ဒီလထဲမှာ မင်းအောင်လှိုင်ကို တရုတ်ပြည်ခေါ်ပြီး ကျောသပ်ရင်သပ် ၁၃ ကျပ် လုပ်ပြမယ့် အစီအစဉ်ဟာ “ဘာမှမပူနဲ့ သားရီး။ မင်းရဲ့နောက်မှာ တို့ရှိတယ်။” လို့ ပရိတ်သတ်ကြီးရှေ့မှာ ချပြလိုက်တဲ့သဘောပါပဲ။ ဒါပေမယ့် ဟိုအကောင်က သူ့ကိုညာခေါ်ပြီး ဘန်ဘူးထည့်မှာစိုးလို့ ထောက်ပြုတ်အဟောင်းကြီးတွေ ကြိုလွှတ်ပြီး အနေအထား မြွေဖားလေးတွေ ရှိုးခိုင်းထားသတဲ့။ တချို့ဝန်ကြီးတွေလည်း ရောက်နေကြပြီး တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေအကြောင်း ဆွေးနွေးတယ် လို့ သတင်းထုတ်လိုက်သေးတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းအတွက် စာချုပ်ချုပ်မလို့ လို့လည်း ပြောကြသေးသဗျ။ ဘယ်သတင်းကိုမှ အတည်မယူပေမယ့် ဒီလူတွေ မဟုတ်တာ တခုခု ကြံစည်နေတာတော့ သေချာပါတယ်။ တရုတ်ကြီးဆီက ယူထားတဲ့လက်နက်တွေအတွက် ခရေပေးနဲ့ ရှင်းမလို့သွားတာလည်း ဖြစ်နိုင်ပါသေးရဲ့။ သွားလမ်းရော သာပါ့မလား။ လာလမ်းရော ဖြောင့်ပါ့မလား။ ဦးခင်ညွန့်တုန်းကလည်း လေယာဉ်ပျံဆိုက်တာနဲ့ “ကြွပါ ကြွပါ။ ဖျာလိုချင်လို့။” ဆို ပင့်ခေါ်သွားတာပဲ။
ဘယ်လိုပဲဖြစ်ဖြစ် တရုတ်အစိုးရဟာ အခုလိုမျိုး စစ်ကောင်စီဘက်က ပြောင်ပြောင်တင်းတင်း ရပ်တည်ပြလိုက်တယ် ဆိုရင် အမေရိကန်ပြည်ထောင်စု နဲ့ အနောက်နိုင်ငံတွေကရော ဘယ်လို သဘောထားကြမှာလဲ။ “တို့အပေါ်မှာ တရုတ်ထက်မပိုရင် နေပါစေ။ တူညီတဲ့ တုန့်ပြန်မှုလေးတော့ ရချင်မိတယ်။”အယ်လယ်။ Sanctions တွေ ထပ်တိုးတဲ့ ကြေငြာချက်တစ်ခုတော့ ဖတ်လိုက်မိတယ်နော်။ ဒါပဲလား။ တော်ပြီလား။ လုပ်ပါဦး လုပ်ပါဦး။ ဘာရယ်လို့ ဟုတ်ဘူးလေ။ လူရှိန်အောင် ပေါ့။ ပေါက်စီ နဲ့ ဟမ်ဘာဂါဟာ ဟိတ်ဟန် တန်ကြေးချင်း တူမှမတူတဲ့ ဥစ္စာ။ သေးသေးအတင်မခံစမ်းပါနဲ့။ သူက တစ်ကွက် ဆို ကိုယ်က နှစ်ကွက်ပြလိုက်။ ပွဲက အဲ့ကျမှ ပိုကောင်းလာမှာ။ The best is yet to come. ခမ်မောင်း ခမ်မောင်း။
