အရင်တုန်းကရေးခဲ့တဲ့စာကလေးတွေ အမှတ်တရ ပြန်ပေါ်လာတဲ့အခါ အိမ်မပြန်နိုင်တော့ပဲ နေ့နေ့ညည အလုပ်တွေ မရပ်မနား လုပ်နေခဲ့တာ ၂၀၂၀ ခုနှစ် ကိုဗစ်စင်တာမှာ ကတည်းကပါလား လို့ ပြန်သတိရသွားတယ်။ လေးနှစ်တောင်ရှိသွားပြီနော်။ ခုထက်ထိလည်း အနားမရသေးဘူး။ အဲ့ဒီတုန်းကလည်း အရမ်းပင်ပန်းခဲ့တာပါပဲလေ။ ကိုယ့်ဘာသာကိုယ်တောင် မယုံနိုင်အောင် အလုပ်တွေနင်းကန်လုပ်နေခဲ့တာ workaholic ဖြစ်တယ်ဆိုတာထက်တောင် ပိုပါတယ်။ ဘယ်လိုတွန်းအားတွေကြောင့်များ ဒီလောက်တောင် အလုပ်ကြိုးစားနေမိသလဲ မသိပါဘူး။ စက်ရုပ်တစ်ရုပ်ဆိုရင်တောင် အဲ့လောက် အနားမပေးပဲ သုံးရင် ဂျုံးဂျုံးကျသွားလောက်ပြီ။
တကယ်ဆို ကိုယ့်အသက်အရွယ်လည်း ငယ်တော့တာ မဟုတ်ပါဘူး။ မပင်ပန်းပဲ ဘယ်နေမလဲ။ အခုဆို တကိုယ်လုံး ညောင်းညာကိုက်ခဲပြီး လှုပ်တောင်မလှုပ်ချင်တော့ပေမယ့်လည်း စိတ်ကတော့ အိပ်ချင်စိတ်မရှိတဲ့အတွက် ဝမ်းလျားလေးမှောက် ဖုန်းကလေးပေါ် လက်ညှိုးလေးတတောက်တောက်ပွတ်ရင်း စာရေးနေမိတယ်။ စာသင်ဖို့စာရိုက်ရင်တော့ Laptop နဲ့ ရိုက်ပေမယ့် ချန်ဂင်တို့စခန်းကိုတော့ စကတည်းက ဖုန်းနဲ့ပဲ ရေးလာတာ။ ရေးရင်းနဲ့ အိပ်ချင်လာရင်လည်း အိပ်ပျော်သွား၊ တရေးနိုးလို့ စိတ်ကူးရရင်လည်း ထရေးချင်ရေးတာလေ။ စားပွဲနဲ့ ကုလားထိုင်နဲ့ ထိုင်ရေးနေတဲ့သူ မဟုတ်ဘူး။ ညဘက်ကြီး လက်တော့နဲ့စာထိုင်ရိုက်နေလည်း ပိုးကောင်တွေက လာတယ်။ ဖတ်မယ့်သာဖတ်နေကြတာပါလေ။ အဲ့ဒီစာတွေကို တခုတ်တရကြီး ထိုင်မရေးနိုင်လို့ အားရင်အားသလို တို့ထိတို့ထိရေးထားရတာ။ ညအိပ်ချိန်ပဲ ဖြည့်စွက်ဖြတ်တောက် အချောသပ်ရတယ်။
