ချန်ဂင်တို့စခန်း (၃၀၄)

လက်ရှိစစ်ပွဲအခြေအနေနဲ့ သတင်းအချက်အလက်တွေကို ကိုယ့်ဆီက သတင်းပေါက်ကြားတယ် ဖြစ်မှာစိုးလို့ သူများထက်ထူး ငဦး လုပ်ပြီး ကိုယ့်စာထဲ တိတိကျကျ ထည့်ရေးလေ့မရှိပါဘူး။ ဒါပေမယ့် ကချင်သတင်းထုတ်ပြန်ရေးအဖွဲ့တွေကနေ တက်လာရင်တော့ ဒီမှာ ဘာတွေဖြစ်နေသလဲ အချိန်မဆိုင်းပဲ သိနိုင်ပါလိမ့်မယ်။ ကိုယ့်အနေနဲ့ကတော့ aware & alert အခြေအနေမှာပဲ အလုပ်လုပ်နေပါတယ်။ လိုအပ်မယ့်ပစ္စည်းပစ္စယတွေကို အကုန်လုံး အဆင်သင့်ဖြစ်နေစေဖို့ တချိန်လုံး လုံးပန်းနေရတယ်။ ဆပ်ပြာတောင် ကာဘော်လစ် နဲ့ ရွှေဝါ ပြန်သုံးရတော့မယ့်ခေတ်ကြီးမှာ တန်ဖိုးကြီးဆေးပစ္စည်းတွေ ဝယ်ရသယ်ရတဲ့အလုပ်က တကယ် မလွယ်ပါဘူး။ ဒါပေမယ့် အကုန် လိုလေသေးမရှိ ပြည့်စုံပါတယ်။ လူနာတွေကလည်း ပြည့်လျှံလန်နေတာပေါ့လေ။ ဒီခေတ်ဒီအခါကြီး အလကားကုတဲ့ဆေးရုံဆိုတာ ဘယ်နားသွားရှာလို့ ရမှာတုန်း။ ၃ နှစ်တောင် ပြည့်လုပြီ။ ခွဲလူနာစာရင်းမှာလည်း ၇၀၀ နား ကပ်လာပြီ။

ခုထက်ထိလည်း လူနာတွေက လာတုန်းပါပဲ။ စစ်ပွဲအခြေအနေအရ ဆေးရုံဆိုတာ လုံခြုံရာအရပ် မဟုတ်တဲ့အတွက် ရက်ရှည်လူနာတော့ ထားမကုနိုင်ဘူးပေါ့။ သူတို့လည်း မနေရဲကြပါဘူး။ ကိုယ့်ရဲ့ ပထမဦးစားပေးကတော့ စစ်ဘေးစစ်ဒဏ်သင့် ဒဏ်ရာရလူနာတွေကို ဦးစားပေးပါတယ်။ ဒီအချိန်ဒီအခါကြီးမှာ မွေးရာပါ သေရာပါ ရောဂါအထူးအဆန်းကြီးတွေကုပြီး ပညာဆည်းပူးနေရမယ့်အခါလည်း မဟုတ်ဘူး။ ဆေးရုံကိုလက်ညှိုးထိုး၊ ဆေးသင်တန်းကျောင်းကို လက်ညှိုးထိုးပြီး “စံတူမမီ လှကိုလှသည် ငွေဖလားလေးလည်း မနိုင့်တနိုင်ချီ” ဆိုပြီး အလှူခံစားဖို့လည်း အားယားမနေဘူးဗျ။ နတ်ရွာလည်း မလိုချင်၊ နိဗ္ဗာန်လည်း မဝင်ချင်။ ဖြစ်ချင်တာက တစ်ခုပဲ ရှိတယ်။

ဘုရားဖူးသွားတိုင်း နတ်ရွာရောက်တာတော့ မဟုတ်လောက်ဘူး ထင်တယ်နော်။ တနေ့ကပဲ ဘုရားဖူးဆိုက်တွဲ တောင်ပေါ်ကပြုတ်ကျလို့ တစ်စီးလုံး ကျိုးပဲ့ကုန်တာ ပွဲချင်းပြီးက ၂ ယောက် ပါတယ်။ ဒီလောက်စစ်ဖြစ်နေတဲ့အချိန်ကြီး ဖူးစရာဘုရား အဲ့သလောက်ရှားလို့ ဟိုးတောင်ပေါ်လမ်းကြမ်းကြီးကို ဆိုက်တွဲအစုတ်နဲ့ တက်ရသလား။ “ဒီလို ဖြစ်မယ်မှန်းသိရင် ဘယ်တက်မလဲ။” လို့ပဲ ပြောမယ့်သူတွေပါလေ။ ဦးနှောက်က အဲ့သလောက်ပဲ ရှိတယ်။

