“မိုးမြင့်ဝဠာဗွေဦးမှာ
တိမ်တိုက်တွေကြား ပြေးသွားရွေ့လျား
ဖိုးရွှေလရယ်သာ
ငွေကြယ်လေးများ ဝင်းလက်ကြည်စွာ
တစ်ခုသောညဉ့်ယံမှာ….”
ဘာတွေမျှော်လင့်နေတာလဲ။ လေယာဉ်လာပြီ။ ကျင်းထဲဆင်းရမှာ မဟုတ်လား။ ကြောက်တဲ့စိတ် တစက်မှ မရှိပေမယ့် ရန်ဘေးကင်းအောင် တိမ်းရှောင်တတ်တဲ့စရိုက်နဲ့ ကိုယ့်ကိုယ်ကိုယ်တော့ အန္တရာယ်ကင်းအောင် နေရမှာပဲ။ စစ်တိုက်တယ်ဆိုတာ သူသေကိုယ်ရှင်ဖြစ်ဖို့လိုတဲ့ ဥစ္စာကိုး။ ကိုယ်တွေက PDF တွေကို ဆေးကုတဲ့၊ စာသင်တဲ့ဆေးရုံမို့ ကိုယ်တို့ဆီကို လေယာဉ်ပျံနဲ့ ဗုံးလာကျဲချင်တယ်ဆို လာခဲ့စမ်းပါ။ ကိုယ့်ဘာသာ လွတ်အောင်ရှောင်မှာပေါ့။ စစ်သား စစ်သားချင်း မဟုတ်တောင် ယောက်ကျားယောက်ကျားချင်းပဲ။ ဘာတွေ သွေးကြောင်စရာ လိုမလဲ။ ဒါပေမယ့် ဘာမှမဆိုင်တဲ့ ကလေးငယ်လေးတွေရှိရာ စာသင်ကျောင်းထဲကိုတော့ ဗုံးလိုက် မချသင့်ပါဘူး။ အောက်တန်းကျလိုက်တာ။ ယောက်ကျားလည်း မပီသ။ စစ်သားလည်း မပီသ။ ကလေးတွေ သက်ကြီးရွယ်အိုတွေဆို သတ်ပစ်မယ်။ မိန်းကလေးတွေဆို မုဒိန်းကျင့်မယ်။ ရွယ်တူယောက်ကျားချင််း လက်နက်ကိုယ်စီနဲ့တွေ့ရင် အလံဖြူထောင်မယ် ဆိုတဲ့ကောင်တွေ။ ကမ္ဘာပေါ်မှာ ဒီလောက်အောက်တန်းကျတဲ့ စစ်သား တခြားဘယ်နိုင်ငံမှာမှ မရှိဘူး။ မရှက်တဲ့ဘဝမှာ ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်ရမှာကို မရှက်တော့တဲ့သူတွေ။ သန်းခေါင်စာရင်းကောက်မလို့ ဟုတ်စ။ ဘယ်နှစ်အိမ်ကောက်လို့ရခဲ့သလဲ ပြောစမ်းပါဦး။ အုပ်ကြီးတွေတောင် မလိုက်ရဲလို့ ကျောင်းဆရာမတွေ ဓါးစာခံထားပြီး သူတို့သိချင်တာတွေ လိုက်မေးခိုင်းနေတာ။ ဒီဘက်မှာဆို ဘာမေးခွန်းမှ မမေးတော့ဘူး။ အရပ်လူကြီးက အိမ်ရှေ့ရပ်ပြီး သူသိတဲ့ လူအရေအတွက် စာရင်းရေးချပြီး ကောက်သတဲ့။ ရှိချင်ရှိ၊ မရှိချင်နေ။ စာရင်းဖြည့်ပြီး ပြန်ပေးလိုက်။ ပြီးတာကို။
