သုံးရွေ့လည်မှာ သုံးပန်လှလုပ်နေရတဲ့ ဆရာချန်ဂင်ကလေးဟာ ဆေးရုံမှာကပ်ရတယ် သိပ်မရှိတော့ သိသိသာသာ စိမ်းကားပြသူကြီးကတော့ မောင် Loki ပါပဲ။ သူလည်း ကိုယ်တို့ဆီကို အတင်းခေါ်လို့တောင် ပြန်လာမအိပ်တော့ဘူး။ ထမင်းကျွေးချိန်ပါ ပြန်မလာလို့ လိုက်လိုက်ခေါ်ရတယ်။ ထုံးစံအတိုင်းပေါ့ကွယ်။ ဒီသူငယ် အဲ့သလိုမျိုး အအိပ်အစားမမှန်အောင် ဇွဲသန်စရာ ဘာအကြောင်းရှိရဦးမှာလဲ။ “သူတို့ကြောင့်ပဲ မောင်နဲ့မြနဲ့ မပစ်ပဲ နှစ်လသံသရာရှည်။ တချစ်တည်း ချစ်ရပြန်ပါသည်။” တဲ့။ သို့ပေမယ့်လည်း မောင်မင်းကြီးသားက ကမြင်းကျောပွေလီသဗျ။ တောင်ညာဒေဝီ မ Sophie အပြင်မှာ မြောက်နန်းစံတွေ အနောက်နန်းမတော်တွေ စံစားလိုတယ်။ ကိုယ့်မှာတော့ ဒင်းတို့ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေးအတွက် မဘသတွေဆန်ပြီး မျိုးတူဇာတ်တူ ရှာဖွေပေးစားထားသော်လည်း ယောက်ကျားတို့သဘာဝ မဖောက်ပြားပဲ မနေနိုင်ပဲကိုး။ မိဖြူတို့ မိကျားတို့က ဆေးရုံမှာပျော်တဲ့သူတွေမို့ မောင် Loki လည်း ဆေးရုံထဲမှာပဲ တဝဲလည်လည်ပေါ့။
လပြည့်နေ့တုန်းကတော့ သင်တန်းကျောင်းမှာ ခေါက်ဆွဲသွားကျွေးတဲ့အခါ သူက ဘယ်လိုများ သိနေသလဲ မပြောတတ်။ ဟိုအထိကို လိုက်လာတယ်။ အဲ့လောက် တောလမ်းခရီးထဲ လျှောက်နိုင်မယ် မထင်လို့ တစ်ခါမှ ခေါ်မသွားဖူးဘူး။ တောထဲမှာ လမ်းပျောက်ပြီး ကျန်ခဲ့မှာစိုးလို့။ ဒါပေမယ့်သူတို့မှာတော့ ခုန်ပေါက် ပြေးလွှား ပျော်ပါးပြီးတော့ကို လိုက်လာတာပါ။ ရှေ့ကိုကြိုပြေးသွားလိုက်၊ နောက်ပြန်ပြေးလာပြီး စောင့်ခေါ်လိုက်နဲ့ ယောက်ယက်ကိုခတ်နေတာပဲ။ ခွေးက ၂ ကောင်၊ မျောက်ကတစ်ကောင်နဲ့ တောထဲဝင်တဲ့ ဆာဂျင်ပေါ့။ ချောင်းတွေဖြတ်တော့ ကူးနိုင်ပါ့မလား စိတ်မချဘူး။ ဆိုင်ကယ်တောင် မျောပါသွားတဲ့ရေစီးမို့လေ။ ရအောင်တော့ ကူးကြပါတယ်။ လမ်းတဝက်ကျော်တဲ့အခါ Loki ကသာ ပြေးနိုင်တော့တယ်။ Sophie က ခြေလှမ်းနှေးလာလို့ “ပန်းသလားမေပျို” ဆိုပြီး စောင့်ခေါ်ရတာ။ သင်တန်းကျောင်းရောက်တော့ သူတို့ဘော်ဒါတွေ ရှိတယ်လေ။ အရင်တုန်းက ကိုယ်တို့တွေ တောထဲဝင်ဝင်အိပ်နေရတုန်းက သူတို့နဲ့ ဆော့ဖော်ဆော့ဖက် ခွေးကလေးတွေ။ Loki က အဲ့သလို လူ့ရှေ့သူ့ရှေ့ကျရင်တော့ အရှက်မခွဲဘူး။ လိမ်မာတယ်ဗျ။ ခေါ်ရင် လာတယ်။ ပြောရင် နားထောင်တယ်။ ခိုင်းရင် လုပ်တယ်။ လူစကား နားလည်သလိုပဲ။ ပြန်မယ်ဆို ထလိုက်ရင် ငေါက်ကနဲပါလာတယ်။ အလှူအိမ် ခေါ်သွားလို့လည်း ဂူးဂူးဂဲဂဲ ဟောင်တာစောင်တာ မရှိဘူး။ သူ့ဆရာခြေရင်းမှာ သေသေဝပ်ဝပ်ပဲနေတယ်။ လူများလို့ ကြောက်တာ ရှိန်တာ သူ့မှာမရှိ။