ဆိုက်တွဲမှောက်လို့ လူဆယ်ယောက် တောင်ပေါ်က ကျွမ်းပြန်ကျတယ် ဆိုကတည်းက တစ်ယောက်မဟုတ်တစ်ယောက် ကိုယ့်ဆီရောက်လာမှာပဲ လို့ တွက်မိပြီး အဲ့ဒီညက အပြင်မှာရှောင်မအိပ်ပဲ ဆေးရုံကစောင့်အိပ်ပါတယ်။ ဟိုဘက်က ဆရာနဲ့ လိုင်းပေါ်မှာတွေ့တဲ့အခါ splenic rupture နဲ့တစ်ယောက် shock နဲ့မို့ သူသွေးတွေ သွင်းနေရတယ်တဲ့။ အဲ့လောက်ဆိုရင် မေ့ဆေးစက်မပါပဲ သူ့ဆီမှာလုပ်လို့ မရနိုင်ဘူး။ “ကျွန်တော့ဆီသာ လွှတ်လိုက်ပါ” လို့ မှာလိုက်ပြီးမှ ဒီလမ်းဒီခရီးက လာနေကျမဟုတ်ရင် ညဘက်ကြီး မလွယ်လောက်ဘူး လို့ သတိရတယ်။ မနက် လေးနာရီမှာ လူနာရောက်တော့ သွေး ၂ လုံး သွင်းခဲ့ပြီးပြီ။ အောက်ဆီဂျင်ကကျနေတယ်။ ခြေဆုံးခေါင်းဆုံးစမ်းပြီး ဗိုက်အမြန်ဖွင့်ရမှာမို့ ဆေးရုံကတစ်ယောက်ဆီက သွေးအမြန်ထုတ်ပြီး ခွဲခန်းဝင်ကြတယ်။ အထဲမှာတွေ့တာကတော့ liver rupture လည်း မဟုတ်ဘူး။ splenic rupture လည်း မဟုတ်ဘူး။ bladder rupture။ ဆီးအိမ်ကြီးပွင့်ထွက်သွားပြီး ရှူရှူးတွေ ဗိုက်ထဲပြည့်လာတာ။ သွေးတွေလည်း ထွက်တာပေါ့လေ။ retroperitoneal hematoma ရော၊ pelvic hematoma ရော ရှိတယ်။ pelvic fracture ရသွားတာကိုး။ နေ့ခင်း ၂ နာရီကဖြစ်တာ ကိုယ့်ဆီကို မနက် ၄ နာရီမှ ရောက်တယ်ဆိုတော့ သူ့ဗိုက်ထဲ ရှူရှူးတွေ ၁၂ နာရီကျော် စိမ့်ထွက်ခဲ့ပြီ။ နောက်ရက်ကျ အူတွေ မလှုပ်ပဲ သေချာပေါက် ဗိုက်ကြီးဖောင်းလာဦးမယ့် လူနာ။ ခွဲတဲ့စိတ်တဲ့အလုပ်တော့ အောင်အောင်မြင်မြင်ပြီးသွားပြီး မေ့ဆေးပျယ်တော့လည်း သတိကောင်းပါတယ်။ တစ်ခုပဲ။ အောက်ဆီဂျင်တော့ ဖြုတ်လို့မရဘူး။ မခွဲခင်ကလည်း ၈၀% လောက်ပဲ ရှိတယ်။ နှာခေါင်းက အောက်ဆီဂျင်ပိုက် ဖြုတ်လိုက်ရင် အဲ့ဒီလောက်ကို ပြန်ရောက်ရောက်သွားတယ်။ ရင်ဘတ်ဓါတ်မှန်မှာတော့ ဘာမှ မတွေ့ပါဘူး။ COVID စစ်ကြည့်တော့လည်း မတွေ့ဘူး။ ငါ့အောက်ဆီဂျင်တွေတော့ ကုန်ရချည်ရဲ့ကွယ်။ ခက်ခက်ခဲခဲ ဖြည့်ထားသယ်ထားရတဲ့ ရွှေရည် ရွှေငွေ့တွေဟာကို။