တနိုင်ငံလုံး ပါးစပ်အဟောင်းသားဖြစ်သွားအောင် ဆာ့ပရိုက်စ်တိုက်မယ့်အကွက်ဆိုရင်တော့ တရုတ်က ခိုလှုံခွင့်ပေးလို့ အထုပ်အထည်တွေသယ်ပြီး တမိသားစုလုံးပြေးဖို့ ဉာဏ်ဆင်တာလည်း ဖြစ်နိုင်ပါတယ်။ သူက ဟိုအရောက်မှာ ဒီကလူကပဲ ဒဘယ်ကူးလုပ်လို့ မပြန်ရသလိုလိုနဲ့ သူလည်းဘေးကင်းရာရောက်။ ပေါက်ဖော်ကြီးသဘောကျတဲ့ ရုပ်သေးတစ်ကောင်နဲ့ဆက်က။ တို့ဆီကလူတွေက သောက်အကြီးတွေလို ငြင်းကြခုန်ကြ။ “တိတ်စမ်း။ ဒီမှာရွေးကောက်ပွဲပြန်လုပ်ပေးမယ်လေ။ နင်တို့မေမေ ပြန်လွှတ်ပေးရင် ပြီးရောမှလား။” ဆို ဇာတ်သိမ်းပစ်လိုက်။ မြန်မာပြည်မှာ တရုတ်ပေါကား လာရိုက်ချင်လည်း ရိုက်နိုင်သေးတယ်။ ဖြစ်လာတော့မှ နောက်ကလိုက် မသုံးသပ်နိုင်လို့ အေမီဈာန်လို ရှေ့ဖြစ်ကြိုဟောထားတာလေ။ မမှန်ရင် အရင်း။ မှန်သွားရင် “အစက ငါမပြောလား။” ဆို စောင်ဆရာကြီး လုပ်လို့ ရတာပေါ့။
အလကားပါကွယ်။ တကယ်တော့လည်း အဲ့ဒီကိစ္စတွေက နေပြည်တော်မှာလုပ်တဲ့ ဆိုကရေးတီးပွဲတွေလို သူ့စိတ်သူလှည့်စားဖို့ သက်သက်ပါပဲ။ ကိုယ်တို့လည်း အဲ့လောက် သည်းသည်းမည်းမည်း အာရုံမထားပါဘူး။ စစ်ကိုနိုင်အောင်ဆက်တိုက်ရင် ကိုယ်လိုချင်တဲ့အဖြေ ရတော့မှာပဲဟာ။ ကိုယ့်အတွက်တော့ လုပ်စရာရှိတာတွေ အကုန်လုပ်ပြီးသွားပြီ။ ရှေ့ဆက်ဖို့ အဆင်သင့်။ လိုင်းပေါ်မှာ လူတွင်ကျယ်ကြီး လုပ်ဖို့ထက် မြေပြင်ကအလုပ်တွေ တွင်တွင်ကျယ်ကျယ် လုပ်နိုင်ဖို့ ပိုအရေးကြီးပါတယ်။ ဆေးတွေက စုရဆောင်းရတာသာ အင်မတန် ခက်တာ။ ကုန်တဲ့အခါများတော့ “ဟုတ်မှ ဟုတ်ပါရဲ့လား မောင်တို့” ဆို မယုံနိုင်အောင်ကို မြန်တာဗျ။ ဝယ်ရခက်လေ အကုန်မြန်လေ။ ရန်ကုန် မှာတောင် ဆေးဝယ်မရတဲ့ ပြဿနာနဲ့တော့ ဒုက္ခကိုရောက်ရော။ တရုတ်နဲ့ပေါင်းပြီး အပြင်ပိတ်၊ အတွင်းပိတ်၊ ပိတ်ဆို့ဖြတ်တောက်တဲ့သဘောပေါ့။ ဒါပေသိ သူတို့ပိတ်တဲ့ကြားက မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် သယ်ယူထားတာ ခုထက်ထိ အလုံအလောက် ရှိပါသေးတယ်။ အလကားလည်း ကုနိုင်သေးတယ်။ ပူစရာ မလိုဘူး။ ကိုယ့်မှာ နောက်ထပ်ရွှေ့ဖို့ အကွက်တွေ ခြေလှမ်းတွေ ကျန်သေးတယ်။ ရှေ့ဆက်ဦးမှာ။
