေမကောင်းရင်း ဆေးကုရတာ။ အလုပ်လုပ်နေရသူကို သူတို့မမြင်ဘူး။ ဦးသိန်းစိန်လက်ထက်က လူကြီးလာသလို ဘာမှပြောစရာမရှိရင် ဆရာဝန် ထထတောင်းတာမျိုးတော့ ကိုယ်က ငြင်းထည့်လိုက်ရင် အငယ်တွေ အားမနာရတော့ဘူး။ သူတို့မြို့ရွာတွေမှာ နန်းစိန်တွေ စစ်ပြေးလို့ ဆရာဝန်မရှိတဲ့ ဒုက္ခကို ကိုယ်နားလည်ပါတယ်။ အဲ့ဒါကြောင့် ချန်ဂင် (၁)၊ (၂)။ ၂ ရုံခွဲပြီး အလုပ်လုပ်ပေးတာ။ ချန်ဂင် ၁၀၀၊ ကံ့ကော် ၁၀၀၀ စီမံကိန်းကတော့ ဦးဇော်ဝေစိုး လာမှ တောင်းတော့။ ကိုယ့်ဆီမှာတော့ လူကုန်လက်ကုန်ပဲ။ အခုတောင် လူနာများနေလို့ (၁)+ (၂) နဲ့ အလုပ်လုပ်နေရတာ။

ကိုယ်တို့ဆေးရုံရဲ့ နဂိုမူရင်းရည်ရွယ်ချက်ဟာ စစ်ဘေးစစ်ရှောင် ကယ်ဆယ်ရေး မဟုတ်ပါဘူး။ “သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိပါစေ” ဆိုပြီး ကုသိုလ်ဖြစ် သာသနာပြုနေတာလည်း မဟုတ်ဘူး။ အဲ့ဒါတွေက ကျွဲကူး ရေပါ မို့သာ အလိုလို ပါလာတာ။ တကယ့်ရည်ရွယ်ချက်က ကိုယ့်ဘက်က တော်လှန်ရေးတပ်သားကလေးတွေ ထိခိုက်ဒဏ်ရာရရင် ကုသပေးချင်တာ၊ အသက်ကယ်ပေးချင်တာ။ ဟိုဟာတွေနဲ့ ငွေကုန်လူပန်းဖြစ်ပြီး တကယ့်အလုပ်ကျမှ နင်လားငါလား မလုပ်နိုင်ရင် mission failed ဖြစ်မှာပဲ။ ကိုယ် ဘာလုပ်နေမှန်း ကိုယ့်ဘာကိုယ် သိပါတယ်။ ဆေးကုနေတာ မဟုတ်ဘူး။ စစ်တိုက်နေတာ။ တချို့လူတွေလို စစ်ဗိုလ် ဆရာဝန် စာရေးဆရာ လို့ ပရိုဖိုင်းမှာ မိတ်ဆက်မထားပေမယ့် အဲ့ဒီအလုပ်တွေအားလုံး ကိုယ်လုပ်နေတာတော့ အမှန်ပဲ။ သင်တန်းသွားမတက်ရလို့ ထိပ်တုံးထဲကနေ စပ်ဖြဲဖြဲလေး ရယ်ပြမနေတာပဲ ရှိတယ်။