ဒီလူနာနဲ့ ဇောကပ်နေတုန်းမှာ နောက်လူနာတစ်ယောက်လာပါတယ်။ သူကတော့ လူနာဟောင်းပါ။ ၇ လပိုင်းတုန်းက LSCS လုပ်ရင်း uterine atony ရလို့ hysterectomy လုပ်လိုက်ရတဲ့ သေရွာပြန်မကြီးပေါ့။ သူက မွေးလမ်းကြောင်းကနေ ပြည်တစိုစိုဆင်းနေတယ်ဆိုလို့ antibiotics ထိုးနေတာ မသက်သာဘူးတဲ့။ သူငယ်ချင်း OG နဲ့တိုင်ပင်တော့ သူက အောက်ကနေဖောက်ချလို့ရပေမယ့် ကြာဦးမှာ။ ပြန်ဖွင့်လိုက်တာကောင်းမယ်တဲ့။ ကိုယ်လည်းသဘောတူတယ်။ စစ်ပွဲအခြေအနေက ကနေ့နက်ဖြန် သေချာတာ မဟုတ်ဘူး။ ဒါနဲ့ပဲ လူနာကိုရှင်းပြပြီး ချက်ချင်းပြန်ဝင်ကြပါတယ်။ သူပြောသလိုပဲ အထဲမှာ မပေါက်အောင် မပြဲအောင် ဂရုစိုက်ဝင်ကြတာပေါ့။ ကံကြီးပေလို့ဗျာ။ ကိုယ့်အပြစ်ပါ။ အထဲမှာ swab ကျန်ခဲ့တာကိုး။ အဲ့ဒီနေ့က သူ့ဗိုက်ကို ၂ ခါပြန်ဖွင့်ရတယ်။ အကုန်ပိတ်ပြီးမှ အောက်ကသွေးမတိတ်ပဲ pressure ကျနေလို့ အောက်က cervical tear ကို ချုပ်ပြီးမှ အပေါ်ကဗိုက်ကို နောက်တစ်ခေါက်ပြန်ဖွင့်တာ။ အောက်မှာ သွေးမထွက်တော့ဘူး။ ဒါပေမယ့် သွေးပေါင်ပြန်တက်မလာဘူး။ အပေါ်မှာ သွေးများပြန်ထွက်နေသလာားဆိုပြီး နောက်တစ်ခါပြန်ဖွင့်ကြည့်တာ။ အပေါ်မှာလည်း မထွက်ပါဘူး။ ဒါပေမယ့် ဗိုက်ပြန်မပိတ်ခင်မှာပဲ လူနာက cardiac arrest ရလို့ ခွဲခုံပေါ်တက် CPR လုပ်နေတုန်း အောက်က wound ကို ကမန်းကတမ်းပိတ်ရတော့ swab ပြန် မ check ခဲ့မိဘူး။ on table အသက်ထွက်မှာ ကြောက်နေတာကိုး။ ward ထဲရောက်တော့လည်း shock ပြန်ရလို့ နောက်ထပ် သွေး ၂ လုံး သွင်းရသေးတယ်။ သူတစ်ယောက်တည်း သွေး ၇ လုံးသွင်းခဲ့ရတဲ့လူနာပေါ့။ ရှင်လာတာ အရမ်းဝမ်းသာနေရင်းကနေ အခုတော့ ကိုယ် ပရမ်းပတာ လုပ်ခဲ့တဲ့အမှု ကိုယ့်ဘာသာ ပြန်ရှင်းရလို့ တော်သေးတာပေါ့။ ကောင်းတုန်းကတော့ ကြွားလိုက်ရတာ အမော။ သူညံ့တာကျတော့ အသာလေးဖုံးဖိထားတယ် လို့ ကိုယ့်ဘာသာကိုယ် လိပ်ပြာမလုံမှာစိုးမိတယ်။ ဒါမျိုးက ဆင်ခြေပေးလို့ရမယ့်ကိစ္စလည်း မဟုတ်ဘူး။ ကိုယ့်ချေးကိုယ်ပြန်ကျုံးခွင့်ရတာကိုပဲ စိတ်ထဲကျေနပ်မိပါတယ်။

“ဒီဟာ ကိုယ့်အမှားလား” ဆို ဟုတ်တယ်။ “ညံ့သလား” ဆိုရင်လည်း ညံ့ပါတယ်။ အဲ့ဒီအမှန်တရားကို လိမ်ညာဖုံးဖိလိုက်မှ မရိုးဖြောင့်တဲ့သဘော ပါလာမှာ။ အဲ့ဒီကိစ္စကိုတော့ အဖြစ်မခံချင်ပါဘူး။ ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး နေလိုက်လည်း ရတာကို။ ဒါပေမယ့် “အမှားအယွင်း ကြုံလာရင် ဘယ်လိုဖြေရှင်းကျော်ဖြတ်သလဲ” ဆိုတဲ့ကိစ္စက အငယ်တွေ ရှေ့မှာ ရှေ့ဆောင် လမ်းပြ ဖြစ်သွားမှာလေ။ error report တို့ peer review တို့ဆိုတာ ရှိရမှာပေါ့။ စာအုပ်ထဲကစာတွေ မိုးပျံအောင် တတ်ထားလည်း ပြဿနာတစ်ရပ်ကို ဖြေရှင်းတဲ့အခါ စဉ်းစားပုံစဉ်းစားနည်း၊ ကိုင်တွယ်ဖြေရှင်းတဲ့နည်းလမ်းက တစ်ယောက်နဲ့တစ်ယောက် တူမှာ မဟုတ်ဘူး။ This is my way. ပါ။

ပညာတွေကတော့ အမြဲရနေတာပဲလေ။ အပိုင်းပေါင်း ၃၀၀ ကျော်အောင် ကိုယ်ရေးလာတဲ့ လူနာတွေအကြောင်းကလည်း ထပ်မှမထပ်တာ။ မနေ့က လူနာတစ်ယောက် ထပ်ရောက်လာပြန်တယ်။ ဆိုင်းတောင်မှာ လေယာဉ်ဗုံးထိတာ ၁ လ လောက် ရှိပြီတဲ့။ chest tube လည်း ၂ ခါပြန်ထည့်ပြီးသား။ အခုလာတာ ကိုယ့်ဆီလွှဲတာတော့ မဟုတ်ဘူး။ သမားတော်ဆီလွှဲတာ။ လူနာက သူ့သဘောနဲ့သူ ဆေးရုံကိုလာပြတာ။ ပြဿနာက ချောင်းဆိုးလိုက်တိုင်း ပြည်တွေသွေးပုပ်တွေ ပါပါလာလို့။ ဓါတ်မှန်ပြန်ရိုက်တဲ့အခါ အဆုတ်ထဲမှာ air-fluid level တော့ တွေ့ပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ ရင်ခေါင်းထဲမှာ ပြည်တွေဝင်နေတဲ့ empyema မထင်ဘူး။ အဆုတ်ပြည်တည်တဲ့ Lung abscess လို့ ထင်တယ်။ chest tube အနာဟောင်းကလည်း ပြည်တွေထွက်လာတယ် ဆိုတော့ chest tube အရင်ထည့်ခိုင်းလိုက်ပြီး မထွက်တော့မှ နောက်ကျောက စုတ်ထုတ်မယ် စိတ်ကုးတယ်။ ထင်တဲ့အတိုင်းပါပဲ။ chest tube က မထွက်ပဲ နောက်ကျောက ပြည်တွေ ၃၀၀ စီစီလောက် စုပ်ထုတ်လိုက်ရတယ်။ ရက်အကြာကြီး antibiotics ထိုးရဦးမှာပေါ့နော်။ တို့ရှိတဲ့ CS1 , CS2 ထိုးဆေးလေးတွေ ကုန်ပါပြီ လို့ နှမြောတသ ၃ ကြိမ်ရွတ်ဆိုမိတယ်။ ဘယ်တတ်နိုင်မလဲလေ။ ဒီလိုလူတွေ ပေးဖို့ စုထားတာ မဟုတ်လား။ မှန်ဘီရိုထဲ အလှကြည့်မနေနဲ့။ ပေးသာပေးလိုက်။ သူများဆီလွှဲတဲ့လူနာကို ကြားထဲကနေ ဖြတ်ခုတ်ကုတာ မဟုတ်ပါဘူး။ အလကားကုရတဲ့အပြင် ဆေးဖိုးချည့် တစ်နေ့ ငါးသောင်းလောက် စိုက်ပြီး ရက်ရှည်ကုရမယ့် လူနာပါ။