စစ်ပွဲတွေဖြစ်နေသော်လည်းပဲ၊ လေယာဉ်တွေ လာနေသော်လည်းပဲ၊ ကိုယ်တို့အတွက် အလုပ်ပျက်အကိုင်ပျက် မရှိပါဘူး။ စာသင်ရက်တောင် အပျက်အကွက် မရှိ။ နိုင်နိုင်နင်းနင်း လုပ်နိုင်ကိုင်နိုင်တယ်။ လာသမျှလူနာလည်း အကြွင်းအကျန်မရှိ ဆေးကုနိုင်တယ်။ ကိုယ်တို့ဆေးရုံမှာ စစ်ပွဲလူနာ အဖိတ်အစင် မရှိဘူး။ ဘယ်သူ့ကိုမှ ကူပါကယ်ပါ မအော်ဘူး။ ကိုယ့်အလုပ်ကိုယ် ကျွမ်းကျင်တယ်။ ဒီကောင်တွေကရော စစ်ဗိုလ်တွေလုပ်ပြီး စစ်မှတိုက်တတ်ရဲ့လား။ သူခိုးအလုပ် ဓါးပြအလုပ်သာ တတ်ကျွမ်းတာ။ တိုက်ပြီဟေ့ ဆို ပြေးမယ် ဆိုတာချည့်ပဲ။ ခုချိန်ထိလည်း သူတို့ဘက်ကနိုင်တဲ့စစ်ပွဲ တစ်ပွဲမှ မရှိသေးဘူး။ တရုတ်တွေ ရုရှားတွေကို တိုင်းပြည်ထိုးအပ်ပြီး စစ်ကူခေါ်နေရတဲ့အဖြစ်။ မဘသတွေ အော်နေသလို တရုတ်ကလာပြီး ကျူးကျော်နေတာ မဟုတ်ဘူး။ သူတို့ပထွေးကိုယ်တိုင်က တရုတ်ပြည်ထဲ ဝင်ဝင်ပြီး “တိုင်းပြည်ကို သိမ်းတော်မူပါ။ အဆီအသားကို ဝါးမျိုပြီး အရိုးအရင်းမျှ ကျွင်္နုပ်အားပေးပါ။” ခြေသလုံးဖက်ရတာ။ ဒီလိုကာချုပ်မျိုး ဦးဆောင်တဲ့စစ်တပ်က မပျက်ရင် ဘာကပျက်ရမှာတုန်း။ အောက်ကကောင်တွေ တစ်ယောက်မှ ပြန်မလှန်ရဲဘူး မှလား။ သေလေ။ အကုန်သေကြပေါ့။ ဆယ်ခါပြန်မက သေလို့ရတယ်။
ရမခ ကို တိုက်နေမှန်း သိတယ်။ မကာကွယ်နိုင်ဘူး။ ကျသွားတယ်။ နပခ ကို တိုက်နေမှန်းလည်း သိတယ်။ မကာကွယ်နိုင်ဘူး။ ကျတော့မယ်။ ဘာတွေလုပ်နေတာလဲ ဆိုတော့ ပွဲတကာတက်ပြီး တောင်စဉ်ရေမရတွေ လျှောက်ပြောနေတာ။ အခုလည်း စစ်သားတွေသာ “ရှေ့တိုးတံပိုး၊ နောက်ဆုတ် လှည်းတုတ်” နဲ့ ထွက်ပေါက်ပိတ်နေတာ။ သူကတော့ တရုတ်ပြည်မှာ Forum တက်ဖို့ “စံပါယ်ခွေ ပန်ချေဦးမလေ၊ တဘက်ပြာ ခြုံလိုက်ဦးမလေ” လုပ်နေတုန်း။ အဲ့ဒီလူကြီးအတွက် မင်းတို့က အသေခံတိုက်မယ်ပေါ့။ အဲ့ဒီဦးနှောက်နဲ့ကတော့ သေသင့်တာ အမှန်ပဲ။ မွေးကို မလာသင့်တာ။ နှစ်တိုင်းနဲ့တစ်ပိုင်း ကုန်တာတောင် နိုင်နေတယ် ထင်တုန်းလား ကိုရွှေဘရယ်။ ဒါပြီးရင် ငါတို့လည်း မပခ ပြုတ်ဖို့ အပြိုင်အဆိုင်ကြိုးစားဦးမယ်။ 2nd runner up လောက် ရလည်း ကျေနပ်လိုက်ပါ့မယ် သဲသဲလေးရယ်။ ဟေး …. ဟိုဘက်က သဲတုံးမဲလုံး အချွဲဆုံးလေးရော။ ပုစင်းအကင်ခံရလို့ “ကုန်ပါပြီတော်” ဆိုပြီး မဲမျက်ရည်ဝိုင်း ဖြစ်နေပလား။ ဖြေသိမ့်လိုက်။ ဖြေသိမ့်လိုက်။
ကီယာ ကို တာ့ကော က ခေါ်ပြောတယ် တဲ့။ အင် တဲ့။ တရုတ်နယ်စပ်မှာ စစ်ပွဲတွေ မဖြစ်စေချင်တော့ဘူး တဲ့။ စိတ်ချ စိတ်ချ။ နီ ဖန်းရှင်း လောင်ရဲ။ အဲ့ဒီမှာ ငါတို့တိုက်စရာ စကစ စခန်း တစ်ခုမှ မကျန်တော့ဘူး။ နင်မွေးထားတဲ့ မျောက်ကလေးသာ လေယာဉ်နဲ့ လာမချအောင် ထိန်းတော့။ တို့က ဒါပြီးတာနဲ့ စစ်ကိုင်းဆင်းမှာ။ သံလမ်းရိုးကို သင်းသပ်မလို့။ ယောဆက်တို့ TNLA အောက်မှာ ကျောက်တူးဖို့ မိုးကုတ်ကို ပြန်ရောက်နေပြီ ပြောတယ်။ ဖားကန့်မှာရော ဘယ်သူတွေရောက်နေပြီ ထင်လို့လဲ။ ဂက်စ်ပိုက်လိုင်းကြီးကတော့ အကိုထွင်း လက်ထဲမှာနော်။ တို့ဆီက အနီတွေ၊ အစိမ်းတွေ၊ အငွေ့ရည်တွေ ကို တရုတ်ပြည် သယ်မလာနဲ့ လို့ ပြတ်ပြတ်သားသား တားနိုင်ပြီလား။ ရွဲကုန်သည်ဇာတ်ကို ပီကင်းအော်ပရာနဲ့ ကြည့်ရတော့မယ် ထင်ပါတယ်။ ရွှေခွက်ဆိုတာ ဘယ်မှာရောင်းရောင်း ဈေးကောင်းရတယ် ထောင်ကဲရဲ့။ နားမလည်ဘူးလား။
မြို့ဟောင်းမြို့သစ်ပေါင်းလို့မှ အိမ်ခြေ ၂၀၀ မပြည့်တဲ့ အမ်းကို မနေ့ညက တစ်ညတည်း ဗုံး ၁၀ လုံးကျဲတယ် ဆိုတာကိုကြည့်ရင် နပခ က ကျသလား မကျသလား သိသာနေပါပြီ။ လားရှိုးကိုလည်း အငြှိုးတကြီး ဗုံးကျဲနေတာ ခုထက်ထိကို မပြီးသေးဘူး မဟုတ်လား။ ဟားခါးတို့ လွိုင်ကော်တို့မှာလည်း အဲ့ဒီအတိုင်းပဲလေ။ စကစ ဟာ သူလက်လွှတ်ဆုံးရှုံးရတဲ့ ပြည်နယ်တွေဆို နာလန်မထူနိုင်အောင် မြေလှန်ဖျက်စီးပစ်ရမယ် ဆိုတဲ့ ဒေါ်စိန်အေးကျောင်းက ဗျူဟာအတိုင်း လက်တွေ့ကျင့်သုံးနေတာပါ။ အဲ့ဒါ ကျည်ကုန်ဇက်ပြုတ် စစ်ဗျူဟာ လို့ခေါ်တယ်။ လက်ထဲက ကျည်ကုန်တဲ့တစ်နေ့ ခေါင်းနဲ့ကိုယ် အိုးစားကွဲတော့မှာ။ တူးလက်စနဲ့ ဆက်သာတူးပါတော့။ အဲ့ဒါ ကိုယ့်သေတွင်း လို့ သဘောထား။ နက်နက်တူးတော့ အဝီစိနဲ့ ပိုနီးသပ။
