ချန်ဂင်တို့စခန်း (၂၉၆)

“သုံးရွေ့လယ်ဝယ် ဆွေတော်မျိုးတော် မူးတော်မတ်တော် ရှေ့ထက်ဝယ်ကရတဲ့ မင်းသမီးအစုံရယ် သီချင်းကြီးမှ ဂုဏ်ထည်တယ်။” တဲ့။ ဟိုးရှေးရှေးတုန်းက နန်းတော်ထဲမှာ မင်း၊ မိဖုရားကို ခစားရတဲ့ ရံရွေပရိသတ် သုံးမျိုးသုံးစား ရှိတယ် လို့ ဆိုချင်တာနဲ့တူပါတယ်။ “ရွေသုံးရံခြယ် ကြာရိပ်လယ်မှာ” လို့လည်း ရေးကြတယ်လေ။ စိန်ချန်ဂင်ကလေးလည်း သုံးရွေ့လယ်မှာ ပတ်ချာလည်လှည့်ပြီး မမောနိုင်မပန်းနိုင် သီဆိုကပြနေရတာ ရက်တွေမနည်းတော့ပါဘူးကွယ်။ ဒီဘက်ဆေးရုံမှာခွဲလိုက်၊ ဟိုဘက်ဆေးရုံကို ပြေးလိုက်၊ သင်တန်းကျောင်းမှာ စာသင်လိုက်။ တစ်ရက်မှလည်း မနားရဘူး။ ဒီကြားထဲ ညဘက်တရေးနိုး စာထထရေးရတာနဲ့၊ လေယာဉ်လာလို့ ကျင်းထဲဆင်းရတာနဲ့။ ကိုယ်ဘယ်လောက် အိမ်မကပ်တယ် ကပ်တယ်၊ Loki တောင် ကိုယ့်ဆီ သိပ်မကပ်တော့ဘူး။ ကိုယ်တို့စစ္စတာကပဲ သူ့ကို ထမင်းမှန်မှန်ကျွေးနေတာမို့ စစ္စတာ့အခန်းမှာပဲ သွားအိပ်တော့တယ်။ မနက်လည်း လာမနှိုးတော့ဘူး။ “မောင်တို့ယောက်ကျားတွေရယ်” ဆိုတဲ့အထဲမယ် သူလည်းပါပါသဗျ။ အခု Sophie ကသာ ကိုယ်တို့အခန်းထဲ အိပ်တာ။ ဒင်းက စိန်ခြူးကြာညောင် လရောင်လင်းလင်း မလင်းလင်း ပြန်မလာပေါင်။ အမြဲလိုလို ထားခဲ့ပြီး ထွက်သွားတတ်တဲ့ ကိုယ့်နောက်ကိုလည်း အရင်လို မလိုက်တော့ဘူးရယ်။ အေးပါကွာ။ ငါတို့မှာ ချစ်ပရိယယ်ကို သိသလိုလိုနဲ့ ချစ်စရာ ကဗျာတစ်ပုဒ်အလား နှစ်သက် ယုံစားမိလို့လေ….အေ့ဟေ…. အေ့ဟေ။

ဆေးသင်တန်းက ကိုယ်တို့မှ မသွားရင် သင်ပေးမယ့်သူ မရှိဘူးလေ။ သူတို့လည်း ကိုယ်တွေသင်မယ် ဆိုလို့ တောကြီးမျက်မည်းထဲ ဒုက္ခခံပြီး လာတက်နေကြတာ။ အနေဆင်းရဲ အစားဆင်းရဲသနဲ့။ ဆီတို့ဟူးတောင် လက်နှေးရင် မမီလိုက်ဘူးတဲ့။ ကိုယ်ကပဲ မနေနိုင်လို့ ကုလားပဲတစ်အိပ်၊ အာလူးတစ်အိပ် ဝယ်ပြီး သွားပို့လိုက်တယ်။ ကြက်တွေဝက်တွေ ကိုယ်လည်း မပို့နိုင်ဘူး။ “ဒါ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အိပ်စိုက်ပြီး အပိုဆောင်း ကျွေးခိုင်းတာနော်။ သူတို့ကို ပုံမှန်ကျွေးရမယ့် ရာရှင်ကို မလျှော့ပါနဲ့။” လို့ သေသေချာချာကို သွားမှာထားသေးတယ်။ နေမကောင်းရင် ကုဖို့ဆေးလည်း ကိုယ်တို့ဆေးရုံကပဲ ပေးရတာ။ နေ့တိုင်းနေ့တိုင်း စာမသင်ခင် လူနာအရင်ကြည့်ပြီးမှ သင်ရတဲ့အဖြစ်။ ဒီတစ်ခါတော့ ကိုယ့်ဘာသာကိုယ် ထင်ရာမြင်ရာတွေ သင်နေသလို ဖြစ်မှာစိုးလို့ ကျန်းမာရေးဝန်ကြီးဌာနက သင်ရိုးညွှန်းတမ်း စာအုပ်တောင်းပြီး အဲ့ထဲကဟာတွေ မလွတ်အောင် သင်တယ်။ သင်ထောက်ကူပစ္စည်းတွေ မရသေးလည်းပဲ ရုပ်ပုံကားချပ်တွေနဲ့ ထပ်ခါထပ်ခါ ရှင်းပြပြီးသင်တယ်။

