ချန်ဂင်တို့စခန်း (၃၀၅)

လွတ်မြောက်နယ်မြေက ဆေးရုံတွေဟာ ဝင်ကစွပ်ကောင်တွေလို နဂိုရှိပြီးသား ဆေးရုံဆက်တင်ကလေးကို စွန့်ခွါထွက်ပြေးသွားတဲ့ non-CDM တွေနေရာမှာ အသာလေးဝင်အလုပ်လုပ်ကြတာမျိုးလည်း ရှိကြပါတယ်။ ဒါပေမယ့် အဲ့လိုဆေးရုံမျိုးက မလုံခြုံပါဘူး။ အမြဲတမ်း လေယာဉ်နဲ့ ဗုံးလာလာကျဲနေတာမို့ပါ။ ကိုယ်တို့ဆေးရုံကိုတော့ သူတို့ဗုံးလာကျဲဖူးကတည်းက စစ်ရေးအခြေအနေကိုကြည့်ပြီး ဖြုတ်တပ်ရွှေလျား ဆော့ကစားလို့ရတဲ့ ပါဝါရိန်းဂျား အရုပ်ကလေးတွေလို ပေါင်းလိုက်စုလိုက် ဖြန့်လိုက်ဖျောက်လိုက်နဲ့ အရှင်ထားပြီးကစားရပါတယ်။ လူနာနည်းရင် နည်းသလို လူနာများတော့လည်း များသလိုပေါ့။ အရေးကြီးတာကတော့ အကုန်လုံး အန္တရာယ်ကင်းနေဖို့ လိုပါတယ်။ တောထဲမှာသွားနေတဲ့အခါလည်း နေရတယ်။ လယ်ကွင်းပြင်မှာ သွားအိပ်တဲ့အခါလည်း အိပ်ရတယ်။ တဲထိုးပြီး ခွဲတဲ့အခါလည်း ခွဲရတယ်။ ဘယ်အရာမှ ပုံသေကားကျ မဟုတ်ဘူး။ လူတွေရော၊ ဆေးဝါးပစ္စည်းကိရိယာတွေရော ဟိုရောက်လိုက် သည်ရောက်လိုက်နဲ့ပါပဲ။ စစ်ပွဲရှိရင် ရှိတဲ့နေရာကို လူနာလိုက်ကောက်တယ်။ Base 1, Base 2 ခွဲပြီး ၂ သင်းခွဲကန်တဲ့အခါ ကန်သလို အရေးကြီးရင်ကြီးသလို ပြန်ပေါင်းတဲ့အခါလည်း ပေါင်းတယ်။ အလွန်ပင်ပန်းကြီးစွာ အလုပ်လုပ်နေကြတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီတစ်ခါ ဘယ်လိုဗျူဟာနဲ့ ကစားမလဲဆိုတဲ့ ကိုယ့်ဆုံးဖြတ်ချက်အောက်မှာ အကုန်လုံး တသွေမတိမ်း လိုက်နာလုပ်ဆောင်ကြပါတယ်။ ရည်ရွယ်ချက်ကတော့ တစ်ခုပဲ ရှိတယ်လေ။ လာသမျှလူနာတွေကို နိုင်နိုင်နင်းနင်း အသက်ကယ်နိုင်ဖို့ပါ။ စစ်တိုက်တယ်ဆိုတာ နိုင်တဲ့ဘက်ရော ရှုံးတဲ့ဘက်ရော လူတွေတော့ သေကြတာပဲလေ။ တတ်နိုင်သမျှတော့ ကိုယ့်ဘက်က အသေအပျောက် နည်းနိုင်သမျှနည်းအောင် ကုချင်ကယ်ချင်တာပေါ့။

အခု ကိုယ်တို့အနားမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ကိုယ်တို့ဆေးရုံက အဲ့ဒီတိုက်ပွဲက ဒဏ်ရာရလာတဲ့ လူနာတွေကို ခွဲစိတ်ကုသပေးနေတယ်ဆိုတာ လူတကာ သိတဲ့ကိစ္စ။ ဒီဆေးရုံမှ ဗုံးလာမကျဲရင် ဘယ်နေရာသွားကျဲဦးမှာလဲ။ လာမှာပဲ။ ဒီနေ့မလာရင် မနက်ဖြန်တော့ လာလိမ့်မယ်။ မလာပါနဲ့ ဆုတောင်းလို့ မရဘူး။ လာရင် ဘယ်လိုလုပ်ကြမလဲပဲ ပြင်ဆင်ကြရမှာ။ ဒီကောင်တွေ လက်ထဲမှာ အနုမြူဗုံးမှ မရှိသေးတာ။ ကိုယ့်ဆေးရုံက ဟီရိုရှီးမား၊ နာဂါဆာကီ ဖြစ်မသွားနိုင်ပါဘူး။ ကျင်းထဲတည့်တည့်ကျမလာသ၍ သေတဲ့ထဲမပါလောက်သေးဘူး။ သုံးနှစ်လုံးလုံး ကျင့်သားရနေလို့ ကိုယ်တို့ နားကသိပ်ပါးတာ။ “လေယာဉ် ဟေ့” ဆိုတာနဲ့ ကျင်းထဲ တန်းရောက်ပြီးသား။ အိပ်ပျော်နေလည်း နိုးတယ်။ စာသင်နေရင်း လေယာဉ်လာရင်လည်း ကျင်းထဲပါပဲ။ ဒီတစ်ခါလေယာဉ်က သိပ်နီးတယ်။ တို့ဆီကို လာတာပဲ။ လူနာရှိရင်တော့ ဆေးရုံကလိုက်ခေါ်လိမ့်မယ် ဆို စာဆက်သင်နေတာ။ တကယ်လည်း လိုက်ခေါ်ပါတယ်။ သွေးလှူမယ့်ကလေးတွေပါခေါ်ပြီး ဆေးရုံပြန်ပြီး ခွဲခန်းဝင်ရတာပေါ့။

လူနာတွေများလာတဲ့အခါ ဆေးရုံပေါ်မှာ ကုတင်အပြည့် လူနာအပြည့်တင်ထားလို့ မဖြစ်တော့ဘူး။ တစ်လုံးစာမိရင် လူတွေအများကြီး ပါသွားလိမ့်မယ်။ လုပ်စရာရှိတာလုပ်ပေးပြီးရင် လူစုခွဲထားမှ ရမယ်။ ခွဲစရာရှိတဲ့လူနာဆို ထရော်လီပေါ်ကတောင် မချဘူး။ ဓါတ်မှန်ရိုက်၊ FAST scan ထောက်၊ သွေးရှာပြီး ခွဲခန်းထဲချက်ချင်းသွင်းတာ။ ခွဲချိန်ကြာလို့မရ။ လေယာဉ်လာရင် ခွဲခန်းထဲမှာ ရှိနေလို့မရ။ ကိုယ်တို့က ခွဲလူနာကြီးကိုပစ်ပြီး ကျင်းထဲပြေးဆင်းမယ့်သူတွေ မဟုတ်တော့ ခွဲခန်းထဲနေတဲ့အချိန် တွေကို တတ်နိုင်သလောက် လျှော့ချရမယ်။ အရာအားလုံးကို ချက်ချင်းလက်ငင်း သွက်သွက်လက်လက် လုပ်ကိုင်တာသာ လူနာအတွက်ရော ကိုယ့်အတွက်ပါ အန္တရာယ်ကင်းစေတယ်။ ခွဲပြီးရင် လူနာကို လုံခြုံရာကို ပို့ရဦးမယ်။ အဲ့ဒီလုံခြုံရာမှာ ဆရာဝန်တွေ၊ ဆရာမတွေ၊ ဆေးတွေဝါးတွေကလည်း ရှိရဦးမှာ။ လူနာတွေကို တနေရာတည်းမှာထားရင် အကုန်ပါသွားမှာစိုးတဲ့အတွက် သပ်သပ်စီခွဲထားလိုက်တာပေါ့။