သူတို့မှာ ပြန်မပြောနိုင်ပေမယ့် လူ့စကား လူ့အရိပ်အကဲကို နားလည်တတ်တဲ့ ဉာဏ်ရည်တော့ အတိုင်းအတာတစ်ခုအထိ ရှိပုံပေါ်ပါတယ်။ ညဘက်ကြီး လေယာဉ်လာလို့ ကျင်းထဲပြေးဆင်းရပြီဆိုရင် Loki တို့ ခေါ်စရာ အော်စရာ မလိုဘူး။ တခါတည်း ပါပြီးသား။ ဆေးရုံကို ဥဒဟို လာနေတဲ့ လူနာတွေကို ရန်မူလေ့မရှိပေမယ့် ကိုယ်တို့က ခြောက်လှန့်ထုတ်တဲ့ နွားတွေဆိတ်တွေဆိုရင် အိမ်နားလာတာနဲ့ အတင်းမောင်းထုတ်တာပဲ။ သူတို့ဘာသူတို့ ခွေးချင်းကိုက်လေ့မရှိဘူး။ သူတို့ကို ကိုက်ဖို့ရန်စောင်နေတဲ့ခွေးကိုတောင် ကိုယ်က ဟန့်လိုက်ပြီဆိုမှ သူတို့ကဝင်ခဲတာ။ အရင်ပိုင်ရှင်တွေက ကျင့်ပေးထားလား မသိပါဘူး။ မိုးခြိမ်းသံကို သူတို့မကြောက်ပေမယ့် လက်နက်ကြီးသံ သေနတ်သံကို သူတိ့ ခွဲခြားသိတယ်။ ကြောက်လည်းကြောက်တယ်။ Loki က ကိုယ့်ပြောစကား နားမထောင်ပဲ ဘယ်လိုမှ ခိုင်းလို့မရတော့တာ တစ်ခု ရှိတယ်။ အရင်ကဆို ကိုယ်တို့အိပ်ယာဝင်မယ်ဆိုတာနဲ့ သူက အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်ဝင်လာတာ။ အခုများတော့ အတင်းဖမ်းခေါ်ရင်တောင် အလွတ်ရုန်းပြီး ထွက်ပြေးတာဗျ။ သူ ဒီမှာ မအိပ်ချင်တော့ဘူး။ စကီလေးတွေရှိတဲ့ဆီမှာ သွားမွေ့မလို့။ သဘောကတော့ သူမလုပ်ချင်ဘူးဆိုတဲ့ဟာကို အတင်းမခိုင်းနဲ့ပေါ့လေ။ အဲ့သလောက်တောင် လူသားဆန်နေပြီလား။ တကတည်းမှ။
တကယ်တမ်းတော့ အရင်လို တပူးကပ်ကပ် မနေတော့တာ သူရောကိုယ်ရော အဆင်ပြေပါတယ်။ ကိုယ်ကလည်း တချိန်လုံး အပြင်ထွက်နေပြီး နေရာတကာ ခေါ်မသွားနိုင်တဲ့အတွက်ပါ။ အခုဆို အိပ်တာတောင် အပြင်မှာထွက်အိပ်နေရပြီ မဟုတ်လား။ သေခါနီးလေ ယုတ်မာလေ ဆိုတဲ့ စစ်ခွေးတွေ အလစ်အငိုက် လာမတိုက်နိုင်အောင် ဖြန့်ကျက်ရွေ့လျား ပျောက်ကျားစံနစ်နဲ့နေထိုင်ပြီး အလုပ်လုပ်နေတယ်။ ဘုတလင် က အဖြစ်မျိုးတွေ နေရာတကာမှာ ရှိတဲ့အကြောင်း ကိုယ်တို့သိခဲ့တာ ကြာလှပြီ။ ဘာလုပ်ရမလဲလည်း