ချန်ဂင်တို့စခန်း (၂၉၃)

ခုရက်ပိုင်း ဆေးရုံမှာ လူနာများလာပါတယ်။ ဟိုဘက်ဆေးရုံက မနိုင်တဲ့လူနာတွေနဲ့ elective operation လုပ်ရမယ့်လူနာတွေကို ဒီပဲ လွှဲစရာရှိတာကြောင့် physician နဲ့လည်း နေ့တိုင်းပြပြနေရသလို ခွဲခန်းကလည်း နေ့တိုင်းရှိလာပါတယ်။ ဒီက ဆရာဝန်မှာလည်း ခွဲလူနာကလေး တစ်နေ့တစ်ယောက်မှ မရှိရင် နေမထိထိုင်မသာမို့ ဒီနေ့ခွဲပြီးရင် မနက်ဖြန် ဘာခွဲစရာရှိသေးလဲ မျှော်နေတာလေ။ ကံကောင်းလွန်းတဲ့သူမို့ ရောဂါဝေဒနာနဲ့လူနာတွေချည့် ခွဲနေရတာ။ သူများတွေဆို ခုရက်ပိုင်း လေယာဉ်နဲ့ဗုံးကျဲခံရတဲ့ သွေးထွက်သံယိုလူနာတွေ နေ့မအား ညမအား ခွဲနေရတာ ရင်နာရလွန်းလို့ အရှင်လတ်လတ် ငရဲကျနေသလိုပဲ။ ကျိန်ဆဲစရာ စကားလုံးလည်း ရှာမရဘူး။ ကိုယ့်ဘက်က ကိုယ်လုပ်နိုင်တဲ့အလုပ်ကို အစွမ်းကုန် တိုးလုပ်ရုံပဲ ရှိတယ်။

ကိုယ်သင်ပေးရမယ့် ဆေးသင်တန်းကို သွားကြည့်တယ်။ စာသင်ဖို့ ပြင်ဆင်တယ်။ နေ့တိုင်း တောနင်းရတာတော့ သေလုအောင် ပင်ပန်းတယ်။ ဒါပေမယ့် မဖြစ်ဖြစ်အောင် သင်မှာပဲ။ သေချင်သေပစေ။ စစ်သားတွေကို တော်လှန်ဖို့အတွက်ဆို ဘာပဲလုပ်ရလုပ်ရ လုပ်မယ်။ တော်လှန်ရေးမပြီးခင် ကိုယ်သေသွားခဲ့ရင်တောင် ကိုယ်သင်ပေးထားတဲ့ ကိုယ့်တပည့်တွေက ဆက်တော်လှန်လိမ့်မယ်။ မနှစ်ကတုန်းက သင်ပေးထားတဲ့ကလေးတွေ အခု သုံးနေရပြီလေ။ အားကိုးရတဲ့ ယုံကြည်စိတ်ချရတဲ့ ဆေးတပ်သားလေးတွေပါ။ ဒီသင်တန်းပြီးရင် နောက်တစ်သုတ် ထွက်လာလိမ့်မယ်။ အနည်းဆုံးတော့ ရှေ့တန်းက ဒဏ်ရာရလူနာတွေကို ကိုယ့်ဆေးရုံနဲ့ မိမိရရ ချိတ်ဆက်ပြီး အချိန်မီ လွှဲပို့ပေးလို့ရတယ်။ ဆေးရုံက ရှေ့တန်းအထိ လူနာသွားလက်ခံလည်း အတူတူ အလုပ်တွဲလုပ််လို့ အဆင်ပြေတယ်။ အခု ကိုယ့်ဆေးရုံတွေက သူတို့ကို အားကိုးပြီး အဆင်ပြေပြေ လည်ပတ်နေတာ။