သင်တန်းကျောင်းရှိတဲ့အတွက် လူလိုရင် အချိန်မရွေး လှမ်းခေါ်ရုံပါပဲ။ သူတို့လည်း လက်တွေ့သင်ပြီးသားရ၊ ကိုယ့်အတွက်လည်း အဆင်ပြေ။ သွေးလိုချင်လည်း ချက်ချင်းထုတ်ယူလိုက်ရုံပဲ။ အတန်းထဲ ငုတ်တုတ်ထိုင်သင်တာကမှ ငိုက်နေဦးမယ်။ အခုလို လူနာတွေလာတုန်းသူတို့ရှေ့ လက်တွေ့လုပ်ကိုင်ပြရတော့ ဗီဒီယိုဖိုင်ဖွင့်ပြတာထက်တောင် ရှင်းသေး။ adrenaline တွေလည်း ထွက်တော့ နိုးကြားတက်ကြွနေတာပေါ့။ လူနာတွေကို မနာမကျင်အောင် ရွှေ့ပြောင်းသယ်ပို့ဖို့အတွက်ကလည်း လူအင်အား လိုတယ်လေ။ ဆေးရုံမှာ အလုပ်များနေလို့ စာသင်မတက်နိုင်ရင် သင်ထားပြီးသားစာတွေကို စာမေးပွဲစစ်ထားလိုက်တယ်။

အငယ်တွေကို တတ်အောင်သင်ပေးထားတဲ့အတွက် နေရာတကာ အစအဆုံးလိုက်လုပ်စရာ မလိုတော့ပါဘူး။ decision ပေးပြီး ကြည့်ရှုညွှန်ကြား ရုံလောက်သာ။ ဒဏ်ရာများရင် လူနာတစ်ယောက်တည်းကို ၂ဖွဲ့ခွဲပြီး တပြိုင်တည်းလုပ်တော့ မေ့ဆေးပေးရတဲ့အချိန်လည်း တိုတာပေါ့။ ခွဲနေရင်း လူနာလာရင် လက်ခံထားတာတစ်ဖွဲ့၊ နောက်လာမယ့် ခွဲလူနာတွေအတွက် သုံးပြီးသားပစ္စည်းတွေ ပြန်ပေါင်းနေတာကတစ်ဖွဲ့။ ခွဲခန်းကထွက်လာရင် အဆင်သင့် စားစရာရှိအောင် ချက်ပြုတ်နေတာကတစ်ဖွဲ့။ ဘယ်သူမှကို မအားရပါဘူး။ တော်သေးတယ်နော်။ ဆေးတွေဝါးတွေ လုံလုံလောက်လောက် စုထားပေလို့။ antibiotics တွေဆို မနေ့တနေ့ကမှ ရောက်လာတာ။ အချိန်ကိုက်ကလေးရယ်။ ဆေးရုံကို အသက်နဲ့ရောက်လာတဲ့လူနာတွေကို တစ်ယောက်မှ အဖိတ်အစင်မရှိအောင် ထိန်းထားနိုင်ဖို့က ကိုယ်တို့ရည်မှန်းချက်ပါ။ တိုက်ပွဲမှာ ဒဏ်ရာရတဲ့လူနာကို အသက်ရှင်လျက် ဆေးရုံပို့နိုင်ဖို့က ကိုယ်တို့သင်ပေးနေတဲ့ ဆေးတပ်သားတွေအတွက် ရည်မှန်းချက်။ အဲ့ဒီ ၂ ဖွဲ့ အဆက်အစပ်မိမိ အလုပ်လုပ်နိုင်ဖို့ အဓိကပဲ။ ကိုယ်တို့က စကစစစ်သားတွေလို ဒဏ်ရာရရင် မကောက်ပဲ ပစ်သတ်သွားတဲ့အစားမှ မဟုတ်တာ။