ကချင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ချင်ရင် မိုးညှင်း၊ ဟိုပင်၊ နမ္မတီး၊ မိုးကောင်း၊ မြစ်ကြီးနား။ အဲ့ဒီ ၅ မြိို့မှာပဲ ရပ်ကွက်စုံအောင် လိုက်ကောက်ချေပါဦး။ စစ်အုပ်ချုပ်ရေးရှိတဲ့မြို့က အဲ့ဒါပဲ ကျန်တော့တယ်။ ကျန်တာတွေက စစ်တပ်ရှိရင်တောင် တပ်ပြင်မထွက်ရဲတော့တဲ့ အနေအထား။ စစ်ကြောင်းနဲ့မှ အသွားအလာ လုပ်ဝံ့တာ။ သန်းခေါင်စာရင်းကောက်မယ့်အိမ်မှာ လူရော ရှိလို့လား။ ဆခုံတိန့်ယိန်း နဲ့ ခက်ထိန်နန်တောင် ထွက်ပြေးနေကြပြီ။ ရန်ကုန်၊ မန်းလေး၊ နေပြည်တော်၊ ၃ မြို့နဲ့ ပြည်လုံးကျွတ်စာရင်းပြမလို့ ထင်ပါတယ်။ မိတ္ထီလာ နဲ့ ပြင်ဦးလွင်လို စစ်တပ်အခြေစိုက် မြို့ကြီးတွေတောင် မသေချာတော့ဘူး။ ဒါပေမယ့် ရသမျှကောက်၊ ဆပွါးကိန်းနဲ့မြှောက်ပြီး စာရင်းတွေတော့တက်လာမှာပါ။ ၂၀၀၈ ခြေ/ဥ တုန်းကလည်း ၉၈% တောင် ထောက်ခံတယ် လို့ စာရင်းပြတာပဲဟာ။ ကျားဖြန့်တွေ လိမ်တာလောက် တော့ မြန်မာစစ်ဗိုလ်တွေ အိပ််နေသလောက်ပဲ ရှိတယ်။ မအေမိဘ သန္ဓေမမှန်တော့ အူဝဲမငိုခင်ကတည်းက ချက်ကြီုးလိမ်ပြီး ထွက်လာတာ။ အခုမှ လိမ်တာမှတ်မနေနဲ့။
တရုတ်က ဘယ်လိုပဲ ဖိအားပေးသည်ဖြစ်စေ၊ တရုတ်နယ်စပ်မျဉ်းတလျှောက်က မြို့တွေရွာတွေအားလုံး ချီဗွေ၊ ဆော့လော်က စလို့ စကစလက်အောက်မှာ တစ်ခုမှ မရှိတော့ဘူး။ မူဆယ်တစ်မြို့ပဲ တရုတ်မဘောင်းဘီခြုံနေလို့ စကစလက်ကျန်တွေ မရှင်းရသေးတာ။ တရုတ်မြန်မာနယ်စပ်ကို အေးချမ်းစေချင် စကစကို အညှာကိုင်လို့ ရနိုင် မရနိုင် ဒီလောက်တောင်ပဲ မစဉ်းစားတတ်ဘူးလား။ မင်းအောင်လှိုင် ကိုယ်တိုင် တရုတ်ကျူးကျော်စစ်ပါလို့ တဖွဖွ အော်နေရင်းကနေ “NUG ကို အမေရိကန်အစိုးရက ထောက်ပံ့နေလို့ တရုတ်ကြီးကသာ မိတ်ဆွေစစ်ဖြစ်ပါတယ်။ ကယ်တော်မူပါဦး။” ဆိုတဲ့ မျက်နှာနှစ်ဘက်နဲ့ ပလောင်းပလဲ ပြောတတ်သူတွေကို ယုံစရာလား။ ERO တွေက တရုတ်ဩဇာကို တောင့်ခံရင်ဆိုင်နေရပြီး စကစ ကတော့ ERO တွေကို မနိုင်လို့ တရုတ်ခြေသလုံး ပြေးဖက်နေရတဲ့အဖြစ်ပါ။
အရင်တုန်းက တရုတ်နယ်စပ်မှာ ရှိတဲ့မြို့တွေဆိုတာ လမ်းတံတား မြို့ပြကအစ တရုတ်ပြည်မှာလို တည်တားပြီး တရုတ်မီး၊ တရုတ်ရေ၊ တရုတ်ငွေ၊ တရုတ်ဖုန်းနဲ့ တရုတ်စံတော်ချိန်အတိုင်း နေထိုင်စားသောက်ကြတာပါ။ အခု အဲ့ဒီမြို့တွေကို ဖြတ်လေးဖြတ်နဲ့ ပိတ်ဆို့ထားတာ စကစဘက်က