ဆေးရုံအလုပ်ဆိုတာ ဆရာဝန်၊ သူနာပြုနဲ့ချည့် မပြီးဘူးဆိုတာ လူနာများများနဲ့ ရေရှည် လည်ပတ်လာရတဲ့အခါ သိပါလိမ့်မယ်။ နေရာအနှံ့မှာ ကိုယ့်အတွက်ဆို မငြီးမငြူ ကူညီဖြည့်ဆည်းပေးနေတဲ့သူတွေ ရှိနေမှ ရတယ်။ ကားသမား၊ ကယ်ရီသမားကအစ ဆေးရုံပစ္စည်းကို လိုလိုလားလား လက်ခံပို့ဆောင်ပေးမှ လိုရာရောက်တယ်။ ပိတ်ဆို့မှု အဆင့်ဆင့်တိုင်းကို လက်တစ်လုံးခြား လွတ်အောင် ရှောင်ကာတိမ်းကာ သယ်ပေးနိုင်မှ ရတယ်။ တိုက်ရိုက် တုရူဆိုတာ ဘယ်အရာမှ မရောက်ဘူး။ သို့သော် နောက်ဆုံးတော့ အားလုံးကို စုံစုံစေ့စေ့ လက်ခံရရှိသည်ချည့်သာ။ ဒါဆိုရင် ကိုယ့်မှာ well functioning logistic networks ရှိတယ် ဆိုတာ သိလောက်ပါပြီ။

ဆေးကျောင်းတက်တုန်းက RIT က သူငယ်ချင်းတွေနဲ့ချည့် ပေါင်းမိပေမယ့် အလုပ်ထဲကိုရောက်တဲ့အခါ ဆေးရုံမှာ အင်ဂျင်နီယာတစ်ယောက် ရှိဖို့ လိုအပ်တယ် လို့ ဘယ်တုန်းကမှ မတွေးမိပါဘူး။ YGH ကိုရောက်တော့ Cardiac Ward ရဲ့အောက်မှာ ပြင်/ထိမ်း အင်ဂျင်နီယာ ဌာန လို့ တွေ့တဲ့အခါ အဲ့ဒီလူတွေ အလုပ်လုပ်တာ တစ်ခါမှလည်း မမြင်ဖူးဘူး လို့ အောင့်မေ့မိတယ်။ ဒါပေမယ့်လည်း ချန်ဂင်ဆေးရုံ စဆောက်တဲ့အခါ ကိုယ့်မှာ အင်ဂျင်နီယာပါလာတာ သိပ်ကို ကံကောင်းလွန်းလို့ပဲ ဆိုတာ နားလည်ရတယ်။ ခွဲခန်းကို လိုချင်သလို ပုံစံထုတ်လို့ရတယ်။ လိုချင်တဲ့ပုံစံအတိုင်း အလုပ်လုပ်လို့ရအောင် ဆောက်ယူခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ခွဲခန်းထဲမှာ အသုံးပြုတဲ့ စက်ပစ္စည်းပေါင်းများစွာကို အင်ဂျင်နီယာမပါပဲ ပြုပြင်ထိန်းသိမ်းလို့ မရမှန်း သဘောပေါက်လာတယ်။ ဆာဂျင်တစ်ယောက် ခွဲခန်းဝင်တာ အင်ဂျင်နီယာ ပါစရာမလိုဘူး လို့ ထင်ခဲ့ပေမယ့် အထဲက စက်ပစ္စည်းတွေ ကမောက်ကမဖြစ်လာရင် သူမပါပဲ အဆင်မပြေနိုင်တော့ဘူး။