အဲ့သလောက်ဆိုရင် လတ်တလောအခြေအနေနဲ့ ကိုယ်ကျင်လည်ရာ လုပ်ငန်းခွင် ၃ ခု အနက် ဆေးရုံမှာလည်း workload က လျော့သွားတာ မဟုတ်ဘူး ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ကျန်းမာစွာဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း မြင်နိုင်တာမို့ ဒီအသက် ဒီအရွယ်မှာ “ငါမအိုသေး” လက်ပန်းပေါက်ခတ်လို့ ရနေသေးတဲ့ သဘောပါပဲ။ သို့ရာတွင် ကိုယ့်ဝမ်းနာ ကိုယ်သာသိတဲ့ ကိစ္စပါလေ။ အရင်ကလို ဂရီးဂရီး ဓါတ်ပုံတွေ ရိုက်မတင်တော့ဘူး မဟုတ်လား။ မရိုက်ဆို လှမှ မလှတော့တာလေ။ အဲ့ဒါကတော့ ကိုယ့်ဘာသာ အမှန်အတိုင်း မြင်နိုင်အောင် ကြည့်ရတာပေါ့။ ဆံပင်တွေကလည်း ပါးလျားလာခဲ့ပြီ။ နားထင်တွေကလည်း ကျားကျားလာခဲ့ပြီ။ မျက်နှာကအသားအရေတွေကလည်း တင်းတင်းရင်းရင်း မရှိတော့ပါဘူး။ ငယ်ရွယ် နုပျိုမှုဆိုတာ ကိုယ့်ဆီမှာ ဘယ်လိုလုပ် ရှိနိုင်တော့မှာလဲ။ “ငါငယ်ငယ်ကလည်း သူတို့လို ငယ်ဖူးချောဖူးတယ်။ လှတပတ ကြည့်ပျော်ရှုပျော် ရှိခဲ့ဖူးတယ်။” ဆိုပြီး အတိတ်ကို ပြန်တမ်းတလို့သာ ရတော့မပေါ့။ အသားအရေလည်း စိုပြေဝင်းလက်ဖူးတယ်။ ဗိုက်ကလေးလည်း ချပ်ချပ်ရပ်ရပ် 6 packs တွေ ရှိခဲ့ဖူးတယ်။ ဆံပင်တွေလည်း နက်မှောင်သန်စွမ်းလို့ ဘုတ်သိုက်ကြီးကို ဖြစ်နေခဲ့ဖူးတာပေါ့။ အရွယ်၏ကောင်းခြင်းနဲ့ဆို ဘာမှ တကူးတက အားစိုက်ပြုပြင်စရာ မလိုဘူး။

