တခါတခါတော့လည်း စဉ်းစားကြည့်မိတယ်။ “စစ်တပ်က အရပ်သားပြည်သူတွေအပေါ်ကို စစ်မြေပြင်မဟုတ်ပဲ လေယာဉ်နဲ့ ဗုံးလာကျဲနေပါတယ်။” လို့ ကိုယ်တွေ့မျက်မြင်တွေ အဲ့သလောက် အပ်ကြောင်းထပ်အောင် ရေးနေတာတောင် ဘယ်သူကမှ သောက်ရေးသောက်ဖက် မလုပ်ကြပါလား လို့ ခံစားမိတယ်။ ပါးစပ်ကလေးနဲ့ စိုးရိမ်နေပြီး တားဆီးပေးမယ့်သူ မရှိဘူး။ ကြာတော့ ရေးရမယ့်လူတောင် “ဒါ ငါတို့ဆီက နေ့တိုင်းဖြစ်နေကျ ကိစ္စတစ်ခုပါလေ။” ဆို မရေးချင်တော့ဘူး။ ဒါပေမယ့် ရေးရပါဦးမယ်။ မနေ့က မနက် ၂ နာရီလောက်ကြီး တန့်ဆည်က စစ်ရှောင်စခန်း စာသင်ကျောင်းထဲကို drop bombs ၄ လုံး၊ ဆေးရုံက လူနာဆောင်ပေါ်ကို drop bombs ၂ လုံး ချသွားပါတယ်တဲ့။ အထိအခိုက်အသေအပျောက်ကတော့ အမျိုးသမီးတွေ၊ ကလေးငယ်တွေပဲပေါ့။ သူတို့ကို ဒလန်က သတင်းပေးတဲ့ PDF တွေ မပါပါဘူး။ ကန့်ဘလူ အသိမ်းခံရလို့ ကန့်ဘလူနားက မြို့တွေရွာတွေ ပတ်ရမ်းနေတာ။ မတ္တရာမှာလည်း ဘုန်းကြီးကျောင်းပေါ်သွားချတာ ဘုန်းကြီးတွေ ကလေးတွေ အတုံးအရုံးပဲ။ ဒီကိစ္စမျိုးက စစ်ကောင်စီရှိနေသ၍ နေ့တိုင်းညတိုင်း ကြုံနေရမယ့် ဖြစ်ရပ်မျိုးပါ။ ဘယ်သူကမှ သောက်ဖက်မလုပ်သလို ကိုယ်တို့လည်း သောက်ရေးမလုပ်တော့ပါဘူး။ ကိုယ့်စစ်ပွဲကိုယ်ပြီးပြတ်အောင် တိုက်ဖို့ပဲ ရှိတယ်။ သေတာ ကိုယ်မဟုတ်သေးသ၍ အားကုန်ရုန်းပြီး တော်လှန်ရမှာပဲ။
ဒါဆိုလည်း ဘာမှ ထူးမလာတဲ့ဟာကို ဘာလို့အချိန်ကုန်ခံပြီး တဖွဲ့တနွဲ့ စာတွေ ရေးနေသေးသလဲ။ ဒါကတော့ တော်လှန်ရေးဆိုတာ စိတ်ဓါတ်နဲ့ အတွေးအခေါ် ပြောင်းလဲတဲ့ဆီက အရင် စရတာပဲ။ ဘူတန်က ဘုရားစေတီတွေမှာ အင်းကွက်မန္တန်အလံကလေးတွေ တလူလူလွှင့်ထားရင် အဲ့ဒီစာလုံးကလေးတွေ လေထဲလွင့်ပျံသွားပြီး မကောင်းဆိုးဝါးတွေ ထွက်ပြေးဆုတ်ခွါသွားတယ် လို့ ယုံသလိုပေါ့။ ကိုယ့်စာလေးတွေကတဆင့် စာဖတ်သူတွေကို တော်လှန်သော အတွေးအမြင် ခံစားချက်တွေ ရစေချင်လို့ စာရေးနေတာ။ ဟိုဘက်ရပ်ကွက်ကကောင်တွေ လာလာဖတ်ရင်လည်း ဆွေ့ဆွေ့ကို ခုန်နေအောင် မခံမရပ်နိုင် ဖြစ်ကြတယ် မဟုတ်လား။ သူတို့က ပိုက်ဆံအင်အားနဲ့ မရှက်မကြောက် မျက်နှာပြောင်နိုင်တဲ့ လူ့အသိုင်းအဝိုင်းကြီးကို ဖန်တီးသလို ကိုယ်ကတော့ အသိဉာဏ်အင်အားနဲ့ ဟိရိဩတပ္ပကို နားလည်တဲ့ မိတ်ဆွေသင်္ဂဟ တိုးပွါးအောင် လုပ်နေတာ။ ကိုယ်လိုသာ လူတကာခံစားတတ်၊ တွေးတတ်ရင်ဖြင့် တော်လှန်ရေးကြီး ပြီးတာအောင်တာ ကြာလှပေါ့။
ဒီဟာကြီး ပြီးချိန်တန်လျက်သားနဲ့ လိပ်ခဲတည်းလည်း ရှိနေတာ ဘေးအိမ်ကလူကြီးစနက် လို့ ပြောခဲ့ဖူးသလို ကိုယ့်အိမ်လူတွေ နေနိုင်လွန်းလို့ လို့လည်း ပြောခဲ့ပါသေးတယ်။ အခုတခါ “နင်တို့ အလုပ်လုပ်တာမှ သောက်သုံးမကျတာကိုး။” လို့ ကိုယ်တို့ဘက်ကို မြားဦးလှည့်မယ် ဆိုလည်း လှည့်ပေါ့။ ဒါလည်း မှန်တာပဲဥစ္စာ။ အလုပ်ဆိုတာ အဖြေရလဒ်နဲ့ပဲ တိုင်းတာရတယ်။ သောက်သုံးမကျလို့ မပြီးသေးတာလေ။ သောက်သုံးကျရင် ပြီးနေတာ ကြာလှပေါ့။ အောင်ဇေယျတို့ တော်လှန်ရေးလုပ်တာ မြင်းရည်တက် ခြောက်ကျိပ်ရှစ်ယောက်နဲ့ ပွဲသိမ်းတယ်။ ကိုယ်တို့ကျမှ ပွဲမစည်တာ လူနည်းလို့ မဟုတ်ပါဘူး။ တကယ်မတိုက်ပဲ သက်သာခိုနေတဲ့သူတွေ၊ ဟန်ရေးပြပြီး စီးပွါးရှာတဲ့သူတွေ ရှိတာ ပါတာ အမှန်ပါပဲ။ တရွာလုံးမီးရှို့ခံရလို့၊ မိသားစုဆုံးရှုံးခဲ့ရလို့ PDF ထဲ ဝင်တဲ့သူနဲ့ လူမရှိလို့ ဆေးသမားတွေ စုဆောင်းရေးနဲ့ခေါ်လာတဲ့သူဟာ ဘာတူစရာ အကြောင်းရှိမှာလဲ။ စစ်တပ်ထဲမှာ ၂ မျိုးလုံးရှိတယ်လေ။ အနည်းအများပေါ် မူတည်ပြီး တိုက်ပွဲရလဒ်က ကွာသွားမှာ။ ခေါင်းဆောင်ပိုင်းမှာလည်း ရာထူးသက်သက်ယူထားပြီး တာဝန်မယူတဲ့ခေါင်းဆောင် တွေနဲ့ဆို ခရီးမပေါက်ဘူး။ အဲ့ဒါကြောင့် “သောက်သုံးမကျတဲ့သူတွေများရင် တော်လှန်ရေးကြီး တော်တော်နဲ့ မပြီးတော့ဘူး။” လို့ ပြောရင် ဘာနာစရာ အကြောင်းရှိမလဲ။ မှန်နေတာပဲဟာကို။ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ “ဟိုလူ သောက်သုံးမကျဘူး၊ ဒီလူသောက်သုံးမကျဘူး။” ထိုင်ပြောနေရင်ဖြင့် အဲ့ဒီသောက်သုံးမကျတဲ့သူတွေထဲ ကိုယ်ပါ ထိပ်ဆုံးက ပါရော။ ဒီလူတွေ ဘယ်လောက်ပဲ သောက်သုံးမကျပါစေ။ စစ်ကောင်စီဘက်ကရပ်တည်တဲ့သူတွေ၊ စစ်ဘိနပ်အောက်မှာ ပြားပြားမှောက်နေတဲ့သူတွေထက်တော့ သာတာပဲဟာကို။ နောက်အစိုးရအထိုင်ကျမှ ဆွေမျိုးစပ်ပြီး ဖျာလာခင်းမယ့်သူတွေထက်စာရင် တော်လှန်ရေးကာလမှာကတည်းက ကိုယ့်ဘက်မှာ အတူရှိခဲ့တယ်လေ။ ကြာတာ သူတို့ကြောင့်ချည့်တော့ မဟုတ်ပါဘူး။
တကယ်တော့ ဒီတော်လှန်ရေးဟာ လွှတ်တော် ခေါ်ပြီး အစိုးရသစ်ဖွဲ့မယ့်ရက်မှာ အာဏာထသိမ်းတဲ့ မင်းအောင်လှိုင်လက်ထက်မှ စဖြစ်လာတာ မို့လို့လား။ ပြန်စဉ်းစားကြည့်ရင် ၆၂ မှာ အာဏာသိမ်းတဲ့ နေဝင်းလက်ထက်ကတည်းက အကြိမ်ကြိမ်အခါခါ ကြိုးစားလာခဲ့သော်လည်း ဒီနေ့ရောက်မှ ဒီခရီးပေါက်လာတာ။ နေဝင်းကို ပြည်သူလက်မခံလို့ ဆင်းပေးရမယ့်အချိန်မှာ သူ့ဇာတ်ကိုသူမနိုင်တော့လို့ စောမောင်ကို အာဏာသိမ်းခိုင်းတယ်။ စောမောင်က ၉၀ ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာလွှဲပေးတော့မယ့်အချိန်မှာ သန်းရွှေက အာဏာထပ်သိမ်းပြီး သူတို့ပဲ ဆက်အုပ်ချုပ်တယ်။ သန်းရွှေ အရှင်ထွက်ထွက်ချင်လို့ စစ်သားတွေဘောင်းဘီချွတ်ပြီး အုပ်ချုပ်တဲ့ သိန်းစိန်အောက်မှာ ၅ နှစ်နေခဲ့ရတယ်။ သိန်းစိန်နောက်မှာက NLD အစိုးရနဲ့ ဒိုင်အာခီ အုပ်ချုပ်တယ်။ အရပ်သားအစိုးရလက်ထဲ တဖြည်းဖြည်းနဲ့ အာဏာလွှဲပေးရမယ်မြင်တဲ့အခါ မအလ က အာဏာထသိမ်းပြန်ရော။ ဘယ်လောက်ရုပ်ဆိုးလိုက်တဲ့ မြန်မာ့သမိုင်းကြောင်းလဲ။အခု ၃ နှစ်ကာလဟာ ၆၂ ကတည်းက အမြစ်တွယ်နေတဲ့ အာဏာရူးစစ်ဗိုလ်တွေ မျိုးပြုတ်အောင်တိုက်နေရတာဆိုတော့ ဒီလောက်တော့ ကြာမှာပဲ။ နိုင်ငံရေးလမ်းစဉ်တစ်ခုတည်းနဲ့ ကိုယ်တို့တိုင်းပြည်ရဲ့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာ ကိုယ်တွေလောက် ဘယ်သူကသိဦးမှာလဲ။ လူကြားကောင်းအောင် အသံကောင်းဟစ်နေတဲ့စကားတွေ နားမယောင်နိုင်ပါဘူး။