သိတယ်။ ၈၈ ကတည်းက အရှင်လတ်လတ် ခေါင်းဖြတ်သတ်တဲ့ စစ်တပ်ရဲ့လက်ပါးစေတွေ ကိုယ်တိုင်မြင်ဖူးခဲ့တာပဲ။ မယ်ပြိုင်ပွဲမှာ ပြူးကြောင်ကြောင်တွေ ပူးပြမှ မြန်မာကို ကမ္ဘာကသိတယ် မထင်ပါနဲ့။ အယုဒ္ဓယ ကို ဘုရားဖူးသွားရင်လည်း လူအရှင်ကို ဆုံထဲထည့်ထောင်းတဲ့ ဖမာ့တွေအကြောင်း သူများတကာ ပြောလို့မကုန်ဘူး။ အခုဆိုရင်တော့ဓါတ်ပုံလေးတွေပြပြပြီး “တွေ့လား။ တွေ့လား။” ဆို ပိုပြောလို့ ကောင်းတော့မှာ။ ယပက်လက်တွေရိုက်ပြတဲ့ အလောင်းဖယာ့မျက်နှာကြီးက ဒဿဂီရိထက်တောင် ကြောက်စရာကောင်းသေး။ သမိုင်းက အဲ့သလို လှတာ။ မင်းအောင်လှိုင်လက်ထက် မြန်မာစစ်တပ်ပုံရိပ်ကဖြင့် သီဟတင်စိုးရိုက်သမျှ ဂျပန်ကားတွေ လိုက်မမီနိုင်ဘူး။ နောက်ထွက်မယ့် ဂျိန်းစဘွန်းကားမှာ မင်းသမီးကို မြန်မာပြည်မှာ လာကယ်လို့ရလောက်ပြီ။ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားထက် ရင်ခုန်စရာကောင်းမှာ။ Butcher Man’s Army ပဲ။ ဟေ့ မြန်မာစစ်တပ်ဆိုတာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းဘူးကွ။ ဘာတွေချိတ်ထားသလဲ မြင်တယ်နော်။
“ဒီလိုအဖြစ်အပျက်မျိုးတွေ ချန်ဂင်တို့ဆီမှာ ရှိသလား။ ကြုံဖူးသလား။” မေးရင်တော့ ဟုတ်ကဲ့။ ရှိတယ်ဗျ။ ရေးဖူးတယ်ဗျ။ တင်ဖူးတယ်ဗျ။ ဓါတ်ပုံတွေလည်း ပါပါတယ်ဗျ။ ဒါပေမယ့် Community Standard နဲ့ မညီပါဘူးဆိုပြီး အကုန်ဖြုတ်ချခံရတာပဲ။ အကောင့်လည်း ဝမ်နင်ထိတယ်။ အခုတောင် သူများဆီမှာ ပွစလောင်းလန်နေတဲ့ အဲ့ဒီသတင်းကို ကိုယ့်စာမျက်နှာပေါ် share ကြည့်။ သေချာပေါက် အနီကဒ်လာပြမှာ။ ယဉ်ကျေးလိမ်မာ ဇူဇူ့ရွာမှာ အနေကြာတော့ ခံစားချက်တွေ ရင်ထဲမှာ မျိုသိပ်သိမ်းဆည်းထားရင်း သီချင်းဆိုတဲ့ ဓမ္မစကူးဆရာမလေးလို မို့မောက်အုံကြွတက်လာပြီနော်။ အဲ့ မာတုကာမလေး သိမ်းထားတာကတော့ ရင်ထဲမှာတောင် မကလောက်ဘူး။ တခြားနေရာတွေလည်း ရှိမယ့်ပုံ။ မြင်ယောင်လာပြီ မဟုတ်လား။ မှန်မှန်ပြော။ ဟွန့် အခုပုံတွေကျမှ မမြင်ချင်ယောင်ဆောင်ထားတယ်ပေါ့လေ။ ဇူဇူမကောင်းဘူး။ မျက်နှာလိုက်တယ်။ လူဇိုး။
ဒီကောင်တွေစိတ်ထဲမှာ အဲ့သလိုမျိုး လုပ်ပြလိုက်ရင် ပြည်သူတွေက ကြောက်သွားမှာပဲ လို့ ထင်တယ်ပေါ့။ ဉာဏ်တိမ်လိုက်တာ။ သေပြီးမှတော့ လုပ်ချင်ရာလုပ် ဘာခံစားနိုင်မှာမို့လဲ။ ဒီအရာတွေက မသေသေးတဲ့ မြန်မာစစ်သားတွေ ပြန်ခံစားရမယ့် အကြောင်းရင်းခံဖြစ်တယ် လို့ မကြာခင် သိရတော့မယ်။ နေ့တိုင်း လက်နက်ချပြီး စစ်ရှုံးနေတာ ဘယ်သူ့ဘက်ကမို့လို့လဲ။ ဘုတလင်ကို ဝင်မွှေတဲ့စစ်တပ်ဟာ လုပ်ချင်ရာတွေလုပ်ပြီး ကိုယ်ရောင်ဖျောက်သွားလို့ရမယ် ထင်နေတာလား။ “မကြာမီ လာမည် မျှော်။” ဟျောင့်ရေ။ ၃ မိနစ်ပဲစောင့်။ ငါတို့ဆီမှာ သက်ပိုင်ထွန်းတို့တပ် ဘယ်နှစ်ကောင် ဘယ်နှစ်မြီးကျန်သလဲ။ လိုက်မေးကြည့်လိုက်ဦး။ အလကားနေရင်း ဓါးကြိမ်းကြိမ်းနေတာ မဟုတ်ဘူး။ ဉာဏ်မီရင် ဖဲတွက်တတ်တယ်။ ဆက်သာဝေ။
ညကအထိ လိုင်ဆာကို ဗုံးကျဲတုန်းပဲ။ ခုနလေးကအထိကို KNU စစ်ဌာနချုပ်ကို dropped bombs တွေ ချနေတုန်းပဲ။ ဒါပေမယ့် ဘယ်သူမှ ဘာမှ မဖြစ်ပါဘူး။ လေယာဉ်နဲ့ ဗုံးကျဲတာ မထိရောက်တော့ဘူးဆိုတာ လက်တွေ့သက်သေပြနေတယ်။ စစ်ကတော့ ဆက်တိုက်ကြဦးမှာပဲ။ တရုတ်ကကူကူ၊ ရုရှားကကူကူ၊ သူတို့ဟာသူတို့ တကူကူးကူ စီးချေကြ။ ငါတို့အားလုံးကတော့ စစ်ဆက်တိုက်မှာ။ အခု ကိုယ်တို့ဆေးရုံတောင် အရေးပေါ်အခြေအနေ ကြေငြာပြီး ဒဏ်ရာရလူနာ ဆေးကုဖို့ အသင့်ပြင်ထားတယ်။ ခုနောက်ပိုင်း ဆေးရုံဆေးခန်းတွေကိုချည့် ပစ်မှတ်ထား တိုက်ခိုက်နေမှန်းသိလို့ ကိုယ်တို့လည်း လေကြောင်းရန်ကာကွယ်ရေး အသိသတိနဲ့နေတယ်။ အနေအစားလည်း မပျက်ဘူး။ အလုပ်အကိုင်လည်း မပျက်ဘူး။ ကိုယ်တို့မှာလည်း ကိုယ့်တားဂက်နဲ့ကိုယ်။ မြို့ပေါင်း ၈၀ ကျော် အိပ်ထဲကောက်ထည့်ထားပြီးသား။ တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ကွ။ နင်တို့ဘုနိုင်လှ တလင်ရယ်။ ငါတို့ဘုမှ တပ်လုံးပြုတ်မှာ။ ခြံစည်းရိုးပေါ်တင်စရာ ချိုနဲ့သားရေတောင် ကျန်မှာမဟုတ်။
ကချင်ပြည်နယ် အရှေ့ခြမ်းက အထူးဒေသ BGF တွေကို ရှင်းပြီးတဲ့အခါ စစ်ကိုင်း-ကချင် နယ်စပ်က SNA တွေဆီ မြားဦးလှည့်ဖို့ပဲ ကျန်တော့တယ်။ စကစမှာ တိုက်မယ့်သူ မရှိဘူး။ ဒီလူတွေနဲ့ ကျားကန်ထားရတာ။ အဲ့ဒီအဖွဲ့တွေ မရှိတော့ရင် သင်းသပ်သလို သေကုန်မှာ။ ဒီလမကုန်ခင်တော့ ဒီစစ်ပွဲက တစ်ခုခု အဖြေထွက်လာမှာပဲ။ ဒီပွဲမှာ ဘယ်သူသာမယ် အားလုံးက သိသလို ဒါပြီးရင် ဘာဆက်လုပ်မယ် ဆိုတာလည်း အားလုံးမှာ plan ရှိပါတယ်။ စမ်းတဝါးဝါး ဆင်ကန်းတောတိုးနေတာမှ မဟုတ်တာ။ လျှို့ဝှက်ထားစရာလည်း ဘာအကြောင်းမရှိပါဘူး။ ဒီပွဲမှာ ဒီဟာပဲ လုပ်စရာရှိတော့တာ မဟုတ်လား။