အဲ့သလိုမျိုး အလုပ်နဲ့လက်နဲ့ မပြတ် တော့လည်း ကိုယ့်မှာ ဒီကိုရောက်နေတဲ့ နှစ်ကာလတွေကို ဘယ်လို ဘယ်လို ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ ဘယ်အချိန် ဘယ်ကာလမှာဖြစ်ဖြစ် ရည်ရွယ်ရည်မှန်းထားတဲ့ လုပ်စရာအလုပ်တွေ ရှိနေတယ်။ ဒီတစ်ခုပြီးသွားရင် နောက်အသစ်တစ်ခုလာတယ်။ ဒီလိုနဲ့ပဲ တစ်ခုပြီးတစ်ခု လုပ်စရာတွေ ရှိနေတာ။ ဆေးရုံကလေး ဆောက်မလို့၊ ခွဲခန်းကလေး ထောင်မလို့ ကနေ စလိုက်တာ။ ဘာမဆို လိုလိုက််ရင်း၊ ဖြည့်လိုက်ရင်း၊ ရှာလိုက်ရင်း၊ ဖွေလိုက်ရင်းနဲ့ ခုဆို ကိုယ့်ဆေးရုံမှာ မရှိသေးတာ CT scan နဲ့ Endoscope ပဲ ကျန်တော့တယ်။ ဆေးရုံတောင် တစ်ရုံက နှစ်ရုံဖြစ်လာတဲ့အပြင် သင်တန်းကျောင်းက တစ်ခု စထားနှင့်ပြီ။
အခုလောလောဆယ် အသည်းအသန် ရုန်းကန်နေတာကတော့ အဲ့ဒီသင်တန်းကျောင်း ကိစ္စပါပဲ။ သင်လည်းသင်တယ်။ စစ်လည်းစစ်တယ်။ မအောင်တဲ့ကလေးတွေကိုလည်း ကုစားပြန်စစ်ပြီး နောက်ကလိုက်နိုင်အောင် တွန်းရတယ်။ ခက်ခဲတဲ့တောတွင်းက စစ်သင်တန်းဆိုတော့ ကလေးတွေ စားရေးသောက်ရေး စီစဉ်ရတာလည်း မလွယ်လှပါဘူး။ လူအများစာဆိုတော့ သူတို့လည်း ပင်ပန်းဆင်းရဲပါတယ်။ ကိုယ့်မိတ်ဆွေ ဆရာဝန်လေးတစ်ယောက်က ကလေးတွေကို “ဝက်သားဟင်းလေး ကျွေးရအောင်” လို့ ဒါနပြုပေမယ့်လည်း ကိုယ်တိုင်လည်း ရန်စွယ်ကြားမှ လှဥမ္မာ ဖြစ်နေသခိုက်မို့ သတ္တဝါတွေ ချမ်းသာပါစေဆိုတဲ့သဘောနဲ့ ရိက္ခာခြောက်တွေပဲ ထောက်ပံ့ဖြစ်ပါတယ်။ ဒါပေသိ စာသင်လာတဲ့ ကိုယ့်ကိုကျွေးတာတော့ ဖြူသား၊ တောဝက်သားဆိုတော့ ဒီကောင်တွေထဲမှာ မြိုင်ရာဇာတွတ်ပီတော့ ပါပုံရပါတယ်။ ဆေးရုံမှာ ခေါက်ဆွဲချက်စားတဲ့အခါကျရင်တော့ သင်တန်းကျောင်းမှာလည်း ခေါက်ဆွဲသွားကျွေးချင်တဲ့စိတ်တွေ ပေါက်တယ်။ ဒါပေမယ့် ရွာထဲက အမေကြီးတွေက ဘယ်လိုက်နိုင်မှာလဲ။ ကိုယ့်ဆေးရုံအတွက် ချက်ပေးရင်တောင် ဧည့်ခံတော့ ရွာက ကာလသား ကာလသမီးအဖွဲ့တွေ လာကူပေးတာ။ အခုနေရာကဝေးလွန်းတယ်။ ဘယ်သူမှ မလိုက်နိုင်လောက်ဘူး။ ကိုယ့်ဟာကိုယ်ချက်နိုင်မှ အဆင်ပြေမယ်။