မဟုတ်ပဲ တရုတ်ပြည်ထဲက ဖြစ်နေပါတယ်။ သူ့အတွက် အကျိုးအမြတ်အများကြီးရတဲ့ နယ်စပ်ကုန်သွယ်ရေးကိုတောင် အနာခံပြီး ပိတ်ထားခဲ့တာ ကြာလှပြီ။ လောင်စာဆီ၊ လက်နက်၊ ဆေးဝါးမပြောနဲ့။ ပါဝါဘန့်၊ ဓါတ်ခဲနဲ့ ဖုန်းအားသွင်းကြိုးတောင် ပေးမသွင်းတော့ဘူး။ နေ့ချင်းပြန်လက်မှတ် နဲ့ အလုပ်ဝင်လုပ်နေသူတွေကိုလည်း ပေးမဖြတ်တော့ဘူး။ အဝင်အထွက်ပိတ်ဆို့ပြီး စစ်အင်အားတွေ ချထားတာ အသေအချာပါ။ အရေးပေါ်အခြေအနေ ကြေငြာထားပြီး မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့သဘော ရှိပါတယ်။ စကစဘက်က လာအိုကနေတဆင့် တာချီလိတ်၊ ကျိုင်းတုံကို နယ်စပ်ကုန်သွယ်ရေးလမ်းသစ် ဖောက်မယ်ဆိုတဲ့စကားကိုလည်း ဟဟ ပေးထားပါတယ်။ မြန်မာနိုင်ငံအပေါ်ထားတဲ့ တရုတ်ပြည်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ လူလိမ်တွေ အယုံသွင်း ရောင်းစားလို့ရတဲ့ ကလေးကွက်တွေ မဟုတ်ပါဘူး။ သူလိုချင်တာ မရမချင်း လှည့်ပတ်လှော်မယ့်ပုံ ရှိတယ်။ ဘယ်သူက ဘယ်သူ့ကို ပလေးမလဲ။ အဖြေက ပေါ်လာပါလိမ့်မယ်။
တရုတ်ကြီးတွေ စိုးရိမ်ပူပန်နေသလို အမေရိကန်အစိုးရက NUG ကို လစဉ်ထောက်ပံ့ငွေတွေ ပေးနေသလား ဆိုတဲ့ မေးခွန်းကို ဘီဘီစီကပဲ သွားမေးပေးတယ်ဗျ။ ဟိုကတော့ “ဘယ်သူပြောသလဲ အဲ့ဒါ။ ငါတို့က မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ဆိုရင် အမြဲကူညီနေကျပဲ။ နောင်လည်းကူညီနေဦးမှာပဲ။” လို့ ဖြေပါတယ်။ ပေးတယ် မပေးဘူး ရေရေရာရာ မဖြေပဲ ပေးသလိုလို မပေးသလိုလို၊ ကိုယ်လိုရာ ကောက်ချက်ချလို့ရတဲ့ အဖြေမျိုးပါ။ တော်တော်လည်တဲ့လူကြီး။ ပေးတာ မပေးတာ အပထား။ သူက မြန်မာပြည်သူတွေကို စိတ်ကောင်း စေတနာကောင်းနဲ့ ကူညီနေတာ လို့ ဆိုတော့ စကစ ကို ကူညီနေတဲ့ တရုတ်ကြီးက စိတ်ပုတ်စိတ်ယုတ်ရှိပါပေတယ် လို့ အဓိပ္ပါယ်ရတယ်။ “မအလ ပြောပြီလေ။” ဆိုတဲ့စကားနဲ့ ချည်ပြီးတုတ်ပြီး သွားရိုက်တာ။ ဟိုက အသာလေး ရှောင်ထွက်သွားပြီး နဖူးထုံးတို့လွှတ်လိုက်တယ်။ တစ်မှတ်။