သူတို့ဘက်ကတော့ တကယ်ကို ပစ်သတ်ထားခဲ့တာပါ။ မသေမရှင်ကျန်ခဲ့တဲ့ကောင်တွေကို ကိုယ်တွေဘက်က ဆေးကုရတာ။ “အင်တာဗျူးပြီး လိုင်းပေါ်တင်ပေးရမလား။” လို့ မေးပေမယ့် တပ်မှာကျန်ခဲတဲ့ မိသားစု ဘေးဖြစ်မှာကြောက်လို့ “အလကား ပြောတာပါ။” ဖြစ်သွားတယ်။ ကိစ္စမရှိပါဘူး။ နောက်တော့ ပေါ်လာမှာပါ။ ဒါမျိုးတွေက အများကြီးဟာကို။ အခုနောက်ပိုင်းဆို ပိုတောင်သတ်သေး။ သတ်မှာပေါ့။ တကယ်တော့ ပြည်သူထဲက အတင်းအဓမ္မ စစ်သားစုဆောင်းလာတဲ့ တပ်သားသစ်ကလေးတွေကိုး။ ဒီလူသစ်တွေနဲ့ နိုင်အောင်မတိုက်နိုင်မှန်း သူတို့သိတယ်။ ဒါပေမယ့် လူသစ်တွေကို ယူနီဖောင်းဝတ်ပေးပြီး သူတို့ရှေ့က ကာထားရင် သူတို့ထွက်ပြေးချိန်ရတယ်။ လမ်းမှာတွေ့သမျှ အရပ်သားတွေလည်း အဲ့သလိုပဲ လူသားဒိုင်းကာ လုပ်နေတာ။

သူတို့လိုချင်တဲ့ ၁၈-၂၅ ယောက်ကျားလေးတွေဟာ သွက်သွက်လက်လက် ထက်ထက်မြက်မြက်သာဆိုရင် စစ်ဘိနပ်အောက်မှာ တုံးပေကပ်သပ် မနေဘူး။ နိုင်ငံခြားထွက် အလုပ်လုပ်ရင်လုပ်၊ မလုပ်ရင် PDF ထဲ ရောက်နေနှင့်ပြီ။ မိသားစုအတွက် အလုပ်လုပ်နေရတဲ့သူတွေ၊ မအူမလည် မနူးမနပ်ကလေးတွေပဲ ကျန်ခဲ့တယ်။ ဘယ်သူကမှ စစ်တိုက်ချင်မှာ မဟုတ်ဘူး။ ထိုင်းရဲတွေက ဖမ်းပြီးပြန်ပို့တဲ့သူတွေ၊ အဝေးပြေးဂိတ်မှာ ပေါ်တာဆွဲလာတဲ့သူတွေ၊ အုပ်ကြီးတွေကို ဒလန်ထားပြီး ရပ်ထဲရွာထဲက မဲနှိုက် ဖမ်းခေါ်လာတဲ့ကောင်တွေ။ အဲ့ဒီလူတွေအားလုံး အခု ရှေ့တန်းရောက်နေပြီ။ သေချင်သေ။ ရှင်ချင်ရှင်။ မသေခင်ထွက်ပြေးလွတ်မြောက်လာသူတွေကတော့ သတင်းမီဒီယာတွေမှာ တက်တက်အင်တာဗျူးကြတာ လေးငါးဆယ်ယောက် မကတော့ဘူး။ အဲ့ဒါ သူတို့စစ်တပ်ရဲ့ ပကတိမြေပြင်အခြေအနေပဲ။

ဝေဟင်အခြေအနေကတော့ တရုတ်ကြီးဆီက ဆီတွေ၊ ဗုံးတွေ၊ ဒရုံးတွေ ဒလဟောရထားတဲ့ပုံ ရှိပါတယ်။ နေ့ရောညပါ ဘယ်ခါမစဲ တဝဲဝဲ နဲ့ ကျဲချနေတာ ၃ လကြာပြီခင်ဗျ။ ကိုယ်တို့အောက်မှာ လူချဲထားလို့သာ အနန့်ပါမှာလို အစုလိုက်အပြုံလိုက် မဂိတာ။ အလုံးရေနဲ့တွက်ရင် မအောင်တာများပါတယ်။ အလကားရလို့ ဒီလောက်ဖြုန်းနိုင်တာ။ သူ့ပိုက်ဆံနဲ့သူ ပေးဝယ်ရရင် ကြူကြူလှ ဖင်တောင် လောက်တက်နေလောက်ပြီ။ မနေ့က ၂ စီးလာတယ်။ ၄ လုံးချတယ်။ တစ်ယောက်မှ မသေဘူး။ ဟိုးတခါလာတာလည်း အဲ့လိုပဲ။ ဝက်ကလေး ၂ ကောင်သေတယ်။ လေယာဉ် ကြီး ၂ စီး လာတိုက်လို့။ တစ်ခါလာရင် ကုန်ကျစားရိတ် ဘယ်လောက်ရှိသလဲ။ တစ်နေ့ ဘယ်နှစ်ခါ ဘယ်နှနေရာလာသလဲ။ ရက်ပေါင်းဘယ်လောက်တောင် ကြာသွားပြီလဲ။ တွက်ကြည့်ဗျာ။ သူတို့ရဲ့ ဝေဟင်စစ်ဆင်ရေးကို သူတို့ဘာသူတို့ တောင့်ခံနိုင်အောင်ပဲ Sဆံရှာစမ်းပါလေ့။ ကျုပ်တို့ကဖြင့် ကျင်းရှိဝပ်ရှောင် တုံးမြင့်ခုန်ရှောင်ပါပဲ။

လောလောဆယ် စစ်ပွဲမပြီးသေးပါဘူး။ တိုက်နေဆဲပါ။ လူနာတွေလည်း လာနေဆဲပါ။ ဒီလိုအခြေအနေမျိုး ရောက်လာရင် နန်းစိန်တွေကလည်း ဆေးရုံကြီးထားခဲ့ပြီး ထွက်ပြေးမြဲပါ။ စစ်ပွဲထဲမှာဆေးကုနေတာ CDM တွေကလွဲလို့ တခြားမရှိပါဘူး။ တစ်ခါလည်း မဟုတ်။ နှစ်ခါလည်း မဟုတ်။ ကြာလာတော့လည်း ဘယ်သူ ဘာဆိုတာ ရပ်ရွာက အလိုလို သိလာတာပါပဲ။ နိုင်ငံရေးသမားတွေလို မဲဆွယ်တရားဟောစရာ မလိုဘူး။ မျက်စိအောက်တင် မြင်နေရတယ်။ ဆေးရုံသက်လည်း ၃ နှစ်ပြည့်တော့မယ်။ ဒီအရပ် ဒီနယ်ပယ်မှာ ဘယ်သူကမှ ကိုယ့်ဆီလာပြီး “နံမည်လေး ဘယ်လိုပါလဲ။ မသိသလိုမေးတယ်။” မလုပ်ဘူး။ “ဆံပင်အရှည်လေးနဲ့ jean ဝတ်ထားလည်း သိတယ် သိတယ်။” ဖြစ်ကုန်ပြီ။ “Facebook ပေါ်မှာ စာတွေရေးနေတယ်ဆို။ အလုပ်အကိုင် ဘာလုပ်သလဲ “ လို့ လာမေးရင်တော့ ဒေါ်နွဲ့နွဲ့စန်းကြီး လေဆိပ်မှာဖြေသလို “ဖာသည်ရှင့်။” လို့ ဖြေပလိုက်တော့မယ်။ မသိရကောင်းလား လို့ အငေါ်တူးတာ မဟုတ်ပါဘူး။ မသိစေချင်လို့ လှီးလွှဲပြောရတာ။ သိတာ မသိတာ သူ့အပိုင်းလေ။

၁၉၄၇ ကတည်းက ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၄ မှာ မင်းအောင်လှိုင် လက်ထက် ရောက်မှ တိုင်းစစ်ဌာနချုပ် ၂ ခု ကျသွားပြီ။ ဘဘကွကွ ထထချ၊ အကျ ပထမ။ ကြည်းရေလေတပ်မတော်ကြီးက ၃ နှစ်သား ပဒက်ကလေးတွေကို ဘာမနိုင်စရာ အကြောင်းရှိမလဲ လို့ အာချောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေအတွက်တော့ ကျားဖျင်ခွေးတိုးခံရလေခြင်းဆို ဆွေ့ဆွေ့ကို ခုန်နေမှာပဲ။ သူတို့ကိုယ်သူတို့ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဘုံရန်သူဖြစ်နေတာကိုတော့ သဘောမပေါက်ကြပဲကိုး။ သူတို့ဘက်မှာ ရင်ဆိုင်နေရတဲ့ ugly truth ကတော့ “စစ်တိုက်စရာ စစ်သား မရှိတော့ဘူး” ဆိုတဲ့ ပြဿနာပါပဲ။ ထောင်ထဲက နှစ်ရှည်အကျဉ်းသားတွေ လွှတ်ပြီး အတိုက်ခိုင်းတယ်။ ဘုရားစောင်းတန်းက ကယ်ပါသူတောင်းစားတွေ ဖောကားနဲ့ ဖမ်းခေါ်ပြီး စုဆောင်းရေးပို့တယ်။ စစ်မှုထမ်းဥပဒေဆို ရပ်ကွက်ထဲက အတင်းအဓမ္မ ပေါ်တာဆွဲတယ်။ ပျူတွေဖွတ်တွေကို လက်နက်တပ်ဆင်ပေးပြီး အတိုက်ခိုင်းတယ်။ နည်းမျိုးစုံသုံးပြီးပြီ။ ဘယ်ဟာမှ မအောင်မြင်ဘူး။ အခု ကိုယ်တို့နဲ့ ရင်ဆိုင်ထိတွေ့နေတာ စကစ နဲ့တောင် မဟုတ်ဘူး။ စကစ ဘက်က ကျားကန်ပေးနေတဲ့ BGF တွေနဲ့ တိုက်ရတာ။ တရုတ်နယ်စပ်မျဉ်းတလျှောက်ကဟာတွေ ကုန်သွားလို့ စစ်ကိုင်းနယ်စပ်မျဉ်းဘက်က SNA ကို စစ်မျက်နှာ လှည့်နေတာ။ စစ်ခွေးကင်းစင် ပြည်ကချင် ဖြစ်ဖို့အရေးမှာ အတားအဆီးဖြစ်နေတဲ့ စကစလက်ပါးစေတွေကို အဖြေတစ်ခုထွက်လာအောင်တော့ တိုက်ရလိမ့်မယ်။

စစ်လော်ဘီတွေရဲ့ တယ်လီဂရမ်စာမျက်နှာမှာ တင်ထားတာကတော့ လေယာဉ်နဲ့ကျဲချလိုက်တာ ကီယာတွေဘက်က အတုံးအရုံးတဲ့။ မဟုတ်က ဟုတ်က။ ဒါမျိုးတွေနဲ့ မိုတီယူပြီး စစ်တိုက်နေရတဲ့ အခြေအနေတောင် ရောက်နေပြီလား။ ကောင်းပါလေရဲ့ဗျာ။ တိတိကျကျ သိချင်သပဆို ဆေးရုံမှာ သတင်းလာယူလှည့်လေ။ ND အကိုကြီးလို မျက်နှာဆိုးကြီးနဲ့ “အခုချက်ချင်း အိုက်ကင်မလာကို ပိတ်လိုက်စမ်း။” လို့ ကုန်းမအော်ပါဘူး။ စိတ်အေးလက်အေး ရိုက်ယူသွားပါ။ လေယာဉ်မလာမချင်း။ ကိုယ်တို့ကလည်း ကိုယ့်ဆေးရုံကိုယ် လေယာဉ်မလာနိုင်လောက်ဖူးထင်လို့ ရဲဒင်းပေါက်ဆိန် ဆပ်စလူးစိန် လုပ်ပြနေတာမှ မဟုတ်တာ။ “ လာနိုင်တယ်။ လာတတ်တယ်။ လာဖူးတယ်။” ဆိုတဲ့အသိနဲ့ မကြောက်မလန့် ဆေးကုနေတာ။ ခင်ဗျားတို့လည်း မကြောက်မလန့်ရင် ကိုယ်တိုင်သတင်းလာယူလှည့်လေ။ ဆုရနိုင်လောက်တဲ့ Documentary တစ်ပုဒ်လောက်တော့ ရချင်ရမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်အစိုးရသစ်ဖွဲ့ကြမယ့် နိုင်ငံ့ခေါင်းဆောင်အားလုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အာဏာသိမ်းလိုက်တဲ့အခါ စစ်အာဏာရှင်လက်အောက်မှာ မနေလိုတဲ့ ပြည်သူတရပ်လုံးက CRPH, NUG, PDF အဖွဲ့တွေဖွဲ့ပြီး သူတို့ဘက်က မဖြစ်နိုင်ဘူး လို့ တရားသေတွက်ထားတဲ့ ဒေါ်စုမပါသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို လမ်းမပျောက်အောင် ဆက်လျှောက်ပြခဲ့တယ်။ ခေါင်းကိုဖြတ်လိုက်ပေမယ့်လည်း ဒီမြွေဟာ သေမသွားခဲ့ဘူး။ သူ့ချည့်ပဲတောင် မဟုတ်ဘူး။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လက်တွဲတိုက်ပွဲဝင်နိုင်လို့ ကာချုပ်၊ ဒုချုပ်တွေ ဟတ်စကီးနဲ့ ခွေးပြေးဝက်ပြေး ထွက်ထွက်ပြေးခဲ့ရတာ ဘယ်နှစ်ခါရှိပလဲ။ ကိုယ်တို့က မေမေ့သားတော့ မှန်ပါတယ်။ မေမေမပါရင် ဘယ်အရာမှ မလုပ်တတ်မကိုင်တတ် သူငယ်နှပ်စားလေးတွေတော့ မဟုတ်တော့ဘူး။ ဖြိုးမင်းသိန်း နဲ့ ဖြိုးဇေယျာသော် လို ငါးလား ဖါးလား ကွဲပြားအောင်လည်း သူတို့စစ်တပ်ကပဲ မှတ်ကျောက်တိုက်ပေးလိုက်တာ။ ဒီလမ်းမှာ ဒီလောက်ကြာအောင် ကြံ့ကြံ့ခံ ရင်ဆိုင်နေကတည်းက အချိုအချောင် ရှာတဲ့ အခြောက်အချဉ် မဟုတ်မှန်း အသိသာကြီးပါ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စစ်အာဏာရှင်တွေက နိဂုံးချုပ်တော့မှာ သေချာသလောက် ရှိနေပြီ။ တရုတ်ကယ်ကယ်၊ ရုရှားကယ်ကယ် မဆယ်နိုင်တော့ဘူး။ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း၊ ရခိုင်ကနေ စစ်ပွဲတွေဟာ အညာမြေထဲထိရောက်လာခဲ့တာ ဘယ်အရာနဲ့မှ တားဆီးလို့ မရခဲ့ဘူး။ ရှေ့ဆက်ပြီးတော့ ဘယ်သူက ပြိုလဲမှာလဲ။ အခုရော ဘယ်သူတွေ အလဲလဲအကွဲကွဲ ပြိုဆင်းနေသလဲ။ အမှန်အတိုင်း မြင်အောင်ကြည့်နိုင် သုံးသပ်နိုင်မှ အသက်ရှင်ကျန်ရစ်တဲ့အထဲမှာ ကိုယ်ပါပါနိုင်မယ်လေ။ ဘယ်ရထားစီးလို့မှ ဘယ်ဘူတာရောက်မှန်းမသိရင်် “ဆပ်ထာနိသောင်ပိုင်း” နောက်ဟာကို သေသေချာချာ မှတ်ထား။ ဟုတ်ပြီလား။ မအူမလည်နဲ့ နင်တို့တော့ ယပက်လက် ယဲတွေဖမ်းပြီး ပြန်ပို့ခံရတော့မှာပဲ။ မဲ့ပင်လိုင် မဲ့ပင်လိုင်။ ကိုရီးတို့နဲ့တွေ့ရင် မြင်တာနဲ့တန်းလက်နက်ချလိုက်နော်။ ရှင်းပြီလား။ အိုးကေခပ်။ ဒိုင်းခပ်။