“လက်နက်ကိုင်တော်လှန်တော့လည်း မင်းတို့မနိုင်ပါဘူးကွာ။ ဦးနုတို့ နေးရှင်းဦးလောယုံတို့တုန်းကလည်း တောခိုပြီးစင်ပြိုင်အစိုးရဖွဲ့ဖူးပါတယ်။ အိန္ဒိယကရော၊ ထိုင်းကရော ကူပေးလျက်သားနဲ့တောင် အိုလို့သာ သေသွားတယ် မနိုင်ခဲ့ဘူး မဟုတ်လား။ ၈၈ တုန်းကတောခိုတဲ့ကောင်တွေရော ဘယ်ရောက်ပြီး ဘာဖြစ်ကုန်သလဲ မြင်တယ်မှလား။ မြန်မာပြည်မှာ စစ်တပ်ကိုဖယ်ထုတ်လို့ ဘယ်တော့မှ ရမှာ မဟုတ်ဘူး။ စစ်တပ်မပါပဲ အုပ်ချုပ်လို့ မင်းတို့ ဘာမှ လုပ်တတ်မှာ မဟုတ်ဘူး။” ဒါကတော့ စစ်တပ်ဘက်ကလူတွေ လက်ကိုင်ထားတဲ့ Gen Lee’s thought ပါ။ အခုတခါမှာတော့ အခြေအနေတွေ မတူတော့ဘူး ဆိုတာ အားလုံးကိုယ်တွေ့မျက်မြင်ပါပဲ။ စစ်တပ်မပါပဲ အုပ်ချုပ်တာနဲ့ ပြည်သူမပါပဲ အုပ်ချုပ်တာ ဘယ်ဟာက မဖြစ်နိုင်ဘူးလဲဆိုတာ သိကြပြီလား။ မသိသေးလဲ သိအောင် လက်တွေ့ပြပေးရုံ ရှိတော့တာပဲ။ သန်းခေါင်စာရင်းကောက်တဲ့ data တွေဟာ တရုတ်ကြီးရဲ့ data base ထဲကို တိုက်ရိုက်ဝင်တယ် ဆိုရင် ရုပ်ပျက်ဆင်းပျက် ဖန်တီးထားတဲ့စာရင်းလိမ်ပေါ်မှာတောင် စကစလွှမ်းခြုံနိုင်မှုအောက်မှာ လူ ဘယ်နှစ်ယောက်ပဲ ကျန်တော့သလဲဆိုတာ သိသာမြင်သာပါလိမ့်မယ်။
စစ်တပ်ကပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတာ ဖုန်ကျားရှင်လည်း ယူဖူးတယ်။ အောင်ခမ်းထီလည်း ယူဖူးတယ်။ ဆခုန်တိမ့်ယိန်းလည်း ယူဖူးတယ်။ ၂ တုံး နဲ့ ၁ ပိုင်းကုန်တာတောင် ကိုယ်စားတာ ဘာမှန်းမသိဘူးလား။ နောက်ဆုံးတော့ လော်စစ်ဟန်တို့၊ ခွန်ဆာတို့၊ နေဝင်းထွန်းတို့လို စစ်ဘိနပ်အောက်မှာ ပိုက်ဆံရှာရင်း အစွယ်တွေကျိုးကုန်ရတာပဲ။ ဘယ်သူကမှ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းရင်းသား ကောင်းစားဖို့ ခေါင်းထဲမရှိတော့ဘူး။ ဖရဲသီးစိပ် စိပ်သလို တစ်စိပ်စီဝေလိုက်တာ ရှမ်းပြည်နယ်ဆိုတာ တော်လှန်ရေးကာလအတွင်းမှာတောင် ခေါင်းထောင်မလာတော့ဘူး။ ကိုးကန့်အောက်၊ ပလောင်အောက်၊ ဓနုအောက်၊ ဝအောက်ကို ရောက်ကုန်တာပဲ။ ပြည်သူ့စစ်ဆိုပြီး စကစ နဲ့ပေါင်းရင် ပျူစောထီးတပ်နဲ့ တတန်းတည်းဆင်းထိုင်တဲ့သဘောဗျ။ စကစပြိုရင် ဘယ်လိုဆက်ရပ်တည်မှာလဲ။ စကစ မပြိုအောင် ကျားကန်ပေးရင်ကော။ ကချင်မှာတော့ အထူးဒေသ (၁) က KIA အောက် ပြန်ရောက်သွားပြီ။ အမှန်မှာတော့ ဘယ်သူ့လက်အောက်မှာနေရင် ပိုင်ဆိုင်မှုတွေ ကို ကာကွယ်နိုင်မလဲပဲ စဉ်းစားတယ် ထင်ပါတယ်။ အဲ့ဒီဒေသဟာ မြေရှားသတ္ထုတွေထွက်လို့ အဆက်အသွယ်ရှာပြီး ရောင်းစားနေတာ ကြာလှပြီ။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ စကစအောက်မှာ မရှိတော့ဘူး။ ဖားကန့်၊ မိုးကုတ်၊ ဆယ်ဇင်း၊ ကောလင်း၊ ရွှေတွေကျောက်တွေ ထွက်တဲ့နေရာတွေလည်း လွတ်မြောက်နယ်မြေထဲ ပါကုန်ပြီ။ MOGE က ဝင်ငွေတွေက အပိတ်ခံထားရတယ်။ သူတို့မှာ ပိုက်ဆံရှာစရာဆိုလို့ ပြည်တွင်းက ခရိုနီတွေဆီ လည်ပင်းညှစ်ဖို့ပဲ ကျန်တော့တယ်။ လူလည်ကြီး ဦးတေဇကတော့ သူ့ခြံကြီး အသိမ်းခံရမှာစိုးလို့ ”ချန်ယောင်မြီ” ဆိုင်းဘုတ်မတင်ပဲ လက်သိပ်ထိုးရောင်းသွားပြီ။ ပြေးတဲ့ဘဝမှာ လူတောင်အပြင်ရောက်နေပြီးသား ခွါမရလို့ ကျန်ခဲ့တဲ့ မြေကြီးတွေကို ရွှေချက်ယူတာ။ သူ့ဆီကဝယ်တာကလည်း ဆခုန်တိမ့်ယိန်းတို့ သားအဖ လို့ပြောတာပဲ။ ရန်ကုန်ကို ထွက်ပြေးမလို့ အထုပ်ရွှေ့တဲ့သဘောပေါ့။ ပစ္စည်းသင်္ခါရ လူသင်္ခါရပါလေ။ သေရင် သယ်သွားနိုင်တာလိုက်လို့။ ဒါကြီးတွေသယ်ပြီး ဘယ်ရောက်နိုင်မယ် ထင်လို့လဲ။ “ရွှေရှာတာ မဟုတ်ဘူး။ ငွေရှာတာ မဟုတ်ဘူး။ ပြေးပေါက်ရှာတာပါ ကိုကိုရယ်။” ဆိုတဲအချိန် ရောက်လာပြီလား။
ကိုယ်ဆယ်ဇင်းရောက်စတုန်းက ရောက်ရောက်ချင်းပဲ စခန်းမှူးကြီးက အိမ်ရှေ့ကားရပ်ပြီး လာကြည့်တယ်။ စရဖ က သတင်းပေးတစ်ကောင်လွှတ်ပြီး “နံမည်လေး ဘယ်လိုပါလဲ။” မသိသလိုမေးတယ်။ စစ်တပ်က ဗွီးတွေ တပ်ထဲအလည်ခေါ်ရင် မလိုက်ရဲဘူး။ တာမခန်ဆေးရုံမှာ သွားခွဲရင် တပ်ရင်းမှူးကြီး