ကိုဘိုင်ဒင်တို့ တစ်မှတ်တက်ချိန်မှာ တာ့ကောကြီးက အမှားတစ်ကွက်နင်းပြီး အနှုတ်တစ် ပြန်ပြသွားတာကတော့ မြန်မာနောင်းကနေ တိန့်ရှီကျွင်းကြီး ကိုးကန့်တွေ ဝတွေကို သဟောက်သဟာလုပ်တဲ့ လျှို့ဝှက်အစည်းအဝေးမှတ်တမ်းကြီး ထွက်လာတာပါပဲ။ မပြောသင့်တဲ့စကားတွေ အလွန်အကျွံ လွတ်ထွက်သွားတာကြောင့် “မဟုတ်ရပါဘူး။” ပြောင်ငြင်းရုံအပြင် မရှိတော့ပါဘူး။ ဖာရထေးရ ဖုံးရဖိရ လိမ်ညာရဦးမှာ မဟုတ်လား။ စိုင်းစိုင်းခမ်းလှိုင်သီချင်းထဲက ခင်လေးဆွေကြီးလို “မမ။ ကျမကလေ သူများမကောင်းကြောင်းဆိုရင် ဘယ်တုန်းကမှ မပြောတတ်တဲ့မိန်းမ။” လို့ ခေါင်းခါခါ လည်ခါခါ အစချီပြီးမှ အားရပါးရအတင်းတုပ်တဲ့ ပေါက်ဖော်ကြီးပေါ့နော်။ “ဒေါ်အောင်ဆန်းစုကြည်တို့ ၊ NLD တို့ဆိုတာ ဘယ်တော့မှ စစ်တပ်ကို အစားထိုးနိုင်မှာ မဟုတ်ဘူး။” တဲ့။ “လားရှိုးက အခုပြန်ဆုတ်ရင်ဆုတ်၊ မဆုတ်ရင် ဖုန်အိမ်ကလည်း တရုတ်ကချေမှုန်းပစ်လိုက်တဲ့ ကိုးကန့်ခေါင်းဆောင် အိမ်လေးအိမ်လို အစပျောက်သွားအောင်လုပ်မယ်” တဲ့။ ဝတွေကလည်း တရုတ်ဘက်ကပိတ်ဆို့ထားတဲ့ ကိုးကန့်တွေ တအာင်းတွေဆီကို ဘာပစ္စည်းမှ ပေးမဖြတ်ရဘူးတဲ့။ ပြောစကား နားမထောင်ရင် သူတို့ပေးထားတဲ့ အထောက်အပံ့အကူအညီတွေ အကုန်ရပ်ပစ်မှာတဲ့။ အံ့ဩပါရဲ့နော်။ တိန့်ရှီကျွင်းမို့သာ တော်တော့တယ်။ ဖာဂူဆန် လို့များ မှည့်ထားမိရင် ဘယ်လိုနေမယ် မသိ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထူးကိုယ်စားလှယ်ဆိုတဲ့ ရာထူးကြီးလည်း အားနာပါဦး။ သူများပြည်တွင်းရေးမို့ ဘယ်သူမှ မစွက်ဖက်ရဘူးဆို။ အဲ့ဒါ ဘာစကားတွေတုန်း။
ဝမ်ယိပါးပါး နေပြည်တော်က ပြန်သွားကတည်းက လားရှိုးကို ညတိုင်း လေယာဉ်နဲ့ ဗုံးကျဲနေတာ တစ်ရက်မှ မပျက်ဘူး။ အခု တရုတ်တွေ ရှိခိုးဦးတင်လုပ်နေကျ ကွမ်ရင်မယ်တော်ကြီးတောင် အဆော်ခံရပြီ။ ဘယ့်နှယ့်ရှိစ။ အဲ့ဒီတော့ ကိုးကန့်တွေက “အော်မီတော်ဖော်” ဆိုပြီး လောက်ကိုင်ပြန်သွားရမှာလား။ သွားလည်း စကစ က လားရှိုးဝင်ထိုင်ပြီး လောက်ကိုင်ကို အပြုတ်ဆော်မယ့် ဥစ္စာ။ ဒါလေးများ ဘာခက်တာမှတ်လို့ကွယ်။ ဗိုလ်ချုပ်ခင်ညွန့် သူ့သားသူ “အမွေပြတ်စွန့်လွှတ်တယ်” လို့ သတင်းစာထဲ ထည့်သလိုမျိုး “သားသားတို့လည်း NUG/PDF နဲ့ ဘယ်လိုမှ ပါတ်သက်ခြင်းမရှိပါဘူးနော်။” လို့ ကြေငြာချက် ထုတ်လိုက်လည်း ရတဲ့ဟာကို။ ထုတ်တောင် ထုတ်ပြီးနေပြီလေ။ ကြာလှပေါ့။ ကျန်တာကတော့ ကိုယ့်ချင်းကိုယ့်ချင်း ပြေလည်နေရင်ပြီးတာပဲ။ “မင်း နဲ့ တို့ နှစ်ယောက်အကြောင်းများ ရှင်းနေပြီ။ အောင်သွယ်တွေ မလိုဒေါဘီ။” ဆို ပလစ်ပလိုက်လို့ ရတယ်။ ကဲကွယ်။ ကိုးကန့်အဖွဲ့တွေ လားရှိုးက ထွက်ပြီး လောက်ကိုင်မှာ ပြန်နေရမယ်။ ဟုတ်စ။ ဒါများ လွယ်လွယ်လေး။ ဦးလွင်ကိုလတ် လက်ထဲကို အင့် ဆို ထိုးပေးလိုက်ပြီး “သားဟာ မှုတ်တော့ဝူး။ သူ့ဟာဖစ်တွားပီ။” ဆို လက်ကလေးခါပြလိုက်ရုံပဲ။ NUG ကတော့ လောက်ကိုင်ကို လေယာဉ်နဲ့ ဗုံးလာမကျဲတာ သေချာပါတယ်။
ကမ္ဘာမှာ ပါဝါပလေးချင်တဲ့ ဒိတ်ဒိတ်ကြဲနိုင်ငံကြီး ဖြစ်လျက်သားနဲ့ စကစ ကို နိုင်မြင်း လို့ သဘောထားပြီး ပုံအောပြီး လောင်းချင်တာ ဘာဖြစ်လို့လဲ ဟင်။ တွေးကြည့်ပါဦး။ အိုင်ကတော့ အဖြေကို တခါတည်း တန်းတွေ့ပါတယ်။ အဲ့ဒါ Chinese Version Gen Lee’s thought ခေါ်တယ်။ ဒီအဖိုးကြီးတွေ ဒိတ်အောက်သွားပြီ။ လူငယ်တွေရဲ့ Generation အသစ် ကို လျှော့တွက်ကြတယ်။ ဒီကောင်တွေ ငါတို့လောက် မသိပါ မတတ်ပါဘူး လို့ အထင်သေးကြတယ်။ အခု ကိုယ်တို့ဆီမှာက စကစ ကို NLD နဲ့ အစားထိုးနေတာ မဟုတ်ဘူး။ တိုင်းပြည်ကို သစ္စာဖောက်တဲ့ မအလ ခါးပိုက်ဆောင်တပ်ကို PDF လူငယ်တွေနဲ့ အစားထိုးနေတာ။ နှစ်ပေါင်း ၇၀ သက်တမ်းရှိတဲ့ စစ်တပ် institution တစ်ခုလုံးကို ၃ နှစ်သား PDF ကလေးတွေက အမြစ်ကဆွဲနှုတ်နေတာ။ ဘယ်နိုင်ငံခြားတိုင်းပြည်ရဲ့ အကူအညီမှ မပါလည်းပဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ ကိုယ့်အားကိုယ်ကိုး တိုက်နေတာ။ ဘယ်လိုအင်အားကြီးနိုင်ငံတွေက ဝင်ရောက်နှောက်ယှက်ပစေ၊ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ခရီးဆုံးထိလျှောက်နေတာ။ ကိုယ်တို့တော်လှန်ရေးကြီး အောင်သွားတဲ့အခါကျရင် အဲ့ဒါကို နမူနာယူပြီး ခများတို့တိုင်းပြည်က လူငယ်လူရွယ်တွေကလည်း ခများတို့လို အတွေးအခေါ်ဟောင်းနဲ့ တရုတ်အဘိုးကြီးတွေကို ဖယ်ထုတ်ပစ်ကြလိမ့်မယ်။ အဲ့ဒီတော့မှ မြန်မာပြည်က ကျောက်စိမ်းတွေ၊ သဘာဝဓါတ်ငွေ့တွေ၊ မြေရှားသတ္တုတွေတင်မကဘူး။ နွေဦးတော်လှန်ရေးကြီးကိုပါ တရုတ်ပြည်ထဲ ဆွဲသွင်းမိပါလား လို့ သဘောပေါက်လိမ့်မယ်။