ဒီနေ့ဆို Ca breast လူနာခွဲဖို့ လူနာက ခွဲခုံပေါ်မှာ မေ့ဆေးပေးမလို့ ပြင်နေပြီ။ Diathermy စက်က ရုတ်တရက်ပျက်သွားလို့ မခွဲရသေးပဲ postponed လုပ်လိုက်ရတယ်။ ဒီလိုပဲ မီးစက်က ဖောက်တဲ့အခါ ဖောက်တယ်။ မေ့ဆေးစက်က အဆင်မပြေတဲ့အခါ ရှိတယ်။ အဲ့ဒါတွေအားလုံး ဆရာဝန်တွေ၊ သူနာပြုတွေ တတ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ။ မနှစ်ကတုန်းကဆို ဓါတ်မှန်စက် ပျက်သွားလို့ တော်တော်ကို သောကပွေရသေးတယ် မဟုတ်လား။ သိတဲ့အတိုင်းပဲလေ။ ဆေးရုံမှာ အသုံးပြုတဲ့ စက်ပစ္စည်း အားလုံးလိုလိုက တရုတ်ကဝင်တာ။ တရုတ်ပစ္စည်းတို့ရဲ့ အစဉ်အလာအတိုင်း တစ်နှစ်ကျော်ကျော် ခိုင်းစားပြီးရင် တစ်ခုမဟုတ်တစ်ခု ဖောက်လာတော့တာပဲ။ သူ့ဘာသူ ပြင်လို့မရရင် ဗီဒီယိုကောတွေ အခါခါခေါ်ပြီး ဟိုကခိုင်းသလိုလိုက်ပြင်၊ YouTube ထဲက ဗီဒီယိုဖိုင်တွေ ရှာကြည့်ပြီး လိုက်ပြင်၊ အဲ့ဒါနဲ့မှ မရရင် ကုမ္ပဏီပြန်ပို့ပြီးပြင်။ ဒါမှမရလည်း အသစ်ထပ်ဝယ်ရုံပေါ့။ လူတောင် သေရသေးတဲ့ဟာ။ စက်လည်း ပျက်မှာပဲ။ ငါ့စက်ကြီးတွေပျက်သလို သူတို့လေယာဉ်ပျံတွေလည်း မကြာခဏ ပျက်ကြပါစေသော်။

မနှစ်တုန်းက အနန့်ပါမှာ စာသင်တဲ့အခါ တနေကုန် တစ်ယောက်တည်း မနက်ပိုင်း ၃ နာရီ ညနေပိုင်း ၂ နာရီ၊ ဆယ်ရက်ဆက်တိုက် အမုန်းဆွဲရလို့ ပြန်လာတော့ ကိုယ့်မှာ စကားပြောရင်တောင် အသံမထွက်ဘူး။ မနှဲလေး အသံနဲ့ လေဆက်ပြတ်နေတယ်။ ဒီနှစ်တော့ တစ်ယောက်တည်း ၆ လစာ သင်ရမယ်ဆိုရင် မနက်တပိုင်းလောက်ပဲ သင်နိုင်မှာ။ ညနေ တခြားလူနဲ့ အစားထိုးရလိမ့်မယ်။ ဟိုဘက်ဆေးရုံမှာ လာကူခွဲမယ့်သူတစ်ယောက်၊ သည်ဘက်ဆေးရုံမှာ လာကူသင်မယ့်သူ တစ်ယောက်လောက် ရရင်ကို အဆင်ပြေသွားမှာပါ။ မလာတော့လည်း ကိုယ့်ဟာကိုယ် လုပ်ရုံပေါ့။ လောလောဆယ် ပျက်သွားတဲ့ diathermy အတွက် အနီးအနားက ရလိုရငြား ကြံဖန်ကြည့်ဦးမယ်။

အလုပ်ရှိလို့ ဆေးရုံကထွက်မယ်ပြင်ရင် ခွဲလူနာကလည်း ရောက်လာတော့တာပါပဲ။ ခါတိုင်းဆိုရင်တော့ အူအတက် လောက်ဆို စိတ်ချလက်ချ ပေးခွဲနေကျပါ။ ဒီတစ်ခါမှာတော့ အစာအိမ်ရောဂါနဲ့ တက်တဲ့လူနာမို့ အူအတက် မဟုတ်ခဲ့ရင် သူတို့ လုပ်တတ်မှာ မဟုတ်ဘူး။ နောက်ပြီး