မကြိုက်လို့ နောက်တစ်ခါ မခေါ်တော့ဘူး။ ဖားကန့်သွားရင် ဆိုင်ကယ်တစ်စီး ရှေ့ကလွှတ်ပြီး “ရှင်းလား။ ရှင်းလား။” ရှင်းမှ ထွက်၊ မရှင်းရင် ကွင်းလမ်းက ပတ်သွားရတယ်။ အခု အဲ့ဒါတွေအားလုံး တစ်ခုမှ မရှိတော့ဘူး။ ပြောင်းပြန်လှန်ပလိုက်ပြီ။ လွတ်လပ်သော ကချင်ပြည်နယ်ကြီးဖြစ်ဖို့ သံလမ်းရိုးပေါ်က မြို့ကလေးတွေသာ ကျန်တော့တယ်။ ဘာမှမဝေးဘူး။ အနီးလေးရယ်။ ဆင်ပြောင်ကြီး အမြီးကျမှတော့ တစ်စရာအကြောင်းမရှိပါဘူး။ ဘယ်စခန်းမှ ပြန်မပါသွားသေးဘူး။ တစ်ခုပြီးတစ်ခု ဆက်သိမ်းနေဆဲပဲ။ နောက်ထပ်လည်း သိမ်းဦးမှာ။
အရင်ကတည်းက တစိုက်မတ်မတ် လုပ်ခဲ့လို့ ကိုယ့်ဘက်က တိုးတက်ပြောင်းလဲမှုတွေ နေရာတိုင်းမှာ ရှိလာတယ်။ အခုလက်ရှိ မရပ်မနား ကြိုးစားနေတဲ့အတွက် တနေ့တခြား ရုပ်လုံးပေါ်လာတဲ့ အဖြေရလဒ်တွေလည်း လူတိုင်းတွေ့နိုင်တယ်။ တစ်လှမ်းပြီးတစ်လှမ်း ရှေ့ဆက်သွားမယ့် စစ်ရေးရည်မှန်းချက် အစီအစဉ်တွေလည်း ကိုယ်တို့မှာ ရှိတယ်။ အနှစ် ၇၀ ကျော် အဖြေမထွက်ခဲ့တဲ့ အရှုပ်ထုပ်ကြီးကို ကိုယ်တို့လက်ထက်မှာ အပြတ်ရှင်းနိုင်တော့မယ်လေ။ ကြာချင်သလောက်ကြာပေ့စေ။ အဖြေရလဒ်က ကြေနပ်လောက်စရာရှိပါတယ်။ နောက် ဒါမျိုး ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး ဆိုတဲ့အဖြေကို လိုချင်တာ မဟုတ်လား။ တို့မျိုးဆက်မှာ အလူးအလဲ ခံစားခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေကို နောက်မျိုးဆက်တွေမှာ မရှိစေချင်တော့ဘူး။ တော်လှန်ရေးဟာ တော်လှန်ရေးပဲ ဖြစ်ရမယ်။ နန်းလုတာ၊ ပုန်ကန်ခြားနားတာ မဟုတ်ဘူး။ “သေမြေကြီး ရှင်ရွှေထီး” ဆို ကိုယ်ကောင်းစားဖို့ စွန့်စားတာ မပါဘူး။ “I have a dream.” လေ။ ဘယ်လိုအိပ်မက်မျိုးဖြစ်မလဲ။ ပြောနေစရာ လိုသေးလို့လား။
“လေပြေလေညှင်း ဆော်သွေးရိုက်ချီ
တရွေ့ရွေ့ မိုးငွေ့ဆောင်ခဲ့ပြီ။
သော်တာယုန်ပေါ် ကျော်ကာပြေးတော့
ရေးရေးရုပ်သွင် မှုန်လို့ရီ…”