ဒီလိုနဲ့ သင်တန်းကျောင်းက ကလေးတွေက သီတင်းကျွတ်လပြည့်နေ့ကို ပိတ်ရက်တစ်ရက်ပေးပါ လို့ တောင်းဆိုလာကြတော့ ကိုယ်တို့လည်း ဆေးရုံတစ်ရက်ပိတ်ပြီး သင်တန်းကျောင်းမှာ ရေစိမ်ခေါက်ဆွဲသွားကျွေးရင် ကောင်းမယ် လို့ စိတ်ကူးရပါတယ်။ ခက်တာက ဟင်းချက်စရာ ဟင်းစိုဟင်းခြောက်တွေ ရွာကိုမှာလို့မရနိုင်ဘူး။ ကိုယ်တိုင် မြို့တက်ဝယ်မှ ရမယ်။ ဆေးရုံကလူတွေတောင် လက်ဘက်၊ ကြက်ဥ၊ ငါးသေတ္တာကို မပြတ်အောင် ထားနေရတဲ့ကာလဆိုတော့ ကိုယ်လိုချင်တဲ့ ဟင်းရွက်သားငါး လိုချင်တဲ့ရက်မှာ ရဖို့ဆိုတာ မသေချာပါဘူး။ အောက်ကတက်လာတဲ့ကားတွေကို ပိတ်ထားရင် ကြက်သားတွေ၊ ငါးတွေ ဝယ်မရတော့ဘူး။ ကြက်သားဆို အခု တစ်ပိဿာ ၄ သောင်းခွဲဈေးဖြစ်နေတာတောင် ဝယ်လို့ရမရ မသေချာဘူး။
ဒါနဲ့ပဲ ကိုယ့်မှာ ဈေးဝယ်ဖို့ တစ်ယောက် လွှတ်ပြီး ကားနဲ့တင်ပေးလိုက်တဲ့ပစ္စည်းတွေကို ထွက်သယ်ဖို့ ကိုယ်တိုင်ဈေးကြိုထွက်ရပါတယ်။ ရရင်ရ၊ မရရင်နေ ဆိုတာမျိုး မဟုတ်ပဲ ဒီက မရရင် မနက်ဖြန် ဘာနဲ့ ကျွေးကြမလဲ ဆိုတဲ့စိတ်ကြောင့် တော်တော်ပူပန်ရပါတယ်။ ကျန်တဲ့ပစ္စည်းတွေ အကုန်ရောက်ပြီ။ ကြက်သားတွေတင်လာတဲ့ ရေခဲပုံးကြီးက ရောက်မလာဘူး။ ကားပေါ်လည်းတင်ပေးလိုက်ပြီးသား။ ကားခလည်း ချေခဲ့ပြီးသား။ ညနေစောင်းထိ ရောက်မလာတော့ စိတ်ကပူတာပေါ့။ ဖုန်းကလည်း ဆက်လို့မရတာ ကြာလှပြီ။ မှောင်သွားရင် သင်တန်းကျောင်းလည်း ပို့လို့ရတော့မှာ မဟုတ်။ ကြက်သားပါမသွားရင်တော့ ဆေးရုံက ကြက်အုပ်ကလေး အခြေအနေမကောင်းဘူး။ တော်ပါသေးရဲ့။ လမ်းမှာ ပြန်တွေ့လို့။ ဒါပေသိ ဆက်ပို့လို့မရဘူး။ ရေခဲတုံးတွေ ပျော်ကုန်ပြီ။ ရေခဲသေတ္တာနဲ့လည်း ဘယ်ဆန့်မလဲ။ ညတွင်းချင်းထိုင်ချက်ပြီး မနက်ကျမှ ဟင်းသယ်ရမှာပေါ့။