ဒါပေမယ့် အဲ့ဒီအရွယ်မှာတုန်းကတော့ အခုလို မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်တတ်တဲ့ အသိဉာဏ် မရှိသေးဘူးလေ။ နားမလည်ဘူး။ မသိတတ်ဘူး။ မရင့်ကျက်ဘူး။ ဉာဏ်ရည်မမီဘူး။ စိတ်ကို မထိန်းသိမ်းတတ်ဘူး။ နုနုငယ်ငယ် အရွယ်မှာ ရုပ်အဆင်း လှပနုနယ်ခြင်းက ဘုရားပေးတဲ့ဆုသာဆိုရင် အခုလို ဇရာချဉ်းလာတဲ့အသက်အရွယ်မှာတော့ စိတ်ရဲ့အလှကို ဦးစားပေးပြင်ဆင်ရမယ် လို့ ထင်တာပါပဲ။ ကိုယ်တို့အမျိုးက အဲ့သလိုပဲလေ။ အဖေတွေ အဖိုးတွေက ၄၀ ကျော်နဲ့ ဆုံးပါးသွားကြလို့ မအိုလိုက်ရဘူး။ အမေတွေ၊ အဖွားတွေ၊ အဒေါ်တွေကတော့ ငယ်စဉ်အခါမှာ ရုပ်ရည်ချောမောသလောက် အိုမင်းကြီးရင့်လာတဲ့အခါ လူတိုင်းက ချစ်အောင်ခင်အောင် စိတ်ကောင်းနှလုံးကောင်းမွေးကြတယ်။ ဘယ်သူ့အပေါ်မှ မဟုတ်မတရား မလုပ်ဘူး။ အတ္တတွေလျှော့ပြီး မေတ္တာတရားနဲ့ ဇရာကို အံတုကြတယ်။ ဒါကြောင့်မို့ သူတို့တတွေဟာ အသက်ကြီးလေ ချစ်စရာကောင်းလေ ဖြစ်နေတာ။ ကိုယ်လည်းပဲ သူတို့လမ်းစဉ် လိုက်ရတော့မယ် ထင်တယ်။ နုပျိုခြင်းကို ပြန်လည်တမ်းတမနေပဲ ကျက်သရေရှိရှိ အိုမင်းနိုင်ဖို့ ကြိုးစားရလိမ့်မယ် လို့ တွေးမိတာပါ။

ကျက်သရေမရှိတဲ့ လူအိုကြီးတွေ မြင်ဖူးကြမယ် ထင်ပါတယ်။ ဘယ်သူရယ် ဘယ်ဝါရယ် မပြောတော့ပါဘူး။ ငါ့နေရာ၊ ငါ့ရာထူး၊ ငါ့လုပ်ပိုင်ခွင့်ဆိုတာတွေ အရမ်းအသုံးချလာရင်ကော အဲ့ဒီအထက်လူကြီး အကြီးအကဲဟာ ဘယ်လိုတွေ ချစ်စရာကောင်းနေမလဲဆိုတာ မြင်ယောင်ကြည့်ကြပါဦး။ လူကြီးတန်မဲ့ မရိုးမဖြောင့်၊ လူတဘက်သားကို လှည့်ဖြားပြီး ခုတုံးလုပ်၊ ကိုယ်ကျိုးရှာရင်ကော ရွံစရာ မကောင်းပါလား။ ဆယ်ကျော်သက် အချောအလှကလေးတွေကို မြင်သူတကာ ချစ်ခင်စုံမက်ကြသလိုမျိုး အဖိုးအိုအမယ်အို တစ်ယောက်ကို လူအများက ချစ်ဖို့ခင်ဖို့ဆိုတာ သီလကြောင်၊ ကုပ်ကမြင်း၊ ကိုယ့်ဥမှကိုယ့်ဥ ဆိုတဲ့သူတွေအတွက် ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြည့်ပေါ့ဗျာ။ ရော် ခုလိုဆိုတော့လည်း ဒီဆရာဝန်လေးဟာ ဇရာသာ ထောင်းချင်ထောင်းမယ်။ သဒ္ဓါကောင်း၊ စိတ်ကောင်း၊ အကျင့်ကောင်း၊ အကြံကောင်းကလေးမို့ တနေ့တခြား ချစ်စရာကောင်းကောင်းလာပါကလား လို့ လူအများ လက်ခံယုံကြည်နိုင်လိမ့်မယ် ထင်ပါရဲ့။

ဒါနဲ့ နေစမ်းပါဦးကွယ်။ အိုကြီးအိုမ ဂျုံးဂျုံးကျခါမှ ဟိုလူက အချစ်ခံချင်၊ သည်လူက အချစ်ခံချင်နဲ့ ဖြူစင်သူကလေးစိုး၊ မေတ္တာရှင်အဘလေး ဂျိန်းဂျိန်းဒချိ လုပ်နေရအောင် ဇာတ်ထောင်စားမှာလည်းမဟုတ်။ အွန်လိုင်းရှော့ပင်နဲ့ ဈေးရောင်းစားစရာလည်း မရှိပဲနဲ့ အဲ့ဒီဖန်တွေ တပြုံတမကြီးရှေ့မှာ စိုင်းဝမ်းလို ဓါတ်ပူးနတ်ပူး ပူးပြချင်လို့လား။ ဒါမှမဟုတ် အန်ကယ့်လိုမျိုး “ကြာတယ် ကြာတယ်။ မြန်မြန်လာကွာ။” “လာပြီ။ လာပြီ။ လာပြီ။ လာပြီ။” ပါရမီဖြည့်မယ့် တေးချစ်သူ နတ်သမီးလေး ရချင်လို့လား။ နှစ်ယောက်သား နှုတ်ခမ်းလေး စူပွစူပွနဲ့ live လွှင့်လိုက်ရင် viewer တွေ မီလီယံနဲ့ချီပြီး ဟားကြမှာ။ အမလေး တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းချက်နှယ်။