ကိုယ်လုပ်တဲ့အလုပ်တွေက အရမ်းများ ရှေ့ရောက်နေသလား မသိပါဘူး။ ဒီမှာ စာသင်တာပဲ ရက် ၂၀ ကျော်တော့မယ်။ စာသင်ပြီးပြန်အလာ ထမင်းမစားနိုင်ပဲ ခေါက်ဆွဲပြုတ်လေးတစ်ခွက်ချပြီး ဇွန်းတက်ရတယ်။ ကိုယ်တို့တတွေကို ဘာတွေ ဘယ်လို ကူညီနိုင်မလဲ ဆွေးနွေးအဖြေရှာကြရအောင် အစည်းအဝေးလုပ်ဖို့အတွက် အကြိုညှိနှိုင်း ဆွေးနွေးတာတဲ့။ ဟယ် အဲ့လိုကြီးလား ဟဲ့။ တကယ့်အစည်းအဝေးက နောက် ၂ လ လောက်မှ လုပ်မှာလေ။ စိန်ဗေဒါတို့ မမြရင်တို့ကို အလှူရက်သပ်ပြီး စရံချလို့ ရချင်ရမယ်။ ဆရာချန်ဂင်ကတော့ မရဘူးခင်ဗျ။ အဲ့ဒီရက်ထိအောင် ကိုယ်အသက်ရှည်မယ် လို့ ဘယ်သူ အာမခံနိုင်တာကျလို့။ လေယာဉ်သံက ညတိုင်းကြားနေရတဲ့ဟာကို။ စာသင်သွားနေမလား၊ ဟိုဘက်ဆေးရုံသွားစရာ ရှိမလား၊ ဒီမှာပဲ ခွဲခန်းဝင်နေရမလား၊ အဲ့လောက် အဝေးကြီး ကိုယ်လည်း ကြိုမပြောနိုင်တဲ့ကိစ္စ။ သူတို့အကူအညီ ဒီသင်တန်းကာလမှာ မမီနိုင်တော့ဘူး။ နောက်နှစ်ခါထိတော့ တော်လှန်ရေးကြီး အဓွန့်ရှည်လိမ့်မယ် မထင်။ တော်လှန်ရေးက အဲ့လောက် ရှည်တယ်ဆိုရင်လည်း ကိုယ့်အသက်က ရှည်စရာ အကြောင်းမရှိ။ “တို့လူလေးများ ဆိုသလေး” နဲ့ မိုးအလင်း ကနေတဲ့သူမှ မဟုတ်တာ။