diathermy ကလည်း မရှိလို့ သွေးထွက်ခဲ့ရင် အထိတ်တလန့်တွေ ဖြစ်နေမယ်။ ဒါကြောင့် ကိုယ်တိုင်ပဲ ဝင်ခွဲတယ်။ ဒါတောင်မှ မီးစက်က ပျက်သွားလို့ ဓါတ်မီးနဲ့ ခွဲခဲ့ရတယ်။ ခွဲခန်းလည်း အပြီး မီးစက်လည်း အကောင်း။ ဆေးရုံမှာ အင်ဂျင်နီယာရှိဖို့လိုတယ် လို့ ပြောတာ သဘောပေါက်ပြီ မှလား။ အမှန်တော့ အကုန်လုံးလိုပါတယ်။ မီးသမားရော၊ ရေသမားရော၊ လက်သမားဆရာရော၊ လမ်းပြင်လမ်းခင်းမယ့်သူရော၊ ဗုံးခိုကျင်းတူးပေးမယ့်သူရော။ မလိုတာ ဘာရှိမလဲ။ ဒါပေမယ့် အကုန်လုံး ပြည့်စုံတယ်လေ။ လိုလေသေး မရှိ။ ကိုယ့်ဆေးရုံလေးနဲ့ကိုယ် ဒူးလေးနှန့်ပြီး သီချင်းတအေးအေး ခွဲစိတ် နေလို့ ရတယ်။ သို့ပေမယ့် ရည်ရွယ်ချက်က အဲ့ဒါမဟုတ်ဘူးလေ။ ကျိုက်ထီးရိုးဘုရား တက်မယ့်သူဟာ ရေမြောင်ကြီးလောက်မှာတင် “ဒီနားလေးလည်း သာယာသားပဲ။ တော်ပြီ။ မောတယ်။ နေခဲ့မယ်။” လုပ်လို့ ဖြစ်မလား။ တော်လှန်ရေးခရီးကို ဆုံးအောင် မလျှောက်ပဲ ဆေးရုံကလေးထောင်ပြီး ကျေနပ်နေလို့ မဖြစ်သေးပါဘူး။

ဆေးသင်တန်းလာတက်တဲ့ကလေးတွေဟာ KIA တပ်သား၊ PDF စစ်သားလေးတွေတင် မကဘူး။ ကိုယ်တို့ဆေးရုံက သင်ပေးမှာဆိုလို့ အရပ်သား ကလေးတွေလည်း လာတက်ကြတယ်။ ဒီသင်တန်းမျိုး မန်းလေး၊ မြစ်ကြီးနား သွားတက်ရင် ပိုက်ဆံတွေ ကုန်သလောက် သုံးစားလို့လည်း မရဘူးလေ။ လူနာနဲ့မှ မထိတွေ့ရတာကိုး။ ကိုယ့်ဆီမှာတော့ အပ်ချမတ်ချ လုပ်ရင်းသင်၊ သင်ရင်းလုပ်ဆိုတော့ လုပ်တတ်ကိုင်တတ် ရှိကြတယ်။ အဲ့ဒါကြောင့် တက်ချင်တဲ့သူ မရှားဘူး။ သို့သော်လည်း အရပ်သား နဲ့ စစ်သင်တန်း နဖူးတွေ့ဒူးတွေ့ တွေ့တဲ့အခါ ဟန်းနီးမွန်းကာလများလိုတော့ သာယာချိုမြိန်နိုင်ပါ့မလား။ နာကျင်ကိုက်ခဲမှုများစွာနဲ့ အတုံးအရုံး နာကြဖျားကြတာပေါ့။ ခက်တာက ဆေးသင်တန်းဖွင့်ပြီး ဆေးပေးခန်းကလေးမှ မရှိ။ ပါရာစီတမောလေးတစ်ပြားတောင် ပေးစရာ မရှိ။ နေမကောင်းပါဘူးဆိုမှ ကိုယ့်ဆေးရုံလာပြရင် တောလမ်းခရီး