အခုချိန်ကတော့ ကိုယ်တို့ဆီမှာ စစ်ဖြစ်နေတာ လူတိုင်းသိပါတယ်။ သူတို့ကတော့ အဲ့လို ရှေ့တန်းထွက်ပြီ ဆိုရင် “အလုပ်လုပ်လိုက်ဦးမယ်။” လို့ပဲ ပြောတာ။ သူတို့ အလုပ်လုပ်ပြီဆိုရင် ကိုယ်တို့လည်း အလုပ်လုပ်ရပြီဆိုတာ သေချာပေါက်ပဲ။ အခြေအနေလေးလား။ အခြေအနေက ကောင်းပါတယ်။ ဖုန်းလိုင်းတွေဖြတ်ထားပေမယ့် စတားလင့်တွေရှိလို့ ခေတ်သစ်တို့ မြန်မာနောင်းတို့မှာ အချိန်မဆိုင်းပဲ သတင်းတွေ တက်နေတာပဲဟာ။ ကိုယ်ကတောင် အလုပ်တွေများနေလို့ အသိနောက်ကျဦးမယ်။ ဆယ်ဇင်းတဘက်ကမ်း စစ်ကိုင်းနယ်ထဲက စကစ နဲ့ SNA ပူးပေါင်းတပ်စခန်းတွေကို သိမ်းထားပြီးပြီ။ ကုန်တော့ မကုန်သေးဘူး။ စခန်းကို စွန့်သွားတဲ့အဖွဲ့တွေက အနားနီးစပ်က ရွာတွေကို ပတ်မွှေပြီး ရွာသားတွေကို မောင်းထုတ်ထားတယ်။ ရွာဆိုပေမယ့် အိမ်ခြေ အစိတ်သုံးဆယ်လောက်ပဲ ရှိကြတာပါ။ ရွှေတူးနေတဲ့ မျှောကျင်းတွေပေါ့။ ပေါ်လိန်တွေတောင် မရှိတော့ဘူး။ မျှောသားတွေပဲ ကျန်ကြတာ။ အဲ့ဒီကစစ်သားတွေအတွက် ရေတောင် သောက်စရာရှိရင် ကံကောင်း။ ဥရုချောင်းရေက လူစင်ရင်တောင် ရေနဲ့ပြောင်အောင် ပြန်ဆေးယူရတာ။ ရိက္ခာကတော့ သူဖြတ်ကိုယ်ဖြတ်၊ အပြန်အလှန် ဖြတ်ထားကြတယ်။ ကိုယ့်ဆေးသင်တန်းက ကလေးတွေတောင် ရိက္ခာမလာလို့ ဆီတို့ဟူးနဲ့ ပြန်ညားနေကြပြီ။

စစ်ပွဲတွေမှာ တိုက်သမျှနိုင်တယ်ဆိုတာ ကိုယ်တို့ဘက်က အရမ်းတော်နေလို့ မဟုတ်ဘူး။ သူတို့ဘက်ကလူတွေ စိတ်ဓါတ်အင်အား ပြိုလဲနေကြပြီ။ ဘယ်အရပ်သွားသွား ကိုယ်ကလွဲရင် ရန်သူချည့်ပဲ။ လုယက်ယူငင်စားနိုင်မှ ထမင်းဝတာ။ မသထာရေစာနဲ့ အသက်ဆက်ရတော့ အဆီစားလည်း အသားမဖြစ်ဘူး။ ရွှေဘကြီးအာဏာသိမ်းကတည်းက သူတို့လည်း အိမ်မပြန်ကြရတာ။ တိုက်သာတိုက်နေရတယ်။ ဘာစစ်ကူ ဘာရိက္ခာမှလည်း မလာဘူး။ အရာခံဗိုလ်ကို “တောင့်ထားဗိုလ်လေး။ တောင့်ထား ဗိုလ်လေး။ မင်းကို ဒုဗိုလ်ရာထူးတိုးပေးလိုက်ပြီ။ အခုပဲ လေယာဉ်ပျံတွေ လွှတ်တော့မလို့။” ဆိုပြီး မသေမချင်း ဂျင်းထည့်နေတဲ့ အဘတွေ။ လေယာဉ်နဲ့ ဗုံးလာကျဲတာကလွဲရင် မြေပြင်ပေါ်မှာ “တပ်မတော်သားများ အတွက်သာ” ဆိုတဲ့ ရွှေဖီဦးတီးမစ်တောင် အရောက်မပို့နိုင်။ ကိုယ်တို့လို ဆေးကုဖို့မပြောနဲ့ သေလို့တောင် အလောင်းမကောက်ခိုင်းတော့ဘူး။ ကောက်လာရင် အသက်အာမခံကြေး ပေးရမှာလေ။ တပ်ထဲက မုဆိုးမတွေ လင်သေလို့မှ သပိတ်သွပ်ပြီး ငိုလို့မရ။ ဒူးနဲ့မျက်ရည်သုတ်ရတယ် ဆိုတာ အဲ့ဒါ။ လေးနှစ်ပြည့်ခါနီးလာတဲ့အခါ စိတ်ဓါတ်အင်အားလည်း မရှိတော့ဘူး။ စစ်သည်အင်အားလည်း မရှိတော့ဘူး။ လက်နက်အင်အားကလည်း သူတို့ဆီမှာ အနှုတ်ပြသ၍ ဒီဘက်မှာ အပေါင်းလာပေါ်တာ။ ငွေကြေးအင်အား ရပေါက်ရလမ်းတွေ ပိတ်လာလို့ အခု တရုတ်ပြည်မှာ ဖင်သွားပေါင်တာလေ။ ဟိုက ဘယ်လောက်ပေးမလဲ ကြည့်ကြသေးတာပေါ့။ ဈေးပေါင်ကျိုး ခေါ်သူမလာမှ ကိုလှရွှေနောက်လိုက်ပြီး ရဲစခန်းထဲမှာ အိပ်ဖို့ စဉ်းစားနေ။ နင့် ဘယ်ရဲက အလကားထားမှာတုန်း။