အဝေးကွင်းတွေ ပတ်ကန်နေရလို့ အိမ်ကွင်းမှာလည်း အလစ်ဟင်းမခံနိုင် ပါဘူး။ ဟိုနေ့က အရေးပေါ် OT ဝင်ရတဲ့ gun shot wound ဟာ တစ်ကြိမ်နဲ့ ကိစ္စမပြတ်ဘူး။ X-ray ခန်းထဲမှာ ဓါတ်မှန်ရိုက်မလို့ ထူလိုက်တော့ သွေးတွေအိုင်ထွန်းသွားတဲ့အတွက် ခွဲခန်းထဲ ချက်ချင်းပို့ပြီး shock ကို revise လုပ်ရတယ်။ chest tube ထည့်ရတယ်။ ဒဏ်ရာက ညာဘက်နံစောင်းက ဝင်သွားတာ။ အဆုတ်ထိသလို အသည်းလည်း ထိလိမ့်မယ် လို့ ယူဆတယ်။ FAST scan မှာ ဗိုက်ထဲအိုင်နေတဲ့သွေး မတွေ့ပေမယ့် ဆီးပိုက် ထဲမှာ သွေးချင်းချင်းနီနေတော့ ကျောက်ကပ်ကိုလည်း ထိမှာပဲ။ အထဲမှာ သွေးဆက်ထွက်နေရင် လူနာသေလိမ့်မယ်။ သွေးပေါင်ပြန်တက်လာတာနဲ့ မေ့ဆေးပေးပြီး ဗိုက်ဖွင့်ကြတယ်။ ဗိုက်ထဲမှာ သွေးမတွေ့ဘူး။ ခဏတော့ ရင်အေးရပြီ။ အသည်းက အကောင်းအတိုင်းပဲ။ အူတွေမပေါက်ဘူး။ ဝမ်းခေါင်းထဲမှာ ကျည်ဆန်မတွေ့ဘူး။ အထဲမှာ တစုံတခုပေါက်ထားတဲ့ လက္ခဏာလည်း မရှိဘူး။ ဒါဆိုရင် ကျည်ဆန်က နောက်ကျောထဲမှာပဲ ရှိလိမ့်မယ် လို့ တွက်တယ်။ လူနာက သွေးပေါင်ပြန်တက်လာပြီ။ Heart rate လည်းကျလာပြီ။ ဆက်ပြီးသွေးထွက်မနေတာတော့အမှန်။ ဗိုက်ပိတ်ပြီး သေနတ်ဒဏ်ရာအတိုင်း လက်နှိုက်ပြီး ကျည်ဆန်ကို ရှာပြန်တယ်။ နံရိုးကို ထုတ်ချင်းဖောက်သွားတယ်။ လက်ညှိုးတဆုံးထိတော့ စမ်းလို့မမိဘူး။ နေပစေလေ။ အထဲကို မပေါက် ပြီးတာပဲ။ ကျည်ဆန်က နောက်မှထုတ်လည်းရတယ်။ လောလောဆယ် လူနာကောင်းနေပြီ။ အနိုင်နဲ့ ပိုင်းထားဦးမယ်။

နောက်နေ့မနက် စာသင်မသွားခင် လူနာအရင်ဝင်ကြည့်တော့ အားလုံး အိုကေ။ ခါးအောက်ပိုင်းတော့ လှုပ်လို့မရ၊ ထိလို့လည်း မသိဘူးတဲ့။ သေနတ်မှန်ပြီးကတည်းက အဲ့လိုဖြစ်သွားမှန်းသိပေမယ့် သူလည်း ဒီမနက်မှ ပြောနိုင်တာ။ ကိုယ်တို့လည်း မေ့ဆေးပေးတုန်းက ခြေဖဝါးလေးတွေ တုန်ဆင်းသွားလို့ အောက်ပိုင်းသေမှန်းမသိဘူး။ ခါးရိုးတော့ ကျည်ဆန်မှန်တာ သေချာတယ်။ ကျန်တာတော့ စောင့်ကြည့်ဦးမယ်လေ။ “ခါးရိုးဓါတ်မှန်ကို အတည့်တစ်ပုံ၊ ဘေးတိုက်တစ်ပုံ ရိုက်ထား။” လို့ မှာခဲ့ပြီး စာသွားသင်တယ်။ ဟိုမှာ သင်တန်းသားတွေက စောင့်နေကြပြီကော။