မိုးလေးနည်းနည်းပါးသွားလို့ သင်တန်းကျောင်းသွားရတာ နည်းနည်းတော့ အဆင်ပြေလာပါပြီ။ အရှိန်ရလာတော့ ဆရာ နဲ့ ကျောင်းသားလည်း လမိုင်းကပ်စပြုလာပြီ။ ဆေးကျောင်းတို့ရဲ့သဘာဝအတိုင်း စာမေးပွဲတွေ စစ်စစ်ပြီး ဆွဲခေါ်တာပေါ့။ သင်ထောက်ကူပစ္စည်းလေးတွေလည်း တစတစ ပြည့်စုံလာပြီ။ စင်္ကာပူက ပို့လိုက်တဲ့ JBL speaker ကြီးနဲ့ မိုက်ခွက်တွေလည်း ချောချောမောမော ရောက်လာတယ်ဗျ။ ချန်ဂင် (၂) အတွက် patient monitor တွေလည်း ရောက်လာပြီ။ ဩဇီက ပို့တဲ့ cordless ultrasound စက်ကလေးလည်း ရောက်တော့မယ်။ ကဲ ဘာပြောဦးမလဲ။ သူတို့ဘက်က ကြိုးစားတားဆီးသမျှ ဘာတစ်ခုမှ အရာမထင်ဘူးလေ။ အားလုံးကို ကျော်ဖြတ်လာခဲ့တယ်။ ကလေးတွေကိုလည်း စိတ်ဓါတ်မကျအောင် အားပေးထားတယ်။ စကစဘက်က ဗုံးလာမကျဲတဲ့ ဆေးသင်တန်းကျောင်းဆိုတာ ရှိကိုမရှိဘူး။ ဒီကိုလည်း ဘယ်နည်းနဲ့မဆို လာကိုလာဦးမှာပဲ။ လေယာဉ်လာရင် ကိုယ့်အသက်ကိုယ် ဘယ်လိုကာကွယ်ကြမလဲ။ အဲ့ဒါက စသင်ရမှာပေါ့။ ကိုယ်မသေဘူးဆိုမှ ကိုယ့်အနားက ဒဏ်ရာရတဲ့သူ ဘယ်လိုကယ်တင်မလဲ ဆက်သင်လို့ရမှာ။ နောက်နေတာ မဟုတ်ဘူး။ တကယ် အတည်ပြောတာ။ ရှိသမျှလူအကုန်လုံးတော့ သေသွားမှာ မဟုတ်တဲ့အတွက် ဘေးကင်းတဲ့သူက ဒဏ်ရာရတဲ့သူကို ကယ်နိုင်မှ အသက်ရှင်လိမ့်မယ်။ ဒီအတွက် ဒီသင်တန်းကို ဒီလောက် အပင်ပန်းခံသင်နေတာ။ ဖြစ်ပြီဟေ့ဆို ဘာဆင်ခြေမှ မပေးနဲ့။ ရှိသမျှလူအကုန်လုံး ကိုယ်တို့နဲ့ အတူတူ အလုပ်လုပ်ကြရမှာ။ သင်တန်းမပြီးခင် လုပ်ငန်းခွင်ထဲကို တန်းရောက်ချင်လည်း ရောက်သွားနိုင်တယ်။ ဒီလိုအတွေ့အကြုံမျိုးဆိုတာ ဇွန်းမီတင်မှာ လက်ချာတက်ရင်း ရနိုင်တဲ့အရာမျိုး မဟုတ်ပါဘူး။ ကိုယ့်အသက်ပါရင်းပြီး သင်ရတဲ့ပညာလောက် အဖိုးတန်တာ ဘာမှမရှိဘူးလေ။ မင်းတို့အတွက် ဆရာတွေ ရှိသလို ဆရာတွေလိုအပ်လာရင်လည်း မင်းတို့ရှိကြမယ် မဟုတ်လား။ စာသင်တုန်းမှာ အိပ်ငိုက်နေတဲ့ကောင်တွေ။ ခုနေ လေယာဉ်လာရင် မင်းတို့က လူနာဖြစ်ချင် ဖြစ်သွားမှာလို့ ကောင်းကောင်းကြီး သတိပေးလိုက်ရပါတယ်နော်။ ကိုင်း သင်ကိုယ်တိုင် နိုးထရမယ့်အချိန်ရောက်လာပြီ ဖြစ်တယ်။