တနာရီခွဲလောက် လမ်းလျှောက်လာရမှာ။ လမ်းမှာ ချောင်းကူးရမှာ ၁၁ ခါ။ “ဆေးခန်းလေးတစ်ခုတော့ စီစဉ်ထားမှပေါ့။” လို့ လည်း မပြောရဲပါဘူး။ “အကြံပေးသူ တာဝန်ယူ” ဆို ကိုယ့်ဘက်ပဲ ပြန်လှည့်လာမှာ။ ကိုယ့်ဆီလာပြတဲ့ ဆေးတပ်သားကလေးနဲ့ ဆေးတွေပဲ ထည့်ပေးလိုက်နိုင်တယ်။ ဒါတောင် သင်တန်းသားတွေကို B, C, R တွေစစ်၊ ရင်ဘတ်ဓါတ်မှန်ကလေး ရိုက်ပေးစေချင်သေးတာတဲ့။ သူတို့ဟာသူတို့ ဘာမှ မစီစဉ်ပဲ ပါးစပ်ကလေးစိုက်ပြီး အညွန့်လာလာခူးလို့ မကြည်ဖြူပေမယ့်လည်း နောက်တစ်နည်း ပြန်ပြန် စဉ်းစားမိလို့ စိတ်မဆိုးတော့ပါဘူး။ သူတို့လုပ်ရမယ့်အလုပ်တွေ ကိုယ့်လာလာ ခိုင်းစားနေတယ် လို့ မမြင်နဲ့လေ။ ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို သူတို့က ဝင်ကူလုပ်ပေးနေတယ် လို့ သဘောထားလိုက်။ အေးရော။ ဒီအချိန်မှာ ဘယ်သူမှ လာမကူဘူးဆိုတာ သေချာနေပြီပဲဟာ။ ကိုယ့်ကို ကူမယ့်သူ ကိုယ့်ဖာသာ သင်ကြား လေ့ကျင့်ယူတော့။ ဆေးကျောင်းဖွင့်ရင် နောက် ၆ နှစ်ကြာမှ သုံးစရာလူရမယ်။ ဆေးတပ်သားသင်တန်းဖွင့်တော့ နောက် ၆ လ ဆို နားကြပ်နဲ့ cuff နဲ့ပေးပြီး သွေးပေါင်ချိန်ခိုင်းလို့ရပြီ။ ဆရာဝန်တွေ သူနာပြုတွေအတွက် စိတ်ချရတဲ့ ကူဖော်လောင်ဖက် ရပြီ။ ရှေ့တန်းစစ်မြေပြင်မှာ ကိုယ့်ကိုယ်စား လူနာကောက်လို့ လွှဲလို့ ရပြီ။ ဒါကြောင့်မို့ ဒီလိုသင်တန်းမျိုး ဖွင့်သင့်တယ်။ ဖွင့်ချင်တယ်။ ကိုယ့်ချည့်ပဲဆို ဒီလို လူအများကြီး ထိန်းသိမ်းကျွေးမွေးထားနိုင်မှာ မဟုတ်ဘူး။ စာတောင် အနိုင်နိုင် သင်ရမှာ။ အခု သူတို့ ဝိုင်းကူလို့ ဒီအလုပ်ကို ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်တာ။ အံမယ်။ အဲ့လိုတွေးလိုက်တော့လည်း ခေါင်းထဲကို ပေါ့သွားသားပဲနော့။

တော်လှန်ရေးကာလအတွင်းမှာ