ညနေ ပြန်လာလာချင်း ဓါတ်မှန်တောင်းကြည့်တော့ ကျည်ဆန်က ညာဘက်မှာ မဟုတ်တော့ဘူး။ ဘယ်ဘက်ခြမ်းထဲ ရောက်နေပြီ။ ဘေးတိုက်ပုံမှာ ကျောရိုးအရှေ့ဘက်မှာ မြင်နေရတယ်။ မနေ့ကဗိုက်ထဲကို သေချာကြည့်ပေမယ့် ကျောနံရံကို ဖွင့်မရှာခဲ့ဘူး။ သွေးထွက်ရင် မတိတ်မှာစိုးလို့။ အဲ့ဒီအောက်မှာလည်း သွေးတွေအိုင်နေတာ မမြင်လို့ နောက်ကျောကပဲ ဖွင့်ရှာမယ် စိတ်ကူးတာ။ ရေချိုးနေရင်း စဉ်းစားတယ်။ မနက်ဖြန်ကျရင် ကိုယ့်ဆရာလေးတွေ စာသွားသင်ရမယ့်ရက်။ သဘက်ခါကျတော့ ဟိုဘက်ဆေးရုံမှာ တခြားဆရာဝန်တွေနဲ့ ချိန်းထားတဲ့ရက်။ ခဏလေး ဗိုက်ပြန်ဖွင့်ပြီး ရှာရုံပဲဥစ္စာ။ အခုပဲ ပြန်ဝင်ကြမယ်လေ။ vital sign တွေလည်း stable ဖြစ်တုန်းလေး။ သို့သော် ကျည်ဆန်ရှာမရ။ ကျောက်ကပ်နောက်မှာလည်း မရှိဘူး။ အစာအိမ် နောက်မှာလည်း မရှိဘူး။ ကျောနံရံကို လက်ကလေးနဲ့ နှိုက်နှိုက်စမ်း။ မတွေ့ဘူး။ Ultrasound probe လေးနဲ့ထောက်ရှာ။ မတွေ့ဘူး။ မဟုတ်သေးဘူးနော်။ ဗိုက်ထဲမှာ မရှိတာ သေချာတာမို့ ပြန်ပိတ်ခဲ့တယ်။ နောက်နေ့ကျ လေယာဉ်ဗုံးမှန်တဲ့လူနာ အစထုတ်ပြီးတဲ့နောက် ဒီလူနာကို ကျောထဲကနေ Ultrasound ထောက်ကြည့်တယ်။ ကျည်ဆန်မတွေ့ဘူး။ အပြင်မှ ထွက်မလာတဲ့ဟာ။ ဘယ်ရောက်သွားပါလိမ့်။ မနေနိုင်ဘူး။ ဓါတ်မှန်ပြန်ရိုက်ကြည့်တယ်။ တွေ့ပါပြီ။ အပေါ်ဘက်ကို ရောက်သွားတာ။ အစာအိမ်နောက်ဘက်လောက်မှာ။ အဲ့ဒီအတွင်းထဲဖွင့်ပြီး လိုက်ရှာတုန်းက မတွေ့ခဲ့ပါဘူး။ ကျည်ဆန်က ပြဿနာ မဟုတ်ပေမယ့် အောက်ပိုင်းသေတဲ့ပြဿနာက ရှိသေးတယ်လေ။ အချိန်မီ အသက်ကယ်တာ တဝက်ပဲ ပြန်ရသေးတယ်။ နောက်နေ့ ဇွန်းမီတင်ကျမှ ဆရာတွေနဲ့ပြပြီး တိုင်ပင်ဦးမယ်။ ဟိုဘက်ဇွန်းတက်လိုက် ဒီဘက်ဇွန်းတက်လိုက်နဲ့ လူလည်း မိုးယံဇွန်း ဖြစ်နေပြီ။ အင်တာဗျူးထားတဲ့စာတွေတောင် မပြန်နိုင်ဘူး။ “ဘာထူးသေးလဲ သူငယ်ချင်း” ဆိုတဲ့စာတွေဆို seen ပြသွားမှာစိုးလို့ ဖွင့်ကိုမဖတ်ဘူး။ ဒီကနေ့ ရိုက်နေသောစာသည် မနက်ဖြန်အတွက် စာသင်ရန် ဖြစ်သည် လို့သာ အောင့်မေ့ထားလိုက်။