သူတို့က မြန်မာတွေကို သိပ်အထင်သေးကြဟန် တူပါတယ်။ ရွေးကောက်ပွဲတုန်းကလည်း တရုတ်နိုင်ငံသား ကျုံယွမ် ကျော်မြင့်ကြီးကို ခပ်တည်တည်နဲ့ လွှတ်တော်ထဲမှာ နေရာအများဆုံးအတိုက်အခံပါတီဖြစ်ဖို့ ဓနအင်အားသုံးပြီး ဂျင်းထည့်ဖို့ လုပ်ခဲ့တယ်။ အဲ့ဒီတုန်းကလည်း မြန်မာနောင်းက ဖော်လို့ ပေါ်သွားတာပဲလေ။ အခုလည်း တရုတ်ကြီးဆီက လူကျွံဘောကို မြန်မာနောင်းကပဲ ဖမ်းပြလိုက်ပြန်ပြီဗျ။ ဘယ့်နှယ်ရှိစ။ လိမ်တယ်ဆိုတာ အလိမ်မပေါ်ခင် အချိန်အထိပဲ ဟောက်စားလုပ်လို့ ရတာနော်။ ကဲ ဘယ်လိုလဲ။ “ဘုရားပေးပေး ကျမ်းပေးပေးပါဗျာ။ ကျွန်တော် အဲ့လိုစကားမျိုးကို ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ စကားပြန်က ဘာသာပြန်တာများ လွဲသွားလို့လား။ (အမှန်တော့ သူတို့ချင်းက တရုတ်လိုပဲ ပြောတာ)။ ဒါမှမဟုတ်။ ခများတို့ပဲ နားကြားမှားလို့ များလား။ ငေါတို့ တရုတ်ပြည်ကြီးဟာလေ အိမ်နီးချင်းနိုင်ငံတွေကို တည်ငြိမ်အေးချမ်းပြီး မိတ်ကောင်းဆွေသဟာများဖြစ်ဖို့ပဲ အမြဲကြိုးစားနေတာပါနော်။” လို့ စာအရှည်ကြီးရေးပြီး တရုတ်သံရုံးရှေ့မှာ ကပ်ထားလိုက်ပါတော့ကွယ်။ မိတ္တူကတော့ ခများတို့မပေးလည်း သူတို့ဟာသူတို့ ဘာသာပြန်ပြီး Facebook ပေါ် ပြန်ရှဲကြပါလိမ့်မယ်။ ပြီးရင် စာအရှည်ကြီးတွေလည်း ရေးကြလိမ့်ဦးမပေါ့။ ဪ ကဲ။ စကားမှ မဆုံးသေးဘူး။ ဒီမှာ လာပြီစာအရှည်ကြီး။ ဖတ်ကြပါဦး အရပ်ကတို့။
“မေ့ဘဝ နဲ့ ငှက်ငယ်ကလေးမှာ
အဖြစ်ချင်းတူလှတာ။
ကိုယ်ချင်းစာစိတ်ထားများနဲ့
သနားမိတယ် အိုငှက်ငယ်ရာ။
တစ်နေ့တွေ့နိုး မျှော်ကိုးရင်းသာ
လက်ချိုးရင်းဖွေရှာ။
ရက်တွေများ ကုန်သွားသည့်တိုင်
မောင်ကတော့ ပေါ်မလာ။
နေ့စဉ်စောင့်စား မောင့်အားအမြဲသာ
မေ့ဘဝနဲ့ငှက်ငယ်လေးမှာ
ဘဝချင်းရယ်က ဆုံနိုင်ခဲလှတာ။”