စိတ်အခန့်မသင့်စရာ၊ စိတ်အလိုမကျစရာတွေက ဒီလိုပဲ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ အာရုံမှာ အဖုအထစ် ဖြစ်စေတဲ့ ခလုတ်ကန်သင်းပဲဆိုပါတော့။ အရှိန်နဲ့ပြေးနေခိုက် ခလုတ်တိုက်မိရင် ချော်လဲတတ်တယ်။ ခရီးဖင့်တယ်။ အဲ့ဒါကြောင့် ကိစ္စတော်တော်များများကို လှစ်လျူရှုပြီး ဖြတ်သန်းရတာပေါ့။ မသိလို့တော့ ဘယ်ဟုတ်မလဲ။ အရေးမပါဘူး လို့ သဘောထားလိုက်တာ။ နို့မို့ဆို အဲ့လိုဟာတွေနဲ့ စိတ်ကုန်လာပြီး “တော်ပြီ။ ဆက်မလုပ်တော့ဘူး။” ဆို drop out ဖြစ်ပြီး ကျန်ခဲ့တတ်တယ်လေ။ ခရီးရှည်သလောက် စိတ်မရှည်ရင် အဆုံးထိ ဘယ်ရောက်မလဲ။ ရေမြောင်ကြီးမှာ ရပ်မနေခဲ့ပေမယ့် ရွှေရင်ဆို့ ရောက်မှ ဆက်မတက်ပဲ လက်လျှော့လိုက်ရင်လည်း ကျိုက်ထီးရိုး မရောက်ဘူးဗျ။ ခရီးက အဝေးကြီး ကျန်သေးတယ်။ မကောင်းတဲ့သူဖြစ်ဖြစ်၊ ကောင်းတဲ့သူဖြစ်ဖြစ်၊ သူ့စရိုက်၊ သူ့ခြေလှမ်းနဲ့ သူဦးတည်ရာ သူလှမ်းတာ။ ကိုယ့်ကိုယ်ကိုယ် ဘာလဲသိအောင်လုပ်ပြီး ခြေလှမ်းမမှားအောင်သာ ဂရုစိုက်ပါလေ။

ဒီကာလအတွင်းမှာ လူနာကောက်ပြီး ဆေးကုတဲ့အလုပ်ကို ကိုယ်တို့ကသာ လုပ်နိုင်တယ်။ သူ့တို့ဘက်မှာ ဒဏ်ရာရစစ်သားကို သယ်ရမှာစိုးလို့ သူတို့ကိုယ်တိုင် ပစ်သတ်ထားခဲ့တာ။ ဆုတ်ခွါရင်လည်း စစ်ဆေးရုံပေါ်ကလူနာကို ဒီအတိုင်း ပစ်ထားခဲ့တာ။ စစ်ဆရာဝန်တွေ ဆေးတပ်သားတွေကို ဆေးကုဖို့ မသုံးတော့ဘူးလေ။ အထည်ချုပ်သမတွေပါ စစ်ဝင်တိုက်နေရတဲ့ဟာကို။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို Airstrike လုပ်လို့ ကိုယ်တွေရင်နာရတယ်ဆိုတာ ရန်သူသတ်လို့ သေတာပါ။ သူတို့တပ်တွင်းမွင်းငါးတွေက ရဲဘော်ချင်း သတ်လို့၊ ကိုယ့်ခေါင်းဆောင်က ထိုးကျွေးသွားလို့ သေရတာလေ။ ပိုတောင် ရင်နာစရာ ကောင်းသေး။ ခံလိုက်ကြပေဦးကွာ။ အခုဆိုရင် ကိုယ်တို့ဘက်က ဆေးကုပေးရတဲ့အထဲမှာ လက်နက်ချစစ်သား၊ စစ်သုံ့ပန်း နဲ့ သူလျှိုတွေ ဒလန်တွေ ပါလာပြီ။ စေတနာ မရှိပေမယ့်၊ ဆေးတွေနှမျောပေမယ့် လူသားဆန်တဲ့စိတ် ဆိုတာ ဒီလိုမျိုးရှိတယ် လို့ တိရိစ္ဆာန်တပိုင်း အရိုင်အစိုင်းတွေ သိရအောင် နမူနာပြရဦးမှာပဲ။ Michelle Obama ပြောတဲ့ “When they go low, we go high.” ဆိုတာ အဲ့ဒါပါပဲ။