ဟုတ်ကဲ့ခင်ဗျာ။ အခု ကျွန်တော် အစီရင်ခံနေစဉ် အတောအတွင်းမှာပဲ နပခကြီးလည်း ကျသွားပြီး တပ်ချုပ်ကြီးရဲ့ တရုတ်ခရီးစဉ်ဟာလည်း ရွှေ့ဆိုင်းထားရတယ် လို့ သတင်းထွက်ပြန်ပြီ ခမျ။ စာတစ်ပုဒ် အဆုံးမသတ်သေးဘူး။ အပြောင်းအလဲတွေက တယ်မြန်သကိုးဗျ။ ကိုယ့်မလည်း စာရေးရတာ တို့ထိတို့ထိနဲ့ အရသာမရှိလိုက်တာ။ တစ်ပိုဒ်နှစ်ပိုဒ် လောက်ရေး၊ ပစ်ထားခဲ့ပြီး အိပ်တဲ့နေရာပြန်ရောက်ခါမှ ပြန်ပြန်ကောက်ရသလို ဖြစ်နေပြီ။ တနေကုန် အလုပ်တွေက ဇယ်ဆက်နေလို့ စာရေးချိန်မရဘူး။ စာသင်တာရယ်၊ စာသင်ဖို့ပြင်ဆင်တာရယ်။ လူနာခွဲတာရယ်၊ ခွဲဖို့စိတ်ဖို့ ပြင်ဆင်တာရယ်။ အစားစားတာရယ်၊ စားဖို့သောက်ဖို့ ပြင်ဆင်တာရယ်။ ဘယ်မှာ နားချိန်ရှိလို့လဲ။ အရင်တပါတ်က လာတဲ့လူနာတွေမှာ ortho case တွေများလို့ orthopedic surgeon တစ်ယောက်ကို ပင့်ဖိတ်ပြီး ခွဲစိတ်နေရတယ်။ ကိုယ်ခွဲထားတဲ့ ဗိုက်တွေကတော့ ချုပ်ရိုးဖြည်လို့ ဆေးရုံကတောင် ပေးဆင်းတော့မှာ။ တော်သေးတယ်။ လေယာဉ်သာ ခဏခဏလာတာ။ လူနာက နောက်ထပ် မလာတော့ဘူး။ လက်ကျန်လေးတွေ ထိုင်ရှင်းရုံပဲ ရှိတော့တယ်။ တိုက်ပွဲအခြေအနေကတော့ ရှေ့သို့လှမ်းချီ MPT ပါပဲ။ အနိုင်အရှုံး အဖြေမထွက်သေးဘူး။ တိုက်နေကြတုန်း။ လက်နက်ကြီးသံတွေလည်း နေ့တိုင်းကြားရတယ်။ လေယာဉ်လည်း နေ့တိုင်းလာတယ်။
စစ်ပွဲရှိတဲ့အရပ်ဟာ အသက်အန္တရာယ်နဲ့ နီးတယ် ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် စစ်ပွဲမရှိသော်လည်း စစ်သားတွေ အတင်းအဓမ္မ အနိုင်ကျင့်သတ်ဖြတ်တာကို လည်စင်းခေါင်းငုံ့ခံနေရတာထက်စာရင်တော့ ကိုယ့်လွတ်မြောက်ရေးကိုယ် လက်နက်ကိုင်တော်လှန်ရတာ က်ိုယ့်အတွက်တော့ လူပီသတာ၊ လူစွမ်းလူစ ရှိတာ လို့ ခံယူတာပါပဲ။ ရွှေသားမက်အဟောင်းကြီးကိုသာ ထောင် ထဲထည့်လို့ ရချင်ရမယ်။ ဒီဆရာဝန် လေးကိုတော့ ဘာမှ မလုပ်နိုင်သေးဘူး မဟုတ်လား။ ဖေ့သားလူလေး မောင်ရွှေသွေးလည်း စစ်ကြောရေးမှာ ပုံစံထိုင်နေရမယ့် ဖေရီးအတွက် မခံမရပ်နိုင် ဖြစ်နေလို့ရှိရင် ချန်ဂင်မှာလာပြီး ခိုလှုံလို့ရပါတယ်။ အထဲမှာ ဆက်နေရင်တော့ မောင်ရင့်ကိုလည်း ဆွဲစိတော့မှာနော်။ အာဏာအလှည့်အပြောင်းမှာ ပြည်သူတွေရဲ့ ဒုက္ခကို မမြင်ဖူးပဲ ထောင်ထဲရောက်သွားရင် နားရွက်တိုနဲ့ အကိုကြီးလို စောင်ပေါရီးလုံးလုံး ဖြစ်သွားမှာစိုးလို့ပါ။ သူလည်းပဲတချိန်က မောင်ရင်လေးတို့လိုပဲ မခံချိမခံသာ ရင်နာခဲ့ဖူးမှာပဲ လို့ နားလည်လောက်ရောပေါ့။ ဘဘဦးခင်ညွန့်လည်း ဒီလိုပဲ။ ဘဘဦးအောင်သောင်းသားတွေလည်း ဒီအတိုင်းပဲ။ အန်ကယ်ဦးရဲထွဋ်ကြီးလည်း အလားတူပါပဲကွယ်။ ရေပွက်ပမာတဲ့။ တက်တုန်းခဏသာ မိုးမမြင်လေမမြင်။ ကျပြီဆိုရင် နေမမြင်လမမြင် ဖြစ်သွားရော။
ကျော်တုန်းကလည်း ကျော်ခဲ့လှော်ခဲ့ပြီးပြီ။ ဖုတ်စရာကင်စရာ ရှိရင်လည်း ဘာမှ မချန်ခဲ့ဘူး။ ပေါင်းစားလို့လည်းကောင်းတယ်။ နှပ်စားလို့လည်းကောင်းတယ်။ မင်းပဲ ကောင်းတယ်။ မင်းပဲ ကောင်းခဲ့တယ်။ မင်းသာ အကောင်းဆုံးပဲ။ တကယ်ပဲ မင်းအကောင်းဆုံး။ ဟော အခုတော့ အပြုတ်ရဲ့ အရသာ ဘယ်လိုရှိသလဲ။ မြည်းစမ်းကြည့်လိုက်ပါဦးနော်။ ရေခမ်းလေးလား။ သောက်ဆမ်းလေးလား။ တစ်ပွက်ဆူလောက်ဆို တော်ပြီလား။ ပြုတ်ချိန်တန်လို့ ပြုတ်ရတယ် လို့ပဲ သဘောထားပါလေ။ နို့မို့ ဘယ်လောက်ပြုတ်ပြုတ် မနူးတဲ့ ပြုတ်မနူးကြီး ဖြစ်နေပါ့မယ်။ လွတ်ရာကျွတ်ရာမှာပဲ နံရံကို လက်သီးနဲ့ထိုးနေလိုက်တော့။ ပြန်မလာနဲ့ဦးလို့ဆို။
“ဟိုဆီရပ်ဝေး ခဏလေး ပြော ထွက်ခွါ။
နင်လေထွက်သွား တစ်နှစ်ပြည့် ပြန်ကာမလာ။
မပြေလည်သူ ကို မောင်အတိုးတွေ မတောင်းရက်ခဲ့ပါ။
မောင့်ရဲ့အချစ်ကို လှည့်ကာလိမ်ညာသွား ….. ။
မောင်ပေးတဲ့အကြွေး ပြန်ဆပ်ခဲ့ပါ။”