ကိုယ့်အသက်ပဲ သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေမှ ချစ်ခြင်းမုန်းခြင်းတွေ ဘာလုပ်ဖို့ အတန်ရှည်ရှာမလဲကွယ်။ ကိုယ့်ရှူးကိုယ် ဘောင်းဘီမစိုအောင် ပေါက်ရမယ့် အရွယ်လည်း ရောက်ပါပြီ။ ဆေးကူညောင်ထောက်နဲ့မှ မားမားမတ်မတ် ရပ်နိုင်တော့မယ့် ဂျင်းတက်ငုတ်တိုကလေးပါ။ “ဖေကြီးကျော်ကို ချစ်လိုက်ပါတဲ့ မောင်းမတွေရယ်” ဆို အငွေ့လေးနဲ့ ပျော်နိုင်ဖို့အရေး ရွှေလမ်းငွေလမ်းတွေ အရင် ခင်းပေးရဦးမှာ။ ဒီအရွယ်မှာ ကာမဂုဏ်အာရုံတွေဆိုတာက နတ်ဆက်တဲ့ ကြက်ကြော်လိုပါပဲ။ အမြင်သာ ဟန်နဲ့။ စားရတာ အေးစက်စက် မာခြောက်ခြောက်။ အရသာမကျန်ပါဘူး။

ကိုယ့်အမေတွေ၊ ကိုယ့်အဖွားတွေကတော့ ဒီအသက်အရွယ်ရောက်လာရင် ဘာလုပ်သလဲ သိသလား။ မနက်ပြန် ညပြန် ဘုရားရှိခိုးပြီး သူတို့ရှေ့က လွန်လေပြီးသော ဆွေမျိုးသားချင်းအပေါင်းတို့ကို နံမည် တ တ ပြီး အမျှအတမ်းဝေတယ်။ သူတို့တစ်သက် သားသမီးတွေ လူတလုံးသူတလုံးဖြစ်ဖို့ ရှာဖွေကျွေးမွေးပြီးပြီမို့ ပိုက်ဆံရှာသောအလုပ်တွေကို နားလိုက်တယ်။ သူတို့လက်ထဲက ပိုက်ဆံဟာ သူတို့နိုင်သလောက် ပေးကမ်းစွန့်ကြဲ လှူဒါန်းဖို့သာ ထားတော့တယ်။ လက်ဆုပ်ဖြည်တဲ့အချိန်ပဲ။ ပြီးရင်တော့ သူတို့မြေးကလေးတွေကို သိအောင်တတ်အောင် လိမ္မာအောင် ဆုံးမသွန်သင်တာပါပဲ။ သူတို့ကြုံခဲ့ရတဲ့ ဘဝသင်ခန်းစာတွေကို မျိုးဆက်သစ်တွေဆီ အမွေပေးခဲ့ကြတဲ့ သဘောပေါ့။