ဟိုးတစ်ခါတုန်းက ကိုယ်တို့ခွဲခန်းကို လုံခြုံစိတ်ချရတဲ့ နေရာရွှေ့ရတဲ့အခါ လူနာကောင်းကောင်းမနိုးခင် ထားဖို့ ခြံထောင့်က ဂိုထောင် အလွတ်ထဲမှာ ကုတင်လေးပြင်ပြီး အောက်ဆီဂျင်လေး စီစဉ်ရပါတယ်။ လူနာတင်တဲ့နေရာကို တန်းရွှေ့ဖို့ စိတ်မချရသေးတာမို့ နာရီပိုင်းလောက်စောင့်ကြည့်ရုံပါပဲ။ အမြဲလည်း မထားပါဘူး။ ဒါပေမယ့် တဲရှင်က ခါးခါးသည်းသည်း လက်မခံနိုင်လို့ အကုန်ပြန်ဖယ်ပေးရတယ်လေ။ ကိုယ်တို့ကို သင်္ချိုင်းကုန်းက ဇရပ်မှာ သွားခွဲပါလား လို့ အကြံကောင်းပေးတဲ့သူပေါ့။ အခု သူ့အိမ်ကလူ သစ်ပင်ပေါ်က ပြုတ်ကျလို့ အောက်ပိုင်းသေသွားတဲ့အခါ “ဘယ်လိုလဲ ကိုယ့်လူ။ အခုတော့ဘာတတ်နိုင်သေးလဲ။ တို့ဆေးရုံကိိုပဲ လာရတာပဲ မဟုတ်လား။ ညှင်းညှင်းညှင်း။” လို့ စကားနာ မထိုးနိုင်ပါဘူး။ သူက ဒီလိုလုပ်ထားလို့ ကိုယ်က သူ့အတိုင်း ပြန်လုပ်တယ်ဆိုတာ အတုန့်အလှည့် ရန်ကြွေးဆပ်တာပဲ ရှိတာ။ အနိုင်မယူနိုင်သေးဘူး။ “သူတို့ဘက်က ဘယ်လိုပဲရှိရှိ ကိုယ်တွေက သူတို့နဲ့မတူဘူး။ တခြားစီပဲ။” လို့ မြင်အောင်ပြနိုင်မှ အနိုင်ရတာ အမြတ်ထွက်တာ။ ဆေးရုံမှာ လုပ်နိုင်သမျှ အကုန်လုပ်ပေးထားတဲ့အပြင် ဇွန်းးမီတင်မှာ ဆရာသမားတွေနဲ့ အပြန်အလှန် တိုင်ပင်ဆွေးနွေးပြီး လိုင်ဆာရောက်အောင် လွှဲပို့ပေးလိုက်တယ်။ စာရွက်ပေါ် refer ရေးပြီး လွှတ်တာ မဟုတ်ဘူးနော်။ စစ်ပွဲတွေကြားမှာ အတားအဆီးတွေ ရှောင်လွှဲပြီး လမ်းကြောင်းနဲ့ လူနာသယ်ရတာမို့ အဆင့်ဆင့် ချိတ်ဆက်ပြီး အရောက်ပို့ရတာ။ “လမ်းမှာ ပိုက်ဆံကုန်သွားပြီ။ ဖုန်းလိုင်းတွေမမိလို့ အိမ်ကငွေလွှဲတာ မရဘူး။” ဆိုလည်း ကိုယ့်ဆေးရုံက ငွေလွှဲတဲ့အလုပ်ကိုပါ လုပ်ပေးရသေးတာ။ ဒီလိုမျိုး လုပ်ပေးနိုင်မှလည်း အိုးတိုးအမ်းတန်းဖြစ်နေတဲ့ အဲ့ဒီလူမျက်နှာကို