မနက်ကျ စာသွားသင်ရဦးမှာ။ သုံးချက်စည်တော် ရိုက်ဆော်ညှင်းလည်း ဘဝင်စိတ်ကမကျလို့ အိပ်လို့မရ။ အဲ့ဒါနဲ့ ဖုန်းလေးတောက်တောက်ပြီး စာရေးနေတာ အဆုံးသတ်တောင် ရောက်တော့မယ်။ “သီချင်းကြီး မုန်းပေမယ့် စခန်းမကွာလှပါဘူး။ သုံးရွေလယ် နန်းဘမယာသနမှာလ နန်းကြာကြွ ဆောင်ဆောင်တွေဝယ် ဆောင်ဆောင်တွေဝယ်” တဲ့။ သွားဖန်များတော့လည်း ခရီးရောက်ပါသလေ။ သုံးနေရာပတ်ပြေးနေရင် အလုပ်သုံးခုပြီးတယ် မဟုတ်လား။ ဇူဇူလေးဆီက ဘောနပ်စ် ရဖို့အရေး ဖေ့စ်ဘုတ်ပေါ် လပ်လျားလပ်လျားနဲ့ သူခိုင်းသမျှ လိုက်လုပ်နေမယ့်အစား မြေပြင်မှာ လူကိုယ်တိုင် ဝင်ကနေတာ ပိုထိရောက်တာပေါ့။ ဆေးရုံကထွက်ရင် ဖုန်းတောင်ယူမသွားတော့ဘူး။ လိုင်းမှမမိတာ။ လက်ထဲ ရှုပ်ရုံရှိမယ်။ လူမှာ ကရိကထ အပိုဆာဒါးတွေ ဘာတစ်ခုမှ မရှိတော့ဘူး။ နာရီလည်း မပတ်တာကြာလို့ ရပ်နေပြီ။ အဝတ်အစားဆို ဝတ်ပြီးလျှော်လှမ်း၊ ခြောက်တာနဲ့ပြန်ဝတ်။ ခွဲခန်းထဲပဲဝင်ဝင်၊ စာပဲသင်သင်၊ ဒီအဝတ်တစ်စုံပဲ နေ့တိုင်းမြင်ရမယ်။ ဆင်တူချုပ်ထားလို့ မဟုတ်ဘူး။ အဲ့ဒါပဲ ပြန်ပြန် လျှော်ဝတ် နေတာ။ ဟိုးအရင် စာသင်ခဲ့ဖူးတဲ့ ဆရာလေး နဲ့ အခု ဆရာလေးနဲ့က တစ်ယောက်တည်းပါ လို့ ပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ အနေအစားမပျက်ချင်တာနဲ့ စစ်ဘိနပ်အောက်မှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး မာန်မချနိုင်လို့ ရောက်ရာဘဝမှာ S ထာကျအောင် နေထိုင်သူပါ။

ရေမကြီး၊ မီးမလောင်၊ စစ်မရှောင်ရသခိုက်ကလေးမှာ သုံး၍ပဲလည်လည်၊ လေး၍ပဲလည်လည်၊ လည်နိုင်ပတ်နိုင်တုန်းလေး အပြေးအလွှား ပတ်ချာလည် အလုပ်လုပ်နေနိုင်သေးတာ မင်္ဂလာတစ်ပါးပါပဲ။

ကျန်းမာသန်စွမ်း စိတ်ရွှင်လန်းလျက် ရှိပါတယ် ဆိုတဲ့ သက်သေလည်း ဖြစ်တယ်။ ကိုယ့်ဆီရောက်လာသမျှ လူနာတိုင်းကို ကျန်းမာအောင် ကုသပေးနိုင်တယ်။ ကိုယ်တာဝန်ယူထားတဲ့ ဆေးရုံဆေးခန်းလေးတွေကို ဆေးဝါးပစ္စည်း လိုလေသေးမရှိ ဖြည့်ဆည်းထောက်ပံ့နိုင်တယ်။ ကိုယ်စာသင်ပေးနေတဲ့ ဆေးတပ်သားကလေးတွေကို ရှေ့တန်းမှာ အားကိုးလောက်တဲ့ combat medics ကလေးတွေဖြစ်အောင် လေ့ကျင့်သင်ကြားပေးနေတယ်။ ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိရှိပေါ့။ အပတ်တကုပ် မနေမနား အားထုတ်လုပ်ကိုင်နေခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့် တော်လှန်ရေးခရီးကလည်း နီးသထက် နီးလာပြီ မဟုတ်လား။ ဒါကတော့ သေချာတယ်လေ။ ရက်သပ်ချင်သပ ဆိုရင်တော့ မန္တလေးသိန်းဇော် ဆိုင်းကို ငှါးထားနှင့်နော့။ အဲ့ခါကျမှ ဆိုပြမယ် အစအဆုံး သုံးရွေ့လယ် ကို။ အခုတော့ YouTube ထဲမှာပဲ ရှာနားထောင်နှင့်ဦးနော်။

“ဟိုတခါတုန်းဝယ် တီးတဲ့ ဗုံရှည်

ဆိုင်းတွေဝိုင်းတွေ မပေါ်သေးခင်

ပြောရဦးမယ် မြင်သေးတယ်

ရေအိုးကြီးလောက် ရှိပေလိမ့်မယ်

စဉ့်အိုးကြီးလောက် ရှိပေလိမ့်မယ်

ဗုံရှည်ကြီး လို့ ခေါ်ပါတယ်

တီးမှကွယ် နည်းကျတယ်

သပြေပန်းပင်ကို ဝိုင်းလို့ကကြတယ်

ဇာတ်သမားဟန်တွေ ပြချင်ပါသေးတယ်

ထမီစွန်တောင်ဆွဲလို့ ကကြတယ်

အရောင်တင်မခြယ်ပင်ကိုယ်လှပါတယ်”