ဒီလိုဆိုရင် ကိုယ်လည်းပဲ သမီးကို မြန်မြန်လင်ပေးစားပြီး မြေးထိန်းဖို့ အနှီးတွေစုရမယ့် အချိန်လား လို့ တွေးစရာ ရှိတယ်။ ကိုယ့်အဖို့မှာက ကိုယ်ကမွေးမှ ကိုယ့်သွေး၊ ကိုယ့်ဥကပေါက်မှ ကိုယ့်သား လို့ မျိုးချစ်စိတ်တွေ ရှင်သန်မနေပါဘူး။ ကိုယ်ကပေးတိုင်းရော ကလေးတွေက လိုချင်မှ ယူမှာပေါ့။ အဖိုးကြီးအိုတစ်ယောက်ဆီက ရောင်းစားမရသော အဟောင်းအမြင်းများကို အရှုပ်ခံပြီး ဘယ်သူကမှ မျက်စောင်းမထိုးဘူး။ အသစ်သာဝယ်ယူကြဖို့ အားသန်မယ်။ အဲ့ဒီအတွက် ကိုယ်ကလည်း ဗျစ်တီးဗျစ်တောက် ပေါက်ပေါက်ဖောက်သလို တွေ့သမျှလူငယ်တွေ လိုက်ဆရာလုပ်မယ် စိတ်မကူးပါဘူး။ ဒါပေမယ့် ကိုယ့်ဘဝအတွေ့အကြုံနဲ့ ကိုယ်တွေးမိသမျှ အတွေးအမြင်တွေကို လိုချင်တဲ့သူရှိလည်း ဖတ်လို့မှတ်လို့ရအောင် ဆရာစားမချန်၊ သေရာသယ်မသွားပဲ ဝေခဲ့မျှခဲ့မှာပေါ့။ “ပိုက်ဆံရှိရင် လုပ်သမျှတင့်တယ်တယ်။” တို့။ “အာဏာပါဝါရှိသမျှ ဘယ်သူကမှ မော်မကြည့်ရဲဘူး။” တို့လိုမျိုး အတွေးအခေါ်ဆိုးတွေကို ကိုယ်မရှိရင် ကျန်ရစ်ခဲ့မယ့်ကလေးတွေဆီကို အမွေမပေးခဲ့ချင်ဘူး။

ကိုယ်တို့ရဲ့ နောက်မျိုးဆက်ဟာ မတရားအနိုင်ကျင့်တဲ့ လက်နက်ကိုင်တွေကို အကြောက်တရားနဲ့ ပြားပြားဝပ် ခစားပြီး ခြေသလုံးဖက် ဖော်လံဖားတဲ့ လူ့အညွန့်ကျိုးလေးတွေအဖြစ် မရှင်သန်စေချင်ဘူး။ “လာကြဟေ့။ ဆျာစိုးဆီမှာ ဆေးသင်တန်းတက်ပြီး ရွာမှာပြန် ဆေးကုစားရအောင်။ ဒါလေးက ပါရာစီတမော ခေါ်တယ်။ ကိုယ်ပူကျဆေး။ မှတ်မိတယ်နော်။ သေချာကြည့်ထား။” ဆိုတဲ့ ပညာဒါနမျိး လုပ်နေတာလည်း မဟုတ်ပါဘူး။ ကိုယ့်ခေါင်းထဲက ဉာဏ်အလင်းကို သူတို့ခေါင်းထဲရောက်အောင် ကူးညှိပေးခဲ့တာ။ ကိုယ်လျှောက်ခဲ့တဲ့ လမ်းကတော့ ဒီလိုပဲ။ ခုနပြောတယ်လေ။ “This is my way.”။ အိုက်တိုင်းလိုက် လျှောက်ရမယ် မဆိုလိုဘူး။ ကိုယ့်သဘောနဲ့ကိုယ်။ ဒါပေမယ့် ပျောက်သောလမ်းမှာ စမ်းတဝါးဝါး ဟိုမရောက်ဒီမရောက်၊ မသွားတတ် မလာတတ် ဖြစ်နေတာ မဟုတ်ဘူး။ ဒီကနေသွားရင် ဘယ်ကိုရောက်တယ်။ လမ်းမှာ ဘာတွေမြင်ရကြုံရမယ်။ ရှင်းရှင်းလင်းလင်း ပြထားခဲ့တယ်။ ကြိုက်တဲ့သူက ယူသုံးပေါ့။ မကြိုက်လည်း ကိစ္စမရှိ။ စာသင်နေပေမယ့်လည်း သူများကို ဆရာလုပ်ရတာ ဝါသနာ မပါဘူးဗျ။ သိချင်တာရှိရင် ရှင်းပြလိုက်မယ်။ ဒီလောက်ပါပဲ။

“Now, the end is near

And so I face the final curtain

My friend, I’ll say it clear

I’ll state my case of which I’m certain

I’ve lived a life that’s full

I’ve travelled each and every highway

And more, much more than this

I did it my way.”