ပြုံးပြုံးကြီး ကြည့်နေရတာ အရသာ ရှိတာ။ သူ့စိတ်ဓါတ်၊ သူ့လုပ်ရပ်က သူ့အပိုင်း။ ကိုယ့်စိတ်ဓါတ် ကိုယ့်လုပ်ရပ်က ကိုယ့်သမိုင်းလေ။ Facebook မှာ ဘုရားစာတွေ ရှယ်ပြီး “မြန်မာပြည်ကြီး အေးချမ်းပါစေ” စတေးတပ်စ်တွေ တင်နေရုံနဲ့ မေတ္တာရှင် သူတော်ကောင်းကြီး ဖြစ်မသွားဘူး။ အပြော က အပြော၊ အပြ က အပြ၊ အလုပ် က အလုပ်ပဲ။ မစစ်တဲ့သူသာ လိမ်ရညာရ ဖုံးရဖိတာ။ အစစ်အမှန်တွေက တမင်လုပ်ယူစရာ မလိုဘူး။

စစ်ရှုံးကောင်စီရဲ့ ရှုံးမဲမဲ၊ ညစ်တွန်းတွန်းပြီး ကြောက်ကန်ကန်တဲ့ အပြုအမူတွေဟာ ဘယ်လောက် စက်ဆုပ်ရွံရှာဖွယ် ကောင်းသလဲ အားလုံး ကိုယ်တွေ့ မျက်မြင် ပါ။ “သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူး။ အကုန်လုံးကို မမေ့မလျော့ ပြန်တောင်းရမယ်။” ဆိုတာ မှန်ပေမယ့် သူ အောက်တန်းကျလို့ ကိုယ်တွေလည်း အောက်တန်းကျကျပဲ ဆို တတန်းတည်း ဆင်းထိုင်လို့တော့ မဖြစ်သေးဘူး။ အဲ့ကောင်တွေက ချေးထုပ်တွေ။ အရမ်းရွံဖို့ကောင်းတယ်။ မနင်းမိအောင် ရှောင်။ “When they go low, we go high.” နဲ့ပဲ ကိုယ့်လမ်းကိုယ် သွားကြမယ်။ ကြော့ကြော့မော့မော့ ပန်းဝင်တဲ့အချိန်မှာ ကြွားကြွားဝင့်ဝင့် တင့်တင့်တယ်တယ် ရှိနေဖို့ အရေးကြီးတယ်။ ဘိန်းစား၊ ဖျာခေါင်းတွေချည့် ဝန်းရံထောက်ခံတဲ့ အရှုံးသမား လူယုတ်မာများနဲ့ ဘယ်လိုတွေတောင် ကွဲပြားခြားနားတယ်ဆိုတာ အများမြင်အောင် သက်သေပြရဦးမှာပေါ့ကွယ်။ မင်းတို့ကို မွေးပေးလိုက်တဲ့ အမိအဖတွေ မင်းတို့လုပ်ရပ်အတွက် ခေါင်းမော့ရင်ကော့နိုင်သလား။ မင်းတို့မွေးထားတဲ့ သားသမီးတွေက လူလည်ခေါင် “ဒါ ငါ့အဖေလေ။ စစ်တပ်ထဲက။” လို့ လူသိခံဝံ့သလား။ အိမ်မှာ ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်ကြည့်ရဲသလား။ အဲ့သလောက်ထိ မျက်နှာပြောင်တိုက်နိုင်ပြီဆိုမှ ဆရာစိုးရှေ့ကို လာခဲ့။ ဒီမှာ ပြုံးပြုံးလေး ထိုင်ကြည့်ပေးမလို့ စောင့်နေတယ်။ သိလား။