ဒီအခြေအနေထိ ရောက်လာဖို့ရယ်၊ ဒီအခြေအနေရောက်မှ ရပ်တန့်မသွားဖို့ရယ် ဆိုတာ ဇွဲနဘဲနဲ့ တိုက်ပွဲဝင်နေမယ့် တော်လှန်ရေးတပ်သားလေးတွေ လိုတာအမှန်ပဲလေ။ ကိုယ်တို့က ပြည်ပအားကိုး ပုဆိန်ရိုး အမျိုးယုတ်တွေမှ မဟုတ်တာ။ ပြည်သူ့အင်အားနဲ့ ရပ်တည်ပြီး ကိုယ့်တော်လှန်ရေးအင်အားနဲ့ စစ်တိုက်နေတာ ဖြစ်တဲ့အတွက် အဲ့ဒီအင်အားတွေ ယိုယွင်းသွားလို့ မရဘူး။ ချိနဲ့သွားလို့ မဖြစ်ဘူး။ ကျန်းမာအောင် စောင့်ရှောက်မှဖြစ်မယ်။ ပြန်လည်သန်စွမ်းအောင် ကုသပေးမှဖြစ်မယ်။ သူတို့မှာ နေထိုင်မကောင်းဖြစ်လို့ ဒဏ်ရာအနာတရရှိလာလို့မှ ပြုစုစောင့်ရှောက်ပေးမယ့် ဆွေမျိုးသားချင်း မိသားစု ပါတာမဟုတ်ဘူး။ လိုက်လာလို့ မရဘူး။ ဘယ်တုန်းကမှ မသိဖူး မကျွမ်းဖူး မမြင်ဖူးပေမယ့်လည်း ကိုယ့်ရဲဘော်ဆိုတာ ကိုယ့်ရဲ့တော်လှန်ရေးမိသားစုပဲ လို့ ခံယူထားရမှာပေါ့။ ခုနေခါမှာ ကိုယ်လည်းပဲ မအေမိဘ နေထိုင်မကောင်းလို့မှ ဆေးပြန်မကုနိုင်။ ကိုယ်နေမကောင်းရင်လည်း စိတ်ပင်ပူသော်ငြား ဘယ်သူကမှ လိုက်မလာနိုင်ဘူး။ သူတို့လည်း ဒီလိုပဲလေ။ ဒီမှာတော့ ကိုယ်တို့အချင်းချင်း တော်လှန်ရေးနဲ့ဆွေမျိုးစပ်ပြီး မိသားစုလို အပြန်အလှန်စောင့်ရှောက်ပေးကြတယ် လို့ သိကြရင် ဇာတိရပ်ရွာက မိဘဆွေမျိုးတွေလည်း စိတ်အေးချမ်းသာ ရှိနိုင်မှာ သေချာပါတယ်နော့။

“နာနေဖျားနေရင် ဘယ်သူက

လာပြီး စောင့်ရှောက်ပေးမလဲ ဟင်။

ဆင်ခြင်ပြီးနေပါ မောင်ရယ် လို့

လူကြုံနဲ့ စကားလေး ပါးလာရင်

အနေအထိုင်ဆင်းရဲလို့

စိတ်ညစ်တဲ့ရက်တွေမှာ

ကိုယ်တယောက်မွေ့လျော်သာပြီ။

သူကိုယ်တိုင် တယုတယနဲ့

ပြုစုမယ့်ရက်တွေကို

ကိုယ် စောင့်ရကျိုးနပ်ပြီ။”