မနက်ကျတော့ တစ်ဆေးရုံလုံး သင်တန်းကျောင်းသွားပြီး ချက်ကြပြုတ်ကြပါတယ်။ လူအများစာ မိုးပြဲဒယ်ကြီးတွေနဲ့ ချက်တာဆိုတော့ ထင်းမီးတွေက တော်တော်နဲ့ မပူနိုင်။ ကိုယ်ကလည်း ဒီလိုနေ့မျိုးဆို လေယာဉ်လာတတ်လို့ မြန်မြန်ကျွေးပြီး မြန်မြန်ပြန်ချင်ပြီ။ ဟင်းချိုအိုး၊ ရေနွေးအိုးတွေ ပွက်ပြီဆိုတာနဲ့ တစ်ပွဲပြီးတစ်ပွဲ ပြင်ပြီးကျွေးလိုက်တာ “မရှိတော့ဘူး။ ကုန်ပြီ။” ဆိုမှ ရပ်တော့တယ်။ ကောင်းပ။ အခုလိုမျိုး အဖက်ဖက်က ပိတ်ဆို့ဖြတ်တောက်ထားလည်း မရရအောင် ရှာဖွေသယ်ဆောင်ပြီး စိတ်တိုင်းကျ ချက်ပြုတ်ကျွေးမွေးနိုင်တယ်ဆိုတာ သူတို့ဘက်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ့် mission တွေ အောင်မြင်အောင် လုပ်ပြနိုင်တဲ့ သဘောပဲ။ စတိုးဆိုင်တွေမှာ ယိုးဒယားပစ္စည်းလိုက်ဖမ်းနေတဲ့ စိုးဝင်းကြီးနားရွက်ကို တံတွေးဆွတ်လိုက်သလို သဘောထားတယ်။ ပင်ပန်းရကျိုးနပ်တယ် ပြောရမှာပေါ့။ ဆေးရုံလည်း ပြန်ရောက်ရော လူက လှုပ်တောင် မလှုပ်ချင်တော့ဘူး။ ဒါပေမယ့် လှုပ်ရပြန်တာပဲ။ လေယာဉ်လာသံကြားလို့ ကျင်းထဲဆင်းရသေး။ ဘာပဲပြောပြော ကိုယ့်အဖို့တော့ ရည်မှန်းထားတဲ့အလုပ်တစ်ခု ပြီးမြောက်သွားခဲ့တာမို့ စိတ်လက်ပေါ့ပါးသွားပါတယ်။ ဟိုးတုန်းကလိုပဲ ခြေကုန်လက်ပန်းကျပြီး အစောကြီးအိပ်ပျော်သွား။ မနက်ကျတော့ အစောကြီးပြန်နိုးလာပြီး လန်းဆန်းတက်ကြွစွာနဲ့ စာသင်ဖို့ထွက်ရပြန်ရော။ ကိုင်း နောက်တစ်ပွဲ mission အသစ်စဖို့ အသင့်ပြင်ထားကြဦးစို့။
ကချင်ပြည်နယ်က စစ်ပွဲတွေဟာ ဆိုင်းငံ့ရပ်တန့်ထားတာ မရှိဘူး ဆိုတော့ ကိုယ်တို့မှာလည်း ရှေ့ဆက်မျှော်မှန်းရတဲ့ တားဂက်ပန်းတိုင်အသစ်တွေ စဉ်ဆက်မပြတ် ထွက်ပေါ်လာဦးမှာပါပဲ။ လတ်တလောအခြေအနေမှာ သင်တန်းကျောင်းအတွက် အားစိုက်နေရင်းတန်းလန်းကမှ နောက်လာမယ့် ခြေလှမ်းသစ်အတွက်လည်း ပြင်ဆင်နေရတယ်။ KIO ကို စစ်ပွဲရပ်ဖို့ တရုတ်ပြည်ထဲခေါ်ပြောပြီးတဲ့နောက််မှာ ပန်ဝါကို သိမ်းလိုက်တာမို့ သူ့စကားအောင်မအောင် တခါတည်း အဖြေထွက်ပါတယ်။ အဲ့ဒီညမှာပဲ လိုင်ဆာကို လေယာဉ်နဲ့ လာကြဲလို့ တရုတ်ဘက်က ဗျောက်အိုးတဒိုင်းဒိုင်း ဖောက်ပြီး ညတွင်းချင်း နယ်စပ်ဂိတ်အားလုံးကို ရက်အကန့်အသတ်မရှိ အဝင်အထွက်ပိတ်ကြောင်း စာထုတ်သတဲ့။ မထုတ်ခင်ကတည်းက ပိတ်ထားပြီးသားဟာမို့ ဘာမှတော့ ထူးမနေပါဘူး။ သူ့ပြောစကား ဘယ်သူကမှ နားမထောင်ပဲ ဝင်ဝင်ငံနေရတာ သိက္ခာကျရုံပဲ ရှိမယ်။ မြန်မာပြည်နဲ့ပါတ်သက်လာရင် အဆီကိုစားပြီး အသားကိုမျိုချင်နေတာလည်း သူပဲ။ ချေးပုံကြီးကို တူနဲ့မွှေမွှေနေတာလည်း သူပဲ။ မင်းအောင်လှိုင်ကို စင်တင်ပွဲထုတ်ဖို့ ကြံစည်တာဟာ သူကိုယ်တိုင် ချေးတွင်းထဲမှာ နစ်မွန်းဖို့ ဖြစ်လာလိမ့်မယ်။ သူတို့ဆီက မစောကြည်ကြီး ပြောခဲ့တဲ့စကားနဲ့ပဲ ပြန်ပြောလိုက်မယ်။ သေသေချာချာ စဉ်းစားကြည့်စမ်း။ “စကစဘက်ကို တရုတ်ကဝင်ကူလို့ တော်လှန်ရေးတပ်သားတွေ ရှုံးရပါတယ် ။” ဆိုတာနဲ့ “စကစဘက်ကို တရုတ်ဝင်ကူလျက်နဲ့တောင် တော်လှန်ရေးတပ်သားတွေကို ရှုံးရပါတယ်။” ဆိုတာ။ ဘယ်ဟာက တရုတ်ပြည်အတွက် အရှက်ရစရာဖြစ်မှာလဲ။ နိုင်နိုင်ရှုံးရှုံး နှစ်ခုလုံးရှက်စရာကောင်းတယ်။ နားလည်ရဲ့လား။ ကိုယ်ထမင်းစားတဲ့တူမှာ ဘာတွေပေလို့ ပေလာမှန်းတောင် အသိအမြင်မရှိတဲ့သူတွေ။
တရုတ်ကဝင်ကူသည်ဖြစ်စေ၊ မကူသည်ဖြစ်စေ၊ တော်လှန်ရေးစစ်ပွဲရလပ်ကတော့ ပြောင်းလဲသွားစရာ မရှိပါဘူး။ ဘာတွေဘယ်လိုပဲ ပိတ်ဆို့ပိတ်ဆို့ ကိုယ်လိုချင်တာကို မရရအောင်လုပ်မယ့်စိတ်ဓါတ်က ကိုယ်တို့ဘက်မှာပဲ ရှိပါတယ်။ ခေါက်ဆွဲလေးတစ်နပ်ကျွေးဖို့တောင် ဒီလောက် သည်းကြီးမည်းကြီး လုပ်နိုင်တဲ့ ကိုယ်တို့က တော်လှန်ရေးကြီး ပြီးဆုံးအောင်မြင်ဖို့အတွက် မလုပ်နိုင်တာ၊ မအောင်မြင်တာ ဘာတစ်ခုမှ မရှိပါဘူး။ သူတို့ဘက်ကလူတွေ ကချင်ပြည်နယ်မှာ ဘယ်လိုသန်းခေါင်စာရင်းကောက်သလဲ သိအောင်ပြောပြလိုက်ဦးမယ်။ ရယ်စရာကောင်းလွန်းလို့။ စာရင်းကောက်မယ့်သူက စစ်သားတွေခြံရံပြီး အုပ်ကြီးကိုခေါ်။ မယ်သီလရှင် ဆန်ခံသလို အိမ်ပေါက်စေ့မတ်တပ်ရပ်။ ”ဒီအိမ်မှာ လူ ဘယ်နှစ်ယောက်နေသလဲ။” အုပ်ကြီးကိုမေး။ အုပ်ကြီးပြောတဲ့အတိုင်း တရုတ်တက်ပလက်ထဲ အိမ်ပေါက်ဝကနေဖြည့်။ အိမ်ရှင်ကိို တံခါးတောင် ဝင်မခေါက်ပဲ သန်းခေါင်စာရင်းကောက်၍ ပြီးစီးပါသတဲ့။ ဒီလူနဲ့ဒီလူ စစ်တိုက်တာ ကိုယ်တို့ဘက်ကရှုံးရအောင် နည်းနည်းပါးပါး ဦးနှောက်လေးဘာလေး သုံးလေ။ ရှိတယ် ဆိုရင်ပေါ့။
နှစ်လ ရှိပြီ။ ညတိုင်းညတိုင်း လေယာဉ်နဲ့ ဗုံးကြဲနေတာ။ ဘာထူးခြားလို့လဲ။ အပေါင်းအနှုတ်တတ်တယ်ဆို သူ့ဘက်ကစစ်အင်အား ကိုယ့်ဘက်ကစစ်အင်အား တွက်ကြည့်လေ။ ဘယ်ဘက်မှာ အကျအရှုံးများသလဲ။ စကစဘက်က အောင်ပွဲရတဲ့နေ့ဆိုတာ ပြက္ခဒိန်ထဲမှာ ကြက်ခြေခတ်စရာ ရှိသလား။ ကိုယ်တို့ဘက်က မနိုင်သေးလို့ အနိုင်ရတဲ့အထိ တိုက်နေတာ မဟုတ်ဘူး။ ဒီကောင်ကြီးတွေ ရှုံးနေလျက်နဲ့ မသေမချင်း ခုံပေါ်ကမဆင်းပဲ အသေအလဲ ဖက်တွယ်နေတာမို့ ခုတ်ထစ်ပိုင်းဖြတ် ဖယ်ရှားနေရတာ။ အဲ့သလောက် အမြစ်တွယ်နေရင်လည်း ဘူဒိုဇာနဲ့ ကော်ထုတ်ရုံ ရှိတော့တာပ။ ကဲပါလေ။ ပြောနေ ကြာပါတယ်။ ကိုယ်တို့မှာ တိုက်စရာစစ်ပွဲတွေ၊ လုပ်စရာအလုပ်တွေ မကုန်သေးဘူး။ ဆက်လုပ်ရဦးမယ်။ ဒီလထဲမှာ နောက်ထပ်စစ်ပွဲတွေ ရှိလာဦးမှာပဲ။ စောင့်သာကြည့်လိုက်။ ကိုယ့်မှာလည်း another mission တွေ အားကုန်ုရုန်းရဦးမှာပဲ။ ချန်ဂင်နောက်အပိုင်းတွေ ထွက်လာတော့ ဖတ်ရမှာပေါ့ကွယ်။ မောသလား မေးရင် မမောပါဘူး လို့ပဲ ဖြေပါမယ်။
“မောသလား။
မရောက်သေးဘူး အချစ်ရယ် မောသလား။
ပင်လယ်ပြာပြာရဲ့လှိုင်းများ။
ရေလှိုင်းများ တိုးလို့ဖြတ်ကာကူးသွား။
မြန်မြန်ရောက်ရင် အကောင်းဆုံး။
ကမ်းစပ်မရောက်ခင် အမောဆုံးပဲ။
ပင်လယ်ပြာကျယ်ပါတယ်နော် အလှမ်းဝေး။
ကူးခတ်လိုက်ပါ မောသလား။
လာကူညီဆယ်ယူမယ့်သူ
ပင်လယ်လှိုင်းကြားက အချစ်ဆုံး။
ဘယ်လို ဒုက္ခရောက်နေသလဲ။
မေခလာ လာပြီလေ။”